ယနေ့ အချိန်မှာ ထေရ၀ါဒ သာသနာကို စော်ကားတိုက်ခိုက်တဲ့ ၀က်ဆိုဒ်တစ်ခု ပေါ်ထွက်လာတာနဲ့ ပတ်သတ်ပြီးဗုဒ္ဓဘာသာဝင် အားလုံး စိတ်နှလုံး မအေးချမ်းနိုင်ပဲ ရင်နင့်ကြရတဲ့ အဖြစ်တွေကို သိမြင်မိပါတယ်။ တဦးနဲ့ တဦး ဘာသာအယူဝါဒချင်း မတူညီတဲ့ အတွက် ဘာသာတရား အရ ငြင်းခုန်နေမယ်ဆိုရင် ဘယ်တော့မှ အမှန်တရားကို ရရှိကြမှာမဟုတ်ပါဘူး။ ထို့ကြောင့် သူတပါး ပြောဆိုစော်ကားနေတာတွေနဲ့ပတ်သတ်ပြီးတော့လည်း ဒေါသတွေ၊ မာန်မာနတွေအခုလိုဆဲရေးတိုင်းထွာစော်ကားတာတွေဟာအခုမှ
ပေါ်ပေါက်လာတာလည်းမဟုတ်ပါဘူး။ဘုရားရှင်လက်ထက်ကတည်းကစိဉ္စမာနဆိုတဲ့မိန်းမ
ယုတ်ကကိုယ်ဝန်ရှိဟန်ဆောင်ပြီး
စွပ်စွဲတယ်။ဒေ၀ဒတ်ကဆင်ကိုအရက်မူးအောင် တိုက်ပြီး ဘုရားရှင်ကို ဆင်နဲ့ တိုက်တယ်။ ကျောက်မောင်းဆင်ပြီး အသက်သေအောင် ကြံစည်လုပ်ဆောင်တယ်။ လေးသမားတွေလွှတ်ပြီး လေးမြှားနဲ့ ပစ်သတ်ခိုင်းတယ်။ ဘယ်လောက် ယုတ်မာလိုက်တဲ့ လုပ်ဆောင်ချက်
တွေ ဆိုတာ တွေးကြည့်ယုံနဲ့ မြင်သာပါတယ်။ ဘုရားရှိစဉ်မှာပဲ ဘုရားနဲ့ အနီးကပ်နေတဲ့ ပုဂ္ဂိုလ်တွေထဲကတောင် ဘုရားကို
သတ်ဖို့ ကြံစည်တဲ့ သူတွေ ပေါ်ပေါက်ခဲ့သေးတယ်ဆိုရင် ဘုရားမရှိတော့တဲ့ နောက်ပိုင်း ဘုရားသာသနာကို အခြား
ဘာသာဝင်တွေက စော်ကား ပြက်ရယ်ပြုတာသည် မထူးဆန်းဘူးလို့ ဆိုရမှာပါပဲ။
ဗုဒ္ဓဘာသာဝင်တွေ ယုံကြည်ထားရမှာက အခြားဘာသာက ဖျက်လို့ သာသနာ ပျက်မသွားဘူးဆိုတာပါပဲ။
သူတို့ နှစ်သက်သလို ပြောကြပါစေ… စော်ကားကြပါစေ… သူတို့အတွက် ထိုက်တန်တဲ့ အကျိုးပေးဆိုတာ ရှိနှင့်ပြီးသားပါ။
ငရဲရှိလားမရှိဘူးလားဆိုတာမယုံကြည်သူကိုဖြေရှင်းနေလို့အပိုဖြစ်နေမှာပါပဲ။သူတို့ကိုယ်တိုင်
ရောက်တဲ့နေ့ကျရင်တော့ အဖြေသိမှာပေါ့။
ဗုဒ္ဓမြတ်စွာသည် အခြားဘာသာဝင်တို့က ဘုရား၊ တရား၊ သံဃာတို့ကို စော်ကား ပြောဆိုတာတွေနဲ့ ပတ်သတ်ပြီး
တပည့်သာဝကတွေ နှလုံးသွင်း နာယူလိုက်နာဖို့ အတွက် ဒိဃနိကာယ် ဗြဟ္မဇာလသုတ်တော်မှာ အောက်ပါအတိုင်း
မိန့်မှာတော်မူခဲ့ပါတယ်။
“ရဟန်းတို့… သူတစ်ပါးတို့သည် ငါ၏ အပြစ်ကိုဖြစ်စေ၊ တရား၏ အပြစ်ကိုဖြစ်စေ၊ သံဃာ၏ အပြစ်ကို ဖြစ်စေ ပြောကြလျှင်
ထို(ပြောကြရာ)၌ သင်တို့သည် ရန်ငြိုးထားခြင်း၊ နှလုံးမသာခြင်း၊ စိတ်မကျေချမ်းခြင်း မဖြစ်စေသင့်”
“ရဟန်းတို့… သူတစ်ပါးတို့သည် ငါ၏ အပြစ်ကိုဖြစ်စေ၊ တရား၏ အပြစ်ကိုဖြစ်စေ၊ သံဃာ၏ အပြစ်ကို ဖြစ်စေ ပြောကြရာ၌
သင်တို့သည် အမျက်ထွက်ကြလျှင်၊ နှလုံးမသာကြလျှင် သင်တို့အားသာလျှင် အန္တရာယ်ဖြစ်ရာ၏”
“ရဟန်းတို့… သူတစ်ပါးတို့သည် ငါ၏ အပြစ်ကိုဖြစ်စေ၊ တရား၏အပြစ်ကို ဖြစ်စေ၊ သံဃာ၏ အပြစ်ကို ဖြစ်စေ ပြောကြရာ၌
ဤစကားသည် ဤအကြောင်းကြောင့်လည်း မဟုတ်၊ ဤအကြောင်းကြောင့်ကြောင်း မမှန်၊ စင်စစ်အားဖြင့် ဤအပြစ်သည်
ငါတို့၌ ထင်ရှားမရှိ ဟု မဟုတ်သည်ကို မဟုတ်သည့် အတိုင်း သင်တို့ ဖြေရှင်းရမည်” (ဒီ၊ မြန်၊ ၁၊ ၁၁)။
ယခုအခါမှာ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တို့ အထက်ပါ အဆုံးအမ အတိုင်း ခံယူလိုက်နာကြပါ။
ဘုရား၊
တရား
သံဃာ
ရတနာမြတ်သုံးပါး၏အပြစ်ကိုပြောဆိုကြသည်ကိုကြားသိကြလျှင်နှလုံးမသာယာခြင်း၊စိတ်မ
ကျေချမ်းခြင်းမဖြစ်ကြရန်မြတ်ဗုဒ္ဓသည်သတိပေးတော်မူပါတယ်။
အဘယ့်ကြောင့်သတိပေးတော်မူရသနည်းမူ- ထိုရန်ငြိုးထားခြင်း၊ နှလုံးမသာယာခြင်း ဟူသော ဒေါသ၊ ဒေါမနဿများသည် မိမိတို့၏
စိတ်ဓာတ်ငြိမ်းချမ်းရေး တရားရရေးကို အနှောင့်အယှက် ပေးနိုင်သောကြောင့် ဖြစ်ပါတယ်။
မဟုတ်တာကို မဟုတ်ကြောင်း၊ မမှန်တာကို မမှန်ကြောင်း ရှင်းလင်းပြောပြသော်လည်း ကောင်းစွာ ခံယူခြင်း မရှိသူများကို
ဥပေက္ခာပြု ခြင်းဖြင့် ဆက်ဆံကြပါလို့ အလေးအနက် အသိပေးပါရစေ…။
လူတယောက်က ခွေးကို ခဲနဲ့ ပစ်ရင် အဲဒီခွေးက ခဲကို လိုက်ကိုက်တယ်။ ခြင်္သေ့ကို ပစ်ရင် ခြင်္သေ့က ပစ်တဲ့သူကို
ကိုက်တယ်။ ဒီတော့ ခွေးလို အဖြစ်ခံမလား၊ ခြင်္သေ့လို ကျင့်မလားဆိုတာက စဉ်းစားကြပါ။ ဘုရားရှင်ဟောခဲ့တာက
ခြင်္သေ့လို ကျင့်ဖို့ပါ။ အဓိက အကျိုးတရားတခုရဲ့ အကြောင်းရင်းကို သတ်ဖို့ပါပဲ။
ဘယ်လို ပုဂ္ဂိုလ်တွေက စော်ကားတိုက်ခိုက်နေပါစေ… မိမိတို့ကိုယ်တိုင် သီလ၊ သမာဓိ၊ ပညာသိက္ခာတွေ အပျက်ဆီး မခံပဲ
ပိုမို ကောင်းမွန်လာအောင် ဖြည့်ဆည်း ဆောင်ရွက်ဖို့ အဓိကပဲ ဖြစ်ပါတယ်။ ခလုတ်တိုက်တဲ့ ကျောက်တုံးကို ခြေနင်းတုံး
အဖြစ် အသုံးချတတ်ရမှာ ဖြစ်သလို ယနေ့တွေ့ကြုံလာရတဲ့ လောကဓံတရားတွေကိုလည်း ကိုယ့်ရဲ့ အသိတရားတွေ
ကောင်းမွန် လာအောင် အသုံးချတတ်ကြရမယ်။ အားလုံး ကိုယ်စီ သတိရှိကြပါ။
ဘေး ပယောဂ အတွက်ကြောင့် ဒို့သာသနာ ဒို့ဘာသာ ပျက်ဆီးမသွားဘူး။ ဖျက်ဆီးလို့လည်း မရဘူး။ သာသနာရဲ့
အကျင့်တွေကို လိုက်ပါကျင့်ဆောင်နေကြတဲ့ ပုဂ္ဂိုလ်တွေ ရှိနေသမျှ ကာလပတ်လုံး၊ သာသနာ အကျိုးကို စွမ်းဆောင်နေ
ကြတဲ့ သံဃာတော်များ၊ လူပုဂ္ဂိုလ်များ ရှိနေသ၍ မိမိတို့ ဘာသာ ဘယ်တော့မှ နိမ့်ကျမသွားဘူးဆိုတာ ယုံကြည်ထားကြပါ။
အခုလို အဖျက်တွေ များလာတာနဲ့ အတူ မိမိတို့ လုပ်ဆောင်ရမှာက အပြု သဘောဆောင်တဲ့ လုပ်ဆောင်မှုတွေပဲ အဓိက
ထားပြီး လုပ်ဆောင်ကြဖို့ပါ။ သာသနာတော် စည်ပင်ထွန်းကားရေး အတွက် ကိုယ်စီ တာဝန်ရှိတယ်ဆိုတဲ့ အသိစိတ်နဲ့
သာသနာ အကျိုးကို တတ်နိုင်တဲ့ ဘက်ကနေ စွမ်းနိုင်သမျှ ဆောင်ရွက်ပေးနိုင်တဲ့ သူတွေ ဖြစ်အောင် ကြိုးစားကြပါလို့…
အချင်းချင်း မေတ္တာရှေ့ရှု၍ သတိပေးပါရစေ…။
သာသနာအကျိုး မိမိအကျိုး အတွက် သူတော်ကောင်းတရားများ လက်ခံကျင့်သုံး အားထုတ်နိုင်ကြသဖြင့် သူတော်
ကောင်းတို့ ရောက်ရာ ပန်းတိုင်ကို ရောက်ရှိ ခံစား၊ စံစားနိုင်ကြပါစေ…
သူတော်ကောင်းဓာတ် တရားမြတ် လွှမ်းပတ်ကမ္ဘာ တည်စေသော်…
Myanmar in Singapore website မှကူးယူဖေါ်ပြသည်
Saturday, January 23, 2010
Sunday, January 17, 2010
ပေးတာနည်းသလားများသလား
၁၉၇၂ ခုနှစ်က စင်ကာပူခရီးသွားလာရေး အရာရှိက စင်ကာပူဝန်ကြီး လီကွမ်ယုကို အစီရင်ခံစာ တင်သွင်းခဲ့တယ်။
စာထဲမှာ “ငါတို့စင်ကာပူဟာ အီဂျစ်နိုင်ငံလို ပိရမစ်မရှိဘူး။ တရုတ်နိုင်ငံလို ဂရိတ်ဝေါမရှိဘူး။ ဂျပန်နိုင်ငံလို ဖူဂျီတောင် မရှိဘူး။ ဟာဝိုင်ရီလို ၁၀မီတာ အမြင့်ရှိတဲ့ လှိုင်းတွေမရှိဘူး။ ငါတို့နိုင်ငံမှာ ၁၂ရာသီလုံး ပူပြင်းတဲ့ နေရောင်ခြည်ကလွဲလို့ ဘာမှထူးဆန်းတာ မရှိဘူး။ ခရီးသွားလာရေးအတွက် ချဲ့ထွင်မယ်ဆိုရင် ခက်ခဲလိမ့်မယ်”လို့ ရေးထားတယ်။
ဝန်ကြီး လီကွမ်ယုက စာဖတ်ပြီး ဒေါသထတော့တယ်။ နောက် စာတစ်စောင်ရေးပြီး ပြန်ပို့လိုက်တယ်။ စာထဲမှာ ဒီလိုရေးထားတယ်။
“ဘုရားသခင် ငါတို့ကို ပေးထားတာ မလုံလောက်သေးဘူးလား! နေရောင်ခြည်... နေရောင်ခြည်သာရှိရင် ငါတို့ လုံလောက်ပြီ”
အဲဒီနောက် စင်ကာပူဟာ တစ်နှစ်ပတ်လုံးရတဲ့ နေရောင်ခြည်ကို အသုံးပြုပြီး သစ်ပင် ပန်းမာလ်တွေ စိုက်ခဲ့တယ်။ အချိန်တိုတိုအတွင်းမှာ လှပတဲ့ပန်းဥယျာဉ် မြို့တော်အဖြစ် နာမည်ကြီးခဲ့ပြီး အာရှတိုက်မှာ တတိယ ကမ္ဘာလှည့်ခရီးသည် အများဆုံး နိုင်ငံဖြစ်ခဲ့တယ်။
နိုင်ငံတိုင်း၊ နေရာတိုင်း၊ လူတိုင်းကို ဘုရားသခင်က ပစ္စည်းများများစားစား မပေးခဲ့ပါဘူး။ နယူတန်ကို ပန်းသီးတစ်လုံးပဲ ပေးခဲ့တယ်။ ဒါတောင် သေချာပေးတာ မဟုတ်ဘဲ ပစ်ချပေးခဲ့တယ်။ ဒစ်စနီကို ကြွက်တစ်ကောင်ပဲ ပေးခဲ့တယ်။ ဒါတောင် ဒစ်စနီကိုယ်တိုင် စားစရာ ပေါင်မုန့်တစ်ချပ်တောင် မရှိတဲ့အချိန်မှာ ပေးခဲ့တာဖြစ်တယ်။ တရုတ်ပြည် ဆန်တုံနယ်က Qūfùဆိုတဲ့မြို့ကို CONFUCIUS တစ်ယောက်ပဲ ပေးခဲ့တယ်။
ဘုရားသခင်က နေရာတစ်ခုကို နည်းနည်းစီပေးခဲ့ပေမယ့် အသုံးပြုတတ်ရင်တော့ အဲဒီနည်းနည်းဟာ အများကြီးဖြစ်လာနိုင်ပါတယ်။ တွေးတောနေတဲ့ နယူတန်ဟာ အဲဒီပန်းသီးကြောင့် ရူပဗေဒပညာရှင်ကြီး ဖြစ်ခဲ့တယ်။ ငတ်နေချိန်မှာ ရောက်လာတဲ့ ကြွက်ကို ဒစ်စနီက သတ်မစားခဲ့ပါဘူး! အဲဒီကြွက်ကို အသုံးပြုပြီး အဖိုးမဖြတ်နိုင်တဲ့ ကာတွန်းတိုင်းပြည်ကို တည်ထောင်နိုင်ခဲ့တယ်။ CONFUCIUS ကို အသုံးပြုပြီး Qūfù ဟာ ခရီးသွားတွေမဆဲတဲ့ ရှေးဟောင်းမြို့ တစ်မြို့ဖြစ်ခဲ့တယ်။
သူက ဌေးလိုက်တာ! သူက လှလိုက်တာ! သူက တော်လိုက်တာ! ငါကျတော့ ဘာမှမရှိဘူး ဆိုပြီး ကိုယ့်ကိုပေးတာ နည်းတယ်များတယ်လို့ ညည်းညူကြဖူးလား! သူကျတော့ ရာထူးမြင့်မြင့်နဲ့ ထိုင်တဲ့ခုံက ဆိုဖာခုံ! ငါကျတော့ ခုံစုတ်တစ်လုံးပဲ ရတယ်လို့ မညည်းခင် လီကွမ်ယု စကားကို ပြန်စဉ်းစားမိရင် အော်...ဘုရားသခင် ငါ့ကို ဒီခုံစုတ်ပေးတာ အကြောင်းရှိရမယ်လို့ တွေးမိခဲ့ရင်........
နိုင်းနိုင်းစနေ ဘာသာပြန် တာကိုကြိုက်လို့ post တင်လိုက်ပါသည်။

Monday, January 11, 2010
လောဘ၊ဒေါသ၊မောဟ နည်းအောင်နေကြပါ
MRTV4 နံနက်ပိုင်း ၆ နာရီမှာ အမြဲလွှင့် လေ့ရှိတဲ့ ၀ိပသနာ တရားတွေကို ဆရာတော် အပါးပါး ကဟောကြားတာ ကိုမလွတ်ချင်တာနဲ့ မနက်ပိုင်း လမ်းလျှောက်ချိန်တောင်ပြောင်းပစ်လိုက်ရ
တယ်။တနင်္ဂနွေ နေ့ က လမ်းလျှောက် မလို့ ပြင် ဆင်နေတုံးဆရာတော် ရှင်ဇ၀န (မေတ္တာရှင် ) ရဲ့တရားMRTV4 မှာလာနေတော့ လမ်းလျှောက်မဲ့ အ၀တ်အစား နဲ့ ပဲ ထိုင်နားထောင်ဖြစ်တယ်
ရှင်ဇ၀နတရားတွေကို အကြိမ်တော်တော်များများ နားထောင်ခဲ့ ပေမဲ့ ရိုးသွားတယ်ကိုမရှိသေး
ဘူး။
ဆရာတော်က လောဘ၊ဒေါသ၊မောဟ အကြောင်းတွေကို အသေးစိပ် ဥပမာ တွေ ဖြစ်ရပ်မှန်
တွေနဲ့ ယှဉ် ဟောတာကို နာကြား ရတော့ လောဘ၊ဒေါသ၊မောဟရဲ့ ဆိုးကျိုးတွေ၊ လူတွေဟာ
ဒါတွေကိုမသိတော့ပဲတစ်ယောက်နှင့် တစ်ယောက်ကွက်ကျော်ရိုက်တာတွေ ဟာလူဘ၀ကြီးကို တော်တော်ငြီးငွေ့ သံဝေဂ ရစရာတွေပေါ်လာတာတော့အမှန်ပါပဲ။
တရားနာရင်းစဉ်းစားမိတာကတော့ မနေ့ညက TV မှာကြည့်ခဲ့ တဲ့ ကိုရီးယား ဒရာမာမှာ ပါဝင်တဲ့ ဇာတ်ကောင်တွေ ရဲ့ လောဘ၊ဒေါသ၊မောဟ စရိုက်တွေကြောင့်ဖြစ်ပေါ် ခဲ့တာတွေ ကိုဇာတ်လမ်းဆင်ပြီး ရိုက်ထားတာဆိုတော့ အော် -- ကြည့်တတ်ရင် တရားရစရာပဲ။
စာရေးသူ ဟာလူကြီးပိုင်း ကိုရောက်တဲ့ အချိန်ကစပြီး လောဘ၊ဒေါသ၊မောဟ နည်းအောင်
ကြိုးစား နေထိုင်ခဲ့ပါတယ်။ အရာရာကို ရောင့်ရဲ တင်းတိမ်တတ်တဲ့ စိတ်မျိုးမွေးနိုင်ရင် တကယ်တော့ ကိုယ့်ရဲ စိတ်သန္တာန်ကို အေးချမ်းစေပါတယ်။ ဒါပေမဲ့ စာရေးသူအဖို့ အခုတလောမှာ အေး ချမ်းတဲ့ စိတ်သန္တာန် ကိုမရပဲ နှလုံးအိမ်မှာ ပူလောင်နေပါတယ်။ စာရေးသူနဲ့ ဆက်နွယ်ပတ်သက်ခဲ့တဲ့လူတွေကြောင့် ကိုယ်ကိုယ်တိုင် လောဘ၊ဒေါသ၊မောဟ ကိုရှောင်ပေမဲ့ လည်းသူတို့တွေရဲ့လောဘ၊ဒေါသ၊မောဟ အရှိန်တွေကြောင့်ကိုယ်နှလုံးအိမ် ထိကို ရိုက်ခတ်နေပါတယ်။ ဖြစ်ချင်ရာဖြစ်တော့ကွာ ဆိုပြီးစိတ်မျိုး ရံဖန်ရံခါပေါ်လာတတ်ပေမဲ့ အစွန်းအထင်း မရှိတဲ့ careerမှာ ဖြစ်ရလေခြင်းလို့စိတ်မကောင်းဖြစ်ရပါတယ်။
ကိုယ်သေရင်ဘာတွေယူသွားမှာလဲ၊ ဘာမှ မယူနိုင်ပါဘူး၊ သေခါနီးအချိန်ကြရင် ခံစားရမဲ့ဒုက္ခ
ကိုတွေးမိလိုက် ရင် ရင်တုံစရာပါပဲ။ ကျန်ရစ်ခဲ့ မဲ့ ကိုယ့်သားသမီးတွေ ပုံရိပ်ကောင်းအောင်
ကိုယ်ကလုပ် ခဲ့ ရမှာပါ။ လောဘနောက် ကိုလိုက်ပြီး စုံးစုံး မြုပ်သွားမဲ့ အခြေအနေမျိုးမရောက်
အောင်ကိုယ်က သတိ ရှိရှိနဲ့နေ ရမှာဖြစ်ပါတယ်။ ကိုယ်က အမည်ပျက်နဲ့ကျန်ခဲ့ရင် သားသမီး
တွေ လောကအလယ်မှာ ခေါင်းဖေါ်နိုင်စရာ မရှိတော့ပါ။
်

Saturday, January 9, 2010
ပြိဿရာသီဖွားများ (ဧပြီ 20 မှ မေ 20 အတွင်းမွေးဖွားသူများ)
2010 အနှစ်ချုပ်ကံကြမ္မာ။ ။ အလုပ်အကိုင်၊ စီးပွားရေးများ အလွန် တိုးတက်ထွန်းကားမယ့် နှစ်ဖြစ်ပါတယ်။
စိတ်ပိုင်းဆိုင်ရာ။ ။ စီးပွားရေး နှင့် ပက်သတ်ပြီး အကြံကောင်းတွေ ပေါ်ထွက်မယ်။ မိမိစိတ်ဟာ စီးပွားရေးအပေါ် မှာ အာရုံများနေမယ်။ စိတ်ဓာတ် တက်ကြွမှု များမယ်။ အကောင်းမြင် ၀ါဒများလွန်းနေမယ်။ အလိုလိုနေရင်း ဒေါသစိတ် များနေ တတ်တာကို တော့ သတိထားသင့်ပါတယ်။
စီးပွား၊ အလုပ်အကိုင်။ ။ လုပ်ငန်း တိုးချဲ့ရမယ်။ လုပ်ငန်းသစ် ပေါ်ပေါက်တာ ဖြစ်နိုင်သလို၊ လုပ်ငန်းဟောင်းကို တိုးတက် ချဲ့ထွင်တာမျိုးလည်း ဖြစ်နိုင်တယ်။ ငွေကြေး ရင်းနှီးမြုတ်နှံရမှု အလွန်များမယ်။ မနိုင်ဝန် မထမ်း မိအောင်တော့ သတိထားပါ။ ပထမ နှစ်ဝက်မှာ လုပ်ငန်းထဲမှာ ငွေအားလုံးမြုတ်နေတတ်ပေမယ့် ဒုတိယနှစ် ၀က်နဲ့ နှစ်ကုန်ခါနီးမှာ သိသိသာသာ အကျိုးအမြတ် များပေါ်ထွက်လာမယ်။ စက်မှုလက်မှု လုပ်ငန်း၊ ကွန်ပျူတာ ဆိုင်ရာလုပ်ငန်းများ၊ ပစ္စည်းအဟောင်းကို ပြန်လည် အသုံးချတဲ့ လုပ်ငန်း၊ ဘဏ်လုပ်ငန်း၊ အကျိုးဆောင် လုပ်ငန်း၊ သင်ကြားပြသခြင်းလုပ်များ အထူးကောင်းမယ်။ လှောင်ကုန် လုပ်ငန်း လုပ်သူ များတော့ အကောင်း အဆိုး၊ အရှုံးအမြတ် ဒွန်တွဲနေမယ်။ ဒီနှစ်မှာ လုပ်ငန်းအောင်မြင်နေသူများ အလုပ်ပြိုင်ဖက် ပေါ်လိမ့်မယ်။ ရန်သူပေါ်လိမ့်မယ်။ ၀န်ထမ်းများ အလုပ်ရာထူး၊ တိုးတက်ဖို့က အလွန်အားကောင်းနေပါတယ်။ စစ်ဘက်၊ အုပ်ချုပ်ရေးဘက်၊ ဘဏ်လုပ်ငန်း နဲ့ စာရင်းအင်းလုပ်ငန်းများ၊ ဟော်တယ် ခရီးသွားလာရေးလုပ်ငန်းများမှာ လုပ်ကိုင်နေသူများ အထူးကောင်း မွန်မှာ ဖြစ်ပါတယ်။
ငွေရေး၊ ကြေးရေး။ ။ ငွေကြေး အစုလိုက် အပုံလိုက် ၀င်ကိန်း ရှိပါတယ်။ အတိတ်ကံ အကျိုးပေးကြောင့် ရတဲ့ငွေမျိုး ဖြစ်ပါလိမ့်မယ်။ အချို့သူများ ထီပေါက်မယ်။ အချို့သူတွေမှာ အမွေရမယ်။ ဒီလိုမရရင် လုပ်ငန်းက ငွေကြေးတိုးတက်မှုမျိုး ရမယ်။ ဒါပေမယ့် အချို့ပြိဿရာသီဖွားများမှာ ဒီနှစ်ထဲ အမှုအခင်းဖြစ်ကိန်းရှိလို့ ဒီအတွက် ငွေကြေးကုန်ကျမှုများနိုင်ပါတယ်။ ဒီနှစ်ထဲ အမှုဖြစ်ရင် ကိုယ်နိုင်မယ်။
ပညာရေး။ ။ ပညာရေးမှာ အကြိတ်အနယ် ယှဉ်ပြိုင်ပြီးမှ အောင်မြင်တတ်ပါတယ်။ ကိုယ်နဲ့ အပြိုင်တွေများလို့ ဒီနှစ် အထူးကြိုးစားဖို့လိုပါတယ်။ ခပ်ချောင်ချောင် အောင်မြင်မယ့်နှစ်တော့ မဟုတ်ပါ။ စာမေးပွဲဖြေဆိုခါနီး (သို့) ဖြေဆိုဆဲရက်များမှာ ကျန်းမာရေး ညံ့တာမျိုး ဖြစ်တတ်ပါတယ်။
အချစ်ရေး။ ။ အချစ်ရေးကိစ္စများမှာ စိတ်မချမ်းသာစရာတွေ ကြုံတတ်တယ်။ မိမိချစ်သူအတွက် စိတ်ဆင်းရဲမှု ဖြစ်ရ တတ်ပါတယ်။ အချစ်ရေးအတွက် သောကခံစားရလိမ့်မယ်။ နှစ်ဘက်မိဘ တစ်ဘက်ဘက်က သဘောမတူမှုမျိုးတွေ ဖြစ်ပေါ် တတ်ပါတယ်။
အိမ်ထောင်ရေး။ ။ အိမ်ထောင်ရေး ပြဿနာ များမယ်။ ခိုက်ရန်ဖြစ်ပွားမှု များမယ်။ တကျက်ကျက် ဖြစ်နေတတ်တယ်။ အိမ်ထောင်ဘက် နေအိမ်က ခေတ္တဆင်းသွားတတ်တယ်။ ဒါပေမယ့် အိမ်ထောင်ကွဲပျက်တဲ့ အထိတော့ မဖြစ်နိုင်လို့ဘဲ ယူဆပါတယ်။ သတိတော့ထားပြီး ပြဿနာကို ကိုယ်ကစ, မလုပ်မိအောင် သတိပြုပါ။ ဒါပေမယ့် လူပျိုလူလွတ်များမှာတော့ ဗြုန်းစားကြီး အိမ်ထောင်ကျကိန်း ရှိနေပါတယ်။
ကျန်းမာရေး။ ။ နဂိုကတည်းက နာတာရှည် ရောဂါ အခံရှိသူများကလွဲရင် ဒီနှစ် ကျန်းမာရေး ပြဿနာ သိပ်မရှိပါ။ နဂို ရောဂါခံရှိသူများ ဒီနှစ် ရောဂါ တိုးတတ်ပါတယ်။ ဒါပေမယ့် ဒီနှစ်ထဲမှာ ဆရာကောင်း၊ သမားကောင်း ဆေးကောင်းဝါးကောင်း များနဲ့ တွေ့ရဖို့လည်း ရှိပါတယ်။ ဒီတော့ ယေဘူယျ ကောင်းပါတယ်။
သားသမီးကိစ္စ။ ။ သားသမီးသောက အနည်းငယ်ရှိမယ်။ သားသမီးများ အဝေးကို ပညာသွားရောက်သင်ကြားလို့ ဖြစ်စေ၊ အလုပ်သွားလုပ်လို့ဖြစ်စေ ခွဲခွာရတတ်တယ်။ နဂိုကတည်းက နိုင်ငံရပ်ဝေးမှာ သားသမီးများ ရောက်ရှိနေသူများလည်း သားသမီးရဲ့ ကျန်းမာရေးကြောင့်ဖြစ်စေ၊ အခြားအကြောင်းတစ်ခုခုကြောင့် ဖြစ်စေ စိတ်ပူပန်စရာ ပေါ်ပေါက်တတ်တယ်။
ခရီး၊ အပြောင်းအရွှေ့။ ။ ခရီးတို၊ ခရီးရှည် သွားလာရမှု များမယ်။ ခရီးတို (သို့) ရက်တို ခရီး ပိုများမယ်။ နိုင်ငံခြား ခရီးသွားသူများ ခရီးသွားလျှင် အဆင်မပြေမှု နဲ့ ပြဿနာ အရှုတ်အရှင်း များတတ်တယ်။ ခရီးသွားတိုင်း စိတ်အနှောင့်အယှက် ဖြစ်စရာ တစ်ခုမဟုတ် တစ်ခု ဖြစ်နေမယ်။ နိုင်ငံခြားအလုပ်လုပ်ရန် ခရီးထွက်သူများ ရန် အနှောင့်အယှက်များကို ကျော်လွှားပြီးမှ ထွက်ဖြစ် တယ်။ ဟိုရောက်ရင်လည်း အစပိုင်း အဆင်မပြေ တတ်ဘူး။ နောက်ပိုင်းမှ အဆင်ပြေ လာမယ်။
ထူးခြားအဖြစ်အပျက်များ ။ ။ ဒီနှစ်ထဲမှာ အတိတ်ကံရဲ့အကျိုးပေးမှု တစ်ခုခုကို ခံစားရရှိနိုင်တယ်။ ထီပေါက်တာဖြစ်ချင် ဖြစ်မယ်။ အမွေရတာ ဖြစ်ချင်ဖြစ်မယ်။ မျှော်လင့်မထားတဲ့ ငွေကြေးဝင်ရောက်မှုမျိုး ဖြစ်နိုင်တယ်။ အမွေကိစ္စ၊ ပိုင်ဆိုင်မှုကိစ္စများ ကြောင့် အမှုအခင်းဖြစ်ပွားတတ်ပြီး ကိုယ်က နိုင်ဖို့များပါတယ်။ အမှုဟောင်းများ ရင်ဆိုင်နေရသူများ ဒီနှစ်ထဲမှာ အမှုအခင်း ပြီးပြတ်မယ်။ နာမည်နဲ့ လုပ်စားသူများ နာမည်ဂုဏ်သတင်း ကျော်စော ထင်ရှားတတ်တဲ့နှစ်လည်း ဖြစ်ပါတယ်။
အထူးကောင်းမည့် ဂဏန်းပိုင်ရှင်များ ။ ။ 3 , 12 , 21 , 30 ရက်မွေး (3)ဂဏန်းသမားများ၊ 4 , 13 , 22 , 31 ရက်မွေး (4)ဂဏန်းသမားများ၊ 7 , 16 , 25 ရက်မွေး (7)ဂဏန်းသမားများ။

အူတက်အောင်ရီ ရ သော အမှား
ကျွန်တော်ရဲ့ သူငယ်ချင်းမတစ်ယောက်ဟာ လန်ဒန်မှာ အကြာကြီးလာရောက်နေထိုင်ပြီး တောင်အာဖရိကနိုင်ငံသို့ပြန်ဖို့အတွက် လန်ဒန်ဟိသရိုးလေဆိပ်ကို သွားရောက်ခဲ့ပါတယ်။
အဲ့ဒီမှာ လေယာဉ်စောင့်ရင်း ကော်ဖီတစ်ခွက်နဲ့ ကွက်ကီး(ဘီစကွတ်)တစ်ထုပ်ကို ၀ယ်ယူစားသောက်ခဲ့တယ်။သူမဟာ စားသောက်ပွဲတစ်ခုမှာ ထိုင်ရင်းသတင်းစာကိုဖတ်တယ်။
ပြီးတော့ ကော်ဖီသောက်ကာ သူမရဲ့ကွပ်ကီးကိုစားတယ်။
ဒီအချိန်မှာ သူမသတိပြုမိတာက သူမရဲ့ခုံအစွန်းမှာ ထိုင်နေတဲ့သူက သူမရဲ့ကွပ်ကီးတစ်ချပ်ကိုယူစားလိုက်တာပါပဲ။
“ဘယ်နဲ့လူပါလိမ့်” လို့ သူမရဲ့စိတ်ထဲထောင်းခနဲ ဒေါသထွက်သွားတယ်။
ဒါပေမယ့် ဘာမှတော့ မပြောပါဘူး။
သူမဟာ ကွပ်ကီးတစ်ခုကို ယူစားလိုက်တယ်။ဒီအခါအဲ့ဒီလူကလည်း နောက်ကွပ်ကီးတစ်ခု ထပ်ယူစားလိုက်တယ်။ဟယ်….သူမတစ်ခုယူစားတိုင်း အဲ့ဒီလူလည်း တစ်ခုယူစားတယ်။
နောက်ဆုံးမှာ ကွပ်ကီးတစ်ခုသာကျန်တော့တယ်။
ဒီအခါအဲ့ဒီလူဟာ ကျန်တဲ့ကွပ်ကီးကို နှိုက်နှစ်ပိုင်းချိုးကာ သူမကို တစ်ခြမ်းပေးလိုက်ပြီး သူ့ဘာသာ တစ်ခြမ်းစားပြီး ထွက်သွားတယ်။
သူမဟာ စိတ်အကြီးအကျယ်ဆိုးပြီးမကျေမချမ်းနဲ့ ထိုင်နေမိတယ်။
အတော်ကြာမှ လေယာဉ်ထွက်ခွာတဲ့ အစီအစဉ်ကျေညာတော့ သူမဟာပိုက်ဆံအိတ်ကနေ လက်မှတ်ကို ထုတ်ဖို့ဇစ်ဖွင့်လိုက်တယ်။
“ဟင်”
သူမလန့်သွားတယ်။
သူမ၀ယ်ထားတဲ့ ကွပ်ကီးကို သူမပိုက်ဆံအိတ်ထဲ ထည့်ထားမိတာကိုး။
စောစောက စားနေတဲ့ ကွပ်ကီးဟာ ဟိုလူ့ဟာပါလား။
သူမ အင်မတန် အားနာသွားတယ်။
ဒီထက်ပိုပြီး ပြောချင်တာက စောစောက လူအပေါ် သူမရဲ့အမြင်ဟာ ချက်ချင်းပဲ ပြောင်းလဲသွားခဲ့ပါတယ်။
ဆိုလိုတာက ကျွန်တော်တို့ရဲ့ ပါရဒိုင်းဟာ မပြည့်မစုံ ဖြစ်နေတက်တယ်။
မကြာခဏဆိုသလို မှားယွင်းသွားတာတွေရှိတယ်။
သင့်အနေ့နဲ့ ပြဿနာဖြစ်လာတာတွေ အများစုဟာ ဒီလိုမှားယွင်းတဲ့အမြင်တွေကြောင့်ဆိုတာကို သတိရပါ။
(ဒေါက်တာခင်မောင်ညို ၏ လူငယ်နှင့်အကောင်းဆုံးသောဘ၀ကိုတည်ဆောက်ခြင်း မှ ကောက်နှုတ်ဖော်ပြပါသည်)

Friday, January 8, 2010
တာဝန်ယူချင်စိတ်
ကျွန်တော်ဟာနွမ်းပါးတဲ့ မိသားစုကမွေးဖွားလာသူပါ။
မြို့မကျ တောမကျနေရာလေးမှာနေပါတယ်။
ကျွန်တော့ အဖေဟာနေ့စဉ်မနက်အာရုဏ်မိုးလင်းခင်အစောကြီးထပြီး ကုန်စိမ်းကားတွေနဲ့အဖော်လိုက်ရသူပါ။
ပြောရရင် ကုန်စိမ်းကားနောက်လိုက်ပေါ့ဗျာ။ ဈေးမှာလိုရင်လိုသလို ကုန်စိမ်းတောင်းတွေထမ်းပေးရတယ်..။
ဒီလိုပင်ပင်ပန်းပန်းရှာရတဲ့ငွေနဲ့နေ့စဉ်စားစရာဝယ်၊ ပိုတဲ့ငွေလေးကို ခြစ်ခြုတ်စုပြီး ကျွန်တော့အတွက်ပညာ
သင်စရိတ်ရှာပြီး မြို့မှာကျောင်းထားပေးရှာတယ်..။
နွေရာသီ ကျောင်းပိတ်လို့ ကျွန်တော်အိမ်ပြန်ရောက်လာတဲ့တစ်ရက်မှာတော့ အဖေက ကျွန်တော့ကို
သူ နဲ့အတူ ကုန်စိမ်းကားနဲ့လိုက်ခဲ့ခိုင်းတယ်။
" သား..အဖေနဲ့လိုက်ခဲ့..။ သားဘာမှမလုပ်ရပါဘူး..အဖေနားမှာအဖော်လိုက်ယုံလေးပါ "..လို့အဖေကပြောတယ်။
တင်ဦး ပို့လိုက်တာကြိုက် လို့ အများသူငါမျှဝေဖတ်ရှုရအောင် postတ်ငလိုက်တာပါ
ကျွန်တော်လည်းကျောင်းပိတ်ရက်လေးအိမ်မှာနားရမလားမှတ်တယ်..အခုလို သူနဲ့လိုက်ခိုင်းတော့စိတ်ထဲ
သိပ်မကြည်လင်ချင်ဘူး။ အဖေဆိုတော့ လွန်ဆန်လို့ကလည်းမရတော့..မလိုက်ချင်လိုက်ချင်နဲ့ မနက်စောစော
အာရုဏ်မလင်းခင်ထ..အဖေနဲ့အတူဈေးကားနဲ့လိုက်ရတော့တာပေါ့။ အဖေကကျွန်တော့ကို ဘာမှမထမ်းမပိုး
ခိုင်းပေမယ့် အဖေ့နောက်ကနေကျွန်တော့မှာ တကောက်ကောက်လိုက်ပြီး ပင်ပမ်းလိုက်တာ
မပြောပါနဲ့တော့.။ ရက်အနည်းငယ်လည်းဈေးကားနဲ့လိုက်လည်းပြီးရော ပင်ပမ်းတဲ့ဒါဏ်နဲ့ ကျွန်တော်
အပျင်းဖျားယူရော။ အဲ့တော့မှ အဖေလည်းဘာမှမတတ်နိုင်ရှာဘဲ သက်ပြင်းတွင်တွင်ချှ ကျွန်တော့ကို
အနားပေး၊ နောက်နေ့တွေသူဘဲဈေးကားနဲု့ လိုက်ရတော့တာပေါ့။
ဒါပေမယ့်လူ့လောကမှာ မမျှော်မှန်းနိုင်တာတွေကဖြစ်လာတတ်တယ်လေ။ တနေ့တော့ အဖေ ရုတ်တရက်
နာမကျန်းဖြစ်ပြီး အိပ်ရာထဲလဲပါလေရော..။ သုံး..လေးပါတ်လောက်အိပ်ရာကမထနိုင်ရှာဘူး။အိမ်ရဲ့
ဝင်ငွေကလည်း အဖေ့ပေါ်တည်နေတော့ ပိုက်ဆံပြတ်ပြီးထမင်းငတ်မယ့်ကိန်းဆိုက်နေတော့တာပေါ့။
ဘယ်လိုမှမဖြစ်တဲ့အဆုံး ဘာမှမလုပ်တတ်ရှာတဲ့အမေနဲ့ လူမမယ်ညီမလေးကိုငဲ့ကွက်ပြီး ကျွန်တော်
အဖေ့နေရာဝင်ယူရတော့တယ်။ အဖေ လုပ်တဲ့အတိုင်း မနက်မိုးမလင်းခင်စောစောထ..ဈေးကားနဲ့လိုက်..
ဟင်းသီးဟင်းရွက်တောင်းကြီးတွေကိုထမ်း၊ ဈေးထဲကဆိုင်တွေစီတစ်ဆိုင်ဝင်တစ်ဆိုင်ထွက်ထမ်းပိုးပို့ ပေါ့ ။
သြော်..အဖေနဲ့ငါအရင်ကလိုက်သွားခဲ့မိလို့ တော်သေးတာပေါ့လို့တွေးမိတယ်။ မိဘဆိုတော့...အဖေက
ကျွန်တော် ချွေးသံတစ်ရွှဲရွှဲနဲ့အိမ်ကိုပြန်လာတိုင်း.. ကျွန်တော်ရှာလို့ရလာတဲ့ပိုက်ဆံတွေ အဖေ့ကိုအပ်တိုင်း
ဂရုဏာစိတ်နဲ့ " ငါ့သားပင်ပမ်းရှာတယ်..ကျန်းမာရေး ထိခိုက်မယ်. .အဖေနေပြန်ကောင်းရင်ငါ့သားမလုပ်
ရတော့ပါဘူးကွာ" ..လို့ ပြောရှာတယ်။ ဒါပေမယ့် အံ့သြစရာကောင်းတာက တစ်စက်လေးမှ ကျွန်တော်
မောပမ်းခြင်းမရှိတော့တာကိုပါဘဲ။
ဒါနဲ့ကျွန်တော် အဖေ့ကိုပြောမိတယ်..။
" အဖေ..သိပ်အံ့သြစရာကောင်းတယ်ဗျာ..အဖေသားကို ဟိုးတစ်ခါဈေးကားလိုက်ခိုင်းတုန်းက သားမှာအဖေ့နောက်
လိုက်ပြီး ဘာမှမယ်မယ်ရရမလုပ်ရတာတောင် ပင်ပန်းခဲ့လိုက်တာမပြောပါနဲ့။ ဒါပေမယ့်..အခု..မနက်တိုင်း
စောစောထရလည်း..ကုန်စိမ်းတောင်းတွေကိုထမ်းနေရလည်း နည်းနည်းမှကိုပင်ပမ်းတယ်မထင်မိဘူးဗျ.. "
..လို့ပြောမိတယ်..။
အဲ့ဒီတော့ အဖေကပြန်ပြောတယ်။ သူပြန်ပြောလိုက်တဲ့စကားကရိုးရိုးလေးပါ..။ ဒါပေမယ့်ကျွန်တော့်ဘဝ
အတွက်တကယ့်ကိုလက်ဆောင်မွန်ပါဘဲ။
" သား.. တစ်ဖက်ကသားရဲ့ခန္ဓာကိုယ်က ကျင့်သားရလာလို့ စွမ်းအင်တိုးလာတာရယ်..
ပိုဖြစ်နိုင်တာက သားရဲ့စိတ်ဓာတ်ရင့်ကျက်လာမှုကြောင့်ဖြစ်မှာပါ..။ ရင့်ကျက်မှုက သားကို
ကြီးလေးတဲ့တာဝန်ကိုယူလိုစိတ် သထ္ထိမျိုးကိုဖြစ်ပေါ်စေလိုက်တာပါ။ ဒီတော့ ဘယ်လောက်
ဲပင်ပမ်းပင်ပမ်း..ငါ့သားကို သက်တောင့်သက်သာ ဖြစ်နေစေတာပေါ့.. "
ခုတော့..ကျွန်တော် အဖေ့စကားတစ်ခွန်းထဲနဲ့ တာဝန်ယူလုပ်ကိုင်လို့ရလာတဲ့ ရလာဒ်ရဲ့ ချိုမြိန်တဲ့
အရသာကိုကောင်းကောင်းခံစားသိခွင့်ရနေပြီလေ..။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဒီအကြောင်းကိုပြောပြသူလူငယ်လေးဟာ လက်ရှိ ကုမ္မဏီတစ်ခုမှာ ထူးချွန်ဝန်ထမ်းတစ်ဦးအနေနဲ့
အလုပ်တွေကိုတာဝန်ယူထမ်းဆောင်ရင်း မိဘကိုတစ်ဖန်ပြန်လည်ကျေးဇူးဆပ်ခွင့်ရနေသူ ဖြစ်နေပါပြီ။
သူပြောပြတဲ့အပေါ်မှာ ကျွန်မကခံစားလို့ရသလိုပြန်လည်တင်ပြခြင်းပါ။
တကယ်တော့ မိမိမှာတာဝန်ရှိတယ်လို့ ခံယူလိုက်တာနဲ့ အဲ့ဒီ ဖိအားကြောင့်တွန်းအား ဖြစ်ပေါ်စေပြီး
မိမိတာဝန်ကို ပြီးမြောက်စေတဲ့ စွမ်းအား ရှိလာတာချည်းပါဘဲ။ အဲ့ဒီဖြစ်စဉ်အစနဲ့ ဖြစ် စဉ်အဆုံးရဲ့
အတွင်းမှာလည်း ပျော်ရွှင်မှု ရှိနေစမြဲပါ။ ကျွန်မတို့အားလုံးကိုယ့်ကိုယ်ကိုယုံကြည်စိတ်ရှိနေဖို့တော့
လိုအပ်ပါတယ်။

တင်ဦး ပို့လိုက်တာပါ အများဖတ်ရအောင် post တင်လိုက်တာပါ ကျေးဇူးတင်ပါတယ်

Thursday, January 7, 2010
လူဖြစ်ရခြင်း၏ အဓိက ရည်ရွယ်ချက်
အသက် နှင့် အချိန်
စက္ကန့်၊ မိနစ်၊ နာရီ၊ နေ့၊ ရက်၊ လ၊ နှစ် စသည့်
အချိန်တိုလေးများကို
ပေါင်းစည်းထားခြင်းသည်ပင်
အသက်မည်၏။
ထို့ကြောင့် အသက်ကို တန်ဖိုးထားသူသည်
အချိန်ကို တန်ဖိုးထားရမည်။
ကုသိုလ်၊ ပညာ၊ ဥစ္စာ သုံးမျိုးအနက်
တစ်မျိုးမျိုးကိုမှ မရဘဲ
အချိန်ဖြုန်းတီးသူများသည်
မိမိအသက်ကို
ဖြုန်းတီးသူများပင် ဖြစ်၏။
သာယာဝတီမှ မောင်ရဲမြင့်သည် အခြားဘာသာဝင် ဖြစ်သည်။ စာရေးသူနှင့် ဘာသာတရားအကြောင်းကို ပွင့်လင်းရင်းနှီးစွာ ဆွေးနွေးအပြီးတွင် ဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်သွားခဲ့သည်။ သူနှင့် ဆွေးနွေးပုံအကျယ်ကို “အရှုံးမရှိသောဒဿန” စာအုပ်တွင် ဖတ်ရှုနိုင်သည်။ မောင်ရဲမြင့်သည် စာဖတ်သည်။ ထို့ကြောင့် အတွေးအခေါ် ကောင်းသည်။ သူ့အတွေးအခေါ်လေး တစ်ခုကို ဖတ်ရှုခံစားကြည့်ပါ။
“လူတစ်ယောက်မှာ တီဘီရောဂါ ဖြစ်နေသည်။ ခြောက်လလောက် စွဲသောက်လျှင် ကင်းရှင်းစွာ ပျောက်မည့် ဆေးလည်း သူ့အနားတွင် ရှိနေသည်။ သို့သော် သူကား ထိုဆေးကို မသောက်။ အကြောင်းကား ထိုဆေးသည် သူ့နိုင်ငံမှ ထုတ်လုပ်သော ဆေးမဟုတ်သောကြောင့် ဟူ၏။ ထိုသို့ မသောက်လျှင် ထိုသူသည် တီဘီရောဂါဖြင့် သေဖို့သာရှိ၏။”
“ထို့အတူ လောဘ၊ ဒေါသ စသော ကလေသာရောဂါကို ပျောက်စေမည့် တစ်ခုတည်းသော ဆေးသည် ဗုဒ္ဓ၏ ဝိပဿနာတရားပင် ဖြစ်၏။ ထိုဝိပဿနာဆေးကို မိမိဘာသာက နည်းလမ်း မဟုတ်သောကြောင့် မသောက်သုံးနိုင်၊ မကျင့်သုံးနိုင်ဟု ဆိုလျှင် ပူလောင်သော၊ အပါယ်သို့ ဆွဲချသော ကိလေသာရောဂါများ မပျောက်ကင်းရုံသာ ရှိ၏။”
မောင်ရဲမြင့်သည် ဗုဒ္ဓဘာသာဝင် ဖြစ်လာပြီးနောက် ရဟန်းပြုလိုက်သောအခါ “ဦးဝိသုဒ္ဓိ” ဖြစ်သွား၏။ ရွှေပြည်သာမြို့၊ မန္တလေးကျောင်းမှာ ငါးဝါခန့် သီတင်းသုံးပြီးနောက် ကော့သောင်းမြို့သို့ ပြောင်းရွှေ့သွားခဲ့သည်။ ကော့သောင်းမြို့၊ ခုနစ်မိုင်ရွာရှိ တောင်ကြီးတစ်တောင်ပေါ်တွင် တစ်ပါးတည်း ဧကစာရီ သီတင်းသုံးပြီး ပခုက္ကူဝိပဿနာ သင်တန်းခွေ တရားများကို နာယူလျက် တရားကျင့်နေသည်။
ဦးဝိသုဒ္ဓိသည် သူ့ထံသို့ ရောက်လာသမျှ ဒကာ၊ ဒကာမ များအား အတွေးအမြင်ပါသည့် တရားတိုလေးများကို ဟောပေးလေ့ရှိသည်။ သူ့တရားအများစုသည် အမေးပါသော်လည်း အဖြေမပါပေ။ အလွန် စိတ်ဝင်စားစရာ ကောင်းသဖြင့် နမူနာတစ်ခု ဖော်ပြပါအံ့။ တစ်ခါတွင် ကော့သောင်းမြို့၊ သူဌေးကျွန်းဟိုတယ်မှ ဦးဘုန်းမြင့်တစ်ယောက် ဦးဝိသုဒ္ဓိ၏ တောကျောင်းလေးသို့ ရောက်လာသည်။ ဦးဝိသုဒ္ဓိက စတင် မေးမြန်းသည်။
“ဒကာကြီး … နာမည် ဘယ်လိုခေါ်သလဲ”
“ဦးဘုန်းမြင့်လို့ ခေါ်ပါတယ် ဘုရား”
“ဒကာကြီး၊ အသက်မွေးဝမ်းကျောင်း ဘာလုပ်သလဲ”
“တပည့်တော် သူဌေးကျွန်းဟိုတယ် အင်ဂျင်နီယာဌာနမှာ အလုပ်လုပ်ပါတယ် ဘုရား”
“ဒကာကြီး၊ လူလာဖြစ်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်ဟာ အင်ဂျင်နီယာလုပ်ဖို့ တစ်ခုတည်းအတွက်လား”
ဦးဝိသုဒ္ဓိ၏ တရားသည် စကားလုံး (၂၇)လုံး ခန့်နှင့် ပြီးဆုံးခဲ့လေပြီ။ ကမ္ဘာ့အတိုဆုံး တရားဟု ဆိုရလေမည်လားမသိ။ ဦးဘုန်းမြင့် အတွက်ကား အံ့သြစရာ အကောင်းဆုံး နေ့တစ်နေ့ ဖြစ်သွား၏။ လူတစ်ယောက် ဖြစ်နေပါလျက် “လူဖြစ်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်” ကို ဦးဘုန်းမြင့်တစ်ယောက် တစ်ခါမျှ မစဉ်းစားခဲ့ဖူးပေ။
ဦးဝိသုဒ္ဓိသည် ထိုမေးခွန်းကို ကျောင်းသို့ ရောက်လာသူ အားလုံးအား မေးမြန်းလေ့ရှိသည်။ သို့သော် အဖြေကိုကား ပြောမပြပေ။ အမေးခံရသူကိုယ်တိုင် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် အဖြေထုတ်ရသည်။ စာရေးသူသည် ဤတရားကို ရန်ကုန်တိုင်း၊ ဒေါပုံမြို့၊ ယမုံနာလမ်းတွင် စတင် ဟောကြားခဲ့သည်။
ထိုတရားသည် နာကြားရသူ အားလုံးအတွက် အံ့သြတုန်လှုပ်ဖွယ်ရာ ဖြစ်သွားသည်။ အသိဉာဏ်ပညာ အလင်းတွေ အများကြီး ရသွားကြသည်။ ဤတရား ဗီစီဒီအခွေကို သာကေတ၊ (၁)ဈေးလမ်း၊ ရွှေလဝင်း စဆိုးဆိုင်နှင့် ဆေးဆိုင်ပိုင်ရှင် ဦးကျော်လှ၊ ဒေါ်စန်းတင့် မိသားစုတို့က ဓမ္မဒါနအဖြစ် လှူဒါန်းနေရာ ခွေပေါင်း ထောင်ချီနေပြီဟု သိရသည်။
ထို ယမုံနာလမ်းဘေးမှ မီးသွေးရောင်းသော ဘာသာခြား ဒကာကြီးတစ်ဦးသည် ထိုတရားကို နာကြားမိသွားပြီး ဗုဒ္ဓဘာသာဝင် ဖြစ်သွားသည်။ ထိုဘာသာပြောင်းလာသော ဒကာကြီးသည် ရွှေလဝင်း မိသားစုထံမှ ယင်းတရားခွေများကို ယူ၍ ထပ်ဆင့် ဓမ္မဒါန ပြုနေသည်မှာလည်း ခွေပေါင်း ရာဂဏန်းအထိ ရှိနေပြီဟု သိရသည်။
ထိုဘာသာခြား ဒကာကြီးက ဦးလှဝင်းတို့ မိသားစုအား ပြောခဲ့သော စကားမှာ မှတ်သားဖွယ် ကောင်းလှ၏။
“ကျွန်တော် လူတစ်ယောက် ဖြစ်နေပြီးတော့ ‘လူဖြစ်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်’ ကို တစ်ခါမှ မစဉ်းစားမိဘူး၊ လူလာဖြစ်ရတာ မီးသွေးရောင်းဖို့ တစ်ခုတည်းအတွက်လို့ပဲ ထင်နေမိတယ်၊ ဒီတရားကို နာရမှ လူဖြစ်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်ကို ကောင်းကောင်းကြီး သိသွားတယ်”
လူဖြစ်ရခြင်း၏ အဓိက ရည်ရွယ်ချက်သည် ဝမ်းစာရှာဖို့ မဟုတ်၊ အိပ်ဖို့ မဟုတ်၊ စားဖို့ မဟုတ်၊ ကာမဂုဏ် ခံစားဖို့ မဟုတ်။ ကုသိုလ်ပြုဖို့ အတွက်သာ ဖြစ်၏။ တိရစ္ဆာန်တွင် ဝမ်းစာရှာခြင်း၊ အိပ်ခြင်း၊ စားခြင်း၊ ကာမဂုဏ် ခံစားခြင်းဟူသော အချက်လေးချက် ရှိသကဲ့သို့ လူတွင်လည်း ထို့အတူ လေးချက်ပင် ရှိ၏။ ဤလေးချက်တည်းသာ ရှိနေပါက လူသည် တိရစ္ဆာန်နှင့် ဘာမျှမထူး၊ အတူတူသာ ဖြစ်၏။
လူသားသည် ကုသိုလ် (ပရဟိတအလုပ်)ကို လုပ်တတ်၏။ တိရစ္ဆာန်ကား မလုပ်တတ်။ ဤကုသိုလ် (ပရဟိတအလုပ်) ကြောင့်သာလျှင် လူသားသည် တိရစ္ဆာန်ထက် သာလွန် မြင့်မြတ်သွားခြင်း ဖြစ်၏။
မဏိံ မိဂေါ ပဿန္တောပိ၊
တိဏံ ခါဒံဝ ဂစ္ဆတိ။
လဒ္ဓကာလော ဒုပ္ပညောပိ၊
ကာမံ ဘုဉ္ဇံဝ ဂစ္ဆတိ။
“သမင်သည် ပတ္တမြားကို မြင်သော်လည်း ဂရုမစိုက်ဘဲ မြက်ကိုသာ စားပြီး တောတွင်းသို့ ဝင်သွား၏။ ထို့အတူ ပညာမဲ့သော လူသားသည်လည်း လူ့ဘဝကို ကုသိုလ်ရဖို့ အသုံးမချဘဲ ကာမဂုဏ် ခံစားဖို့အတွက် အသုံးချ၍ အပါယ်လေးပါးသို့ သွားသည်။”
ဤကား ဗုဒ္ဓ၏ အဆုံးအမ ဒေသနာတော်လေးတစ်ခုပင် ဖြစ်၏။
“လူဖြစ်ရခြင်း၏ အဓိက ရည်ရွယ်ချက်ကို မသိသော ပညာမဲ့သည် လူ့ဘဝကို ကာမဂုဏ် ခံစားဖို့အတွက် အသုံးချ၍ အပါယ်လေးပါးသို့ သွားသည်။ လူဖြစ်ရခြင်း၏ အဓိက ရည်ရွယ်ချက်ကို သိသော ပညာရှိသည် လူ့ဘဝကို ကုသိုလ်ရဖို့အတွက် အသုံးချ၍ နိဗ္ဗာန်သို့ သွားသည်။”
(ဆရာတော် အရှင်ဇဝန (မေတ္တာရှင်-ရွှေပြည်သာ) ရေးသား ထုတ်ဝေသော “လူဖြစ်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်” စာအုပ်မှ ကူးယူ၍ ဓမ္မဒါနပြုပါသည်။)

Subscribe to:
Posts (Atom)