တလောက စာရေးသူကိုရီးယားဒရာမာဇာတ်လမ်းတစ်ပုဒ်ကို ကြည့်မိခဲ့ပါတယ်။ ဒရာမာဇာတ်ကား အမည်ကတော့ Love Story in Harvard ဖြစ်ပါတယ်။5-movies ချဲနယ်မှာ လည်းပြခဲ့ပြီးဖြစ်ပါတယ်။ စာရေးသူကြိုက်နှစ်သက်တဲ့ အဖြစ်အပျက်ကို ပြန်ပြောင်းပြောရရင် မင်းသမီးက Harvard Medical School ကကျောင်းသူပါ။ အချိန်ပိုင်းအလုပ်တွေ တရစပ်လုပ်ပြီး ကျောင်းတက်နေသူဖြစ်လို့ ပထမပိုင်း မှာ မင်းသားဖြစ်သူရဲ့ အထင်မှားခြင်းတောင်ခံခဲ့ရပါတယ်။
ဆေးကျောင်းသူမင်းသမီးဟာ Harvard Law Schoolကျောင်းတက်နေတဲ့ဥပဒေကျောင်းသားသူငယ်ချင်း နဲ့အတူ ကလပ်တစ်ခုကိုရောက်နေပါတယ်။ အဲဒီအချိန်မှာ ကလပ်ထဲမှာ ရောက်နေတဲ့ အမေရိကန်တစ်ယောက် ဟာ နှလုံးရောဂါကြောင့် သတိမေ့ပြီး လဲကျသွားပါတယ်။ အားလုံးခြေမကိုင်မိလက်မကိုင်မိဖြစ်နေချိန်မှာ လူနာ တင်ကားခေါ်သူက ခေါ်၊ ရင်ဘတ်ကိုလက်နဲ့ဖိသူကဖိနဲ့အားလုံး ပြာယာခတ်နေကြပါတယ်။ ဆေးကျောင်းသူ မင်းသမီးကလူနာကို စစ်ဆေးကြည့်ပြီး ချက်ချင်းဘဲ သိလိုက်ပါတယ်။ ဒီလူနာဟာ ဦးနှောက်ထဲ အောက်စီဂျင် ရောက်မလာရင် ၁၀ မိနစ်အတွင်း အသက်ဆုံးရှုံးသွားနိုင်တယ်ဆိုတဲ့အချက်ပါပဲ။ ဒါနဲ့မင်းသမီးက ချက်ချင်းပဲ ၀ီစကီနဲ့ပလပ်စတစ်စုတ်တံကို တောင်းပြီး၊ သူ့အိတ်ထဲမှာပါတဲ့ အိတ်ဆောင်ဓားကို ထုတ်လိုက်ပါတယ်။ လူနာရဲ့ လည်ပင်းတစ်ဝိုက်ဝီစကီလောင်းပြီး လည်ပင်းကိုဓားနဲ့ဖောက်ဖို့ ပြင်ဆင်လိုက်ပါတယ်။ အဲဒီအချိန်မှာ ဥပဒေ ကျောင်းသားသူငယ်ချင်းက မင်းမှာ ဆေးကုသခွင့်လိုင်စင်မရှိဘူး၊ ဒါကြောင့် ဒီအသက်ကယ်တဲ့လုပ်ရပ်ကို မလုပ် မိဖို့ အတန်တန်တားပါတယ်။
မင်းသမီးဟာ သူငယ်ချင်းရဲ့ သတိပေးချက်ကြောင့် ၁ မိနစ် - ၂ မိနစ်လောက်တွေ ဝေသွားပါတယ်။ ဒါပေမယ့် ချက်ချင်းယတိပြတ်ဆုံးဖြတ်ပြီး လည်ပင်းကို အပေါက်ဖောက်၊ ပလပ်စတစ်စုတ်တံနဲ့လေကို မှုတ်သွင်း တော့တာပါဘဲ။ ဒီလိုမှုတ်သွင်းတဲ့လေကြောင့်ဦးနှောက်က အောက်စီဂျင်ရပြီး၊ လူနာဟာ ခြေလှုပ်လက်လှုပ်နဲ့ အသက်ပြန်ရှုလာပါတယ်။ အဲဒီအချိန်မှာ လူနာတင်ကားရောက်လာတာနဲ့စနစ်တကျလူနာကို လူနာတင်ကား ပေါ်တင်ပြီး ဆေးရုံကို အပြေးမောင်းသွားခဲ့ပါတယ်။ ဇာတ်လမ်းကို အတိုချုပ်ရရင် မင်းသမီးဟာ ဆေးကုသခွင့် လိုင်စင်မရှိဘဲ လူနာကို ကုသခဲ့တဲ့အတွက် မင်းသမီးနဲ့Harvard Medical School ကိုလူနာနဲ့လူနာငှားထားတဲ့Law Firm ကတရားစွဲရန် ပြင်ဆင်တော့တာပါဘဲ။ မင်းသမီးကိုလည်း ကျောင်းတက်ခွင့်ချက်ချင်းရပ်ဆိုင်းစေခဲ့ပြီး Harvard Medical School ရဲ့စည်းကမ်းထိန်းသိမ်းရေးကော်မတီက အမှုစစ်ဆေးခြင်းကိုခံရပါတယ်။
စာရေးသူပြောချင်တာက ကော်မတီက မင်းသမီးကို စစ်ဆေးတဲ့အခါမှာ မင်းသမီးနဲ့ကော်မတီဥက္ကဋ္ဌ အပြန်အလှန်ပြောတဲ့စကားကိုပါ။ "မင်းလိုင်စင်မရှိဘဲ ဆေးကုသတဲ့အတွက် အစစ်အဆေးခံနေရပြီ၊ နောက် တစ်ကြိမ် ဒီလိုအဖြစ်မျိုးကြုံလာခဲ့ရင်ကော မင်းဒီအတိုင်းပဲ လုပ်မှာလား "ဆိုတဲ့မေးခွန်းကို မင်းသမီးက ဒီလို ပြန်ဖြေခဲ့ပါတယ်..
"ကျွန်မဆေးကုသခွင့်လိုင်စင်မရှိဘဲ လူနာအသက်ကို ကယ်ခဲ့မိတဲ့အတွက် အပြစ်ရှိလိမ့်မယ်ဆိုတာကို အစကတည်းက သိပါတယ်။ နောက်တစ်ကြိမ် ဒီလိုအဖြစ်မျိုးကြုံခဲ့ရင်လည်း ဒီအတိုင်းပဲ လုပ်မိမှာပါဘဲ၊ ဘာကြောင့်လဲဆိုတော့ ကျွန်မကလူနာရဲ့အသက်ကို တန်ဖိုးထားလို့ဖြစ်ပါတယ် "
ကဲစာဖတ်သူ ဒီအဖြေကို ကြည့်ရင် အရှေ့နှင့်အနောက်ကွာခြားချက်ဘယ်လောက်ကြီးမားတယ်ဆိုတာ သတိပြုမိပါလိမ့်မယ်။ စာရေးသူဒရမာဇာတ်လမ်းကိုကြည့်ရင်း မင်းသမီးရဲ့အဖြေကို ကြားမိလိုက်တဲ့အခါ ရင်ထဲ မှာ ကြက်သီးတဖြန်းဖြန်းထသွားမိခဲ့ရပါတယ်။ ဒါဟာ အရှေ့တိုင်းသားအာရှသားတွေရဲခံယူချက်အစစ်အမှန် ပါ။ လူ့အသက် လူ့ဘ၀ထက်တန်ဖိုးရှိတဲ့အရာမရှိနိုင်တော့ပါ။ ဥပဒေတွေ၊ ချုပ်နှောင်မှုတွေကြောင့် လူ့အသက်ဟာ တန်ဖိုးမရှိတော့တဲ့အနေအထားကို ရောက်သွားပါတယ်။ လူ့အခွင့်အရေးဆိုတာ ဘယ်မှာပါလဲ၊ ဥပဒေကို လျစ်လျူရှုအမှုမထားဘဲ လူ့အသက်လူ့တန်ဖိုးကို အလေးထားတတ်တဲ့ " အာရှတန်ဖိုး "ကို ပေါ်လွင်အောင် ရိုက်ပြ နိုင်ခဲ့တဲ့ ကိုရီးယားဒါရိုက်တာကို ချီးကျူးပါတယ်။ ရင်ထဲမှာ ရှိန်းကနဲ ဒိန်းကနဲဖြစ်သွားလောက်အောင် အပြစ် ကင်းစင်တဲ့ မျက်နှာပေးလေးနဲ့အဖြေပေးသွားတဲ့ မင်းသမီးလေးရဲ့ အမူအရာလေးကိုလည်း တစ်သက်မမေ့နိုင် တော့ပါ။
ဒါကြောင့် အာရှမှာ လူလာဖြစ်ရတဲ့ စာရေးသူတို့ရဲ့ဘ၀ကို အချိန်ပေးလေ့လာဆန်းစစ်မိပါတယ်။ အထူးသဖြင့် ဗုဒ္ဓဘာသာထွန်းကားတဲ့ မြန်မာနိုင်ငံမှာ လူလာဖြစ်နေတာကို ဂုဏ်ယူမိတဲ့စိတ်တွေ တဖွားဖွားပေါ် ပေါက်လာတယ်။ ဘယ်လောက်ပင် ရုပ်ဝတ္ထုတွေ ခေတ်မီတိုးတက်ပါစေ၊ စိတ်ပိုင်းဆိုင်ရာ တွေးခေါ်မှုကတော့ လူလူချင်း လူသားတန်ဖိုးကို ထားတတ်ဖို့ပါဘဲ။
No comments:
Post a Comment