Tuesday, February 21, 2012

မြေးနဲ့ အဖိုးကြားကသံယောဇဉ်


မြေးလေးရဲ့ NTUC Day care" my skool"


NTUC Day care ယူနီဖေါင်းနဲ့မြေးလေး

မောင်တိုင်ပင်ရဲ့ တစ်ဦးတည်းသောသမီးကမွေးထားတဲ့မြေးလေးကအခုဆိုရင် ၂ နှစ်ပြည့်ပြီ။မြေးလေးကစင်ကာပူမှာနေတော့မောင်တိုင်ပင်အတွက် virtually ပဲကွန်ပျူတာစကရင်ပေါ်မှာတွေ့ နိုင်တယ်လေ။မြေးလေးက၂နှစ်မပြည့်ခင်ကတည်းကNTUC Day Care ကိုသူ့အမေကပို့လိုက်တယ်။သူတုံးက ၈ မိုင်က ဒေါ်ရင်ဝိုင်းကျောင်းကို ၃နှစ်ခွဲပြည့်မှ ပို့ခဲ့တာ၊အဲဒီတုံးကမောင်တိုင်ပင်ဇနီးကထပ်ချပ်မခွာသမီးနောက်ကအမြဲလိုက်တယ်။ မြေးလေး ကိုသနားတော့ ကျောင်းစောစော ပို့ ရမလားဆိုပြီး သူအမေနဲ့စကားများရသေးတယ်။နောက်ဆုံးတော့ စင်ကာပူမှာ မွေးတဲ့ခလေး စင်ကာပူပုံစံနဲ့ပဲကြီးပြင်းရမှာ ပဲလေဆိုပြီးစိတ် ကိုဖြေပါတယ်။မောင်တိုင်ပင်ဇနီး ကွယ်လွန်သူ သူ့အဖွားသာရှိနေရင်ဘယ်ဒီလိုပစ်ထားမလဲ၊ရှင်ဖါသာနေချင်သလိုနေ၊ကျုပ်တော့ကျုပ်မြေးကိုပဲသွားထိန်းတော့မယ် လို့ ပြောမှာ လုပ်မှာ သေချာပါတယ်ဗျာ။ မြေးလေး ကလည်း တကယ်ပါပဲ၊ ပီယဆေးပါတယ်၊ cheerful ဖြစ်တယ်၊ ကိုယ့်မြေး မို့လို့ ပြောနေတာမဟုတ်ဘူး။သူ အတွက် ခလေးထိန်းကတစ်နှစ်ပဲထားနိုင်တယ်။စင်ကာပူမှာ ခလေးထိန်းထားရတာတော်တော်စရိတ်ကုန်တာပဲကိုး။ စင်းဒေါ်လာ၉၀၀လောက် လစဉ်ကုန်နေတော့ သူမိဘတွေကDay care ကိုပိုဖို့ပဲစဉ်းစားကြ တော့တာပေါ့။ ဒုတိယအခေါက်ဒီဇင်ဘာလ မှာ မောင်တိုင်ပင်စင်ကာပူရောက်သွားတော့မြေးလေးကကျောင်းစနေ နေ ပြီ။အဲဒီအချိန်ကခလေးထိန်းကလည်းရှိနေတော့ ကျောင်းကမနက် ၈နာရီခွဲ ကနေနေ့ လည် ၁၂နာရီ အထိတစ်ပါတ်လောက် ထား ခိုင်းတယ်။ကျောင်းကအိမ်ရှေ့မှာ ရှိတော့မောင်တိုင်ပင်မကြာခဏဆိုသလို (၇)ထပ်ကနေအောက်ဆင်းပြီးကျောင်းပြူတင်းပေါက်နေချောင်းချောင်းကြည့် ရတယ်၊ကျောင်းကခလေးတွေကိုတခါးပိတ်မထားဘူး၊မိဘတွေအဖိုးအဖွားတွေလာကြည့် လို့ရအောင်ပြူတင်းပေါက်လိုက်ကာကိုဖွင့်ထားတယ်။နောက်၈နာရီခွဲကနေ ညနေ၃နာရီထိ တဖြည်းဖြည်းအချိန်ကိုနောက်ဆုတ်ဆုတ်သွားမယ်လို့ကျောင်းကစီစဉ်တယ်လေ။ ကျောင်းမှာနေလည်အိပ်ရတယ်၊ဆရာမတွေကရေချိုးပေးတယ်၊ နေ့လည်စာကျွေးတယ်၊ အိမ်ကအစားအစာယူမလာရဘူး၊ စင်ကာပူတရုတ်လေးတစ်ယောက်ဆိုအိတ်ထဲမှာ ဘီစကွတ်တွေထည့်ထားပြီး ခိုးခိုးစားတယ်။ဆရာမတွေကအတင်းတော့မသိမ်းပါဘူး၊ သူကကိုယ်ခန္တာကြီးတော့ကျောင်းကကျွေးတာနဲ့မ၀ဘူးနဲတူတယ်။

အခုဆိုရင်မြေးလေးကသူ့ကိုမေမေနဲ့ဖေဖေ ကဘာကြောင့်တစိမ်းတွေလက်ထဲမှာ ထားခဲ့ ရတာလဲ လို့သူစိတ်ထဲမှာ တွေးချင်တွေးမှာ၊ ဒါကြောင့်လားမသိဘူး။ ညနေ၆ နာရီအမေ လာကြိုချိန်မှာ ငိုပြီးပျော်ပြီးထွက်လာတာဖြစ်တယ်။သူများခလေးတွေရဲ့အိမ်သားတွေက ၅နာရီလောက်ဆိုလာကြိုကြတော့သူစိတ်ထဲမှာတွေးချင်တွေးမယ်လေ၊ငါကိုဘာကြောင့် မေမေနဲဖေဖေကလာမကြိုရသေးတာလဲ? ခလေးကသူပိုင်ပစ္စည်းတွေ ကိုသိမ်းထားပြီးအမေအဖေ ကိုစောင့်နေတော့တာပါပဲ။ ဘာပဲဖြစ်ဖြစ်လေ၊မောင်တိုင်ပင်စိတ်ပူပေမဲ့ ဘာတတ်နိုင်မှာ လဲ၊ ၂ပတ်လောက်စင်ကာပူမှာနေပြီးတော့မောင်တိုင်ပင်အတွေးပေါင်းစုံနဲ့မြန်မာပြည်ပြန်လာရတယ်။

မြန်မာပြည်ပြန် ရောက်တာနဲ့နဖူးပေါ်လက်တင်ခေါင်းပူအောင်ကိုပဲစဉ်းစားပြီးတော့ဆုံးဖြတ်ချက်တစ်ခုချ လိုက်တယ်။အမေမရှိတော့တဲ့သမီး သူ့ကိုငါကူညီရမဲ့အချိန်ရောက်နေပြီ။ကူညီရတော့မယ် လို့ဆုံးဖြတ် လိုက်တယ်။သမီးကိုချစ်တာတစ်ခုတည်းတင်မဟုတ်ဘူးလေ၊မြေးအနှစ်ဆိုတာ လည်းပါတာပေါ့လေ၊သူအတွက်ကိုအဓိကစဉ်းစားတာပါ။ ဆုံးဖြတ်ပြီးချက်ချင်းလုပ်လို့မရသေးဘူး။ ပထမဆုံးစင်ကာပူမှာကြာကြာနေနိုင်ဖို့ long term pass လျှောက်ရမယ်။သမီးက PR ဖြစ်နေတော့သူကခေါ်လို့ရတယ်။ သမီး ကိုဖေဖေလာနေမယ်၊ lon term pass လျှောက်ပေးလို့ ပြော လိုက်တော့ သူလည်းဝမ်းသာအားရနဲ့ on line ကနေလျှောက်ပေးတယ်။ ၂ပါတ်လောက်အတွင်းရတယ်၊ကိုယ်တို်င်လာထုတ်ရမယ်ဆိုပြီး ဖုံးဆက်လာတယ်။ခိုင်ခိုင်မာမာဆုံးဖြတ်ပြီးသားဖြစ်နေတော့ မောင်တိုင်ပင်နေပြည်တော်ပြေး----အလုပ်ကနေထွက်ခွင့်ပြုဖို့ နှုတ်ထွက်လွှာကိုလူကြီးဆီတင်----လူကြီးနဲ့တွေ့အခက်အခဲကိုပြောပြရတာပေါ့။ သူတို့လည်းတော်တော်ဗျာများသွားပုံ ရတယ်၊မောင်တိုင်ပင်နေရာအတွကလူစားကတော်တော်နဲ့မရဘူး။မောင်တိုင်ပင်ကလည်းဆုံးဖြတ်ထားပြီးပြီလေ၊ပင်စင်ယူထားပြီး ဖြစ်ပေမဲ့ ဒီအလုပ်မှာတော့ ပြန် လုပ်ပါဆို လို့ပြန်လုပ်ရတာလေ။ ပင်စင်ယူခဲ့တဲ့ နောက် ၃နှစ်လောက်လုပ်ပြီးပြီဆိုတော့ လူစားကို သူတို့ရှာရတော့တာပေါ့။မောင်တိုင်ပင် အတွက်စဉ်းစားပေးပါတယ်။ မတ်လ ကုန်ထိ လုပ်ပေးဖို့မေတ္တာရပ်ခံလာတယ်။ မောင်တိုင်ပင်လည်းမတတ်နိုင်ဘူး၊ ငြင်း လို့မှာ မရတာ၊ဒါနဲ့နောက်တစ်ခေါက်စင်ကာပူပြန် long term pass သွားထုတ်ပြီး မြေးလေး ကိုစိတ်မချတချနဲ့ ပဲထားပြီး ပြန်လာရတယ်။

မောင်တိုင်ပင်စင်ကာပူရောက်နေတုံးမြေးလေးကျောင်း ကို လိုက်သွားတယ်။ကျောင်းနေစဆိုတော့အများနဲ့လိုက်မလုပ်တတ်သေးဘူး၊ဆရာမတွေကခိုင်းရင်လုပ်ချင်မှ လုပ်တယ်။တာပေမဲ့ အခု၁လခွဲလောက်ကြာတော့ ဟုတ်နေပါပြီ။သူကျောင်း ကကျောင်းအုပ်ဆရာမကြီး ကမိဘတွေဆီကိုကျောင်းမှာ ဘယ် လိုနေတယ်ထိုင်တယ်ဆိုတာ ရီပို့ လုပ်ပါတယ်။ရီပို့ ကို အမေ လုပ်သူ က facebook တင်တော့ဖတ်ရပါတယ်။ စိတ်ထဲမှာကတော့တော်တော် ကိုပူပန်မိ ပါတယ်။ရင်ဖွင့်စရာအိမ်သူကလည်းမရှိတော့ညီမဆီသွားသွားရင်ဖွင့် ရတယ်။ အမြဲတန်း မြေးလေးကျောင်းမှာ အဆင်ပြေနေသလားဆိုတာတွေးတွေးနေတတ်တယ်။ ကိုယ်ဟာကို လည်းသိပါတယ်။အော် ငါ ဒီအရွယ်မှာ ၀ိပသာနာတရား အားထုတ်နေရမှာ ငါ့မြေး ငါ့မြေးဆိုပြီး ငါစွဲနဲ့ သက္ကာရဒိဌိ ၀င်နေပြီ လိုတော့သတိထားမိပါတယ်။ တာပေမဲ့ ကိုယ် ကပုထုဇဉ်လေ၊အခုတော့ အချိန်ကကုစားပြီးဖြစ်နေပေမဲ့ မြေးလေး ဆီသွားနေဖို့ပဲစိတ်ကရောက်နေတော့တယ်။ ကိုယ်အိမ်မှာ အချွေအရံသင်းပင်းနဲ့ ဇိမ်နဲ့နေနိုင်ပေမဲ့ စင်ကာပူ ကိုသွားပြီး ငါ ဘာ လို့များဒုက္ခ ခံနေ ရမှာ လဲလို့ကိုယ့်ကိုကိုယ် မေးမိတယ်။ ရန်ကုန်ကအိမ်ကိုလည်းစောင့်ရှောက်ရအောင်အဒေါ်ကြီးတွေနဲ့ ညှိ ရတာပေါ့။ နှစ်ပေါင်းများစွာနေလာတော့အိမ်သားလိုဖြစ်နေတော့ပူပန်စရာတော့မရှိဘူးပေါ့လေ။

အော် -- မြေး အဖိုး ကြားကသံယောဇဉ်ဆိုတာ မသေးလှပါလားနော်---မောင်တိုင်ပင်တို့နိုင်ငံမှာအင်တာနက်ကလည်းနှေးနေတော့ကောင်းတဲ့အချိန်စောင့်ပြီး မြေးနဲ့ အဖိုး skype မှာ နေ့တိုင်း တွေ့ကြတယ်။ညဆို ၉ နာရီ လောက်ပေါ့။သားမက်နဲ့ viber ချိတ်ထားတော့သူဆီလှမ်းသတိပေးရတယ်။ မြေး ကအဲဒီအချိန်ဆို ဖိုးဖိုး၊ဖိုးဖိုး ဆိုပြီး အဖေ ကိုကွန်ပျူတာဖွင့် ခိုင်းနေပြီ။ ကွန်နက်ရှင်ကောင်း လို့ skype ရရင် မြေးကခုန်ပေါက်ပြီးပျော်နေပြီ။ ဖိုးဖိုးကို လာပြီးအာဘွားလာပေးတယ်၊ ကွန်ပျူတာ စကရင် ကိုပေါ့၊ ကျောင်းမှာဆရာမတွေနဲ့ လုပ်တဲ့ Hi5 ကိုလည်းလာလုပ်တတ်တယ်။လက်ဝါးချင်းရိုက်ကြတာလေ။ အဖိုးနဲ့တွေ့ ရရင်ကွန်ပျူတာရှေ့မှာ ဂျွမ်းထိုးတော့တာပဲ။ ဘယ်ကတတ်လာတာလဲမသိဘူး၊ဂျွမ်းကောင်းကောင်း ထိုးတတ်တယ်။ ကွန်ပျူတာရှေ့မှာ ပြေးမယ်၊ခုန်မယ်၊ပေါက်မယ်၊ခလေးဘာဝပေါ့။ သူ့ ကိုဂရုစိုက်အောင်လို့---ညပိုင်းမှာစားစရာတစ်ခုခု ကိုစားတတ်တာကတော့အဖိုး ကို တူတာနဲ့တူတယ်။

စားစရာဆိုတာကွာစေ့လို snack မျိုးပေါ့။ သူအမေ က ဓါတ်ပုံဝါသနာပါတော့ SLR ကင်မရာကောင်းကောင်းဝယ်ထားတယ်။ အမေကဓါတ်ပုံဆရာ၊ သားကမော်ဒယ်ဘွိုင်း---- အိုင်တင်ကကောင်းကောင်းလုပ်တတ်တော့သူ ပုံထွက်တွေကတော်တော်ချစ်စရာကောင်းတယ်။ အဖိုးရဲ့ i pad2 ထဲမှာ မြေးလေးပုံတွေချည်းပဲ။ကင်မရာဆရာကတော့ သူ့ အမေ---သူ့အမေက လစဉ် ၁၇ ရက်တိုင်း မိသားစုပုံ ကိုရိုက်တယ်၊ သူ့ ပုံ ကိုရိုက်တယ်၊ ဖေ့ဘွတ်မှာ တင်တယ်၊ ဖေဖေါ်ဝါရီ လ၁၇ရက်နေ့ မှာ သူကိုမွေးတာလေ။ From birth to date မြေးလေး ဖွံဖြိုးတိုးတက်မှုမှတ်တမ်းတွေရှိတယ်။

မောင်တိုင်ပင်မြေးအတွက်ယခုလိုဆုံးဖြတ်ခဲ့တာကိုဘယ်လိုအကြောင်းအချက်နဲ့မှ နောက်ပြန်မဆုတ်နိုင်တော့ပါ၊ မောင်တိုင်ပင် အလုပ်လုပ်ခဲ့တာ လုပ်သက် က ၃၇ နှစ်ပါ။အခုထိအလုပ်ကိုလုပ်နိုင်ဖို့ ကျန်းမာနေတုံးပါ။ မောင်တိုင်ပင်လိုလူအတွက် ယခုလိုအချိန်မှာ opportunities တွေအများကြီးရှိနေပါတယ်။ ဟိုလူခေါ်ဒီလူခေါ်နဲ့-မောင်တိုင်ပင်အမြဲငြင်းနေရပါတယ်။ဒါပေမဲ့မိသားစုအတွက်ဒီအချိန်မှာ ရာနှုန်းပြည့် ပေးရမဲ့အချိန် လို့မောင်တိုင်ပင်ယူဆပါတယ်။

သင်ကောဒီလိုမျိုးအဖြစ်နဲ့ ကြုံရရင်ဘယ်လိုဆုံးဖြတ်ပါမလဲ ?

2 comments:

သက်တန့်  said...

သမီး သားလေးရဲ့ ဖိုးဖိုးလည်း ဘဘလိုဆို သိပ်ကောင်းမှာပဲ။ ဖတ်ရတာ အရမ်းကြည်နူးစရာလေးပါ။

Anonymous said...

uncle,good decision .
moe