Sunday, April 25, 2010

လျှပ်တပျက် စင်ကာပူ

မြေးလေးမွေးမှာဖြစ်လို့ စင်ကာပူကို ၂၀၁၀ခုနှစ် ဖေဖေါ်ဝါရီ လ တုံးကရောက်ခဲ့ပါတယ်။ စင်ကာပူကို အစိုးရ တာဝန်နဲ့ အကြိမ်ကြိမ်ရောက်ခဲ့ဘူးပါတယ်။ သို့သော်လည်းအစိုးရတာဝန်နဲ့ ဆိုတော့ တည်းရတာက ဟိုတယ်မှာ၊ သွားတော့သံရုံးကစီစဉ်ပေးထားတဲ့ ကား၊ မိုးလင်းမိုးချုပ် တာဝန်နဲ့ပဲအချိန် ကုန်နေရတော့ စင်ကာပူ ရောက်တယ် သာဆိုတယ်၊ စင်ကာပူရဲ့ အတွင်းသဏ္ဍာန်ဘယ်လိုရှိလဲဆိုတာလေ့လာချိန်မရခဲ့ဘူး။ စင်ကာပူကိုစိတ် ၀င်စားနေ တာတော့ကြာပါပြီ။ ကျွန်းနိုင်ငံဖြစ် ပြီး နိုင်ငံသေးသေး လေးဖြစ်ပေမဲ့ သူတို့ ခေါင်းဆောင်တွေ commercial hub ဖြစ်လာအောင် ဘယ်လိုလုပ်ခဲ့ ကြတယ်ဆိုတာ တော်တော်များများလည်းရေးပြီး ကြပါပြီ။ ဖတ်သင့် သလောက် လည်းဖတ်ပီးပါပြီ။ ဒါပေမဲ့ စင်ကာပူနိုင်ငံသားတွေ နေ့တဒူဝ ဘယ်လိုလှုပ်ရှားသွားလာနေထိုင်ကြ တယ်ဆိုတာ ကိုယ်တိုင်မြင်ချင်တွေ့ချင်တဲ့ ဆန္ဒရှိနေပါတယ်။

ပင်စင်ယူပြီးဖြစ်လို့ ဒီတခေါက်စင်ကာပူမှာ ၃ ပါတ်လောက်နေခဲ့ပါတယ်။ သမီးတို့လင်မယားငှားထားတဲ့ Clementi မှာ ရှိတဲ့ HDB တိုက်ခန်းမှာ တည်းခိုခဲ့ရတာပါ။ အသက် ၆၀ကျော်လို့ စင်ကာပူသံရုံးက multiple entry နဲ့ ဗီဇာ ၁ နှစ်ပေးပါတယ်။ ရန်ကုန်လေဆိပ်ကထွက်ကတည်းက လွတ်လပ် ပေါ့ပါးစွာ ထွက်ခဲ့ပါတယ်။ ယခင်အစိုးရတာဝန်နဲ့တုံးက VIP lounge ကနေဗိုလ်လို နက်တိုင်၊business suit စတာတွေဝတ်ပြီး ထွက်ရတာ နဲ့တော့ကွာခြားပါတယ်။ စပို့ရှပ်၊ကာကီဘောင်းဘီရိုးရိုး နဲ့ပြည်သူတွေကြား မှာပြည်သူတွေလိုပဲ လေဆိပ်ထွက်ခွာ ကနေထွက်ခဲ့ပါတယ်။ အရင်က စာရွက်စာတမ်းတွေကိုရုံးက အရာရှိ ကပဲလုပ်ကိုင်ပေးတော့ဘယ်အဆင့်မှာ ဘယ်လိုလုပ်ရသလဲဆိုတာမသိဘူး။ ကိုယ်တိုင်လုပ်ရတော နဲနဲလွဲချော်တာလေးတွေတော့ ရှိတာပေါ့လေ။ ဘာဘဲဖြစ်ဖြစ်စိတ်လက်ပေါ့ပါးစွာ Silk Air လေယာဉ် ပေါ်တက်ခဲ့ရပါတယ်။

ထုံးစံအတိုင်းပါပဲလေယာဉ်ပေါ်မှာ မြန်မာတွေအများကြီးပါ။ တတ်နိုင်သူတွေနဲ့ လူလတ်တန်းစားမြန်မာတွေဟာ စင်ကာပူ ကိုအိမ်ဦးနဲ့ ကြမ်းပြင်သွားလာနေကြပါပြီ။ မိတ်ဆွေစီးပွားရေးလုပ်ငန်းရှင်တစ်ဦး ဆိုရင် ရန်ကုန် က ညပိုင်း ထိုင်းလေကြောင်းနဲ့လိုက်လာ၊ ထိုင်းလေဆိပ်ထဲမှာရှိတဲ့ဟိုတယ်မှာအိပ်၊ နံနက်စောစောထွက်တဲ့ ဘန်ကောက်-စင်ကာပူလေယာဉ်စီး၊ စင်ကာပူ မှာ ဘဏ်သွားတာ၊အခြားတွေ့စရာလူတွေတွေ့ပြီးတာနဲ့ ညနေပိုင်းစင်ကာပူ-ဘန်ကောက်လေယာဉ်စီး၊ ဘန်ကောက်လေဆိပ်မှာ ဆက်ပြီးဘန်ကောက် - ရန်ကုန်ပျံတဲ့ ညပိုင်းလေယာဉ် ကို ဆက်စီး၊ ညပိုင်း ရန်ကုန်ရောက်၊ နောက်တစ်နေ့ နေပြည်တော်တက်၊ အဲဒီလိုစီးပွားရေးလုပ် နေ တဲ့ မြန်မာလူလတ်ပိုင်းစီးပွားရေးလုပ်ငန်းရှင်တွေလည်းအများအပြားရှိနေပါပြီ။

ဗိုက်ကြီးတကားကားနဲ့ သမီး၊သားမက်ကို ချန်ဂီလေဆိပ်လာကြိုနေတာကို immigration ကအထွက်မှာပဲတွေ့ လိုက်ရပါတယ်။ အိတ်ရွေးတဲ့ belt နားသွားစောင့်နေပြီး အိတ်ရောက်လာတာနဲ့ ဆွဲတင်ပြီးထွက်လာခဲ့ပါတယ်။ သမီးကို suit case သေးသေးလေး ဆွဲလာတာတွေ့ရတော့ ဘာလုပ်ဖို့လဲလိုမေးတော့ အချိန်မရွေးမွေးနိုင်တော့ ဗိုက်နာရင် ဘယ်နေရာကဖြစ်ဖြစ်ဆေးရုံ ပြေးလို့ရအောင်လိုအပ်တာတွေထည့်ထားတာတဲ့။ အဖေ trained လုပ်ထားတဲ့အောက်မှာ ကြီးပြင်းလာ ရတဲ့သမီး၊ အဲဒီ လိုစေ့စပ်သေချာစွာ စီမံထားတော့ စိတ်ထဲ မှာအလွန် ကျေနပ်မိပါတယ်။

သားမက်နဲ့အတူ သူတို့သူယ်ချင်းကိုလူအေးလည်း ပါလာတော့အဖေ နဲ့အတူလေဆိပ်မှာဓါတ်ပုံ ရိုက်လိုက်ကြ သေးတယ်။ ချန်ဂီလေဆိပ် taxi stand မှာ သွားတန်းစီပါတယ်။ စင်ကာပူမှာ စာရေးသူအကြိုက်ဆုံးကတော့ ဘာလုပ်လုပ် တန်းစီရမယ်ဆိုတဲ့ အသိက ပြည်သူအများစုရဲ့ခေါင်းထဲမှာရှိနေတာပါ။ မြန်မာနိုင်ငံမှာတန်းစီနေရင် ကျော်ဖြတ်ဝင်တဲ့အလုပ်ဟာ ထမင်းစားရေသောက်ဖြစ်နေပါတယ်။ဒီအကြောင်း ကိုလည်း စာရေးသူ ရေးဘူးပါ တယ်။လေ့လာကြည့် လိုက်တော့ ဒီလိုလူတွေဟာအများစုကအောင်ခြေလူတန်းစားတွေ များပါတယ်။ စင်ကာပူမှာလည်း Today သတင်းစာဝေနေတုံး ကြားဖြတ်ဝင်ပြီးသတင်းစာယူတာမျိုးတွေ့ ကြုံဘူးပါတယ်။ ဝေနေတုံးဆိုရင်တော့ သတင်းစာဝေနေတဲ့ senior citizen ကမပေးပါဘူး။နောက်မှာသွားတန်းစီခိုင်းပါတယ်။ ဘယ်လောက်ပဲ နောက် ကနေ တရုတ်လိုဆဲနေနေ လုပ်တဲ့သူကတော့ခပ်တည်တည်ပါပဲ။ မကြားချင် ယောင် ဆောင်နေပြီးထွက်သွားတာများပါတယ်။ ကိုယ်ထိ လက်ရောက်လုပ်တာမျိုးတော့ မတွေ့ခဲ့ ရပါဘူး။

သမီးတို့ HDB တိုက်ခန်းက bedroom ၂ ခန်း နဲ့ အခန်းသေးသေးလေးတစ်ခန်း ပါပါတယ်။ မီးဖိုခန်း၊ ဧည့်ခန်း၊ ရေချိုးခန်း အိမ်သာကတော့ compulsory ပါ။ အိပ်ခန်းသေးလေးတစ်ခုကိုတော့အိမ်ရှင်က သော့ခတ်ထား ပါတယ်။အိမ်လခ ကစင်ကာပူဒေါ်လာ ၁၆၀၀ ပါ။သမီးတို့ကတစ်ခန်းကိုပြန်ငှားထား ပါတယ်။ မြန်မာနိုင်ငံ မှာ မကြာခင်တတ်ပေးတော့မဲ့ အင်တာနက်၊တယ်လီဖုန်း၊တီဗီလိုင်းပါတဲ့လိုင်းလိုမျိုး စင်ကာပူ က HDB တိုက်ခန်း တွေမှာ ရှိတော့ကုန်ကျစရိတ်ကိုshare လုပ်ကြပါတယ်။furnished home လို့ ဆို နိုင်ပါတယ်။ ရေခဲသေတ္တာ၊ အ၀တ်လျှော်စက်၊ oven, water heater, air con: စတဲ့ အသုံးအဆောင်ပစ္စည်း တွေထားပေး ပါတယ်။ဒါတောင် full furnished မဟုတ်သေးပါ။ ဧည့်ခန်းသုံး ဆက်တီ၊ တီဗီတွေပါထားပေးရင် ၁၈၀၀ တောင်းတာနဲ့ မယူတော့ ဘူးပြောခဲ့ရတယ်လို့ သမီးက သူ့အတွေ့အကြုံကို ပြန် ပြောပြ ပါတယ်။

Clementi block 427 အောက် လမ်းတစ်ဘက်ကူးလိုက်ရင် wet market, နဲ့ ဆိုင်တွေရှိ ပါတယ်။ ဗမာ စားသောက် ဆိုင်တစ်ဆိုင်ကဗမာ ထမင်းဟင်း ရောင်းပါတယ်။ သမီးတို့အတွက် ဟင်းမချက်နိုင် ရင် ၀ယ် စားလိုက်ယုံပဲ။ တော်တော် အဆင်ပြေပါတယ်။ စင်ကာပူမှာ hawker centre လို့ခေါ်တဲ့ စားသောက် ဆိုင်တွေ HDB အဆောက်အဦး တွေအောက်မှာ ရှိပါတယ်။ သင့်တင့်မျှတတဲ့ ဈေးနှုန်းတွေနဲ့ အစား အသောက်မျိုးစုံ ကိုရောင်းချပါတယ်။ တရုတ်စာ၊ကုလားစာ၊မလေးစာ၊အကုန်ရတယ်။အချို့သော hawker centre တွေဟာ ၂၄ နာရီ ညလုံးပေါက် ဖွင့်ပါတယ်။နောက်စင်ကာပူသားတွေအမြဲဝယ် လေ့ရှိ တဲ့ FairPrice ဆိုင်တွေကလည်း နေရာတကာမှာရှိပါတယ်။

စင်ကာပူရောက်တာနဲ့ မနက်ဖက် ဘယ်မှာလမ်းလျှောက်ရမလဲဆိုတာသားမက် ကိုမေးကြည့် တော့အိမ်နားမှာ ပြေးလမ်း၊ဘောလုံးကွင်းပါတဲ့ stadium တစ်ခုရှိတယ်လို့သိရတယ်။ ဂုံးကျော်တံတားကျော်လိုက်တာနဲ့ stadium ကိုတွေ့နေရတယ်။ ဆရာဝန်က မနက်တိုင်း မှန် မှန်လမ်းလျှောက်ခိုင်းထားတော့ ရန်ကုန်မှာကတည်း ကမှန်မှန်လမ်းလျှောက်ဖြစ်ခဲ့ပါတယ်။ စင်ကာပူ ရောက်ပြီးနောက်တစ်ရက် မနက် ၆ နာရီလောက်ထသွားတော့ ပြေးလမ်း မှာ ပြေးသူတွေပြေး၊ လမ်း လျှောက်သူတွေလျှောက်နေတာတွေ့ရပါတယ်။ stadium ရဲ့ မလွယ် ပေါက်မှာ နံနက် ၄း၃၀ နာရီကစပြီး မလွယ်ပေါက် တံခါးကိုဖွင့်ပေးထားကြောင်း စာရေးထားတာကို ဖတ်ရပါ တယ်။ တံခါးကို timer နဲ့အချိန်ကိုက်ဖွင့်ပေးထားတာနဲ့တူပါတယ်။လူလာဖွင့်တာတော့မဖစ်နိုင်ဘူး။ စင်ကာပူမှာ နေခဲ့တဲ့ ၃ ပတ်လုံးလုံးပဲနနက် ၆ နာရီအရောက်သွားပြီး၁နာရီလမ်းလျှောက် ကျန်းမာရေး လေ့ ကျင့်ခဏ်း လုပ်ဖြစ်ခဲ့ပါတယ်။

သမီးကအဖေ ကို MRT ကော၊ဘတ်စ်ကားကောစီးလို့ရတဲ့ e-link card လုပ်ပေးထားပါတယ်။ လသုံးကတ်လိုမျိုးပေါ့။ ဒါပေမဲ့ ဒီကတ်က ကုန်သွားရင် ပြန်ဖြည့် လို့ရတယ်။ ကုန်မကုန် ကိုလည်း စက်မှာ check လုပ်လို့ ရတယ်။ ၁၅ နှစ် ခံတယ်လို့ ကျေညာထားတယ်။ ဒီကတ်ကိုပိုက်ဆံအိတ်ထဲ ထည့် ထား၊ MRT လိုင်းဝင် တာနဲ့ sensor ပေါ် ပိုက်ဆံအိတ်တင်လိုက်ယုံပဲ။ ကတ် ထုတ်စရာမလိုဘူး။sensorဆွဲအားတော်တော် ကောင်း တယ် လို့ဆိုနိုင်ပါတယ်။ ဘတ်စ်ကားပေါ်တက်လည်း အ၀မှာ ရှိတဲ့ sensor မှာပိုက်ဆံအိတ် ကိုကပ်လိုက်ယုံပဲ။ “တီ” ကနဲအသံထွက်လာရင် ဘတ်စ် ကားခပေး ပြီး ပြီဆိုတာဒရိုင်ဘာ ကသိလိုက်ပြီ။ အဆင်းကြရင်လည်း ပိုက်ဆံအိတ်ကပ်လိုက်ယုံပဲ။ ဘယ်မှာ ဆင်းလဲ ဆိုတာ chips မှာပေါ်နေတော့ ကျသင့်ငွေ ကိုဖြတိ လိုက်ပါတယ်။ လပေးမဟုတ်ပဲ ဘယ်ကနေ ဘယ်သွားမယ်ဆိုရင် တစ်ဒေါ်လာ deposit တင်ပြီး လက်မှတ်ဝယ်လို့ရတယ်။ လမ်းဆုံးကြ ရင် ကိုယ်ပေးထားတဲ့ deposit တစ်ဒေါ်လာ ကိုပြန်ထုတ်လိုက်ယုံပဲ။ အချို့ ကကားပေါ်မှာ လက်မှတ်ရောင်းတဲ့ စက်မှာ ငွေအကြွေတွေထည့်ပြီး လက်မှတ်ဖြတ်ကြတယ်။ ဘတ်ကားကို ဒရိုင်ဘာကပဲ ထိုင်ရာ မထ လက်မှတ်ရောင်းတာဝန် ကောတခါးအဖွင့် အပိတ်၊ စတဲ့ တာဝန်ပေါင်းများစွာကို သူတစ်ယောက် တည်း ကပဲလုပ်ပါ တယ်။

မသန်မစွမ်းသူတစ်ယောက်ကားပေါ်တက်မယ်ဆိုရင် ဒရိုင်ဘာကိုယ်တိုင် ထိုင်ရာက ထပြီး wheel chair ကိုတင်ပေး တယ်၊ခေါက်ပေး ပါတယ်။ ဆင်းတော့ လည်း ထိုင်ရာက ထပြီး ကူညီ လုပ်ကိုင်ပေးကြတာကိုတွေ့ ရပါတယ်။ နိုင်ငံကြီးသားပီသတဲ့ အပြုအမူတွေဟာချစ်စရာအတော်ကောင်းပါတယ်။ စင်ကာပူ ဟာ ပြည်သူ့နီတိ (moral) နဲ့ပတ်သက်လို့ တော်တော်လေ့ကျင့်ထားပြီးဖြစ်တယ်လို့ ထင်ပါတယ်။ကျောင်းတွေမှာ သင်ရိုးညွှန်းတမ်း ဘယ်လိုရှိသလဲ ဆိုတာစာရေးသူ မသိသေးပေမဲ့ ပြည်သူအများစုကတော့ လိုက်နာလုပ်ဆောင်နေတာကို တွေ့ရ ပါတယ်။ စာရေးသူတို့ ငယ်ငယ်က စိန် ပီတာကျောင်းမှာ moral ဆိုတဲ့ ဘာသာရပ် ကသင်ရိုးအချိန် ဇယား မှာ တစ်ပတ် ၂ - ၃ ကြိမ်လောက်ပါ ပါတယ်။ စာမေးပွဲ မရှိ လို့ကျောင်းသားအများ စုကစိတ်သိပ်မ၀င်စား ကြပေမဲ့ သင်တဲ့ သူကကောင်းရင် ခေါင်းထဲမှာ စွဲသွားပါတယ်။အဲဒီအချိန် ကတော့ moral နဲ့ physical Fitness training တစ်လှည့် စီဆိုတော့ အပြင်ထွက် လတ်ယားလတ်ယားလုပ်ရတဲ့ physical training ကိုကျောင်းသား အများစု ကကြိုက်ကြတာအမှန်ပါ။

နှစ်ပေါင်း ၄၀- ၅၀ ကျော် လုပ်ရကောင်းမှန်းမသိကြပဲ ပြည်သူနီတိ ကိုသင်ရိုး တွေကနေုပစ်ပယ်ထားကြတော့ မြန်မာပြည်သူ အများစုဟာ နိုင်ငံတကာစံချိန်တွေနဲ့ ယှဉ်ရင်သူများနောက်ရောက်နေကြတာကိုတော့ မငြင်းနိုင် ပါ။ ဒါကိုထောက်ပြတော့ အမေကျော်ဒွေးတော်လွမ်းတဲ့ ကောင်လို့များပြောကြမလားမသိပါ။

No comments: