Sunday, September 11, 2016
နိုင်ငံရေးသမားနဲ့ ဗျူရိုကရက်
ဒီဂျီ -- ဒီဒီဂျီ-- အတွင်းဝန်တွေသင်တန်းတက်ကြတုံးက အတွေးမခေါ်အမျှော်အမြင်ရှိကြတဲ့ လူကြီးတွေကသူတို့အတွေ့ အကြုံလျှောက်လှမ်းခဲ့တဲ့ လမ်းတစ်လျှောက်မှာတွေ့ ခဲ့ကြုံခဲ့တာတွေကိုဆွေးနွေးပို့ ချခဲ့တာဖြစ်တယ်လို့ အရင်အစိုးရလက်ထက် သမ္မတရုံးဝန်ကြီးဦးတင်နိုင်သိန်းကပြောဘူးတယ်--
တစ်နေ့က စင်ကာပူမှာသင်တန်းတက်ဖို့ ရောက်နေတဲ့ DICA DG နဲ့တူတူမိတ်ဟောင်းဆွေဟောင်းတွေနဲ့ ရှန်ပိန်လေးစုပ်ကြရင်း ရောက်တတ်ရာရာလေပန်းကြတာပေါ့--DG ကစင်ကာပူ Public Service College မှာ Leadership for governance program သင်တန်းလာတက်တာဖြစ်ကြောင်း--သင်တန်းက စင်ကာပူအ
တွေ့ အကြုံတွေကို သက်ဆိုင်တာဝန်ရှိသူတွေကိုယ်တိုင်သူတို့ ဘာအမှားတွေလုပ်ခဲ့တယ်--ဘာတွေကိုကျော်လွှားလုပ်ဆောင် နိုင်ခဲ့တယ်--Housing Development Board, Singapore Transport, Singapore Education, Trade and Industry,EconomicDevelopment Board စတဲ့ ဒီကနေ့ စင်ကာပူ ကို ဦးဆောင်နေတဲ့ institutions က leaders တွေရဲ့အတွေ့ အကြုံတွေကိုပြန်လည်မျှဝေဆွေးနွေးတာဖြစ်လို့ ဒီဂျီ ကသူ့အနေနဲ့ ဒီသင်တန်းတက်ခွင့်ရခဲ့တာအတော်ကျေနပ်ကြောင်းပြောပြပါတယ်
https://www.cscollege.gov.sg
--
မောင်တိုင်ပင်အနေနဲ့ နောက်အနှစ်လောက်ငယ်လို့ ရရင်ငယ်ချင်ပြီး ကိုအောင်နိုင်ဦးကိုတောင်မနာလိုဖြစ်မိတယ်--ဘာကြောင့်လဲဆိုတော့ စင်ကာပူဖွံ့ ဖြိုးတိုးတက်လာမှုအပေါ်တော်တော်စိတ်ဝင်စားပြီး ဒါမျိုးသင်တန်းတွေတက်ခွင့်ကြုံ ရင်တက်ခွင့်ရချင်ပါတယ်--သူငယ်ချင်းဉာဏ်ဝင်းရွှေတစ်ခါတစ်ရံဖိတ်လို့ ဒေါက်တာမြင့်စိုးနဲ့အလ္လာပသလ္လာပပြောခွင့်ရခဲ့ရင်ဆရာကြီးဆီက သူတို့ခေတ်အခါက လုပ်ခဲ့ကိုင်ခဲ့ကြတာတွေကို ပြန်လည်ကြားနာခွင့်ရခဲ့ ရင်အင်မတန်အကျိုးရှိပါတယ်--(ဒေါက်တာမြင့်စိုးဆိုတာ မစ္စတာလီကွမ်ယူလက်ထက်ကတည်းက အာဏာရှင်နေဝင်းနဲ့ အဆင်မပြေဖြစ်လို့ စင်ကာပူပြောင်းနေတဲ့ မြန်မာဥပဒေပညာရှင်ပါ)
အတွင်းဝန်တွေ--ဒီဂျီတွေ-- ဒီဒီဂျီတွေဟာ တိုင်းပြည်ဖွံ့ ဖြိုးတိုးတက်ရေးအတွက် vision ရှိဖို့အရေးကြီးပါတယ်--အဲဒီ vision ဟာလည်းခေတ်ကာလအလိုက်ပြောင်းလဲဖို့ လိုအပ်တယ်--
အစိုးရသစ်ရဲ့အုပ်ချုပ်မှုကိုတစ်စေ့တစ်စောင်းကြည့်လိုက်ရင် အရင်ကသူတို့အတိုက်အခံလုပ်ခဲ့ကြလို့လားမသိဘူး--အရာရာကိုသူတို့လုပ်ကြကိုင်ကြတွေးကြခေါ်ကြတဲ့အခါအတိုက်အခံလုပ်ခဲ့တဲ့အရှိန်မကုန်သေးလို့လားမသိဘူး--အစိုးရလိုမစဉ်းစားကြဘူး--အဲတော့ vision ပျောက်နေတဲ့ ဗျူရိုကရက်တွေနဲ့ အတိုက်အခံစိတ်ဝင်နေတဲ့ အစိုးရတာဝန်ရှိသူတွေအကြားမှာ ကျုပ်တို့ ပြည်သူတွေအနေနဲ့ ဝေဖန်ပြန်ရင်လည်းကိုယ်တင်ခဲ့တဲ့အစိုးရ ဆိုပြီးလက်သန်းကိုပဲပြန်ပြန်ကြည့်မိနေရပါတော့တယ်---
ဘာမှလုပ်ဖို့မရှိရင်မုံဟင်းခါးရောင်းမယ်
ဒီတစ်ခေါက်ရန်ကုန်ပြန်သွားတော့ဆရာသမားတစ်ယောက်ကစကားပြောကြရအောင်ဆိုပြီးထမင်းစား
ဖိတ်ပါတယ်။ ရောက်ရောက်ချင်းမာကြောင်းသာကြောင်းနှုတ်ဆက်ကြပြီးဆရာသမားက " ခင်ဗျားတို့ မုံ့ ဟင်းခါးမရောင်ရသေးပါဘူးဗျာ " လို့ ပြောလိုက်တော့အားလုံးကဝိုင်းရီကြတယ်။ ဒီစကားကတော့ကျနော်တို့ အချင်းချင်းကြားမှာပြောစမှတ်တစ်ခုအဖြစ်ရှိနေပါတယ်။ကျနော်တို့ အစိုးရအလုပ်ကပင်စင်ယူပြီးကတည်းကစိတ်တူကိုယ်တူတွေဝန်ထမ်းတွေစုပြီး Trade in Service လုပ်ငန်းလုပ်ကြမယ်ဗျာဆိုပြီးကုမ္ပဏီလေးတစ်ခုထောင်ခဲ့ပါတယ်။စမ်းတဝါးဝါးနဲ့ ပထမပိုင်းမှာကောင်းနိုးရာရာတွေလုပ်ခဲ့ကြတာအောင်မြင်တာလည်းရှိသလိုရှုံးတာတွေလည်းရှိပါတယ်။
နောက်ဆုံးတော့ ရင်းနှီးမြုပ်နှံဖို့ လာတဲ့နိုင်ငံခြားကုမ္ပဏီတွေကိုပြည်တွင်းမှာကုမ္ပဏီထောင်တဲ့ကိစ္စတွေ၊ဖက်စပ်လုပ်လိုတဲ့ကုမ္ပဏီတွေ၊အဆိုပါကုမ္ပဏီတွေကMIC ကိုရင်းနှီးမြုပ်နှံဖို့အတွက်အဆိုပြုလွှာတင်တဲ့ကိစ္စတွေမှာပါဝင်ဆောင်ရွက်ပေးတဲ့ business consultant ဝန်ဆောင်မှုလုပ်ငန်းကိုဇောက်ချလုပ်ကိုင်ခဲ့ပါတယ်။အဲဒီလိုလုပ်ကိုင်တဲ့အခါ နိုင်ငံခြားကုမ္ပဏီမပြောနဲ့ ဝန်ဆောင်မှုလုပ်ပေးတဲ့ မောင်တိုင်ပင်တို့ ကုမ္ပဏီမှာလည်းအခက်အခဲတွေအများကြီးကြုံတွေ့ ခဲ့ရပါတယ်။အဲတော့ ကမ္ဘာဘဏ် doing business rating မှာမြန်မာ က အဆင့်၁၇၆မှာရှိနေတော့ အကယ်၍များ အဆင့် ၆ လောက်များ မလေးရှားလိုရောက်သွားရင်မောင်တိုင်ပင်တို့ ကုမ္ပဏီခမျာ မှာလုပ်စားစရာလုပ်ကွက်မရှိတော့မှာ မိုလို့ အလုပ်ပြောင်းပြီး မုံဟင်းခါးဆိုင်ဖွင့်မယ်ဆိုပြီး MIC အတွင်းရေးမှုး ဒီဂျီ ကြီးကိုနောက်ပြောင်နေကြပါ။ သူလည်းအဆင့်တက်လာအောင်လုပ်တော့လုပ်တာပါပဲ။ဒါပေမဲ့ဖြစ်မလာသေးတော့ ဆရာသမားကတွေ့ တွေ့ ချင်းမုံ့ ဟင်းခါးမရောင်းရသေးပါဘူးဗျာ လို့ နောက် လိုက်တာပါ။
တကယ်တော့ကျနော်တို့ ဟာအစိုးရအပြောင်းအလဲမှာ မုံ့ ဟင်းခါးရောင်းကြဖို့ တကယ်ပြင်ဆင်ခဲ့ကြပါတယ်။တကယ်ပဲ investment environment ဟာသိသိသာသာကြီးပြောင်းလဲတိုးတက်သွားလိမ့်မယ်လို့ ထင်ထားခဲ့ကြပါတယ်။ဒါပေမဲ့ ထင်သလိုမဖြစ်လာတော့ကိုယ့်အတွက်တင်မကတော့ဘူးနိုင်ငံအတွက်ပါစိုးရိမ်လာခဲ့ပါတယ်။ဒီနေ့ စီးပွားရှင် ဆိုတဲ့ website တစ်ခုမှာရင်းနှီးမြုပ်နှံမှုနဲ့ ပတ်သက်ပြီး ဦးသန်းလွင်ဆိုသူက ပိုစ့်တစ်ခုတင်လာပါတယ်။
https://www.facebook.com/seebwarshin/posts/812392198896552:0
သူတင်ပြချက်ကတော့ MIC မှာတင်ပြကြတဲ့အခါလုပ်ရတဲ့အလုပ်တွေဟာအင်မတန်မှလက်ပေါက်စိပ်
ပြီးတွက်ရချက်ရတာတွေ လိုလည်းမလိုလည်း တင်ပြရတာတွေများတဲ့အကြောင်း အကျဉ်းချုပ်ပြောလို့ 
စင်ကာပူ EDB တို့ မှာလုပ်ကြတဲ့ ပုဂ္ဂိုလ်တွေဟာ တကယ့် top brass လူငယ်တွေ--နိုင်ငံတကာနဲ့ ယှဉ်
နိုင်ကြတယ်။ outward looking ပဲ။ အင်တာနေရှင်နယ်မှာ ကိုယ်နိုင်ငံထဲ လာစေချင်တဲ့ သူကိုထွက်
ခေါ်တယ်၊မက်လုံးတွေပေးတယ်၊ဆွဲဆောင်ကြတယ်။အရင်အစိုးရလက်ထက်ကအားလုံးကြားလိုက်ကြမှာပါ။ ဗီယက်နမ်ရောက်သွားတဲ့ က ကြီးကုမ္ပဏီတစ်ခု သတင်း-- အားလုံးလာပါလာပါ လုပ်ချင်နေတဲ့ ကုမ္ပဏီ--infrastructure တွေအားလုံးလုပ်ပေးမယ်--လာကွာဆိုပြီး ဖင်မ  ခေါ်ရင်ရောက်လာပြီပေါ့-- သူလာတဲ့ အတွက် ဘာ pros and cons တွေရှိသလဲ-- ဘယ်သူမှ မသုံးသပ်ကြဘူး။ သိတယ်။ မလုပ်ကြတာ၊ မလုပ်ရဲကြတာ။
ကြားနေရတာကတော့ အရင်လေးလပါတ်က investment ပမာဏ က ဇီးရိုးလောက် နီးနီးပဲ တဲ့ ။အခုလည်း မပြန်လာခင်ကပဏာမစီစစ်ချက် အစည်းအဝေးမှာတင်စရာ proposal မရှိဘူး တဲ့--စိုးရိမ်စရာအမှတ်တစ်ခုပါပဲ။ ဘာကြောင့်ဒီလိုဖြစ်လဲဆိုတာ လုပ်ငန်းပရိုစီဂျာ ကိုပြန်လည်သုံးသပ်ဖို့ တော့ လိုပြီဗျနော်- အခုထိုင်း၊စင်ကာပူ စတဲ့ နိုင်ငံတွေက လုပ်ငန်းရှင်က စိတ်ဝင်စားမှုကိုပြကြတယ်။ သူတို့  လုပ်ချင်တာကို ရံဖန်ရံခါ ယတိပြတ် ရမယ်ကွာ လို့ မပြောရဲ ဘူး။ ဝန်ကြီးဌာန အဆင့်အထိ စနည်းနာကြည့်ရတယ်။ သေချာမှ အလုပ်လက်ခံရဲတယ်။  ရံဖန်ရံခါ ဝန်ကြီးဌာနရောက်မှ ပေါ်လစီပြောင်းသွားလို့ မရတော့ ရင် quotation အတိုင်းပြန်အမ်းရတယ်။ နိုင်ငံခြားသားလုပ်ငန်းရှင်က အချိန်ကုန်တာ နှမျောတယ်။ မြန်မာမှာ မလုပ်ရလည်း အခြားနိုင်ငံသွားလုပ်လို့ ရတာပဲ။ အခုတိုင်းဒေသကြီး အစိုးရတွေအနေနဲ့ သူတို့ တိုင်းဒေသကြီးထဲမှာရင်းနှီးမြုပ်နှံနိုင်တဲ့အခွင့်အလန်းတွေကိုပြုစုထားဖို့ ကောင်းပါတယ်။ အခုစီးပွားရေးမူဝါဒ ၁၂ ရပ်လည်းထွက်လာပြီ။ မူဝါဒအလိုက် tactics တွေ strategies  တွေ plan of action တွေ ကို မိမိ တိုင်းဒေသကြီးတွေအလိုက်အသေးစိပ်ပြန်လည် ပြုစုရေးဆွဲထားနိုင်ရင်အဆင်သင့်လေးဖြစ်နေတော့ ခူးခပ်စားယုံပဲလေ--မြင်တာတွေ့ တာ လေးတွေပြောပြတာပါ။ ဆရာကြီးလုပ်ချင်စိတ်မရှိပါဘူး။
ဥာဏ်ရည်ဥာဏ်သွေး
မိလိန္ဒကျမ်းဆိုတာရှင်နာဂသေနာ နဲ့  မိလိန္ဒမင်းကြီးတို့ အကြားဗုဒ္ဓရေးရာတွေကိုအချေအတင်မေးမြန်းဖြေကြားခဲ့တာတွေကိုရေးသားထားတဲ့ကျမ်းတစ်စောင်ဖြစ်ပါတယ်။ မောင်တိုင်ပင်ဟာပါမောက္ခချုပ်ဆရာတော်ကြီးဟောကြားတော်မူတဲ့မိလိန္ဒမင်းနှင့်ရှာနာဂသေနတို့ ၏ဗုဒ္ဓဝါဒရေးရာ အချေအတင်ပြောဆိုချက် တရားအပိုင်း၉ပိုင်းကိုနာကြားလျှက်ရှိပါတယ်။
မိလိန္ဒပညာကျမ်းဟာမြတ်စွာဘုရားပရိနိဗ္ဗါန်ပြုပြီးနှစ်ပေါင်း၅၀၀ကျော်လောက်မှာဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်ကိုရေးသားပြုစုထားတဲ့ကျမ်းဖြစ်ပါတယ်။မိလိန္ဒမင်းကြီးဟာယောနကတိုင်းသာဂလမြို့ မှာထီးနန်းစိုးစံခဲ့တဲ့ မင်းဖြစ်ပါတယ်။ ပါချုပ်ဆရာတော်ဟောကြားတော်မူတဲ့တရားမှာ ပါတာကတော့ ယောနကတိုင်း သာဂလမြို့ ဟာအခုခေတ် တူရကီနိုင်ငံထဲမှာရှိတယ်လို့သိရပါတယ်။မိလိန္ဒမင်းဟာ မိုင်ပေါင်း၁၀၀၀ကျော်ဝေးတဲ့ အလက်ဇန္ဒါးကျွန်း ကလသိရွာမှာမွေးခဲ့တယ်လို့ ဟောကြားသိရှိရပါတယ်။
မောင်တိုင်ပင်ဟိုင်းလိုက်လုပ်ပြောချင်တာကတော့မိလိန္ဒမင်းကြီးနဲ့ ရှင်နာဂသေနာတို့ ဟာသာဂလ
မိလိန္ဒမင်းကြီး-----အရှင်နာဂသေန--တပည့်တော်မေးခွန်းမေးပြီးပါပြီ--
ရှင်နာဂသေန-----အရှင်မင်းကြီး--မေးခွန်းကိုဖြေပြီးပါပြီ--
မိလိန္ဒမင်းကြီး-----တပည့်တော်ကဘာကိုမေးလို့ ဘာကိုဖြေတာလဲ ဘုရား--
ရှင်နာဂသေနာ----အရှင်မင်းကြီးကကောဘာတွေမေးလို့ ပါလဲ--
ပါချုပ်ဆရာတော်ကြီးက မန္တလေးမြို့  မဟာဝိသုဒ္ဓာရုံကျောင်းတိုက် ပထမမဟာဝိသုဒ္ဓာရုံဆရာတော်က
နောင်မှာ စံကင်းဆရာတော်ဖြစ်လာမဲ့ ဦးဆန္ဒကိုဒီလိုဥာဏ်စမ်းမှုဆန်ဆန်မေးခွန်းမျိုးမေးဘူးပါတယ်။ဘာမေးခွန်းလဲဆိုတော့ " အလယ်လက်နဲ့ နီးတဲ့လက်နဲ့ နီးတဲ့လက်ဟာဘယ်နှစ်ချောင်းလဲ " လို့ ရုတ်
တရက်မေးလိုက်ပါတယ်။ စံကင်းဆရာတော်လောင်းက ချက်ချင်းဆိုသလိုပဲ " ၃ ချောင်းပါဘုရား" လို့ 
ဖြေလိုက်ပါတယ်။ ကဲ--စာဖတ်သူရေ--စဉ်းစားကြည့်ကြပါ။ ဘယ်နှစ်ချောင်းလဲဆိုတာ--ရှေးခေတ်က
ဆရာတော်ကြီးတွေဟာတပည့်ရဟန်းတွေအရည်အချင်းဘယ်လောက်ရှိလဲ? ဖြတ်ထိုးဥာဏ်ဘယ်လောက်ရှိလဲ ဆိုတာဒီလိုဥာဏ်စမ်းမေးခွန်းတွေမေးပြီးစမ်းသပ်အကဲဖြတ်ကြပါတယ်။အခုခေတ်တော့
ရေးနေ့ ဦးတည်ချက်တို့  ပြည်ထောင်စုနေ့ ရည်မှန်းချက်တို့ မေးတာမျိုးတော့ မဟုတ်ဘူး။ အလွတ်
ကျက်မှတ်လေ့ရှိတဲ့ ခေတ်ထဲမှာဒါမျိုးမေးခွန်းတွေက ခေတ်စားနေမှာပဲလေ--မိတ်ဆွေသူငယ်ချင်းသမီး
လေးက PSC လူတွေ့ စာမေးပွဲဖြေဖို့ စာကျက်နေတာက သတင်းစာထဲမှာပါတဲ့ အထိမ်းအမှတ် နေ့ ရည်မှန်းချက်တို့ ဦးတည်ချက်တို့ တွေဖြစ်နေပါတယ်။ အရင် အရင်ခေတ်တွေကပါ။ အခုလက်ရှိခေတ်တော့ မဟုတ်ပါဘူး။
ဥာဏ်စမ်းမေးခွန်းတွေနဲ့ ပတ်သက်ပြီးပါချုပ်ဆရာတော်ကြီးကအာသောကမင်းလက်ထက်ကအဖြစ်အပျက်တွေကိုလည်းဟောကြားတော်မူပါသေးတယ်။ ဘုရားပရိနိဗ္ဗါန်ပြုပြီးနှစ်ပေါင်း၂၃၆နှစ်ကြာတဲ့အခါအာသောကမင်းကြီးက၉တိုင်း၉ဌာနကိုသာသနာပြုဖို့ စေလွှတ်လိုက်တယ်။မြန်မာနိုင်ငံလည်းပါတယ်။အဲဒီအချိန်ကသုဝဏ္ဏဘုမ္မိတိုင်းပေါ့--သီဟိုဠ်ကျွန်းကိုအာသောကမင်းကြီးရဲ့ သားတော်တစ်ပါးဖြစ်တဲ့ရှင်မဟာမဟိန္ဒဦးဆောင်တဲ့ ရဟန်း၅ပါးရောက်လာပါတယ်။အဲဒီအချိန်က သီဟိုဠ်ကွန်း အနုညာတပူရမြို့ မှာ ဒေဝန္ဒပီယသိတ္တိ မင်းကြီးစိုးစံနေချိန်ဖြစ်ပါတယ်။မင်းကြီးဟာနောက်လိုက်ဗိုလ်ပါတွေနဲ့ တောကစားထွက်နေချိန်ဖြစ်ပါတယ်။ကောင်းကင်ခရီးကြွလာတဲ့ ရှင်မဟာမဟိန္ဒ ဟာမင်းကြီးကို နောက်လိုက်ဗိုလ်ပါတွေနဲ့ ကွဲကွာသွားအောင်တန်ခိုးနဲ့ လုပ်လိုက်ပါတယ်။ မင်းကြီးတစ်ဦးတည်းဖြစ်နေချိန်မှာ ရှင်မဟာမဟိန္ဒက " တိဿ၊ တိဿ" နဲ့ ခေါ်လိုက်ပါတယ်။မင်းကြီးဟာရဟန်းကိုမမြင်ဘူးပါဘူး။ ရေမြေ့သခင်မင်းတစ်ပါး ကိုနံမည်ရင်း တိဿ တိဿ လို့ ခေါ်ခံလိုက်ရတော့မင်းကြီးလည်းအံ့အားသင့်သွားပြီး ရှင်မဟာမဟိန္ဒ ခေါ်ရာဆီကိုလျှောက်သွားပါတယ်။ ဖန်ရည်စွန်းတဲ့ သင်္ဃန်းကိုရုံထားတဲ့ ရဟန်းတွေကိုတွေ့ တော့ အာသောကမင်းကြီးပြောတဲ့ ဗုဒ္ဓသာဝကရဟန်းတွေဖြစ်တယ်ဆို မင်းကြီးကသဘောပေါက်လိုက်ပေမဲ့ " အသင်တို့ မည်သူတွေပါလဲ " လို့ မေးလိုက်ပါတယ်။ရှင်မဟာမဟိန္ဒ ကအသင်မင်းကြီးတို့ တိုင်းပြည်ကောင်းကျိုးချမ်းသာရအောင် အာသောကမင်းကြီးစေလွှတ်လိုက်တဲ့ ဗုဒ္ဓသာဝက ရဟန်းတွေဖြစ်တယ် ဆိုတဲ့အကြောင်းပြန်လည်ဖြေကြားလိုက်ပါတယ်။တိုတိုနဲ့ ချုပ်ပြောရရင် တစ်ဦးနဲ့ တစ်ဦးမိတ်ဆက်ဂါရဝပြုကြပါတယ်။
ရှင်မဟာမဟိန္ဒ----- မင်းကြီး အနီးအနားမှာရှိတဲ့ အပင်ဟာ ဘာပင်ပါလဲ--
မင်းကြီး---------ပိန္နဲပင်ပါဘုရား--
ရှင်မဟာမဟိန္ဒ----- တခြားပိန္နဲပင် နဲ့ တခြား အပင်တွေကောရှိပါသလား--
မင်းကြီး--------တခြားပိန္နဲပင် နဲ့ တခြားသစ်ပင်တွေလည်းရှိပါသေးတယ် ဘုရား--
ရှင်မဟာမဟိန္ဒ---- ဒီလိုဆိုတခြားပိန္နဲပင်နဲ့ အခြားသစ်ပင်တွေဖယ်လိုက်ရင်ဘယ်အပင်တွေကျန်ပါ့မ                                      လဲ?
 မင်းကြီး-------ဒီပိန္နဲပင်ကျန်ပါလိမ့်မယ်ဘုရား--
လို့ ချက်ချင်းဖြေလိုက်နိုင်ပါတယ်။ရှင်မဟာမဟိန္ဒက စိတ်ထဲမှာ --ဒီမင်းကြီး ဥာဏ်ရည်ဥာဏ်သွေးဟာ
ထက်ထက်မြက်မြက်ရှိပါလား လို့ မှတ်ချက်ပြုမိပါတယ်။ နောက်တစ်ခါရှင်မဟာမဟိန္ဒက မင်းကြီးကို
အောက်ပါအတိုင်းဆက်မေးမြန်းခဲ့ ပါတယ်--
ရှင်မဟာရိန္ဒ-----ရှင်မင်းကြီးမှာ ဆွေတော်မျိုးတော်တွေရှိပါသလား ?ဆွေတော်မျိုးတော်တွေအပြင်
                           အခြားမိတ်ဆွေအပေါင်းအသင်းတွေကောရှိပါသလား ?
မင်းကြီး-------- တပည့်တော်မှာဆွေတော်မျိုးတော်တွေရှိပါတယ်။ ဒါအပြင်မိတ်ဆွေအပေါင်းအသင်းတွေလည်းရှိပါတယ် ဘုရား--
ရှင်မဟာရိန္ဒ---- ရှင်မင်းကြီး-ဆွေတော်မျိုးတော်တွေလည်းဖယ်လိုက်မယ်။ရှင်မင်းကြီးရဲ့ မိတ်ဆွေ
                          အပေါင်းအသင်းတွေကိုလည်းဖယ်လိုက်မယ်ဆိုရင်ဘယ်သူကျန်ပါ့မလဲ?
မင်းကြီး-------- အရှင်ဘုရား  တပည့်တော်ကျန်ပါမယ့် ဘုရား--
လို့ ချက်ချင်းမဆိုင်းမတွဖြေလိုက်နိုင်တော့ ရှင်မဟာမဟိန္ဒဟာ မင်းကြီးရဲ့ ဥာဏ်ရည်ဥာဏ်သွေးကောင်း
ပုံ၊ ထက်ထက်မြက်မြက်ရှိပုံ ကိုသဘောကျသွားပြီး သာသနာပြုဖို့ လာတဲ့ကိစ္စမှာ ဒီမင်းကြီးနဲ့ လက်
တွဲလုပ်ကိုင်ရာမှာအဆင်ပြေလိမ့်မယ် လို့ စိတ်ထဲမှာ မှတ်ချက်ပြုနိုင်ခဲ့ပါတယ်။ လူတွေရဲ့ သဘောသ
ဘာဝအရ လူရေတွက်တဲ့အခါ မိမိ ကိုယ်ကိုရေတွက်ဖို့ မေ့လျော့နေတတ်တဲ့သဘောကို စမ်းသပ်ကြည့်
တာဖြစ်ပါတယ်။
ပါချုပ်ဆရာတော်ဟောကြားတဲ့တရားတော်တွေနာကြားတဲ့အခါ လူဘောင်လောကမှာ လူတစ်ယောက်
အရည်အသွေးဘယ်လောက်ရှိတယ်ဆိုအမေးအဖြေလုပ်ကြည့်တာနဲ့ သိရှိနိုင်တဲ့ နည်းလမ်းလေးတွေ
ကိုနာယူမှတ်သားမိတာကို တဆင့်ပြန်လည်ဖေါက်သည်ချလိုတာပါ။ဦးတည်ချက် ရည်မှန်းချက်တွေ
အလွတ်ရွတ်ပြခိုင်းတာထက်စာရင်ဒီလိုဥာဏ်ရည်ဥာဏ်သွေးစမ်းသပ်ကြည့်တာမျိုး ကပိုမကောင်းဘူးလားဗျာ။
Credit:      ပါမောက္ခချုပ်ဆရာတော်ဟောကြားအပ်သောမိလိန္ဒမင်းနှင့်ရှာနာဂသေနတို့ ၏ဗုဒ္ဓဝါဒရေး
                  ရာ အချေအတင်ပြောဆိုချက် (အပိုင်း၁ မှ ၉ထိ) တရားတော်မှ ကောက်နှုတ်ဖေါ်ပြထား
                   ခြင်းဖြစ်ပါကြောင်းဝန်ခံပါတယ်--
ကုန်သွယ်လယ်ယာ မီးလောင်တဲ့ ည
ကုန်သွယ်လယ်ယာရုံးချုပ်ဟာကုန်သည်လမ်းနဲ့ပန်းဆိုးတန်းလမ်းဒေါင့်မှာရှိပါတယ်--.အခုရွှေသံလွင်ကျော်ဝင်းတည်ထောင်ထားတဲ့ ရွှေဘဏ် နေရာပဲဖြစ်ပါတယ်။၂၀၀၂ ခုနှစ်  မတ်လ  ၁၇ ရက်  ည ၁၁နာရီကျော်လောက်မှာမီးလောင်ခဲ့ပါတယ်။ တနင်္ဂနွေနေ့ဖြစ်ပေမဲ့ မီးလောင်တော့ရုံးမှာ MD နဲ့ GM ၂ ယောက်နဲ့ ဝန်ထမ်းတော်တော်များများရှိနေကြပါတယ်။ဆန်တန်ချိန် ၁ သန်းကျော်တင် နိုင်ဖို့အတွက်စနေ၊တနင်္ဂနွေမရှိရုံးမှာ ညနက်သန်းခေါင်ထိလာအလုပ်လုပ်နေကြတာပါ။စနေနေ့ကပဲမောင်တိုင်ပင်ရုံးကိုရောက်ပါတယ်။အဲဒီတနင်္ဂနွေနေ့ကတော့မောင်တိုင်ပင်ရုံးမရောက်ခဲ့ပါဘူး။အိမ်မှာပဲရှိနေတာပါ။ ည၁၂နာရီလောက်ကြမှစီးပွားကူးသန်းဝန်ကြီးရုံး ရုံးအဖွဲ့မှုးကနေအိမ်ကိုဖုံးလှမ်းဆက်ပြီးအကြောင်းကြားခဲ့တာကြောင့်သိခဲ့ရတာပါ။
ကမန်းကတန်းပဲမောင်တိုင်ပင်အိမ်ကနေကားမောင်းထွက်ခဲ့တာပိုက်ဆံအိတ်တောင်မပါခဲ့ဘူး။သမ္မတ
ရုပ်ရှင်ရုံအလွန်လောက်စပြီးကားလမ်းတွေပိတ်ထားတော့ရှေ့ဆက်တိုးလို့မရတော့ပါဘူး။ ဝန်ထမ်းကဒ်မပါတော့ ရဲတွေကိုဘယ်လိုမှပြောလို့မရတာနဲ့သမ္မတရုံနားမှာကားကိုထားခဲ့ပြီးလမ်းလျှောက်လာခဲ့ရပါတယ်။
ရုံးရှေ့မှာတော့ MD GM DGM တွေစုံနေပါပြီ။ မီးလောင်နေတာကိုပဲရပ်ကြည့်နေရပါတယ်။ဘာပစ္စည်းမှသယ်ထုတ်၍မရနိုင်တော့ပါ။အရေးကြီးတဲ့ စာချုပ်စာတမ်း documents တွေတော့ အထိုက်အလျောက်သယ်ထုတ် နိုင်ခဲ့ပါတယ်။ နံနက် ၄ နာရီလောက်မီးညွန့်ကျိုးသွားပါတယ်။ဝန်ကြီးကနိုင်ငံခြားခရီးစဉ်ရှိတာကြောင့် သူ့ကိုယ်စားတာဝန်ယူရတဲ့ ဝန်ကြီးလာကြည့်ပါတယ်။ ဒုတိယဝန်ကြီးကတော့ ရုံးမီးလောင်တဲ့သတင်းမပေါက်ကြားဖို့ပြောပါတယ်။ မြို့လည်ခေါင်ကြီးမှာ မီးလောင်တာကိုလူတိုင်းလာကြည့်နေကြတာ ဘယ်လိုသတင်းမပေါက်ကြားအောင်လုပ်ရမလဲ မသိတော့ဘူး။လူကြီးတွေလာကြည့်ပြီး နေ့စဉ်ရုံးလုပ်ငန်းတွေလုပ်နိုင်အောင်ချက်ချင်းစီစဉ်ဖို့လမ်းညွှန်သွားခဲ့ပါတယ်။ အဲဒီအနီးအနားမှာပဲ အမေရိကန်သံရုံးဟောင်းနဲ့ကပ်ရက် MEIC ရုံးချုပ်ရှိနေတော့အဲဒီရုံးမှာပဲ ယာယီရုံးဖွင့်ခဲ့ပါတယ်။ဘယ်သူမှ အိမ်မပြန်ကြတော့ပဲ ဘာတွေလုပ်မယ်ဆိုတာတိုင်ပင်ကြပါတယ်။ အရေးကြီးဆုံးက စာရင်းဇယားတွေဆုံးရှုံးသွားတာကိုဘယ်လိုပြန်ဖေါ်ထုတ်ကြမလဲဆိုတာကိုအဓိကထားဆွေးနွေးကြပါတယ်။
အဲဒီအချိန်က မောင်တိုင်ပင်က ပြည်ပပို့ကုန်ဌာနမှာ DGM ပါ။ဝယ်ရောင်းဌာနမှာ AGM လုပ်ကတည်းကမောင်တိုင်ပင် ရုံးချုပ်ကကွန်ပျူတာဌာနကိုဦးစီးခဲ့ပါတယ်။အဲဒီအချိန်ကအစိုးရရုံးတွေမှာကွန်ပျူတာဌာနမပြောနဲ့ကွန်ပျူတာတောင်မရှိကြပါဘူး။အခုသမ္မတရုံးရောက်နေတဲ့ဒေါ်မြင့်မြင့်သွယ်ကစီမံအုပ်ချုပ်ပါတယ်။ကွန်ပျူတာလည်း၎-၅-၆ လုံးလောက်ရှိပါတယ်။အဓိက ကတော့ဝယ်ရောင်းဌာနရဲ့ data တွေကိုအချိန်မီထွက်လာအောင်လုပ်ပေးခဲ့တာပါ။ နေ့တိုင်းလိုလို ည ၉နာရီလောက်မှနောက်ဆုံးဖယ်ရီနဲ့ ပြန်ရပြီးဝယ်ရောင်းကညစာအမြဲကျွေးရပါတယ်။ဝန်ထမ်းတွေကအမျိုးသမီးတွေဖြစ်ပြီးမညည်းမညူလုပ်ပေးခဲ့ကြပါတယ်။ မီးလောင်တဲ့နေ့က overtime ဆင်းသော်လည်း ၄ နာရီလောက်မှာလုပ်စရာမရှိတော့လို့အိမ်ပြန်ခဲ့ကြပါတယ်။ကုန်သွယ်လယ်ယာ data base ကို MCC ကိုကန်ထရိုက်ပေးပြီးတည်ဆောက်နေချိန်လည်းဖြစ်ပါတယ်။ ကွန်ပျူတာ ခန်းထဲမှာ server  ရှိပါတယ်။back up အဖြစ် စောနကပြောတဲ့ MEIC ရုံးမှာ server ကွန်ပျူတာတစ်လုံးထားပြီး dataကိုသိမ်းထားနိုင်ပါတယ်။ MCC ရုံးချုပ်မှာလည်း data entry လုပ်တော့ သူတို့ဆီကနေ အနည်းအကျဉ်းပြန်ရပါတယ်။
စာရင်းဇယားတွေပြန်ရဖို့ ကုန်သွယ်လယ်ယာ တိုင်းပြည်နယ်ရုံးတွေကို တပ်လှန့် လိုက်ပါတယ်။ တချို့က ရုံးချုပ်မီးလောင်မှန်းတောင်မသိကြဘူး။Retrieval of data operation ဟာတစ်လလောက်အတွင်း up-to-date data တွေကိုပြန်ရခဲ့တဲ့အတွက်ကုန်သွယ်လယ်ယာ လုပ်ငန်းကြီးတစ်ခုအနေနဲ့ operation တွေစဉ်ဆက်မပြတ်လုပ်နိုင်ခဲ့ပါတယ်။ကုန်သွယ်လယ်ယာရုံးချုပ်ကြီးမီးလောင်သွားတော့ပုဂ္ဂလိကလုပ်ငန်းရှင်များကအင်တိုက်အားတိုက်အကူအညီများပံ့ပိုးပေးနိုင်ခဲ့လို့ ယခင်ရှိပြီးသားကွန်ပျူတာအရေအတွက်ထက်တောင်များခဲ့ပါတယ်။ပြည်ပကဆန်ဝယ်တဲ့ ကုမ္ပဏီတွေကလည်းလိုအပ်တဲ့ပစ္စည်းတွေလှုကြပါတယ်။စာရင်းတွေပြန်ရလာပြီးနောက်ရုံးချုပ်တည်ထောင်ဖို့နေရာလိုက်ရှာကြရပါတယ်။အရင်တုံးကစင်ကာပူကုန်တိုက်ဖွင့်ခဲ့တဲ့အဆောက်အဦးဟာစီးပွားကူးသန်းကနေဦးပိုင်လက်ထဲရောက်သွားတဲ့အတွက်ဦးပိုင်ဆီကနေပြန်တောင်းခဲ့ပါတယ်။ ၅ထပ်အဆောက်အဦဆိုတော့ မြေညီထပ်ကိုဝန်ထမ်းသက်သာချောင်ချိရေးအတွက်လျာထားပြီးအပေါ်ဆုံးထပ်ကို စုဝေးခန်းမကြီး ပြုလုပ်ခဲ့ပါတယ်။ရုံးချုပ် ကိုခန်းဖွဲ့တည်ဆောက်တဲ့အခါအလျုမီနီယမ် နဲ့ မှန်တွေကိုပဲ သုံးခဲ့ကြပါတယ်။ဓါတ်လှေခါး ကိုလည်းအသစ်တပ်ဆင်ခဲ့ပါတယ်။စုစုပေါင်း ၃ လလောက်အတွင်း interior decoration ကိုပြီးစီးအောင်ဆောင်ရွက်နိုင်ခဲ့ပါတယ်။မီးလောင်သွားတဲ့ရုံးချုပ်မှာ ဘုရားခန်းတစ်ခုထည်ထည်ဝါဝါ ရှိခဲ့တာကြောင့် ရုံးအသစ်စုဝေးခန်းမ နဲ့ တွဲပြီး ဘုရားခန်းတစ်ခုပါ တည်ဆောက် နိုင်ခဲ့ပါတယ်။
ဒီမီးလောင်မှုမှာ ထူးခြားတဲ့ အချက်တစ်ခုပြောပြလိုပါတယ်။မီးမလောင်ခင်နှစ်လလောက်ထင်ပါတယ်--ရခိုင်ပြည်နယ်မန်နေဂျာ ဗိုလ်မှုးမောင်မောင်တင့်က ကျောက်တော်ကြီးဘုရားဓါတ်ပုံတော်တစ်ခု လက်ဆောင်ပေးခဲ့ပါတယ်။ တပည့်ကိုမှန်ဘောင်သွင်းပြီးရုံးခန်းထဲမှာဘုရားစင်သဘောမျိုး ကတ်ဘိနက်ပေါ်မှာထောင်ထားပါတယ်။တပည့်က ပန်းရေချမ်း နေ့တိုင်းကပ်လှုပေးပါတယ်။ မီးမလောင်ခင်တစ်ရက်စနေနေ့က ဘာကြောင့်မှန်းမသိ-- စိတ်ထဲမှာဘုရားပုံတော်ကိုရုံးခန်းထဲမှာထားပြီးကိုးကွယ်ရတာကို စိတ်ထဲမှာ မသန့်တော့ဘူး။"ဘုရားခန်းထဲ မှာ တို့တွေဘိနပ်စီးဘာစီးနဲ့ -- နောက်အပေါ်မှာထပ်ခိုးလည်းရှိနေတော့ -- ငရဲကြီးမယ်ကွာ "ဆိုပြီး အဲဒီဘုရားပုံတော်ကို အိမ်ကဘုရားစင်မှာထားဖို့ ယူလာခဲ့မိပါတယ်။ ဒီအတိုင်းသာထားခဲ့ရင်မီးထဲပါသွားမှာသေချာတာပေါ့။ ရုံးကဘီရိုထဲမှာ မောင်တိုင်ပင်ကိုယ်ပိုင်ပစ္စည်းတွေအများကြီးထားထားပါတယ်။ ပစ္စည်းတွေဆိုလို့ တခြားမဟုတ်ပါဘူး။စာအုပ်တွေပါ။ဘီးလတ်ကယူလာတဲ့စာအုပ်၊ M Sc thesis ကျမ်းစာအုပ်၊ FAO publications တွေစုစုပေါင်းစာအုပ် ၁၀၀ ကျော်လောက်ပါသွားပါတယ်။ နောက်ကိုယ်ရေးဖိုင်၊ အဲဒီထဲမှာ ဝန်ထမ်းအနေနဲ့ ရခဲ့တဲ့ ဒဂုန်ဆိပ်ကမ်းမြို့နယ် မြေကွက်ပါမစ် မူရင်းပါသွားတာအဆိုးဆုံးပါပဲ။ အခြားဝန်ထမ်းတွေ ပါမစ်စလစ်ကို သိန်း၅၀ နဲ့ရောင်းနေချိန်မှာ မောင်တိုင်ပင်တို့မှာတော့ မြောက်မင်းမကယ်နိုင်တောင်မင်းမကယ်နိုင်ဖြစ်နေရပါတယ်။မီးထဲပါသွားတဲ့ငွေကတော့ သိပ်မများလှပါဘူး။ ၅၀၀၀-၁၀၀၀၀ ကျပ်လောက်ရှိနိုင်ပါတယ်။အဲတော့ မောင်တိုင်ပင်အိမ်ကိုပြန်ပင့်သွားတဲ့ ဘုရားဟာမီးကွင်းတယ်လို့ဆိုနိုင်ပါတယ်။
ကုန်သွယ်လယ်ယာရုံးချုပ်မီးလောင်ရတာဟာ အဆောက်အဦထိန်း caretaker ကလျှပ်စစ်ရေနွေးအိုးကြိုနေရင်းမီးပျက်သွားတော့ခလုတ်မပိတ်မိလိုက်ဘူး။ မီးပြန်လာတဲ့ အချိန် သတိမေ့ပြီးပြန်မကြည့်မိတဲ့အခါ အဲဒီကနေစမီးလောင်တာပဲလို့ မီးသတ်ကသုံးသပ်ပြီး caretaker ကိုတရားစွဲရုံးတင်ခဲ့လို့ထောင် ကျသွားရရှာပါတယ်။
ကုန်သွယ်လယ်ယာရုံးချုပ်မီးလောင်ပြီး UMFCCI လည်းမီးလောင်ခဲ့ပါတယ်။ ကုန်သွယ်လယ်ယာ မြေ
ကွက်ရှိတဲ့ မင်းရဲကျော်စွာလမ်း မြေကွက်အစားပေးပြီးအဆောက်အဦဆောက်ခဲ့ လို့ဒီကနေ့ ထည်ထည်
ဝါဝါ နဲ့ ရှိနေခဲ့တာပါ။ကုန်သွယ်လယ်ယာရုံးချုပ်နေရာအသစ်မှာ ဆန်စပါးလုပ်ငန်းများကောင်းမွန်စွာစီမံလုပ်ကိုင်ဆောင်ရွက်နိုင်ခဲ့သော်လည်းအစိုးရ institution တစ်ရပ်အနေနဲ့ ဆန်စပါးလုပ်ငန်းမှာ မရှိသင့်
တော့ဟုဆုံးဖြတ်ချက်အရကုန်သွယ်လယ်ယာရဲ့ ဇာတ်သိမ်းခန်းဟာမှေးမှိန်ကွယ်ပျောက်ခဲ့ရပါတယ်။
ဝန်ခံချက်/ မီးလောင်မှုဖြစ်စဉ်ကိုဝယ်ရောင်းGM နဲ့အတူတူရှိနေတဲ့ AGM ဟောင်းတစ်ယောက်ဆီကရ
တဲ့သတင်းတွေကိုအခြေခံရေးသားခဲ့ခြင်းဖြစ်ကြောင်းပါ။
ဆန်အတုရှိလား
စပါးစေ့ကိုအခွံခွာလိုက်ရင်အထဲမှာလုံးတီးဆန်ရှိတယ်။ စပါးက၂ပိုင်းရှိတယ်လို့ပြောလို့ရတယ်။တစ်ခုနဲ့လျော့တိလျော့ရဲချိတ်ဆက်ထားတာဖြစ်တယ်။ဒါကြောင့်စပါးခွံထိပ်နှစ်ဖက်ကိုတနည်းနည်းနဲ့ဖိညှစ်လိုက်ရင်လျော့ရဲစွာချိတ်ဆက်ထားတဲ့စပါးခွံ၂ပိုင်းဟာကွာထွက်သွားပြီးအတွင်းကလုံးတီးထွက်လာတယ်။လုံးတီးအပေါ်ရံအလွှာဟာဖွဲနုတွေပါပဲ။ဆန်ကိုဆန်အချင်းချင်းပွတ်လိုက်ရင်ဖြစ်စေ၊ကျောက်နဲ့ပွတ်လိုက်ရင်ဖြစ်စေဖွဲနုအလွှာကိုပွတ်တိုက်သလိုဖြစ်ပြီးဖြည်းဖြည်းချင်ကျွတ်သွားပါလေရော။ ချုပ်ပြောရရင်ဆန်ဖြူနဲ့ဆန်ကွဲတွေရရော။ဆန်ရဲ့ဓါတုဗေဒဖွဲ့စည်းမှုကိုလေ့လာကြည့်ရင်ကော်ဓါတ်အများစုနဲ့အခြားပရိုတိန်း၊အဆီဓါတ်၊ဗီတာမင်ဘီဓါတ်အချို့တို့နဲ့ဖွဲ့စည်းတည်ဆောက်ထားတာပါ။ကော်ဓါတ်ကိုအသေးစိပ်ထပ်မံပြီးခွဲခြားစိတ်ဖြာကြည့်ရင်အမိုင်လိုစ် amylose နဲ့ အမိုင်လိုပက်တင်း amylopectin ဓါတ်တွေပါဝင်တယ်လို့ဆိုနိုင်ပါတယ်။ဆန်အမျိုးအစားတစ်ခုကိုလေ့လာကြည့်လို့ အမိုင်လိုစ်ပါဝင်မှုများနေရင်ဆန်ဟာထမင်းအဖြစ်ကျက်သွားရင် ဖွယ်တတ်ပါတယ်။ အမိုင်လိုစ်ပါဝင်မှုများနေရင်ထမင်းအဖြစ်ရောက်သွားရင် စေး တတ်ပါတယ်။ဆန်အမျိုးအစားတစ်ခု စားကောင်းခြင်း စားမကောင်ခြင်းတွေဟာအမိုင်လိုစ့်ဓါတ်ပါဝင်မှုအနည်းအများပေါ်တွင်သာမက ကစီဓါတ်စေးကပ်ခြင်းညီညွတ်မှု Gel consistency အပေါ်မှာလည်းမူတည်ပါတယ်။
ဆန်ရဲ့ ရူပအရည်အသွေးဟာအပေါ်ရံကြည့်လိုက်ရင်တူသယောင်ယောင်ရှိပေမဲ့ ဓါတုအရည်အသွေးကတော့အများကြီးကွဲပြားခြားနာနိုင်ပါတယ်။ အခုတလောဆန်အတုပေါ်တယ်ပေါ်တယ်ဆိုပြီး facebook ပေါ်မှာတင်လာတာတွေ့ပါတယ်။ဆန်အတုဆိုတော့ ဆန်အကြောင်းအသေးစိပ်မသိကြသူတွေက ပလတ်စတစ်ဆန်လား-- ဆန်အတုလား-- ဆိုပြီးမိမိထင်ရာမြင်ရာတွေရေးကြပါတယ်။တစ်တန်ကို အမေရိကန်ဒေါ်လာ ၈၀၀ လောက်ပေါက်တဲ့ဆန်ကို ၂၅၀-၃၀၀ လောက်ပေါက်တဲ့ ဆန်နဲ့ရောစပ်နိုင်ပါတယ်။ရောစပ်ပြီး reprocessing plant မှာအဖြူပြန်ဖွတ်လိုက်ရင်ဆန်ဟာ homogenous တသားတည်းဖြစ်သွားနိုင်ပါတယ်။ အိပ်အလယ်လောက်နဲ့အောက်နားလောက်မှာခပ်ဆင်ဆင်တူတဲ့ဆန်အရောကိုထည့်-- အပေါ်မှာတော့အကောင်းစားဆန်ထည့်လိုက်ရင် ဆန်အကောင်းစားဈေးနဲ့ရောင်းနိုင်ပါမယ်။ ကရိကထ ခံပြီးပလတ်စတစ်ဆန်လုပ်--ကော်ဓါတ် ကိုဆန်စေ့ပုံစံဖြစ်အောင်လုပ် ဆိုတာတွေဟာ အင်မတန်မှ လက်ဝင်တဲ့အလုပ်တွေပါ--ဘယ်သူမှမလုပ်ပါဘူး။ ဆန်အကောင်းစားနဲ့ ဆန်အညံ့စား ရုပ်လက္ခဏာအရ ခပ်ဆင်ဆင်တူတာကိုရွေး reprocessing လုပ်လိုပ်ရင်ရိုက်စား
ကောင်းကောင်းလုပ်လို့ရပါတယ်။ ဖွဘုတ်မှာတက်ရေးပြီး ဖွမနေကြပါနဲ့တော့-- ဆန်အတုဆိုရင် စီးပွားကူးသန်း စားသုံးသူရေးရာဦးစီဌာန သာသွားပြလိုက်တော့ -- ဆန်စပါးကျွမ်းကျင်သူတွေအများကြီးရှိတယ်။ သာမန်အဆင့်လူတွေနားလည်အောင်သာရေးထားတာ အသေးစိပ်သိချင်ရင် လှည်းကူးက အရင်အခေါ် ပီတီအေစီ သာသွားမေးလိုက်ကြတော့   ဆန်စပါးကျွမ်းကျင်သူတွေ အရှင်လတ်လတ်ကြီးတွေ ရှိနေသေးတယ်။ လေပါတယ်ကွာ-- ဆန်အတုတဲ့-- ထမင်းချက်လိုက်မှ သိတယ်တဲ့--
ဘဏ်တွေ နဲ့ project based financing
တချို့ကမိမိပိုင်ငွေမရှိဘူး။ လုပ်ငန်းလုပ်ဖို့အကြံကောင်းဉာဏ်ကောင်းတွေရှိတယ်။ လုပ်ရဲကိုင်ရဲတဲ့သတ္တိ
entrepreneurship စိတ်ဓါတ်ရှိတယ်။ လုပ်ငန်းသဘောကိုနားလယ်တယ်။မိမိကိုယ်ကိုယုံကြည်မှုရှိတယ်။အဲလိုပုဂ္ဂိုလ်မျိုးကဘဏ်တွေဆီက business plan တင်ပြပြီးငွေချေးယူလုပ်ငန်းအကောင်အထည်ဖေါ်မယ်။ငွေချေးယူတဲ့ အချိန်ကာလလွန်မြောက်လို့ သူတည်ထောက်ခဲ့တဲ့ business လုပ်ငန်းကြီးအောင်မြင်သွားတယ်ဆိုရင် rate of return ROR ကသူပေးရတဲ့အတိုးထက်အဆထောင်ပေါင်းများစွာဝင်ငွေရှိလာမယ်ဆိုရင်ငွေချေးပြီးလုပ်ငန်းလုပ်တာအောင်မြင်တယ်လို့ ဆို နိုင်တာပေါ့။ဒါပေမဲ့ ဒိလိုအခွင့်အရေးမျိုး မြန်မာနိုင်ငံမှာယနေ့ထိမပေါ်ပေါက်သေးဘူး။ကံကောင်းထောက်မစွာသူရဲ့ လုပ်ရည်
ကိုင်ရည်ကိုယုံကြည်သဘောကျတဲ့ ကြွယ်ဝချမ်းသာတဲ့သူဌေးတစ်ယောက်ယောက်ကအပေါင်မဲ့ငွေထုတ်ချေးမယ်ဆိုရင်တော့ ဖြစ်နိုင်ချေရှိပါတယ်။ ဖြစ်ခဲ့တဲ့ သာဓကတွေလည်းရှိပါတယ်။ ဆိုလိုချင်တာကလုပ်ရည်ကိုင်ရည်ရှိတဲ့သူတစ်ယောက်အတွက်တရားဝင်ဆောက်ရွက်နိုင်တဲ့အခွင့်အလန်းတွေအမြဲရှိနေစေချင်တာပါ။
အတွေ့အကြုံလေးတစ်ခုပြောပြပါရစေ။ လွန်ခဲ့သောနှစ် ၂၀လောက်ကလုပ်ရည်ကိုင်ရည်ရှိဟန်တူသောလူငယ်တစ်ယောက် စမ်းချောင်းနံမည်ကြီးလမ်းတစ်ခုက ခြံကြီးတစ်ခုမှာ ကန်ထရိုက်တိုက်(အဲဒီအချိန်ကကွန်ဒိုတွေခေတ်မစားသေးပါ) သာဆိုသော်လည်းကွန်ဒိုပုံစံဆန်ဆန်ပါ။ မြေကြီးတူးစဉ်အချိန်ကစပြီးအကြမ်းထည်ပြီးချိန်ထိ မောင်တိုင်ပင်ခဏခဏရောက်တော့ ဒီတိုပ်ခန်းအားလုံးဟာစံချိန်စံညွှန်းမီတယ်ဆိုတာကိုယ်တိုင်သိနေပါတယ်။ကြိုပွိုင့် ရှိနေတော့မောင်တိုင်ပင်လည်းဇနီးမဆုံးခင်ကဝယ်ထားတဲ့တိုက်ခန်းပြန်ရောင်းပြီး စရံပေးထားလိုက်ပါတယ်။အကြမ်းထည်ပြီးလို့ အတွင်းခန်းတွေဝင်တော့မဲ့အ
ချိန်မှာဘာကြောင့်မှန်းမသိကန်ထရိုက်ထွက်ပြေးသွားပါတယ်။ ၃-၄လ လောက်ပိုင်ရှင်တွေပြာကုန်ကြပြီးနောက် အခန်းဝယ်ထားသူတွေဆီကရစရာကျန်တဲ့ငွေတွေ ပြန်ကောက်ခံပြီးအချောထည်ကိုအပြီးသတ်နိုင်ခဲ့ပါတယ်။ အမှန်တော့ကန်ထရိုက်ဆီမှာငွေလွန်ထားသူတွေများများစားစားမရှိသော်လည်းဘာကြောင့်ဆက်မဆောက်ပဲထွက်ပြေးသွားလဲမသိပါ။ ဆိုလိုချင်တာက လုပ်ရည်ကိုင်ရည်ရှိတတ်တယ်လို့ထင်ထားပေမဲ့တစ်ခါတစ်ခါ ဖေါက်တတ်တယ်ဆိုတာပါ။
အဲတော့ မြန်မာဘဏ်အချို့မှာ project based lending များလုပ်ဆောင်ခွင့်ပြုတော့မယ်ဆိုရင် အဲဒီဘဏ်မှာ risk management dept: တစ်ခုရှိသင့်ပြီး business plan တင်ပြလာတဲ့ project တွေကိုassessment လုပ်နိုင်မှာဖြစ်ပါတယ်။ risk management မှာ customer တွေရဲ့ competency ကိုတိုင်းတာ assess လုပ် နိုင်တဲ့နည်းလမ်းတွေရှိပါတယ်။ နောက် ဗဟိုဘဏ်အနေနဲ့ လည်း Credit Insurance Institution တစ်ခု ဖွဲ့  ဖို့  လိုတယ်။ ဥပဒေ ပြဌါန်း သတ်မှတ် ဖိုပ လည်း လိုတယ်။ ဒီ Institution မရှိလ့ ဘယ် ဘဏ်မှ မချေးရဲ ဘူး။project ကို phase by phase ဘယ်လို analyze လုပ်ရတယ်ဆိုတဲ့နည်းလမ်းတွေရှိပါတယ်။ အောင်မြင်အောင်သေချာလုပ်နိုင်တဲ့ customer ကိုငွေထုတ်ချေးပြီးလုပ်ငန်းအဆင့်တိုင်းစီစစ်တဲ့ procedures တွေရှိပါတယ်။ မောင်တိုင်ပင်တို့အလုပ်လုပ်စဉ်က ADB, World Bank, IMF, OECF (Japan) စတဲ့ငွေရေးကြေးရေးအဖွဲ့အစည်းတွေဆီကအစိုးရအနေနဲ့ငွေချေးပါတယ်။ငွေချေးပြီးဆန်စက်တည်ဆောက်ရေး၊ သိုလှောင်ရုံတည်ဆောက်ရေး လုပ်ငန်းတွေဆောင်ရွက်ခဲ့ပါတယ်။ အဲဒီငွေရေးကြေးရေးအဖွဲ့အစည်းတွေက ကျွမ်းကျင်သူတွေဟာ project appraisal team တွေ ၂-၃လ တစ်ခါ လုပ်ငန်းကိုလာရောက်စစ်ဆေးပါတယ်။ ပြီးဆုံးသွားရင် commissioning လုပ်ပြီး project completion certificate ရတဲ့နေကစပြီး စတင်လည်ပတ်ပါတယ်။ တချို့ တချို့သော ပရိုဂျက်တွေလည်း ဆီးသီးဗန်းမှောက်တာလည်းကြုံရဘူးပါတယ်။ဒါကလည်းပရိုဂျက်ဒါရိုက်တာ နဲ့ team ရဲ့ consultant ပြေလည်ရင်ပြီးသွားတတ်ပါတယ်။ ပရိုဂျက်က consultant သုံးဖို့ဆိုပြီး အဆိုပါအချိန်က ခေတ်အစားဆုံး ပါဂျာရိုး ကားအသစ်တွေကိုပြည်ပကတင်သွင်း ဝန်ကြီးဌာန လွှဲပေးပြီးခပ်တည်တည်ယူသုံး ဇီးသီးဗန်းမှောက်တာမျိုးလည်းရှိ နိုင်ပါတယ်။ အဲတော့ ၃ ကျပ်တိုးယူယူ ၁၀တိုးယူယူ လုပ်တတ်ကိုင်တတ်ပြီး လုပ်ရဲကိုင်ရဲသူ ဆိုရင်အကျိုးအမြတ်ရှိအောင်လုပ်နိုင်ပါတယ်။ အတိုးထိုင်ပေးနေရရင်တော့ မနိပ်ဘူးပေါ့ဗျာ--
ဝန်ဆောင်မှူကုန်သွယ်ရေး
ကျနော်တို့နိုင်ငံဟာကုန်သွယ်မှုတွေအရင်ကလည်းလုပ်ခဲ့တယ်။အခုလည်းလုပ်နေဆဲပဲ။ကုန်သွယ်မှုလို့ဆိုလိုက်တာနဲ့မျက်စေ့ထဲမှာ ကုန်သွယ်မဲ့ကုန်ပစ္စည်းတွေကိုပဲမြင်လိုက်မိကြမှာပဲ။ကုန်သွယ်မှုဆိုတာ trade ပဲ။ အဲဒီမှာ trade in goods  ရှိမယ်၊ trade in services ရှိမယ်။
အဲဒါကိုကြည့်လိုက်ရင်ကျနော်တို့တတွေဟာ trade in goods မှာအားသာနေတယ်ဆိုတာသိသာထင်ရှားတယ်။ ဒါလည်းနိုင်ငံတိုင်းလိုလို trade in goods မှာအားသာကြတာပါပဲ။ ကုန်သွယ်မှုဆိုတဲ့အတိုင်းပို့ကုန်ရှိမယ်၊သွင်းကုန်ရှိမယ်။ တရားဝင်ကုန်သွယ်မှုရှိမယ်။ မှောင်ခိုတရားမဝင်ကုန်သွယ်မှုလည်းရှိမယ်။မြန်မာမှာ ရာခိုင်နှုန်းအားဖြင့်တော်တော်များမယ်။အဲဒါကလည်း trade in goods လို့ပြောရမှာပဲ။ကျနော်တို့အားနည်းနေတာက trade in services ဖြစ်တယ်။အစိုးရအဆက်ဆက်အားမပေးတာလည်းပါတယ်။ services ဆိုတာဝန်ဆောင်မှုဖြစ်တယ်။ အထည်ချုပ်စက်ရုံလုပ်ငန်းတွေနိုင်ငံခြားကအဝတ်စတွေတင်သွင်းလာမယ်။ မြန်မာအလုပ်သမားတွေကသူတို့လိုချင်တဲ့ဒီဇိုင်းကိုချုပ်လုပ်ပေးမယ်။ပြီးရင်ပြန်ပို့ပေးမယ်။ မြန်မာက ဝန်ဆောင်မှုပေးလိုက်တဲ့အတွက်ဝန်ဆောင်ခရမယ်။ ဒါက trade in services ပဲ။
ကျနော်တို့နိုင်ငံမှာ trade in services လုပ်စရာတွေအများကြီးရှိပါတယ်။ ပညာရေး၊ ကျန်းမာရေး၊ အားကစား၊ဟိုတယ်၊ခရီးသွားလာရေး၊စသည်ဖြင့်လုပ်ငန်းတွေအများကြီးရှိပါတယ်။ ပွဲစားလုပ်ငန်းတောင် management နိုင်နင်းရင်လုပ်နိုင်ပါတယ်။ လိုက်လျောညီထွေရှိတဲ့ ဥပဒေစည်းမျဉ်းစည်းကမ်းတွေရှိရမယ်။ဝန်ကြီးဌာနအချင်းချင်းညှိနိုင်းပူးပေါင်းဆောင်ရွက်မှုရှိရမယ်။ဥပမာဂေါက်ကွင်းတွေဟို
တယ်တွေအဆင့်ဆင့်မီမီတည်ဆောက်မယ်။ဆောင်းတွင်း ၄-၅-၆လလောက်ဂေါက်ရိုက်လို့မရတဲ့အအေးပိုင်းနိုင်ငံကဂေါက်သမားတွေဟိုတယ်မှာတည်းမယ်။ဂေါက်ရိုက်မယ်၊အပမ်းဖြေအနားယူမယ်။သူတို့တတွေအတွက်ဘယ်လိုဝန်ဆောင်မှုပေးမလဲစဉ်းစားလုပ်ဆောင်ပေးဖို့ပဲ။လေယာဉ်စီးလုံးငှားလာမလား--အခုလည်းရှိပါတယ်။လူတွေသိပ်မသိကြလို့ပါ။ ဆောင်းတွင်းကာလမှာ ကိုးရီယားက golf training ကျောင်းကလူငယ်ဂေါက်သမားလေးတွေပန်းလှိုင်ဂေါက်ကွင်းမှာ package tour နဲ့လာလေ့ကျင့်တယ်။ဟိုတယ်နဲ့ကွင်း အကြားသွာလာဖို့ coach service လုပ်ပေးတယ်။ catering စီစဉ်ပေးတယ်။ driving range မှာသူ့coach နဲ့သူလေ့ကျင့်ပေးတယ်။ ကွင်းပတ်တယ်။ကွင်းကလည်းနိုင်ငံတကာအဆင့်မှီတာကိုး။ ဒါဟာtrade in service ပဲ။
နောက်ပညာရေး၊ကျန်းမာရေး၊ဝန်ဆောင်မှုလုပ်နိုင်တယ်။ target beneficiary ကတတ်နိုင်တဲ့မြန်မာတွေတင်မဟုတ်ဘူး။ အိမ်နီးချင်းနိုင်ငံတွေ၊ အခြားနိုင်ငံတွေကဆေးလာကုချင်သူတွေပါပါဝင်ရမယ်။ ပါမောက္ခတွေ ဆရာဝန်တွေကတော့ပြည်တွင်းကသာမဟုတ်ဘူး၊နိုင်ငံခြားက professional တွေပါငှားခွင့်ပြုရမှာပါ။အခုခေတ်ပုဂ္ဂလိကဆေးရုံတွေမှာ လက်ရှိဖြစ်ပျက်နေတဲ့ ဝန်ဆောင်မှုမျိုးနဲ့တော့ ပြိုင်လို့ရမှာမဟုတ်ဘူး။ competitive ဖြစ်ရမယ်။ အင်တာနေရှင်နယ်မှာ လုပ်ထုံးလုပ်နည်းအတိုင်း ဝန်ဆောင်မှုပေးနိုင်အောင်ဆောင်ရွက်ရမယ်။ ထိုင်းကဆေးရုံတွေ ကျနော်တို့မျက်စေ့အောက်မှာပဲနိုင်ငံတကာအဆင့်မီအောင်လုပ်ပြီး medical tourism ကိုအကောင်အထည်ဖေါ်လုပ်နိုင်ခဲ့တယ်။ ပန်းလှိုင်ဆေးရုံလည်း အချိန်ကိုက်လုပ်ခဲ့ပေမဲ့ ကိုယ်ကျိုးစီးပွားကာကွယ်မှုကိုရှေတန်းမှာထားမှု၊ အမြင်မကျယ်မှု၊ စီးပွားရေးအမြင်နဲ့ အခွင့်အလန်းတစ်ခုကိုမသုံးသပ်တတ်မှု၊ အရာရာ ကိုလုံခြုံရေးအမြင်ရှု့  ဒေါင့်ကနေသုံးသပ်တတ်တဲ့အလေ့အကျင့်စွဲမြဲနေမှု၊ xenophobia ခေါ်နိုင်ငံခြားသားဆိုရင်အမြင်မကြည်လင်မှု၊ရှေးရိုးစွဲအမြင်များ အမြစ်တွယ်နေမှုတွေကြောင့် trade in services လုပ်ငန်းတွေဟာ တိုးတက်သင့်သလောက်မတိုးတက်လာခြင်းဖြစ်ပါတယ်။ 
အခုထိလည်းပြည်တွင်းလုပ်ငန်းရှင်ကိုအကာအကွယ်ပေးမှုအမြင်တွေဟာစွဲစွဲမြဲမြဲရှိနေဆဲဖြစ်ပါတယ်--competitiveness ကိုကောင်းတဲဖက်ကအမြင်နဲ့ပဲ သုံးသပ်လုပ်ကိုင်နေဖို့ လိုပါတယ်။ ယနေ့ အခြေအနေကိုလေ့လာကြည့်ပါ။ဘဏ်များ၊ ဓါတ်ဆီဆိုင်များ၊ retail marketing  လုပ်ငန်းများက ပြည်တွင်းလုပ်ငန်းရှင်များမှပေးသော ဝန်ဆောင်မှုများကိုပြည်သူအများကပေးသလောက်သာယူနေရဆဲပါ။ ကျနော်ဒီလိုပြောလိုက်လို့ ပြည်တွင်းလုပ်ငန်းရှင်ခရိုနီအများစုကကြိုက်နှစ်သက်ကြလိမ့်မယ်မထင်ပါ။ နှစ်ပေါင်းတော်တော်ကြာ privilege အောက်မှာလုပ်ကိုင်လာခဲ့ကြတော့အရသာတွေ့နေတာလည်းပါပါလိမ့်မယ်။ အောင်မြင်တဲ့လုပ်ငန်းရှင်တိုင်းအဝင်အထွက်ညှက်ကြပါတယ်။ အခုလည်းဘယ်လောက်သိမ်းသွင်းပြီးပြီလဲဆိုတာသူတို့ဖါသာသူတို့ပဲသိကြပါလိမ့်မယ်။
ထုတ်ကုန် ၃ဆ တိုးဖို့လူကြီးက ပြောဆိုလို့သာပြောလိုက်ရတယ်--ကျုပ်ဘယ်လိုလုပ်ရမလဲဆိုတာ စဉ်းစားရအုံးမယ်ဆိုတဲ့ သူအဖို့ trade in goods ကိုဘောင်အတွင်းကလုပ်နေလို့မရဘူး။ပြုပြင်သင့်တာတွေအမြန်ပြုပြင်-- ဌာနအချင်းချင်းညှိနိုင်းသင့်တာညှိနိုင်းကြဖို့ လိုပါတယ်။ သစ်တောသယံဇာတ ကအစိုးရကပဲ သစ်ထုတ် ပြီးပို့ကုန်လုပ်မယ်။ ဒီအပိုင်းက ၃ဆ တိုးဖို့ ဘယ်လိုလုပ်မလဲ?? 
trade in services တွေလည်းဘယ်လိုလုပ်သင့်သလဲဆိုတာ စဉ်းစားရမယ်။ဒီကနေ့ ကျနော်တို့ trade in goods ကတန်ဖိုးဘယ်လောက်ရှိမလဲ trade in services ဘယ်လောက်ရှိမလဲ ဆိုတာတော့ စီးပွားကူးသန်းကတာဝန်ရှိသူတွေတော့သိမယ်။ ဒါတွေဟာဘေးကကြည့်နေတဲ့သူရဲ့အမြင်ပါ။ ဘေးထိုင်ဘုပြောနေတယ်လို့ ထင်မြင် နိုင်ပါတယ်။ တခါတခါ တော့ cross ဖြစ်လာရင် ကိုယ် က အရင်လိုမဟုတ်တော့ဘူး။ ပါးစပ်တို့ လက်တို့ ကအလိုလို ထွက်သွားတတ်တာတော့ ခွင့်လွှတ်ပါ။