Monday, August 24, 2009

ဆန်စပါးဦးဆောင်ကုမ္ပဏီများ ဦးတည်ရမည့် VISION

၁၉၇၅ခုနှစ်က စာရေးသူ ကုန်သွယ်ရေး - ၁ သို့လက်ထောက်အင်ဂျင်နီယာ ရာထူးနှင့် အလုပ်စတင်ဝင် ရောက်ခဲ့စဉ်က မြန်မာနိုင်ငံဆန်စပါးလုပ်ငန်း သည်ပြည်သူပိုင် ကဏ္ဍဖြစ်ပြီးတစ်နိုင်ငံလုံးရှိလူဦးရေအားလုံး အတွက် ဆန်ကိုအဓိက ဖြန့်ဖြူးရောင်းချ ပေးခဲ့သည့်ပြင် နိုင်ငံခြားသို့လည်းအစိုးရကသာလျှင် တင်ပို့နေသော အချိန် ကာလဖြစ်ပေ သည်။

နိုင်ငံတော်ကောက်ပဲသီးနှံရောင်းဝယ်ရေးဘုတ်အဖွဲ့ (State Agricultural Marketing Board, SAMB) ပြည်ထောင်စုမြန်မာနိုင်ငံတော် ကောက်ပဲသီးနှံရောင်းဝယ် ရေးဘုတ်အဖွဲ့ (့Union of Burma Agricultural Marketing Board, UBMAB) ကုန်သွယ်ရေးကော်ပိုရေးရှင်းအမှတ် ၁ ၊ လယ်ယာထွက် ကုန်ပစ္စည်း ရောင်းဝယ် ရေး ကော်ပိုရေးရှင်း၊ (Agricultural & Farm Produce Trade Corporation) မြန်မာ့ လယ်ယာ ထွက်ကုန် ပစ္စည်းရောင်းဝယ်ရေး (Myanmar Agricultural Produce Trading) စသည်ဖြင့်အမည်အမျိုးမျိုးဖြင့် အစိုးရ အဆက်ဆက်ပြောင်းလဲ လုပ် ကိုင်ခဲ့သော်လည်း ဆန်စပါးလုပ်ငန်း နှင့်ပတ်သက်၍supply chain mechanism တစ်ခု ကို တစ်နိုင်ငံလုံးအတိုင်းအတာအရ ခိုင်ခိုင်မာမာတည်ဆောက်လုပ်ကိုင်နိုင်ခဲ့ပြီး လုပ်ငန်းစဉ် တစ်ခုလုံး supply chain management ကိုလည်းစနစ်တကျ အကောင် ထည်ဖော်လုပ်ကိုင်နိုင်ခဲ့ပါသည်။၂၀ဝ၃ခုနှစ် ဧပြီလ မှစတင်ကာမြန်မာနိုင်ငံ၌ဆန်စပါးမူဝါဒ ပြောင်းလဲခဲ့ပြီး ယခင်နိုင်ငံတော်က လုပ်ကိုင်ခဲ့သည့် ဆန်စပါး လုပ်ငန်းတစ်ခုလုံးကို ပုဂ္ဂလိကအပိုင်းမှ ပြောင်းလဲလုပ်ကိုင်ရန်ဖြစ်သော်လည်း ပြည်တွင်းဆန်ဈေး ကိုတည်ငြိမ် အောင်မထိန်းနိုင် ခဲ့သည့်အတွက် ပီပီပြင်ပြင် ဖြစ်မလာပဲ မရေမရာအခြေအနေ၌ သာလုံးလည်လိုက် လျက်ရှိ ကာ အချိန်ကာလအားဖြင့်တွက်ပါက ၆နှစ်ကြာခဲ့ပါသည်။ထိုစဉ်ကာလ၌ ဆန်စပါးလုပ်ငန်း ကိုပုဂ္ဂလိက အပိုင်းမှ တဖြည်းဖြည်းကူးပြောင်း လုပ်ကိုင်လျက်ရှိသော် လည်း ဆန်စပါးနှင့်ပတ်သက်၍ supply chain mechanism ကို မတည်ဆောက်နိုင် သည့်ပြင် supply chain management မှာလည်းပီပီပြင်ပြင်ဖြစ် မလာဘဲကြုံသလိုသာ လုပ်ကိုင်နေကြသည်ကိုတွေ့ရပါသည်။

ဆန်စပါးလုပ်ငန်းသည်၂၀ဝ၈ခုနှစ်ကုန် ၂၀ဝ၉ခုနှစ် အစပိုင်းကစ၍ ပါရာဒိုင်း အပြောင်းအလဲဖြစ်ခဲ့ပါသည်။ နိုင်ငံတော်မှ ပံ့ပိုးကူညီအားပေးမှုကြောင့် ဆန်စပါးအထူး ပြုဦးဆောင်ကုမ္ပဏီများ ဆန်ပိုဒေသများတွင် အခြေခံ ၍ပေါ်ထွန်းလာခဲ့ပါသည်။ ဆန်စပါးအထူးပြု ဦးဆောင်ကုမ္ပဏီများအနေဖြင့် မိမိတို့ တာဝန်ခံသည့်ဒေသ များ၌ ဆန် စပါးလုပ်ငန်းနှင့်ပတ်သက်၍supply chain mechanism များကိုတည်ဆောက်လုပ်ကိုင် သွားကြရန် တာဝန်ရှိပေသည်။မိမိတာဝန်ခံရာဒေသအတွင်းရှိ တောင်သူများကိုပင် ထောင်ပေးခြင်း၊ စိုက်ပျိုးထွက်ရှိ လာ သော စပါးများကိုပေါက်ဈေးဖြင့်ပြန်လည်ဝယ်ယူခြင်း၊ ဓာတ်မြေဩဇာ အပါအဝင်သွင်း အားစုများပံ့ပိုးပေးခြင်း အတွက်လောက်သာ တည်ထောင်ထားခြင်းမဟုတ်ကြောင်း သဘောပေါက်နားလည်ထားရန်လိုအပ်ပါသည်။

မိမိတာဝန်ခံသည့်ဒေသ၏ ဆန်စပါးsupply chain mechanism ကို တည် ထောင်ရန် vision ထားရှိရ မည်ဖြစ်သည်။ကုန်သွယ်လယ်ယာခေတ်ကတည်းက မြန်မာ စပါး၏ကြိတ်ခွဲမှုအရည်အသွေး(milling quality)ကို ထိန်းသိမ်းမြှင့်တင်ရန် အပိုင်း၌ အလွန်အားနည်း ခဲ့ပါသည်။ ထိုစဉ်ကစိုက်ပျိုးရေးကဏ္ဍသည် စပါးအထွက် တိုးရေး၌ သာ အာရုံစူးစိုက်ခဲ့ပြီး၊ ဆန်ဖြစ်အောင် ကြိတ်ခွဲရာတွင် "မကျိုးမပဲ့သောဆန်" များများ ရရှိရေးကို အာရုံမစိုက်နိုင်ခဲ့ပါ။တစ်နည်းပြောရလျှင်ဆန် အရည်အသွေး တိုးတက် ကောင်းမွန်ရေး ကိုအလေးမပေး နိုင်ခဲ့ပါ။ ထိုကြောင့် မြန်မာဆန်သည် ပြည်ပ၌ ယှဉ်ရောင်းရာတွင် အဆင့်ချင်းတူသည့်တိုင် ထိုင်းနှင့် ဗီယက်နမ်ရသော ဈေးထက်အမြဲ လျော့နည်းခဲ့ပါ သည်။

ယနေ့ထိဆန်စပါးလုပ်ငန်း၌စပါးအရည်အသွေးနှင့် ပတ်သက်၍ ကြုံတွေ့ နေရ သောပြဿနာများမှာ ဆန်နီစပါးများခြင်း၊မျိုးရောနှောခြင်း၊ မျိုးကွဲများခြင်း၊ မြေဖြူရောင် ဆန်များ ပါဝင်မှု များခြင်း၊ ဆန်စပါးအရွယ်အစားသည် စားသုံးသူများ အတွက် ဆွဲဆောင်မှုမရှိခြင်း၊head rice recovery အရ နည်းခြင်း၊ ဆန်ဝါများဖြစ်ပေါ်ခြင်း၊ အဆစ်ကျိုးစပါးများဖြစ်ပေါ်ခြင်း၊ဆန်အရောင်အသွေး မလှပခြင်း၊ ဆန်၏ အရောင် သည် translucent မဖြစ်ခြင်းစသည့် ဆန်အရည်အသွေး နှင့်ပတ်သက်၍ အားနည်းနေသည့် အပိုင်း များရှိနေဆဲဖြစ်ရာ ဆန်စပါးဦးဆောင် ကုမ္ပဏီများသည် ဝယ်ယူခြင်း၊ သိုလှောင်ခြင်း၊ ကိုင်တွယ်ထိန်းသိမ်း ခြင်း၊ သယ်ယူပို့ ဆောင်ခြင်း၊ စပါးအခြောက်ခံခြင်း၊ ဆန်ကြိတ်ခွဲခြင်း၊ထုပ်ပိုးခြင်း၊ရောင်းဝယ်ခြင်း၊ ပြည်ပတင်ပို့ ခြင်းစ သည့်လုပ်ငန်းစဉ်များ ပါဝင်သည့်supply chain mechanism ကိုတည်ဆောက်သွားကြရန်လိုပါသည်။ ထို့ ကြောင့် ဆန်စပါးဦးဆောင်ကုမ္ပဏီများသည် ဆန်စပါးsupply chain mechanism တစ်ခု ပီပီပြင်ပြင် ဖြစ်ပေါ် လာစေရေးအတွက် လုပ်ငန်းစဉ်များကို တစ်ဆင့် ပြီး တစ်ဆင့်ဆောင်ရွက်ရန်တာဝန်ရှိပေသည်။ ဆန်စပါး လုပ်ငန်း (Rice industry)သည် မြန်မာနိုင်ငံ၌အကြီးမားဆုံးသော လုပ်ငန်းတစ်ရပ်ဖြစ်ပါသည်။

No comments: