Monday, May 3, 2010

ပုံရိပ်ကို လက်ဆင့်ကမ်းကြစို့--

၁၉၇၅ ခုနှစ်၊ မန္တလေး
ကုန်သွယ်ရေးကော်ပိုရေးရှင်းအမှတ် (၁)မှာ လက်ထောက်အင်ဂျင်နီယာ ရာထူးတွေ ခေါ်ယူ နေတဲ့အကြောင်း သူငယ်ချင်း ခင်မောင်ဦး (ဟာဂျီ)က သတင်းပေးလာပါတယ်။ သူကတော့ MOC မှာ လျှောက်ထားပြီးဖြစ်တဲ့အတွက် မလျှောက်တော့ဘူးတဲ့။ ဆန်စက်နဲ့ပတ်သက်တာ ဖြစ်တဲ့အတွက် ထွန်းလှိုင် (အဘိုးကြီး)ယောက်ဖ ဆန်စက်ကို လေ့လာလို့ ရတယ်လို့လည်း အကြံပေးလာပါတယ်။ ဒါနဲ့ပဲ အဘိုးကြီး ထွန်းလှိုင်နဲ့ ဟာဂျီကိုခေါ်ပြီး မြစ်ငယ်မှာရှိတဲ့ ဆန်စက်ကိုလေ့လာဖို့ မန္တလေးကနေ ဘတ်စ်ကားစီး သွားကြ ပါ တယ်။
ဆန်စက်ဆိုတာ ပထမဆုံး မြင်ဖူးတာပါပဲ။ ၂၅ တန်ကျ ဆန်စက်ကလေးပါ။ အဲဒီတုံးက ဆန်စက်ကို အကြီးကြီးပဲလို့ ထင်မိတယ်။ ထွန်းလှိုင်ယောက်ဖက ဘွဲ့ရတစ်ယောက်ဆိုတော့ ဆန်စပါးနဲ့ ပတ် သက်တာတွေ၊ ဆန်ကြိတ်ခွဲတာတွေကို ရှင်းလင်းပြသပါတယ်။
နားထဲဝင်တာရှိသလို တစ်ဖက်နားက ပြန်ထွက်သွားတာလည်း ရှိပါရဲ့။ ဒါပေမဲ့ ဆန်ဘယ်လို ကြိတ်တယ်ဆိုတာအကြမ်းဖျင်းလောက်တော့ သိလာပါတယ်။

၁၉၇၅ ခုနှစ်၊ ရန်ကုန်
မန္တလေးကနေ ရန်ကုန်ဆင်းလာတော့ same batch တွေက ကုန်သွယ်ရေး (၁)ကို မလျှောက် ကြဘူး။ စက်မှု (၁)တို့ စက်မှု (၂)တို့ MOC တို့ကိုပဲ အလေးပေး လျှောက်ကြတယ်။ သူငယ်ချင်းတွေ အဆွယ် ကောင်းတာနဲ့ပဲ ရန်ကုန်ရောက်မှ စက်မှု (၂)ကို လျှောက်လွှာတင်လိုက်သေးတယ်။ ဒါနဲ့ PSC မှာ အင်တာဗျူး ရက် ရောက်ပါလေရော။ အဲ့ဒီတုန်းက ရေးဖြေမရှိဘူး။ အင်တာဗျူးပဲ ရှိတယ်။ ဆန်စပါးနဲ့ ပတ်သက်တာတွေ ဘာမှ မမေးဘူး။ အခြားအကြောင်းအရာတွေပဲ မေးပါတယ်။ ဖြေနိုင်တာလည်း ရှိပါရဲ့၊ မဖြေနိုင်တာလည်း ရှိ တာပေါ့။ ဒါနဲ့ မေ့မေ့ပျောက်ပျောက်ပဲ မန္တလေး ပြန်လာခဲ့တယ်။ သြဂုတ်လ ဒုတိယပတ်လောက်ကျတော့ PSC က စာရောက်လာပါတယ်။ ကုန်သွယ်ရေးကော်ပိုရေးရှင်းအမှတ် (၁)မှာ လက်ထောက်အင်ဂျင်နီယာ ရာထူးတွင် ခန့်အပ်ရန် ရွေးချယ်ခံရကြောင်း အကြောင်းစာပါ။
same batch သူငယ်ချင်းတွေ မလျှောက်ကြဘူးဆိုတာ ကြိုသိနေရတော့ ရင်းနှီးတဲ့ သူငယ်ချင်း တွေလောက်ပဲ အသိပေးပြီး ရန်ကုန်ဆင်းလာ ခဲ့ပါတယ်။ ပန်းဆိုးတန်းလမ်း ရုံးဟောင်းကြီး အောက်ဆုံးထပ် က ကြိတ်ခွဲစက်ဌာနပါ။ ၁၉၇၅ ခုနှစ်၊ သြဂုတ်လ (၁၉)ရက်နေ့မှာ အဲဒီတုန်းက CE လို့ခေါ်တဲ့ ဆရာကြီး ဦးမောင်မောင်ထံ သတင်းပို့ အလုပ်ဝင်ခဲ့ပါတယ်။ ဆန်စပါးဆိုတာ၊ ဆန်စက်ဆိုတာ အင်တာဗျူး ဖြေကာနီး
လောက်မှ တွေ့ဘူး၊ မြင်ဘူး၊ ကြားဘူးတဲ့ အင်ဂျင်နီယာ ပေါက်စလေးတစ်ယောက် ဆန်စပါးလောကထဲကို စတင်ဝင်ရောက်လာပါပြီလို့ ဆိုရပါမယ်။
လွန်ခဲ့သော နှစ ၃၀ကျော်လောက်က အင်ဂျင်နီယာပေါက်စလေး မနူးမနပ်နဲ့ ဆန်စက်လောကထဲ ရောက် လာပုံက မထူးဆန်းပါဘူး။ အရင်ရောက်နေတဲ့ B Sc Engg အစ်ကိုကြီးတွေရဲ့ ဆုံးမသွန်သင် ပညာပေးမှုတွေ ကိုလည်း နာခံခဲ့ရပါတယ်။ BE အုပ်စု၊ စုစုပေါင်း (၈)ယောက်ပါ။ အဲဒီထဲက တစ်ယောက်ကတော့ စက်မှု (၂) အတွက် အင်တာဗျူးသွားဖြေပြီး ရသွားလို့ စက်မှု (၂) ပြောင်းသွားပါတယ်။အော်-သေချာစဉ်းစားကြည့်ရင် B Sc Engg ဆရာသမားတွေလည်း သေတဲ့သူတွေ ကသေကုန်ကြပါပြီ။ အလုပ်တူတူ ၀င်တဲ့ BE သူငယ်ချင်းတွေလည်း နေရာမှာ မရှိကြတော့ပါဘူး။ သေတဲ့ သူလည်းသေကုန်တဲ့ အတွက် လက်ဖြစ်တထွတ်လေးလောက်ပဲ
ကြာသလိုပါပဲ။
စာရေးသူရဲ့ ပထမဆုံး နယ်အတွေ့အကြုံကတော့ စစ်ကိုင်းဆိုင်လိုကြီးဆောက်တဲ့ ပရိုဂျက်ပါ။ အော်ဆီ က အင်ဂျင်နီယာတွေနဲ့ တူတူတွဲလုပ်ရပါတယ်။ ဒါပေမဲ့ စစ်ကိုင်းဆိုင်လို တည်ဆောက်ရေးမှာ သိပ်မကြာ လိုက်ပါဘူး။ မိန်းမယူဖို့အတွက် ရန်ကုန်ပြောင်းလာတော့ ဆရာကြီး ဦးမောင်မောင်က တခါတည်း သန်လျင် ရုံးကို အင်ဂျင်နီယာအနေနဲ့ တာဝန်ချပေး လိုက်တော့တာပါပဲ။ အဲဒီတော့မှပဲ ဆန်စပါးနဲ့ နင်လားငါလား တွေ့ရပါတော့တယ်။
ဝါရင့်ဖိုမင်ကြီးတွေနဲ့ သန်လျင်ဇုန်အတွင်းမှာရှိတဲ့ ဆန်စက်တွေ လျှောက်လှည့်စစ်ဆေးတဲ့အခါ ဆန်ကြိတ်ခွဲရေးရဲ့ အကြောင်းကို တဖြည်းဖြည်း သိလာရပါတယ်။ ဆန်နှင့်ဆန်ထွက်ပစ္စည်းတွေရဲ့ အခြေ အနေတွေကို မြင်တာနဲ့ စက်အစိတ်အပိုင်းတွေ ဘာတွေဖြစ်နေပြီလဲဆိုတာ သိရအောင် ဖိုမင်ကြီးတွေဆီက သင်ယူရင်း လေ့လာရပါတယ်။ သိပ်ဆိုးနေရင် ချက်ချင်းစက်ရပ်ပြီး ဖွင့်ခိုင်းကြည့်ရပါတယ်။ ဝါရင့်ဖိုမင်တွေ ဖြစ်နေတော့ ပြောလိုက်ရင် မလွဲပါဘူး။ ချို့ယွင်းချက်ကို တွေ့ရတာပါပဲ။
စက်ကရပ်လျှင် ဝင်ငွေလျော့သွားမယ်လေ။ ဒါကြောင့် အဲဒီအချိန်တုံးက စက်ပိုင်အများစုက စက်ကို မတတ်သာမှဘဲ ပြင်ဖို့ ရပ်ချင်ကြတယ်။ ဆန်စက်တွေမှာ ကန်ထရိုက်အလိုက် စမ်းသပ်ကြိတ်ခွဲမှု လုပ် ရတာလည်း ပျော်စရာအကောင်းဆုံးပါ။ စက်ပိုင်နဲ့ သူ့လူတွေနဲ့ ပညာပြိုင်ရတာ test milling လုပ်နေတဲ့ အချိန် ပတ်လည်ပေါင်နည်းရင်၊ အောက်တန်းနည်းရင် ကန်ထရိုက် ကြိတ်တဲ့အခါ သူ့အတွက် ကျန်တာပေါ့။ စာရေးသူတို့ကလည်း ပတ်လည်ပေါင်ကိုက်အောင် အောက်တန်းကိုက်အောင် ဆန်ကြိတ်နေတဲ့ ၄-၅ နာရီ အတွင်း မျက်လုံးဖြဲကြည့်ပြီး မေစင်ပေါ်တက်၊ ဆန်ထွက်ပစ္စည်းတွေ စစ်ကြည့်၊ မသင်္ကာရင် ဖွင့်ကြည့်နဲ့ အတော်စေ့စေ့စပ်စပ် လုပ်ကြရပါတယ်။ တစ်ခါကဆိုရင် ကြိတ်ဖတ် ပန်ကာအိမ်ထဲ အမှိုက် တွေ စုထည့်ထားတာကို တွေ့ရပါတယ်။ ဖိုမင်က မသင်္ကာလို့ ပန်ကာအိမ်ကို ဖွင့်ကြည့်မှ ကြိတ်ဖတ်တွေ တွေ့ရတယ်။ တစ်ခါတည်း အောက်တန်းဖြတ် တော့ ထည့်ချိန်တော့တာပါပဲ။ စက်ပိုင်ဆိုတာ မျက်နှာရှုံ့မဲ့နေတာပါပဲ။
လူငယ်ဆိုတော့ ဇုန်မန်နေဂျာက ဒိုင်တွေစစ်မယ်ဆိုင်ရင်လည်း လိုက်သွားတာပဲ။ ချောင်းကြို၊ ချောင်းကြား၊ ပဲ့ထောင်စက်တပ် မော်တော်လေးနဲ့ အပျင်းပြေ ပိုကာဒေါင်းသွားကြတော့ ခရီးက ပျင်းစရာ မရှိ တော့ဘူး။ စပါးအဝယ်ဒိုင်ရောက်တော့ ဇုန်မန်နေဂျာက စပါးပုံကို စမ်းသပ်၊ စာရင်းဇယားတွေ အမှားအယွင်းရှိမရှိ စစ်ဆေးနဲ့ တစ်ခါတစ်ရံ မိုးချုပ်သွားလို့ ညအိပ်ရတာလည်း ရှိပါရဲ့၊ ကျောက်တန်းမြို့နယ်က တံတားရွာ ဆိုရင် စာရေးသူတို့ မကြာခဏ ညအိပ်ခဲ့ရတဲ့ ရွာကြီးပေါ့။ဆန်စပါးအကြောင်းကို အလုပ်ခွင်မှာ ကြာလာတာနဲ့အမျှ သူရဲ့ လျှို့ဝှက်ချက်တွေကို သိလာရ ပါတယ်။ လုပ်သက်ရင့်လာတာနဲ့အမျှ ဆန်စပါးပညာရပ်ဟာ စိတ်ဝင်စားစရာ ကောင်းလာတာကို တွေ့ရ တယ်။ အတိတ်ရဲ့ပုံရပ်မှာ လှပတာတွေရှိသလို ရုပ်ဆိုးတာတွေလည်း ရှိပါတယ်။ အဖေက သားအလုပ်ဝင် တော့မယ်ဆိုတော့ တစ်ချက်ပဲ မှာပါတယ်။ ဘာလဲဆိုတော့ ''သား အလုပ်ကို ဘယ်တော့မှ မျက်ခြည် မပြတ်စေနဲ့''တဲ့ အဖေ့စကားကို ဘယ်တော့မှ မမေ့ပါဘူး။ အလုပ်လုပ်ရင်း အဖေ့စကား မှန်တယ်ဆိုတာ လည်း တွေ့လာရပါတယ်။
ဆန်စပါးလုပ်ငန်းရဲ့ ပုံရိပ်တွေဟာ နှစ်ပေါင်း (၃ဝ)ကျော်အတွင်းမှာ ပြောင်းလဲလာသလို ဆန်စပါးနဲ့ ပတ်သက် ခဲ့ တဲ့ စာရေးသူတို့ရဲ့ ပုံရိပ်တွေဟာလည်းတဖြေးဖြေးအိုမင်းပြောင်းလဲလာနေပါပြီ။ နောက်ပေါ်လာ တဲ့ မျိုးဆက်သစ်တွေကို လက်ဆင့်ကမ်းပေးရမယ့်အချိန် ရောက်နေတော့ လည်း နားခိုစရာ ကွန်းကြီးပျောက်နေပါပြီ။ နှစ်ပေါင်း (၃ဝ)ကျော် တွေ့ကြုံခဲ့ရ တဲ့ ပုံရိပ်တွေဟာ ခုအချိန်မှာဆိုရင် အတော်အဖိုးတန်တဲ့ ပုံရိပ်တွေ ဖြစ်နေပါပြီ။ ဒီပုံရိပ်တွေကို လက်ဆင့် ကမ်းရမယ့်တာဝန်က ကျွန်တော်တို့ တာဝန်တွေပါ။ ဒါပေမဲ့ ဘယ်သူ့ ကိုပေးရပါမလဲ ?

No comments: