Wednesday, August 26, 2009

ဘ၀၏ ပုံရိပ်ကို ပြန်စောင်း ကြည့်မိခြင်း

မောင်တိုင်ပင် ဘီအီး ဘွဲ့ရပြီးနောက်တစ်နှစ်မှာအဖေဖြစ်သူပါမောက္ခ ကနေပင်စင်ယူပါတယ်။ မှတ်မိကြ ပါလိမ့် မယ်။ ၁၉၇၃ ခုနှစ်တုံးက အင်ဂျင်နီယာ ဘွဲ့ရတွေ အလုပ်အတော်ရှားပါတယ်။ ဆိုရှယ်လစ်ခေတ်ဖြစ်တော့ အစိုးရ အလုပ်ပဲ ၀င်လုပ်စရာ လမ်းကြောင်းတစ်ခုပဲရှိတယ်လေ။ တစ်ချို့ သူငယ်ချင်းတွေကတော့ သင်္ဘောကျင်းမှာ service ယူပြီးသင်္ဘောအင်၈ျင်နီယာတက်လုပ်ကြတယ်။ အများစုကတော့ ရေကြည်ရာ မြက်နု စင်ကာပူ တို့ ဟောင်ကောင်တို့ကိုထွက်ကြတယ်။ အဲဒီအချိန်တုံးက နိုင်ငံခြားထွက်လုပ်ဖို့ဆိုတာ တော်ယုံနဲ မစဉ်းစား ကြဘူး။ အဖေကသားအင်ဂျင်နီယာဖြစ်ပြီ ငါ့ကိုအိမ်ဆောက်ပေးအုံး ဆိုတာနဲ့ အလုပ်သင် (work charge) လာလုပ်ဖို့ ရန်ကုန် ကသူငယ်ချင်းတွေကခေါ်တာတောင် မသွားဖြစ်ခဲ့ဘူး။ သတင်းစာထဲမှာခေါ်သမျှအလုပ်တွေ လိုက် လျှောက် တာ ဗိုလ်သင်တန်းခေါ်တာတောင်ဝင်လျှောက် လိုက်သေးတယ်။ မျက်မှန် ကိုငယ်ငယ်လေး ထဲကတတ် ထားရတော့ ဆေး မှာကျပါလေရော။ ဗိုလ်သင်တန်း ကဆရာကြီးက ပါမောက္ခ သားမှန်းသိတော့ မောင်ရင်လေး ပါမောက္ခ ပဲလုပ် ပေတော့ လို့ဆိုလိုက်သေး။ အံမယ်လေးတော်ပါသေးရဲ့ ။

PSC ကခေါ်သမျှအင်တာဗျုးကိုဖြေရင်း ကုန်သွယ်ရေး (၁) က လက်ထောက်အင်ဂျင်နီယာ ရာထူးကိုလျှောက် လိုက်မိတော့တယ်။ အဖေ အစ်ကို ဘကြီးစံမင်း ကဆန်စက်မှာ စက်ပတ်ကြိုးနဲ့ ချိတ်မိပြီး ခေါင်းနဲ့ သမံတလင်း နဲ့ဆောင့်မိပြီး ကွယ်လွန်သွားတာပါ။ အဲတော့ အဖေ ကဆန်စက်အင်ဂျင်နီယာ လုပ်ရမှာဆိုတော့  သိပ်တော့ ဘ၀င်မကျဘူးပေါ့။ ဒါပေမဲ့ စာရေးသူက တမင်းသာစားနေတာ ဆန်ဘယ်လိုကြိတ်သလဲဆိုတာဘာမှ မသိဘူး။ PSC မှာ အင်တာဗျူးဖြေရမယ်ဆိုတော့ (စာရေးသူတို့ခေတ်ကရေးဖြေမရှိဘူး) ဆန်စက်ဟာဘယ်လိုလုပ်စပါး ကြိတ်သလဲဆိုတာသိအောင်လုပ်ရမယ်ဆိုပြီး ဟာဂျီခင်မောင်ဦး ( Textile ကမလှသီ မူစလင်ကုလားမနဲ့ စချင် လို့ ကျောင်းမှာနောက်ခေါ်တာ၊ အမှန်တော့ ဗုဒ္ဓဘာသာပါ) နဲ့တိုင်ပင်တော့ အဘိုးကြီး ထွန်းလှိုင် ယောက်ဖ ဆန်စက် ကိုသွားကြည့်မယ် ဆိုပြီး ထွန်းလှိုင်ဆီသွားကြတယ်။ အဲဒီတုံး က အဖေရဲ့ မောရစ်မိုင်နာကားလေး မောင်းပြီး မြစ်ငယ်ကို ၃ ယောက်သားသွားကြတာပေါ့။ ထွန်းလှိုင်ယောက်ဖ ကတော့ ဆန်စက်ဘယ်လိုကြိတ် သလဲ ဆိုတာ ရှင်းပြပါတယ်။ အဲဒီရောက်တော့မှ ဘကြီး ချိတ် မိပြီးအသက်သေဆုံးတဲ့အထိဖြစ် ခဲ့ ရတဲ့ စက်ပတ်ကြိုးဆိုတာ ဒီလို ရှိတာပါလားလို့သိခဲ့ရတာပါ။

သေချာပြင်ဆင်သွားပေမဲ့ PSC မှာ ဘာမှ ဆန်စက်အကြောင်းမမေးပါဘူး။မန္တလေးပြန်လာပြီး မေ့မေ့ပျောက်ပဲ နေနေတုံး ကုန်သွယ်ရေး (၁) မှာ အလုပ်ဝင်ဖို့ ခေါ်စာရောက်လာပါလေရော။ အလုပ်ဝင်ဖို့ ရန်ကုန် မလာခင် အဖေ ကယနေ့ ထက်တိုင်မမေ့ နိုင်တဲ့ စကားတစ် ကိုဆိုပါတယ်။ သူလည်းနှစ်ပေါင်း၃၀ ကျော် တက္ကသိုလ်မှာ ဆရာလုပ်လာတော့ ၀န်ထမ်းအတွေ့အကြုံဆိုတာရှိမှာပါ။ အဖေ က " ငါ့သားအလုပ်လုပ် ရင် အလုပ်ကို ဘယ် တော့မှ မျက်ချေမပြတ်စေနဲ့ " သူကတော့ အတွေ့အကြုံ အရ သားကို ဆုံးမနှစ်သိမ့် စကားဆိုလိုက်တာ ဖြစ်ပေမဲ့ စာရေးသူ ၀န်ထမ်းဘ၀ ဖြတ်သန်းလာခဲ့ ရတဲ့ ခရီးကို ပြန်စဉ်းစားမိတိုင်း အဲဒီစကားစုဟာ စိတ်ထဲမှာ အမြဲပဲပေါ် လာတတ်ပါတယ်။ အဲတာကြောင့် ပဲ အရပ်သားဝန်ထမ်းဘ၀မှာ ဒုတိယအမြင့်ဆုံး ရောက်ခဲ့ရတာပါ လား လို့ ထင်မိပါတယ်။

ဝန်ထမ်း ဘ၀မှာဒီအဆင့်အထိရောက်ခဲ့ ရတာဟာ အခြားမြင်ဆရာ၊ကြားဆရာ၊ သင်ဆရာတွေ ကြောင့်လည်း အများကြီးပါပါတယ်။ စည်းကမ်းစနစ်ကြီး ပြီးစနစ်တကျလုပ်တတ်ကိုင်တတ်တဲ့ ဆရာတွေအောက်မှာ လုပ်ကိုင် ခွင့် ရပေမဲ့ အကျင့်ကောင်းတွေကို အတုခိုးလုပ်တတ်ဖို့တော့လိုပါတယ်။ ကွယ်လွန်သူ ဆရာဦးစောအောင် ရဲ့လုပ်နည်းလုပ်ဟန်တွေကိုစာရေးသူအများဆုံးအတုခိုးပါတယ်။ ဒါပေမဲ့ ဆက်ဆံရေး (dealing) ကိုတော့ သူ့ ထက်ပိုကောင်းအောင် လုပ်ခဲ့နိုင်ပါတယ်။ စည်းကမ်းစနစ်ကျတော့ အင်္ဂလိပ်လူမျိုး consultant ဖြစ်တဲ့ Dr. Deny ကတောင်ဦးစောအောင်ကို ရှိန်ပါတယ်။

ဆန်စက်တွေရှိရာကို မော်တော်၊ ကားတွေစီးပြီးသွားရတာပျော်စရာအလွန်ကောင်းပါတယ်။ ဇုန်မန်နေဂျာ ဦးတင် စိုးနဲ့ သံလျှင်ဇုန်မှာ ၂ - ၃ နှစ်လောက်တွဲလုပ်ခဲ့ ရတာတွေကိုသတိရနေဆဲပါ။ ၀မ်းနည်းစရာတစ်ခုကတော့ လွန်ခဲ့သော နှစ်ပေါင်း ၃၀ လောက် ခရမ်းချောင်းထဲ မော်တော်နဲ့ စုန်ဆန်သွားလာခဲ့ကြတယ်။ စပါးအ၀ယ်ဒိုင် (ကွင်းဒိုင်) တွေ မှာလည်းညအိပ်ခဲ့ဘူးတယ်။တောသူတောင်သားတွေဟာတော်တော်ဆင်းရဲတာ ကိုအဲဒီအချိန် ကတည်း က သတိပြုမိတယ်။ အချို့ အင်္ကျီတောင်မ၀တ်နိုင်ကြဘူး။ ရင်လျှားနဲ့ ပဲနေကြရတယ်။ခလေးတွေဆိုတာ ကိုယ်တုံးလုံးတွေပဲ။ ၂၀၀၈ ခုနှစ်လောက် က မိုဃ်းတွင်းကြီး ခရမ်းချောင်းကိုမော်တော်စီးပြီး ဘုရားပျို ရွာ ကို ဂိုဒေါင် အခြေအနေတွေကိုစစ်ဆေးဖို့သွားခဲ့တော့ ချောင်းတစ်လျှောက်မှာ နှစ်ပေါင်း ၃၀ က အတိုင်းပဲ၊ မိန်းမ တွေဟာရင်လျှားနဲ့ ယောင်္ကျား တွေခလေးတွေဟာအရင်အတိုင်းပဲ။ဘာမှ ပြောင်းလဲတိုးတက်တာ မတွေ့ရ တော့ ရင်ထဲမှာ မချိတင်ကဲဖြစ်ရပါတယ်။ချောင်းဘေးကတဲတွေဟာလည်းနှစ်ပေါင်း ၃၀ ကအတိုင်းပဲ။ သို့ပေမဲ့ ဘုရား ပျိုရွာရောက်တော့ ရွာသူရွာသားတွေရဲ့စေတနာကတော့ လွန်ခဲ့သော နှစ်ပေါင်း ၃၀ ကအတိုင်း ပဲဆိုတာ ၀မ်းသာအားရစွာ တွေ့ကြုံရပါတယ်။

No comments: