Saturday, January 23, 2010

ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်အပေါင်း သူတော်ကောင်းတို့ …

ယနေ့ အချိန်မှာ ထေရ၀ါဒ သာသနာကို စော်ကားတိုက်ခိုက်တဲ့ ၀က်ဆိုဒ်တစ်ခု ပေါ်ထွက်လာတာနဲ့ ပတ်သတ်ပြီးဗုဒ္ဓဘာသာဝင် အားလုံး စိတ်နှလုံး မအေးချမ်းနိုင်ပဲ ရင်နင့်ကြရတဲ့ အဖြစ်တွေကို သိမြင်မိပါတယ်။ တဦးနဲ့ တဦး ဘာသာအယူဝါဒချင်း မတူညီတဲ့ အတွက် ဘာသာတရား အရ ငြင်းခုန်နေမယ်ဆိုရင် ဘယ်တော့မှ အမှန်တရားကို ရရှိကြမှာမဟုတ်ပါဘူး။ ထို့ကြောင့် သူတပါး ပြောဆိုစော်ကားနေတာတွေနဲ့ပတ်သတ်ပြီးတော့လည်း ဒေါသတွေ၊ မာန်မာနတွေအခုလိုဆဲရေးတိုင်းထွာစော်ကားတာတွေဟာအခုမှ
ပေါ်ပေါက်လာတာလည်းမဟုတ်ပါဘူး။ဘုရားရှင်လက်ထက်ကတည်းကစိဉ္စမာနဆိုတဲ့မိန်းမ
ယုတ်ကကိုယ်ဝန်ရှိဟန်ဆောင်ပြီး
စွပ်စွဲတယ်။ဒေ၀ဒတ်ကဆင်ကိုအရက်မူးအောင် တိုက်ပြီး ဘုရားရှင်ကို ဆင်နဲ့ တိုက်တယ်။ ကျောက်မောင်းဆင်ပြီး အသက်သေအောင် ကြံစည်လုပ်ဆောင်တယ်။ လေးသမားတွေလွှတ်ပြီး လေးမြှားနဲ့ ပစ်သတ်ခိုင်းတယ်။ ဘယ်လောက် ယုတ်မာလိုက်တဲ့ လုပ်ဆောင်ချက်
တွေ ဆိုတာ တွေးကြည့်ယုံနဲ့ မြင်သာပါတယ်။ ဘုရားရှိစဉ်မှာပဲ ဘုရားနဲ့ အနီးကပ်နေတဲ့ ပုဂ္ဂိုလ်တွေထဲကတောင် ဘုရားကို
သတ်ဖို့ ကြံစည်တဲ့ သူတွေ ပေါ်ပေါက်ခဲ့သေးတယ်ဆိုရင် ဘုရားမရှိတော့တဲ့ နောက်ပိုင်း ဘုရားသာသနာကို အခြား
ဘာသာဝင်တွေက စော်ကား ပြက်ရယ်ပြုတာသည် မထူးဆန်းဘူးလို့ ဆိုရမှာပါပဲ။
ဗုဒ္ဓဘာသာဝင်တွေ ယုံကြည်ထားရမှာက အခြားဘာသာက ဖျက်လို့ သာသနာ ပျက်မသွားဘူးဆိုတာပါပဲ။
သူတို့ နှစ်သက်သလို ပြောကြပါစေ… စော်ကားကြပါစေ… သူတို့အတွက် ထိုက်တန်တဲ့ အကျိုးပေးဆိုတာ ရှိနှင့်ပြီးသားပါ။
ငရဲရှိလားမရှိဘူးလားဆိုတာမယုံကြည်သူကိုဖြေရှင်းနေလို့အပိုဖြစ်နေမှာပါပဲ။သူတို့ကိုယ်တိုင်
ရောက်တဲ့နေ့ကျရင်တော့ အဖြေသိမှာပေါ့။
ဗုဒ္ဓမြတ်စွာသည် အခြားဘာသာဝင်တို့က ဘုရား၊ တရား၊ သံဃာတို့ကို စော်ကား ပြောဆိုတာတွေနဲ့ ပတ်သတ်ပြီး
တပည့်သာဝကတွေ နှလုံးသွင်း နာယူလိုက်နာဖို့ အတွက် ဒိဃနိကာယ် ဗြဟ္မဇာလသုတ်တော်မှာ အောက်ပါအတိုင်း
မိန့်မှာတော်မူခဲ့ပါတယ်။
“ရဟန်းတို့… သူတစ်ပါးတို့သည် ငါ၏ အပြစ်ကိုဖြစ်စေ၊ တရား၏ အပြစ်ကိုဖြစ်စေ၊ သံဃာ၏ အပြစ်ကို ဖြစ်စေ ပြောကြလျှင်
ထို(ပြောကြရာ)၌ သင်တို့သည် ရန်ငြိုးထားခြင်း၊ နှလုံးမသာခြင်း၊ စိတ်မကျေချမ်းခြင်း မဖြစ်စေသင့်”
“ရဟန်းတို့… သူတစ်ပါးတို့သည် ငါ၏ အပြစ်ကိုဖြစ်စေ၊ တရား၏ အပြစ်ကိုဖြစ်စေ၊ သံဃာ၏ အပြစ်ကို ဖြစ်စေ ပြောကြရာ၌
သင်တို့သည် အမျက်ထွက်ကြလျှင်၊ နှလုံးမသာကြလျှင် သင်တို့အားသာလျှင် အန္တရာယ်ဖြစ်ရာ၏”
“ရဟန်းတို့… သူတစ်ပါးတို့သည် ငါ၏ အပြစ်ကိုဖြစ်စေ၊ တရား၏အပြစ်ကို ဖြစ်စေ၊ သံဃာ၏ အပြစ်ကို ဖြစ်စေ ပြောကြရာ၌
ဤစကားသည် ဤအကြောင်းကြောင့်လည်း မဟုတ်၊ ဤအကြောင်းကြောင့်ကြောင်း မမှန်၊ စင်စစ်အားဖြင့် ဤအပြစ်သည်
ငါတို့၌ ထင်ရှားမရှိ ဟု မဟုတ်သည်ကို မဟုတ်သည့် အတိုင်း သင်တို့ ဖြေရှင်းရမည်” (ဒီ၊ မြန်၊ ၁၊ ၁၁)။
ယခုအခါမှာ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တို့ အထက်ပါ အဆုံးအမ အတိုင်း ခံယူလိုက်နာကြပါ။
ဘုရား၊
တရား
သံဃာ
ရတနာမြတ်သုံးပါး၏အပြစ်ကိုပြောဆိုကြသည်ကိုကြားသိကြလျှင်နှလုံးမသာယာခြင်း၊စိတ်မ
ကျေချမ်းခြင်းမဖြစ်ကြရန်မြတ်ဗုဒ္ဓသည်သတိပေးတော်မူပါတယ်။
အဘယ့်ကြောင့်သတိပေးတော်မူရသနည်းမူ- ထိုရန်ငြိုးထားခြင်း၊ နှလုံးမသာယာခြင်း ဟူသော ဒေါသ၊ ဒေါမနဿများသည် မိမိတို့၏
စိတ်ဓာတ်ငြိမ်းချမ်းရေး တရားရရေးကို အနှောင့်အယှက် ပေးနိုင်သောကြောင့် ဖြစ်ပါတယ်။
မဟုတ်တာကို မဟုတ်ကြောင်း၊ မမှန်တာကို မမှန်ကြောင်း ရှင်းလင်းပြောပြသော်လည်း ကောင်းစွာ ခံယူခြင်း မရှိသူများကို
ဥပေက္ခာပြု ခြင်းဖြင့် ဆက်ဆံကြပါလို့ အလေးအနက် အသိပေးပါရစေ…။
လူတယောက်က ခွေးကို ခဲနဲ့ ပစ်ရင် အဲဒီခွေးက ခဲကို လိုက်ကိုက်တယ်။ ခြင်္သေ့ကို ပစ်ရင် ခြင်္သေ့က ပစ်တဲ့သူကို
ကိုက်တယ်။ ဒီတော့ ခွေးလို အဖြစ်ခံမလား၊ ခြင်္သေ့လို ကျင့်မလားဆိုတာက စဉ်းစားကြပါ။ ဘုရားရှင်ဟောခဲ့တာက
ခြင်္သေ့လို ကျင့်ဖို့ပါ။ အဓိက အကျိုးတရားတခုရဲ့ အကြောင်းရင်းကို သတ်ဖို့ပါပဲ။
ဘယ်လို ပုဂ္ဂိုလ်တွေက စော်ကားတိုက်ခိုက်နေပါစေ… မိမိတို့ကိုယ်တိုင် သီလ၊ သမာဓိ၊ ပညာသိက္ခာတွေ အပျက်ဆီး မခံပဲ
ပိုမို ကောင်းမွန်လာအောင် ဖြည့်ဆည်း ဆောင်ရွက်ဖို့ အဓိကပဲ ဖြစ်ပါတယ်။ ခလုတ်တိုက်တဲ့ ကျောက်တုံးကို ခြေနင်းတုံး
အဖြစ် အသုံးချတတ်ရမှာ ဖြစ်သလို ယနေ့တွေ့ကြုံလာရတဲ့ လောကဓံတရားတွေကိုလည်း ကိုယ့်ရဲ့ အသိတရားတွေ
ကောင်းမွန် လာအောင် အသုံးချတတ်ကြရမယ်။ အားလုံး ကိုယ်စီ သတိရှိကြပါ။
ဘေး ပယောဂ အတွက်ကြောင့် ဒို့သာသနာ ဒို့ဘာသာ ပျက်ဆီးမသွားဘူး။ ဖျက်ဆီးလို့လည်း မရဘူး။ သာသနာရဲ့
အကျင့်တွေကို လိုက်ပါကျင့်ဆောင်နေကြတဲ့ ပုဂ္ဂိုလ်တွေ ရှိနေသမျှ ကာလပတ်လုံး၊ သာသနာ အကျိုးကို စွမ်းဆောင်နေ
ကြတဲ့ သံဃာတော်များ၊ လူပုဂ္ဂိုလ်များ ရှိနေသ၍ မိမိတို့ ဘာသာ ဘယ်တော့မှ နိမ့်ကျမသွားဘူးဆိုတာ ယုံကြည်ထားကြပါ။
အခုလို အဖျက်တွေ များလာတာနဲ့ အတူ မိမိတို့ လုပ်ဆောင်ရမှာက အပြု သဘောဆောင်တဲ့ လုပ်ဆောင်မှုတွေပဲ အဓိက
ထားပြီး လုပ်ဆောင်ကြဖို့ပါ။ သာသနာတော် စည်ပင်ထွန်းကားရေး အတွက် ကိုယ်စီ တာဝန်ရှိတယ်ဆိုတဲ့ အသိစိတ်နဲ့
သာသနာ အကျိုးကို တတ်နိုင်တဲ့ ဘက်ကနေ စွမ်းနိုင်သမျှ ဆောင်ရွက်ပေးနိုင်တဲ့ သူတွေ ဖြစ်အောင် ကြိုးစားကြပါလို့…
အချင်းချင်း မေတ္တာရှေ့ရှု၍ သတိပေးပါရစေ…။
သာသနာအကျိုး မိမိအကျိုး အတွက် သူတော်ကောင်းတရားများ လက်ခံကျင့်သုံး အားထုတ်နိုင်ကြသဖြင့် သူတော်
ကောင်းတို့ ရောက်ရာ ပန်းတိုင်ကို ရောက်ရှိ ခံစား၊ စံစားနိုင်ကြပါစေ…
သူတော်ကောင်းဓာတ် တရားမြတ် လွှမ်းပတ်ကမ္ဘာ တည်စေသော်…


Myanmar in Singapore website မှကူးယူဖေါ်ပြသည်

No comments: