Sunday, February 26, 2012

ကိုယ်သေဖို့ပြင်ဆင်ပြီးပြီလား


ကိုယ့်ရှေ့ရောက်လာတဲ့သတင်းစာကိုလှန်လိုက်ရင်ကြည့်ဖြစ်တာကနာရေးကြော်ငြာတွေပါ။ဒါလိုအဖြစ် မျိုးကကိုယ့် အသက်အရွယ်တန်းတွေ ဒီလိုပဲဖြစ်နေကြလိမ့်မယ်ထင်ပါတယ်။ သတင်းစာထဲမှာ ကိုယ်နဲ့မသိပေမဲ့ ကိုယ့် အသက်အရွယ်တန်းတွေ တစ်ယောက်ပြီးတစ်ယောက်ရဲ့နာရေးတွေတွေ့နေရတော့မိမိကိုယ်ကိုမေးခွန်းတစ်ခုမေးမိပါတယ်။ မင်းကောသေဖို့ ပြင်ဆင်ပြီးပြီလားလို့ ကိုယ့်ကိုယ် ကိုပြန်မေးမိပါတယ်။ ကိုယ့်ကျန်းမာရေး ကိုဂရုမစိုက်မိပဲ နှလုံးရောဂါလိုမျိုးကင်ဆာလိုမျိုး၊ဖြစ်ပြီးငယ်ငယ်ရွယ်ရွယ်နဲ့ကွယ်လွန်သွားမိတ်ဆွေသူငယ်ချင်းတွေလည်းရှိပါတယ်။
တကယ်တော့သေဖို့ပြင်ဆင်ထားပြီလားဆိုတာဝိပသာနာတရားတွေနာနေကြဖြစ်နေတော့မောင်တိုင်ပင်တို့အတွက်တော့နားယဉ်နေပါပြီ။ သူများတွေအတွက်တော့နမိတ်မရှိနမာမရှိပြောတယ်လို့ထင်ချင်ထင်နေနိုင်ပါတယ်။ ကိုယ့် ခန္ဓာ ဟာထာဝရမပျက်ခင်မှာတော့ပျက်လိုက်ဖြစ်လိုက်ဖြစ်နေတာပါ။အင်မတန်မှကိုမြန်လွန်းလို့ ဖြစ်တာပျက်တာကို ကိုယ်ကမသိနိုင်တာပါ။အခုဒီစာရိုက်နေရင်းခန္ဓာအတွင်းမှာ ပျက်သွားတာတွေအများကြီးရှိသလိုအသစ်အသစ်ပြန်ဖြစ်လာတာတွေလည်းအများချည်းပါ၊ ဒါပေမဲ့ ကိုယ် ကတော့ ဖြစ်ပျက်တာမြန်လွန်းတော့မသိနိုင်ဘူး။ Science မှာ တော့ သက်ရှိတွေကောသက်မဲ့တွေကော cells တွေ tissues ဟာ ဖြစ်လာလိုက် ပျက်သွားလိုက် ဖြစ်နေတဲ့သဘောပါပဲ။
တရားထိုင်တယ်ဆိုတာ လွယ်လွယ်ပြောရရင် မိမိကိုယ်ခန္ဓာထဲမှာဖြစ်တတ် ပျက်တတ်တဲ့သဘော ကို အာရုံစူးစိုက် ကြည့်တာပါပဲ။တရားထိုင်တယ်ဆိုတာကျန်းမာနေမှလုပ်နိုင်မှာပါ။ “အသက်က ၆၃ နှစ်ပဲရှိသေးတာပဲ။အများကြီးလုပ်နိုင်သေးတယ်။သူများတွေအခုထိလုပ်နေကြတာပဲ၊ဘာလို့ အလုပ်ကအနားယူချင်ရတာလဲ“လို့မောင်တိုင်ပင်အရွယ်မိတ်ဆွေတစ်ယောက်ကမေးတယ်။ မေးသူကိုမောင်တိုင်ပင်ကခေတ်လူငယ်တွေ ပြောသလိုမျိုး--သနားတယ်လို့ပြောချင်လိုက်တာ---သူသတိမပြုမိတာပဲဖြစ်လိမ့်မယ်။ဝိပသနာတရားထိုင်နိုင်တယ်ဆိုတာကျန်းမာနေတုံးမှာအကောင်းဆုံးလုပ်နိုင်တယ်။ မောင်တိုင်ပင်တို့အရွယ်မှာတောင်ထိုင်ရထရတာလေးနေပြီ။ဘုန်းကြီးတရားများနာပြီးရင်တော်တော်နဲ့ မထနိုင်တော့ဘူး။တင်ပလ္လင်ခွေပြီးပုံစံကျကျတရားထိုင်ကြည့်ပါအုံး။အာရုံရဖို့ ကိုတော်တော်အလေ့အကျင့်လုပ်ရအုံးမှာ ပါ။သူငယ်ချင်းကျော်သက်ဆိုရင်ဝိပသနာတရားစခန်းမှာ ၃ လ လောက်သွားနေတယ်။
အိမ်ပြန်နေရင်လည်း တစ် လလောက်ပဲနေတယ်၊စုံစမ်း လိုက်ရင်သွားပြန်ပြီတရားစခန်း---သူ့အတွက်ကတော့တရားထိုင်ရတာကိုကြိုက်နှစ်သက်နေပြီ။သူငယ်ချင်းမြင့်ဖေကပြောတယ်။သေလောက်တဲ့ရောဂါရလာတော့သေမှာကိုကြောက်ပြီးဝိပသာနာတရားကိုမရမကထိုင်လိုက်တာအခုနေ့စဉ်တရားထိုင်ဖြစ်နေပြီ။ဝင်းထိန်ဦးတို့သူငယ်ချင်းအုပ်စုတစ်စု၁၀ရက်စခန်းဝင်လိုက်တာပြန်ထွက်လာတော့ WHO အရက် မသောက်တော့ဘူး။ စိန်အုန်း၊Christopher တို့လည်းဝိပသာနာတရားမှန်မှန်ထိုင်ဖြစ်ကြတယ်။ခင်မောင်တိုးဆိုရင် ၀ိပသာနာတရားပြဆရာအဆင့်ရောက်နေပြီ။ငယ်တုံးကတေခဲ့တဲ့ကောင်တွေကြီးလာတော့တရားဓမ္မလိုက်စားကြတာကြားရတာမုဒိတာပွားမိတယ်။ မောင်တိုင်ပင်တို့ကတော့ရောကျော်တွေဝေလေလေတွေဖြစ်နေပါလား။တော်သေးရဲ့တရားခွေတွေမှန်မှန်နားထောင်ဖြစ်ပြီးခန္ဓာရဲ့သဘောကိုသိနေရတာ။နို့မိုရင်ဟိုယောင်ယောင်ဒီယောင်ယောင်ဖြစ်နေမှာ။
တရားထိုင်တာဝီရိယကောင်းမှကောင်းတယ်ထင်တယ်။အားထုတ်မှုမရှိရင်ပျက်ပျက်သွားရော။လုပ်ဖို့ပဲလိုတယ်၊လုပ်မိရင်တစ်ဆက်တစ်စပ်တည်းလုပ်ဖြစ်သွားရော။ဆက်တိုက်မှန်မှန်လုပ်ဖြစ်သွားတယ်။ဘယ်အရာမဆိုပါ။အမှုကိစ္စများပြားလှတဲ့လူတို့ဘောင်မှာမိမိတရားထိုင်ချင်တာကိုဖျက်လိုဖျက်ဆီးလုပ်ချင်တဲ့အကြောင်းတရားတွေအများကြီးပါ။မိမိကိုယ်ကို excuse လို့ခေါ်တဲ့ဆင်ခြေတွေပေးလေ့ရှိပါတယ်။ ဒါတွေကိုကျော်လွှားနိုင်ဖို့အင်အားတစ်ရပ်လိုပါတယ်။
အဲဒီအင်အားရဖို့ဆိုတာကိုယ်ကိုယ်ကိုရောင့်ရဲတင်းတိမ်တတ်အောင်လေ့ကျင့်ဖို့၊အသက်အရွယ်အရသူတပါးအပေါ်မှာမုဒိတာပွားနိုင်တဲ့စိတ်ရင်းလိုပါတယ်၊ဥပေက္ခာပြုနိုင်ရပါမယ်။တတ်နိုင်မယ်၊ဖြစ်နိုင်မယ်ဆိုရင်သံယောဇဉ်ဖြတ်နိုင်ရမှာဖြစ်ပါတယ်။ဗုဒ္ဓဘာသာတရားဟာတကိုယ်ကောင်းဆန်တဲ့တရားလိုလိုပြောကြပါတယ်၊မဟုတ်ပါ၊သတ္တ၀ါတွေအားလုံးအပေါ်မှာမေတ္တာထားတတ်အောင်ကျိုးစားတာဖြစ်ပါတယ်။လူရယ်နတ်ရယ်၊ဗြဟ္မာရယ်လို့ဖြစ်လာလို့ရှိရင်ခန္ဓာတစ်ခုရလာတာပါပဲ။ ခန္ဓာထဲဥာဏ်ရောက်အောင်ကိုယ်ကကျင့်ရမှာပါ။မောင်တိုင်ပင်အားလုံးကိုစွန့်လွှတ်နိုင်အောင်ကျိုးစားနေတာရဲ့ အဓိကအချက်ကတော့ ၀ိပသာနာတရားကို လေ့လာလိုက်စားကြည့်နိုင်အောင်အခြေအနေကိုဖန်တီးယူတာပဲဖြစ်တယ်။ ရောင့်ရဲတင်းတိမ်နိုင်မှုကိုတော့အတိုင်းအတာတစ်ရပ်အထိ ရအောင်လေ့ကျင့်ကြည့်ပြီးပါပြီ။ လောဘ၊ဒေါသ၊မောဟ၊ တွေဟာဘာလဲဆိုတာသိအောင်လုပ်ပြီးကိုယ်ထဲကိုရောက်မလာအောင်ကြိုးစားကြည့်တာပါပဲ။
တစ်စုံတစ်ခုသောအတိုင်းအတာအထိတော့ထိန်းထားနိုင်ပြီထင်ပါတယ်။အတ္တအကျိုးစီးပွားကိုစဉ်းစာမဲ့အစား ပရ အကျိုးစီးပွားကိုစဉ်းစားမိအောင်အားထုတ် ပါတယ်။ ထာဝရ ကတော့ဘယ်ရအုံးမလဲ၊အဲဒီလိုစဉ်းစားလိုက်တော့ကိုယ်စိတ်အတွင်းမှာတော်တော်အေးချမ်းပါတယ်။ပူလောင်မှုတော့လျော့သွားပါတယ်။ဘာပဲပြောပြောကိုယ်ဘယ်လောက်လုပ်နိုင်မလဲဆိုတာအချိန်ကစကားပြောပါလိမ့်မယ်------

Tuesday, February 21, 2012

မြေးနဲ့ အဖိုးကြားကသံယောဇဉ်


မြေးလေးရဲ့ NTUC Day care" my skool"


NTUC Day care ယူနီဖေါင်းနဲ့မြေးလေး

မောင်တိုင်ပင်ရဲ့ တစ်ဦးတည်းသောသမီးကမွေးထားတဲ့မြေးလေးကအခုဆိုရင် ၂ နှစ်ပြည့်ပြီ။မြေးလေးကစင်ကာပူမှာနေတော့မောင်တိုင်ပင်အတွက် virtually ပဲကွန်ပျူတာစကရင်ပေါ်မှာတွေ့ နိုင်တယ်လေ။မြေးလေးက၂နှစ်မပြည့်ခင်ကတည်းကNTUC Day Care ကိုသူ့အမေကပို့လိုက်တယ်။သူတုံးက ၈ မိုင်က ဒေါ်ရင်ဝိုင်းကျောင်းကို ၃နှစ်ခွဲပြည့်မှ ပို့ခဲ့တာ၊အဲဒီတုံးကမောင်တိုင်ပင်ဇနီးကထပ်ချပ်မခွာသမီးနောက်ကအမြဲလိုက်တယ်။ မြေးလေး ကိုသနားတော့ ကျောင်းစောစော ပို့ ရမလားဆိုပြီး သူအမေနဲ့စကားများရသေးတယ်။နောက်ဆုံးတော့ စင်ကာပူမှာ မွေးတဲ့ခလေး စင်ကာပူပုံစံနဲ့ပဲကြီးပြင်းရမှာ ပဲလေဆိုပြီးစိတ် ကိုဖြေပါတယ်။မောင်တိုင်ပင်ဇနီး ကွယ်လွန်သူ သူ့အဖွားသာရှိနေရင်ဘယ်ဒီလိုပစ်ထားမလဲ၊ရှင်ဖါသာနေချင်သလိုနေ၊ကျုပ်တော့ကျုပ်မြေးကိုပဲသွားထိန်းတော့မယ် လို့ ပြောမှာ လုပ်မှာ သေချာပါတယ်ဗျာ။ မြေးလေး ကလည်း တကယ်ပါပဲ၊ ပီယဆေးပါတယ်၊ cheerful ဖြစ်တယ်၊ ကိုယ့်မြေး မို့လို့ ပြောနေတာမဟုတ်ဘူး။သူ အတွက် ခလေးထိန်းကတစ်နှစ်ပဲထားနိုင်တယ်။စင်ကာပူမှာ ခလေးထိန်းထားရတာတော်တော်စရိတ်ကုန်တာပဲကိုး။ စင်းဒေါ်လာ၉၀၀လောက် လစဉ်ကုန်နေတော့ သူမိဘတွေကDay care ကိုပိုဖို့ပဲစဉ်းစားကြ တော့တာပေါ့။ ဒုတိယအခေါက်ဒီဇင်ဘာလ မှာ မောင်တိုင်ပင်စင်ကာပူရောက်သွားတော့မြေးလေးကကျောင်းစနေ နေ ပြီ။အဲဒီအချိန်ကခလေးထိန်းကလည်းရှိနေတော့ ကျောင်းကမနက် ၈နာရီခွဲ ကနေနေ့ လည် ၁၂နာရီ အထိတစ်ပါတ်လောက် ထား ခိုင်းတယ်။ကျောင်းကအိမ်ရှေ့မှာ ရှိတော့မောင်တိုင်ပင်မကြာခဏဆိုသလို (၇)ထပ်ကနေအောက်ဆင်းပြီးကျောင်းပြူတင်းပေါက်နေချောင်းချောင်းကြည့် ရတယ်၊ကျောင်းကခလေးတွေကိုတခါးပိတ်မထားဘူး၊မိဘတွေအဖိုးအဖွားတွေလာကြည့် လို့ရအောင်ပြူတင်းပေါက်လိုက်ကာကိုဖွင့်ထားတယ်။နောက်၈နာရီခွဲကနေ ညနေ၃နာရီထိ တဖြည်းဖြည်းအချိန်ကိုနောက်ဆုတ်ဆုတ်သွားမယ်လို့ကျောင်းကစီစဉ်တယ်လေ။ ကျောင်းမှာနေလည်အိပ်ရတယ်၊ဆရာမတွေကရေချိုးပေးတယ်၊ နေ့လည်စာကျွေးတယ်၊ အိမ်ကအစားအစာယူမလာရဘူး၊ စင်ကာပူတရုတ်လေးတစ်ယောက်ဆိုအိတ်ထဲမှာ ဘီစကွတ်တွေထည့်ထားပြီး ခိုးခိုးစားတယ်။ဆရာမတွေကအတင်းတော့မသိမ်းပါဘူး၊ သူကကိုယ်ခန္တာကြီးတော့ကျောင်းကကျွေးတာနဲ့မ၀ဘူးနဲတူတယ်။

အခုဆိုရင်မြေးလေးကသူ့ကိုမေမေနဲ့ဖေဖေ ကဘာကြောင့်တစိမ်းတွေလက်ထဲမှာ ထားခဲ့ ရတာလဲ လို့သူစိတ်ထဲမှာ တွေးချင်တွေးမှာ၊ ဒါကြောင့်လားမသိဘူး။ ညနေ၆ နာရီအမေ လာကြိုချိန်မှာ ငိုပြီးပျော်ပြီးထွက်လာတာဖြစ်တယ်။သူများခလေးတွေရဲ့အိမ်သားတွေက ၅နာရီလောက်ဆိုလာကြိုကြတော့သူစိတ်ထဲမှာတွေးချင်တွေးမယ်လေ၊ငါကိုဘာကြောင့် မေမေနဲဖေဖေကလာမကြိုရသေးတာလဲ? ခလေးကသူပိုင်ပစ္စည်းတွေ ကိုသိမ်းထားပြီးအမေအဖေ ကိုစောင့်နေတော့တာပါပဲ။ ဘာပဲဖြစ်ဖြစ်လေ၊မောင်တိုင်ပင်စိတ်ပူပေမဲ့ ဘာတတ်နိုင်မှာ လဲ၊ ၂ပတ်လောက်စင်ကာပူမှာနေပြီးတော့မောင်တိုင်ပင်အတွေးပေါင်းစုံနဲ့မြန်မာပြည်ပြန်လာရတယ်။

မြန်မာပြည်ပြန် ရောက်တာနဲ့နဖူးပေါ်လက်တင်ခေါင်းပူအောင်ကိုပဲစဉ်းစားပြီးတော့ဆုံးဖြတ်ချက်တစ်ခုချ လိုက်တယ်။အမေမရှိတော့တဲ့သမီး သူ့ကိုငါကူညီရမဲ့အချိန်ရောက်နေပြီ။ကူညီရတော့မယ် လို့ဆုံးဖြတ် လိုက်တယ်။သမီးကိုချစ်တာတစ်ခုတည်းတင်မဟုတ်ဘူးလေ၊မြေးအနှစ်ဆိုတာ လည်းပါတာပေါ့လေ၊သူအတွက်ကိုအဓိကစဉ်းစားတာပါ။ ဆုံးဖြတ်ပြီးချက်ချင်းလုပ်လို့မရသေးဘူး။ ပထမဆုံးစင်ကာပူမှာကြာကြာနေနိုင်ဖို့ long term pass လျှောက်ရမယ်။သမီးက PR ဖြစ်နေတော့သူကခေါ်လို့ရတယ်။ သမီး ကိုဖေဖေလာနေမယ်၊ lon term pass လျှောက်ပေးလို့ ပြော လိုက်တော့ သူလည်းဝမ်းသာအားရနဲ့ on line ကနေလျှောက်ပေးတယ်။ ၂ပါတ်လောက်အတွင်းရတယ်၊ကိုယ်တို်င်လာထုတ်ရမယ်ဆိုပြီး ဖုံးဆက်လာတယ်။ခိုင်ခိုင်မာမာဆုံးဖြတ်ပြီးသားဖြစ်နေတော့ မောင်တိုင်ပင်နေပြည်တော်ပြေး----အလုပ်ကနေထွက်ခွင့်ပြုဖို့ နှုတ်ထွက်လွှာကိုလူကြီးဆီတင်----လူကြီးနဲ့တွေ့အခက်အခဲကိုပြောပြရတာပေါ့။ သူတို့လည်းတော်တော်ဗျာများသွားပုံ ရတယ်၊မောင်တိုင်ပင်နေရာအတွကလူစားကတော်တော်နဲ့မရဘူး။မောင်တိုင်ပင်ကလည်းဆုံးဖြတ်ထားပြီးပြီလေ၊ပင်စင်ယူထားပြီး ဖြစ်ပေမဲ့ ဒီအလုပ်မှာတော့ ပြန် လုပ်ပါဆို လို့ပြန်လုပ်ရတာလေ။ ပင်စင်ယူခဲ့တဲ့ နောက် ၃နှစ်လောက်လုပ်ပြီးပြီဆိုတော့ လူစားကို သူတို့ရှာရတော့တာပေါ့။မောင်တိုင်ပင် အတွက်စဉ်းစားပေးပါတယ်။ မတ်လ ကုန်ထိ လုပ်ပေးဖို့မေတ္တာရပ်ခံလာတယ်။ မောင်တိုင်ပင်လည်းမတတ်နိုင်ဘူး၊ ငြင်း လို့မှာ မရတာ၊ဒါနဲ့နောက်တစ်ခေါက်စင်ကာပူပြန် long term pass သွားထုတ်ပြီး မြေးလေး ကိုစိတ်မချတချနဲ့ ပဲထားပြီး ပြန်လာရတယ်။

မောင်တိုင်ပင်စင်ကာပူရောက်နေတုံးမြေးလေးကျောင်း ကို လိုက်သွားတယ်။ကျောင်းနေစဆိုတော့အများနဲ့လိုက်မလုပ်တတ်သေးဘူး၊ဆရာမတွေကခိုင်းရင်လုပ်ချင်မှ လုပ်တယ်။တာပေမဲ့ အခု၁လခွဲလောက်ကြာတော့ ဟုတ်နေပါပြီ။သူကျောင်း ကကျောင်းအုပ်ဆရာမကြီး ကမိဘတွေဆီကိုကျောင်းမှာ ဘယ် လိုနေတယ်ထိုင်တယ်ဆိုတာ ရီပို့ လုပ်ပါတယ်။ရီပို့ ကို အမေ လုပ်သူ က facebook တင်တော့ဖတ်ရပါတယ်။ စိတ်ထဲမှာကတော့တော်တော် ကိုပူပန်မိ ပါတယ်။ရင်ဖွင့်စရာအိမ်သူကလည်းမရှိတော့ညီမဆီသွားသွားရင်ဖွင့် ရတယ်။ အမြဲတန်း မြေးလေးကျောင်းမှာ အဆင်ပြေနေသလားဆိုတာတွေးတွေးနေတတ်တယ်။ ကိုယ်ဟာကို လည်းသိပါတယ်။အော် ငါ ဒီအရွယ်မှာ ၀ိပသာနာတရား အားထုတ်နေရမှာ ငါ့မြေး ငါ့မြေးဆိုပြီး ငါစွဲနဲ့ သက္ကာရဒိဌိ ၀င်နေပြီ လိုတော့သတိထားမိပါတယ်။ တာပေမဲ့ ကိုယ် ကပုထုဇဉ်လေ၊အခုတော့ အချိန်ကကုစားပြီးဖြစ်နေပေမဲ့ မြေးလေး ဆီသွားနေဖို့ပဲစိတ်ကရောက်နေတော့တယ်။ ကိုယ်အိမ်မှာ အချွေအရံသင်းပင်းနဲ့ ဇိမ်နဲ့နေနိုင်ပေမဲ့ စင်ကာပူ ကိုသွားပြီး ငါ ဘာ လို့များဒုက္ခ ခံနေ ရမှာ လဲလို့ကိုယ့်ကိုကိုယ် မေးမိတယ်။ ရန်ကုန်ကအိမ်ကိုလည်းစောင့်ရှောက်ရအောင်အဒေါ်ကြီးတွေနဲ့ ညှိ ရတာပေါ့။ နှစ်ပေါင်းများစွာနေလာတော့အိမ်သားလိုဖြစ်နေတော့ပူပန်စရာတော့မရှိဘူးပေါ့လေ။

အော် -- မြေး အဖိုး ကြားကသံယောဇဉ်ဆိုတာ မသေးလှပါလားနော်---မောင်တိုင်ပင်တို့နိုင်ငံမှာအင်တာနက်ကလည်းနှေးနေတော့ကောင်းတဲ့အချိန်စောင့်ပြီး မြေးနဲ့ အဖိုး skype မှာ နေ့တိုင်း တွေ့ကြတယ်။ညဆို ၉ နာရီ လောက်ပေါ့။သားမက်နဲ့ viber ချိတ်ထားတော့သူဆီလှမ်းသတိပေးရတယ်။ မြေး ကအဲဒီအချိန်ဆို ဖိုးဖိုး၊ဖိုးဖိုး ဆိုပြီး အဖေ ကိုကွန်ပျူတာဖွင့် ခိုင်းနေပြီ။ ကွန်နက်ရှင်ကောင်း လို့ skype ရရင် မြေးကခုန်ပေါက်ပြီးပျော်နေပြီ။ ဖိုးဖိုးကို လာပြီးအာဘွားလာပေးတယ်၊ ကွန်ပျူတာ စကရင် ကိုပေါ့၊ ကျောင်းမှာဆရာမတွေနဲ့ လုပ်တဲ့ Hi5 ကိုလည်းလာလုပ်တတ်တယ်။လက်ဝါးချင်းရိုက်ကြတာလေ။ အဖိုးနဲ့တွေ့ ရရင်ကွန်ပျူတာရှေ့မှာ ဂျွမ်းထိုးတော့တာပဲ။ ဘယ်ကတတ်လာတာလဲမသိဘူး၊ဂျွမ်းကောင်းကောင်း ထိုးတတ်တယ်။ ကွန်ပျူတာရှေ့မှာ ပြေးမယ်၊ခုန်မယ်၊ပေါက်မယ်၊ခလေးဘာဝပေါ့။ သူ့ ကိုဂရုစိုက်အောင်လို့---ညပိုင်းမှာစားစရာတစ်ခုခု ကိုစားတတ်တာကတော့အဖိုး ကို တူတာနဲ့တူတယ်။

စားစရာဆိုတာကွာစေ့လို snack မျိုးပေါ့။ သူအမေ က ဓါတ်ပုံဝါသနာပါတော့ SLR ကင်မရာကောင်းကောင်းဝယ်ထားတယ်။ အမေကဓါတ်ပုံဆရာ၊ သားကမော်ဒယ်ဘွိုင်း---- အိုင်တင်ကကောင်းကောင်းလုပ်တတ်တော့သူ ပုံထွက်တွေကတော်တော်ချစ်စရာကောင်းတယ်။ အဖိုးရဲ့ i pad2 ထဲမှာ မြေးလေးပုံတွေချည်းပဲ။ကင်မရာဆရာကတော့ သူ့ အမေ---သူ့အမေက လစဉ် ၁၇ ရက်တိုင်း မိသားစုပုံ ကိုရိုက်တယ်၊ သူ့ ပုံ ကိုရိုက်တယ်၊ ဖေ့ဘွတ်မှာ တင်တယ်၊ ဖေဖေါ်ဝါရီ လ၁၇ရက်နေ့ မှာ သူကိုမွေးတာလေ။ From birth to date မြေးလေး ဖွံဖြိုးတိုးတက်မှုမှတ်တမ်းတွေရှိတယ်။

မောင်တိုင်ပင်မြေးအတွက်ယခုလိုဆုံးဖြတ်ခဲ့တာကိုဘယ်လိုအကြောင်းအချက်နဲ့မှ နောက်ပြန်မဆုတ်နိုင်တော့ပါ၊ မောင်တိုင်ပင် အလုပ်လုပ်ခဲ့တာ လုပ်သက် က ၃၇ နှစ်ပါ။အခုထိအလုပ်ကိုလုပ်နိုင်ဖို့ ကျန်းမာနေတုံးပါ။ မောင်တိုင်ပင်လိုလူအတွက် ယခုလိုအချိန်မှာ opportunities တွေအများကြီးရှိနေပါတယ်။ ဟိုလူခေါ်ဒီလူခေါ်နဲ့-မောင်တိုင်ပင်အမြဲငြင်းနေရပါတယ်။ဒါပေမဲ့မိသားစုအတွက်ဒီအချိန်မှာ ရာနှုန်းပြည့် ပေးရမဲ့အချိန် လို့မောင်တိုင်ပင်ယူဆပါတယ်။

သင်ကောဒီလိုမျိုးအဖြစ်နဲ့ ကြုံရရင်ဘယ်လိုဆုံးဖြတ်ပါမလဲ ?

Friday, February 10, 2012

ဒေါ်လာဆိုရင်အသစ်မှ ကြိုက်တယ်


အခုမောင်တိုင်ပင်တို့ဘဏ်တွေဘာဖြစ်နေလဲသိလား၊ဒေါ်လာတွေလာလဲကြပါတယ်။ဒါပေမဲ့ moneychanger တွေကဒေါ်လာ၁၀၀ တန် ကို စိန်ကြည့်သလိုကြည့်ကြတယ်။ပွတ်၊တယ်၊ထောင်ကြည့်တယ်၊အပြစ်ရှာလိုမရမှ အိုကေဆိုပြီးလဲပေးတယ်။အပြင်မှာပြောနေတာကတိုးရစ်တစ်ဦးဆိုရင်ဒေါ်လာ၁၀၀၀ယူလာတယ်။
တစ်ရက်၂ရက်သုံးရင်သုံးရင်းကုန်လာတာနောက်ဆုံး၃ရွက်ကြတော့မန်နီးချိန်ဂျာတွေမှာလဲမရတော့ဘူး။
ဒေါ်လာ ကအပြစ်အနာအဆာရှိလို့တဲ့။ဒါနဲ့ ရက်စောပြီးပြန်သွားတယ်။မြန်မာ မှာ ကတ်မန်းနီး ကလည်း
သုံးမရတော့ပြန်သွားရတာပေါ့။ကဲတိုင်းပြည် အင်မေဂ်ျ ကျ မသွားဘူးလား။ မန်းနီ ချိန်ဂျာ တွေ ကဒေါ်လာ
မှာအပြစ်အနာအဆာရှိနေရင်ဗဟိုဘဏ်ကလက်မခံမှာစိုး လို့တဲ့၊စုံစမ်းကြည့်တော့ ဗဟိုဘဏ်ကစည်းမျဉ်း
စည်းကမ်းလည်းဘာမှ ထုတ်မထာဘူး။ မြန်မာ ကျပ်ဆိုရင် မစ်မက်ခ်ျတို့အတုတို့ နံပါတ်မတူတာတို့တော့
ပြန်လဲပေးရတယ်။ဒါ ကို ဘဏ်တိုင်းသိပါတယ်။ဒေါ်လာ၁၀၀တန်ခေါက်ရိုးကျိုးနေရင်လည်းလက်မခံဘူး။
မောင်တိုင်ပင်နှမ၀မ်းကွဲ သူခင်ပွန်း ကသင်္ဘောကဆရာဝန်၊ခွင့်နဲ့ ခဏပြန်လာတုံးဒေါ်လာ ၂၀၀၀ ကို
အက်ဖ်အီးဒီနဲ့ထားသွားတယ်။သူမိန်းမမောင်တိုင်ပင်နှမကသိမ်ဖြူမှာ သွားလဲရော( မောင်တိုင်ပင် ဘဏ်မလာဘူး၊ကားရပ်ရတာအဆင်မပြေ လို့) ဒေါ်လာ ရွက် လဲမပေးဘူး။အပြစ်အနာအဆာရှိလို့ တဲ့၊
ဒါနဲ့ ဘဏ်မှာ လဲပေးဆိုပြီးလာ ၈ျီ ကျ ရော။မောင်တိုင်ပင် ဘဏ်ကခလေးမလေးတွေကလဲမပေးရဲမှာ
စိုး လို့မောင်တိုင်ပင် ကိုင်ထားတဲ့ဒေါ်လာထဲကအသစ်လွင်ဆုံးအစား၇ရွက် ကိုလဲပေးလိုက်ပြီး ကိုယ်ဘဏ်မှာ ပဲလဲပေးလိုက်ရတယ်။နောက်မကြာပါဘူး။မောင်တိုင်ပင်စင်ကာပူထွက်သွားတော့မူစတာဖါငွေလဲကောင်တာမှာ
အဲဒီ ရွက် ကိုပေးလိုက်တယ်။ကုလားကရေယုံပဲရေတယ်၊ပွတ်တောင်မကြည့်ဘူး။ ချက်ချင်းစင်ကာပူဒေါ်လာ
လဲပေးလိုက်တယ်။ကဲဘယ် လိုပြောမလဲ။ နွားတစ်ကောင်အသစ်ဝယ်တာတို့ ကားအသစ်ဝယ်တာတို့
လိုဖြစ်နေပြီ။ သွားဖြဲကြည့် ရတာနဲ့ စက်ဖုံးဖွင့်ကြည့် ရတာနဲ့ ဒေါ်လာ ကိုအခုမှ မြင်ဘူးသလို ကိုင်ဘူး သလိုဖြစ်နေကြ လုပ်နေ့တာဟာတိုင်းပြည် အင်မေဂ်ျ ကိုများ ထိခိုက် မှာစိုးမိပါတယ်။ တစ်နေ က မောင်တိုင်ပင် မန်းနီး ချိန်ဂျာကောင်တာနောက်မှာ ထိုင်ပြီးနေတုံး အီးယူကငနဲတစ်ကောင်ဘယ်ဂျီယမ်လားပြင်သစ်လား မသိ၊ခလေးမလေး က ယူရို၁၀၀ ကို ဖင်ပြန်ခေါင်းပြန်ကြည့် ပြီး လဲပေးလို့ မရဘူးဆိုတော့နောက်တစ်ရွက် ထုတ်
ပေးတယ်။ နား မလည်တဲ့ မျက်နှာနဲ့ အရင် ယူရို ၁၀၀ကို ဘာ လိုလဲလို့ မရတာလဲ လို့မေးတယ်။ ခလေးမ လေး ကမောင်တိုင်ပင် နောက်မှာ ရှိနေတော့ပြန်မဖြေဘူး။ ဒါနဲ့မောင်တိုင်ပင် လည်းမနေနိုင်တော့ဘာ လို့ လဲမပေး
တာလဲ လို့မေးကြည့် လိုက်တယ်။ စတစ်ပလာ အရာပေါက် ရှိနေ လို့တဲ့။ သေလိုက်ပါတော့ မောင်တိုင်ပင်ရယ် မင်းတော်တော် ညံ့နေပါ လား၊ ခလေးတွေကို ဒီလိုမတွေးမိ ဖို့ဘာ လို့ မသင်ပေးမိပါ လိမ် လို့ကိုယ့် ကို ကိုယ် ပဲအပြစ်တင်လိုက်မိပါတော့တယ်။