Sunday, February 4, 2018

ပုဂ္ဂလိကလက်ထဲကမြန်မာဆန်စပါးလုပ်ငန်း (အဆက်)

စပါးဆန်သိုလှောင်ခြင်း

မြန်မာနိုင်ငံသည်ပူအိုက်စွတ်စိုသောရာသီဥတုရှိသည့်tropical zone ထဲ တွင်ကျရောက်သောကြောင့်ကောက်ပဲသီးနှံများသိုလှောင်ရာတွင်ရာသီဥတုကိုဂရုမစိုက်ပါကသီး နှံများပျက်စီးလွယ်ပါသည်။တောင်သူလယ်သမားများအဆင့်၌စပါးသိုလှောင်ရာတွင်ပုတ်များ၊ကျီများကိုအသုံးပြုကြပြီးကုန်သည်များအဆင့်၌သစ်သား၊ဝါးတို့ဖြင့်ပြုလုပ်သောဒေါက်စေ့ဂိုဒေါင်များကိုအသုံးပြုကြပါသည်။ ကျေးလက် ဒေသများ၌ လယ်သမားများသည် ဝါးဖြင့်ယက်လုပ်ထားသေ“ပုတ်”ကိုနောက်ချေးကြံပြီးစပါးသိုလှောင်ရာတွင်အသုံးပြုကြပါသည်။ ယခင်က လယ်သမားအများစုသည် မျိုးနှင့် ကိုယ့်ဝမ်းစာကို သိုလှောင်သော ဓလေ့ရှိကြသောကြောင့်ပုတ်၊ကျီတို့ကိုအသုံးများကြပါသည်။ယခုအခါဒေသတော်တော်များများ၌ဆန်ကိုဈေးကွက်မှဝယ်စားလာကြသောကြောင့် ပုတ်၊ ကျီများနှင့် သိုလှောင်ခြင်းသည် ပျောက်ကွယ် စပြုနေပြီဟု ဆိုနိုင်ပါသည်။ ဝေလံခေါင်ပါးသော ဒေသများ၌သာ ပုတ်များကို အသုံးပြုကြပါသည်။

စပါးသိုလှောင်ရာတွင်ကုန်သည်များအဆင့်၌သစ်၊ဝါးဖြင့်ပြုလုပ်သောဒေါက်စေ့ဂိုဒေါင်များကိုအသုံးပြုကြပါသည်။ကုန်သွယ်/လယ်ယာခေတ်ကလည်းသိုလှောင်ရုံအများစုမှာဂိုဒေါင်ကြီးများကိုသာအသုံးပြုကြပါသည်။မြန်မာနိုင်ငံ၌ အိမ်နီးချင်း ထိုင်းနိုင်ငံကဲ့သို့ steel silo များကိုစပါးသီးနှံတွင်အသုံးပြုမှုယခင်ကနည်းပါးခဲ့သော်လည်းယခုအခါ ပုဂ္ဂလိက ဆန်စက်များတွင် စတီးဆိုင်လိုများအသုံးပြုလာကြသည်ကိုတွေ့ရပါသည်။ ရန်ကုန်မြို့၊ ပုဇွန်တောင်ရှိတရုတ်ဆန်စက်၌သာ receiving silo အဖြစ်ကွန်ကရစ်ဆိုင်လိုကိုကုန်သွယ်လယ်ယာခေတ်ကအသုံးပြုခဲ့ပါသည်။၁၉၇၇ခုနှစ်တစ်ဝိုက်ကဩစတြေးလျအစိုးရ ထောက်ပံ့ ကူညီမှုဖြင့် စစ်ကိုင်းနှင့် သာစည်တွင် ပဲများသိုလှောင်ရန်အတွက် steel silo များ တည်ဆောက်ပေးခဲ့ပါသည်။ ဩစတြေးလျ အင်ဂျင်နီယာများက မြန်မာနိုင်ငံသည် တစ်နှစ် ရွာနှုန်းသည် မိုးရေချိန်များပြားသောကြောင့် ဆိုင်လို (၁၀) လုံးကို steel structure အဆောက်အအုံထဲ၌ တစ်ဖက် (၅) လုံးစီတည်ဆောက်ခဲ့ပါသည်။ ဆိုင်လိုများ၌ သီးနှံကို အအေးဓါတ်ပေးနိုင်သည့် aeration system များ၊ ပိုးသတ်မှိုင်းတိုက် fumigation ပြုလုပ် နိုင်သည့်စနစ်များ၊ ဆိုင်လိုတစ်ခုမှ တစ်ခုသို့ သီးနှံများကို ရွှေ့ပြောင်းပေးသည့်စနစ်များ (သီးနှံပုံအတွင်းအပူတည်ဆောက်မှုလျော့နည်းစေရန်)တပ်ဆင်တည်ဆောက်ပေးထားပါသည်။ သို့သော်လည်း အဆိုပါ ဆိုင်လို များကို စွမ်းအားပြည့် အသုံးပြုနိုင်မှုမရှိခဲ့ဘဲ နှစ်ကြာလာသည်နှင့်အမျှတပ်ဆင်ထားသည့်စက်ကိရိယာပစ္စည်းများ ချို့ယွင်းပျက်စီးလာပြီး သံတိုမယ်နအဖြစ် ဖြုတ်ရောင်းလိုက်ကြမှာကို စိုးရိမ်နေရပါသည်။

စပါးကိုsteel silo ဖြင့် အမိုးအကာမဲ့ သိုလှောင်ပါက ကြာရှည်သောမိုးရာသီကာလ အတွင်းဆန်ဝါပြဿနာမလွဲမသွေဖြစ်ပေါ်နိုင်ပါသည်။ရိတ်သိမ်းချိန်လွန်နည်းပညာအသုံးချဌာန၌စတီးဆိုင်လိုနှင့်ကွန်ကရစ်ဆိုင်လို (၂) လုံးရှိရာ သုတေသနပြုလုပ်စမ်းသပ်ချက်အရ စတီးဆိုင်လိုသည်အရည်အသွေးထိန်းသိမ်းမှုအပိုင်း၌အားနည်းပြီးဆန်ဝါသည့်ပြဿနာကိုကြုံတွေ့ခဲ့ရပါသည်။ အထူးသဖြင့် steel silo ၏ ကွေးထား သော စတီး သံပြားအချပ်တစ်ခုနှင့်တစ်ခုကြားထပ်သည့်နေရာတွင်ရှိသောစပါးအချို့သည်လုံးဝမဝါသည့်တိုင်ပျားရေဆမ်းအရောင်သို့ပြောင်းလဲသွားတတ်ကာဆန်အရောင်အသွေးကိုထိခိုက်စေပါသည်။ကွန်ကရစ်ဆိုင်လိုနှင့်လှောင်သောစပါးမှာလည်းreceivingsiloအဖြစ်အသုံးပြုခြင်းဖြစ်၍ ဆန်စက်တွင် ဆန်ကြိတ် ရန်အတွက်သာ လှောင်ခြင်းဖြစ်ရာ အချိန်ကာလမှ တိုတောင်းသည့်အတွက် စပါးအဝင်အထွက်ရှိနေသည့် အခါ စပါး “ဝါ“ သည့် ပြဿနာများမကြားခဲ့ရပါ။ ကုန်သွယ်/လယ်ယာခေတ်က ပုဂ္ဂလိက ဆန်စက်များ နည်းတူ ပုဂ္ဂလိကပိုင် သိုလှောင်ရုံများကို ငှားရမ်းအသုံးပြုခဲ့ပါသည်။ သို့သော် ပုဂ္ဂလိကများအနေဖြင့် ငှားရမ်း ခရငွေနှင့် သိုလှောင်ရုံကို နှစ်စဉ်ပြုပြင်ထိန်းသိမ်းခဲ့ရသာငွေမကာမိကြပါ။ စပါးကို သစ်သားဒေါက်စေ့ သိုလှောင်ရုံဖြင့် လှောင်သည့်အခါ အခန်းလိုက်သိုလှောင်ကြရပါသည်။ အထူးသဖြင့် စပါးအမျိုးအစား အလွန် များပြားသည့် မြန်မာနိုင်ငံ၌ စပါးအမျိုးအစားအလိုက်ခွဲခြားသိုလှောင်လေ့ရှိကြပါသည်။ စပါးအရည်အသွေး ထိန်းသိမ်းထားနိုင်ရေး ရှုဒေါင့်မှ သိုလှောင်ကြ ခြင်းမရှိကြပါ။ ဒေါက်စေ့သိုလှောင်ရုံထဲတွင် စပါးသိုလှောင်ရာ တွင် စပါးပုံအတွင်း ဝါးဖြင့်ပြုလုပ်သော လေခေါင်းတိုင်များကို ထိုးသွင်း၍ အပူဓါတ်လျော့ပါးစေရန် ဆောင် ရွက်ပေးပါသည်။ စပါးကို သိုလှောင်ထားစဉ် အပုံအတွင်းမှ အပူဓါတ်ဖြစ်ပေါ်မှုကြောင့် ပိုးမွှား၊ မှိုရောဂါများ ပေါက်ဖွားနိုင်ပြီးစပါးပျက်စီးနိုင်ပါသည်။ ထို့ကြောင့် စပါးပုံကို အထက်အောက်လှန်ပေးရန်အတွက် သိုလှောင် ရုံအတွင်း အခန်းလွတ်ရှိရမည့်ပြင် လုပ်သားလည်းလိုသောကြောင့် ကုန်ကျစရိတ်ရှိနိုင်ပါသည်။ ကုန်သွယ်/လယ်ယာခေတ်ကစပါးသိုလှောင်ရေးလက်စွဲစာအုပ်တွင်  (၃) လကြာသည့်အခါ အပုံပြောင်းပေးရန် စပါးအပုံ ကို အထက်အောက်လှန်ပေးရန် ညွှန်ကြားချက်များရှိပါသည်။ လေခေါင်းတိုင်များကိုလည်းစပါးပုံအတွင်းအပူဓါတ်လျော့ပါးစေရန်ပြည့်ပြည့်စုံစုံစိုက်ထူထည့်သွင်းထားရှိကြရပါသည်။မိရိုးဖလာနည်းလမ်းများအသုံးပြုပြီးအရည်အသွေးထိန်းသိမ်းကြခြင်းဖြစ်ပါသည်။ယခုအခါဆန်စက်များ၌ ဆန်မကြိတ်ခွဲမီ စပါးများကိုပီနံအိတ်တွင်ထည့်သွင်းသိုလှောင်လေ့ရှိကြပါသည်။ဝမ်းပုံ (bulk) သိုလှောင်သည့်အလေ့အထမှ အိတ်ဖြင့်သိုလှောင်သည့်အလေ့အထ သိုပြောင်းလဲသိုလှောင် လာကြခြင်းဖြစ်ပါသည်။

ယခုအခါကုန်သွယ်/လယ်ယာပိုင်ဆိုင်ခဲ့သော စပါးဆန်သိုလှောင်ရုံများကို အထူးပြုကုမ္ပဏီများ က ဒေသအလိုက် ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်မှတဆင့် လေလံဖြင့်ဝယ်ယူအသုံးပြုနေကြပြီဖြစ်ပါသည်။IDA ADB အကူအညီဖြင့် စပါး၊ ဆန်သိုလှောင်နိုင်သည့် ခေတ်မီသိုလှောင်ရုံများကို တည်ဆောက်ခဲ့ပါသည်။ အဆို ပါ သိုလှောင်ရုံများသည် မြန်မာနိုင်ငံရာသီဥတုနှင့် သင့်လျော်သည့် flat type storage warehouse များဖြစ် ပြီး သီးနှံအပူချိန် ထောက်လှန်းသည့် ကိရိယာများ၊ (temperature monitoring system) သီးနှံအပုံအတွင်း အအေးဓါတ်ပေးနိုင်သည့် aeration system များ၊ သီးနှံများ တစ်ခန်းနှင့်တစ်ခန်းလွယ်ကူစွာ ပြောင်းရွှေ့နိုင်ရန် စပါးသယ်ယူရေးကိရိယာများ (elevator, conveyor) များ၊ သီးနှံမသိုလှောင်မီ သန့်စင်ပေးနိုင်သည့် cleaner များ တပ်ဆင်ထားပါသည်။ အဆိုပါ သိုလှောင်ရုံများမှာလည်း ယခုအခါ ပုဂ္ဂလိကလက်ဝယ်သို့ အသီးသီး ရောက်ရှိနေပြီဖြစ်ရာ မူလတပ်ဆင်ထားသည့် ပစ္စည်းကိရိယာများကို ပြုပြင်မွမ်းမံပြီး စပါးများသိုလှောင်၍ အရည်အသွေးများထိန်းသိမ်းနိုင်ပါသည်။

 ၂၀၁၀ ခုနှစ်၌ ကောက်ပဲသီးနှံ သိုလှောင်နိုင်ရန်အတွက် လှိုင်သာယာ၊ ရွှေပြည်သာစသည့် စက်မှုဇုန်များ၌ အထူးပြုကုမ္ပဏီများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များသည် mega သိုလှောင်ရုံ အဆောက်အအုံများ ကိုဆောက်လုပ်လျက်ရှိပါသည်။ mega သိုလှောင်ရုံများထဲတွင် ခေတ်မီဆန်စက်များပါထည့်သွင်းတည်ဆောက် ပြီး၊ ဆန်စပါးလုပ်ငန်းများလုပ်ကိုင်လျက်ရှိသည်ကို တွေ့ရပါသည်။ ဆန်စပါးလုပ်ငန်းကို ပမာဏကြီးကြီးဖြင့် လုပ်ကိုင်နေသည့် အဖွဲ့အစည်းမရှိသေးသည့်အတွက် ဆိုင်လိုများကို သင်္ဘောတင်ရာတွင် အသုံးပြုသည့် storage facilities များအဖြစ် အသုံးပြုခြင်းမရှိသေးသည်ကို တွေ့ရပါသည်။ ထိုင်းနိုင်ငံရှိ ဆန်ကုမ္ပဏီကြီးများ သည် ဆိပ်ကမ်း၌ ကွန်ကရစ်ဆိုင်လိုများတည်ဆောက်ထားရှိပြီး ပြည်ပသင်္ဘောတင်ရန်ရှိပါက ဆိုင်လိုများထဲမှ ဆန်များကို specification အရ လိုအပ်သလို ရောစပ်၊ အိတ်သွတ်၊ သင်္ဘောတင်ပေးသည့် အပြင်အဆင်မျိုး တစ်နေ့ နေ့တွင်ရောက်ရှိလာမည်ဟု မောင်တိုင်ပင်ယုံကြည်ပါသည်။

ဆန်စပါးသည် ရာသီချိန်သီးနှံ (seasonal crop) ဖြစ်သည့်အတွက် ရာသီချိန်ပြင်ပ၌ စားသုံးနိုင် ရန်အတွက် သိုလှောင်ကြရခြင်းဖြစ်ပါသည်။ ယခင်မိုးစပါး သီးနှံတစ်မျိုးတည်းရှိချိန်၌ စပါးရိတ်သိမ်းပြီးနောက် ပိုင်း ပတ်ဝန်းကျင် စိုထိုင်းဆများသည့် မိုးတွင်းကာလတစ်လျှောက်လုံး စပါး (သို့မဟုတ်) ဆန်ကို သိုလှောင်ရ သည်ဖြစ်ရာ အရည်အသွေးထိန်းသိမ်းရေး ရှုဒေါင့်မှနေ၍ စပါး၊ ဆန်များကို မပျက်မစီးလက်တွေ့သိုလှောင် ကြရပါသည်။ ဆန်သည် ဖွဲနုကင်းစင်အောင် ကြိတ်ဖွပ်ထားပါက အချိန် (၃) လခန့် သိုလှောင်နိုင်ပါသည်။ ရက်ကြာကြာ ဆန်ကိုသိုလှောင်မိပါက ဆန်လုံးပတ်လည်တစ်လျှောက် ဖွဲကြောများထပြီး ဆန်အရောင်အသွေး ထိခိုက်နိုင်ပါသည်။ ထို့ကြောင့် (၃) လထက် ပိုမိုလှောင်ထားသော ဆန်များကို ပြန်လည်ကြိတ်ဖွပ်ခြင်း (re-milling) ပြုလုပ်ပေးရန်လိုအပ်ပါသည်။

မြန်မာနိုင်ငံ၌ နွေစပါးများစိုက်ပျိုးထုတ်လုပ်လာပြီးနောက်ပိုင်း စပါး ဆန်သိုလှောင်မှုပုံစံသည် ပြောင်းလာပါသည်။ ပြည်ပတင်ပို့ရန်အတွက် ဖြစ်စေ၊ ပြည်တွင်းစားသုံးရန်အတွက် သိုလှောင်သည်ဖြစ်စေ၊ အဓိကစပါးသီးနှံဖြစ်သည့် မိုးစပါးကိုပဲ အဓိကကိုင်တွယ်သိုလှောင်လေ့ရှိပါသည်။ နွေစပါးကို နောက်မိုးစပါးပေါ်သည်အထိ ပြည်တွင်း၌သာ အများဆုံးစားသုံးလေ့ရှိပါသည်။ ပြည်ပတင်ပို့ရန် အတွက် နွေစပါးကို ကြိတ်ခွဲလေ့မရှိကြပါ။

သစ်ဝါးပေါများသော မြန်မာနိုင်ငံ၌ အမြဲတန်းဒေါက်စေ့ဂိုဒေါင်  flat type timber warehouses) များကို အသုံးများကြပါသည်။ အမြဲတန်းဒေါက်စေ့ သစ်သားဂိုဒေါင်သည် စပါးကို မိုးဒဏ်၊ လေဒဏ်၊ ရာသီ ဥတုဒဏ်မှ အကာအကွယ်ပေးနိုင်ပါသည်။ သိုလှောင်ရုံအတွင်း အခန်းများဖြင့် ပိုင်းခြားထားသဖြင့် စပါးအမျိုး အစားမတူလျှင်ဖြစ်စေ၊ စပါးအစိုဓါတ်မတူလျှင်ဖြစ်စေ သီးခြားစီလှောင်နိုင်ပါသည်။ ကုန်သွယ်/လယ်ယာ ခေတ်က သိုလှောင်ရုံများ မလုံလောက်သည့်အတွက် ယာယီမြေစိုက်သိုလှောင်ရုံအထိပင် ဆောက်လုပ် သိုလှောင်ခဲ့ကြရပါသည်။ အဆိုပါ ယာယီမြေစိုက် သိုလှောင်ရုံများမှာ စပါးအရည်အသွေးကို မထိန်းသိမ်း သည့်အတွက် ယာယီအနေဖြင့်သာ လှောင်ခြင်းဖြစ်ပြီး၊ ကြိတ်ခွဲသည့်အခါ အဆိုပါယာယီမြေစိုက် သိုလှောင်ရုံ ထဲတွင်လှောင်ထားသည့် စပါးများကို ဦးစားပေးကြိတ်ခွဲကြရပါသည်။ သိုလှောင်စဉ်သည့်ကာလအတွင်း စပါး ကောင်းစွာမခြောက်သွေ့ပါက ဝါလာနိုင်သည့်ပြဿနာကြုံတွေ့နိုင်ပါသည်။ သိုလှောင်ရုံမှူးအနေဖြင့် စပါး၏ အစိုဓါတ်၊ စပါးပုံအတွင်း အပူဓါတ်ထုတ်လွှတ်မှုအခြေအနေကိုစစ်ဆေး၍ စပါးကိုအခန်းပြောင်းပေးရပါသည်။ ပိုးမွှားကာကွယ်ရေးလုပ်ငန်းဖြစ်သည့် စပါးပုံအတွင်း ပိုးမွှားမပေါက်ဖွားစေရန်ဖြစ်စေ၊ ဆန်ပိုင်ပုံကို ပလတ် စတစ်ကာဘာအုပ်၍ဖြစ်စေ၊ ပိုးသတ်မှိုင်းတိုက်လုပ်ငန်း အချိန်မှန်မှန်လုပ်ပေးသွားရန်လိုအပ်ပါသည်။

၂၁ ရာစု၊ ၂၀၁၀ ခုနှစ်၌ မြန်မာဆန်စပါးလုပ်ငန်းသည် ယနေ့အချိန်အထိ ဆန်စပါးလုပ်ငန်း cluster များသည် အချိုးညီညီတိုးတက်ဖွံ့ဖြိုလျက်ရှိသည်ဟု ဆိုနိုင်ပါသည်။ ပုဂ္ဂလိက ကဏ္ဍ၌ ဆန်စက်အသစ် ပေါင်း (၂၀) ကျော် တည်ဆောက်ခဲ့သည့်ပြင် ကုန်သွယ်/လယ်ယာပိုင်ဆိုင်ခဲ့သည့် ဆန်စက်များ၊ သိုလှောင်ရုံ များလည်း ပုဂ္ဂလိကလက်ဝယ်သို့ ownership ပြောင်း၍ရောက်ရှိနေပြီဟုဆိုနိုင်ပါသည်။ ရန်ကုန်မြို့၌ပုဂ္ဂလိကကုမ္ပဏီတစ်ခုမှပြည်ပတင်ပို့ရန်ကြိတ်ခွဲပေးနိုင်သည်ဆန်ပြန်လည်ကြိတ်ဖွပ်ရောနှောစက်ရုံကိုနေရာရွှေ့ပြောင်းတည်ဆောက်ခဲ့ရာသံမဏိဆိုင်လိုကြီးများပါပူးတွဲတည်ဆောက်ထားသည်ကိုအားရဖွယ်ရာတွေ့မြင်နိုင်ပါသည်။မိုးများသည့်ရန်ကုန်မြို့၌အဆိုပါဆိုင်လို(၁၀)လုံးကိုsteel structure အမိုးအကာဆောက်၍မိုးလုံလေလုံထားနိုင်ပါကအရည်အသွေးထိန်းသိမ်းရေးအပိုင်းမှစိတ်ချနိုင်မည်ဖြစ်မည်ဟုစာရေးသူထင်မြင်ယူဆပါသည်။သို့သော်သီးနှံကိုဆိုင်လိုတွင်မည်မျှအချိန်ကြာကြာသိုလှောင်မည်ဆိုသည့်အချက်ပေါ်လည်း မူတည်ပါသည်။

No comments: