Sunday, October 24, 2010

စီးပွားရေး ဖွံဖြိုးတိုးတက်ရေး အတွက် သီးနှံရိတ်သိမ်း ချိန်လွန် နည်းပညာ ၏ အခန်းကဏ္ဍ


ရိတ်သိမ်းချိန်လွန်နည်းပညာသည် မြန်မာနိုင်ငံ၌ ၁၉၈၀ ခုနှစ် တစ်ဝိုက်ကစတင်၍ ကောက်ပဲသီးနှံလုပ်ငန်းနှင့် ဆက်စပ်နေသော လုပ်ငန်းနှင့် လူပုဂ္ဂိုလ်များအကြား ခေတ်စားလာခဲ့ပါသည်။ ကမ္ဘာပေါ်၌လည်း ၁၉၇၀ ခုနှစ် ကျော်ကျော်လောက်ခန့်မှ လူအများ အာရုံပြုလာသည့် နည်းပညာရပ် တစ်ခု ဖြစ်ပါသည်။ ၁၉၇၅ ခုနှစ်က ကျင်းပပြုလုပ်ခဲ့သော ကမ္ဘာ့ကုလသမဂ္ဂ အထူးညီလာခံ၌ " ဖွံ့ဖြိုးဆဲနိုင်ငံများ၌ ရိတ်သိမ်းပြီး သီးနှံများ လေလွင့်ဆုံးရှုံးမှုကို လျော့ချနိုင်ရေးအတွက် ဦးစားပေး ဆောင်ရွက်သွားရန်၊ ယင်းသို့ ဆောင်ရွက်ရာတွင် လာမည့် (၁၀)နှစ်တာ ကာလဖြစ်သည့် ၁၉၈၅ ခုနှစ်၌ ဖြစ်ပေါ်နိုင် သည့် လေလွင့်ဆုံးရှုံးမှု၏ ၅၀% လျော့ကျသွားရေးကို ဆောင်ရွက်ရန်" ဟု ဆုံးဖြတ်ချက် ချခဲ့ပါသည်။အင်္ဂလိပ်အမည်မှာ post harvest technology ဖြစ်ပါသည်။ harvest ကို ရိတ်သိမ်းခြင်းဟု မြန်မာဘာသာပြန်ထားသော်လည်း လုံးဝပြီးပြည့်စုံပြီဟု မဆိုနိုင်ပါ။ အင်္ဂလိပ်ဘာသာ၌ "harvest" ဟူသော စကားရပ်သည် ကောက်ပဲသီးနှံများ ရိတ်သိမ်းခြင်းသာမက နှစ်ရှည်အပင်များမှ သစ်သီးများ ခူးဆွတ်ခြင်း၊ ဟင်းသီးဟင်းရွက် (vegetables)များ ခူးခြင်း၊ တူးဖေါ်ခြင်း၊ အာလူး၊ ကန်စွန်းဥ စသည့် မြေအောက်တွင်ရှိသော သီးနှံများ တူးဖေါ်ခြင်း၊ ငါးကန်မှ ငါးများဖေါ်ယူခြင်း၊ ပင်လယ်ကမ်းနီး၌ ငါးဖမ်းခြင်း၊ သစ်တောတွင် သစ်ဝါးများ ခုတ်ခြင်းတို့ကိုလည်း harvest ဟူသော စကားလုံးကိုပင် အသုံးပြုကြပါသည်။ သို့သော် "ရိတ်သိမ်းခြင်း" ဆိုသော မြန်မာစကားသည် အသုံးများသောကြောင့် post harvest ကို " ရိတ်သိမ်းချိန်လွန် " ဟူ၍ ၁၉၈၀ ခုနှစ် တစ်ဝိုက်က မြန်မာမှုပြုခဲ့ခြင်း ဖြစ်ပါသည်။
" ရိတ်သိမ်းချိန်လွန် " ဟူသော စကားရပ်သည် ဆန်စပါး လုပ်ငန်းစဉ်အတွင်း၌သာ အသိများခဲ့ပြီး စိုက်ပျိုးရေးကဏ္ဍနှင့် ဆက်စပ်သော ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ အနေဖြင့် ကြားဘူးယုံသာ ကြားဘူးကြပြီး၊ ရိတ်သိမ်းချိန်လွန် လုပ်ငန်းများ အရေးပါမှုကို ကောင်းစွာသဘောပေါက် နားလည်ခြင်း မရှိကြသေးပါ။
စီမံကိန်း စီပွားရေးစနစ် ကျင့်သုံးစဉ်ကာလ၌ ရိတ်သိမ်းချိန်လွန်နည်းပညာသည် အရည်အသွေးကြောင့် လေလွင့်ဆုံးရှုံးမှု (qualitative losses)နှင့် အရေအတွက်အရ လေလွင့်ဆုံးရှုံးမှု (quantitative losses) များ ကိုဇောင်းပေးလေ့လာ ပညာပေးခဲ့ပါသည်။ ယနေ့ (၂၁)ရာစု၊ ၂၀၁၀ ခုနှစ်၌ ကောက်ပဲသီးနှံများ စိုက်ပျိုးထုတ်လုပ်သည်မှ စားသုံးသူလက်ထဲ ရောက်ရှိသည်အထိ လုပ်ငန်း အဆင့်များကို ပုဂ္ဂလိကပိုင်းမှ အကောင်အထည်ဖေါ် ဆောင်ရွက်လုပ်ကိုင်နေပြီဖြစ်ရာ ပုဂ္ဂလိကပိုင်း အနေဖြင့် ၄င်း၏ အကျိုးစီးပွား ကာကွယ်နိုင်ရန်အတွက် လေလွင့်ဆုံးရှုံးမှုမရှိအောင် တတ်နိုင်သမျှ လုပ်ဆောင်သွားမည်သာ ဖြစ်သည်။ ၄င်းပြင် သီးနှံနှင့် ပတ်သက်၍ ယနေ့ (၂၁)ရာစု၊ ၂၀၁၀ ခုနှစ်၌ နယ်ပယ်ကျယ်ပြန့်လာပြီ ဖြစ်ပါသည်။ ဆန်စပါး၊ ပဲမျိုးစုံ၊ ပြောင်း၊ ဆီထွက်သီးနှံစသည့် (durable products)သာမက ပျက်စီးရန် လွယ်ကူသည့် သစ်သီး၊ ဟင်းသီးဟင်းရွက်၊ ဥ၊ စားဖိုဆောင် သီးနှံများဖြစ်သည့် (perishable products)များ၏ ရိတ်သိမ်းချိန်လွန် အပိုင်းများကိုပါ ဦးစားပေး ထည့်သွင်းဆောင်ရွက်နေပြီ ဖြစ်ပါသည်။
ယခင်က လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက စပါးရိတ်သိမ်းချိန် ကာလ၌ လယ်သမားများသို့ ပညာပေး ကျေညာချက်များကို နေ့စဉ်ထုတ် သတင်းစာများ၌ ဖေါ်ပြ သည့်အခါ စပါးသီးနှံနှင့် ပတ်သက်၍ ရိတ်သိမ်းချိန်လွန် အချိန်၌ တောင်သူလယ်သမားများ ဂရု မစိုက်မှုကြောင့် စပါးအရည်အသွေး ကျဆင်းလာနိုင်မှု အကြောင်းကို ဖေါ်ပြခြင်း မရှိခဲ့ပါ။ သို့သော် ၂၀၀၉ ခုနှစ်က စတင်၍ စပါးရိတ်သိမ်းသည့် အချိန်၌ ထုတ်ဝေခဲ့သော နေ့စဉ်ထုတ် မြန်မာ့သတင်း စာများ၌ စပါးအစိုဓါတ် ၀င်လိုက်ထွက်လိုက်ဖြစ်မှုကြောင့် စပါးအဆစ်ကျိုးများ ဖြစ်လာနိုင်ပုံ၊ အဆစ် ကျိုးစပါးများ ပါဝင်လာပါက ဆန်ကြိတ်ခွဲရာတွင် ကျိုးကြေနိုင်ပုံတို့ကို ပညာပေးလှုံ့ဆော်ထားသည့် အရေးအသားများကို စတင်ဖတ်ရှုနေရပြီ ဖြစ်ပါသည်။ ဤအချက်သည် တိုင်းပြည်၌ ရိတ်သိမ်းချိန် လွန်နည်းပညာကို စိုက်ပျိုးရေး အပါအ၀င် ပြည်သူအများက အလေးထားလာပြီဖြစ်ကြောင်း၊ လူသိ များလာပြီဖြစ်ကြောင်း ပြောနိုင်ပါသည်။ ရိတ်သိမ်းချိန်လွန်နည်းပညာ ကမ္ဘာပေါ်၌ ခေတ်စားလာခဲ့ သည့်ချိန်မှာ ၁၉၇၀ ခုနှစ်များ တစ်ဝိုက်က ဖြစ်ခဲ့ရာ မြန်မာနိုင်ငံ၌ နှစ်ပေါင်း (၄၀)ကာလ ရောက်ခါနီးမှ ရိတ်သိမ်းချိန်လွန်နည်းပညာသည်အရေးကြီးပါလားဆိုသည့် အသိဝင်ရောက်လာ ခြင်းကို ကြိုဆိုကြရမှာ ဖြစ်ပါသည်။
ရိတ်သိမ်းပြီးနောက် လေလွင့်ဆုံးရှုံးမှု (post harvest losses)သည် ၁၉၈၀ ခုနှစ် တစ်ဝိုက်က ကမ္ဘာတစ်ဝှမ်းလုံးက အာရုံစူးစိုက် ခဲ့ကြပါသည်။ တိုင်းပြည် တော်တော်များများ၌ အဓိက စိုက်ပျိုးသည့် သီးနှံ၏ post harvest losses များကloss assessment နည်းပညာများ အသုံးပြု၍ လေ့လာကြပါသည်။ လေလွင့်ဆုံးရှုံးမှု ရာခိုင်နှုန်းမည်မျှ ရှိနိုင်သည်ကို စူးစမ်းလေ့လာ အကဲဖြတ် ခဲ့ကြပါသည်။ မြန်မာနိုင်ငံတွင်လည်း အုတ်ဖို၊ လှည်းကူး စသည့် ဒေသများ၌FAO အကူအညီဖြင့် ဆန်စပါး ရိတ်သိမ်းပြီးနောက်ပိုင်း လေလွင့်ဆုံးရှုံးမှုကို လေ့လာခဲ့ရာ ၅.၂% ခန့် ရှိနိုင်သည်ဟု ပညာရှင်များက တွက်ချက်ခဲ့ပါသည်။ ၄င်းပြင် ASEAN နိုင်ငံများအတွင်း ဆန်စပါး လေလွင့်ဆုံးရှုံးမှုသည် ၁၀.၃၇%ခန့် ရှိနိုင်သည်ဟု အကဲဖြတ် ကြပါသည်။ ဤသည်မှာလည်း ခေတ်ကာလအလျောက် ပညာရှင်များက အမျိုးမျိုးအကဲဖြတ် တွက်ချက်ထားခြင်းသာ ဖြစ်ပါသည်။ နှစ်ပေါင်း (၄၀)နီးပါး ကြာမြင့်လာသည့်အခါ နည်းပညာများ မြင့်မားလာခြင်း၊ ပါဝင်ပတ်သက်သူတိုင်း က ဂရုတစိုက် ဆောင်ရွက်လာကြခြင်းတို့ကြောင့် လေလွင့်ဆုံးရှုံးမှုသည် ကောက်ပဲသီးနှံများအပိုင်း၌ အရေးပါမှု ပမာဏမှာ တဖြည်းဖြည်း နည်းပါးလာခဲ့ပါသည်။ အခြားစားနပ်ရိက္ခာဖြစ်သည့် အသီး အနှံများ၊ သစ်သီးဝလံများ၊ ဟင်းသီးဟင်းရွက်များ၊ ဥများ၊ သားငါးများနှင့် စပ်လျဉ်းသည့် ရိတ်သိမ်း ချိန်လွန်နည်းပညာများအပေါ်၌ အာရုံစူးစိုက်မှု ပြောင်းလဲလာခဲ့ပါသည်။
ဤအချက်မှာ မဆန်းလှပါ။ ဖွံ့ဖြိုးတိုးတက်ဆဲ နိုင်ငံများအဖို့ အဓိကသီးနှံ (staple food) များ၏ လေလွင့်ဆုံးရှုံးမှုများမှာ ရှိနေနိုင်ဆဲဖြစ်ပြီး၊ အရည်အသွေး အဆင့်အတန်းမြင့်သော အစားအစာများကို အများပြည်သူလူထု မစားသုံးနိုင်ဘဲ အရည်အသွေးညံ့သော၊ အလယ်အလတ်ရှိ သော သီးနှံများ၊ စားစရာများ၊ သားငါးများကိုသာ စားသုံးကြရဆဲ ဖြစ်ပါသည်။ မြန်မာနိုင်ငံ၌ စီမံကိန်းစီးပွားရေးစနစ် ကျင့်သုံးခဲ့စဉ် ကုန်သွယ်^လယ်ယာမှ တတိုင်းတပြည်လုံး စာသုံးရန် ဆန်ဖြန့် ဖြူးခဲ့ရာတွင် ၃၅ မှတ်၊ ၂၅ မှတ် ဆန်ကို ပြည်သူအများစုက ချေးမများနိုင်ပဲ စားသုံးခဲ့ကြရပါသည်။ (၂၁)ရာစု၊ ၂၀၁၀ ခုနှစ်၌ အောက်ခြေလူတန်းစား အလုပ်သမားများ၊ ကျေးရွာရှိ စားသုံးသူများပင် လျှင် ၁၅ မှတ်အောက်ထစ်ရှိသည့် ဆန်ဖြူဖြူဖွေးဖွေးကိုပဲ ပြောင်းလဲစားသုံးနေကြပြီ ဖြစ်ပါသည်။ ဤအချက်သည် မြန်မာလူမျိုးများ ဆန်စားသုံးမှုပုံစံ ပါရာဒိုင်း ပြောင်းလဲသွားပြီဟု ပြောစမှတ် ပြုခဲ့ပါသည်။ ထိုကြောင့် တိုးတက်ဖွံ့ဖြိုးပြီး နိုင်ငံများ၌ လေလွင့်ဆုံးရှုံးမှုသည် အဓိက ပြဿနာ မဟုတ်ဘဲ အရည်အသွေးနှင့် supply chain management များ အပိုင်း၌သာလျှင် အာရုံစူးစိုက်လေ့ ရှိသည့် အလေ့အထများ ဖြစ်ပေါ်လာခဲ့သည်။ လွန်ခဲ့သော နှစ်ပေါင်း (၃၀)ခန့်က မြန်မာနိုင်ငံတွင် စူပါမားကတ်များ အနည်းငယ်သာ ရှိပါသည်။ ထိုအချိန်က စားသုံးသီးနှံများနှင့် ပတ်သက်၍ များသောအားဖြင့် ပြည်သူများသည် ဈေးများ၌သာ ၀ယ်ယူစားသုံး ခဲ့ကြပါသည်။ အရည်အသွေးမှာ လည်း သာမန်ထက် နိမ့်ပါသည်။ ရန်ကုန်မြို့၌ အရည်အသွေးမြင့်သော စားသုံးသီးနှံများ ရောင်းချသည့် ဈေးများ ရှိခဲ့သော်လည်း ပြည်သူတိုင်း ၀ယ်မစားနိုင်ပဲ ကြေးရေတတ် အထက်လွှာမှ ပြည်သူများကပဲ ၀ယ်ယူစားသုံးကြပါသည်။ ယနေ့ (၂၁)ရာစုနှစ်၊ ၂၀၁၀ ခုနှစ် City Mart, OCEAN စသည့် စူပါမားကတ်များ၌ အရည်အသွေး အဆင့်မြင့်သော ဆန်၊ ပဲမျိုးစုံ၊ သစ်သီး၊ ဟင်းသီးဟင်းရွက်၊ စားစရာများကို လှပသေသတ်စွာ ထုပ်ပိုးထားပြီး ရောင်းချလျက်ရှိသည်ကို မြင်တွေ့လာရပြီ ဖြစ်ပါ သည်။ သို့သော်လည်း နိုင်ငံ၏ အစိတ်အပိုင်း အနည်းငယ်မျှသာရှိသော မြို့နေလူတန်းစားများသာ လျှင် လက်လှမ်းမှီနေသည့် အခြေအနေမျိုးသာ ဖြစ်ပါသေးသည်။
လေလွင့်ဆုံးရှုံးမှု losses သည် စီမံကိန်းစီးပွားရေးစနစ် ကျင့်သုံးခဲ့စဉ်က အောက်ခြေ တွင် လျော့ရဲရဲနိုင်ခြင်းကြောင့် မည်သည့်နေရာ၌ မည်ကဲ့သို့ လုပ်ခဲ့ပါက ယိုပေါက်များ ပိတ်သွားနိုင် သည်ဆိုသည့် အတွေးအခေါ်အရ ပြောဆိုလုပ်ကိုင်ကြခြင်း ဖြစ်ပါသည်။ ယနေ့ (၂၁)ရာစုနှစ်၊ ၂၀၁၀ ခုနှစ်၌ ပုဂ္ဂလိက ကဏ္ဍကသာလျှင် ဦးဆောင်အလုပ်လုပ်လျက်ရှိရာ ပုဂ္ဂလိကလုပ်ငန်းပီပီ အလိုလို နေရင်း ယိုပေါက်မရှိစေရန် ဆောင်ရွက်လုပ်ကိုင်သွားကြပြီး၊ ကုန်ထုတ်လုပ်မှုကို ကုန်ကျစရိတ် အနည်းဆုံးနှင့် ဆောင်ရွက်နိုင်ရန် supply chain တစ်လျှောက် မည်ကဲ့သို့သော ရိတ်သိမ်းချိန်လွန် နည်းပညာများကို အသုံးပြုလျှင် ကောင်းမည်ဆိုသည့် အချက်များသာလျှင် အရေးပါလျက် ရှိနေပါ သည်။
ထိုကြောင့် ၂၁ ရာစုနှစ်၊ ၂၀၁၀ ခုနှစ်၌ ရိတ်သိမ်းချိန်လွန်နည်းပညာ၏ အခန်းကဏ္ဍ သည် ကောက်ပဲသီးနှံများ၌သာမက သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်၊ ဥများ၊ သားငါးများ အပိုင်းများ ၌လည်း အရေးပါလာပြီဟု ဆိုနိုင်ပါသည်။ လူသားများ၏ စားနပ်ရိက္ခာနှင့် စပ်လျဉ်း၍ တိုင်းပြည်တိုင်း လိုလို အရည်းအသွေးမြင့်သော စားစရာများကို တောင်းဆိုလာကြပါသည်။ စိုက်ပျိုးထုတ်လုပ်သည်မှ စားသုံးသူလက်ထဲရောက်သည်အထိ စားစရာများကို လှပသော ထုပ်ပိုးမှုများဖြင့် ရောက်ရှိလာမှသာ လျှင် စားသုံးသူများက လက်ခံလာမည် ဖြစ်ပါသည်။ ၂၁ ရာစုနှစ်၌ စားသုံးသီးနှံများ ထုတ်လုပ်သည်မှ စ၍ စားသုံးသူလက်ထဲ ရောက်သည်အထိ supply chain တစ်လျှောက်တွင် ရိတ်သိမ်းချိန်လွန် နည်းပညာရပ်မျာကို သူနေရာနှင့်သူ အသုံးချသွားနိုင်သောကြောင့် ရိတ်သိမ်းချိန်လွန်နည်းပညာရပ် များကို အာရုံစူးစိုက်နေဆဲ ဖြစ်ပါသည်။
ယခင် ဆယ်စုနှစ်များက တောင်သူလယ်သမားများ ကောင်းနိုးရာရာကို ရွေးချယ် စိုက်ပျိုးသည့် သီးနှံများကို စားသုံးသူများက ၀ယ်ယူစားသုံး ကြရပါသည်။ ၂၁ ရာစုနှစ်၌ စားသုံးသူ တောင်းဆိုလာသည့် စားသုံးသီးနှံများကိုပဲ တောင်သူလယ်သမားများက ဈေးကွက်ကိုကြည့်၍ စိုက်ပျိုး လာကြပါသည်။ ဈေးကွက်၏ တောင်းဆိုမှုအရ သီးနှံရွေးချယ် စိုက်ပျိုးသည့်အခါ ရံဖန်ရံခါ တောင်သူ လယ်သမားများသည် တွက်ဆမှု လွဲမှားသွားသောကြောင့် အရှုံးပေါ်ခဲ့သည့် အခြေအနေမျိုးလည်း ရှိခဲ့ဘူးပါသည်။ ၂၀၀၇ ခုနှစ်က ခရမ်းသုံးခွ၌ ဖြစ်ပေါ်ခဲ့သည့် ခရမ်းချဉ်သီး အရှုံးပေါ်မှုမျိုးသည် ထိုဒေသရှိ တောင်သူလယ်သမားများအတွက် ကြီးမားသော သင်ခန်းစာတစ်ခုပင် ဖြစ်ပါသည်။ ထိုကြောင့် လယ်သမားများအတွက် ဈေးကွက်သတင်း အချက်အလက် market information သည် အရေးပါလာပါသည်။ မြင်းပွဲများ ရှိစဉ်က မြင်းပွဲတစ်များ ပလူပျံအောင် ရေးသားထွက်ပေါ်လာ သကဲ့သို့ သီးနှံဈေးကွက် အလားအလာ "တစ်" များကို ဂျာနယ်များက ဇောင်းပေးရေးသားလာကြပါ သည်။ လွန်ခဲ့သော (၄-၅)နှစ်က သရက်စိုက်ပျိုးမှုသည် မိရိုးဖလာ အစဉ်အလာအတိုင်း စိုက်ပျိုးခဲ့ ကြပါသည်။ ထိုကြောင့် အရည်အသွေးများ သာမန်နှင့် သာမန်အောက်၌သာ ရှိပါသည်။ စိန်တလုံး သရက်သီးသည် ကမ္ဘာကျော်သင့်သော်လည်း (၂၁)ရာစုနှစ်၊ နိုင်ငံတကာ စားသုံးသူများ၏ အရည် အသွေးအပေါ် အလေးထားမှု၊ အရည်အသွေး၏ အရေးပါမှုကို သတိမပြုမိသည့် သရက်ခြံရှင်များ သည် ထိုအချိန်က သရက်စိုက်ပျိုး ထုတ်လုပ်ရာတွင် ရိတ်သိမ်းချိန်လွန်နည်းပညာရပ်များကို အသုံးပြု ကောင်းမှန်း မသိခဲ့ကြပါ။ အစဉ်တစိုက်ပညာပေးမှုများကြောင့် (၂၁)ရာစု၊ ၂၀၁၀ ခုနှစ်၌ မြန်မာသရက်သီးကို ပြည်ပသို့ အတိုင်းအတာတစ်ခုအထိ တင်ပို့နိုင်ခဲ့ပြီ ဖြစ်ပါသည်။ သရက်သီးနှံ၏ supply chain တစ်လျှောက် ရိတ်သိမ်းချိန်လွန်နည်းပညာများ အသုံးချပြီး အရည်အသွေး ထိန်းသိမ်းမြှင့်တင်နိုင်ခဲ့သောကြောင့် ယခုကဲ့သို့သော ကနဦး အောင်မြင်မှုမျိုးကို ရရှိခဲ့ခြင်း ဖြစ်ပါသည်။ သရက်သီးကို ဥပမာပေး၍ အောင်မြင်မှုရလာနိုင်ပုံကို တင်ပြရခြင်း ဖြစ်ပါ သည်။
အထက်အပိုဒ်၌ ဖေါ်ပြခဲ့သည့် တောင်သူလယ်သမားများ ကောင်းနိုးရာရာ စိုက်ပျိုး ခဲ့သည်များကို စားသုံးသူများက စားသုံးကြရသည့် အလေ့အကျင့်သည် ခေတ်ဟောင်းက အပြုအမူ များ ဖြစ်ပါသည်။ ပြည်ပတင်ပို့သည့် ကောက်ပဲသီးနှံများ အပိုင်းကို ကြည့်လျှင်လည်း တောင်သူလယ် သမား ကောင်းနိုးရာရာ စိုက်ပျိုးထုတ်လုပ်သည့် သီးနှံများကို ပြည်တွင်းဈေးကွက်က ၀ယ်ယူပြီး ပြည်ပတင်ပို့ နေကြခြင်းသာ ဖြစ်ပါသည်။ ပုဂ္ဂလိက ပို့ကုန်လုပ်ငန်း ရှင်များကို အစဉ်တစိုက် တိုက်တွန်းပြောဆိုနေသော အချက်မှာ တိုးတက်ဖွံ့ဖြိုးသော နိုင်ငံများ၌ လုပ်ကိုင်နေကြသော စနစ်ဖြစ်သည့် supplier buyer စနစ်ကို လုပ်ကိုင်သွားကြရန် ဖြစ်ပါသည်။ Australia ၌ Wheat Grower Association သည် ဂျုံစိုက်ပျိုးထုတ်လုပ်သူများ ပေါင်းစည်းပါဝင်သော အသင်းဖြစ်ပြီး၊ ပြည်ပ၀ယ်ယူသူများ ၀ယ်လိုသော ဂျုံသီးနှံ အမျိုးအစားကိုသာ စိုက်ပျိုးကြပြီး ဈေးကွက် ၏ ဈေးနှုန်းကိုလည်း ထိန်းချုပ်ထားနိုင် ကြပါသည်။ regular supplier buyer စနစ်သည် ပြည်ပ၀ယ်သူနှင့် နှစ်စဉ်ချိန်ဆက်ပြီး ပြည်တွင်း၌ ပြည်ပမှ ၀ယ်လိုသည့် သီးနှံအမျိုးအစားများကို ရွေးချယ်စိုက်ပျိုးစေ ခြင်းမျိုး ဖြစ်ပါသည်။ ဆန်စပါးလုပ်ငန်း၊ အထူးပြုကုမ္ပဏီတစ်ခုဖြစ်သော ဧရာဟင်္သာကုမ္ပဏီသည် regular supplier buyer ပုံစံမျိုးကို ကျယ်ကျယ်ပြန့်ပြန့် မဟုတ်သော်လည်း တနိုင်တပိုင် လုပ်ကိုင်နေသည်ကို တွေ့ရပါသည်။ ဧရာဟင်္သာသည် မလေးရှားနိုင်ငံ BERNASှ သို့ အင်းမရဲဘော်စပါးကို ပြည်တွင်း၌ contract farming ဖြင့် စိုက်ပျိုးစေကာ ပြည်ပသို့ အထူးဧည့်မထ brandိ ကို ၁၅ မှတ်၊ ၁၀ မှတ် ဆန်များအဖြစ် တင်ပို့ရောင်းချလျက်ရှိကြောင်း သိရပါသည်။ အထူးပြုကုမ္ပဏီဖြစ်သော ဧရာဟင်္သာ သည် အင်းမရဲဘော် စပါးမျိုးစေ့ ထုတ်လုပ်သည်မှအစ ပြည်ပတင်ပို့သည်အထိ supply chain လုပ်ငန်းစဉ်များကို လုပ်ကိုင်နေခြင်းဖြစ်၍ regular supplier buyer စနစ်ဖြင့် လုပ်ကိုင်သည်ဟု ဆိုရမည် ဖြစ်ပါသည်။ အထူးပြုဆန်စပါးကုမ္ပဏီများ ပေါ်ပေါက်လာသည်မှာ တစ်နှစ်ခန့်သာ ရှိပါသေးသည်။ နိုင်ငံတော်မှ ဖြစ်စေချင်သော supply chain လမ်းကြောင်းသည် နှစ်စဉ်ဝယ်ယူရန် သေချာသည့် regular supplier buyer စနစ်ဖြစ်ကြောင်း သတိပြုလာမိသည်နှင့်အညီ အခြားကုမ္ပဏီများလည်း ဤလမ်း ကြောင်းအတိုင်း လုပ်ကိုင်သွားပါက သမားရိုးကျ တင်ပို့နေသည့် ၂၅ မှတ် ဆန်ပျောက်သွားပြီး၊ တန်းမြင့်ဆန်များ တင်ပို့နိုင်သည့် အပိုင်းသို့ အချိန်တိုအတွင်း ရောက်ရှိသွားနိုင်ပါသည်။
ယခင်ကစပါးရိတ်သိမ်းချိန်လွန်နည်းပညာသည် လေလွင့်ဆုံးရှုံးမှုလျော့နည်းစေရန်အတွက်သာ အာရုံစူးစိုက်ခဲ့ ပါသည်။ ဂျပန်ရိတ်သိမ်းချိန်လွန်နည်းပညာ လေ့လာသူများသည် ဆန် စပါးနှင့် စပ်လျဉ်း၍ အရသာ (taste)ကိုပါ အခြေခံ၍ လေ့လာခဲ့ပါသည်။ ဆန်၏ အရသာကို ရိတ်သိမ်းချိန်လွန်အပိုင်းသာမက ဆန်စပါးစိုက်ပျိုးစဉ်ကာလ အခြေအနေများနှင့် ဆက်စပ်၍ လေ့လာခဲ့ကြပါသည်။ ဥပမာပြရလျှင် ဆန်အဖြစ် သိုလှောင်ထားစဉ်ကာလအတွင်း ဆန်သည် ကောင်းမွန်စွာ ခြောက်သွေ့နေပါက ရက်ကြာကြာ သိုလှောင်ထားနိုင်သော်လည်း အခြောက်လွန်သည့် အတွက် ဆန်၏ အရသာကို ထိခိုက်နိုင်ကြောင်း ဖေါ်ထုတ်လေ့လာခဲ့ပါသည်။ ထိုကြောင့် ထမင်းအရ သာရှိစေရန် ထမ်းမချက်မီ ဆန်ကို အချိန်အတိုင်းအတာတစ်ရပ်အထိ ရေစိမ်ပေးရန်လိုအပ်ကြောင်း၊ အလောတကြီး ရေစိမ်ပေးပါက ဆန်တွင် အက်ကြောင်းများ ဖြစ်ပေါ်နိုင်ကြောင်း၊ ထိုကြောင့် ဖြည်းညှင်းစွာ ရေစိမ်ပေးရန်လိုအပ်ကြောင်း ဖတ်ရှုလေ့လာခဲ့ရပါသည်။ သို့ဖြစ်၍ moisture conditioning technology သည် ဆန်အရသာနှင့် ပတ်သက်၍ အရေးပါလာပြီး high pressure and temperature အသုံးပြု၍ ခြောက်သွေ့နေသော ဆန်သားတွင် ရေဓါတ်ကို ပေါင်းစပ်ပေးခြင်းဖြင့် အရသာကို တိုးတက်ကောင်းမွန်ကြပါသည်။ ဆန်များကို metallic vapour coating လုပ်ထားသော ထုပ်ပိုးပစ္စည်းများဖြင့် ထုပ်ပိုးပါက ကြာရှည်သိုလှောင်နိုင်သည့်အပြင် ဆန်အရသာကိုလည်း ကောင်းမွန်စေသည်ဟု ဆိုပါသည်။
ရိတ်သိမ်းချိန်လွန်နည်းပညာနှင့် စပ်လျဉ်း၍ လက်တလော မြန်မာနိုင်ငံ၌ အာရုံစူးစိုက် သင့်မည့် သီးနှံနှင့် လုပ်ငန်းအဆင့်များကို အောက်ပါအတိုင်း ဖေါ်ထုတ်တင်ပြပါသည် -
(က) သီးနှံများ
(၁) ဆန်စပါး
(၂) ပဲမျိုးစုံ
(၃) နှမ်း
(၄) ပြောင်း
(၅) သစ်သီးဝလံ (သရက်၊ နာနတ်၊ လိမ္မော်)
(၆) ဟင်းသီးဟင်းရွက်
(၇) စားဖိုဆောင်သီးနှံ (ကြက်သွန်၊ ငရုတ်၊ အာလူး)
(၈) ရေချိုငါး၊ပင်လယ်ငါး၊ ပုဇွန်၊ အမဲသား၊ ဆိတ်သား၊ အခြားပင်လယ်စာများ
(ခ) လုပ်ငန်းအဆင့်များ
(၁) ရိတ်သိမ်းခြင်း (harvesting)
(၂) အခြောက်ခံခြင်း (drying and dehydration)
(၃) သိုလှောင်ခြင်း (storage)
(၄) ကြိတ်ခွဲထုတ်လုပ်ခြင်း (milling, processing)
(၅) ကိုင်တွယ်ထိန်းသိမ်းခြင်း (handling)
(၆) ထုပ်ပိုးခြင်း (packaging)
(၇) ရောင်းဝယ်ခြင်း (Marketing)
(၈) ပြည်ပတင်ပို့ခြင်း (export)
(၉) ဇီဝနည်းပညာဖြင့် သီးနှံအရည်အသွေးထိန်းချုပ်ခြင်း (biological control)
(၁၀) ပိုးမွှားကာကွယ်ထိန်းသိမ်းခြင်း (pest control, rodent control)
(၁၁) အရသာ ထိန်းချုပ်ခြင်း (taste analysing)
သစ်သီးဝလံနှင့် ပတ်သက်၍ အောက်ပါရိတ်သိမ်းချိန်လွန် လုပ်ငန်းအဆင့်များသည် များစွာ အရေးပါလှပါသည် -
(က) မရိတ်သိမ်းမီ ထိန်းချုပ်ခြင်း။ သစ်သီးဝလံသည် အပင်တွင် အကင်း ဘ၀မှ mature ဖြစ်ပြီး၊ စားသုံးရန် အသင့်ဖြစ်သည့် အသီးဘ၀ ရောက်သည် အထိ ရာသီဥတု၊ ပိုးမွှား၊ မှိုရောဂါများ အန္တရာယ်ကို အမြဲတန်း ထိတွေ့ (expose)လုပ်နေရသည့် အနေအထားများ ဖြစ်ပါသည်။ အပင်ကို ပန်းပွင့်ချိန် မှစ၍ အချိန်ကာလအလျောက် မှိုကာကွယ်ဆေး၊ ပိုးမွှားကာကွယ်ဆေးများ ဖြန်းခြင်း၊ မအောင်မြင်သည့် အသီးများပယ်ခြင်း၊ အသီးကို အိတ်စွပ်ခြင်း၊ အသီးကို မထိခိုက်အောင် ခူးခြင်း၊ အညှာပါအောင် ခူးဆွတ်ခြင်း။
(ခ) ခူးဆွတ်ခြင်း။ အရေးကြီးသော အပိုင်းဖြစ်ပါသည်။ (field heat) လျော့ပါး အောင် ဆောင်ရွက်ခြင်းသည် အရေးပါလှပါသည်။
(ဂ) ပြုပြင်ခြင်း။ packhouse တွင် ရေဆေးခြင်း၊ ဖယောင်းလွှာကပ်ခြင်း၊ သီးနှံကို အအေးပေးခြင်း၊ မထိခိုက်စေရစေရန် cushion များ ခံပေးခြင်း၊ ထုပ်ပိုးခြင်း။
(ဃ) သယ်ယူပို့ဆောင်ခြင်း။ အအေးခန်းပါသော box truck နှင့် တစ် နေရာမှ တစ်နေရာသို့ သယ်ပို့ခြင်း။
(င) အခြားအချက်များ။ အချို့သီးနှံများကို chemicals များ အသုံးပြု၍ ဈေးကွက်ရောက်ချိန်၌ မှည့်စေရန် အီသလင်၊ အီသရဲ(လ်) စသည် များ အသုံးပြုခြင်း။
ကမ္ဘာပေါ်ရှိ တိုင်းပြည်အများအပြားရှိ ပြည်သူများသည် မိရိုးဖလာ စားသုံးမှုပုံစံမှ ကျန်းမာရေးနှင့် ပြည့်စုံသော စားသောက်မှုပုံစံသို့ ပြောင်းလဲစားသုံးလာကြပြီ ဖြစ်သည်။ ဆန်၊ ပဲ၊ ပြောင်း၊ ဂျုံ၊ မုယော စသည့် ကောက်ပဲသီးနှံများကို အဓိက အစားအစာ (staple food)အဖြစ် စားသုံးရာမှ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ ဥများ၊ သားငါးပုဇွန်များကို အရေအတွက် တိုးမြှင့် စားသုံးလာကြပြီ ဖြစ်ပါသည်။ မိရိုးဖလာ အစားအစာများဖြစ်သော ဆန်၊ ဂျုံ၊ ပြောင်း၊ ပဲမျိုးစုံအပြင် အရည်အသွေး အဆင့်မြင့်သော သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်၊ သားငါးပုဇွန်၊ ဥများ၏ ၀ယ်လို အားမှာလည်း တိုးတက်လျက် ရှိပါသည်။ ထိုကြောင့် အဆိုပါ စားစရာများကို အရည်အသွေးမြင့်စွာ ပြုပြင်ထုတ်လုပ် ရောင်းချရန် အလားအလာ (potentialူ)များရှိသော မြန်မာနိုင်ငံအနေဖြင့် သီးနှံ အလိုက် စိုက်ပျိုးသည်မှ ပြုပြင်ထုတ်လုပ်သည်အထိ supply chain တစ်လျှောက် ရိတ်သိမ်းချိန်လွန် နည်းပညာများကို အသုံးပြုသွားနိုင်မည် ဖြစ်ပါသည်။ ဤတွင်အရေးပါလာသည့် စားသုံးသီးနှံများနှင့် စပ်လျဉ်းသည့် ရိတ်သိမ်းချိန်လွန်နည်းပညာများကို အောက်ပါအတိုင်း လေ့လာသွားရန်လိုအပ် ကြောင်း ဖေါ်ထုတ်ရရှိပါသည် -
(က) ပဲမျိုးစုံ အခွဲခြမ်းပြုလုပ်ခြင်း၊ အခွံချွတ်ခြင်း၊ ပြုပြင်ထုတ်လုပ်မှု၊ ထုပ်ပိုးမှုနည်း ပညာ။
(ခ) တန်းမြင့်ဆန် ကြိတ်ခွဲထုတ်လုပ်မှု၊ ထုပ်ပိုးမှုနည်းပညာ။
(ဂ) သစ်သီးဝလံ ပန်းပွင့်ချိန်မှစ၍ ခူးဆွတ်ချိန်ထိ နည်းပညာ။
(ဃ) သစ်သီးဝလံ packhouse နှင့် ထုပ်ပိုးမှုနည်းပညာ။
(င) သစ်သီးဝလံ preservation technology, canning technology
(စ) အဆင့်မြင့်ဟင်းသီးဟင်းရွက် (vegetables)များ စိုက်ပျိုးမှု၊ ရိတ်သိမ်းမှု၊ ပြုပြင် ထုတ်လုပ်မှု၊ ထုပ်ပိုးမှုနည်းပညာ။
(ဆ) သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များနှင့် ethylene ထုတ်လုပ်မှု၊ ထိန်းချုပ်မှု နည်းပညာ။
(ဇ) သစ်သီးဝလံ ပိုးမွှားနှင့် မှိုရောဂါများ ကာကွယ်ထိန်းသိမ်းခြင်း နည်းပညာ။
(ဈ) သစ်သီးဝလံ ဟင်းသီးဟင်းရွက်များ cooling system နည်းပညာ။
(ည) စားဖိုဆောင်သီးနှံများ အခြောက်ပြုလုပ်ခြင်း၊ အသင့်စား စားစရာပြုလုပ်ခြင်း နည်းပညာ။
(ဋ) သား၊ ငါး၊ ပုဇွန်များ အအေးခံခြင်း၊ ထုပ်ပိုးခြင်း နည်းပညာ။
(ဌ) ရိတ်သိမ်းပြီးနောက်ပိုင်း ဓါတ်ခွဲစမ်းသပ်မှု နည်းပညာများ၊ ပိုးမွှားနှင့် အဆိပ် အတောက်ဖြစ်စေသော toxins များ ဓါတ်ခွဲစမ်းသပ်သည့် နည်းပညာ။
(ဍ) စားဖိုဆောင်သုံး အသင့်စား ဟင်းသီးဟင်းရွက် paste များ ထုတ်လုပ်မှုနည်းပညာ။
(ဎ) ထုတ်လုပ်ပြီး စားသုံးသီးနှံများ ဈေးကွက်တွင် ရောင်းချနိုင်ရေး၊ ပြည်ပသို့ တင်ပို့နိုင်ရေး၊ ဈေးကွက် ဖေါ်ထုတ်နိုင်ရေး။
(ဏ) ရရှိလာသည့် သတင်းအချက်အလက်များကို စိုက်ပျိုးသူ တောင်သူလယ်သမား များ အချိန်မီ သိရှိနိုင်ရေးအတွက် ဖြန့်ဝေသွားနိုင်ရေး။
ရိတ်သိမ်းချိန်လွန်နည်းပညာသည် (၂၁)ရာစု၌ စိုက်ပျိုးထုတ်လုပ်ရေးနည်းပညာကဲ့သို့ စာသုံးမှုဆိုင်ရာ အရင်းအမြစ်များကို လူသားများ လက်ဝယ်သို့ လေလွင့်ဆုံးရှုံးမှု နည်းပါးစွာဖြင့် ရောက်ရှိရေးအတွက် များစွာအရေးပါနေဆဲ ဖြစ်ပါသည်။ မြန်မာသည် စားနပ်ရိက္ခာနှင့် ပတ်သက် ၍ နေရာဒေသ အသီးသီး၌ စားသုံးသီးနှံ (food crops )များကို စိုက်ပျိုးထုတ်လုပ်ရန် အခြေအနေ ပေးလျက်ရှိရာ တောင်သူလယ်သမားများနှင့် ပေါင်းစပ်ပြီး ဈေးကွက်က တောင်းဆိုသည့် စားသုံးသီးနှံ များကို ထုတ်လုပ်နိုင်စွမ်း ရှိပါသည်။ ထိုကြောင့် သီးနှံဆိုင်ရာ ရိတ်သိမ်းချိန်လွန်နည်းပညာကဏ္ဍ သည် စားနပ်ရိက္ခာ ဖူလုံစေရေး၊ ပြည်ပတင်ပို့ ၀င်ငွေရှာရေးအတွက် လက်ကိုင်ပြုရမည့် နည်းပညာ တစ်ရပ်အဖြစ် ထင်ရှားစွာရှိနေဆဲ ဖြစ်ပါသည်။

Saturday, October 23, 2010

အသေးအဖွဲတွေ၊ မပြတ်မသားဖြစ်နေတာတွေ

နောက်ဆုံးအခေါက် စင်ကာပူသွားတော့ တစ်နေရာကနေ တစ်နေရာသွားးချင်ရင် မြေးကို push cart ပေါ်တင်ပြီသွားရတယ်။ သမီး ကတွန်း အဘိုးကဘေး ကလိုက်ပေါ့။ push cart ကို မ ပြီး ရွှေ့ မနေ ရဘူး။ နေရာအားလုံး push cart ကိုတွန်း လို့ ရအောင် ပလက်ဖေါင်း ကနေလမ်း ပေါ် ဆင်းရင် အဆင်ပြေအောင် ဆင်ခြေလျှောလေးတွေကို လုပ်ပေးထားတယ်။ဒါလေးတွေကအသေးအဖွဲလေးတွေပါ။ စင်ကာပူမှ မဟုတ်ပါဘူး၊ နိုင်ငံတော်တော်များများ မှာ လုပ်ပေးထားတာ ကိုတွေ့ရပါတယ်။ စင်ကာပူမှာ ဂုံးကျော်တံတား အချို့ မှာ တောင် လှေ ကားလုပ်မထားဘူး၊ ဆင်ခြေလျှောအတက်နဲ့ အဆင်း ကို လုပ်ပေးထားတယ်။ push cart တွန်းဖို့ အဆင်ပြေတာပေါ့။ push cart တင်မဟုတ်ပါဘူး၊ senior citizen တွေဈေးဝယ် ကြရင် လက်တွန်းလှဲ လေးတွေ ကိုယ်စီ တွန်းပြီး NTUC တို့ wet market တို့မှာဈေးဝယ်ကြတယ်။သူတို့တစ်တွေအတွက် လည်း အဆင်ပြေစေတာပေါ့။

တလောက ရန်ကုန် မြို့ ဓမ္မစေတီ လမ်းမှာ ဥရောပခလေးအမေ တစ်ယောက် push cart တွန်းပြီးခလေးနဲ့ တစ်နေရာသွားနေပုံရတယ်။ push cart တွန်းရတာ အဆင်မပြေဘူး။ ပလက်ဖေါင်းပေါ်ကနေ ကား ၀င် လမ်းကိုဖြတ်ကူး ရတော့ ပလက်ဖေါင်း ကလည်းမြင့်၊ ဆင်ခြေလျှော ကလည်း မရှိတော့ သူ့ ခမျာ push cart ကို မ ချရတယ်။ အဆုံးရောက်တော့ မပြီး ပြန်တင်ရတယ်။ ပလက်ဖေါင်း ကလည်း မညီတော့ push cart တွန်းရတာ အဆင်ပြေပုံ မရပါ။ စာရေးသူစင်ကာပူတုံးက အတွေ့အကြုံကို သတိရမိတော့တယ်။

တစ်နေ့က ရန်ကုန်မြို့တော်ဝန် ရောင်စုံပလက်ဖေါင်းခင်းထား တာ တွေကို လျှောက်ကြည့်တယ် လို့သတင်းစာထဲမှာ ပါသ လို TV သတင်းမှာ လည်းတွေ့ လိုက် ရတယ်။ ရောင်စုံ ပလက်ဖေါင်းတွေအခု ရွေးကောက်ပွဲ မဲ လိုချင်တာနဲ့ ရန်ကုန်မြို့နေရာတော်တော် များများ မှာခင်းနေတာတွေ့ ပါတယ်။ မြို့တော် ၀န်ကများစာရေးသူတင်ပြခဲ့ သလို ပလက်ဖေါင်း ကနေလမ်းပေါ်ဆင်း ရင် အဆင်ပြေအောင် ဆင်ခြေလျှော လေးတွေ ထည့် လုပ်သွား လို့ များ ပြော မလား လိုမျှော် လင့်မိပါတယ်။ ပြောများ ပြောခဲ့ ရင် မြို့တော်ဝန် ကို မဲထည့် ကြပါ လို့ အများသောက် မြင်ကတ်တာခံပြီး လိုက်ပြောပါရဲ့။ ဒီ လိုအသေးအဖွဲတွေပြည်သူအတွက် စဉ်းစားပြီးပြော မယ် များထင်ပါသလားခင်ဗျား။ လမ်းတစ်ခြမ်း ခင်း အောင် သိန်း လင်း လို့ ရန်ကုန်မှာအမည်ကျော်နေတာကနေ လူထုအတွက်များ အသေးအဖွဲလေးတွေက အစ စဉ်းစားပေးမယ် ဆိုရင်တို့ မြို့တော်ဝန်မှ တို့ မြို့တော်ဝန် ဖြစ်နေမှာ ပါ။

မြန်မာပြည်မှာ ကအဲဒီ လို “မပြတ်မသားဖြစ်နေတာတွေ“ အများကြီးပါ။ မနေ့ညကလည်း TV မှာ မုန်တိုင်းသတင်း ကို breaking news အနေနဲ့ ပြစေချင်တာ သတင်းအစမှာ မလာပဲတော်တော်ကြာမှ နောက် ဆုံးသတင်းအနေနဲ့ပေါ် လာတယ်။ ပြည်သူအများစု ကမုန်တိုင်းသတင်း ကိုသိချင်ကြတာ။ ပြည်သူကြည့် ချင်တာသိချင်တာ ကိုအရင်မပြပဲ ငါတိုပြတာပဲအရင်ကြည့်် ဆိုတော့ တစ်မျိုးချည်းပဲလေ။ အဲတော့ BBC တို့ RFA တို့ VOA တို့ အား ကိုး ကုန်ကြရော။ စာရေးသူ နာဂစ်ဖြစ်တုံးက နာဂစ် ၀င်မယ့် နေ့ တစ်မနက် လုံး အင်တာနက် ကသတင်းတွေ ကြည့်နေတာ စိတ်မချရတော့ ၀န်ထမ်းတွေအိမ်စောစော ပြန်လွှတ် လိုက်တယ်။ အခု လည်း Weather websites တွေသတင်းလွှင့် တာတွေ လိုက်ကြည့် တယ်။ ကိုရွှေ MPT ကခဏခဏအင်တာနက် အဆက်အသွယ်ပြတ်တောက်တော့ ခဏခဏ ကြိမ်ဆဲနေရတယ်။ တကယ် အရေးကြီးတဲ့အချိန်မှာလေ။ ဒါပေမဲ့စာရေးသူကတော့လိုလိုမယ်မယ် ၀န်ထမ်းတွေစောစောအိမ် ပြန်လွှတ်လိုက် တယ်။

ဒါကြောင့် မဲ လိုချင်တဲ့ရွေးကောက်ပွဲဝင်သူတိုင်းပြည်သူတွေအတွက် အသေးအဖွဲလေးတွေက အစဂရုစိုက်ကြပါ။ 'မပြတ်မသားဖြစ်နေတာတွေ' ပြတ်သားအောင်လုပ်ကြပါ။ ဘာတွေကအသေးအဖွဲလဲ ? ဘာတွေမပြတ်မသား ဖြစ်နေ တာတွေလဲ ? ပြည်သူတွေထဲ ၀င်ကြည့် ကြပါ။

Thursday, October 14, 2010

ပြောင်မြောက်သော Miner ကယ်တင်ရေး လုပ်ရပ်

ဒီကနေ့ အင်မတန် ကြည်နှုး ဖို့ကောင်းတဲ့ TV program လေးတစ် ခုကိုကြည့်နေပါတယ်။ ချီလီ က miner တွေကို မြေအောက်ကနေဆယ်တင်နေတဲ့ CNN က breaking news အစီအစဉ်လေးပါ။ ညကတည်းက မနက်စောစော ထပြီး ကြည့်မယ်လေ ဆိုပြီး ည က၁၁း၃၀ နာရီလောက်ကမှအိပ်ရာဝင်ခဲ့တာပါ။ ဒါပေမဲ့ ရန်ကုန် မြို့လျှပ်စစ်မီး ကတော့စိတ်ကုန်စရာကောင်းလှပါတယ်။ မြန်မာ မှာ စိတ်ကုန်စရာအကောင်း ဆုံး ၀န်ကြီး ဌာန ၂ခု ကတော့ လျှပ်စစ် နဲ့ ဆက်သွယ်ရေးပါပဲ။ မနက်ပိုင်း အိမ်မှာ မီးပျက်တာ ရုံးသွားတဲ့ အထိပါပဲ။ ရုံးရောက်တော့ ကမန်း ကတန်း CNN ဖွင့်ကြည့် တော့ rescue operation ကစနေပြီ။ ပထမဆုံးကယ်တင် လိုက်တဲ့ miner အပေါ်ရောက် လာတာကို ကြည့်ရတာအတော်စိတ်လှုပ်ရှားစရာပါပဲ။ ကာယကံရှင်တွေတော့ ဘယ် လိုနေမလဲမသိပါ။ ကြည့် တဲ့သူတိုင်း ကတော့ မျက်ရည် လည်လုနီးပါး ခံစားရပါတယ်။စီစဉ်တဲ့ ချီလီ အစိုးရRescue operation ကို ဦးစီး တဲ့ အင်ဂျင်နီယာများ၊ miner များ မိသားစု၊ တာဝန် ရှိ ၀န်ကြီးများ၊ ကုမ္ပဏီ အကြီးအကဲများအားလုံး လူလူချင်းစာနာ တတ် တဲ့ စိတ်တွေကိုချီးကျူးမိပါတယ်။ miner ၃၃ ဦးအတွက် ချီလီ တပြည်လုံးက၀ိုင်းဝန်း စိုးရိမ်ပူပန် နေကြတာ၊ သွေကြေးအကုန်အကျခံကြတာ၊ လူလူချင်းစာနာထောက် ထားကြတာတွေဟာ ချီလီတပြည် လုံး ရဲ့ စည်းလုံး ညီညွတ်မှု ကို ပြနေတာ ဖြစ်ပါတယ်။ အားကျစရာကောင်းပါတယ်။ ဒါကို ကြည့် ရင်းနဲ့ နာဂစ် ဖြစ်ပြီးနောက် တို့ ရွှေတွေ လည်း အတိုင်းအတာတစ်ခုအထိလုပ်ခဲ့ ကြတာကိုမမေ့ခဲ့ပါဘူး။

တစ်ယောက်ချင်း မြေအောက်က တက် လာတဲ့miner တွေကို သူ့မိသားစုတွေ ကပြေးဖက်ကြတာတွေဟာ အင်မ တန်ကြည်နှုးဖို့ ကောင်းပါတယ်။ ဘေးကအပြုံးတွေနဲ့ စောင့် ကြည့်နေတဲ့ ချီလီသမ္မတကြီး ကို ကျေးဇူးတင်တဲ့ အနေနဲ့ ဖက်ကြတာကို လည်းတွေ့ ရပါတယ်။ miner မိသားစုတွေကလည်း ဖက် ကြပါတယ်။ သူတို့သမ္မတ ကြီး ကို ဖက်ကြတာဟာဝတ်ကျေတန်းကျေ မဟုတ်ပါဘူး၊ တကယ် ကို လှိုက်လှို့က် လှဲလှဲ နဲ့ ဖက်ကြတာကိုတွေ့ ရပါ တယ်။ CNN ကလည်း ဒီအဖြစ်အပျက် တွေ ကိုသေသေချာချာ လွှင့် ထုတ်ပြီးပေးလျှက် ရှိတာကြောင့် အော် သတင်း မီဒီယာ တန် ဘိုးဟာမသေးလှပါလား လို့ မှတ်ချက်ပြုမိပါတယ်။ miner Mario Sepuldeva က မိုင်းလုပ် သားတွေအပေါ်မှာ change ဖြစ်ခဲ့တာကိုချီးကျူးပြောဆိုသွားပြီး သမ္မတကြီး ကို အထူးကျေးဇူးတင်ကြောင်း၊ သူဟာ business မှာ အောင်မြင်ခဲ့ တဲ့အတွက် တိုင်းပြည် ကိုဦးဆောင် ရာမှာ လည်း အောင် မြင်မှာ ဖြစ် ပါကြောင်း ပြော ကြား ခဲ့ တာ ကို CNN အစီအစဉ်မှာ တွေ့ လိုက် ရပါတယ်။ မြေအောက် ကကျောက်ခဲတွေယူလာပြီး သမ္မတ နဲ့တကွ သူ့ လူတွေ ကို လက်ဆောင်ပေးနေတာကို လည်း ကြည်နှူးဖွယ်ရာတွေ့ ရပါတယ်သမ္မတကြီးဟာ အလွန် အေးပြီး ၇ ဒီကရီစဲလ်စီယပ် ရှိတဲ့ပတ်ဝန်းကျင်မှာ miner ၃၃ ဦးအပေါ်ရောက်တဲ့ အထိ တစ်ဦး ချင်းကို ကြိုဆို နှုတ်ဆက်ခဲ့ ပါတယ်။

ချီလီအောင်မြင်မှုက တရုတ်ကြီးကို အရှက်ရစေပါတယ်။ ဘာကြောင့် လဲဆိုတော့ mining industry မှာ တရုတ်ကြီးက မတော်တဆမှုများ အကြိမ်တော်တော်များများဖြစ်ခဲ့ပြီး ဖြစ်ခဲ့ရင်လည်း အသေအပျောက်ဖြစ်ခဲ့ တာကများ ပါတယ်။ ဒီလိုမျိုး အသက်ရှင်အောင် ကယ်ဆယ်ခဲ့ တာမျိုး လည်း မရှိခဲ့ဘူး၊ ဆိုလိုတာက ယခုလို လူလူချင်း မစာနာ တတ်ကြတာ မျိုး ကိုထောက်ပြကြတာပါ။ ချီလီ ဟာတချိန် က အာဏာရှင် ပင်နှိုချေး အုပ်ချုပ်ခဲ့တဲ့နိုင်ငံ ပါ။ အခုတော့ ဒီမိုကရေစီအရပေါ်ပေါက် လာတဲ့ သမ္မတကြီး က တိုင်းပြည် ကိုဦးဆောင်နေတာပါ။ miner ၂၃ ဦးကိုကယ်တင်တဲ့အချိန်အထိ ၁၈နာရီရှိပါပြီ၊ သမ္မတကြီးက တစ်ယောက်ချင်းကို နှုတ်ဆက်နေတုံး ပါပဲ။ သမ္မတကတော် လည်း သူ့ဘေးနားကနေတစ်ဦးချင်း ကို နှုတ်ဆက်နေတာကိုတွေ့ရပါတယ်။ ဖိလစ်ပိုင် ကCNN ကြည့်နေသူ တစ်ဦး ကချှီလီ ဟာ scientific and humane လို့မှတ်ချက်ပြုခဲ့တယ်တဲ့။ လူဆန်တယ်၊ လူကို လူလိုလေးစားတယ်၊ လူလူချင်းတန်ဘိုးထားတယ် လို့ဆိုချင်တာပေါ့လေ၊အာဏာရှင် ပင်နှိုချေး ကရက်စက်ခဲ့ သလောက် လက်ရှိ သမ္မတကြီးကတော့ Miner ၃၃ ဦး အသက်ရှင် ဖို့အတွက်သူလုပ်နိုင်တဲ့ အတိုင်းအတာအတွင်းအားလုံးကို လုပ်ခဲ့ပါတယ်။ ချီလီ ဟာသူရဲ့ ပြောင်မြောက်တဲ့ လုပ်ရပ်ကြောင့် ကမ္ဘာကျော်သွားပါပြီ။ ဒီအဖြစ် အပျက်ဟာ ချီလီ ရဲ့ national pride ပါ။ CNN အစီအစဉ် ကို ကမ္ဘာပေါ် ကလူသန်းပေါင်းများစွာ ကကြည့် ရှုနေပြီး ချီလီရဲ့ လူဆန်သော လုပ် ရပ်တွေကို e mail များစွာ ပို့ချီကျူးနေကြပါတယ်။ ချီလီ က miner တွေဟာ မြေအောက်မှာ ၆၉ ရက် ပိတ်မိနေတာပါ။ အစကသေပြီလို့ ယူဆထားတာပါ။ mine တွေပေါက်ကွဲတဲ့ သတင်းတွေဟာ ကမ္ဘာမှာ မထူး လှတဲ့ အတွက် အစက ချီလီ miner ကိစ္စကို လူတွေစိတ်မ၀င်စားကြပါဘူး။ နောက်မှ အသက်ရှင်နေကြတုံးပဲ ဆို တဲ့သတင်း ပဲကြားရပြီး ချီလီအစိုးရကကယ်တင်ဖို့ဆောင်ရွက်နေကြတာကြောင့် တစ်စတစ်စ လူတွေအာရုံ စိုက်မှု ကိုခံလာရတာပါ။ ဒီကယ်တင်မှု ဟာ high tech နဲ့ low tech ပေါင်းစပ် လုပ်ဆောင်ခဲ့တာပါ။ fibre optic camera လိုမျိုးဟာ high tech ပါ။ The Pheonix လို့ခေါ်တဲ့ miner တွေဆယ်တင်တဲ့ လူတစ် ကိုစာဆန့် ပိုက် လုံးကြီးဟာ low tech ပါ။ miner တွေအပေါ်ရောက် လာတိုင်း fellow miner တွေက ကြွေးကြော်သံတွေနဲ့ နှုတ်ဆက် ကြ ပါတယ်။ ၃၂ယောက်မြောက် miner Arial Ticona ကတော့သူ မြေအောက်မှာ ရှိနေစဉ် သူ့ဇနီး ကသမီး လေးမွေးခဲ့ပါတယ်။ သူသမီး ကို အပေါ်ရောက်မှ ကိုယ်တွေ့ မြင် ရတာပါ။ ခလေး ကို Baby hope လို့ အမည် ရတဲ့ အမည်ကို ပေးခဲ့ပါတယ်။နောက် ဆုံးဆယ်တင်တဲ့ 33rd miner ကတော့ သူတို့အသက်ရှင်နေကြာင်း အော်ဟစ်ပြောကြားခဲ့တဲ့ miner Luis A Urzua ဖြစ်ပါတယ်။ မြေအောက် မှာ နေစဉ်တစ်လျှောက် လုံး အဖွဲ့ ကို ဥိးဆောင်ခဲ့တဲ့ ခေါင်းဆောင်တစ်ယောက်ပါ။ မြေပေါ်ရောက်ရောက်ချင်းပဲသမ္မတကြီး က ခေါင်းဆောင် miner ကိုချီုးကျူးခဲ့ပါတယ်။ ဒီ လို အဖြစ်မျိုးနောက်ထပ်မဖြစ် ဖို့တာဝန်ယူကြောင်း၊ပြောကြားခဲ့ပါတယ်။ rescue operation မှာ ပါဝင်ပတ်သက်သူအား လုံး ကို လည်းချီးကျူးပြောဆိုပြီး အမျိုးသားသီချင်း ကို တပျော်တပါးသီ ဆိုကြတာဟာ အင်မတန်မှကို ကြည်နှုးဖွယ်ကောင်းလှပါတယ်။

miner တွေကယ်တင်ခဲ့ တာ စုစုပေါင်း ၂၂း၃၅ နာရီကျော် ကြာခဲ့ပါတယ်။ ၂၂နာရီ ကျော်လုံးလုံး သမ္မတနဲ့ သမ္မတ ကတော် တို့ဟာ လုံးဝနားတာ မတွေ့ရပါဘူး။ မြေအောက်က တက် လာတဲ့ miner အားလုံး ကို နှုတ်ဆက်ခဲ့ပါ တယ်။ နောက်ဆုံးတက်လာတဲ့ ၃၃ယောက် miner ကယ်တင်မှုဟာ စိတ်ကြည်နှုးစရာ။ စိတ်လှုပ်ရှားစရာကောင်း လှပါတယ်။ စာရေးသူလည်းစိတ်လှုပ်ရှားစွာလက်ခုတ်တီးပြီး ကြိုဆိုခဲ့ပါတယ်။ လူသားပဲလေ၊

လေးစားပါတယ် ချီလီ သမ္မတကြီးနဲ့ ချီလီ ပြည်သူများခင်ဗျား။

Friday, October 1, 2010

အကောင်းဘက် ကို ပြောင်းလဲသင့်ပြီ change

မြန်မာရုပ်မြင်သံကြားမှာနိုင်ငံရေးပါတီ တွေမဲစဆွယ်နေကြပါပြီ။ တချို့ပါတီတွေက သူတို့ ဘာလုပ်မယ်ဆိုတာ ယေဘူယျလောက်ပဲပြောသွားကြတာကိုနားထောင် လိုက်ရပါတယ်။ တချို့ ကတော့ အသေးမစိပ်ပေမဲ့ နဲနဲ လေးယနေ့ပြည်သူလူထုဖြစ်ချင်တာကိုဇောင်းပေးပြောသွားကြပါတယ်။

ဘာဘဲဖြစ်ဖြစ် လူထုနဲ့နီးစပ်တဲ့ပါတီတွေကတော့လူထုဘာလိုချင်လဲဆိုတာသိကြမှာပါ။ ဒီနေ့စာရေးသူတို့နိုင်ငံ ဘာတွေပြင်ဖို့ လိုနေပြီ လဲဆိုရင် ပြင် ရမှာ ကတော့ဌာနပေါင်းစုံ၊ အဖွဲအစည်းပေါင်းစုံ၊ ပြည်သူလူထုအလွှာ ပေါင်းစုံ၊ ကပုဂ္ဂိုလ်တွေရဲ့ စိတ်ဓါတ်တွေပြင်ကြ ဖို့ ပါပဲ။ အကုန် လုံးဆိုးနေကြတာတော့မဟုတ်ပါဘူး။

အသိစိတ်လေးတွေပြင်သွားဖို့ပဲလိုပါတယ်။ တိုင်းပြည် ကို ချစ်စိတ် လုပ်ချင် ကိုင် ချင်စိတ်ရှိတဲ့သူတွေအများ ကြီး ရှိပါသေးတယ်။ခေတ်ရေစီကြောင်းထဲမှာ မျော ပါ ရင်းမလုပ် မရှုပ်နဲ့နေကြသူတွေများပါတယ်။ နှမ်းတစ် လုံးနဲ့ ဆီမဖြစ်ပါဘူး လို့ဆိုရိုး ရှိပေမဲ့ကိုယ် ကို ကိုယ်ကောင်း ဖို့ကပဓာနကျပါတယ်။

စာရေးသူတို့အားလုံး change တစ်ခုတော့ လိုနေပါပြီ။ တိုးတက်မှုကိုရှေးရှုသော change တစ် ခုပါ။ လူအဖွဲ့ အစည်း မှာပါဝင် လှုပ်ရှားနေတဲ့ ဖြစ်စဉ်အားလုံးမှာ change လုပ် ဖို့ လိုနေပါပြီ။ deregulation လုပ် ဖို့ လိုမလား ?regulation လုပ် ဖိုလိုနေမလား ? facilitation လို့ပြောနိုင် တဲ့ လွယ်ကူ သက်သာ လျှင်မြန် စေတာ မျိုးကို ပြောင်းလဲဖို့ဝန်မလေးသင့်ပါဘူး။စာရေးသူ လတ်တလောကြုံရတဲ့ ဥပမာလေးတွေနဲ့ တင်ပြချင်ပါတယ်။ စာရေး သူဟာ websites တွေဝင်ပြီး စာပေါင်းစုံကို ဖတ်လေ့ရှိပါတယ်။ အိမ်မှာ လည်း အင်တာနက်ကြည့် လို့ရအောင် ADSL လည်းတစ်လ FEC 40 အကုန်ခံပြီး တတ်ထားပါတယ်။ ငွေပေါလိုတော့မဟုတ်ပါဘူး။သူများထက် ခေတ် နောက်မကျချင်လို့ပါ။ တခြားအပျော်အပါး ကုန်ကျတာတွေထက် စာရင် ဒါလောက်တော့အကုန်ခံသင့်တယ် လို့ ယူဆလို့ပါ။ ကဲ ပြောချင်တာ ကိုမရောက်တော့ဘူး။

စင်ကာပူရောက် မြန်မာတွေရဲ့ website တစ်ခုမှာ စင်ကာပူ PR တွေ စင်ကာပူအစိုးရကတောင်းဆိုလာရင် စင်ကာပူနိုင်ငံသားခံယူသင့် လား။ PR လက်မှတ် ပြန်အပ်ပြီး အမေ့အိမ် ပြန်ကြမလား ? ကို စင်ကာပူရောက် ရွှေ တွေ အချေအတင်အကျေ အလည် ဆွေးနွေးနေကြတာကို ဖတ်ရပါတယ်။ စင်ကာပူနိုင်ငံသား လုပ်တာ မလုပ်တာကို စာရေးသူမဆွေးနွေး လိုပါဘူး။ သူတို့ရင်ဖွင့် သံတွေ ကိုဖတ်ရတော့ အံ့သြမိတာပါ။ တစ်ယောက်က မြန်မာသံရုံးကိုသွားပြီးအခွန်ဆောင်ရတာဟာ ကိုယ်ကနိုင်ငံ သားတစ်ယောက်ပီပီ တာဝန်ကျေကျေ အခွန်ဆောင်တာ ဖြစ်သော်လည်း အလွန်အောက်ကျ နောက် ကျနိုင် ကြောင်း၊ မနက် အစောကြီးထ တန်းစီ ရကြောင်း၊ မိုးရွာရင်မိုးရေထဲမှာ နေရကြောင်း၊ တခါတလေခွင့် တစ်ရက်နဲ့ မရကြောင်း၊ သံရုံးက၀န်ထမ်းတွေ အလွန်အပေါက်ဆိုးကြကြောင်း၊ ငွေပေးပြီးအေးဂျင့်နှုင့် လုပ်လိုက်ရင်မြန်ဆန် ကြောင်း၊ ရံဖန်ရံခါ အခွန် ကို ၂-၃ နှစ်မဆောင်မိပဲမိသားစု တစ်ခုလုံး မြန်မာနိုင်ငံ ပြန်ရန်ကိစ္စပေါ်လာ၍ ဗီဇာ သွားလျှောက်သည့်အခါအခွန်သည် စင်ကာပူဒေါ်လာ ၄ - ၅ ထောင်ခန့် ပေးရသည်ဖြစ်ရာနင့် နေအောင်ပေးရ ကြောင်း၊ မြန်မာသံရုံးကို အခွန်ပေးရတာ တခြားအာဆီယံနိုင်ငံတွေနှုင့် နီုင်းယှဉ်လျှင်အလွန်များကြောင်း၊ ဖိလစ် ပိုင်ဆိုလျှင် အခွန်လုံးဝဆောင်စရာ မလိုကြောင်း၊ ဒီအချက်တွေကို မကြုံချင်တော့တာကြောင့် မြန်မာ PR ၆၀% လောက်ဟာ စင်ကာပူနိုင်ငံသား အဖြစ် ခံယူသွားတာဖြစ်ကြောင်း စသည်ဖြင့် ရင်ဖွင့်ထားသည် ကိုဖတ်ရှုခဲ့ ရပါ တယ်။

သူတို့စာတွေဖတ်ရင်းစာရေသူရင်မှာ ဖြစ်ပေါ်လာတဲ့အသိကတော့ စင်ကာပူနိုင်ငံ မှာ သူတို့အစိုးရဌာန တွေနဲ့ ဘာပဲဆက်သွယ်ဆက်သွယ် online ကနေလုပ်လို့ရတာချည်းပါပဲ။ လျှပ်စစ်မီတာ၊ တယ်လီဖုန်းဘိလ်၊ ရေခွန်၊ ၀င်ငွေခွန်၊ ဘာသက်တမ်းတိုးတိုး အကုန်လုံး အိမ်ကရုံးကနေပြီး online လုပ်လို့ရပါတယ်။ ဒီလိုပတ်ဝန်းကျင်မှာ နေလာခဲ့တာတော်တော်ကြာနေပြီ ဖြစ်တဲ့ စင်ကာပူက ရွှေတွေမြန်မာသံရုံးသွားပြီး မြန်မာပြည်မှာ လိုပဲတိုးဝှေ့ တန်းစီဖြတ်ကျော်တက်တဲ့ အလုပ်တွေကို မလုပ်ချင်ကြတော့ပါဘူး။ သံရုံးမှာအခွန်ဆောင်တာ passport သက်တမ်းတိုးတာ ဘာလို့ online က မလုပ်နိုင်ရမှာလဲ ? တာဝန်ရှိသူတွေက စင်ကာပူမှာ သိန်းချီပြီး ရှိတဲ့ ရွှေမြန်မာတွေအတွက် လွယ်ကူ သက်သာ လျှင်မြန်တဲ့ နည်းလမ်းတွေ စဉ်းစားပြီး မလုပ်ပေးလို့ မရဘူးလား ? ဒါမှမဟုတ် ဒီကောင်တွေဒီမှာ ထောနေတာ ဒီလောက်ဒုက္ခတော့ ခံပေစေ ဆိုတဲ့ အမြင်မျိုးနဲ့ မလုပ်မရှုပ်နေတာ လား?

လုပ်ပေးရင်ရမှန်းသိပေမဲ့ မလုပ်ပေးချင် လို့ ကို မလုပ်ပေးတာလား ? ဒါဆိုရင်တော့ လွန်နေပြီ၊ မြန်မာပြည်က စာရေးဝန်ထမ်းလေး တွေလစာမလုံလောက် လို့ အကြံအဖန်လေးတွေနဲ့ အသက် ဆက်နေရတာကို ကိုယ် ချင်းစာခွင့်လွှတ်နိုင်ပေမဲ့ Foreign service ၀န်ထမ်း၊ လခကဒေါ်လာနဲ့ရပြီး လစာမလောက် လို့ အကြံအဖန် လုပ်ရပါတယ် လို့ ဆိုရင်တော့လွန်နေပါပြီ။ “ သူတပါးလိုချင်တာကိုလုပ်ပေးလိုက်ပြီး သူ၏ပျော်ရွှင်မှုကို ကိုယ် လည်း ရယူလိုက်ပါ “ ဆိုတဲ့ပီတိ ကို မခံစားတတ်သူတွေလို့ ဆိုရင် လွန်တယ် လို့ဆိုမှာ လား။ ဒါက ဥပမာ တစ်ခုပါ၊ တစ်လောကပဲ weekly eleven မှာ ပင်စင်စားဝန်ထမ်းတစ်ယောက် ရင်ဖွင့်ထားတာကို ဖတ်ရပါ တယ်။

သူပင်စင်က တစ် လခေါက်ဆွဲကျော်တစ်ပွဲဖိုးပဲရှိတော့ ၁၀ လ လောက်နေမှစုပေါင်းထုတ်ပါ တယ်တဲ့။ အဲဒီမှာ ၁၀ လလောက် ပြတ်သွားတော့ ပင်စင် ကို အသက် ပြန်ဆက်ရပါလေရော။ ဖြစ်စဉ်နဲ့ လုပ်ပုံလုပ်နည်းကို အရာရှိပေါက်စကို ရှင်းပြခိုင်းလိုက်ပေမဲ့ ကိုယ်အလုပ်ကို မကျွမ်းကျင်တော့ ခမျာမှာ အဆင်မပြေဖြစ်ရော၊ ဒါနဲ့ သူ့ရှေ့မှာ ခလေးမကို အထက်အရာရှိကကြိမ်းတော့ မျက်နှာငယ်လေးနဲ့ တောင်းပန်တယ်တဲ့။ အစကပြန်စရမှာ ဆိုတော့ စာရေးသူ ပင်စင်စားလည်း တော်တော်ဦးနှောက်ခြောက်သွားတဲ့ အကြောင်းရေးထားတာပါ။ စာရေးသူ စဉ်းစားမိတာက အခုခေတ်မှာ မဖြစ်စလောက် ငွေကြေးလေးကို လစဉ်စရိတ်အကုန်ခံ ပင်စင်လာထုတ်မဲ့အစား ဘယ်လိုသက်သာ မြန်ဆန် လွယ်ကူအောင် လုပ်ပေးသင့်သလဲဆိုတာ သက်ဆိုင်ရာ လူကြီးအဆင့်ဆင့်တွေ စဉ်းစားရန် ပျက်ကွက်နေကြတာပါပဲ ။ ပင်စင်လစာ တိုးမပေးတောင် ထုတ်တဲ့အခါ ဘယ်မြန်ဆန်အောင် လုပ်ပေးသင့် သလဲ ? နှစ်ပေါင်းများစွာကျင့် သုံး လုပ်ကိုင်လာခဲ့ ကြတဲ့ ဗျူရိုကရေစီ လုပ်နည်း စနစ်တွေကို ယနေ့ခေတ်နဲ့ အံဝင်မ၀င်မစဉ်းစားတော့ပဲ မျက်စေ့ မှိတ်ကျင့်သုံးနေကြမ လား ? တလောကလည်းလုပ်ငန်းစဉ် တစ်ခုကို မူဝါဒအရအထက်ကချပေး လိုက်လို့ အောက်လည်းရောက်တော့ ခေတ်ဟောင်းက လုပ်ထုံးလုပ်နည်း တွေ ကိုးကားပြီး ပြန်ချပေး လိုက်ပါလေရော။ ခုခေတ်နဲ့အံ့မ၀င်တော့ပဲ လုပ်မရကိုင်မရ ဖြစ်ခဲ့ပါတယ်။ အလယ် အလတ်နဲ့ အထက်အဆင့်အရာထမ်ေးတွစဉ်းစားပုံကိုဆွေးနွေးချင်ပါတယ်။

နိုင်ငံတော်ရဲ့မူဝါဒကလက်ရှိဘာလဲဆိုတာသိထားဖို့ လိုသလိုအောင်ခြေမှာဘာ လိုနေသလဲဆိုတာဒီပုဂ္ဂိုလ်တွေ ကောင်းကောင်းကြီးကျေကျေညက်ညက်သိ ထား ဖို့ လိုပါတယ်။ ဒီအရာထမ်းတွေဟာတကယ်တော့ bridging လုပ်ပေးရမှာ ပါ။ အောက်ခြေမှာ လိုအပ်ချက် ကို မစဉ်းစားပဲ ကိုယ့် ကို ကိုယ် ကာကွယ်မှုတွေအတင်းအကြပ် လုပ်ထားရင်လည်းအလုပ်မဖြစ်ပါဘူး။ သိပ်လျော့ရဲ လို့လည်းမဖြစ်ပါဘူး။ လစ်ရင် လစ် သလိုလုပ်တတ်သူတွေ လည်း ပတ်ဝန်းကျင်မှာ အများကြီး ရှိနေပါတယ်။ ခေတ်နဲ့ညီတဲ့ စဉ်းစားချက်တွေနဲ့ လုပိုင်ကိုင်နိုင်မှသာအထက် အောက်ခြေအစဉ်ချောမွေ့မှာပါ။ဒါတွေက ပြောရတာ လွယ်သလောက် လက်တွေ့ လုပ်ရာမှာတော့အခက်အခဲ တွေ့ ရမှာ ပါ။ ဒါကြောင့် deregulation လား ? regulation လား ? ကို ကစဥ်းးစားရမှာ ပါ။

အမေရိကန်မှာ deregulation ကြောင့် ယနေ့အထိ ဒုက္ခရောက်နေဆဲပါ။ မြန်မာ နိုင်ငံမှာ တော့ နေရာပေါင်းစုံ regulationများနေဆဲလား ?ဘဏ် အကျပ်အတည်းတုံး က မြန်မာ မှာ regulation လုပ်ထားတာပဲ ကောင်းသလို လို ပြောနေကြပါတယ်။စာရေးသူတို့နိုင်ငံမှာ အကောင်းဘက် ကို ရှေးရှုတဲ့ change တစ်ခုတော့ အမှန် လိုအပ် နေပါပြီ။ စီးပွားရေးနဲ့ဆိုင်တဲ့ အပိုင်းဖြစ်တဲ့ export tax 10% ကျပ်ငွေ တန် ဘိုး(exchange rate); export import procedures များလွယ်ကူသက်သာဖြေလျော့မှု၊ ဆိပ်ကမ်းများသွက်လက်မြန်ဆန်ကုန်ကျစရိတ် သက်သာမှု၊ US sanction ကိုကျော်လွှားနိုင်ရန်အတွက်လုပ်ငန်းရှင်များ ကိုပံ့ပိုး နိုင်ကူညီမှု (စဉ်းစားဖေါ်ထုတ် ချက်) ဘဏ်များမှ ငွေချေးယူနိုင်မှု လျင်မြန်သက်သာ လွယ်ကူရှင်းလင်းသော proceduresများပြဌါန်းထားနိုင်မှုစ သည် စသည်တို့ကို အကောင်းဘက်သို့ ဦးတည်သော change ပြောင်းလဲနိုင် မှုဖြစ် မဖြစ် ကို အများ ကစိတ်အားထက်သန်စွာစောင့် ကြည့်နေ ကြမှာ ဖြစ်ပါတယ်။