Saturday, December 8, 2012

ကျေနပ်နှစ်သိမ့်မှုရခဲ့သောစင်ကာပူကရုံး နှစ်ရုံး

-->
စင်ကာပူ မှာ visit pass နဲ့တစ်နှစ်တစ်ခါလဲပြီးနေရတာအခုဒီဇင်ဘာလ ၁၄ ရက်နေ့ဆိုရင် expiry ဖြစ်ပြီ။ သမီးရဲ့ မှီခိုသူအဖြစ်နေရတာဆိုတော့သမီးရဲ့ဝင်ငွေ၊အလုပ်အကိုင်၊စီပီအက်ဖ်၊အခွန် ၊စတာ
တွေနဲ့ပတ်သက်တဲ့စာရွက်စာတမ်းတွေကို လည်းနှစ်စဉ်ပြရတယ်။ မောင်တိုင်ပင် ပတ်စ်ပို့က ၂၀၁၃
ဇွန်လမှာကုန်မှာဆိုတော့ visit pass လျှောက်တဲ့အခါထောက်စရာမဖြစ်အောင် သံရုံးမှာသွားလဲဖို့
သမီးဖြစ်သူကအကြံပြုပါတယ်။မောင်တိုင်ပင်ကလည်းနံမည်အလွန်ကြီးတဲ့စင်ကာပူသံရုံးကိုသွားရ
မှာခပ်တွန့်တွန့်ပါ။ နံနက်၎နာရီထတန်းစီရတာတို့၊ သံရုံးမှာကိစ္စရှိလို့လာလုပ်တဲ့အဖိုးကြီးအဖွားကြီး
လည်းမရှောင်ပိတ်ဟောက်တာတို့ အင်တာနက်သတင်းတွေထဲမှာဖတ်ရတော့မောင်တိုင်ပင် လန့်မယ်ဆိုလည်းလန့်စရာပါပဲ။

သမီးကမြန်မာသံရုံး website ကနေ on line နဲ့ ဘွတ်ကင်လုပ်လို့ရတယ်လို့ပြောတော့မောင်တိုင်ပင်
လည်းသံရုံး website ကိုဝင်ကြည့်ပါတယ်။စီးပွားကူးသန်းမှာ အလုပ်လုပ်စဉ်တုံးကcommerce နဲ့ MyanmarTradeNet websites စတင်တည်ထောင်ခဲ့ဘူးတဲ့အတွေ့အကြုံရှိတော့ စင်ကာပူမြန်မာ
သံရုံးရဲ့ website ကိုမြင်လိုက်တာနဲ့အဆင့်တစ်ခုရှိတယ်ဆိုတာချက်ချင်းသိလိုက်ရပါတယ်။ စင်ကာပူမှာသံ
အမတ်ကြီးရဲ့ပြောကြားချက်အရ မြန်မာနိုင်ငံသား ၂သိန်း ၈သောင်းကျော် စင်ကာပူမှာကျောင်း
တက်အလုပ်လုပ်၊မှီခိုသူတွေနေထိုင်လျှက်ရှိတယ်လို့သိရပါတယ်။ သူတို့အားလုံးနဲ့ပတ်သက်
တဲ့ကောင်စစ်ရေးရာလုပ်ငန်းတွေdocumentation တွေဘယ်လောက်များမလဲဆိုတာစဉ်းစားသာ
ကြည့် ပေတော့--

သံရုံးအနေနဲမြန်မာနိုင်ငံဌာနအသီးသီးကလိုအပ်တဲ့စာရွက်စာတမ်းတွေကိုဘယ်လိုလုပ်ပေးတယ်ဆိုတာရှင်း
ရှင်းလင်းလင်းဖေါ်ပြထားပါတယ်။ ဒီနေရာမှာတစ်ခုပြောချင်တာကမြန်မာနိုင်ငံကလက်ရှိဝန်ကြီးဌာန
တွေကလည်းမိမိတို့ဌာနကလုပ်နေတဲ့လုပ်ငန်းစနစ်တွေကိုအပြန်ပြန်အလှန်လှန် သုံးသပ်ဖို့လိုလိမ့်မယ်
ထင်တယ်။ဥပမာ--အလုပ်မလုပ်ကြောင်းထောက်ခံစာ--ဒါကလည်းမောင်တိုင်ပင်နဲ့တိုက်ရိုက်ပတ်
သက်နေလို့သိရတာ--စင်ကာပူမှာအလုပ်မလုပ်တာဆိုလို့ကျောင်းသားနဲ့မှီခိုသူ visit pass နဲ့နေသူ
တွေပဲရှိလိမ့်မယ်။ စင်ကာပူမှာ visit pass ထုတ်ပေးကတည်းက အလုပ် လုပ်ခွင့်မရှိဘူး လို့အတိ
အလင်းဖေါ်ပြထားတယ်၊ အလုပ်လုပ်မယ်ဆိုရင်သူတို့ကိုအကြောင်းကြားပါက သူတို့သတ်မှတ်ထား
တဲ့ criteria နဲ့ကိုက်ညီတဲ့ work permit ပြောင်းပြီးထုတ်ပေးမယ်လို့ ဆိုထားတယ်။ မောင်တိုင်ပင်
တို့ကလည်းစင်ကာပူမှာ part time အလုပ်တောင်  ခိုးမလုပ်ရဲဘူး--မိသွားရင်စင်ကာပူကချက်ချင်း
နှင်ထုတ်ခံရမှာ--တခြားနိုင်ငံတွေတော့မောင်တိုင်ပင်မသိပါ။နောက်တစ်ခုစဉ်းစားမိတာက visit pass နဲ့လာတဲ့သူက အလုပ်တစ်ခုခု လုပ် work permit ပြောင်းလိုက်တာကိုသံရုံးအကြောင်း မ ကြား
ပဲထားရင်ရတာပဲ။ အရင်တုံးကအခွန်နာတာပေါ့လေ--အဲလိုလူတွေလည်းရှိချင်ရှိမယ်--မောင်တိုင်ပင်
ကတော့အလုပ်ပိုလို့ထင်တယ်။ဒါပေမဲ့လူတွေကလည်းလူတွေပါပဲ--

အဲတော့on line ကနေ့ တိုကင်ယူလိုက်ပါတယ်။ ဘားကုတ်တွေလည်းပါတယ်-- ICA က e-appointment လိုဖြစ်လို့တော်တော်လည်း impressive ဖြစ်သွားပါတယ်။ချိန်းတဲ့နေ့ကြတော့သားမက်ကလည်းပတ်စ်ပို့အ
သစ်တိုးတော့ နှစ်ယောက်တူတူသွားကြပါတယ်။ ညနေ ၃နာရီခွဲ မှီအောင်သွားပါတယ်။သံရုံးကိုအစိုးရ အလုပ်လုပ်စဉ်တုံးကမကြာမကြာရောက်ပါတယ်။ရောက်သွားတာနဲ့အပြောင်းအလဲကိုစမြင်ရပါတော့တယ်။
ယာယီအဆောက်အဦးအောက်ကခုံတန်းတွေမှာထိုင်စောင့်နေတဲ့မြန်မာအမျိုးသားအမျိုးသမီးတွေ
ကိုတွေ့လိုက်ရတာပါပဲ။စင်ကာပူမှာအမြင်ရိုးနေပြီဖြစ်တဲ့ တီဗီစကရင်ပြားပေါ်မှာလက်ရှိ ဆောင်ရွက်
နေဆဲဖြစ်တဲ့တိုကင်နဲ့တွေကိုကောင်တာနှင့်တွဲပြီးဖေါ်ပြထားပါတယ်။ သီးခြားလည်းအနီရောင် LED
နဲ့ဖေါ်ပြတဲ့ screen လည်းရှိပါတယ်။တီဗီမှာ မြန်မာနိုင်ငံ ကနေရာဒေသတွေအကြောင်း documentary ကိုလည်းပြပေးထားပါတယ်။စာအုပ်ဘီရိုတွေ ၄ - ၅ လုံးလောက်ရှိပြီးစာအုပ်တွေ
ကိုစောင့်ဆိုင်းနေစဉ်အတွင်းယူဖတ်နိုင်ကြောင်း၊ဖတ်ပြီးရင်လည်းစနစ်တကျပြန်ထားကြဖို့ကို
သတိပေးထားပါတယ်။ပြင်ဆင်မလာဘူးသံရုံးရောက်မှ ဘာလုပ်မယ်ဆိုရင်ဘာတွေလိုတယ်၊ဘာလုပ်ရမယ်ဆိုတာ
ကိုလည်းကွန်ပျူတာနဲ့သေချာရိုက်ပြီးကြော်ငြာသင်ပုန်းမှာကပ်ပေးထားပါတယ်။သောက်ရေသန့်
ဗူးကိုထားပေးထားပြီးထူးခြားတာကသောက်ရေသန့်ကို ပရိတ်ရေ နဲ့ပွားထားတာပါ။ သံရုံးအတွင်း ရှိတဲ့ကောင်တာတွေကလည်းမိုက်ခရိုဖုန်းနဲ့တစ်ဦးချင်းအမည်ကိုခေါ်ပါတယ်။ဒီနေရာမှာတစ်ခုအကြံ
ပြုချင်တာက on line appointment ယူတဲ့အခါ အချိန်ပါသတ်မှတ်ပေးလိုက်ရင်လာတဲ့လူတွေအ
ချိန်ကုန်တော်တော်သက်သာသွားနိုင်ပါတယ်။ စင်ကာပူ ICA မှာခန့်မှန်းအချိန်ပေးထားပါတယ်။
ဒါတောင်၂ - ၃ နာရီလောက်စောင့်ရပါတယ်။ လုပ်တာကြာလာတာနဲ့အမျှ သံရုံးကလူတွေလည်း
ကျွမ်းကျင်လာပြီး process လုပ်တဲ့အခါ အချိန်တွေမြန်လာနိုင်စရာရှိပါတယ်။

သားမက်ကလည်းအခွန်အားလုံးကင်းရှင်းပြီး--နောက်မောင်တိုင်ပင်ကလည်းအခွန်ဆောင်စရာ
မလိုတော့--ကောင်တာနံပါတ် ၅ မှာသွားတန်းစီပြီးစာရွက်စာတမ်းတွေစစ်ပါတယ်။ အားလုံးအို
ကေဆိုတော့ပတ်စ်ပို့အတွက် ဓါတ်ပုံရိုက်ဖို့ တစ်ဖက်က extension ထဲဝင်တန်းစီရပါတယ်။အဲ
ဒီထဲမှာ လူ၃၀လောက်ရောက်လာတော့အားလုံးမွန်းကြပ်ကုန်တာပေါ့။ဓါတ်ပုံရိုက်တာကလည်း
တစ်နေ့ကမှ အဲဒီ extension ကိုရွှေ့တာဆိုတော့သိပ်အသားမကျသေးဘူး။ အမှန်တော့ ၅ - ၆
ယောက်တစ်သုတ်လောက်သွင်းလိုက်ရင်သက်သက်သာသာနဲ့အပြင်မှာ စောင့်နေနိုင်တာပေါ့။ ICA
မှာဓါတ်ပုံရိုက်တာ ၂ - ၃ မိနစ်ပဲကျန်တယ်။ စင်းဒေါ်လာ ၅း၅၀ ပေးရတယ်။ သံရုံးမှာ ၅ ဒေါ်လာပေးရတယ်။ အခုဟာက SLR
digital camera နဲ့ရိုက်တာဆိုတော့ချိန်ရတာနဲ့ ဘာနဲ့ တစ်ဦး တစ်ဦး ကို ၁၀ - ၁၅ မိနစ်လောက်
ကြာတယ်။ဒါလောက်လုပ်ထားပြီးပြီ၊ ချွန်းဖိုးတော့ နှမျော မနေပါနဲ့။ ဓါက်ပုံရိုက်ပြီးတော့ခဏစောင့်
ရသေးတယ်။ professional မဟုတ်တော့ ကွန်ပျူတာကွန်ယက်ထဲဝင်ချင်မှဝင်မှာ-- မ၀င်ရင်
နောက်တစ်နေ့ပြန်လာရမှာ စိုးတော့စောင့်ရတာပေါ့။ ပတ်စ်ပို့အသစ်က နက်ဖြန်ပြန်လာထုတ်ရ
မယ်။စင်းဒေါ်လာ ၁၅၀ ကျတယ်။ မြန်မာငွေ ၁ သိန်းကျော်-- ရန်ကုန်မှာ လုပ်ရင် အာရကေ
မပါပဲနဲ့ ဆိုရင် ၃၀၀၀၀ ကျပ်လောက်ကျမယ်။ဒါပေမဲ့တော်တော်စိတ်လက်ချမ်းသာပါတယ်။ရန်ကုန်
တော့မလုပ်ဖူးလို့မသိဘူး၊ညီဝမ်းကွဲပြောတာကတော့ကိုယ်တိုင်သာလိုက်လုပ် တစ်ရက်ပါပဲတဲ့--
၂၁ ရက်တော့စောင့်ရတာပေါ့လေ-----နောက်တစ်နေ့သွားတော့ပတ်စ်ပို့အသစ်နဲ့အဟောင်း ရ
ခဲ့ပါတယ်။ပြောချင်တာကနံပါတ်ပြောင်းသွားတာပါ။ပတ်စ်ပို့ ကမှတ်ပုံတင်လိုသဘောထားသင့်
ပါတယ်။နံပါတ်ကိုသေသည်အထိမပြောင်းသင့်ပါ--ပတ်စ်ပို့မှာ ရေးစရာစာရွက်တွေကျန်နေသေးရင် သက်
တမ်းတိုးပြီးကြောင်း၊ဘယ်နေ့ကတိုးကြောင်း-- ဘယ်နေ့အထိတိုးပြီးကြောင်း--ဘယ်နေရာမှာတိုး
ကြောင်း ဆိုတာstamped လုပ်လိုက်ရင်ကောမရဘူးလား---နိုင်ငံတော်ကပတ်စ်ပို့လုပ်တဲ့စာရွက်
ဖိုးသက်သာမယ်။ နံပါတ်မပြောင်းတဲ့အတွက် ကိုင်ထားသူအဖို့ အလုပ်ရှုပ်ရသက်သာမယ်--နောက်
တစ်ခု expiry date ပါ။ နိုင်ငံတော်တော်များများ က ပတ်စပို့သက်တမ်း ၆ လ မရှိရင် ဘာလုပ်လုပ်
မလုပ်ပေးချင်ကြဘူး။ အဲတော့ ၇လ ဂလလောက်မှာ ကြိုပြီး တိုးရတယ်။ အဲဒီကြိုတိုးတဲ့လတွေပါ
ပေါင်းပေးရင်ကော မရဘူးလား-- ပြည်သူတွေဖက်ကလိုချင်တာပါ-- နိုင်ငံတော်ဖက်ကလုပ်ပေးနိုင် မလုပ်ပေး
နိုင်ကိုတော့မသိပါ-- အခုလည်း ၅ နှစ်သတ်မှတ် လိုက်တဲ့အတွက် အတော်ကို အဆင်ပြေသွားကြ
ပါတယ်။

မောင်တိုင်ပင်အတွက်ပတ်စ်ပို့သက်တမ်းတိုးပြီးပေမဲ့ documentation ကမပြီးသေးပါဘူး။ စင်ကာပူဘက် က visit pass ကိုသက်တမ်းတိုးဖို့ကျန်ပါသေးတယ်။ sponsor ဖြစ်သူသမီး
က ICA ထံ on line  ကနေလျှောက်လိုက်ပါတယ်။ တင်ပြီးတော့  on line ကနေပဲစစ်
ဆေးလို့ရပါတယ်။ အီးမေလ်းနဲ့အကြောင်းကြာတာဖြစ်တဲ့အတွက် အီးမေလ် ကို နံနက်တိုင်း
စစ်ဆေးရပါတယ်။ ၂ပါတ်ကျော်တစ်ရက်စွန်းလောက်မှာ မောင်တိုင်ပင်လျှောက်ထားခြင်း ကို
မူအားဖြင့်လက်ခံကြောင်း ဘယ်နေ့မှာ အောက်မှာဖေါ်ပြထားတဲ့ စာရွက်စာတမ်းတွေကို လာ
အစစ်ဆေးခံရမှာ ဖြစ်ကြောင်း အီးမေလ်နဲ့အကြောင်းကြားလာပါတယ်။ ချိန်းတဲ့ ရက်မှာသမီး
နဲ့အတူ ICA ချိန်းတဲ့အချိန်အတိုင်းအတိအကျသွားရပါတယ်။ မောင်တိုင်ပင်စာရွက်စာတမ်း ကို
အရင်စစ်ပါတယ်။ အားလုံး အိုကေ ပါ။နောက်သမီးစာရွက်စာတမ်းအနက် သမီး အလုပ်လုပ်တဲ့
ဆီကခန့်စာကိုတောင်းပါတယ်။ သမီး ကသူတွဲထားတဲ့စာ ကိုပြတော့ ခန့်စာ ကသမီး ဆီကို
လိပ်မူထားတာ ဖြစ်တယ်၊ သူတို့ဆီကိုလိပ်မူရမယ်ဆိုတော့သမီး လည်းနောက်ရက်ကူးသွားရင်
ခွင့်ယူရခက်တာနဲ့ ပြာသွားတာပေါ့။ချက်ချင်းပဲ သူရဲ့ ဘောစ် ဆီဆက်တော့သူရုံးမှာရှိနေ
သေးတယ်။

အခုချက်ချင်းလာခဲ့မယ်လို့ပြောပြီး တက်စီ နဲ့ပြေးတော့တာပေါ့။ ၁၅ မိနစ်လောက်ပဲကြာတယ်၊
ပြန်ရောက်လာတယ်၊ သူရုံးက ICA နဲ့နီးတာကိုး၊ မောင်တိုင်ပင်တို့နံပါတ် က ၀၈၁ သမီးပြန်ရောက်
လာတော့ ၀၈၄ ပဲရှိသေးတော့စာရေးမကတောင်အံ့သြနေသေးလို့ ရုံးကနီးနီးလေးဖြစ်ကြောင်း
ပြောရသေးတယ်။သူကသေချာစစ်ပြီး အီးမေလ်နဲ့အကြောင်းကြားမယ် လို့ပြောလိုက်ပါတယ်။ ၂
ရက်လောက်ပဲကြာတယ်၊ ငွေ ၉ ၀ သွင်း ရန်နှင့် လိုအပ်တဲ့စာရွက်စာတမ်းတွေယူလာပြီးလာရန်
e appointment ယူပါလို့အကြောင်းကြားလာတယ်။ အင်တာနက်မှာ ကြည့် လိုက်တော့ ၁ရက်
ခြား ၁၂း၄၅ နာရီမှာ လွတ်နေတော့သမီး နေ့လည်စာစားချိန်ကိုယူလိုက်တယ်။ ဘဏ်ကနေ အွန်လိုင်းနဲ့ငွေသွင်း လိုက်တယ်။သွင်းလိုက်တာနဲ့ မကြာမီကရိုက်ထားတဲ့ဓါတ်ပုံ ပတ်စ်ပို့ ယူလာ
ဖို့ဆက်အကြောင်းကြားပါတယ်။ ချိန်းတဲ့နေ့မှာပဲ ICA အောက်ဆုံးထပ်မှာ ရှိနေတဲ့ ဓါတ်ပုံဆိုင်
မှာ ဓါတ်ပုံသွားရိုက်တာ ၂ မိနစ်ပဲကြာတယ်။ ချိန်းတဲ့စာရွက် ညာထောင့်မှာ ဘားကုတ် ရှိတယ်။
၎ ထပ်ကရုံးအရှေ့မှာ ရှိတဲ့ machine တစ်ခုက scan အောက်မှာဖြတ်ပြလိုက်တော့ နံပါတ်နဲ့
သွားရမဲ့ကောင်တာာရွက်ထွက်လာပါတယ်။ ကောင်တာရှေ့မှာ သွားစောင့်နေပြီး ကိုယ်နံပါတ် ၁၂၂
ပေါ်လာတော့စာရေးမရှေ့ ကိုသွားလိုက်ကာ ယူခိုင်းလာတဲ့စာရွက်စာတမ်းတွေပြပါတယ်။ပတ်စ်
ပို့နံပါတ်ပြောင်းသွားတဲ့အတွက် သူ့ကွန်ပျူတာကနေပြောင်းပေးပါတယ်။လက်ဗွေ နှိပ်ပါတယ်။ အားလုံး ၁၅ မိနစ်လောက်ပဲကြာပါတယ်။ စစ်ပြီးတဲ့စာရွက်စာတမ်းတွေပြန်ပေးပြီးကဒ်ယူဖို့ အတွက် နံပါတ်
ပေါ်တဲ့ကောင်တာမှာ သွားယူဖို့မှာ ပါတယ်။

၁၂နာရီကျော်နေတော့သားအဖ၂ယောက်ရုံးအောက် က ကန်တင်းမှာ မလေးရှားအုံးထမင်း
သွားစားကြပါတယ်။သမီးကတော့ရုံးဆက်သွားတယ်။ ပြန်တက်လာပြီး မကြာပါဘူး မောင်တိုင်
ပင်နံပါတ်ပေါ်လာတော့ကောင်တာရှေ့မှာ စောစော ကစစ်ထားတဲ့ စာရွက်စာတမ်းတွေပေးလိုက်
ပါတယ်။ပတ်စ်ပို့နဲ့ တိုက်ဆိုင်စစ်ဆေးပြီး မောင်တိုင်ပင်ရဲ့ visit pass card ကိုနံပါတ်မပြောင်းပဲ
ရခဲ့ပါတယ်။ သမီး လည်း ၁၅၀ + ၉ ၀ = ၂၄၀ လောက်ကုန်သွားပါတယ်၊အချိန် ၂နာရီလောက်ပဲကြာပါတယ်။

ဒီအဖြစ်အပျက် ၂ ခုကိုကြည့်ရင် system ဟာလုပ်ငန်းတွေဆောင်ရွက်တဲ့အခါမှာ အရေးပါ
ကြောင်းကိုညွှန်ပြနေပါတယ်။ လွန်ခဲ့သော နှစ်တွေကစင်ကာပူမြန်မာသံရုံးဟာ စင်ကာပူမှာ
နေတဲ့မြန်မာတွေအတွက်အော့နှလုံးနာစရာဖြစ်ခဲ့ပါတယ်။  စင်ကာပူမှာ အရာရာတိုင်း ကို ပြည်သူများ သက်သက်သာသာ ဖြစ်အောင်စဉ်းစားလုပ်ပေးထားတော့ဒီနိုင်ငံမှာ လာနေ
ကြတဲ့မြန်မာတွေအဖို့ မြန်မာသံရုံးဟာ မြန်မာပြည်က ရုံးတွေအတိုင်းပဲလုပ်ငန်းတွေဆောင်
ရွက်ပေးနေတဲ့အပြင်လူကြီးသားသမီးတွေကသံရုံး ၀န်ထမ်းတွေကအပေါက်ခပ်ဆိုးဆိုးနဲ့
မြန်မာတွေကို ဆက်ဆံကြတော့ အစိမ်း လိုက်ဝါးစားချင်စိတ်တွေပေါ်လာခဲ့ပါတယ်။မောင်တိုင်ပင်
လည်းကိုယ်တိုင်မကြုံဘူးသော်လည်းကြားရကြားရ နားဝမှာ မသက်သာတာနဲ့ စင်ကာပူ မြန်မာ
သံရုံးအကြောင်း ကိုဘာကြောင့် မပြုပြင်နိုင်ရတာလဲ ဆိုတဲ့ ဒေါမနသစိတ်နဲ့ ဘလော့မှာ ရေးခဲ့ဘူးပါတယ်။ ဒီမှာ ဘာသိလာရသလဲဆိုတာ ၀န်ထမ်း လုပ်သက်တလျှောက်စစ်ဗိုလ်ချုပ်
တွေပြောလေ့ ရှိခဲ့ဘူးတဲ့ initiative ပါပဲ။ စဉ်းစားရန်ပျက်ကွက်ခြင်း၊လုပ်ရန်ပျက်ကွက်ခြင်း၊အရေး
ယူရန်ပျက်ကွက်ခြင်းတို့ကြောင့် သံအမတ်အဆက်ဆက်အော့နှလုံးနာတဲ့ မြန်မာသံရုံးဖြစ်ခဲ့တာပါ။
မောင်တိုင်ပင်တွေ့ရတာကတော့ယနေ့သံရုံးအခြေအနေဟာသူရှိနေတဲ့တိုင်းပြည်ကရုံးတွေနီးပါး
ငွေကြေး၊လူစွမ်းအား၊နည်းပညာ၊စေတနာတွေနဲ့လုပ်ပေးထားတာကိုတွေ့ရပါတယ်။  မြန်မာ၂သိန်းကျော်ရှိနေတဲ့တိုင်းပြည်ဆိုတော့အမြဲအလုပ်များနေမဲ့သံရုံးတစ်ခုဖြစ်နေတာကိုတွေ့ ရပါတယ်။ ၀န်ထမ်းတွေလည်းရုံးချိန်အတိုင်းစနစ်တကျလုပ်ပေးနိုင်ဖို့လိုသလို မြန်မာနိုင်ငံသားတွေကလည်းသံရုံးရဲ့အခြေအနေကိုသဘောပေါက်နားလည်ထားဖို့လိုပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ရုံးတွေ ပြောင်းလဲတာနှေးကွေးချင်နှေးကွေးနေသော်လည်း စင်ကာပူကမြန်မာသံရုံးကတော့နေရာဒေသံလိုက်ပြီးပြောင်းလဲဆောင်ရွက်နေတာကိုတွေ့ရပါတယ်။ စနစ် system အချို့လောက်ပဲပြင်စရာလိုပါမယ်။ဒါလည်း ပိုကောင်းတဲ့ပုံစံတွေစနစ် တွေကိုပြောင်းသွားဖို့ပါပဲ။ ICA လည်းတသမတ်တည်းမရှိပါဘူး၊ စနစ်ပုံစံတွေ အမြဲ
ပြောင်းပါတယ်။အခုဆိုရင်မနှစ်ကပုံစံမဟုတ်တော့ပါဘူး၊ အရေးကြီးဆုံးကတော့ accountability  နဲ့ transparency ဖြစ်ဖို့ပါပဲ။ နောက်ဆိုရင်သံရုံးအနေနဲ့ document တစ်ခုလုပ်ရတော့မယ်၊ မြန်မာနိုင်ငံမှာ  ပီအာ  ပေးတော့မယ်ဆိုရင်သံရုံးရဲ့ထောက်ခံစာဟာအရေးကြီးလာပါတယ်။အသွက်
လက်ဆုံးအတိကျဆုံးလုပ်ပေးနိုင်ရင်တိုင်း ပြည်အတွက်အတိုင်းနဲ့အလွန်ပါပဲ--





1 comment:

မိုးသက် said...

လေ့လာဖတ်ရှုကာ ကျေနပ်သွားပါကြောင်း..။