Thursday, May 27, 2010

လျှပ်တပျက် စင်ကာပူ (၆)

စင်ကာပူရောက်တုံး ဆေးစစ်သွားပါလား လို့ သမီး ကမလာခင်ကတည်းကအကြံပြုတယ်။ ကောင်းသားပဲ လို့ ပြော လိုက်တော့ မိသားစုမိတ်ဆွေဆရာဝန် ဒေါက်တာမသဇင်ရှိတဲ့ Alexandra Hospital မှာ ရက်ချိန်းယူထား လိုက်ပါတယ်။ စာရေးသူ စင်ကာပူရောက်ပြီး၃- ၄ ရက် အကြာ ရက်ချိန်းယူ ထားတဲ့နေ့ မှာပဲ ဘယ်ကို လာရမလဲ လိုဒေါက်တာ မသဇင် ကိုမေးတော့ နံနက် ၈း၃၀ နာရီ မှာ အခန်း ဘီ ကို လာခဲ့ဖို့ ပြောပါတယ်။

ပထမဆုံးသွားတာဖြစ်လို့ taxi နဲ့သွားပါတယ်။ ၈နာရီ မခွဲခင်ရောက်သွားပြီးအခန်း ဘီ ဖက်လျှောက်လာ ခဲ့ပါ တယ်။ ဆေးရုံ ကသတ်သတ်ရပ်ရပ် ရှိပါ တယ်။ ဒေါက်တာ မသဇင် ကအစာ စားမလာဖို့ မှာ ထားတော့ ဘာမှ မစားခဲ့ ရသေးပါဘူး။ Registration ကောင်တာရှေ့မှာကိုယ်ရေးအချက်အလက်တွေကို ပြောခိုင်းပြီး ကွန်ပျူတာ မှာ ဖြည့် စွက်ပါတယ်။ စာရင်းပေးသွင်းပြီး ခေတ္တစောင့်နေရပါတယ်။ ခဏနေတော့ senior nurse ရောက် လာပြီး အင်္ဂလိပ်လိုပြောနိုင်မပြောနိုင်မေးပါတယ်။ နောက် အခန်းတစ်ခုထဲခေါ်သွားပြီး ကိုယ် အလေးချိန်ပါတယ်။ အရပ်တိုင်း ပါတယ်၊ ပြီးတော့ body mass index ကိုတွက်ပါတယ်။ blood pressure တိုင်းပါတယ်။ မျက်စေ့ အမြင် အာရုံ ကို တိုင်းထွာပါတယ်။ အကြား အာရုံ ကို လည် စစ်ဆေးပါတယ်။ ပြီးတော့မှ သွေးဖေါက်ပါတယ်။ ဆီးထည့်ဖို့ ဗူးလေးနဲ့ ၀မ်းထည့် ဖို့ ဂေါ်ပါတဲ့ ဗူးလေး ကို ပေးလိုက်ပြီး အိမ်သာ ၀င် ခိုင်းပါတယ်။ ဆီးနဲ့ဝမ်း ပါတဲ့ ဗူးလေးတွေကို senior nurse အခန်းထဲ ပြန်သွားထားလိုက်ပြီး ခေတ္တစောင့်နေရပါတယ်။

ခဏနေတော့ senior nurse ကရှေ့ ရောက်လာပါတယ်။ ultra sound နဲ့ x-ray ရိုက် ရမဲ့ အကြောင်းပြောပြီး အခန်းနံပါတ် ဘယ်လောက် ကို သွားပါ ဆိုပြီးပြော ပါတယ်။ imaging unit အခန်းဝမှာ registration လုပ်ရပါတယ်။ shirt ကို ချွတ်ပြီး ဆေးရုံဝတ်စုံ အစိမ်းကိုဝတ်ရပါတယ်။ ပထမ ဆုံး x-ray အခန်းထဲမှာ x-ray အရင် ရိုက် ရပါတယ်။ ultra sound အခန်းရောက်တော့ ခဏစောင့်နေရပါတယ်။ အဆင်သင့်ဖြစ်တော့ ၀င်သွားတဲ့ အခါ ဆရာဝန်မ ကမြန်မာ လိုပြောပါတယ်။အော်- မြန်မာ ဆရာဝန်မ ကိုး၊ ultra sound ကို မြန်မာနိုင်ငံမှာ အကြိမ် ကြိမ် ရိုက်ဘူးပါတယ်။ အလွန်ဆုံးကြာလှ ရင် ၅ မီနစ်ပါ။ ဒီဆရာဝန်မ ကတော့ ၀မ်းဗိုက် တစ်ခုလုံးဖင်ပြန်ခေါင်းပြန် ကို ကြည့်တာပါပဲ။ စုစုပေါင်း ကြာချိန် ၄၅ မိနစ်လောက်တော့ရှိမယ် ထင်တယ်။ ဒါလောက် ကြာတော့ စာရေးသူလည်း လန့်လာတယ်။ ရောဂါကြီးကြီး များတွေ့နေလို့လားလို့။ မြန်မာဆရာဝန်မ ဆိုတော့ ပိတ်ဟောက်လိုက်မှာ လည်း ကြောက်သေး၊ မမေးရဲဘူး။ ပြီးတော့မှ ဦးမျိုးဦး အားလုံကောင်းပါတယ်၊ Fatty Liver တော့ နည်းနည်း ရှိတယ်၊ဒါလည်းစိုးရိမ်စရာမဟုတ်ပါ၊ ဆိုမှ ရင် ထဲကအလုံးကြီး ကျသွားပြီး ဒေါက်တာ ကအကြာကြီးစမ်းနေတော့ကျွန်တော်တော်တော်စိုးရိမ်နေ တာ လို့ပြောတော့ ဆရာဝန်မ ကသေချာ အောင် ထပ်ပြန်တလဲလဲကြည့်နေရလို့ပါ လို့ ဖြေပါတယ်။ ဒါနဲ့ မရဲတရဲ မြန်မာပြည်မှာ ultra sound ရိုက်ရင် ဒါလောက် မကြာဘူးနော် လို့ပြော မိတော့ ဆရာဝန်မ ကပြုံး ပြတယ်။ အဓိပ္ပါယ် ရှိတဲ့ အပြုံးပေါ့။

ultra sound ရိုက်ပြီးတော့ Room B ကို ပြန်သွားပြီး senior nurse နဲ့တွေ့ပါတယ်။ nurse ကနေ့ လည် ၁နာရီ ကြ ရင် tread mill ပြေးရမှာ ဖြစ်ကြောင်းပြောပါတယ်။ အခု ဆရာဝန်တစ်ဦးနဲ့တွေ့ ပြီး prostate စစ်ရမယ်၊ ပြီး ရင် lunch စားနိုင်ပြီ ဖြစ်ကြောင်းပြောပါတယ်။ ခဏနေတော့ ဆရာဝန် ခန်းထဲဝင်ပြီး prostate အစစ်အဆေး ခံပါတယ်။ မြန် မာ ပြည်မှာ လိုပါပဲ။ စအိုထဲလက်နှိုက် စစ်ဆေးတာပါပဲ။ ဆရာဝန်မေးတဲ့ မေးခွန်းတွေဖြေပြီး တဲ့အခါ မနက်ပိုင်းဆေးစစ်တဲ့ လုပ်ငန်းပြီးပါပြီ။

ဒါနဲသမီး နဲ့အတူတူLunch စားဖို့ ဆေးရုံ canteen ကိုသွားပါတယ်။ ၁၁း၄၅ နာရီ ရှိနေပြီ ဖြစ် လို့ lunch စားသူတွေတော်တော်များများ ရှိနေပါပြီ။ဆေးရုံက complimentary lunch လည်းပေးပါတယ်။ ပေါင်မုန့်၊ ကြက်ဥ ကြော် နဲ့ ဘေကင်ပါ။ မနေ့ကည ၁၀ နာရီကထဲ ကအစာ မစားထားတော့ ဗိုက်တော်တော်ဆာနေပါပြီ။ ဆေးရုံ က ပေးတာက breakfast ဆိုတော့ lunch အတွက် ခေါက်ဆွဲပြုတ် ထပ်စား လိုက်ပါသေးတယ်။ ဗိုက်ဖြည့် ပြီး ဆေးရုံ lobby ထဲမှသွားနားနေကြပါတယ်။ အဲဒီ အချိန် က သမီး က ကိုယ်ဝန် ၃ လလောက်လွယ်ထားရတော့ သူလည်း ဖအေနောက် လိုက်သာ လိုက် ရတယ်၊သူလည်းနားချင်ပြီပေါ့။

ဆေးရုံထဲမှာ ဟို ကြည့် ဒီကြည့် နဲ့ အချိန် ၁ နာရီ ထိုးတော့ CARDIC Unit ကိုသွားကြပါတယ်။ အပေါက် ၀မှာ registration လုပ်ပြီးထိုင်စောင့်နေရပါတယ်။ ဆေးရုံမလာခင်ကတည်းက ဘောင်းဘီတိုနဲ့ walking shoes ယူလာဖို့ မှာ ထားပါတယ်။ registration desk ကစာရေးမ က ဘောင်းဘီ လဲထားဖို့ပြောပါတယ်။ ဒါနဲ့ ဘောင်းဘီ နဲ့ ဘိနပ် လဲထားပြီး ထိုင်စောင့်နေပါတယ်။ ခဏနေတော့အထဲဝင်ဖို့ ခေါ်ပါတယ်။ ဗမာ nurse နဲ့ ဗမာ ဆရာဝန် တွေ့ပါတယ်။ nurse ကတော့ အလုပ်လုပ်နေတာ၊ ဆရာဝန်ကတော့ သင်တန်းလာတက်နေတာ။ tread mill ပြေးတဲ့ အတွေ့ အကြုံ ကရှိထားပြီးသားဆိုတော့သိပ်မခက်ပါ။ Stage 3 အထိ ဂ မိနစ် ပြေးနိုင်ခဲ့ပါ တယ်။ ဒါပေမဲ့ resting period မှာ လိုအပ်တဲ့ အချိန် အတွင်း ပုံမှန်နှလုံးခုန်နှုန်း ကို ပြန်မရောက်လာဘူးလို့ ပြောပါတယ်။ဗမာ ဆရာဝန်က သေချာ ရှင်းပြပါတယ်။further examination လုပ်သင့်ကြောင်းအကြံ ပြုကြ ပါတယ်။ ဒါနဲ့ဘာလုပ် သင့် လဲ လို့မေးတော့ angiogram မရိုက်ခင် အဆင့် တစ်ခုရှိကြောင်း exercise stress echocardiography လုပ်သင့်ကြောင်းပြောပါတယ်။ tread mill တော့ပြန်ပြေးရမယ်။ စိတ်ထဲမှာတော့ တော်တော် စိုးရိမ်သွားတယ်။ဒါနဲ့ သမီးနဲ့ တိုင်ပင်ပြီးနက်ဖြန်တစ်ခေါက်လာပြန် အစစ်ခံမယ်ဆိုတော့ နောက်နေ့ ၈း၃၀ နာရီချိန်းလိုက်ပါတယ်။ ထုံးစံအတိုင်းအဲဒီည ကတော့တော်တော်နဲ့ အိပ်မပျော်ခဲ့ ဘူး။

နောက်နေ့သမီးနဲ့တူတူဘတ်စ်ကားစီးပြီးလမ်းလျှောက်သွားကြတယ်။ မနက် ၈း၃၀ ဆိုတော့ဝန်ထမ်းတွေကော လူနာတွေကော တဖွဲဖွဲ ရောက်လာကြတယ်။ ချိန်းတဲ့နေရာမှာ ရောက်တော့ စာရေးမ မရောက်သေးဘူး၊ ထိုင်စောင့် နေရသေးတယ်။ ခဏနေတော့ဘောင်းဘီလဲ၊ ဘိနပ်ဝတ်ပြီး tread millအခန်းထဲဝင် သွားတော့ echo စစ် တဲ့ကိရိယာတွေအဆင်သင့် ဖြစ်နေပြီ။ nurse က မနေ့ကလိုပြေးပြီးတာနဲ့ ချက်ချင်းပဲဘေးက ကုတင်ပေါ် ကိုလှဲချပေးဖို့ ပြောပါတယ်။ timing အကိုက်လုပ်ရမှာ ဖြစ်လို့ အရေးကြီးကြောင်းပြောပါတယ်။ အဲဒီနေ့ ကတော့ ဗမာ nurse ကိုမတွေ့ဘူး၊ ဗမာ ဆရာဝန်ပဲတွေ့တယ်။ nurse တွေကစက်ကိရိယာများကို မိမိကိုယ်ပေါ်မှာ ချိတ်နေတာ ကို ဆရာဝန်ကြီး ကိုယ်တိုင်ကြည့်နေပါတယ်။ ဆရာဝန်ကြီး ဆိုပေမဲ့ အသက် ၄၀ ကျော်လောက်ပဲ ရှိပါသေးတယ်။ စင်ကာပူမှာ ဆရာဝန်တော်တော်များများ ကအသက်သိပ် မကြီးသေးတာ ကိုတွေ့ ရပါတယ်။ ပြီးတော့ tread mill ပြေးပါတယ်။ အဲဒီနေ့ ကလည်း stage 3 အဆင့် အထိပြေးခဲ့ပါတယ်။ ရပ်လိုက်တာနဲ့ ဘေး ကုတင်ပေါ်လှဲချခဲ့ပါတယ်။ nurse တွေကတော့ကြိုးတွေ၊ခလုတ်တွေနဲ့ အလုပ်ရှုပ်နေကြပါတယ်။

စာရေးသူကတော့မောတာက တစ်ကြောင်း၊ စိုးရိမ်တာကတစ်ကြောင်း၊ သောကဗျာပါဒါများနေပါတယ်။ ပြီးသွားပြီလို့ nurse ကပြောတော့မှ စိတ်ဒုံးဒုံးချ ရပါတယ်။ tread mill တစ်ခါပြန်ပြေးရရင် မလွယ်ပါ။ ဂျင် မှာ ပြေးတာနဲ့ မတူပါ၊ ဂျင်မှာ ပြေးရတာကစိတ်လွတ်ကိုယ်လွတ်ပြေးရတာပါ။ အ၀တ်လဲပြီး registration အခန်းရှေ့ ကခုံမှာ ခြေပစ်လက်ပစ်ထိုင် လိုက်ပါတော့တယ်။ မောပြီး ရင်ထဲမှာတော့ တထိပ်ထိပ်နဲ့ပါ။ နာရီဝက်လောက်ကြာတော့ အခန်းထဲကိုဆရာဝန်ကြီးနဲ့တွေ့ ဖို့ခေါ်ပါတယ်။ ဆရာဝန်ကြီး ကဒုတိယ အကြိမ် echocardiography လုပ်ကြည့် တော့ နှလုံးအခြေအနေကောင်းကြောင်းပြောပါတယ်။ စိတ်ထဲမှာတော့ ၀မ်းသာ လိုက်တာ ၀မ်းသာ လိုက်တာ နဲ့ ထခုန် မိမတတ်ပါပဲ။ ကွန်ပျူတာပေါ်မှာပေါ်နေတဲ့ စာရေးသူ ရဲ့ သွေး အဖြေ ကို ကြည့် ပြီး ကိုလက်စထရော များနေကြောင်း၊ မကောင်းတဲ့ ကိုလက်စထရော HDL ဖြစ်နေကြောင်း၊ အဆီ စားတာလျှော့ ရမှာ ဖြစ်ကြောင်း၊ medication ကို သေချာပေးလိုက်မှာ ဖြစ်ကြောင်း၊ ဆေးမှန်မှန်စားပြီး နောက် ၃ လ နေရင် မြန်မာနိုင်ငံမှာ ကိုလက်စထရော ပြန် စစ် ရမှာ ဖြစ်ကြောင်းစေ့စေ့စပ်စပ်ပြောပါတယ်။

သမီးဘဏ်ကဒ်ထဲက စင်းဒေါ်လာတွေကတော့ လျှောကနဲ လျှောကနဲပေါ့။ စိတ်ထဲမှာ ပေါ့ပါးစွာနဲ့ အခန်းဘီကို သားအဖနှစ်ယောက်ပြန်လာကြပါတယ်။ ဒေါက်တာမသဇင်လည်း ရောက်နေတာနဲ့သူနဲ့ ဆက်တွေ့ရပါတယ်။ သူကလည်း အဖြေတွေကိုကြည့် ပြီး ဘယ်လိုနေရမယ် ထိုင်ရမယ်ဆိုတာပြောပါတယ်။ နောက် စာရေးသူရဲ့ Health Screening Report ကိုသေသပ်လှပစွာချုပ်ထားတဲ့စာအုပ်လေးတစ်အုပ်ပေးပါတယ်။ ဆေးစစ်တာ မြန်မာငွေ ၅-၆ ပုံးလောက်တော့ ကုန်တယ်ထင်ပါတယ်။ ဒါပေမဲ့ ကိုယ်စိတ်ထဲမှာတော့ ပထမနေ့ဆေးစစ်ပြီးအိမ် ပြန်ရောက် ရောက်ချင်း ခရမ်း ဆရာ ဦးချစ်တင် နှလုံးအားတိုးဆေး ၂ လုံးသောက် လိုက်တာရယ်၊ ဒုတိယနေ့ ဆေးရုံမလာခင် ဆေး၂လုံးကြိုတင်သောက်လိုက်တာရယ်ကြောင့် echocardiography ရိုက် တဲ့ အခါ အောင်မြင် သွားတယ်လို့ ယုံ ကြည်မိပါတော့တယ်။

Wednesday, May 26, 2010

လျှပ်တပျက် စင်ကာပူ (၅)

လျှပ်တပျက် စင်ကာပူ (၅) ကတော့ စာရေးသူရေးတာ မဟုတ်ပါဘူး၊ mysing-ning website ကနေ ကူးယူဖေါ်ပြတာပါ။ (Link မှာ ကြည့်ပါ) အခုလောလောဆယ် ကြုံတွေ့နေရတဲ့ ရန်ကုန်၊မန္တလေး ကကျွတ် ကျွတ်အိတ် ပြသာနာ ကို စင်ကာပူ မှာ ဘယ်လိုရှင်းသလဲ ဆိုတာ ပါနေတော့ အများ သူငါ သိရအောင် post တင် လိုက်တာပါ။ တကယ်တော့ကျွတ်ကျွတ်အိတ်ဟာ မြန်မာတွေ ကြားမှာအသုံးများနေပါပြီ၊ အသုံးလည်း ၀င် နေပါပြီ၊ ဇွတ် အတင်း ပိတ်ပင်မဲ့အစား လူတွေစည်းကမ်းရှိလာအောင် လုပ်ဖို့ ရယ်၊ ကျွတ်ကျွတ်အိတ် ကို အစအန မကျန်ရအောင် မီးရှို့ပစ် လိုက် ဖို့ရယ်၊ ဒါပဲ လိုတာပါလား ဆိုတာသိလာရပါတယ်။ဘယ်သူမှန် တယ် မှားတယ် ဘာမှ မပြောပါ၊ ဥာဏ်ရှိသူတွေဘယ်လိုလုပ် ကြသလဲဆိုတာသိအောင်ပါ။ ကူးယူဖေါ်ပြရတာခွင့်လွှတ်ပါ။

စာဖတ်သူ ပရိတ်သတ်ကြီးကို လေးစားစွာဖြင့်  ဂါဝရပြုလိုက်ပါတယ်။ တကယ်တော့ မောင်စူးစမ်းပာာ စာရေး ဆရာ တစ်ယောက်မပာုတ်ပါဘူး သွင်းကုန်အစားထိုးလုပ်နေတဲ့  လုပ်ငန်းရှင်တစ်ယောက်ပါ။ဒါပေမဲ့  ယနေ့ ကြားနေရတဲ့ မြန်မာပြည်သားတွေရဲ့ ဒုက္ခ နှင့်  ပတ်သတ်ပြီး ထွက်ပေါက်လေးတစ်ခုဖြစ်လေမလားဆိုပြီးရောက်ခဲ့ ဖူးတဲ့ ကျွန်းနိုင်ငံလေးအကြောင်းကိုရေးဖြစ်ခဲ့ပါတယ် ။

၁၉၉၅ ခု ဧပြီလ မှာ ချန်ဂီလေဆိပ်ကြီးကိုရောက်ခဲ့ပါတယ်။ ပြီးတော့အပြင်ကိုထွက်လာပြီးသူငယ်ချင်းရဲ့ လိပ်စာ ကို ခပ်တည်တည် နှင့် ပြပြီး အဌားယာဉ်ကို ( တက္ကစီ ) ကိုဌားစီးခဲ့တယ်။ ဒါပင်မယ့်  ငွေလဲရန် မေ့သွား ခဲ့တယ် ။ US ဒေါ်လာ ပဲပါသွားတာမို့ားပေါ်မှာအခက်ကြုံရတယ် ။ကားသမား ကကိစ္စမရှိပါဘူး ။ ပာိုရောက်မှ ကျသင့် ငွေကို သူငယ်ချင်းထံမှယူပေးလျှင်ရကြောင်း ပြောပါတယ် ။ သြော် စင်္ကာပူ လူမျိုး က ဖြစ်တတ်တဲ့ သဘောနဲ့ တစ်ဖက်သားစိတ်မညစ်ရအောင် ဖြေရှင်းတတ်ပါလားလို့ ကောက်ချက်ချမိတယ်။

စင်္ကာပူ မြေကိုရောက်ရောက်ခြင်း သတိထားမိတာက အရာအားလုံးပာာ သဘာဝ အရောင်အတိုင်း ဖြစ်နေ တာကို တွေ့ ရတယ် ။ နေရာတိုင်းမှာ ဖုန်မှုန့် လေးတွေ မရှိအောင် နေရာတိုင်းမှာ မြေလွတ်တိုင်းကို မြက်ခင်း တွေ စိုက်ထားတာကိုတွေ့ရတယ်။

ဒီလိုနဲ့ သူငယ်ချင်းထံရောက်တော့ လိုတာလေးတွေဝယ်ရအောင် ဈေးကိုသွားကြတယ်။ဈေးရဲ့ ရှေ့ ကားဝင်ထွက်လွယ်မည့် နေရာတစ်နေရာမှာ ပေ (၂၀ ) ပတ်လည် အုတ်နံရံ နဲ့ အမြင့် ပေ (၁၂ ) ပေလောက်ရှိပြီး (၃ ) ဘက်ပိတ်အပေါ် ( ၁ ) ပေ ခန့်  သံဇကာ နဲ့ကာထားတဲ့အဆောက်အဦးလေး တစ်ခု တွေ့ တော့စူးစမ်းကြည့် မိတယ် ။သူတို့ ကအထဲကိုဖွင့်ပြတယ် ။ (၄ )ပေ ပတ်လည် အမြင့် (၄ ) ပေလောက်ရှိတဲ့  ပုံးကြီး တွေ အပြည့် ထည့် ထားတယ် ။ တစ်ချို့ ပုံးတွေကအောက်မှာ ဘီးလေးလုံး တပ်ထားတယ် ။ ဈေးသိမ်းချိန်ရောက်တော့ အဲဒီ့ ပုံးထဲ ကိုဆိုင်ရှင်တိုင်းက သူတို့ရဲ့  အမှိုက်တွေကို ကျွတ်ကျွတ်အိတ်တွေနဲ့လုံအောင်ထုပ်ပြီး လာထည့် ကြတယ် ။ ပုံးသေးကနေ ပုံးကြီးထဲကိုပြောင်းထည့် တယ် ။ပုံးကြီးကနေ ပာိုက်ဒရေလစ် ကားကြီးထဲကို ပြောင်းတယ် ။တစ်နေ့ စာတစ်နေ့ ဆိုတော့ ဘာအနံမှ မထွက်ဘူးပေါ့ ။

ထူးဆန်းတာက ကျွတ်ကျွတ်အိတ်တွေ အမှိုက်တွေ ဘယ်သွားသလဲ ။ ရေမြှောင်းထဲလား ၊အမှိုက်ပုံပေါ်လား ၊ ပင်လယ်ထဲလား ပေါ့ ၊ ရေမြှောင်းတွေ ကြည့် လိုက်တော့မိုးရွာရင်ရေရှိတယ် ၊ မိုးမရွာရင် ရေမရှိဘူး ပြီးတော့ ရေမြှောင်းတွေရဲကြမ်းခင်းကို (ပစောက်)( ပ ) ပုံစံခင်းထားကြတယ် ။အိမ်သုံးတဲ့ရေတွေဘယ်သွားလဲ ဆိုတော့ မြေအောက်ပိုက်လိုင်းကနေ တစ်ဆင့်  ရေသန့် ဌာန ကိုရောက်သွားတယ်။ နိုင်ငံသေးတော့ လုပ်နိုင်တာပေါ့ ။

အဓိက က ကျွတ်ကျွတ်အိတ် တွေ ဘယ်သွားလဲဆိုတာကို လိုက်စူးစမ်းကြည့် တော့ လူနေရပ်ကွက်နဲ့ နည်းနည်း လှမ်းတဲ့ နေရာမှာ ပေ (၅၀ ) ပတ်လည် ( ၅ )ထပ် တိုက်လောက်မြင့် တဲ့ အဆောက်အဦး တစ်ခုကို ရောက်သွား တယ် အပြင်ကနေ လှမ်းကြည့်ရင် စက်ရုံလေးတစ်ရုံလိုပဲ သန့် ရှင်းလှပ နေတယ်။ အလှသစ်ပင် တွေလည်း စိုက် ထားတယ် ။ အဆောက်အဦးရဲ့အလယ်မှာ ခေါင်းတိုင်အရှည်ကြီးတစ်လုံးရှိတယ် ။အဲဒီအဆောက်အဦးရဲ့ လေးထပ် မြောက်အထိ အမှိုက်ကားကြီးကို ပတ်မောင်းရတယ် ။ ပြီးတော့ပာိုက်ဒရောလစ်ပါဝါ နဲ့ လှန်ချလိုက်တာ တစ်မိနစ် အတွင်းမှာ ပဲ ကျွတ်ကျွတ်အိတ်အပါအဝင် အထပ်သား အတိုအစ အမှိုက်ပေါင်းစုံ သံတိုသံစ အစုံ CNG (စီအန်ဂျီ ) ရဲ့ တန်ခိုး နဲ့ ပြာဖြစ်သွားပါတယ် ။ တစ်ဖက်မှာတော့ ဓါတ်မြေသြဇာတွေ ၊ သံခဲ၊သတ္ထုခဲ တွေ ပြောင်း သွားတယ် ။ ကျွတ်ကျွတ်အိတ် ကတော့ လောင်စာ ဖြစ်တာမို့အခိုးအငွေ့ ဘဝ ကိုရောက်သွားတယ် ။ အဓိက ကျွတ်ကျွတ်အိတ် ပြသနာ က လူတွေ စည်းမဲ့ကမ်းမဲ့ ရေမြှောင်းထဲ ကိုစွန်ု့ ပစ်တယ် ။ အမှိုက်ပုံးထဲ ကို မထည့့် ဘူး။ရေမြှောင်းတွေပိတ် ၊ ရေတွေ နစ် ၊ လမ်းတွေရေဖုံး ၊ လမ်းတွေပျက် ၊ ဒါကြောင့် ဆိုးကျိုးတွေ ပေါ်လာတယ်။

အဲဒီတော့ ကူးစက်ရောဂါတွေ ဖြစ်မှာဆိုးလို့ ကျန်းမာရေး ပညာပေးတဲ့ တစ်ခါသုံး လက်အိတ်တွေ အမှိုက်သိမ်းဖို့ ကျွတ်ကျွတ်အိတ် အမဲ အထူတွေ ကုန်မျိုးစုံထုတ်တဲ့ အရွယ်ပေါင်းစုံ ကျွတ်ကျွတ်အိတ်တွေ ဒါတွေ မရှိရင် ကူးစက်ရောဂါ တွေ ပိုလာမှာလား ။ စက္ကူ တွေ အစားထိုးခဲ့ရင်သစ်တောပြုန်းတီးမှုတွေ ပိုလာမှာလား။ စဉ်းစား စရာ ဖြစ်လာတယ်။

ဒါမှမပာုတ် ဈေးရုံကြီးများရှေ့ မှာ ၊ ရပ်ကွက်တိုင်းမှာ အမှိုက်သိမ်းတဲ့ အဆောက်အဦး လေးတွေ စနစ်တကျ ဆောက်ပြီး စနစ်တကျ သယ်ပြာချ ပစ်မလား။ ရေမြှောင်းတိုင်းကို ရေးစီးရေလာကောင်းအောင် သက်ဆိုင်ရာ ပညာရှင်များနှင့် စနစ်တကျ ပြု ပြင်မလား ၊ ကျွတ်ကျွတ်အိတ် တွေနဲ့ အမှိုက်ပုံးထဲကို စနစ်တကျထည့် ၊ အမှိုက်ပုံး ကတစ်ဆင့်စုရပ်ကိုပို့ ၊ လက်ရှိရေမြှောင်းတွေပိတ်ဆို့နေတော့ ကျွတ်ကျွတ်အိတ် များကိုပါ မီးရှို့ ပြာချပစ်ရင် CNG(စီအန်ဂျီ ) ပေါတဲ့ ဒီနိုင်ငံပာာ ကျွတ်ကျွတ်အိတ် ကို ကြောက်ဖို့လိုမှာလား ။ စဉ်းစား စရာတွေ ဖြစ်လာတယ်။ ဒါကြောင့် ဘယ်သူ့ ကိုဘယ်ကစပြီးဘယ်လိုပြောရမှန်းမသိ လို့ အင်တာနက် ထဲကနေ ထည့် ပေးလိုက်ပါတယ် ။။။။။။

အားလုံးကိုလေးစားလျှက်။။။။။
ကိုကြည်ဝင်း ( စ )

Monday, May 24, 2010

လျှပ်တပျက်စင်ကာပူ (၄)

စင်ကာပူရောက်နေတုံး တီဗွီ မှာ ကော Strait Times သတင်းစာမှာ ကော HSBC ဘဏ် က Women’s Champion Golf Tournament ကို Tanah Merah Country Club မှာ ၂၀၁၀ ခု နှစ် ဖေဖေါ်ဝါရီ လ ၂၅ - ၂၈ မှာ ကျင်းပ ပြုလုပ်မှာဖြစ်ကြောင်းတွေ့ လိုက်ရပါတယ်။ ဒီအခွင့် အရေးကိုမလွတ်ချင်တာနဲ့ ဘယ်ရက်မှာ သွား ကြည့် ရင်ကောင်းမလဲဆိုတာစဉ်း စား လိုက်တော့ စဖွင့် တဲ့ ၂၅ရက် ကို ကျော်ပြီး ဒုတိယနေ့ ၂၆ ရက်မှာ သွား ကြည့်မယ်၊ ၀င်ကြေး ကလည်း စင်းဒေါ်လာ ၂၀ ဆိုတော့သင့်တယ်၊ ၂၇ နဲ့ ၂၈ က စနေ၊တနင်္ဂနွေ ဆိုရင် လူများမယ်၊ ၀င်ကြေးက လည်းဈေးများတယ်၊ စင်းဒေါ်လာ ၄၀ များတောင်ပေးရမယ်၊ ဒါနဲ့ ပဲ ၂၆ ရက် ကို လက်မှတ် ကြိုတင် ၀ယ်ဖို့ ဘယ် လိုလုပ်ရမလဲ ဆိုတာ The Strait Times ကြော်ငြာ မှာ ကြည့် လိုက်တော့ SISTIC မှာဝယ်ရမယ် လို့ ဖေါ်ပြထားတယ်။

SISTIC ဆိုတာ ဘာပါလိမ့် ဆိုတာသိချင် လို့အင်တာနက် ကို ၀င်ကြည့် ရတယ်။ SISTIC က ၁၉၉၁ ခုနှစ်မှာ တည်ထောင်တဲ့ လက်မှတ်ရောင်းပေးတဲ့ ၀န်ဆောင်မှု ကို လုပ်ပေးတဲ့ လုပ်ငန်းတစ်ခုပဲ၊ သူ့ဆောင်ပုဒ် ကတော့ Connecting people to Entertainment တဲ့။ စင်ကာပူမှာ လုပ်တဲ့ ပွဲ တွေအားလုံးအတွက် လက်မှတ်ရောင်း ပေးတာပါ။ အားကစား၊၊ အနုပညာ၊ ပြဇါတ်၊တေးဂီတဖျော်ဖြေပွဲ၊စသည့် ပွဲအားလုံး ကို on line ကတဆင့် လက်မှတ် ရောင်းတဲ့ ၀န်ဆောင်မှု ကို လုပ်ပါတယ်။ SISTIC ရဲ့ ကွန်ယက်ဟာ မလေးရှား၊ အငိဒိုနီရှား၊မကာအို ထိ ပါဝင်ပါတယ်။ ပြပွဲ လုပ်ဖို့ နေရာထိုင်ခင်းက်ု လည်းစီစဉ်ပေးပါတယ်။ စာရေးသူမရောက်ခင် Singapore Airshow 2-7 Feb 2010 အတွက် SISTIC ကပဲ လက်မှတ်ရောင်းပေးခဲ့တာပါ။

ဒါနဲ့သမီးကွန်ပျူတာနဲ့ SISTIC wesite ကို on line ၀င်ကြည့် ပြီး ၂၆ရက်နေ့လက်မှတ်ကိုဝယ်ဖို့စုံစမ်းကြည့် တော့ credit card လိုပါကော။ ဒါနဲ့ သမီးရဲ့ credit card နပါတ် ကိုပေးလိုက်တော့ အဆင်ပြေ သွားပါတယ်။ လက်မှတ်သွားယူဖို့ ကြတော့ SISTIC ရဲ့ outlets တွေမှာ သွားယူရမှာ၊ ဒါနဲ့အနီးဆုံး outlet ဖြစ်တဲ့ Jurong East Shopping Mall ကိုရွေးလိုက်တယ်။ ယူလာရမဲ့ စာရွက်စာတမ်းတွေကို ကြည့် လိုက်တော့ ဗမာနဲ့တူနေပြန်ရော။ Passport မိတ္တူ၊ သမီး PR reg: ကဒ် မိတ္တူ၊ ငွေလွှဲခဲ့ တဲ့ Master Card ကဒ်မိတ္တူ၊Master Card ကဒ်ပိုင်ရှင်သမီး ကသူ့ Master Card ကဒ် ကနေ ငွေလွှဲပေး လိုက်ကြောင်းထောက်ခံစာ၊ တွေလိုတယ် လို့ ဖေါ်ပြထားပါတယ်။ တကယ်လက်မှတ်သွားထုတ်တဲ့နေ့ ကြတော့ သမီး Master Card ကဒ်မိတ္တူ ကကျန်ရစ်ခဲ့ ရော။ ဒါနဲ့ ကွန်ပျူတာနောက် က ကောင်မလေး သေချာရှင်းပြရတာပေါ့။ ကောင်မလေး ကသူ့ရုံးကို ဖုံးပြန်ဆက်ပြီး လက်မှတ် ထုတ်ပေးရမလား ဆိုတာ စာရေးသူရှေ့ မှာ ပဲ မေးလိုက်တယ်။ရုံး ကထုတ်ပေးလိုက်ဆိုပေမဲ့ မပြီးသေး ဘူး၊ကောင်မလေး က SISTIC ရဲ လက်မှတ် ထုတ်ပေးရေး Rules တွေကိုဖေါ်ပြထားတဲ့ လက်ကမ်းစာစောင် ပေါ်မှာ ယူလာရမဲ့ စာရွက်စာတမ်းတွေကို highlight မှင်နဲ့သေချာ တားပြီးနောက်နောင် ဒီလိုမဖြစ်စေဖို့ ပညာ ပေးခြင်းခံခဲ့ ရပါတယ်။ ကိုယ့်မှာCredit card ရှိနေရင် SISTIC ဟာတော်တော်ကောင်းတဲ့ လက်မှတ်ရောင်းတဲ့ ၀န်ဆောင်မှုတစ်ခုပါ။

HSBC ကတော့ အမေရိကန် ဂေါက်သီးအားကစားမယ် Paula Creamer လာရောက်ယှဉ်ပြိုင်မဲ့ အကြောင်း တော်တော် ကြော်ငြာထားတာပါ။ ဘာကြောင့်လဲဆိုတော့ Paula Creamer က အမေရိကန်ဂေါက်သီး အားကစား မယ် super star လေ။ ဒါပေမဲ့ HSBC အရင်ကျင်းပတဲ့ Thai Open မှာ Paula Creamer ယှဉ်ပြိုင် ကစား ရင်း လက် ချောင်း ကိုထိခိုက်သွားတော့ အမေရိကန် ကို ပြန်ပြေးပါလေရော။ ပြိုင်ပွ ကျင်း ပဖို့ ၄ ရက် အလိုလောက်မှာနံမည်ကြီး Michelle Wie နဲ့ ကမ္ဘာ့ နံပါတ် ၁ ဂေါက်သီး အားကစားသမား Lorena Ochoa တို့ ၀င်ရောက်ယှဉ်ပြိုင်မဲ့ အကြောင်း တခမ်းတနားဖေါ်ပြလာပါတယ်။

The Strait Times မှာ ဂေါက်ကွင်း ကိုသွား ပုံသွားနည်း road map ကို ဖေါ်ပြထားပါတယ်။ ၂၆ ရက်နေ့ င်္နနက် ၇ နာရီ မှာ စမီး တိုက်ခန်း ကနေထွက် လာပါတယ်။ Clementi ဘူတာ MRT East West Line Pasir Ris ဖက်ကိုစီးလာပါတယ်။ စောသေးတော့ ထိုင်စရာနေရာရပါတယ်။ ရုံးသွား အလုပ်သွား ကြသူတွေများပါတယ်။ Tanah Merah ဘူတာရောက်တဲ့ အထိ ၄၅ မိနစ်လောက်စီးရပါတယ်။ ဘူတာရောက်တော့ တစ်ဖက်မှာ ရှိတဲ့ ဘတ်စ်ဂိတ်ဆီ ကိုဂုံးကျော်တံတားကနေဖြတ်လျှောက်ခဲ့ပါတယ်။ Tanah Merah Country Club ကိုသွားမဲ့ ဘတ်စ်ကား ၈နာရီ ထွက်မယ်လို့ရေးတားပေမဲ့ shuttle bus ကရောက်မလာသေးပါ။ ခဏပဲစောင့် လိုက်ရပြီး shuttle bus ရောက် လာပါတယ်။ခဏနေတော့ လုပ်အားပေးမဲ့ ခလေး တွေ name tags တွေဆွဲ ထားပြီးတက်
လာပါတယ်။

Tanah Merah ဂေါက်ကွင်း က Changi လေယာဉ်ကွင်းနဲ့ ကပ်ရက်ရှိနေပါတယ်။ Land scaping ကောင်းကောင်းနဲ့ တော်တော် ကိုလှ တဲ့ ဂေါက်ကွင်းကြီးပါ။အ၀င်ဝမှာ event registration လုပ်ပြီး security အတွက် လည်ဆွဲ ကဒ် ထုတ်ခဲ့ပါတယ်။ buggy ပြေးလမ်း၊ ရေကန်၊တောအုပ်၊ rough မြက်ခင်း၊ fairway မြက်ခင်း၊ သဲကျင်း၊ ကျင်းစိမ် green တွေနဲ့ ဂေါက်ကွင်း တစ်ကွင်း ရဲ့ အင်္ဂါရပ်တွေနဲ့ ပြည့် ပြည့် စုံစုံ ရှိနေပါတယ်။ လျှောက်လာရင်းမြင်ခင်းတုကျင်းစိမ် green ရှေ့ရောက်တော့ ဂေါက်သီးမယ်တွေ ကျင်းစိမ်လေ့ကျင့်နေတာ တွေ့ရပါတယ်။ Tenah Merah ဂေါက်ကွင်း စရောက်ကတည်း က ကင်မရာ၊ လက်ကိုင်ဖုန်းများ ဖြင့်ဓါတ်ပုံရိုက် ခွင့် မရှိကြောင်း စာတမ်းကြီးကပ်ထားတော့ ကိုယ် hand phone တောင်ထုတ် မကိုင်ရဲတော့ပါ။

Official Draw Sheet ကိုကြည့် လိုက်တော့ Tee 1 ကနေ Michelle Wie က အတွဲ ၇ Lorena Ochoa က အတွဲ ၉ မှာထွက်မယ် လို့ဖေါ် ပြထားတော့ Tee 1 မှာပဲစောင့်နေပါတယ်။ကိုယ် လိုကြည့်သူတွေပါပဲ၊ ဂျပန်တွေထင် တယ်၊ ကင်မရာတွေ ခပ်တည်တည် ထုတ် ကိုင်ပြီးရိုက်ကြပါတော့တယ်။ ဘယ်သူများ လာပြောမလဲဆိုပြီးစောင့် ကြည့်နေတာ အားလုံးက မသိချင်ယောင်ဆောင်နေကြပါတယ်။ ဒါပေမဲ့ flash ၂ခါလောက်ပွင့် လာတော့ အစီအစဉ် ကြေညာသူ ကဓါတ်ပုံမရိုက်ရကြောင်း ကျေညာသွားပါတယ်။ ဂျပန်တွေ ကအင်္ဂလိပ် လိုနားမလယ် လို့ လားမသိပါ။ ကင်မရာတွေ ကိုသိမ်းမပစ် ကြပါ။ သူတိုကင်မရာတွေက tele lens တွေတတ်ထားတာပါ။ စာရေးသူ က အဲဒီအချိန်ထိ Nokia E 72 ကိုပေါ်ပေါ်ထင်ထင်ထုတ်မကိုင်ရဲသေးပါ။ Michelle Wie ရောက်လာတော့ ဂျပန်တွေ လှုပ်လှုပ်ရွရွ ဖြစ်ပြီး ကင်မရာတွေပြင်ကြဆင်ကြတော့တာပါပဲ။

စာရေးသူလည်းအဲဒီ အချိန်ကြမှ Nokia E72 ကိုသေချာထုတ်ကိုင်၊Flash မပွင့်အောင်ချိန်၊ပြီး Michelle Wie ကို မှတ်တမ်းတင်ရဲပါတော့တယ်။ ဂျပန်သကောင့်သားတွေနဲ့ ကိုရီးယားတွေ က Michelle Wie နောက် ကို အသေ အကျေ လိုက်ကြတာကိုး။ စာရေးသူလည်း Michelle Wie ရဲ့  ဓါတ်ပုံ၊ဗီဒီယို မှတ်တမ်းတွေ ကို E72 နဲ့ပဲမှတ်တမ်း တင်နိုင်ခဲ့ပါတယ်။

Monday, May 17, 2010

ပုလုံး ၃ လ ပြည့် ပြီ

ပုလုံးလေး ဒီကနေ့ ပုလုံး ၃ လပြည့်ပြီ။ ပုလုံးကို ဘိုးဘိုး က မနေ့ည က CNN မှာ ကြည့် လိုက်ရတဲ့ Mecedonia က Marcos ဆိုတဲ့ကောင်လေးအကြောင်း ပြန်ပြီးဖေါက်သည်ချ ပြောပြမယ်။ ဒီကောင် က ၉ နှစ်သား၊ ဘာသာ စကား ၃ မျိုးပြောတတ်တယ်။ ၄မျိုးမြောက် ကို သင်နေတုံးတဲ့။ CISCO က စစ်ဆေးတဲ့ ကွန်ပျူတာ certificates ၃ ခုရပြီြး့ပီတဲ့။ သူ က ၉ နှစ်ပဲရှိသေးပေမဲ့ ကွန်ပျူတာ နဲ့ ပတ်သက်လို့ System Engineer ဖြစ်နေပြီ။ ၃ နှစ်သား ကတည်းက ကွန်ပျူတာ ကိုကောင်းကောင်း အသုံးချနိုင်နေပြီတဲ့။
Justify Full
ကဲ ပုလုံးလေးလည်း သူလိုဖြစ်မလာဘူးလို့ မပြောနိုင် ဘူးလေ။ ပုလုံးကို မေမေက talkative တဲ့။ မနေ့က ဘိုးဘိုး VZO မှာ ကြည့်တော့ ပုလုံးက တော်တော် စကားပြောတတ်နေပြီပဲ။ ဘိုးဘိုးပုလုံးကိုချီချင်လို့ August လ ကြရင် ပုလုံးတို့ဆီလာမယ်။


ပုလုံး ဖွားဖွား ရှိနေရင် ပုလုံး ကိုတော်တော် ချစ်မှာပဲ။ ဘိုးဘိုး လည်း ပုလုံးကိုတစ်နေ့ မမြင် ရရင် မနေနိုင်ဘူး။ ပုလုံး ကဘိုးဘိုး ကို ကွန်ပျူတာ စကရင်ပေါ်မှာ မကြည့် တတ်သေးဘူး။ ပုလုံးအခုဆိုရင် လူလေး ဖြစ်လာပြီ။ မေမေ နဲ့ ဖေဖေ ကို သိနေပြီ။ မေမေ နဲ့ ဖေဖေ ခိုင်းတာကို လုပ် တတ်နေပြီ။ အဲတော့ မေမေ အသဲလေးဖြစ်ပြီပေါ့။ မေမေ က အခုဆိုရင် ပုလုံး မှ ပုလုံး ပဲ။ မေမေ ခုလို ချစ်တတ်လာပ့ါမလားလို့ ဘိုးဘိုး အရင်က စိုးရိမ်ခဲ့ရတယ်။ ဖွားဖွား ရှိတုံး က ဘိုး ဘိုး နဲ့ ပုလုံးမေမေ ကို သွေးအေးသတ္ဃ၀ါ များတဲ့။ သူကချစ်တယ်ဆိုရင် ချစ်တာ ကို သိသာထင်ရှားအောင် ပြတတ်တယ်လေ။ ဘိုးဘိုး တို့ ကသွေးအေး တယ်တဲ့။ ဒါပေမဲ့ ဘိုးဘိုး တို့ ကရင်ထဲမှာ ရှိတာကို အပြင် ကိုထုတ်ပြဖို့ ၀န်လေးတယ်လေ။ ဟော --မေမေ နဲ့ပုလုံးကျတော့ သွေး မအေးဘူး။ မေမေ နဲ့ ပုလုံး တစ်ယောက်နဲ့ တစ်ယောက်ချစ်နေကြတာမြင်ရရင် ဘိုးဘိုး ရင်ထဲမှာ အကျေနပ်ဆုံး ပဲ သိလား။

Thursday, May 13, 2010

ပန်းမရှိတဲ့နေရာမှာ ဘယ် လိပ်ပြာ က လာ နား ခိုချင်မှာ လဲ

အင်ဂျင်နီယာအို ကြီး ဆီရောက်လာတဲ့ e mail ကနေ ဘ၀တူအင်ဂျင်နီယာတွေကို share လုပ်ချင်လို့ post တင်လိုက်တာပါ။ ရေးသူ ကိုကျေးဇူးတင်ပါတယ်။ အင်ဂျင်နီယာအို ကြီး လည်း ၁၉၆၆ ခုနှစ် ၁၀ တန်းအောင်တော့ RIT ကိုပဲလျှောကိခဲ့တာပါ။ M20 ထိ အင်ဂျင်နီယာ ဖြစ်ချင်လို့ ဖြစ်လာရတာပါ။ M20 အထိ ဆေးအမှတ်မှီတဲ့ သူတွေချည်းပါပဲ။ ကဲ -- ဖတ်ကြည့် လိုက်ပါအုံး --original ပါပဲ။

2009/9/27 ရက်စွဲနဲ့ စာဖတ်သူတဦးရဲ့ အကြံပြုချက်ကို အခြေပြုပြီးဆွေးနွေးတင်ပြလိုက်ပါတယ်။ အမည်နဲ့ email လိပ်စာကိုတော့ လျှို့ဝှက်ထားပါတယ် --တဲ့

ပန်းမရှိတဲ့နေရာမှာ ဘယ် လိပ်ပြာ က လာ နား ခိုချင်မှာ လဲ

"ကျွန်တော်တို့ တိုင်းပြည်မှာ အင်ဂျင်နီယာတွေ၊ Scientists တွေ၊ ရူပဗေဒပညာရှင်တွေ ပိုလိုအပ်နေပါတယ်။ဒါပေမယ့်ဆရာဝန်တွေ
သာဖြစ်ချင်တဲ့သူများနေတာတော့ ၀မ်းနည်းစရာပါ။ စာတော်ရင် ဆရာဝန်ဖြစ်ရမယ် ဆိုတဲ့ အယူအဆမှားကြီးကလည်းလူတိုင်းမှာ ရှိနေတာတော့မကောင်းဘူးဗျာ။အရည်အချင်းရှိတဲ့ပညာရှင်တွေပေါ်ထွက်လာကြပါစေဗျာ။ဒီလို မေးတွေပို့မဲ့အစား လူတွေကို ပညာပေးနိုင်တဲ့မေးလ် မျိုးပို့ကြပါလား။"

Serious Thinking မှ ပြန်ကြားချက်

အကြံပေးတာကျေးဇူးတင်ပါတယ်။ ပညာပေးနဲ့ ပတ်သက်ပြီး မြန်မာပြည်သူအများစုအကျိုးရှိမယ့် ဘယ်လိုအကြောင်းအရာမျိုးပို့သင့်တယ်ဆိုတာ
အကြံပေးစေချင်ပါတယ်။ ကြိုးစားပြီးတင်ပြသွားပါ့မယ်။ အချိန်အခက်အခဲကြောင့် လူနည်းစုဘဲ အကျိုးရှိမယ့် နည်းပညာပိုင်းဆိုင်ရာမျိုးကိုတော့ မတင်ပြနိုင်တာ နားလည်ပေးစေချင်ပါတယ်။

လူကြီးမင်းရဲ့ ယူဆချက်ဖြစ်တဲ့ ပညာရှင်တွေလိုအပ်နေတယ် ဆိုတာကို အားလုံးက သဘောတူကြမှာပါ။ စာတော်သူတိုင်းဆရာဝန်သာဖြစ်ရမယ်ဆိုတဲ့ အယူအဆကိုလဲ လူကြီးမင်းလိုဘဲ ကျွန်တော်တို့လဲလက်မခံပါဘူး။ ဒါပေမယ့် ဒီပြဿနာနှစ်ခုစလုံးရဲ့ အရင်းအမြစ်ကိုတော့ တူးဆွကြည့်ဖို့လိုပါပြီ။ ပြီးရင်လဲ တိုင်းပြည်အတွက် ၀ိုင်းဝန်းအဖြေရှာကြဖို့ တိုက်တွန်းချင်ပါတယ်။ တိုင်းပြည်ကောင်းမှ အားလုံးသာတူညီမျှကောင်းစားကြမှာပါ။ လွယ်ကူတဲ့အဖြေမရှိဘူး ဆိုတာတော့ ကြိုပြောထားပါရစေ။

မြန်မာပြည်မှာ ဒီလိုပညာရှင်တွေ မရှိတာမဟုတ်ပါဘူး။ ထူးချွန်တဲ့ မြန်မာပြည်ဖွား ပညာရှင်တွေ နိုင်ငံတကာမှာ ပြန့်ကျဲနေပါတယ်။ အမေရိကန်ရဲ့ နာမည်ကျော် CDC ဓါတ်ခွဲခန်း, ဆွစ်ဇလန် ဂျီနီဗာက WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချူပ်၊ ကုလသမဂ္ဂရုံးချုပ်၊ ကမ္ဘကျော်တက္ကသိုလ်ကြီးတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ မြန်မာပညာရှင်တွေ။ .... အာရှ၊ ဥရောပ၊ အမေရိက၊ သြစတြေးလျ တိုက်ကြီးတွေရဲ့ နိုင်ငံပေါင်းစုံမှာ အောင်မြင်နေတဲ့ မြန်မာ ရူပဗေဒပညာရှင်တွေ၊ အင်ဂျင်နီယာတွေ၊ ဆရာဝန်တွေ၊ ဓါတုဗေဒပညာရှင်တွေ၊ သိပ္ပံပညာရှင်တွေ၊ စီးပွားရေးပညာရှင်တွေ တော်တော်များနေပါပြီ။ သူတို့ထဲမှာ အသက် ၇၀ ကျော် အရွယ် ကနေ မနေ့တနေ့က ကျောင်းဆင်းခဲ့တဲ့ ပညာရှင်အထိတွေ့ရပါတယ်။ ဘာကြောင့်သူတို့ပြည်ပထွက်လာကြတာလဲ။ တိုင်းပြည်ကို မချစ်ဘူးလို့ ပစ်စလက်ခတ် မစွပ်စွဲလိုက်ပါနဲ့။ တိုင်းပြည်ကချစ်တာကို မခံရလို့ဆိုရင် ပိုမှန်ပါလိမ့်မယ်။

တချို့က ပညာကို အာဏာလောက်၊ ဥစ္စာလောက် တန်ဖိုးထားမခံရဘူး။ ဆရာဝန်တယောက်၊ အင်ဂျင်နီယာတယောက်၊ စီးပွားရေးပညာရှင်တယောက်၊ သိပ္ပံပညာရှင်တယောက်ဟာ မြန်မာပြည်မှာ ထိုက်တန်တဲ့ ချီးမြှင့်မှု၊ လေးစားမှု၊ တန်ဖိုးထားမှု ရဖို့ခဲယဉ်းနေပါပြီ။ အာဏာပိုင်အဖွဲ့အစည်းကအစ အရပ်ထဲကသာမန်လူအဆုံး ပညာရှင်တွေကို အကျင့်ပျက်လာဘ်စား (corrupt) တဲ့ စစ်ဗိုလ်တယောက်လောက်၊ အကောက်ခွန်ဝန်ထမ်းလောက်၊
ဓါတ်ဆီဆိုင်ဝန်ထမ်းလောက် အထင်မကြီးကြတော့ဘူး။ လူအများက ငွေနဲ့ အာဏာကိုပဲ ကြည့်ပြီးချီးမွမ်းအားကျနေကြတာ ၀မ်းနည်းစရာအဖြစ်မှန်ပါ။

ပညာမတတ်တဲ့ လူလည်ဖျံကျ ၀ိသမသမားတွေက တိုက်ဆောက်ကားစီး ဘီယာသောက်နေတဲ့ အချိန်မှာ တသက်လုံးကြိုးစားလာရတဲ့ ပညာရှင်တွေက ဘတ်စ်ကားတိုးစီးနေရတယ်။ တချို့ဆရာဝန်လေးတွေဆို အစိုးရပေးတဲ့ တလ ၈၀၀၀၀ နဲ့ မလောက်လို့ ညနေဘက်မှာ ဆေးခန်းကို ပြေးပြီးငွေရှာနေရတယ်။ လုပ်သက်နှစ် ၂၀ လောက်ရှိတဲ့ ကျောင်းအုပ်ကြီးတဦးရဲ့လခဟာ မနေ့ကကျောင်းဆင်းတဲ့ စစ်တိုက်စရာမလိုတဲ့
ဗိုလ်တယောက်ရဲ့ လခထက်နည်းပါတယ်။ တခြားအခွင့်အရေးတွေကလည်း အပြတ်အသတ်ကွာပါတယ်။ ဒါတင်ပဲလား။ မပြီးသေးပါဘူး။

လုပ်ငန်းခွင်ထဲမှာ ကြည့်ပါ။ အတွေ့အကြုံရင့် ပညာရှင်တွေက အောက်ပိုင်းရာထူး၊ ဒီပညာတွေကို လုံးစေ့ပတ်စေ့နားမလည်တဲ့ စစ်ဗိုလ်တွေက ထိပ်ပိုင်းနေရာတွေမှာ ။ ဒီပညာရှင်တွေရဲ့ အတတ်ပညာကိုလည်း အသုံးချဖို့ စီမံကိန်းတွေက မရှိ။ စီးပွားရေးစီမံခန့်ခွဲမှုညံ့ဖျင်းမှုကြောင့် တိုင်းပြည်စီးပွားရေးကလဲ အရှိန်အဟုန်နဲ့ တရစပ်ထိုးကျနေပါတယ်။ ဒီတော့ပညာရှင်တွေအတွက် ထိုက်တန်တဲ့ အလုပ်အကိုင်တွေကမရှိ။

ဒီလောက်ဆိုရင် ပညာရှင်တွေလိုအပ်နေတယ်ဆိုတဲ့ ပထမပြဿနာရဲ့အရင်းအမြစ်ကို မြင်နိုင်လောက်ပြီထင်ပါတယ်။

လူကြီးမင်းရဲ့ ဒုတိယအချက်ကို ဆက်ဆွေးနွေးပါမယ်။

စာတော်တဲ့သူတွေကို မိဘတွေက ဆရာဝန်အင်ဂျင်နီယာပဲ ဖြစ်စေချင်နေကြတယ်။ ဘာကြောင့်လဲ။ အဖြေက ရိုးရိုးလေးပါ။ လူတွေဟာ မိမိဘ၀တိုးတက်ဖြစ်ထွန်းချင်လို့ အပင်ပန်းခံ၊ ငွေကုန်အချိန်ကုန်ခံပြီး ပညာသင်ကြတာပါ။ ကြိုးစားမှုအတွက် ဆုလာဘ် (Incentives) ကို လူတိုင်းလိုချင်ကြပါတယ်။ ဆရာဝန်အင်ဂျင်နီယာပညာရပ်တွေနဲ့ ပြည်တွင်းမှာ အခြေအနေမကောင်းရင်ပြည်ပမှာ အလုပ်ရှာရလွယ်တယ်၊ ၀င်ငွေကောင်းတယ်။

သင်ကြားရေးစနစ်ကို လည်းကြည့်ပါဦး။ လူကြီးမင်းပြောတဲ့ ရူပဗေဒ၊ ဓါတုဗေဒ၊ သိပ္ပံပညာရပ်တွေကို စာရွက်ပေါ်မှာတောင် ကောင်းကောင်းသင်ဖို့
အခြေအနေမရှိတော့ပါဘူး။ ဓါတ်ခွဲခန်းခေါ်တဲ့ Laboratory ဆိုတာအဝေးကြီးမှာကျန်နေခဲ့ပါပြီ။ ပို့ချမယ့်ဆရာအများစုလည်း ဘ၀ရှေ့ရေးအတွက်
နိုင်ငံခြားထွက်ကုန်ကြပါပြီ။ ရှေ့ကပညာရှင်တွေ ရုန်းကန်နေရတာကို မြင်နေတဲ့ လူငယ်တွေက ပညာတတ်ချင်စိတ်ပေါ်လာမလား၊ အကျင့်ပျက် လာဘ်စားချင်စိတ်ပေါ်လာမလား ...... စဉ်းစားလို့ရပါတယ်။

အရည်အချင်းရှိတဲ့ ပညာရှင်တွေပေါ်လာစေချင်ရင် သူတို့အတွက် ကောင်းမွန်သင့်တော်တဲ့ အသိုင်းအ၀ိုင်း (rewarding environment) ဖန်တီးဖို့လိုပါတယ်။ ပန်းမရှိတဲ့ ကန္တာရမှာ လိပ်ပြာလာနားမှာမဟုတ်ပါဘူး။

တိုင်းပြည်မှာ စနစ်က အကြီးအကျယ်မှားနေပြီး၊ အများစုက အမှားကို နားမလည်တာဟာ အဓိကပြဿနာပါ။ ဖြစ်သင့်တာကို သိကြပြီး ကိုယ့်အနီးအနားဝန်းကျင်ကို ပြုပြင်ချင်စိတ်လေးပေါ်လာအောင် ကျွန်တော်တို့ ဒီ mail တွေ အပင်ပန်းခံပြီး အန္တရာယ်ကြားက ဖြန့်ဝေနေတာပါ။ ဒါဟာလဲ ပညာပေးတာပါပဲ။ ဒီအတွက် ဘယ်သူ့ဆီကမှ ဘာအခွင့်အရေးမှ မရပါဘူး။ ကိုယ့်ပြည်သူတွေကို အမြင်ကျယ်စေချင်လို့၊ တိုးတက်စေချင်လို့ပါ။ မြန်မာတွေ မျက်စိပွင့်ကြဖို့ကောင်းပါပြီ။ ကိုရီးယားကားလေးကြည့်၊ ဘီယာလေးမူး၊ ဘောပွဲလေးလောင်း၊ နှစ်လုံးထီလေးထိုး၊ ကိုယ့်ဝမ်းစာလေးပဲရှာပြီး ချောင်သလိုနေမယ် ဆိုရင်တော့ နောင်လာနောက်သားတွေအတွက် တိုင်းပြည်အပျက်ကြီးကိုပဲ အမွေချန်ခဲ့ရမှာပါ။

တိုင်းပြည်အတွက်အရေးပါတဲ့ ဒီကိစ္စတွေကို လူတိုင်းသိထားသင့်ပါတယ်။ နိုင်ငံရေးဆိုတာ လမ်းပေါ်ထွက်ပြီးဆန္ဒပြမှ မဟုတ်ပါဘူး။
ကိုယ့်ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းအတွက် ကိုယ့်အနားမှာ တတ်စွမ်းသမျှတာဝန်ယူပြီး ကောင်းအောင်ပြုပြင်တာ နိုင်ငံရေးပါပဲ။ ဒါဗိုလ်ချုပ်ပြောခဲ့တဲ့ စကားပါ။ အလွန်အဓိပ္ပါယ်ရှိပါတယ်။

နိုင်ငံတကာမှာ management, public administration, psychology စတဲ့ အဆင့်မြင့်ပညာရပ်တွေမှာ ဒီအတွေးအခေါ်တွေကို အလေးထား သင်ကြားပါတယ်။
ကျွန်တော်တို့လူမျိုးတွေရော မသိသင့်ဘူးလား။



--------------------------------------------------------------


ACTION IS LOUDER THAN WORDS
အရမ်းကို ရိုးရှင်းပြီး အဓိပါယ်ပြည်.စုံတဲ. စကားလေးပါ။

ဘယ်လောက်ပဲ တိုးတက်နေပါတယ်ပြောပြော လက်တွေ. မြင်နေကြရတာကတော. အရှင်းကြီးပါ
ကျောက်ခေတ်ပြန်မရောက်တာကို တိုးတက်နေပါတယ် လို.ဆိုလိုချင်တာလားမသိ။
Project တခု အကောင်အထည်ဖော်လိုက်ရင် တကယ်တမ်း အကျိုးရှိသွားတာ ဆိုင်ရာပိုင်ရာအရာရှိတွေပါ။
ဆယ်စုနှစ် တခုလောက်က စခဲ.တဲ. စီမံကိန်းတွေ မလည်ပတ်နိုင်သေးပေမယ်. တိုက်တွေဆောက်၊
ကားတွေစီးသွားကြတဲ.သူတွေ မနည်းပါဘူး။ ပြီးသွားတဲ.ဟာတွေကြတေဲာ. ပြင်လို.မဆုံးနိုင်တဲ.သံသရာထဲ တ၀ဲလည်လည်နဲ.ဆင်စရိတ်ထက် ပြင်စရိတ်က ပိုနေသလိုပဲ။

လူဆိုတာ အသက်ရှင်သန်နေရုံနဲ. ကျေနပ်နေနိုင်တဲ. သတ္တ၀ါမဟုတ်ပါဘူး
ဂုဏ်သိက္ခာ၊အခန်းကဏ္ဍဆိုတာတွေကိုလဲ လိုချင်၊ရချင်ကြပါတယ်၊ အဲဒီအတွက် အဲလိုပတ်ဝန်းကျင်ကို လိုချင်ကြမှာပါ။ မရနိုင်မှန်းသိတော.ရေကြည်ရာ မြက်နုရာကို ဒိုးကြပေါ.။
လက်ညှိုးထောင်ခေါင်းညိတ်တွေနဲ.ပဲ လည်ပတ်နေတဲ.ယန္တရားကနေထွက်လာမယ်.ရလဒ်ကတော. OUT OF QUESTION ပါ။
ရုပ်ဝတ္ထုပိုင်းပျက်စီးတာတွေက ပြင်ဖို.လွယ်ပေမယ်. စိတ်ပိုင်းဆိုင်ရာ ယိုယွင်းမှုတွေအတွက်ကတော. အနာဂတ်နိုင်ငံတော်အတွက် ဖြေရှင်းဖို.ခက်မယ်. ပုစ္ဆာတခုလို.ဆိုတာ ...


Best Wishes

Tuesday, May 11, 2010

ရဲဘော်တွေကို ချစ်တဲ့ ကွယ်လွန်သူ ဗိုလ်မြင့်အုန်း

ဘာလို့လည်းမသိ၊ ညကမှေးကနဲအိပ်ပျော်သွားတော့ ကွယ်လွန်သူ ဗိုလ်မြင့်အုန်းကိုအိမ်မက်မက်တယ်။ သူနဲ့တစ်ပတ်စဉ်ထဲတွေတောင် ဗိုလ်ချုပ်ဖြစ်နေကြပြီကော။ ဗိုလ်မြင့်အုန်းက ဗိုလ်မှုးမျိုးမြင့်၊ ပါမောက္ခ ဒေါ်ကြည်ကြည်လှ (Unty Dawn) တို့ရဲ့ ဒုတိယသား၊ ငယ်စဉ်ကစာရေးသူ မိသားစုနဲ့ အိမ်နီးနားချင်းပါ။ စာရေးသူတို့က မန္တလေးတက္ကသိုလ်ဝန်း နတ်သျှင်နောင်လမ်း၊အိမ်အမှတ် ၉ မှာနေတယ်။ သူတို့က အိမ်နောက်ဖက်တိုက်မှာ နေတယ်။ ၀န်းထရံဖေါက်ထားပြီး နှစ်အိမ်ရွှေလမ်း ငွေလမ်းဖေါက်ထားကြတယ်လေ။

အမှန်တော့စာရေးသူ ညီ မောင်စိုးဝင်းနဲ့သူငယ်ချင်းပါ။ ဒါပေမဲ့ စာရေးသူက တစ်တန်းပဲ သူထက်ကြီးတော့ သူငယ်ချင်းလိုပါပဲ။အဲဒီချိန်တုံးက Cliff Richard တို့၊ The Beatles တို့၊Rollong Stones တို့ ရူးကြတယ် လေ။ကတ်ဆတ်တိတ်ခွေဆိုတာမပေါ်သေး၊ သီချင်းကိုရေဒီယိုကပဲနားထောင်ရတာ။ အဲတော့ ဘယ်Station ကဘယ်အချိန်မှာ ဘယ်သီချင်းလာမယ်ဆိုတဲ့ သတင်းဖလှယ်ရတာ အမော။ အဖေ ရဲ့ ဂျာမန်လုပ် Echo ရေဒီယိုကြီးဟာတော်တော်အသုံးဝင်ခဲ့ပါတယ်။ Cliff Richard သီချင်းတွေ၊ Beatles သီချင်းတွေ ဒီရေဒီယိုပေါ်မှာ ပဲနားထောင်ခဲ့ ရတာ။ အခုထိ ဒီရေဒီယို ကြီး မန္တလေးအိမ်မှာ ရှိသေးတယ်။ မြင့်အုန်း ကပျော်ပျော်နေတတ်တယ်။ စာရေးသူ RIT စတင်တက်တဲ့နှစ်မှာပဲထင်တယ်။ မြင့်အုန်း DSA တက်ခွင့်ရသွားတယ်ဆိုတာ နွေကျောင်းပိတ် အိမ် ပြန်ရောက်တော့သိရတယ်။ သူDSA တက်နေတုံး သတင်းပဲကြားရတယ်။ ပထမနှစ်မှာ senior တွေကတော်တော်ပညာပေးတာခံ ရတယ်လိုကြားတယ်။သူကလည်း ရစ်သလားမမေးနဲ့၊ ပေးတဲ့ ပစ်ဒဏ် ကိုမညီးမညူလုပ်တာပဲလို့ကြားတယ်။ သူ အတန်းကြီးလာတော့ Junior တွေကိုမနိုပ်စက်ဘူး။ Junior တွေက သူ ကို တော်တော် ချစ်ကြတယ်ဆိုပဲ။

ဒါနဲ့နောက်ဆုံးနှစ်လား မသိ၊ရထားပေါ်မှာ ၂ဘားနဲ့ ဗိုလ် မြင့်အုန်း ကို တွေ့ ခဲ့တယ်။ ရမည်းသင်းကတပ်ရင်းမှာ ရောက်နေတယ်လို့သိ ရတယ်။အတွေးအခေါ်တွေ၊လူပုံတွေပြောင်းသွားပြီ။သူ့ရဲဘော်တွေ ကို ဘယ်လို ကိုယ်ချင်းစာနာကြောင်း၊ ရသမျှ လခ သူ့ ရဲဘော် တွေကျွေး ပစ်ကြောင်းပြောပြခဲ့ပါတယ်။ စစ်တိုက်ရတာ နိုင်ငံခြားရုပ်ရှင်ထဲက Robert Mitchumုစတင်းဂန်းဆွဲပစ်သလို ပစ်လို့မရကြောင်း သူရဲ့ စစ်အတွေ့အကြုံတွေကို ဖေါက်သည်ချတယ်။ ဒဲဒီအချိန် ကလည်း ဗကပ တွေနဲ့ အကြီးအကျယ် ချ နေတဲ့ အချိန်လေ။ ပင်ဆွဲ ဖြုတ်ပြီး လက်ပစ်ဗုံးကို ချက်ချင်းမပစ်လို့ အပြစ်ပေးခဲရတဲ့ အကြောင်း၊ပစ္စတိုနဲ့ ကိုယ့်ခြေထောက် ကိုပစ်မိလို့ဒဏ်ရာ ရတဲ့ အကြောင်း၊ ပြောပြသေးတယ်။

နောက် ၆ လလောက်ကြာတော့ စကော့ဈေး William Ba Thein ဆိုင်မှာ သူလိုပဲ ဗိုလ်တစ်ယောက်နဲ့ အတူတွေ့ မိတယ်။ အဲဒီအချိန်မှာ သူတို့ war hero ဖြစ်ချင်တဲ့စိတ်တွေတဖွားဖွားဖြစ်နေကြောင်း ပြောပြပါတယ်။ နားပြီး ရင်ရှေ့ တန်း ပြန်သွားရမယ်ဆိုတာသိရတယ်။သူ့ကို နောက်ဆုံးစကားပြော လိုက်ရတာပါလားဆိုတာ မသိခဲ့ ဘူး။ မကြာပါဘူး။ သူကော၊သူ့ သူငယ်ချင်းကော ကွမ်းလုံ မှာ ကျ သွားကြောင်းကြားခဲ့ ရပါတယ်။ သူ သူငယ်ချင်း ကတော့သူရဘွဲ့ ရသွားပြီး သူကတော့ ဘာမှ မရခဲ့ပါဘူး။

မြင့်အုန်းဟာတကယ်တော့ fighter ပါ။ စစ်ရုပ်ရှင်ကားတွေ ကို မလွတ်တမ်းကြည့်သူပါ။ သူအသက်ရှင်နေသေး တယ်ဆိုရင် စစ် ထဲမှာမရှိနိုင်တော့ ဘူး လို့ စာရေးသူ ထင်ပါတယ်။ ဗိုလ်ချုပ်လည်း မဖြစ်နိုင်ဘူး၊ ရဲဘော်တွေကို သေတူရှင်မကွာ တိုက်ဖေါ်တိုက်ဖက်အဖြစ် ကိုယ်ချင်းစာ နာ တတ်သူပါ။ သူရဲ့ DSA intake က ၁၅ ထင်တာပဲ။ Unty Dawn ကတော့သူ့သားကြီး ရဲ့ ရန်သူ ဗကပတွေကို ဘယ်တော့ မှ မကျေနိုင်ပါ။

ဗိုလ်မြင့်အုန်း အားသတိရစွာဖြင့်

Monday, May 3, 2010

ဘယ်သူကိုလက်ဆင့်ကမ်းရပါလိမ့် ?

၁၉၇၅ ခုနှစ်၊ မန္တလေး
ကုန်သွယ်ရေးကော်ပိုရေးရှင်းအမှတ် (၁)မှာ လက်ထောက်အင်ဂျင်နီယာ ရာထူးတွေ ခေါ်ယူ နေတဲ့အကြောင်း သူငယ်ချင်း ခင်မောင်ဦး (ဟာဂျီ)က သတင်းပေးလာပါတယ်။ သူကတော့ MOC မှာ လျှောက်ထားပြီးဖြစ်တဲ့အတွက် မလျှောက်တော့ဘူးတဲ့။ ဆန်စက်နဲ့ပတ်သက်တာ ဖြစ်တဲ့အတွက် ထွန်းလှိုင် (အဘိုးကြီး)ယောက်ဖ ဆန်စက်ကို လေ့လာလို့ ရတယ်လို့လည်း အကြံပေးလာပါတယ်။ ဒါနဲ့ပဲ အဘိုးကြီး ထွန်းလှိုင်နဲ့ ဟာဂျီကိုခေါ်ပြီး မြစ်ငယ်မှာရှိတဲ့ ဆန်စက်ကိုလေ့လာဖို့ မန္တလေးကနေ ဘတ်စ်ကားစီး သွားကြ ပါ တယ်။
ဆန်စက်ဆိုတာ ပထမဆုံး မြင်ဖူးတာပါပဲ။ ၂၅ တန်ကျ ဆန်စက်ကလေးပါ။ အဲဒီတုံးက ဆန်စက်ကို အကြီးကြီးပဲလို့ ထင်မိတယ်။ ထွန်းလှိုင်ယောက်ဖက ဘွဲ့ရတစ်ယောက်ဆိုတော့ ဆန်စပါးနဲ့ ပတ် သက်တာတွေ၊ ဆန်ကြိတ်ခွဲတာတွေကို ရှင်းလင်းပြသပါတယ်။
နားထဲဝင်တာရှိသလို တစ်ဖက်နားက ပြန်ထွက်သွားတာလည်း ရှိပါရဲ့။ ဒါပေမဲ့ ဆန်ဘယ်လို ကြိတ်တယ်ဆိုတာအကြမ်းဖျင်းလောက်တော့ သိလာပါတယ်။

၁၉၇၅ ခုနှစ်၊ ရန်ကုန်
မန္တလေးကနေ ရန်ကုန်ဆင်းလာတော့ same batch တွေက ကုန်သွယ်ရေး (၁)ကို မလျှောက် ကြဘူး။ စက်မှု (၁)တို့ စက်မှု (၂)တို့ MOC တို့ကိုပဲ အလေးပေး လျှောက်ကြတယ်။ သူငယ်ချင်းတွေ အဆွယ် ကောင်းတာနဲ့ပဲ ရန်ကုန်ရောက်မှ စက်မှု (၂)ကို လျှောက်လွှာတင်လိုက်သေးတယ်။ ဒါနဲ့ PSC မှာ အင်တာဗျူး ရက် ရောက်ပါလေရော။ အဲ့ဒီတုန်းက ရေးဖြေမရှိဘူး။ အင်တာဗျူးပဲ ရှိတယ်။ ဆန်စပါးနဲ့ ပတ်သက်တာတွေ ဘာမှ မမေးဘူး။ အခြားအကြောင်းအရာတွေပဲ မေးပါတယ်။ ဖြေနိုင်တာလည်း ရှိပါရဲ့၊ မဖြေနိုင်တာလည်း ရှိ တာပေါ့။ ဒါနဲ့ မေ့မေ့ပျောက်ပျောက်ပဲ မန္တလေး ပြန်လာခဲ့တယ်။ သြဂုတ်လ ဒုတိယပတ်လောက်ကျတော့ PSC က စာရောက်လာပါတယ်။ ကုန်သွယ်ရေးကော်ပိုရေးရှင်းအမှတ် (၁)မှာ လက်ထောက်အင်ဂျင်နီယာ ရာထူးတွင် ခန့်အပ်ရန် ရွေးချယ်ခံရကြောင်း အကြောင်းစာပါ။
same batch သူငယ်ချင်းတွေ မလျှောက်ကြဘူးဆိုတာ ကြိုသိနေရတော့ ရင်းနှီးတဲ့ သူငယ်ချင်း တွေလောက်ပဲ အသိပေးပြီး ရန်ကုန်ဆင်းလာ ခဲ့ပါတယ်။ ပန်းဆိုးတန်းလမ်း ရုံးဟောင်းကြီး အောက်ဆုံးထပ် က ကြိတ်ခွဲစက်ဌာနပါ။ ၁၉၇၅ ခုနှစ်၊ သြဂုတ်လ (၁၉)ရက်နေ့မှာ အဲဒီတုန်းက CE လို့ခေါ်တဲ့ ဆရာကြီး ဦးမောင်မောင်ထံ သတင်းပို့ အလုပ်ဝင်ခဲ့ပါတယ်။ ဆန်စပါးဆိုတာ၊ ဆန်စက်ဆိုတာ အင်တာဗျူး ဖြေကာနီး
လောက်မှ တွေ့ဘူး၊ မြင်ဘူး၊ ကြားဘူးတဲ့ အင်ဂျင်နီယာ ပေါက်စလေးတစ်ယောက် ဆန်စပါးလောကထဲကို စတင်ဝင်ရောက်လာပါပြီလို့ ဆိုရပါမယ်။
လွန်ခဲ့သော နှစ ၃၀ကျော်လောက်က အင်ဂျင်နီယာပေါက်စလေး မနူးမနပ်နဲ့ ဆန်စက်လောကထဲ ရောက် လာပုံက မထူးဆန်းပါဘူး။ အရင်ရောက်နေတဲ့ B Sc Engg အစ်ကိုကြီးတွေရဲ့ ဆုံးမသွန်သင် ပညာပေးမှုတွေ ကိုလည်း နာခံခဲ့ရပါတယ်။ BE အုပ်စု၊ စုစုပေါင်း (၈)ယောက်ပါ။ အဲဒီထဲက တစ်ယောက်ကတော့ စက်မှု (၂) အတွက် အင်တာဗျူးသွားဖြေပြီး ရသွားလို့ စက်မှု (၂) ပြောင်းသွားပါတယ်။အော်-သေချာစဉ်းစားကြည့်ရင် B Sc Engg ဆရာသမားတွေလည်း သေတဲ့သူတွေ ကသေကုန်ကြပါပြီ။ အလုပ်တူတူ ၀င်တဲ့ BE သူငယ်ချင်းတွေလည်း နေရာမှာ မရှိကြတော့ပါဘူး။ သေတဲ့ သူလည်းသေကုန်တဲ့ အတွက် လက်ဖြစ်တထွတ်လေးလောက်ပဲ
ကြာသလိုပါပဲ။
စာရေးသူရဲ့ ပထမဆုံး နယ်အတွေ့အကြုံကတော့ စစ်ကိုင်းဆိုင်လိုကြီးဆောက်တဲ့ ပရိုဂျက်ပါ။ အော်ဆီ က အင်ဂျင်နီယာတွေနဲ့ တူတူတွဲလုပ်ရပါတယ်။ ဒါပေမဲ့ စစ်ကိုင်းဆိုင်လို တည်ဆောက်ရေးမှာ သိပ်မကြာ လိုက်ပါဘူး။ မိန်းမယူဖို့အတွက် ရန်ကုန်ပြောင်းလာတော့ ဆရာကြီး ဦးမောင်မောင်က တခါတည်း သန်လျင် ရုံးကို အင်ဂျင်နီယာအနေနဲ့ တာဝန်ချပေး လိုက်တော့တာပါပဲ။ အဲဒီတော့မှပဲ ဆန်စပါးနဲ့ နင်လားငါလား တွေ့ရပါတော့တယ်။
ဝါရင့်ဖိုမင်ကြီးတွေနဲ့ သန်လျင်ဇုန်အတွင်းမှာရှိတဲ့ ဆန်စက်တွေ လျှောက်လှည့်စစ်ဆေးတဲ့အခါ ဆန်ကြိတ်ခွဲရေးရဲ့ အကြောင်းကို တဖြည်းဖြည်း သိလာရပါတယ်။ ဆန်နှင့်ဆန်ထွက်ပစ္စည်းတွေရဲ့ အခြေ အနေတွေကို မြင်တာနဲ့ စက်အစိတ်အပိုင်းတွေ ဘာတွေဖြစ်နေပြီလဲဆိုတာ သိရအောင် ဖိုမင်ကြီးတွေဆီက သင်ယူရင်း လေ့လာရပါတယ်။ သိပ်ဆိုးနေရင် ချက်ချင်းစက်ရပ်ပြီး ဖွင့်ခိုင်းကြည့်ရပါတယ်။ ဝါရင့်ဖိုမင်တွေ ဖြစ်နေတော့ ပြောလိုက်ရင် မလွဲပါဘူး။ ချို့ယွင်းချက်ကို တွေ့ရတာပါပဲ။
စက်ကရပ်လျှင် ဝင်ငွေလျော့သွားမယ်လေ။ ဒါကြောင့် အဲဒီအချိန်တုံးက စက်ပိုင်အများစုက စက်ကို မတတ်သာမှဘဲ ပြင်ဖို့ ရပ်ချင်ကြတယ်။ ဆန်စက်တွေမှာ ကန်ထရိုက်အလိုက် စမ်းသပ်ကြိတ်ခွဲမှု လုပ် ရတာလည်း ပျော်စရာအကောင်းဆုံးပါ။ စက်ပိုင်နဲ့ သူ့လူတွေနဲ့ ပညာပြိုင်ရတာ test milling လုပ်နေတဲ့ အချိန် ပတ်လည်ပေါင်နည်းရင်၊ အောက်တန်းနည်းရင် ကန်ထရိုက် ကြိတ်တဲ့အခါ သူ့အတွက် ကျန်တာပေါ့။ စာရေးသူတို့ကလည်း ပတ်လည်ပေါင်ကိုက်အောင် အောက်တန်းကိုက်အောင် ဆန်ကြိတ်နေတဲ့ ၄-၅ နာရီ အတွင်း မျက်လုံးဖြဲကြည့်ပြီး မေစင်ပေါ်တက်၊ ဆန်ထွက်ပစ္စည်းတွေ စစ်ကြည့်၊ မသင်္ကာရင် ဖွင့်ကြည့်နဲ့ အတော်စေ့စေ့စပ်စပ် လုပ်ကြရပါတယ်။ တစ်ခါကဆိုရင် ကြိတ်ဖတ် ပန်ကာအိမ်ထဲ အမှိုက် တွေ စုထည့်ထားတာကို တွေ့ရပါတယ်။ ဖိုမင်က မသင်္ကာလို့ ပန်ကာအိမ်ကို ဖွင့်ကြည့်မှ ကြိတ်ဖတ်တွေ တွေ့ရတယ်။ တစ်ခါတည်း အောက်တန်းဖြတ် တော့ ထည့်ချိန်တော့တာပါပဲ။ စက်ပိုင်ဆိုတာ မျက်နှာရှုံ့မဲ့နေတာပါပဲ။
လူငယ်ဆိုတော့ ဇုန်မန်နေဂျာက ဒိုင်တွေစစ်မယ်ဆိုင်ရင်လည်း လိုက်သွားတာပဲ။ ချောင်းကြို၊ ချောင်းကြား၊ ပဲ့ထောင်စက်တပ် မော်တော်လေးနဲ့ အပျင်းပြေ ပိုကာဒေါင်းသွားကြတော့ ခရီးက ပျင်းစရာ မရှိ တော့ဘူး။ စပါးအဝယ်ဒိုင်ရောက်တော့ ဇုန်မန်နေဂျာက စပါးပုံကို စမ်းသပ်၊ စာရင်းဇယားတွေ အမှားအယွင်းရှိမရှိ စစ်ဆေးနဲ့ တစ်ခါတစ်ရံ မိုးချုပ်သွားလို့ ညအိပ်ရတာလည်း ရှိပါရဲ့၊ ကျောက်တန်းမြို့နယ်က တံတားရွာ ဆိုရင် စာရေးသူတို့ မကြာခဏ ညအိပ်ခဲ့ရတဲ့ ရွာကြီးပေါ့။ဆန်စပါးအကြောင်းကို အလုပ်ခွင်မှာ ကြာလာတာနဲ့အမျှ သူရဲ့ လျှို့ဝှက်ချက်တွေကို သိလာရ ပါတယ်။ လုပ်သက်ရင့်လာတာနဲ့အမျှ ဆန်စပါးပညာရပ်ဟာ စိတ်ဝင်စားစရာ ကောင်းလာတာကို တွေ့ရ တယ်။ အတိတ်ရဲ့ပုံရပ်မှာ လှပတာတွေရှိသလို ရုပ်ဆိုးတာတွေလည်း ရှိပါတယ်။ အဖေက သားအလုပ်ဝင် တော့မယ်ဆိုတော့ တစ်ချက်ပဲ မှာပါတယ်။ ဘာလဲဆိုတော့ ''သား အလုပ်ကို ဘယ်တော့မှ မျက်ခြည် မပြတ်စေနဲ့''တဲ့ အဖေ့စကားကို ဘယ်တော့မှ မမေ့ပါဘူး။ အလုပ်လုပ်ရင်း အဖေ့စကား မှန်တယ်ဆိုတာ လည်း တွေ့လာရပါတယ်။
ဆန်စပါးလုပ်ငန်းရဲ့ ပုံရိပ်တွေဟာ နှစ်ပေါင်း (၃ဝ)ကျော်အတွင်းမှာ ပြောင်းလဲလာသလို ဆန်စပါးနဲ့ ပတ်သက် ခဲ့ တဲ့ စာရေးသူတို့ရဲ့ ပုံရိပ်တွေဟာလည်းတဖြေးဖြေးအိုမင်းပြောင်းလဲလာနေပါပြီ။ နောက်ပေါ်လာ တဲ့ မျိုးဆက်သစ်တွေကို လက်ဆင့်ကမ်းပေးရမယ့်အချိန် ရောက်နေတော့ လည်း နားခိုစရာ ကွန်းကြီးပျောက်နေပါပြီ။ နှစ်ပေါင်း (၃ဝ)ကျော် တွေ့ကြုံခဲ့ရ တဲ့ ပုံရိပ်တွေဟာ ခုအချိန်မှာဆိုရင် အတော်အဖိုးတန်တဲ့ ပုံရိပ်တွေ ဖြစ်နေပါပြီ။ ဒီပုံရိပ်တွေကို လက်ဆင့် ကမ်းရမယ့်တာဝန်က ကျွန်တော်တို့ တာဝန်တွေပါ။ ဒါပေမဲ့ ဘယ်သူ့ ကိုပေးရပါမလဲ ?

မောင်တိုင်ပင်

ပုံရိပ်ကို လက်ဆင့်ကမ်းကြစို့--

၁၉၇၅ ခုနှစ်၊ မန္တလေး
ကုန်သွယ်ရေးကော်ပိုရေးရှင်းအမှတ် (၁)မှာ လက်ထောက်အင်ဂျင်နီယာ ရာထူးတွေ ခေါ်ယူ နေတဲ့အကြောင်း သူငယ်ချင်း ခင်မောင်ဦး (ဟာဂျီ)က သတင်းပေးလာပါတယ်။ သူကတော့ MOC မှာ လျှောက်ထားပြီးဖြစ်တဲ့အတွက် မလျှောက်တော့ဘူးတဲ့။ ဆန်စက်နဲ့ပတ်သက်တာ ဖြစ်တဲ့အတွက် ထွန်းလှိုင် (အဘိုးကြီး)ယောက်ဖ ဆန်စက်ကို လေ့လာလို့ ရတယ်လို့လည်း အကြံပေးလာပါတယ်။ ဒါနဲ့ပဲ အဘိုးကြီး ထွန်းလှိုင်နဲ့ ဟာဂျီကိုခေါ်ပြီး မြစ်ငယ်မှာရှိတဲ့ ဆန်စက်ကိုလေ့လာဖို့ မန္တလေးကနေ ဘတ်စ်ကားစီး သွားကြ ပါ တယ်။
ဆန်စက်ဆိုတာ ပထမဆုံး မြင်ဖူးတာပါပဲ။ ၂၅ တန်ကျ ဆန်စက်ကလေးပါ။ အဲဒီတုံးက ဆန်စက်ကို အကြီးကြီးပဲလို့ ထင်မိတယ်။ ထွန်းလှိုင်ယောက်ဖက ဘွဲ့ရတစ်ယောက်ဆိုတော့ ဆန်စပါးနဲ့ ပတ် သက်တာတွေ၊ ဆန်ကြိတ်ခွဲတာတွေကို ရှင်းလင်းပြသပါတယ်။
နားထဲဝင်တာရှိသလို တစ်ဖက်နားက ပြန်ထွက်သွားတာလည်း ရှိပါရဲ့။ ဒါပေမဲ့ ဆန်ဘယ်လို ကြိတ်တယ်ဆိုတာအကြမ်းဖျင်းလောက်တော့ သိလာပါတယ်။

၁၉၇၅ ခုနှစ်၊ ရန်ကုန်
မန္တလေးကနေ ရန်ကုန်ဆင်းလာတော့ same batch တွေက ကုန်သွယ်ရေး (၁)ကို မလျှောက် ကြဘူး။ စက်မှု (၁)တို့ စက်မှု (၂)တို့ MOC တို့ကိုပဲ အလေးပေး လျှောက်ကြတယ်။ သူငယ်ချင်းတွေ အဆွယ် ကောင်းတာနဲ့ပဲ ရန်ကုန်ရောက်မှ စက်မှု (၂)ကို လျှောက်လွှာတင်လိုက်သေးတယ်။ ဒါနဲ့ PSC မှာ အင်တာဗျူး ရက် ရောက်ပါလေရော။ အဲ့ဒီတုန်းက ရေးဖြေမရှိဘူး။ အင်တာဗျူးပဲ ရှိတယ်။ ဆန်စပါးနဲ့ ပတ်သက်တာတွေ ဘာမှ မမေးဘူး။ အခြားအကြောင်းအရာတွေပဲ မေးပါတယ်။ ဖြေနိုင်တာလည်း ရှိပါရဲ့၊ မဖြေနိုင်တာလည်း ရှိ တာပေါ့။ ဒါနဲ့ မေ့မေ့ပျောက်ပျောက်ပဲ မန္တလေး ပြန်လာခဲ့တယ်။ သြဂုတ်လ ဒုတိယပတ်လောက်ကျတော့ PSC က စာရောက်လာပါတယ်။ ကုန်သွယ်ရေးကော်ပိုရေးရှင်းအမှတ် (၁)မှာ လက်ထောက်အင်ဂျင်နီယာ ရာထူးတွင် ခန့်အပ်ရန် ရွေးချယ်ခံရကြောင်း အကြောင်းစာပါ။
same batch သူငယ်ချင်းတွေ မလျှောက်ကြဘူးဆိုတာ ကြိုသိနေရတော့ ရင်းနှီးတဲ့ သူငယ်ချင်း တွေလောက်ပဲ အသိပေးပြီး ရန်ကုန်ဆင်းလာ ခဲ့ပါတယ်။ ပန်းဆိုးတန်းလမ်း ရုံးဟောင်းကြီး အောက်ဆုံးထပ် က ကြိတ်ခွဲစက်ဌာနပါ။ ၁၉၇၅ ခုနှစ်၊ သြဂုတ်လ (၁၉)ရက်နေ့မှာ အဲဒီတုန်းက CE လို့ခေါ်တဲ့ ဆရာကြီး ဦးမောင်မောင်ထံ သတင်းပို့ အလုပ်ဝင်ခဲ့ပါတယ်။ ဆန်စပါးဆိုတာ၊ ဆန်စက်ဆိုတာ အင်တာဗျူး ဖြေကာနီး
လောက်မှ တွေ့ဘူး၊ မြင်ဘူး၊ ကြားဘူးတဲ့ အင်ဂျင်နီယာ ပေါက်စလေးတစ်ယောက် ဆန်စပါးလောကထဲကို စတင်ဝင်ရောက်လာပါပြီလို့ ဆိုရပါမယ်။
လွန်ခဲ့သော နှစ ၃၀ကျော်လောက်က အင်ဂျင်နီယာပေါက်စလေး မနူးမနပ်နဲ့ ဆန်စက်လောကထဲ ရောက် လာပုံက မထူးဆန်းပါဘူး။ အရင်ရောက်နေတဲ့ B Sc Engg အစ်ကိုကြီးတွေရဲ့ ဆုံးမသွန်သင် ပညာပေးမှုတွေ ကိုလည်း နာခံခဲ့ရပါတယ်။ BE အုပ်စု၊ စုစုပေါင်း (၈)ယောက်ပါ။ အဲဒီထဲက တစ်ယောက်ကတော့ စက်မှု (၂) အတွက် အင်တာဗျူးသွားဖြေပြီး ရသွားလို့ စက်မှု (၂) ပြောင်းသွားပါတယ်။အော်-သေချာစဉ်းစားကြည့်ရင် B Sc Engg ဆရာသမားတွေလည်း သေတဲ့သူတွေ ကသေကုန်ကြပါပြီ။ အလုပ်တူတူ ၀င်တဲ့ BE သူငယ်ချင်းတွေလည်း နေရာမှာ မရှိကြတော့ပါဘူး။ သေတဲ့ သူလည်းသေကုန်တဲ့ အတွက် လက်ဖြစ်တထွတ်လေးလောက်ပဲ
ကြာသလိုပါပဲ။
စာရေးသူရဲ့ ပထမဆုံး နယ်အတွေ့အကြုံကတော့ စစ်ကိုင်းဆိုင်လိုကြီးဆောက်တဲ့ ပရိုဂျက်ပါ။ အော်ဆီ က အင်ဂျင်နီယာတွေနဲ့ တူတူတွဲလုပ်ရပါတယ်။ ဒါပေမဲ့ စစ်ကိုင်းဆိုင်လို တည်ဆောက်ရေးမှာ သိပ်မကြာ လိုက်ပါဘူး။ မိန်းမယူဖို့အတွက် ရန်ကုန်ပြောင်းလာတော့ ဆရာကြီး ဦးမောင်မောင်က တခါတည်း သန်လျင် ရုံးကို အင်ဂျင်နီယာအနေနဲ့ တာဝန်ချပေး လိုက်တော့တာပါပဲ။ အဲဒီတော့မှပဲ ဆန်စပါးနဲ့ နင်လားငါလား တွေ့ရပါတော့တယ်။
ဝါရင့်ဖိုမင်ကြီးတွေနဲ့ သန်လျင်ဇုန်အတွင်းမှာရှိတဲ့ ဆန်စက်တွေ လျှောက်လှည့်စစ်ဆေးတဲ့အခါ ဆန်ကြိတ်ခွဲရေးရဲ့ အကြောင်းကို တဖြည်းဖြည်း သိလာရပါတယ်။ ဆန်နှင့်ဆန်ထွက်ပစ္စည်းတွေရဲ့ အခြေ အနေတွေကို မြင်တာနဲ့ စက်အစိတ်အပိုင်းတွေ ဘာတွေဖြစ်နေပြီလဲဆိုတာ သိရအောင် ဖိုမင်ကြီးတွေဆီက သင်ယူရင်း လေ့လာရပါတယ်။ သိပ်ဆိုးနေရင် ချက်ချင်းစက်ရပ်ပြီး ဖွင့်ခိုင်းကြည့်ရပါတယ်။ ဝါရင့်ဖိုမင်တွေ ဖြစ်နေတော့ ပြောလိုက်ရင် မလွဲပါဘူး။ ချို့ယွင်းချက်ကို တွေ့ရတာပါပဲ။
စက်ကရပ်လျှင် ဝင်ငွေလျော့သွားမယ်လေ။ ဒါကြောင့် အဲဒီအချိန်တုံးက စက်ပိုင်အများစုက စက်ကို မတတ်သာမှဘဲ ပြင်ဖို့ ရပ်ချင်ကြတယ်။ ဆန်စက်တွေမှာ ကန်ထရိုက်အလိုက် စမ်းသပ်ကြိတ်ခွဲမှု လုပ် ရတာလည်း ပျော်စရာအကောင်းဆုံးပါ။ စက်ပိုင်နဲ့ သူ့လူတွေနဲ့ ပညာပြိုင်ရတာ test milling လုပ်နေတဲ့ အချိန် ပတ်လည်ပေါင်နည်းရင်၊ အောက်တန်းနည်းရင် ကန်ထရိုက် ကြိတ်တဲ့အခါ သူ့အတွက် ကျန်တာပေါ့။ စာရေးသူတို့ကလည်း ပတ်လည်ပေါင်ကိုက်အောင် အောက်တန်းကိုက်အောင် ဆန်ကြိတ်နေတဲ့ ၄-၅ နာရီ အတွင်း မျက်လုံးဖြဲကြည့်ပြီး မေစင်ပေါ်တက်၊ ဆန်ထွက်ပစ္စည်းတွေ စစ်ကြည့်၊ မသင်္ကာရင် ဖွင့်ကြည့်နဲ့ အတော်စေ့စေ့စပ်စပ် လုပ်ကြရပါတယ်။ တစ်ခါကဆိုရင် ကြိတ်ဖတ် ပန်ကာအိမ်ထဲ အမှိုက် တွေ စုထည့်ထားတာကို တွေ့ရပါတယ်။ ဖိုမင်က မသင်္ကာလို့ ပန်ကာအိမ်ကို ဖွင့်ကြည့်မှ ကြိတ်ဖတ်တွေ တွေ့ရတယ်။ တစ်ခါတည်း အောက်တန်းဖြတ် တော့ ထည့်ချိန်တော့တာပါပဲ။ စက်ပိုင်ဆိုတာ မျက်နှာရှုံ့မဲ့နေတာပါပဲ။
လူငယ်ဆိုတော့ ဇုန်မန်နေဂျာက ဒိုင်တွေစစ်မယ်ဆိုင်ရင်လည်း လိုက်သွားတာပဲ။ ချောင်းကြို၊ ချောင်းကြား၊ ပဲ့ထောင်စက်တပ် မော်တော်လေးနဲ့ အပျင်းပြေ ပိုကာဒေါင်းသွားကြတော့ ခရီးက ပျင်းစရာ မရှိ တော့ဘူး။ စပါးအဝယ်ဒိုင်ရောက်တော့ ဇုန်မန်နေဂျာက စပါးပုံကို စမ်းသပ်၊ စာရင်းဇယားတွေ အမှားအယွင်းရှိမရှိ စစ်ဆေးနဲ့ တစ်ခါတစ်ရံ မိုးချုပ်သွားလို့ ညအိပ်ရတာလည်း ရှိပါရဲ့၊ ကျောက်တန်းမြို့နယ်က တံတားရွာ ဆိုရင် စာရေးသူတို့ မကြာခဏ ညအိပ်ခဲ့ရတဲ့ ရွာကြီးပေါ့။ဆန်စပါးအကြောင်းကို အလုပ်ခွင်မှာ ကြာလာတာနဲ့အမျှ သူရဲ့ လျှို့ဝှက်ချက်တွေကို သိလာရ ပါတယ်။ လုပ်သက်ရင့်လာတာနဲ့အမျှ ဆန်စပါးပညာရပ်ဟာ စိတ်ဝင်စားစရာ ကောင်းလာတာကို တွေ့ရ တယ်။ အတိတ်ရဲ့ပုံရပ်မှာ လှပတာတွေရှိသလို ရုပ်ဆိုးတာတွေလည်း ရှိပါတယ်။ အဖေက သားအလုပ်ဝင် တော့မယ်ဆိုတော့ တစ်ချက်ပဲ မှာပါတယ်။ ဘာလဲဆိုတော့ ''သား အလုပ်ကို ဘယ်တော့မှ မျက်ခြည် မပြတ်စေနဲ့''တဲ့ အဖေ့စကားကို ဘယ်တော့မှ မမေ့ပါဘူး။ အလုပ်လုပ်ရင်း အဖေ့စကား မှန်တယ်ဆိုတာ လည်း တွေ့လာရပါတယ်။
ဆန်စပါးလုပ်ငန်းရဲ့ ပုံရိပ်တွေဟာ နှစ်ပေါင်း (၃ဝ)ကျော်အတွင်းမှာ ပြောင်းလဲလာသလို ဆန်စပါးနဲ့ ပတ်သက် ခဲ့ တဲ့ စာရေးသူတို့ရဲ့ ပုံရိပ်တွေဟာလည်းတဖြေးဖြေးအိုမင်းပြောင်းလဲလာနေပါပြီ။ နောက်ပေါ်လာ တဲ့ မျိုးဆက်သစ်တွေကို လက်ဆင့်ကမ်းပေးရမယ့်အချိန် ရောက်နေတော့ လည်း နားခိုစရာ ကွန်းကြီးပျောက်နေပါပြီ။ နှစ်ပေါင်း (၃ဝ)ကျော် တွေ့ကြုံခဲ့ရ တဲ့ ပုံရိပ်တွေဟာ ခုအချိန်မှာဆိုရင် အတော်အဖိုးတန်တဲ့ ပုံရိပ်တွေ ဖြစ်နေပါပြီ။ ဒီပုံရိပ်တွေကို လက်ဆင့် ကမ်းရမယ့်တာဝန်က ကျွန်တော်တို့ တာဝန်တွေပါ။ ဒါပေမဲ့ ဘယ်သူ့ ကိုပေးရပါမလဲ ?