Monday, March 3, 2014

မာတာမိခင်ကျေးဇူးရှင် (၂)

မန်းတက္ကသိုလ်ဝန်းထဲကအိမ်မှာနေထိုင်စဉ်ကာလဟာအမေအတွက်တောင်ငူမှာဖြတ်သန်းရခဲ့တဲ့ဘဝထက်
ပိုပြီးအေးချမ်းလှပါတယ်--ကျောင်းဆရာကတော်ဘဝမှာ အမေဟာသားသမီး၃ယောက်ကို ဗုဒ္ဓဘာသာအဆုံးအမတွေနဲ့ အတူ နှုးညံ့သိမ်မွေ့စွာပြုစုပျိုးထောင်ရင်း မိသားစု ဘဝကိုတည်ဆောက်
နေထိုင်ခဲ့တာပါ-- အမေဟာသားသမီးတွေကို ဆုံးမသွန်သင်တဲ့အခါမှာ နှုးညံ့စွာပြောဆိုဆုံးမတတ်ပါတယ်
မောင်နှမသားချင်း၃ယောက်မှာအမေကအကြီးဆုံးပါ-- အလတ်ကအပျိုကြီးဖြစ်ပြီးကုန်သည်လုပ်ပါတယ်--
အငယ်ကတော့ အဖေညီနဲ့ အကြောင်းပါ ပါတယ် --ကျောင်းထဲကအိမ်မှာငယ်စဉ်ဘဝတုံးက ဆောင်းတွင်း
ညနေရောက်ရင်အိမ်ရှေ့မှာ ပန်းအလှပင်တွေကို အဖေ နဲ့အမေတို့ကရေလောင်း
ပျိုးထောင်စိုက်လေ့ရှိကြပါတယ် -- ရွှေမန်းဆောင် က အဖေ့တပည့် ကျောင်းသူတွေ အိမ်လာလည်ရင်အမေ က ပန်းတွေခူးခူးပေးတတ်ပါတယ်-- နောက်တော့ နှင်းဆီတွေစိုက်ပါတယ်-- အရောင်စုံကိုစိုက်တာပါ--ကိုယ်တိုင်ကိုင်းကူးကိုင်းဆက်လုပ်ပြီး နှင်းဆီပင်အရောင်စုံကို စိုက်ပျိုးနိုင်ပါတယ်-- မှတ်မိသေးတယ် --
ညနေဆိုရင် အိမ်မှာ အလုပ် လာလုပ်တဲ့ မလုံ က နှင်းဆီပန်းတွေ ခူးပြီး ရွှေမန်းဆောင် ကို သွား သွားရောင်းတာကိုမှတ်မိပါသေးတယ် --

မောင်တိုင်ပင်တို့ညီအစ်ကို နှစ်ယောက်ကစိန်ပီတာကျောင်းတက်ပြီး ညီမ ကစိန်ဂျိုးဇက်ကွန်ဗင့်ကျောင်းတက်
ပါတယ်--မှတ်မိပါသေးတယ်-- ပထမအကြိမ်ကျောက်းအပ်တော့ အဖေကော အမေကော လိုက်လာတယ်--
မောင်တိုင်ပင်ကို ကျောင်းအုပ်ကြီးဘရာသာက အင်္ဂလိပ် လိုမေးပါတယ် ဘယ်အတန်းထားသင့်သလဲဆိုတာဆုံးဖြတ်နိုင်အောင်ပါ-- အဖေ ကကြိုသင်ပေးထားတော့ သူမေးတာကိုသိရင် ဖြေတယ်-- မသိရင် မဖြေဘူး-- ကင်ဒါဂါဒင် KG မှာ ထားဖို့ဆုံးဖြတ် လိုက်ပါတယ်-- Mrs Ruston ရဲ့ အတန်းမှာ စတင်တက်ရပါတယ် --
မန္တလေးတက္ကသိုလ် သို့ ဝင်ရာလမ်းမှာ ပုဏ္ဏားကုန်းကိုဖြတ်ရပါတယ်--မောင်တိုင်ပင်တို့ငယ်စဉ်ကာလမှာ ပုဏ္ဏားတွေတော်တော်များများဟာ မြင်းလှည်းထောင်ကြပါတယ်--တချို့ကဗေဒင်ပညာကိုလိုက်စားပြီးဗေဒင်
ဟောစားကြပါတယ်--မောင်တိုင်ပင်တို့မောင်နှမတတွေကျောင်းသွားတဲ့ အခါ ပုဏ္ဏား ဦးဘသိန်းမောင်း
တဲ့မြင်းလှည်းကို လပေး ပေးပြီးကျောင်းတက်ပါတယ်-- မန္တလေးမှာ မြင်းလှည်းနဲ့ကျောင်းတက်တဲ့ကျောင်း
သားကျောင်းသူတော်တော်များများရှိပါတယ်-- ညီတော်မောင်ကျောင်းအပ်တဲ့အချိန်ကြတော့သိပ်အခက်အ
ခဲမရှိတော့ဘူး--စိန်ပီတာမှာ နေ့လည်စာကို ကျောင်းဘော်ဒါနေတဲ့ကျောင်းသားတွေနဲ့အတူ Dining hall
မှာနေ့လည်စာစားပါတယ်--ထမင်းချိုင့်ယူစရာမလိုတော့ပေမဲ့ ဘော်ဒါကျောင်းသားတွေစားသလို နေ့လည်စာစားရပါတယ်--

ညနေဆိုရင် ညစာကို အမေဟာ မိသားစု ၅ ယောက်စုံပြီးမှ စားကြရပါတယ်-- အဖေ နဲ့ သားသမီးတွေကို အမေကညှာလေ့ရှိပြီး တခါတရံ ဟင်းတစ်တုံးနှစ်တုံးလောက်နဲ့ပဲစားရတတ်ပါတယ်--သားသမီးတွေက အသားဆိုရင်ပြုတ်ကျော်ကြိုက်ပြီး ငါးခူကျော်ကို အိမ်သားတိုင်းလိုလိုကြိုက်တတ်ကြပါတယ်-- အမေဟာ တချို့သောဟင်းလျာတွေကိုအဖေအဒေါ် ဖွားငယ် ရဲ့လက်ရာလို့အမည်ပေးပြီးလုပ်ကျွေးတတ်ပါတယ်-- ငါးဖယ်ကိုညက်အောင်ထောင်း ဘူးသီးကိုခြစ် ကြက်သွန်ကိုအတုံးငယ်လေးတွေ တုံးပြီး ရောပြီး ဘူးသီးငါးပေါင်းကျော်ကတော့ ဖွားငယ်ရဲ့ လက်ရာထက်တောင်ကောင်းပါတယ်--ဆိတ်သားပြုတ်ကျော်  ကြက်သားပြုတ်ကျော် ဝက်သားပြုတ်ကျော် တွေဟာအိမ်သားတွေကြိုက်တဲ့အတွက် အမေ အများဆုံးချက်တဲ့ ဟင်းလျာတွေပါ --အမဲသား  ကို ငယ်ငယ်ကမစားကြပါဘူး အိမ်မှာတော့ အိမ်ဖေါ်
မပြတ်မလပ်ရှိတတ်ပါတယ်--သို့သော်လည်းအမေ ကကိုယ်တိုင်ပဲချက်ပြုတ်ပါတယ်-- အိမ်ဖေါ်ကတော့
အဝတ်လျှော် မီးပူတိုက်ပါတယ်-- အိမ်ဖေါ်တွေ အနေနဲ့ အမေ လက်ရာ ကို မှီ လာရင်တော့ အမေ ကသူတို့ ကိုချက်ခိုင်းပါတယ် -- အိမ်မှာ အဖေလူပျိုဘဝကတည်းက အဖေနဲ့လိုက်နေလေ့ရှိတဲ့              ဦးလေးအောင်ထွန်းလည်းနေပါတယ်--သူကမန်းတက္ကသိုလ် ဓါတုဗေဒဌာန မှာ lab assistant လုပ်ပါတယ်--
သူကညနေသင်တန်း practical လုပ်တဲ့အထိတာဝန်ယူရတော့ ညစာ စားချိန်နောက်ကျပါတယ်-- အမေက
အမဲသားကို သူမစားပေမဲ့ ဈေးသွားရင် အောင်ထွန်းဖို့အမဲသားဆိုပြီးဝယ်လာတတ်ပါတယ်-- ဦးလေးကအ
မဲသားကို အတုံးသေးသေးလေးတွေတုံးပြီး ငရုတ်သီး နန်းချင်း နဲ့ကျော်ထားတတ်ပါတယ်-- မောင်တိုင်ပင်
တို့ညီအစ်ကိုယ် နှစ်ယောက် ကခိုးခိုး နှိုက်စားတတ်ပေမဲ့ ငရုတ်သီး စပ်လွန်းလို့ မစားနိုင်ပါဘူး -- အိမ်ဖေါ်
မစောလှ ကဆိုရင် ဦးလေးအမဲသားကျော်တွေ ခိုးစားနေပြန်ပြီလား လို့ ခဏ ခဏအော်တတ်ပါတယ်--မစောလှဆိုတာ အမေ့ လူယုံ-- ခလေးတစ်ယောက်အမေ မုဆိုးမ -- ခလေးက မမြင့်ဌေးတဲ့ --တရုတ်တန်း
ဖွားဖွားတို့နဲ့ အတူနေတယ်-- မစောလှက မုဆိုးမ-- နည်းနည်းတော့ flirt ဖြစ်တယ်-- ဦးလေးကလည်းအော်
တယ်-- အမေကလည်းခဏခဏဆုံးမတယ် -- သူက ရည်းစားထားတတ်တယ်-- နောက်ဖေးက အိမ်ဖေါ်
နှစ်ခန်းတွဲ ကတစ်ခန်းမှာသူတစ်ယောက်တည်းနေတယ် -- တစ်ရက် မနက်အစောကြီးရုံးပိတ်တဲ့နေ့ စနေနေ့ကြီး အဖေက ဖွားဖွားအိမ်ကိုလိုက်ပို့တယ်  မောင်တိုင်ပင်တို့ က ဘာမှမသိဘူး  အိမ်မှာလည်းတစိမ်း
တွေတစ်ယောက်စ နှစ်ယောက်စတွေ့တယ်  အမေ လည်းမျက်နှာမကောင်ဘူး  အဖေက အော်စတင်ကား
လေးနဲ့ အိမ်ဝန်းထဲကထွက်တော့ အိမ်အနောက်ဖက်က ထနောင်းပင်ကြီးအောက်မှာ မိန်းမတစ်ယောက်ဒူးထောက်
နေပြီး ခေါင်းကငိုက်စိုက်ကျနေတဲ့ ပုံကိုတွေ့ လိုက်ရတယ်  အမေကတော့ ဟဲ့ကောင် မောင်မျိုး မကြည့်နဲ့
လို့ပြောတာပေါ့ ---

နောက်မှသိရတာကမစောလှ သူ့အခန်းမှာ ညတုံးကသူ့ရည်းစားနဲ့စကားများပြီး သတ်သေမယ်ဆိုပြီး ကြိုးတစ်
ချောင်းဆွဲထွက်သွားတာ လိုက်မခေါ်မိဘူး-- ဒီလို လုပ်မယ်မထင်လို့တဲ့ --နောက်တော့ ဒီမောင်ကအိပ်ပျော်
သွားတယ်-- မနက်လင်းအားကြီး ထကြည့်တော့ ဆွဲကြိုးချသတ်သေ သွားတာတွေ့ ရတော့ ဦးလေးလာနှိုး
တယ်  နောက်အမေ တို့အဖေ တို့ပါ သိသွားတော့ ရဲခေါ်ခိုင်း နဲ့ အလုပ်ရှုပ်သွားတာပေါ့-- နောက်ခလေးတွေ
မမြင်သင့်တာမမြင်ရအောင် အဖွားအိမ် ပို့လိုက်တယ် -- ဦးလေးကနောက်ပြောင်ပြီး မစောလှ ကို ကဝေမ
လို့ခေါ်တတ်တယ်--အဲဒီနေ့က ဦးလေးက သူရည်းစားအိမ်ကအပြန် ၁၁ နာရီခွဲလောက်ရှိနေပြီ-- အဲဒီအချိန်မှာ မစောလှက ကြိုးဆွဲ ချသေနေပြီ-- သူကမသိဘူး-- ကျောင်းထဲကအိမ်မှာ တခါးကစေ့ယုံစေ့
ထားတာ ချက်ချမထားဘူး -- သူလည်းတွန်းဝင်လာပြီး အမဲသားကျော်နဲ့ ထမင်းစားလိုက်သေးတယ်-- ပြီးမှ အိပ်တာ--မနက် ၄ နာရီလောက်ကြ မစောလှရည်းစားက လာနှိုးပြီးသူကို မလိမ့်တစ်ပတ်နဲ့ မစောလှ ကြိုးတစ်
ချောင်းဆွဲ ထွက်သွားတယ် လို့ လာပြောပေမဲ့ သူကကြိုးဆွဲချသေနေတာတွေ့ပြီးပြီလေ-- အဖေနဲ့ အမေ လည်း ရဲတွေနဲ့ ရှင်းလင်းလိုက်ရတာပေါ့--  ထနောင်းပင်ကြီး ကို လည်းခုတ်ပစ် လိုက်တယ် ---မစောလှ သမီး
မမြင့်ဌေးကိုတော့ ဖွားဖွားတို့ကပဲမွေးစားလိုက်တယ် -- နောက်တော့ လင်နောက် လိုက်ပြေးသွား ပေမဲ့ သားတွေသမီးတွေနဲ့ အမေ စီပီလိုင်းအိမ်ရောက်တဲ့အထိ အဆက်အသွယ်ရှိပါတယ် -- အော် ဘဝထိုထို မှာ ကြုံရဆုံရတာတွေပါ ----

အမေကျောင်းထဲကအိမ်မှာနေတုံးမှတ်မှတ်သားသားလုပ်တာတစ်ခုရှိတယ်-- အဖွားတို့အိမ်နီးနားချင်းက
ဦးကျော်သိန်းပါ-- အမရပူရ မှာသီတင်းသုံးတဲ့ မိုးကုတ်ဆရာတော်ဘုရားကြီး ဦးဝိမလ ရဲ့ဆရာရင်းဒကာရင်းပါ--မိုးကုတ်ဆရာတော်ဘုရားကြီး ဟောကြားတော်မူတဲ့တရားတွေရဲ့ စာအုပ်တွေကို ပုံနိုပ်ခဲ့ပါတယ်-- ဆရာတော်ဘုရားဟောကြားတော်မူတဲ့ တရားတွေကိုလည်းတိပ်ခွေနဲ့ ကူးထားပါတယ်  အဲဒီအချိန်က ကတ်ဆက်ခွေဖွင့်တဲ့စက်မပေါ်သေးပါဘူး-- အမေဟာ ဝိပသာနာတရားစာအုပ်တွေကို တစ်အုပ်ပြီး တစ်အုပ်ဖတ်ပါတယ်-- ခြင်ထောင်ကြီးချပြီး တရားလည်းထိုင်ပါတယ်--

အမေကဝိပသာနာတရားစတင်အားထုတ်တဲ့အချိန်မှာ ကျန်းမာရေးလည်းချို့ယွင်းလာပါတယ်--အမေက အားနည်းသွေးတိုး ဖြစ်တာပါ  ဆရာဝန်နဲ့ ပြသော်လည်းမပျောက်ခဲ့ပါဘူး -- နောက်ဆုံး သိမ်ဖြူဆရာတော်ကြီး ကို သွားရောက်ပြသတဲ့အခါ မှ အားနည်းသွေးတိုး ဆိုတာဖေါ်ထုတ်ပြီး ဆေးနဲ့ ဓါတ်စာ ပေးပြီးကုပါတယ်  အမေဟာ ကျန်းမာရေး မကောင်းပေမဲ့ တရားထိုင် မပျက်ပါဘူး-- ဦးဝိမလ စာအုပ်တွေ လည်း အဖတ်မပျက်ပါဘူး  နောက်ဆုံးအမေ ဟာ  သိမ်ဖြူဆရာတော်ကြီးကိုလုံးဝယုံကြည်မှု ထားပြီး ဆေးကို မှန် မှန်သောက်သလို မတဲ့ဘူး လိုပြောတဲ့ အစာ ဆို လုံးဝ ထိတောင်မထိပါဘူး-- သိမ်ဖြူဆေးကို သေတဲ့ အ ထိမှန်မှန်သောက်ပါတယ် သိမ်ဖြူဆရာတော်ရဲ့ ကုသမှုကိုလည်းယုံယုံကြည်ကြည်နဲ့ ခံယူခဲ့ပါတယ် ---အမေတရားထိုင်ခဲ့ တာ ဥာဏ်စဉ်တစ်ခုထိရောက်ခဲ့တယ် လို့ မောင်တိုင်ပင်ယုံကြည်ပါတယ် ---အမေဟာတရားထိုင်ပြီးနောက် ပိုင်း ပိုမို သိမ်မွေ့လာပါတယ်-- ၁၉၆၆ မှာ မန်းတက္ကသိုလ်အိမ်ကနေ ရန်ကုန် စက်မှုတက္ကသိုလ်မှာ ကျောင်းအိပ်ကျောင်းစား တက်ဖို့ ထွက်လာရပါတယ်--မောင်တိုင်ပင်အဖို့ ၁၉၇၃ ကနေ ၁၉၇၅ ထိ အဖေအမေနဲ့ တူတူ ပြန် နေခဲ့ပြီး ရန်ကုန်သူနဲ့ အိမ်ထောင်ကျတာကြောင့် ရန်ကုန် က ဇနီးမိဘအိမ်မှာပဲနေထိုင်လာခဲ့ပါတယ်-- မောင်တိုင်ပင် ဘဝ ကိုကြည့် ရင် ဇနီး မိဘတွေနဲ့တူတူနေရတဲ့ အချိန်ကများပါတယ်--

အမေဟာ သားသမီးတွေကို အလိုလိုက်တတ်ပြီး အလိုလိုက်အမိုက် မစော်ကားတတ်အောင် ဆုံးမသွန်သင်မှု
တွေလည်းရှိတာကြောင့် သားသမီး၃ ဦးလုံး ဟာ ယနေ့ထက်တိုင်ချစ်ချစ်ခင်ခင် ရှိကြတာဟာ အမေဆုံးမ သွန်သင်မှုအောက်မှာ ပြီးပြင်းလာခဲ့ ရ လို့ လို့ ပြောချင်ပါတယ် --ညီ နဲ့ ညီမ ကအဖေ နဲ့ အမေ နဲ့ တူတူ နေတဲ့ အချိန်များပါတယ် -- မိဘကျေးဇူးတွေကို ပိုမို ဆပ် နိုင်ပါတယ်--ရောင့်ရဲတင်းတိမ်တတ်အောင် အဖေ
ကောအမေ က သူတို့ အတွေ့အကြုံကို အခြေခံပြီး ဆုံးမသွန်သင်နိုင် ခဲ့ပါတယ် -- သားသမီး ၃ ယောက်လုံး
စီးပွားရေး ကုန်သည် တွေ မဖြစ်ခဲ့ပါဘူး -- entreprenurship စိတ်ဓါတ် မရှိခဲ့ လို့ မကြီးပွားခဲ့ပေမဲ့ professionalism စိတ်ဓါတ်တွေတော့  အပြည့် ရှိပါတယ်---အဖေကစာသင်တာဝါသနာပါတယ်--သုတေသနကိုပိုအားထားတယ်-- အိမ်မှာ စာကြည့်တိုက်လေးရှိတယ် -- ကျောင်းမှာစာသင်မဲ့အကြောင်းအ
ရာဘာသာရပ်ကို ကြိုတင် နှုတ်စ် ထုတ်ပြီးသင်လေ့ရှိပါတယ် -- အမေ နဲ့ အဖေ ကတစ်ယောက်နဲ့ တစ်
ယောက်ချစ်မေတ္တာကို အခြေခံ ပြီး လက်ထပ်ခဲ့တာကြောင့် တစ်ယောက်မေတ္တာ အကြောင်းတစ်ယောက်သိကြပါတယ်-- အမေက အဖေကို ကိုကိုချမ်းခေါ်တတ်ပြီး သားတွေသမီးတွေ ကြီးလာတော့ နင်တို့အဖေ လို့ ပြောတတ်ပါတယ် -- အဖေကတော့ မခင်မေ လို့ပဲခေါ်တတ်ပါတယ် --
အဖေ နဲ့ အမေ က သားသမီးတွေကို ဆုံးမရင်တောင် မောင်မျိုး အဲတာမလုပ်နဲ့ မင်းအမေ မကြိုက်ဘူး လို့ဆုံးမတတ်ပါတယ် -- အမေက လည်း သူမကြိုက်တာလုပ်ရင် သူမကြိုက်ဘူး လို့တဲ့ မပြောဘူး-- ဟဲ့ မင်း
အဖေ မကြိုက်ဘူး မလုပ်နဲ့ လို့ ဆုံးမတတ်ပါတယ် --အဖေ ကအမေ့ ဆုံးတော့ အသုဘပို့ပြီး ပြန်အလာ
သားသမီး ၃ ယောက်ရှေ့မှာ အမေ ကို သတိရကြောင်း ဆို့ဆို့နင့်နင့် ပြောေ တာ့ မောင်နှမ ၃ ယောက်စလုံး
မျက်ရေတွေကျခဲ့ရပါတယ် -- အမေနဲ့ အဖေ ၅၅ ရက်ပဲကွာပါတယ် -- တချိန်လုံး ကိုကိုချမ်း ကိုကိုချမ်း ဆို
ပြီးအမေ က ဂရုစိုက်တော့လည်းသူခမျာ နှစ်ပေါင်း ၅၀ နီးပါးလက်တွဲလာခဲ့တဲ့ အမေကို သတိရ မှာမလွဲပါဘူး--အဖေ ဟာမကွယ်လွန်မီ ၂နှစ်ေ လာက်ကတည်းကမျက်စေ့ကွယ်နေပါပြီ--သူတို့မင်္ဂ လာခရီး ရွှေရတုရောက်ရန် လ ပို်င်းေ လာက်  လိုတော့တာပါ။
အဖေတော့ အမေနောက် လိုက်သွားတော့မယ်ဆိုတာကိုသူတို့ နှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို နားလယ်မိနေတဲ့ မောင်တိုင်ပင်ဟာအဲဒီတုံးက ရန်ကုန် စိတ်လေးပင်စွာနဲ့ ပြန်ခဲ့ရပါတယ် --

အမေကသူသင်္ချာတော်ကြောင်း ဝါသနာပါကြောင်းပြောလေ့ရှိပါတယ် -- မောင်တိုင်ပင် ဆေးမတက်ပဲ အာ
အိုင်တီတက်တော့ သူ့တူလို့ အင်ဂျင်နီယာ လိုင်းတက်တာလို့ ပြောတတ်ပါတယ် -- ညီမ ကိုတော့ အဖေ
နဲ့ အမေ ကိုစောင့်ရှောက် နိုင်အောင် ဆေးကျောင်းတက်ခိုင်းပါတယ် -- အဖေပင်စင်ယူပြီးနောက်ပိုင်း စီပီလိုင်းအိမ်ရောက်တော့ မောင်တိုင်ပင် အာအိုင်တီတက်နေတုံးဆိုတော့အိမ်မှာသိပ်မနေတော့ပဲ  ညီ နဲ့ ညီမ တို့ပဲ အဖေ နဲ့ အမေ တို့နဲ့ ပဲနေကြပါတယ်-- ၁၉၇၆ ခုနှစ် မှာမောင်တိုင်ပင် ရန်ကုန် သူနဲ့အိမ်ထောင်ကျတော့ တစ်နှစ်တစ်ခါလောက်တော့ အနည်းဆုံးမန်းအိမ်ကိုပြန်လာလေ့ရှိပါတယ် -- ပြန်လာတိုင်းချွေးမကိုလည်း ချစ်ချစ်ခင်ခင် နဲ့ သူ့သားဘာကြိုက်တတ်သလဲ ဆိုတာ ချက်ပြတယ် သင်ပေးတယ်  ဇနီး မကွယ်လွန်မီ  တစ်ခါတစ်ခါ ကြရင် ယောက္ခမကြီးသင်ပေးတဲ့နည်းဆိုပြီး ဟင်းတွေ ချက်ချက်ကျွေးတတ်ပါတယ်-- အထူးသဖြင့် ငါးဖယ်ဘူးသီးငါးပေါင်းကျော်ကတော့ မိသားစုတွေကြိုက်ကြပါတယ် --

အမေငယ်စဉ်ကဓါတ်ပုံတွေကိုကြည့် ရင် သူခေတ်သူအခါအရမိန်းမချောတစ်ယောက်ပါ-- ညီမ ရဲ့သမီးငယ်ကအမေနဲ့ တော်တော်တူပါတယ်--ဒါကြောင့်လည်း ရန်ကုန်တက္ကသိုလ်က ကျူတာပေါက်စ အဖေ အတွက်အသဲစွဲဖြစ်ခဲ့တာနဲ့ တူပါတယ် -- အဖေ က အမေ ကို
ရန်ကုန်ကအမေအစ်ကိုဝမ်းကွဲ အမြတ်တော်ဝန်ထောက် ဦးဘသန်းအိမ်မှာစတွေ့တာပါ လို့ပြောဘူးတယ် ( ဦးဘသန်းဆိုတာ နံမည်ကျော် ဂုဏ်မင်းဆေးထုတ်လုပ်တဲ့  မမကြူ တို့အဖေပါ) -- အဖေ က ပညာတတ် အမ်အေဘွဲ့ရ တောင်ငူ က သူဌေး ဦးဘိုးရင် သား ဆိုတော့ အဖေ ကို ကျတဲ့ကျောင်းသူတွေ တော်တော် များများရှိတယ် လို့ အမေက
ပြောဘူးတယ် -- ဒီကြားထဲ အမေ အစ်ကို ဝမ်းကွဲ အိမ်မှာအမေ ကို တွေ့ပြီး ချစ်ရေးဆိုခဲ့ တယ်နဲ့ တူပါတယ်
စစ်ကြောင့် အဖေ နဲ့ အမေ မတွေ့နိုင်တော့ပဲ ၇ နှစ်အကြာ စစ် ကြီးအပြီး ၁၉၄၇ ခု နှစ် ဧပြီလ မှာ လက်ထပ်ခဲ့တာပါ--

                                                                                                                                ဆက်ရန်





1 comment:

Anonymous said...
This comment has been removed by a blog administrator.