Sunday, February 26, 2012

ကိုယ်သေဖို့ပြင်ဆင်ပြီးပြီလား


ကိုယ့်ရှေ့ရောက်လာတဲ့သတင်းစာကိုလှန်လိုက်ရင်ကြည့်ဖြစ်တာကနာရေးကြော်ငြာတွေပါ။ဒါလိုအဖြစ် မျိုးကကိုယ့် အသက်အရွယ်တန်းတွေ ဒီလိုပဲဖြစ်နေကြလိမ့်မယ်ထင်ပါတယ်။ သတင်းစာထဲမှာ ကိုယ်နဲ့မသိပေမဲ့ ကိုယ့် အသက်အရွယ်တန်းတွေ တစ်ယောက်ပြီးတစ်ယောက်ရဲ့နာရေးတွေတွေ့နေရတော့မိမိကိုယ်ကိုမေးခွန်းတစ်ခုမေးမိပါတယ်။ မင်းကောသေဖို့ ပြင်ဆင်ပြီးပြီလားလို့ ကိုယ့်ကိုယ် ကိုပြန်မေးမိပါတယ်။ ကိုယ့်ကျန်းမာရေး ကိုဂရုမစိုက်မိပဲ နှလုံးရောဂါလိုမျိုးကင်ဆာလိုမျိုး၊ဖြစ်ပြီးငယ်ငယ်ရွယ်ရွယ်နဲ့ကွယ်လွန်သွားမိတ်ဆွေသူငယ်ချင်းတွေလည်းရှိပါတယ်။
တကယ်တော့သေဖို့ပြင်ဆင်ထားပြီလားဆိုတာဝိပသာနာတရားတွေနာနေကြဖြစ်နေတော့မောင်တိုင်ပင်တို့အတွက်တော့နားယဉ်နေပါပြီ။ သူများတွေအတွက်တော့နမိတ်မရှိနမာမရှိပြောတယ်လို့ထင်ချင်ထင်နေနိုင်ပါတယ်။ ကိုယ့် ခန္ဓာ ဟာထာဝရမပျက်ခင်မှာတော့ပျက်လိုက်ဖြစ်လိုက်ဖြစ်နေတာပါ။အင်မတန်မှကိုမြန်လွန်းလို့ ဖြစ်တာပျက်တာကို ကိုယ်ကမသိနိုင်တာပါ။အခုဒီစာရိုက်နေရင်းခန္ဓာအတွင်းမှာ ပျက်သွားတာတွေအများကြီးရှိသလိုအသစ်အသစ်ပြန်ဖြစ်လာတာတွေလည်းအများချည်းပါ၊ ဒါပေမဲ့ ကိုယ် ကတော့ ဖြစ်ပျက်တာမြန်လွန်းတော့မသိနိုင်ဘူး။ Science မှာ တော့ သက်ရှိတွေကောသက်မဲ့တွေကော cells တွေ tissues ဟာ ဖြစ်လာလိုက် ပျက်သွားလိုက် ဖြစ်နေတဲ့သဘောပါပဲ။
တရားထိုင်တယ်ဆိုတာ လွယ်လွယ်ပြောရရင် မိမိကိုယ်ခန္ဓာထဲမှာဖြစ်တတ် ပျက်တတ်တဲ့သဘော ကို အာရုံစူးစိုက် ကြည့်တာပါပဲ။တရားထိုင်တယ်ဆိုတာကျန်းမာနေမှလုပ်နိုင်မှာပါ။ “အသက်က ၆၃ နှစ်ပဲရှိသေးတာပဲ။အများကြီးလုပ်နိုင်သေးတယ်။သူများတွေအခုထိလုပ်နေကြတာပဲ၊ဘာလို့ အလုပ်ကအနားယူချင်ရတာလဲ“လို့မောင်တိုင်ပင်အရွယ်မိတ်ဆွေတစ်ယောက်ကမေးတယ်။ မေးသူကိုမောင်တိုင်ပင်ကခေတ်လူငယ်တွေ ပြောသလိုမျိုး--သနားတယ်လို့ပြောချင်လိုက်တာ---သူသတိမပြုမိတာပဲဖြစ်လိမ့်မယ်။ဝိပသနာတရားထိုင်နိုင်တယ်ဆိုတာကျန်းမာနေတုံးမှာအကောင်းဆုံးလုပ်နိုင်တယ်။ မောင်တိုင်ပင်တို့အရွယ်မှာတောင်ထိုင်ရထရတာလေးနေပြီ။ဘုန်းကြီးတရားများနာပြီးရင်တော်တော်နဲ့ မထနိုင်တော့ဘူး။တင်ပလ္လင်ခွေပြီးပုံစံကျကျတရားထိုင်ကြည့်ပါအုံး။အာရုံရဖို့ ကိုတော်တော်အလေ့အကျင့်လုပ်ရအုံးမှာ ပါ။သူငယ်ချင်းကျော်သက်ဆိုရင်ဝိပသနာတရားစခန်းမှာ ၃ လ လောက်သွားနေတယ်။
အိမ်ပြန်နေရင်လည်း တစ် လလောက်ပဲနေတယ်၊စုံစမ်း လိုက်ရင်သွားပြန်ပြီတရားစခန်း---သူ့အတွက်ကတော့တရားထိုင်ရတာကိုကြိုက်နှစ်သက်နေပြီ။သူငယ်ချင်းမြင့်ဖေကပြောတယ်။သေလောက်တဲ့ရောဂါရလာတော့သေမှာကိုကြောက်ပြီးဝိပသာနာတရားကိုမရမကထိုင်လိုက်တာအခုနေ့စဉ်တရားထိုင်ဖြစ်နေပြီ။ဝင်းထိန်ဦးတို့သူငယ်ချင်းအုပ်စုတစ်စု၁၀ရက်စခန်းဝင်လိုက်တာပြန်ထွက်လာတော့ WHO အရက် မသောက်တော့ဘူး။ စိန်အုန်း၊Christopher တို့လည်းဝိပသာနာတရားမှန်မှန်ထိုင်ဖြစ်ကြတယ်။ခင်မောင်တိုးဆိုရင် ၀ိပသာနာတရားပြဆရာအဆင့်ရောက်နေပြီ။ငယ်တုံးကတေခဲ့တဲ့ကောင်တွေကြီးလာတော့တရားဓမ္မလိုက်စားကြတာကြားရတာမုဒိတာပွားမိတယ်။ မောင်တိုင်ပင်တို့ကတော့ရောကျော်တွေဝေလေလေတွေဖြစ်နေပါလား။တော်သေးရဲ့တရားခွေတွေမှန်မှန်နားထောင်ဖြစ်ပြီးခန္ဓာရဲ့သဘောကိုသိနေရတာ။နို့မိုရင်ဟိုယောင်ယောင်ဒီယောင်ယောင်ဖြစ်နေမှာ။
တရားထိုင်တာဝီရိယကောင်းမှကောင်းတယ်ထင်တယ်။အားထုတ်မှုမရှိရင်ပျက်ပျက်သွားရော။လုပ်ဖို့ပဲလိုတယ်၊လုပ်မိရင်တစ်ဆက်တစ်စပ်တည်းလုပ်ဖြစ်သွားရော။ဆက်တိုက်မှန်မှန်လုပ်ဖြစ်သွားတယ်။ဘယ်အရာမဆိုပါ။အမှုကိစ္စများပြားလှတဲ့လူတို့ဘောင်မှာမိမိတရားထိုင်ချင်တာကိုဖျက်လိုဖျက်ဆီးလုပ်ချင်တဲ့အကြောင်းတရားတွေအများကြီးပါ။မိမိကိုယ်ကို excuse လို့ခေါ်တဲ့ဆင်ခြေတွေပေးလေ့ရှိပါတယ်။ ဒါတွေကိုကျော်လွှားနိုင်ဖို့အင်အားတစ်ရပ်လိုပါတယ်။
အဲဒီအင်အားရဖို့ဆိုတာကိုယ်ကိုယ်ကိုရောင့်ရဲတင်းတိမ်တတ်အောင်လေ့ကျင့်ဖို့၊အသက်အရွယ်အရသူတပါးအပေါ်မှာမုဒိတာပွားနိုင်တဲ့စိတ်ရင်းလိုပါတယ်၊ဥပေက္ခာပြုနိုင်ရပါမယ်။တတ်နိုင်မယ်၊ဖြစ်နိုင်မယ်ဆိုရင်သံယောဇဉ်ဖြတ်နိုင်ရမှာဖြစ်ပါတယ်။ဗုဒ္ဓဘာသာတရားဟာတကိုယ်ကောင်းဆန်တဲ့တရားလိုလိုပြောကြပါတယ်၊မဟုတ်ပါ၊သတ္တ၀ါတွေအားလုံးအပေါ်မှာမေတ္တာထားတတ်အောင်ကျိုးစားတာဖြစ်ပါတယ်။လူရယ်နတ်ရယ်၊ဗြဟ္မာရယ်လို့ဖြစ်လာလို့ရှိရင်ခန္ဓာတစ်ခုရလာတာပါပဲ။ ခန္ဓာထဲဥာဏ်ရောက်အောင်ကိုယ်ကကျင့်ရမှာပါ။မောင်တိုင်ပင်အားလုံးကိုစွန့်လွှတ်နိုင်အောင်ကျိုးစားနေတာရဲ့ အဓိကအချက်ကတော့ ၀ိပသာနာတရားကို လေ့လာလိုက်စားကြည့်နိုင်အောင်အခြေအနေကိုဖန်တီးယူတာပဲဖြစ်တယ်။ ရောင့်ရဲတင်းတိမ်နိုင်မှုကိုတော့အတိုင်းအတာတစ်ရပ်အထိ ရအောင်လေ့ကျင့်ကြည့်ပြီးပါပြီ။ လောဘ၊ဒေါသ၊မောဟ၊ တွေဟာဘာလဲဆိုတာသိအောင်လုပ်ပြီးကိုယ်ထဲကိုရောက်မလာအောင်ကြိုးစားကြည့်တာပါပဲ။
တစ်စုံတစ်ခုသောအတိုင်းအတာအထိတော့ထိန်းထားနိုင်ပြီထင်ပါတယ်။အတ္တအကျိုးစီးပွားကိုစဉ်းစာမဲ့အစား ပရ အကျိုးစီးပွားကိုစဉ်းစားမိအောင်အားထုတ် ပါတယ်။ ထာဝရ ကတော့ဘယ်ရအုံးမလဲ၊အဲဒီလိုစဉ်းစားလိုက်တော့ကိုယ်စိတ်အတွင်းမှာတော်တော်အေးချမ်းပါတယ်။ပူလောင်မှုတော့လျော့သွားပါတယ်။ဘာပဲပြောပြောကိုယ်ဘယ်လောက်လုပ်နိုင်မလဲဆိုတာအချိန်ကစကားပြောပါလိမ့်မယ်------

No comments: