Saturday, August 29, 2009

ခေတ်ဟောင်းက ပညာတော်သင် ခရီး

မောင်တိုင်ပင်အလုပ်ကနေ ၁၃ နှစ်ကြာတဲ့အခါ ဘီးလတ် (UK) ကို ပညာတော်သင်သွား ဖို့ အခွင့်အလန်းရ ခဲ့တယ်။ နောက်ဝင်လာတဲ့ အင်ဂျင်နီယာ အငယ်တွေနဲ့ အတူ စာမေးပွဲ ၀င်ဖြေပြီးမှ အမှတ်အနည်းအများ အရသွားရတာပါ။ ကပ်ရပ်ဖေါ်လံဖားပြီးအောင်တာမဟုတ်ပါ။ အိမ်မှာ ရှိတဲ့ အဖေ့စာအုပ်စဉ်မှာ သိပ္ပံမောင်ဝ ရဲ့ အောက်စ်ဖိုဒ့် တက္ကသိုလ်ပညာတော်သင်ဘ၀မှတ်တမ်းကို ဖတ်မိပြီးကတည်းက ဘီးလတ်ကိုပညာတော်သင် သွားချင်နေတာပါ။ မှတ်မှတ် ရရ သိပ္ပံမောင်ဝရဲ့ စာအုပ် ကို အကြိမ်ကြိမ် ဖတ်ခဲ့တော့ အောက်စ်ဖိုဒ့်တက္ကသိုလ် ရဲ့ကောလိပ် အမည်တွေ၊ လမ်းတွေကို မှတ် မိနေပါတယ်။


မောင်တိုင်ပင်ရဲ့
IELTS အမှတ်က ၆.၅ ဖြစ်တော့ အင်္ဂလိပ်စာသင်တန်းး ကင်းလွတ် ခဲ့တယ်။ နောက်မှ သိရ တယ်၊ အင်္ဂလိပ်စာ သင်တန်း တက်ရရင် အင်္ဂလိပ်မိသားစုအိမ်တွေမှာ၃ လ လောက် နေရမှာနော်။ home stay ပေါ့။ အဲဒီအခွင့်အရေးတော့လွတ်သွားပါတယ်။ ၁၉၈၃ခုနှစ် စက်တင်ဘာလလယ်လောက် ကျောင်းဖွင်ခါနှီး ၅ရက် လောက်အလိုမှာ ရန်ကုန်က ထွက်ခွာခဲ့ရတယ်။ ဘီဘီစီ မြန်မာပိုင်း အစီအစဉ်မှာ အလုပ်ဝင်မဲ့ ဒေါ်ရင်ရင် မေနဲ့ လေယာဉ်ပျံတစ်စီးတည်းပဲ။ British Airways ကိုဘန်ကောက် ကနေဆက်စီးရတာပါ။ နယူးဒေလီမှာ လေယာဉ်ဆီ ဖြည့် ဖို့ရပ်နားနေတုံးဒေါ်ရင်ရင်မေ နဲ့စကားစမြည်ပြော ရင်းဘီဘီစီကိုလာလည်ဖို့ သူမက ကြို တင်ဘိတ်ခဲ့ပါတယ်။မောင်တိုင်ပင် ရဲ့ဇနီး က ဒေါ်ရင်ရင်မေနဲ့တစ်ကျောင်းတည်းထွက်လေ။ လန်ဒန် ဟီသရိုး လေဆိပ် ရောက်တော့ ယောက်ဖဖြစ်သူ ဒေါက်တာ ပီတာစိုးဝင်း လာကြိုပါတယ်။ အတူနေယောက်ဖ အငယ် ကိုစိုးလင်း လည်းပါလာတာပေါ့။ လေဆိပ်ကနေလန်ဒန်မြို့ထဲယောက်ဖ ကသူ့ ကိုယ်ပိုင်ကားမောင်းပြီး bed and breakfast ဟိုတယ်ကို လိုက်ပို့ပါတယ်။ လန်ဒန်စံတော်ချိန် နံနက် ၆ နာရီ တနင်္ဂနွေနေ့ ဖြစ်တော့ လမ်းမှာ ကားတွေတော်တော်ရှင်းပါတယ်။ လမ်းမှာ ယောက်ဖအငယ် က လန်ဒန်မြို့ လမ်းတွေဟာ ဘာထူးသလဲ ဘာ သတိပြုမိသလဲ လို့မေးပါတယ်။ စာရေးသူ ကတော်တော်စဉ်းစားပြီး ဟွန်း မတီးကြဘူး လို့ ပြန်ပြောတော့ နှစ်ယောက်လုံးက ၀ိုင်းရီကြတယ်။ မှန် ပါတယ် လို့သူတို့က ပြောပါတယ်။ အင်္ဂလန်မှာ ဟွန်းတီးရင် ဆဲတယ်လို့ မှတ်ဟူပါတယ်တဲ့။ အဲဒီအချိန်တုံးက ရန်ကုန်မြို့မှာ ဟွန်းကိုတီးသလားမမေးနဲ့ တတီတီ နဲ့ တ ပေါ်ပေါ် နဲ့ ဆူညံနေတာပဲ။ ယောက်ဖ အငယ် ရန်ကုန် ကိုတလောကခဏပြန်လာတုံးက ရန်ကုန်မြို့တော်ဟာဟွန်းသံတိတ် ဆိတ်နေတာကြောင့် အတော်အံ့သြသွားတယ်။


ဟိုတယ်မှာ ပစ္စည်းတွေနေရာချထား ပြီး ကားကိုတစ်နေရာမှာရပ်ထားခဲ့တယ်။ ယောက်ဖတွေ ကမြေအောက် ရထားစီး ပုံစီးနည်း ကိုသင်ပေးတယ်။ နေ့လည်စာကို လန်ဒန်တရုတ်တန်းမှာရှိတဲ့ restaurant တစ်ခု မှာသွား စားကြတယ်။ စားရေးသူအတွက် ပထမဆုံးဟောင်ကောင်တရုတ်စာကို လန်ဒန် တရုတ်တန်း ဆိုဟို ရပ်ကွက်မှာ စားဘူးတာပါ။ ညနေ ၃နာရီလောက် ယောက်ဖတွေ က လန်ဒန်နဲ့ ကီလိုမီတာ ၁၈၀ လောက်ဝေးတဲ့ Leeds မှာ နေတာဖြစ်တော့ နှုတ်ဆက်ပြီးပြန်သွားကြရော။ စာရေးသူတစ်ယောက်တည်းညနေ ၅ နာရီလောက်ကြတော့

jet lag ဖြစ်ပြီး အရမ်း အိပ်ချင်တာနဲ့ ဟိုတယ်မှာ စောစောအိပ်ရာဝင်ခဲ့ပါတယ်။


နောက်တစ်နေ့ မိုးလင်းတော့ လန်ဒန်မြို့ ထဲ ရှောက်ကြည့်ရင်း McDonald ဟန်ဘာဂါ နဲ့ အင်္ဂလိပ်အစားအစာ fish and chips ကိုပထမ ဆုံးဝယ်စားမိတယ်။ fish and chips အနံ့ကိုမခံနိုင်ဆုံးပဲ။ ဒါပေမဲ့ နောက်တော့ fish and chips ကို ကြိုက်သွားပြီး မကြာခဏ ၀ယ်စားတဲ့ meal တစ်ခု ဖြစ်လာပါတယ်။ နေ့လည်မှာ ဟိုတယ်က check out လုပ်ပြီး ဗစ်တိုရီးယား ဘူတာရုံကို taxi နဲသွားပါတယ်။ British Council က personal coordinator Ms. Vicky နဲ့တွေ့ပါတယ်။ Silsoe college ကိုသွားမဲ့ အခြားအာရှနိုင်ငံသားတွေကော၊ အာဖရိကနိုင်ငံသားတွေ ကော၊ coordinator ကမိတ်ဆက်ပေးလိုတွေ့ပါတယ်။ အများစုကတော့ လွန်ခဲ့တဲ့ ၃ လလောက်ကတည်း က လန်ဒန်ရောက်နေကြသူတွေဖြစ်နေတော့ သူတို့မျက်နှာတွေဟာ ခတ်မှန်မှန် ခတ်တည်တည်ပါပဲ။ စာရေးသူ တစ်ယောက်တည်း မြန်မာပါ။ တချို့ ကတော့ သူ့နိုင်ငံသားချင်း သူ့စကားနဲ့ အချင်းချင်းလေပေးဖြောင့်နေပေရဲ့။

ထုံးစံအတိုင်းပဲ ဟိုကြည့် ဒီကြည့်နဲ့ အားငယ်တဲ့စိတ်ကို ဖုံးဖိရင်း ဘာမှ မဖြစ်သလို ဟန်ဆောင်နေရပေမဲ့ ရင် ထဲမှာတော့ တစ်ဒိန်းဒိန်း နဲ့  ဒီ နှစ် နှစ်ခရီးကို ငါဘယ်လိုလျှောက်လှမ်းရမလဲ ဗလောင်ဆူအောင်တွေးတော နေရပါတယ် ။ ဒါကတော့ လွန်ခဲ့သော ၂၆ နှစ်က ပုံရိပ်ပါ။ ဒီကနေ့ ၂၀၀၈ ၂၀၀၉ သမီးတို့ မှာတော့ ပညာသင် ခရီး ကြမ်းတမ်းမှုမရှိတော့ ပဲ အနည်းငယ် ဖြောင့်ဖြူးစပြုနေပြီဖြစ်ပါတယ်။ ဒါမှလည်း xenophobia ဆိုတဲ့ နိုင်ငံခြားသားတွေကြောက်စိတ်ပျောက်ပြီး သူတို့နဲ့ရင်ဘောင်တန်းအလုပ်လုပ်နိုင်ကြမှာပါ။

No comments: