Tuesday, September 6, 2011

ရင်းနှီးမြုပ်နှံမှု ကဏ္ဍပြုပြင်ပြောင်းလဲမှုများ

ယခုရက်သတ္တပါတ် အားလပ်ရက် (၂)ရက်အတွင်း စီးပွားရေးနှင့် မြို့တော်ဖြစ်တဲ့ ရန်ကုန်မြို့မှာ ကုန်သွယ်မှု၊ ငွေရေးကြေးရေး၊ ရင်းနှီးမြှုပ်နှံမှုစတဲ့ ကဏ္ဍပေါင်းစုံနဲ့ ပါတ်သက်ပြီး ပြန်လည်ပြင်ဆင်ရေး (reform)အသံတွေ လွှမ်းမိုးသွားခဲ့ပါတယ်။ အထူးသဖြင့် ပုဂ္ဂလိက လုပ်ငန်းရှင်များကို ဦးဆောင်မှုပေးနေတဲ့ ကုန်သည်စက်မှုအသင်းချုပ်၊ မင်္ဂလာခန်းမထဲမှာ ဖြစ်ပါတယ်။ စနေနေ့မှာ NPED က ညွှန်ကြားရေးမှူး ဒေါက်တာဝါ၀ါမောင်ရဲ့ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်နှင့် ပုဂ္ဂလိကဏ္ဍအကြောင်း ဟောပြောပွဲ ပြုလုပ်ခဲ့ပါတယ်။ အဲဒီနေ့ မနက်ပိုင်း မှာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပုဂ္ဂလိကလုပ်ငန်းရှင် အသင်းအဖွဲ့များက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး ကုန်သွယ်မှုလုပ်ငန်းများ မြှင့်တင်ရေးကို ညှိနှိုင်းဆွေးနွေးခဲ့ပါတယ်။ ညနေပိုင်း ဗဟိုဘဏ် (ရန်ကုန်)မှာ ဘဏ္ဍာအခွန် ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက ရန်ကုန်မြို့မှာရှိတဲ့ ပုဂ္ဂလိကဘဏ်တွေက ဥက္ကဋ္ဌများ၊ အုပ်ချုပ်မှုဒါရိုက်တာများကို တွေ့ဆုံပြီး၊ ဘဏ္ဍာအခွန်ဝန်ကြီးဌာနရဲ့ လုပ်ဆောင်ချက် တွေကို ရှင်းလင်းဆွေးနွေးခဲ့ပါတယ်။ တနင်္ဂနွေနေ့မှာ NPED ကပဲ ညွှန်ကြားရေးမှူးချုပ် ဒေါ်မြတ်မြတ်စိုးရဲ့ AEC (Asean Economic Community) ၂၀၁၅ အကောင်အထည်ဖေါ်ရမည့် လုပ်ငန်းများအကြောင်းကို ဆွေးနွေးဟောပြောခဲ့ပါတယ်။ NPED ကပဲ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးအောင်နိုင်ဦးရဲ့ မြှုပ်နှံမှုကဏ္ဍ ပြုပြင်ပြောင်းလဲထားရှိမှု အခြေအနေများကို ဟောပြောဆွေးနွေးခဲ့ရာ လူအများရဲ့ စိတ်ပါဝင်စားမှုအရှိဆုံး ဖြစ်ခဲ့သည့်ပြင် ရက်သတ္တပါတ် တစ်ပါတ်အတွင်း စီးပွားရေးအသိုက်အ၀န်းအတွင်း ဆွဲဆောင်မှုအရှိဆုံး သတင်းတစ်ခုအဖြစ် ထွက်ပေါ်ခဲ့ပါတယ်။တင်ပြသူက MIC Law နှင့် ပါတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ရှင်းရှင်းလင်းလင်း မချွန်းမချန် တင်ပြခဲ့ပါတယ်။ Reform လို့ ဆိုလိုက်ရင် အစိုးရပိုင်းကပဲ လုပ်ရတယ်လို့ အများက ထင်ကြပါတယ်။ အမှန်တော့ ပုဂ္ဂလိကပိုင်းကလည်း Reform လုပ်ဖို့လိုကြောင်း သူက ထောက်ပြခဲ့ပါတယ်။ သူအတွေ့အကြုံတစ်ခုကို ပွင့်ပွင့်လင်းလင်း ဖေါ်ထုတ်ပြောပြခဲ့ပါတယ်။ ယခုအခါ ရင်းနှီးမြှုပ်နှံမှု လုပ်ချင်တဲ့လုပ်ငန်းရှင်တွေဟာ MIC အဖွဲ့ဝင်တွေရှေ့မှောက်မှာ မိမိ ဆောင်ရွက်မဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းနဲ့ ပတ်သက်ပြီး ရှင်းလင်းရပါတယ်။ တစ်ခုသော MIC ရှင်းလင်းပွဲမှာ လုပ်ငန်းတင်ပြသူ (၁၁)ဦးက လာရောက်ပြီး တင်ပြခဲ့ပါတယ်။ အဲဒီထဲက (၆)ဖွဲ့က MIC အဖွဲ့ဝင်များ ရှေ့မှောက်မှာ ရင်းနှီးမြှုပ်နှံမှု လုပ်ချင်တဲ့လုပ်ငန်း တင်ပြချက်တွေကို လာတင်ပြကြတဲ့ ပုဂ္ဂိုလ်များဟာ အသက် (၃၀)ကျော် အမျိုးသမီးငယ်များ ဖြစ်ကြပါတယ်။ သူတို့ က သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုပမာဏဟာ အမေရိကန်ဒေါ်လာသန်း (၇၀-၈၀)လောက်ရှိကြောင်း တင်ပြကြပါတယ်။ ဒါပေမဲ့ MIC ရုံးကို လာကြတဲ့အခါ သူတို့အားလုံးဟာ မော်တော်ဆိုင်ကယ်၊ အငှားတက်စီတွေနဲ့ လာရောက်ကြတာဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းနဲ့ ပတ်သက်လို့ ဘယ်လို အရာထမ်း၊ အမှုထမ်း၊ အင်ဂျင်နီယာ၊ အလုပ်သမားတွေ ခန့်မလဲဆိုတာလည်း မေးလိုက်တော့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ဘာဖြေရမှန်းမသိ ဖြစ်နေပါတယ်တဲ့။ တကယ်တော့ သူတို့အားလုံးဟာ shadow investment ဖြစ်ပြီးနောက်မှာ ငွေကြေးထောက်ပံ့မဲ့ နိုင်ငံခြားသား တွေ ရှိနေပါတယ်။ တင်ပြတဲ့သူတွေဟာ သူတို့အလုပ်သမား (သို့မဟုတ်) အငှားမယားများ ဖြစ်ကြကြောင်း၊ နောက်ပိုင်းမှာ စုံစမ်းသိရှိရပါတယ်။ ဒါကြောင့် private sector ဘက်ကလည်း မှန်မှန်ကန်ကန် မတင်ပြကြဘဲ လိမ်လည်လျှောက်ထားကြတယ်ဆိုတာ သိသာထင်ရှားပါတယ် ဆိုတဲ့အကြောင်း ဥပမာပေးပြီး ရှင်းပြခဲ့ပါတယ်။တင်ပြသူက MIC ကို ကျစ်ကျစ်လစ်လစ်နဲ့ မကြာမီ ပြန်လည်ဖွဲ့စည်းမယ်ဆိုတဲ့ အကြောင်း ပြောပြခဲ့ပါတယ်။ ဘယ်သူနဲ့ ဘယ်လိုပြင်ဆင်ဖွဲ့စည်းမယ်ဆိုတာ တင်ပြသူက မပြော ပေမဲ့ ပြင်ပလောကမှာတော့ စက်မှု (၁)/ စက်မှု (၂) ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ဦးဆောင်မှာဖြစ်ကြောင်း သတင်းတွေဟာ ပလူပျံနေပါတယ်။ MIC ဥပဒေကို အသစ်ပြန်လည်ရေးဆွဲခဲ့တာ မူကြမ်း ၁၀၀% ပြီးစီးပြီ ဖြစ်ပါတယ်။ ရှေ့နေချုပ်ရုံးကိုလည်း တင်ပြပြီး ဖြစ်ပါတယ်။ ဖွဲ့စည်းချုပ်ပုံ အခြေခံဥပဒေအရ လွှတ်တော် ဥပဒေကြမ်းကော်မတီက အတည်ပြုပြီးရင် အနီးကပ်ဆုံး ပြည်ထောင်စုလွှတ်တော်ကို တင်ပြ အတည်ပြု ပြဋ္ဌာန်းမှာ ဖြစ်ပါတယ်။ရင်းနှီးမြှုပ်နှံမှုလုပ်လိုတဲ့ သူတွေအတွက် အချိန်မကြာအောင်၊ လွယ်ကူအောင် One stop Service ကို ဌာနများအားလုံး ပါဝင်ပြီးလုပ်ဖို့ စီစဉ်ဆောင်ရွက်ထားပြီး ဖြစ်ပါတယ်။ ၄င်းပြင် ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်ပြီး Promotion တွေလည်း လုပ်သွားဖို့ အစီအစဉ်ရှိကြောင်း သူက ပြောပြပါတယ်။တင်ပြသူက ရင်းနှီးမြှုပ်နှံမှု ပါတ်သက်ပြီး သတိထားစရာ အချက်တစ်ခုကို ဥပမာနဲ့ ရှင်းပြခဲ့ပါတယ်။ သူအနေနဲ့ စီးပွား/ကူးသန်းမှာရှိစဉ် နိုင်ငံခြားမှလာသော အဖွဲ့တစ်ခုက Sector တစ်ခုတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားကြောင်း တင်ပြဆွေးနွေးတဲ့အတွက် ရင်းနှီးမြှုပ်နှံမှုရုံးနှင့် ဆက်သွယ်ပေးခဲ့ရပါတယ်။ ရင်းနှီးမြှုပ်နှံမှုရုံးရောက်တဲ့အခါ သူတို့နဲ့ မဆိုင်ကြောင်း sector နှင့် သက်ဆိုင်သည့် ၀န်ကြီးဌာနနှင့် ပထမဆက်သွယ်ရန်လိုကြောင်း ပြောကြားခဲ့ပါတယ်။ ဒါနဲ့ sector နဲ့ဆိုင်တဲ့ ၀န်ကြီးဌာနက တာဝန်ရှိပုဂ္ဂိုလ်များနဲ့ တွေ့ဆုံဖို့ စီစဉ်ပေးခဲ့ပါတယ်။ တွေ့တဲ့ အခါမှာ သူတို့နဲ့မဆိုင်းဘူးလို့ ပြောပါတယ်။ MIC နဲ့ပဲ ဆိုင်ပါတယ်လို့ ပြောတဲ့အခါ နိုင်ငံခြားမှလာတဲ့ အဖွဲ့အစည်းက တော်တော်စိတ်ပျက်ပြီး ဘာမှမလုပ်ပဲ ပြန်သွားခဲ့ပါတယ်။ ဒီအချက်တွေ တင်ပြနေရခြင်းဟာ ယခင်တာဝန်ယူခဲ့တဲ့ သူတွေကို ရှုတ်ချပြောဆိုနေခြင်း မဟုတ်ပါ။ ဒီလို အဖြစ်အပျက်မျိုး ယခုလို Reform လုပ်တဲ့ ဒီကနေ့လို အချိန်မျိုးမှာ မဖြစ်သင့်တော့ပါ။ သင်ခန်းစာယူရမှာ ဖြစ်ပါတယ်၊ NPED ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သတင်းအချက်အလက်အဖွဲ့ကို ၀န်ကြီးဌာန တော်တော် များများပါဝင်ပြီး ဖွဲ့စည်းထားပါတယ်။ ဒီအဖွဲ့ဟာ အပတ်စဉ်ဗုဒ္ဓဟူးနဲ့ သောကြာနေ့တိုင်း ရင်းနှီးမြှုပ်နှံမှုနှင့် သက်ဆိုင်သည့် မေးခွန်းများကို ဖြေကြားပေးလျက် ရှိနေပါတယ်။ အကြံပြုချင် ရင်လည်း လက်ခံဆွေးနွေးပါတယ်။ ဒါဟာ working level မှာ လက်တွေ့ကျကျ မေးခွန်းတွေ အကြံပြုချက်တွေကို MIC အဆိုပြုချက်မတင်မီမှာ လေ့ကျင့်သွားနိုင်မှာ ဖြစ်ပါတယ်။ အထူး စီးပွားရေးဇုန် ဥပဒေရေးဆွဲခဲ့စဉ်ကလည်း ပိုပြီးသေချာသထက် သေချာအောင် တပ်မဲ့လေ့ကျင့် ခန်း မျိုးဆောင်ရွက်ခဲ့တဲ့အကြောင်း သူကပြောပြပါတယ်။ နောက်တစ်ခုက ရင်းနှီးမြှုပ်နှံမှု ဥပဒေအသစ်ဟာ နောက်တစ်ကြိမ် လွှတ်တော်ကျင်းပ မဲ့အချိန်ကြမှပဲ အတည်ပြုနိုင်မှာဖြစ်လို့ ဒီကြားထဲ ရင်းနှီးမြှုပ်နှံလိုသူတွေ အဆင်ပြေပြေလုပ်နိုင် အောင် အမိန့်ကြော်ငြာစာ ထုတ်ပေးမယ်လို့ သတင်းကောင်းတစ်ခု ပေးပါတယ်။ MIC ဥပဒေ ဟာ ၁၉၈၉ ခုနှစ်လောက်က ပြဋ္ဌါန်းခဲ့တာဖြစ်လို့ နှစ်ပေါင်း (၂၀)ကျော်ရှိနေပြီ ဖြစ်ပါတယ်။ အဲဒီ ဥပဒေထဲမှာ ရင်းနှီးမြှုပ်နှံမှုလုပ်မဲ့ မြေဟာ အစိုးရပိုင်မြေ ဖြစ်ရမယ်ဆိုတဲ့အချက်ဟာ အဓိက အဟန့်အတားပါပဲ။ နောက်တစ်ခုက ယူလာမဲ့ဒေါ်လာငွေကြေးကို (၆)ကျပ်နဲ့ လဲပေးမယ်ဆိုတဲ့ အချက်ပါ။ ဒီအချက် (၂)ခုနဲ့ ပါတ်သက်ပြီး ဥပဒေသစ် မထွက်မီ အမိန့်ကြော်ငြာစာ ထုတ်ပြန်ပါ မယ်။ (၁)လလောက်အကြာမှာ ထွက်လာပါမယ်။ ယခင်က MIC ဥပဒေဟာ export oriented ဖြစ်ပါတယ်။ အခုအသစ်ထွက်တဲ့ ဥပဒေဟာ import substitution လုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် အမိန်ကြော်ငြာစာများ ထွက်လာရင် import substitution အပိုင်းကို လုပ်ခွင့်ရှိ ကြောင်း ခွင့်ပြုမှာ ဖြစ်ပါတယ်။ရင်းနှီးမြှုပ်နှံမှုနှင့် ပါတ်သက်ပြီး shadow investment များကို အလင်းရောင်အောက် ထွက်လာဖို့လည်း ပြောသွားပါတယ်။ တရားဝင်ဖြစ်အောင် လုပ်နိုင်ဖို့လည်း ဆောင်ရွက်ပေးသွား မှာ ဖြစ်ပါတယ်။ ဒီသတင်းအချက်အလက်တွေဟာ ရင်းနှီးမြှုပ်နှံမှုနဲ့ ပါတ်သက်ပြီး ပြည်တွင်း၊ ပြည်ပက လူတွေစောင့်မျှော်နေကြတဲ့ သတင်းပါ။ ဒီလိုပဲ NPED က ကြိုတင်ပြင်ဆင်ထားနိုင် အောင် လာရောက်ပြီး သတင်းကောင်း လက်ဆောင်ပါးခြင်း ဖြစ်ပါတယ်။

No comments: