Friday, December 31, 2010

ကြီုးနီစနစ်

ဒီကနေ့မြန်မာနိုင်ငံမှာ ဌာနအများစုဒီအတိုင်းဖြစ်နေတယ် လို့ ဆိုရင် လွန်နေမလား ? ကြိုက်လွန်း လို့ blog တင်လိုက်တာပါ။ ဆရာချစ်စံဝင်း ကြိုပြီးသိနေလားမသိပါ။ တင်ဦး ပို့ လိုက်တာပါ။

ကမ္ဘာပေါ်မှာ ရှိတဲ့ အချို့နိုင်ငံတွေရဲ့ အများနဲ့မတူ တမူထူးခြားစွာ သူများနောက် နှစ်တစ်ရာကျော်နောက်ကျကျန်ရစ်နေတဲ့ အကြောင်းကတော့ ကြိုးနီစနစ်ကြောင့်လို့ နိုင်ငံရေးပညာရှင်တွေ ဆိုလေ့ရှိကြပါတယ်။

(မူရင်းစာရေးဆရာ၏အာဘော်မဟုတ်ပါ)။ ကျွန်တော်ကိုယ်တိုင်လဲ အောက်ကဆောင်းပါးကို မဖတ်ရသေးခင်အထိ ရှင်းရှင်းလင်းလင်းမသိသေးပါဘူး။ ခုတော့အားလုံးကိုမျှဝေပေးလိုက်ပါတယ်....



ကြိုးနီစနစ် ဟူသည်


ကျွန်တော့်အား မိတ်ဆွေတစ်ဦးက မေးခဲ့သည်မှာ ကြာပါပြီ။ သို့သော် ကျွန်တော်သည် မိတ်ဆွေ၏ အမေးကို မဖြေခဲ့ရသေး။ သာမန်အားဖြင့် သူ့အမေးကို သူနားလည်အောင်

ကျွန်တော်ဖြေနိုင်ချင်မှ ဖြေနိုင်ပေမည်။ သို့ကြောင့်လည်း ဥပမာတစ်ခုလောက်ပြနိုင်ရန် ကျွန်တော်စောင့်နေခြင်း ဖြစ်သည်။ သူ့အမေးမှာ "မင်းတို့ ပြောပြောနေတဲ့ ကြိုးနီစနစ်ဆိုတာ ဘာလဲကွ" ဟူ၍ ဖြစ်၏။

မနေ့ကတော့ သူ့ကို ဥပမာပေးရန် အဖြစ်အပျက်တစ်ခုကို တွေ့လာခဲ့သည်။ အစိုးရဌာနနှစ်ခုမှ ရုံးနှစ်ရုံးသည် အဆောက်အဦကြီး တစ်ခုထဲတွင် ပူးတွဲရုံးဖွင့်ထား၏။ ထိုရုံးနှစ်ခုအနက်မှ တစ်ခုသောရုံးတွင် ခွေးတစ်ကောင်မွေးထား၏။ တစ်နေ့သောအခါ ထိုခွေးသည် ကပ်လျက်ရုံး ၏ အခန်းတွင်းသို့ သွား၍ နောက်ဖေးယိုခဲ့၏။ ဤသို့ပြုလုပ်ခြင်းသည် တစ်ကြိမ်မဟုတ် ကြိမ်ဖန်များလာသောအခါ နောက်ဖေးယိုခံရသောရုံးက ခွေးမွေးထားသောရုံးသို့ "လူကြီးမင်းတို့ရုံးမှ မွေးထားသောခွေးသည် ကျွန်တော်တို့၏ ဧည့်ခန်းနှင့် ရုံးခန်းအတွင်းတွင်

မကြာခဏလာရောက်၍ နောက်ဖေးယိုနေသောကြောင့် နောက်နောင် ထိုသို့ မဖြစ်စေရေးအတွက် အရေးယူဆောင်ရွက်ပါရန် မေတ္တာရပ်ခံအပ်ပါသည်" ဟူသော စာကို ပို့လိုက်၏။

ယင်းစာသည် ခွေးမွေးထားသောရုံး၏ စာလက်ခံရာဌာနမှ "အဆင့်ဆင့် ဆက်လက် တင်ပြသည်၊ဆက်လက်တင်ပြပါသည်" ဟူသော မှတ်ချက် ဆယ်ခုလောက်ဖြင့် နောက်ဆုံး ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်ထံသို့ ရောက်သွား၏။ ထိုပုဂ္ဂိုလ်က "ယင်းကိစ္စ ဟုတ်၊ မဟုတ်

စုံစမ်းတင်ပြပါ" ဟူသော မှတ်ချက်တွင် "အရေးယူဆောင်ရွက်ရန်၊ အရေးယူဆောင်ရွက်ရန်"

ဟူသော ထပ်ဆင့်မှတ်ချက်များနှင့်အတူ အောက်သို့ ပြန်ကျလာ၏။

ထိုအခါ ယင်းကိစ္စကို ဟုတ်၊ မဟုတ် စုံစမ်းရေးအတွက် ရုံးအုပ်အဆင့်ရှိသူများက

အဖွဲ့ဖွဲ့ကာ တစ်ပတ်ကျော်မျှ စုံစမ်းပြီး "စာအမှတ် မည်မျှဖြင့် တစ်ဖက်ရုံးမှ

ပေးပို့သောကိစ္စသည် မှန်ကန်ပါသည်"ဟူ၍ တစ်ဆင့်ပြီးတစ်ဆင့် တာဝန်ရှိပုဂ္ဂိုလ်ဆီသို့

ရောက်သွားပြန်၏။ ထိုအခါ ယင်းပုဂ္ဂိုလ်က "ယင်းကိစ္စ မှန်ကန်လျှင် မည်သို့

ဆောင်ရွက်ရမည်ကို နည်းလမ်းများ စုံစမ်းတင်ပြပါ" ဟူသော မှတ်ချက်ဖြင့် အောက်သို့

ပြန်ချပေးလိုက်ပြန်၏။ အောက်သို့ ကျလာသောအခါ ရုံးအုပ်နှင့် အဖွဲ့သည် မည်ကဲ့သို့

ဖြေရှင်းရမည်ကို အချိန်ယူ၍ ဆွေးနွေးတိုင်ပင်ကာ နောက်ဆုံး၌ ရုံးအုပ်နှင့်အဖွဲ့က

လူကြီးမင်း၏ မှတ်ချက်အမိန့်အရ နည်းလမ်းများကို ရှာဖွေရာ အောက်ပါနည်းလမ်းများကို

တွေ့ရှိပါသဖြင့် တင်ပြအပ်ပါသည်ဟု ဆိုကာ အောက်ဖော်ပြပါ နည်းလေးနည်းကို

တင်ပြခဲ့သည်။

(က) ယင်းခွေးကို သတ်ပစ်ခြင်း၊

(ခ) ယင်းခွေးကို အဝေးသို့ပို့ခြင်း၊

(ဂ) ခွေးဝင်သော အပေါက်ကို လုံးဝပိတ်ထားခြင်း၊

(ဃ) ခွေးမ၀င်ရန် စာကပ်ထားခြင်း။

ထိုအခါ တာဝန်ရှိပုဂ္ဂိုလ်က အောက်မှတင်ပြသော နည်းလေးနည်းကို အောက်ပါအတိုင်း

မှတ်ချက်ရေးကာ အဆင့်ဆင့် ပြန်ချပေးလိုက်၏။

(က)နည်းမှာ ကျွန်ုပ်သည် ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်၍ မရွေးချယ်နိုင်။ (ခ)နည်းမှာ

ယင်းခွေးတွင် သားသမီးငယ်များ ရှိနေသည်ဟု သိရ၍ (က)နည်းတူ မရွေးချယ်နိုင်။

(ဂ)နည်းမှာ ရုံးနှစ်ရုံး၏ ဆက်သွယ်ရေးကိစ္စများကို ထိခိုက်စေသောကြောင့်

ယင်းနည်းကို ရွေးချယ်ရန် ကျွန်ုပ်ငြင်းဆို၏။ (ဃ)နည်းမှာမူ မည်သူကိုမှလည်း

မထိခိုက် မဇ္ဈိမပဋိပဒါလည်း ကျသောကြောင့် ယင်းနည်းကို ကျွန်ုပ်ကိုယ်တိုင်

ရွေးချယ်လိုက်သည်။

အထက်ပါမှတ်ချက်ဖြင့်စာသည် ရုံးထုံးစံအတိုင်း အဆင့်ဆင့်ကျလာပြီး အောက်ပိုင်းမှ

စာတစ်စောင် ပြန်၍တက်လာပြန်၏။ ယင်းစာမှာ "လူကြီးမင်း ရွေးချယ်သော (ဃ)နည်းကို

အသုံးပြုရေးအတွက် ခွေးမ၀င်ရဟူသော စာကပ်ရန် မည်သည့်ပန်းချီဆရာဖြင့် ရေးရမည်ကို

အမိန့်တောင်းခံပါသည်" ဟူ၍ ဖြစ်၏။ ထိုအခါ အထက်လူကြီးက "သင့်လျော်သော

ပန်းချီဆရာနာမည်များ တင်ပြပါ"ဟု မှတ်ချက်ဖြင့် ပြန်ကျလာ၏။ အောက်ပိုင်းမှ တဖန်

ပန်းချီဆရာလေးဦး၏ အမည်များကို ယင်းတို့၏ အရည်အချင်း၊ အရည်အသွေးများနှင့်အတူ

တင်ပြရာ အထက်မှ "ဖော်ပြပါ အရည်အချင်းများအရဆိုမူ ကျွန်ုပ်တို့သည် နံပါတ် (၂)

ပန်းချီဆရာကို ရွေးသည်"ဟူသော မှတ်ချက်ဖြင့် ပြန်ကျလာ၏။

ရုံးအုပ်နှင့်အဖွဲ့သည် ရုံးထုံးစံအတိုင်း နံပါတ်(၂) ပန်းချီဆရာဖြင့် ခွေးမ၀င်ရဟူသော စာတန်းကိုရေးဆွဲကာ ရုံးနှစ်ရုံး၏ အ၀င်အထွက် တံခါးဝတွင်

ချိတ်ဆွဲထားလိုက်၏။

သို့သော် မကြာမီ တစ်ဖက်ရုံးမှနေ၍ လွန်ခဲ့သော (၁၂)လက စာအမှတ် ဘယ်လာက်

ဘယ်လောက်ဖြင့် "လူကြီးမင်းတို့ရုံးမှ ခွေးတစ်ကောင် ၀င်ရောက်နောက်ဖေးယိုနေ၍

အရေးယူဆောင်ရွက်ပါရန် စာပို့ခဲ့သော်လည်း ယခုတိုင် ယင်းခွေးသည်

နောက်ဖေးယိုနေဆဲဖြစ်၍ ထပ်မံအကြောင်းကြားအပ်ပါသည်" ဟူသောစာသည် အတွင်းရေးဟူသော ထိပ်စည်းနှင့်အတူ ရောက်လာပြန်၏။

ထိုစာသည် ထုံးစံအတိုင်း စာလက်ခံရာဌာနမှတဆင့် အထက်လူကြီးဆီသို့ တင်ပြရာ

အထက်လူကြီးက "မိမိသည် ဤကိစ္စကို အသေအချာ အရေးယူဆောင်ရွက်ပါလျက် ယခုကဲ့သို့ အဘယ်ကြောင့် ဆက်လက်ဖြစ်နေရသည်ကို ချက်ချင်းစုံစမ်းတင်ပြပါ" ဟူ၍ မှတ်ချက်ဖြင့် အောက်သို့ ပြန်ချလိုက်၏။ ထိုအခါ ရုံးအုပ်သည် အဖွဲ့တစ်ခု ချက်ချင်းထပ်ဖွဲ့ကာ

အဘယ်ကြောင့် ယင်းခွေးသည် ဆက်လက်နောက်ဖေးယိုမြဲသည်ကို အရေးတယူ

စုံစမ်းကြပြီးနောက် အောက်ပါအတိုင်း အဆင့်ဆင့် တင်ပြလိုက်ပြန်၏။

စာအမှတ် မည်မျှဖြင့် "လူကြီးမင်း၏ ချက်ချင်းအရေးယူဆောင်ရွက်ရန် မှတ်ချက် အမိန့်အရ ကျွန်တော်များ ချက်ချင်းအလျင်အမြန် စုံစမ်းကြည့်ရာ ယင်းခွေးသည် စာမတတ်ကြောင်း တွေ့ရှိရပါသည်။"

အထက်ပါ စုံစမ်းတင်ပြချက်စာသည် တစ်ဆင့်ပြီးတစ်ဆင့် ရုံးထုံးစံအတိုင်း အထက်သို့

တက်လျက်ရှိနေ၏။ ယင်းတင်ပြချက်အပေါ် အထက်လူကြီးက မည်သို့ မှတ်ချက်ရေးဦးမည်ကို

မသိရသေး။ သို့သော် တစ်ခုသေချာသည်ကတော့ ယင်းခွေးသည် အခြားဟိုဖက်ရုံး၏

ဧည့်ခန်းတွင် နောက်ဖေးယိုမြဲ ယိုနေဦးမည်ကတော့ သေချာနေပေသတည်း။

ချစ်စံဝင်း

(၉-၈-၁၉၆၉)

Tuesday, December 28, 2010

စင်ကာပူရောက်မြန်မာများရဲ့ ဒုက္ခ ဘယ်သူဖြေရှင်းပေးမှာ လဲ

နှစ်ကုန်တော့မယ်ဆိုရင်တော့ နိုင်ငံအရပ်ရပ်မှာရှိတဲ့ ၀န်ထမ်းတွေဟာ အရမ်းကို ပျော်ရွှင်ကြပါတယ်။ အကြောင်းကတော့ ဒီဇင်ဘာလမှာ လစာအပြင် ၁၃ လမြောက် လစာလို့ တင်စားခေါ်ဝေါကြတဲ့ bonus များရရှိလို့ပါပဲ။

စင်ကာပူနိုင်ငံမှာလဲ ထိုနည်းတူစွာ အခြားနိုင်ငံသားများမြူးထူး ပြုံးပျော်နေကြ ၀ယ်ခြမ်းနေကြတဲ့အချိန်မှာ မြန်မာ လူမျိုးတွေကတော့ တုတ်တုတ်မမျှ မလှုပ်နိုင်ကြပါဘူး။ ဘာလို့များပါလိမ့်။ ရလာတဲ့ ၁၃ လမြောက် လစာ အပိုဆုငွေဟာ ဘာမှ မစားရ မသောက်ရပဲ အကုန်လုံး ပလုံသွားမှာ ဖြစ်တဲ့ အတွက် ကြောင့်ပါ။ မြန်မာသံရုံးမှာ ပြုတ်ပြုတ်ပြုန်းအောင် အခွန် သွားဆောင်ရမှာမို့ပါဘဲ။

အခုချိန်ဆို နိုင်ငံတကာမှာ ဟောလီးဒေး အချိန်မို့ သူတစ်ပါး နိုင်ငံသားတွေ အားတတ်သရော ခရီးသွားလက်မှတ်တွေဝယ် နေကြချိန် တို့မြန်မာတွေကတော့ သံရုံးမှာ အခွန်ဆောင်ဖို့ တန်းစီနေကြပါတယ်။ မြန်မာများ ဇွဲကောင်းလိုက်ပုံများ မနက် ၃နာရီလောက် သွားတာတောင် ကိုယ့်ရှေ့မှာ စီထားတဲ့သူ ၄ ၅ ၈ ယောက်ရှိနေပါပြီ။ မြန်မာ့ဇွဲပါဘဲဗျာ။ စလုံးမှာမက နိုင်ငံအရပ်ရပ်က အခွန်ဆောင်စနစ်ကို အွန်လိုင်း ကနေဖြစ်ဖြစ် ဘဏ်ငွေလွှဲ GIRO စနစ်နဲ့ဖြစ်ဖြစ်လုပ်ဆောင်နေတဲ့ အတွက် အလွန်ဘဲမြန်ဆန်ပါတယ်။ ခက်တာက အခုမြန်မာသံရုံးက ပတ်စပို့သက်တမ်း တိုးဖို့ကို ၄ ရက်လောက် ANNUAL LEAVE ကိုယူမှသာ လုပ်လို့ရမှာ ဖြစ်နေလို့ (သဘောက ၄ ခါ သွားရမယ် ပေါ့လေ) ။ တစ်နှစ်ခွင့်ရက်ထဲက ၄ ရက် အနှုတ်ခံလိုက်ရတာ မခံချိမခံသာဖြစ်နေရပါတယ်။ မြန်မာသံရုံးရဲ့ငွေစာရင်း အကောင့်ထဲကို GIRO စနစ်နဲ့လစဉ် ပေးရမယ့်အခွန်ကို ပုံမှန်အဲ့သည့်ရက်ရောက်တိုင်း အလိုအလျှောက် အခွန်ထမ်းဆောင်ခွင့်ပြုမယ်ဆိုရင် တစ်နှစ်တစ်ခါ အပုံလိုက် စုပေးရတဲ့ ပြသနာများ ၊လူများ တန်းစီပြီးပေးရတဲ့ ပြသနာများအပြင် ၊အမျိုးမျိုးသော ပြသနာများ အတော်သက်သာသွားမယ်ထင်ပါတယ်။ (ဒီပြသာနာကတာ

ဝန်ရှိသူတွေစဉ်းစားရန်ပျက်ကွက်ခြင်း၊လုပ်ရန်ပျက်ကွက်ခြင်းပါ။ စင်ကာပူလိုနိုင်ငံမှာနေပြီးခေတ်မီ on line အခွန်ပေးသွင်းခြင်း ကို လုပ်ရန်ပျက်ကွက်ခြင်းသည်အစိုးရအပေါ်လူထုအထင်အမြင်လွဲအောင်လုပ်နေခြင်း

ဖြစ်ပါသည်။ သံရုံးအနေဖြင့် ထိုသို့ လုပ်ရန်အခက်အခဲရှိမည်ဟုမထင်ပါ။ စင်ကာပူဒေါ်လာဖြစ်သောကြောင့်

american sanction လည်းဂရုစိုက်စရာမလိုပါ။ blogger မှတ်ချက်)

အခုတော့ ၁၃ လမြောက် လစာထုတ်၊ အားလုံးကို သံရုံးကိုပဲ ပုံပေး လိုက်.. ပြည်ပအလုပ်သမားတွေမှာ ခွင့်ကလေး ၄ ရက် လဲ မလုပ်ရ မကိုင်ရ ဆုံး၊ မျက်နှာကြောက နွားသရေလို တင်းတဲ့ သံရုံးရေးရာ က ကိုကို မမတွေကိုလဲ မျက်နှာချိုသွေးပြီး အခွန်ဆောင်ရဦးမှာမို့ အချိန်ကုန် ငွေကုန် လူပန်း မသက်မသာ ဖြစ်ရပါတော့တယ်။ ကိုယ့်အခွန်ကို ကိုယ် မျက်နှာချို သွေးပြီး အခွန်ဆောင်ရတဲ့ လူမျိုးဆိုတာ မြန်မာလူမျိုးပဲ ရှိမယ် ထင်ပါတယ်ခင်ဗျာ။

(SG ရောက် မြန်မာတစ်ဦး ပေးပို့သည်)

Friday, November 12, 2010

ငွေလား စီးပွားရေးကျင့်ဝတ် လား

ပုဂ္ဂလိကဘဏ်တော်တော်များများမှာ ဘဏ် management နဲ့ ဘဏ်ဝန်ထမ်းတွေအကြားမကျေညာတဲ့ စစ်ပွဲ တွေအခုတလောဖြစ်နေပါတယ်။ ပုဂ္ဂလိကဘဏ်တွေက ကျွမ်းကျင်ဝန်ထမ်းတွေ ထွက်ပြီး ဘဏ်အသစ် ၄ ဘဏ် ဆီကူးပြောင်းရောက်ရှိသွားနေကြတော့ ခံရတဲ့ ဘဏ်တွေကအချင်းချင်းစာတွေပို့ ပြီးဟန့်တားနေကြတာ စာ တွေပလူပျံနေသလားတောင်အောင်းမေ့ရပါတယ်။ အမှန်တော့ ဘဏ္ဍာအခွန်ဝန်ကြီးက ဘဏ်ဟောင်းတွေက ကျွမ်းကျင်ပြီးဝန်ထမ်းတွေကို မ လု ကြဖို့ပြောပြီးသားပါ။ ဒါလည်း business ethics နဲ့ဆိုင်မယ်နဲ့တူတယ်။ မြန်မာပြည်က ထင်ရှားတဲ့ tycoon ကြီးတွေဆိုတော့ငွေကြေးကလည်းပေါ ၀န်ထမ်းလိုတယ်ဆိုရင် လခ ကိုစီစစ်မနေတော့ဘူး၊ ကောင်းကောင်းကိုပေးလိုက်တော့တာပါပဲ။

ဘဏ်ဟောင်းတွေက စနစ်တကျနဲ့ ဖွဲ့စည်း လုပ် ကိုင် လာတာ ကြာပြီဆိုတော့ သူ့ လူနဲ့ သူအသားကျနေပေမဲ့ ဗျုံး ဆိုဘဏ်သစ်တွေပေါ်လာတဲ့ အခါ သူတို့နှစ်ရှည် လများ ပြုစုပျိုးထောင်ထားတဲ့ ၀န်ထမ်းလေးတွေ ဟော ဖြုတ်ခနဲဖြုတ်ခနဲ နဲ့ tycoon ဘဏ်တွေ ပါသွားတော့မျက်ကလူးဆန်ပြာဖြစ်တာမဆန်းပါဘူးဗျာ။ ခင်ဗျားတို့ ပေးထားတဲ့ လစာ ကနည်းတော့ ကျွန်တော်တိုဘဏ်တွေကလူအသစ်တွေခေါ်တဲ့အခါ သူတို့လာလျှောက် တာတော့မတတ်နိုင်ဘူးလို့ပြောချင်ပြောမယ်။ အရည်အချင်းမှီရင် ခန့်ရမှာပဲ။ ဒီလိုပြောရင်တော့ အပြိုင်အဆိုင် လုပ်နေတဲ့လောကကြီးမှာ ငွေများသူနိုင်ကြေးဆိုရင်သူအလွှာနှုင့် သူလုပ်နေသူတွေအားလုံးကျဆုံးကုန်မှာပါပဲ။

ဘဏ်အသင်းကြီးက ဒါတွေအတွက်အဖြေရှာဖို့ အချိန်တန်နေပါပြီ။ ဒီပြသာနာကို အစဦးဆုံးဖေါ်ထုတ်တာက တော့နာမည်ကြီးဘဏ်တစ်ခုကပါ။ အခုလည်းသူ့လူတွေတစ်ယောက်ပြီး တစ်ယောက်ထုတ်ပယ်ပစ်တဲ့ စာတွေထုတ်နေရပါတယ်။ ထုတ်ပယ်တဲ့စာတွေကိုဘဏ်အသစ် အပါအ၀င် အားလုံးကို မိတ္တူပေးခဲ့ပါတယ်။ ဘဏ်အသစ်တွေက ဒီလိုဝန်ထမ်းတွေကို ခန့်ဖို့ သင့် မသင့်ကတော့ စောစောက ပြောခဲ့တဲ့ business enthics နဲ့ ဆိုင်ပါတယ်။ သူတို trainedလုပ်ထားသူတွေကိုမတန် တဆလစာပေးပြီးခေါ် နေကြ လို့ သူဝန်ထမ်းလေး တွေအလုပ် ကထွက် ဘဏ်တွေပြောင်းကုန်ကြလို့ လစာကိုညှိပေးပါဆိုပြီးဘဏ် အသင်းအစည်းအဝေးမှာ တရားဝင်ပြောပါတယ်။ နောက်ကြားတာတစ်ခုကဘဏ်ကြီးတစ်ခုပါ။ လုပ်ရင်းကိုင်ရင်းနဲ့ဝန်ထမ်းတွေပြုန်း တီးသွား တာ ၂၀ ကျော်ရောဆိုပဲ။ နောက် ဘဏ်တစ်ခုက အများပိုင်ဘဏ်ပါ။ သူတို့ ဥက္ကဌ ကိုယ်တိုင်ပြီးခဲ့တဲ့ ဘဏ် အသင်းအစည်းအဝေးမှာ တက်ပြီး ဘဏ်အသစ်ဖွင့် ရာမှာသူတို့ စတင်လုပ်ခဲ့ စဉ်က ၆ လလောက်ကြိုတင် ပြင်ဆင်ခဲ့ ရကြောင်း၊ ဘဏ်သစ်တွေကိုကြိုတင်ပြင်ဆင် ချိန်မပေးပဲ ချက်ချင်းဖွင့် ခိုင်းတော့ ဘဏ်သစ်တွေ လည်း ဘဏ်ဟောင်းတွေကရရာလူတွေကိုဆွဲခေါ်ခန့်ရတော့ ကျစ်ကျစ် လစ်လစ် လုပ်ကိုင်နေတဲ့၊ အများပြည်သူရှယ်ယာတွေနဲ့ ဖွင့် ထားတဲ့ဘဏ်တွေမှာ ရိုက်ခတ်မှုပြင်းထန်ကြောင်း၊ Tycoon ဘဏ်တွေကတော့ သူ့ငွေနဲ့သူဆိုတော့ ထောက်ထားရမဲ့ သူမရှိကြောင်းပြောပါတယ်။ ၀န်ထမ်းတွေလည်း အပြစ်မတင်ချင်ပါ။ လစာများတဲ့နေရာပြောင်းချင်တာဝန်ထမ်း သဘာဝပါ။ ဒါကိုဘဏ်တွေကလည်းနားလည် ပါတယ်။ ခက်တာက ဘဏ်ဟောင်းတွေဟာ ပုံစံအမျိုးမျိုးနဲ့ တည်ထောင်ထားတာပါ။ အများပိုင်ရှယ်ယာတွေနဲ့ ဖွဲ့စည်းထားတဲ့ ဘဏ်တွေရှိသလို၊ တစ်ဦးတည်းပိုင်ဘဏ်တွေလည်းရှိပါတယ်။ ငွေကြေးချမ်းသာတဲ့ဘဏ်တွေရှိ သလို paid up capital နည်းနည်းပဲထည့် လုပ်ကိုင်နေတဲ့ ဘဏ်တွေလည်းရှိပါတယ်။ tycoon ဘဏ်တွေက သူတို့ငွေနဲ့ သူတို့တည်ထောင်ထားတာဖြစ်တော့ သူလက်သူခြေလုပ်နိုင်ကြပါတယ်။

ဒီတိုက်ပွဲဟာကြာရှည် လာရင်ဘဏ်တွေရဲ့ performance တွေကျလာနိုင်ပါတယ်။ အဖြေရှာကြဖို့တော့ကောင်း နေပါပြီ။ ဘဏ်အသင်းကလည်း သင်တန်းတွေဖွင့်ပေးပါတယ်။ တကယ်တော့ ကိုယ့်ဖါသာပြုစုပျိုးထောင်ပေး ခြင်းကသာ အကောင်းဆုံးပါ၊ တာဝန်ရှိသူတွေကလည်း အကောင်းဆုံးဖြစ်အောင် လုပ်ပေးဖို့လို့ပြောချင်ပါတယ်။

Explore Myanmar





I felt quite embarrassing when our boss rang me and said, "Have you gone through the Explore Myanmar ?" I said " I didn't." In fact, I had to admit that during these days I was entirely engaged in the operations of the bank's development plans and little has been informed what MoC has been doing. So I rushed to get one copy of "Explore Myanmar" and surprisingly I am astonished that my Ministry is quite capable of implementing such a good job for the country. It is really very informative for potential investors who have been informed the dark sides of Myanmar under present regime. I think it is timely published and coincided with the post election in Myanmar.

Explore Myanmar contains 14 chapters and briefly explains about the sectors and sub-sectors with colourful illustrations. I think this publication will be the latest version of compilation of what Myanmar has been doing during the last two decades. I also feel that such implementations and establishments could act as stimulants to the potential foreign investors who are exploring Myanmar.

I suggested to Chief Editor, U Aung Naing Oo to make contact with the Amazon.com for distribution to international readers. Anyway, lastly, I congratulated to our boss for making such kind of initiatives for trade and investment and I really like the idea of attracting foreign investors who have been thinking of setting foot in the scenarios of trade and investment sectors.

Friends, it's worth reading it and keeping it. Try to get one and you will be amazing too.

Monday, November 8, 2010

စီးပွားရေးကျင့်ဝတ် (business ethics)



ပြည်သူတွေ ကတိုင်းပြည်မှာလုပ်နိုင်ကိုင်နိုင်မဲ့သူတွေ ကို ရွေးချယ်တင်မြှောက်လိုက် ပါပြီ။ မြန်မာရွေးကောက် ပွဲလွန် ကာလ အစိုးရသစ်သည် ပွင့် လင်းလွတ်လပ်သော check and balance ရှိသောဈေးကွက်စီးပွားရေး စနစ်ကို အကောင်အထည်ဖေါ်ကြလိမ့်မည် ယုံကြည်နေကြပါတယ်။ စာရေးသူဟာ ကုန်သွယ်ရေးနယ်ပယ်မှာ နှစ်ပေါင်းများစွာကျင်လည်လုပ်ကိုင်ခဲ့ဘူးတာကြောင့် စီးပွားရေးမှာအရေးပါလှတဲ့ ကုန်သွယ်မှုလုပ်ငန်း အခြေ အနေကို တီးမိခေါက်မိအနည်းငယ်ရှိပါတယ်။ စာနယ်ဇင်းတွေမှာ ကုန်သွယ်မှုလုပ်ငန်းအကြောင်းတွေ ရေးသား ဖေါ်ပြလာရင်လည်း စိတ်ပါဝင်စားစွာလေ့လာဖတ်ရှုခဲ့တာကြောင့် အများရဲ့လိုလားချက်တွေဟာ ဘာတွေလဲ ဆိုတာ သဘောပေါက်နားလည်နေပါတယ်။ ပြည်သူတွေဘာဖြစ်ချင်လဲဆိုတာ အမြဲဆွေးနွေးနားထောင်နေတာ ပါ။ အစိုးရ၀န်ထမ်းဖြစ်ခဲ့ဘူးပေမဲ့ချမှတ်တဲ့ မူဝါဒတိုင်းဟာအမှန်လို့မပြောလိုပါဘူး။ စာရေးသူတို့အားလုံး ဒီမို ကရေစီ လမ်းကြောင်းပေါ်ရောက်လာပြီလေ။ ဒီနေရာမှာအများမသိကြတာကတော့ မြန်မာကုန်သည်အချို့ (အချိုး အစားနည်းပါတယ်၊ အကုန်လုံးမဟုတ်ပါ) ဟာစီးပွားရေးကျင့်ဝတ် (business ethics) စောင့်ထိန်းလိုက်နာမှု အပိုင်းမှာအားနည်းပါတယ်။ အများစုကတော့ ဒေသတွင်းရှိ ကုန်သည်တွေနဲ့ ယှဉ်ပြိုင်နိုင်စွမ်းအား မရှိသေးပေမဲ့ နောင်တက်လာမဲ့အစိုးရသစ်ကတော့ ဒီအပိုင်းတွေမှာတိုးတက်လာအောင် လုပ်ပေးသွားလိမ့်မယ်လို့ ယုံကြည်နေ ပါတယ်။

စိတ်ဝင်စားစရာတစ်ခုကတော့ ၂၀၁၅ခု AFTA ၀င်လာတဲ့ အခါ ပြည်တွင်းလုပ်ငန်းတွေ ဘာတွေဖြစ်လာနိုင် တယ်၊ ဘာတွေပြင်ဆင်ထားရမယ်၊ ယုဉ်ပြိုင်နိုင်စွမ်းအားတက်လာအောင်လုပ်ရမယ်၊စ သည်ဖြင့် ဘက်ပေါင်းစုံ ကလေ့လာသုံးသပ်တင်ပြထားတာကို ဂျာနယ်စာနယ်စင်းတွေမှာဖတ်ရပါတယ်။ မြန်မာကုန်သွယ်မှုဟာ တရား ၀င်ကော၊ တရားမ၀င်ကော ရောပြွန်းနေတာဖြစ်ပါတယ်။ တရားမ၀င်ကုန်သွယ်မှုကို တရားဝင်လမ်းကြောင်း ပေါ်ရောက်အောင်လည်း တင်ခဲ့ဘူးပါတယ်၊ တင်လျက် လည်းရှိနေပါတယ်။ အချို့သောလုပ်ငန်းတွေကို အစိုးရ အနေနဲ့ တရားဝင်လုပ်ခွင့်ပြုလိုက်တော့ တရားဝင်လမ်းကြောင်းပေါ်ရောက်လာတာလည်း တွေ့ရပါတယ်။ အချို့ကတော့ စီးပွားရေးကျင့်ဝတ် မရှိကြတာပါ။ အခွန်မပေးလိုတာတစ်ခုတည်းနဲ့ တရားမ၀င်ကုန်သွယ်မှုကို လုပ်ကြတာပါ။ အခွန်မပေးရ တဲ့အခါ ပြည်တွင်းအရောင်းအ၀ယ်မှာ ယုဉ်ပြိုင်နိုင်စွမ်းအားတက်လာနိုင်တော့ တရားဝင်လုပ်နေသူတွေတောင် တရားမ၀င်လမ်းကြောင်းကိုလျှောက်ချင်ကြတယ်။

ပုဂ္ဂလိက ပိုင်းမြှင့်တင်ရေး နဲ့ပတ်သက်ပြီးစာရေးသူအမြင်ကိုတင်ပြရရင် တပ်မတော်အစိုးရလက်ထက်မှာ နိုင်ငံတော်ကအားကိုးအားထားပြုလို့ရနိုင်မဲ့ တိုင်းရင်းသားလုပ်ငန်းရှင်ကြီးတွေမွေးထုတ်ခဲ့ပါတယ်။ ဆန့်ကျင် ဖက် အင်အားစုတွေအမြင်မှာတော့ တပ်မတော်အစိုးရရဲ့ cronies တွေပေါ့။ ဒါပေမဲ့သူတို့ရဲ့ လုပ်ကိုင်နိုင် စွမ်းအားဟာ နိုင်ငံတကာအဆင့်ရှိပါတယ်။ cronies တွေဆိုပြီး အင်အားကြီးနိုင်ငံတွေက ပိတ်ဆို့မှုတွေ လုပ်လို့ သာအားနည်းနေရတာပါ။ နိုင်ငံတော်ရဲ့အဓိကကျတဲ့ ပရိုဂျက်လုပ်ငန်းကြီးတွေ အကောင် အထည်ဖေါ်ဖို့ တာဝန်ပေးအပ်ခြင်းခံရပါတယ်။

ဆယ်စုနှစ် ၂ခု ၃ ခုအတွင်းဒီလုပ်ငန်းရှင်တွေရဲ့ လုပ်ကိုင်ဆောင်ရွက်မှုများကိုအစိုးရကကော ပြည်သူတွေ ကကော လက်ခံကြပါတယ်။ ရန်ကုန်ကဆိပ်ကမ်း၊ လေဆိပ်၊ သယ်ယူပို့ဆောင်မှုအပိုင်း၊ ပြည်နယ် ကလမ်းတွေ ကိုကြည့်ပါ။ အစိုးရကော ပြည်သူကော နှစ်သက်စွာအသုံးပြုနေကြပါတယ်။ ပြည်သူအပေါ်ဖိစီးမှု မရှိအောင် ဆောင်ရွက်နူိုင်တာကြောင့်လက်ခံကြတာပါ။ ဒီလုပ်ငန်းရှင်တွေဟာ တစ်နပ်စားအကြံမရှိပဲ လုပ်ငန်းတွေကို အောင်မြင်စွာအကောင်အထည်ဖေါ်ဆောင်ရွက် နိုင်တာကြောင့် အစိုးရနဲ့ ပြည်သူတွေရဲ့ ယုံကြည်မှုကိုရခဲ့ တာပါလို့မီးမောင်းထိုးပြချင်တာပါ။ ဒီလိုပဲကုမ္ပဏီအချို့ဟာနိုင်ငံတော်ကယုံကြည်လို့ တာဝန်ပေးခဲ့တာကိုပြီး ကပျစ်ကပျက်ကချော်လုပ်မိခဲ့တာကြောင့်ယုံကြည်မှု မရတော့ပဲမြောင်းထဲဆင်းသွားရတာကိုလည်း တွေ့နေရ ပါတယ်။ ဒီ tycoon ကြီးတွေဟာ သူတို့သည် မည်မျှပင်ပံ့ပိုးမှုများရပါစေ အရည်အချင်း မရှိရင် ဘယ်လို နည်းနှင့်မျှ လုပ်နိုင်ကိုင်နိုင်စွမ်းရှိသည့် စီးပွားရေးသမားဘ၀ကို ရောက်မလာနိုင်ပါ။ တချို့လူကြီးသားသမီး တွေမအောင်မြင်ပဲမှေးမှေးမှိန်မှိန်ပဲ နေနေတာကို တွေ့ ရပါတယ်။

ယုံကြည်မှုတည်ဆောက်တဲ့အခါ လုပ်ရည်ကိုင်ရည်ရှိသူတွေရေပေါ်မှာ ကျန်နေတာ အထင်အရှားပါ။ ဒီမို ကရေစီအစိုးရလက်ထက်မှာ တော့ ဖါးတာတွေ၊ ကပ်တာတွေ၊ ရှိချင်မှ ရှိမှာ ပါ။ bias လည်းရှိ ချင်မှ ရှိမှာပါ။

အရည်အချင်းရှိသူတွေဘယ်သူတွေလဲဆိုတာပေါ်လာတော့မှာပါ။ဘယ် လိုမှမယှဉ်နိုင်သူတွေတော့ မြောင်းထဲ ရောက်သွား နိုင်ပါတယ်၊ ဒါဟာစီးပွားရေးကျင့်ဝတ်နဲ့အများကြီးသက်ဆိုင်နေပါတယ်။ အချို့သောကုမ္ပဏီများ သည် စီးပွားရေးကျင်ဝတ် ကိုလိုက်နာကြ လိုသော်လည်းအများ မိုးခါးရေသောက်သည့် အထဲမှာ လွင့်မျောရင်း ဖြစ်နေပြီး ဗြုန်းဆို အစိုးရအသစ် အလှည့်အပြောင်းရောက် လာသည့်အခါ ခေါင်းတွဲ ကို အမြန် ပြန်လှည့်ကြ ရမှာဖြစ်သော် လည်း နောက်မကျသေးကြောင်း ကို တင်ပြ လိုပါတယ်။

ကုန်သွယ်မှုနယ်ပယ်မှာစာရေးသူတာဝန်ယူခဲ့တဲ့ ၂၀၀၆-၂၀၀၇ ခုနှစ်လောက် ကစပြီး တရှိန်ထိုးဖွံဖြိုးတိုးတက် လာခဲ့ တာကိုအောက်ဖေါ်ပြပါ ဇယား အရသိရှိ နိုင်ပါတယ်။

ကုန်သွယ်မှုအပိုင်းလျှင်မြန်စွာတိုးတက်လာတာဟာ regulation လုပ်ရမဲ့အပိုင်း Deregulation လုပ်ရမဲ့အပိုင်း တွေ ကို မှန်ကန်စွာလုပ်ကိုင်ဆောင်ရွက်ခဲ့လို့ပဲဖြစ်တယ်လို့စာရေးသူ ဆိုချင်ပါတယ်။ ဒီမိုကရေစီနိုင်ငံတွေမှာ တောင်လူထုကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ regulation နဲ့ deregulation တွေကိုလုပ်ကြရပါတယ်။ အမေရိကန်နိုင်ငံလိုမျိုးတောင်ပြည်သူလူထုလုံခြုံမှုအတွက် ဒီမိုကရေစီနည်းလမ်းမကျတဲ့အလုပ်တွေကို လုပ်ခဲ့ ကြရပါတယ်။ ဂွာတာနာမိုအကျဉ်းထောင် ကိစ္စကိုကြည့်ပါ။ ကောင်းမွန်သောငွေကြေးစနစ်ချမှတ်ထားသော် လည်း business ethics မရှိတဲ့ CEO တွေဟာကိုယ်ကျိုးကိုယ်ရှေ့တန်းတင်ခဲ့တာကြောင့် ဘဏ်တွေတော်တော် များများဟာပြုတ်သွားခဲ့ ကြပြီး ဟိုးလေးတကျော်ကျော်နဲ့ ဖြစ်ခဲ့ကြတာကိုလည်းကြားကြမှာ ပါ။

လွန်ခဲ့သောနှစ် ၂၀ ကမြန်မာ ပဲမျိုးစုံအခြေနေကိုကြည့်ကြရအောင်။ ပဲမျိုးစုံကို အရှိန်အဟုန်နဲ့စိုက်ပျိုးထုတ်လုပ် ဖို့ခြေလှမ်းပြင်နေချိန်၊ အိန္ဓိယ၊ စင်ကာပူကကုန်သည်တွေမြန်မာပြည်မှာခြေချင်းလိမ်လျက်ရှိပြီး မြန်မာကုန်သည် တွေတောင်သိပ်မသိသေးတဲ့ ဘယ်နယ်ကပဲအရည်အသွေး ဘယ်လိုကောင်းတယ်၊ အထွက်ဘယ်လောက်ရှိ တယ်ဆိုတာကအစလက်လှမ်းမီ သိရှိနေကြပါပြီ။ ဈေးကွက်မှာ ဈေးကစားနိုင်အောင်ပေါ်ပေါ်ထင်ထင်လုပ်နေ ကြချိန်ပါ။ အဲဒီအချိန်ကမြန်မာကုန်သည်တွေဟာအိန္ဓိယဈေးကွက်မပြောနဲ့ ပြည်တွင်းဈေးကွက်မှာ တောင် နှံ့နှံ့စပ်စပ်မသိ ကြသေးဘူး။ အဲဒီအချိန် ကမြန်မာကုန်သည် ကြီးတွေက “ အိန္ဒိယကုန်သည်တွေ မြန်မာပဲ အကြောင်းနှံ့နှံ့စပ်စပ်သိနေကြတာကို ပြောနေကြပြီးဘာမှလုပ်ဖို့မစဉ်းစားကြပါ။ ငါတို့တော့သူတို့ ပြုသမျှနုရ တော့မှာပါလား“ လို့ပြောစမှတ်တောင်ပြုခဲ့ကြပါတယ်။ မနေသာတော့သည့် စာရေးသူတို့ဟာ သတင်း အချက် အလက်နဲ့ပတ်သက်သည့်အစီအမံများကို ဌာနတွင်းမှာအကောင်အထည်ဖေါ်ခဲ့ကြပြီး ပဲဈေးကွက် သတင်း အချက်အလက်နည်းပညာဖွံဖြိုး လာစေရန်လုပ်ဆောင်ပေးခဲ့ကြပါတယ်။

ယနေ့ ၂၁ ရာစု မြန်မာကုန်သည်တွေဟာ အိန္ဒိယက ပဲနဲ့ ပတ်သက်တဲ့သတင်းအချက်အလက်ကို အကုန်သိနေ ကြပြီး တချို့ကုမ္ပဏီဆိုရင် အိန္ဒိယမှာတောင် ကုမ္ပဏီတွေရုံးခန်းတွေဖွင့်ထားပြီးကုန်သွယ်မှုကို သွက်လက်စွာ လုပ်ကိုင်လျှက်ရှိကြပါတယ်။ ဒါဟာဘာကိုပြောချင်လဲဆိုတာ ပြည်ပကုမ္ပဏီတွေမြန်မာပဲဈေးကွက်မှာဝင် ရောက် ချယ်လှယ် လုပ် ကိုင်မဲ့ အရေး ကို သတိပြုမိ လာတာကြောင့် ကုန်သွယ်မှုအပိုင်းမှာ လိုအပ်တဲ့ regulation တွေ ကို အချိန်မီ ပြဌါန်းချမှတ်ဆောင်ရွက်ခဲ့ရပါတယ်။ ဒါကြောင့်လည်း မြန်မာကုန်သည်တွေလွတ်လွတ်လပ်လပ်နဲ့ ပဲမျိုးစုံ ကုန်သွယ်မှုကို လုပ်ကိုင်လာခဲ့ ကြတာ ၂၀၀၈ ခုနှစ် မှာ ပဲ scandal တစ်ခုပေါ်ပေါက်ခဲ့ပါတယ်။ အစိုး ရကကိုင်တွယ်ဖြေရှင်းခဲ့ရပြီး အတွေ့အကြုံရှိပြီးလုပ်ငန်းကျွမ်းကျင်တဲ့ပဲကုန်သည်တွေ ဘ၀ပျက်ခဲ့ကြရတာကို အများ အသိပါ။ အစိုးရက၀င်ရောက်ဖြေရှင်းရတော့ Regulation ဆိုတဲ့ အပိုင်းကပါ လာရရော။ ဆိုချင်တာက နှစ်ပေါင်းများစွာအစိုးရက regulate မလုပ်ပဲ ဈေးကွက်စီးပွားရေးကိုဖေါ်ဆောင်ကြ လိမ့်မယ်ဆိုတဲ့အသိနဲ့ လွှတ်ထားခဲ့ပေမဲ့ business ethics အပိုင်းမှာ အားနည်းကြတဲ့ ကုန်သည်တွေကြောင့် regulation ဆိုတဲ့ အပိုင်းက၀င်ပါလာရတာကိုတွေ့ မြင်သုံးသပ်ရမှာပါ။

စာရေးသူပြောချင်တာက စီးပွားရေးမှာ အရေးပါတဲ့ ကုန်သွယ်မှုအပိုင်းမှာ ဒီကနေ့ ရေပမ်းစားနေတဲ့ check and balance ဆိုတာကို တိုင်းရင်းသားကုန်သည်တွေကပဲ ဖေါ်ဆောင်လုပ်ကိုင်သွားရမှာပါ။ regulation လုပ်ခြင်း၊ deregulation လုပ်ခြင်းဟာ ကုန်သည်လုပ်ငန်းရှင်တွေရဲ့ တစ်နပ်စားအကြံကိုဖျောက်ပြီး စီးပွားရေးကျင့်ဝတ်နဲ့ အညီလုပ်ကိုင်ဆောင်ရွက်သွားမှသာလျှင်ကွယ်ပျောက်သွားမှာဖြစ်ပြီး နိုင်ငံတကာမှာ ယှဉ်ပြိုင်လုပ်ကိုင်နိုင်တဲ့ လုပ်ငန်းရှင်တွေ တိုးပွားများပြားလာမှာဖြစ်ပါတယ်။

Sunday, October 24, 2010

စီးပွားရေး ဖွံဖြိုးတိုးတက်ရေး အတွက် သီးနှံရိတ်သိမ်း ချိန်လွန် နည်းပညာ ၏ အခန်းကဏ္ဍ


ရိတ်သိမ်းချိန်လွန်နည်းပညာသည် မြန်မာနိုင်ငံ၌ ၁၉၈၀ ခုနှစ် တစ်ဝိုက်ကစတင်၍ ကောက်ပဲသီးနှံလုပ်ငန်းနှင့် ဆက်စပ်နေသော လုပ်ငန်းနှင့် လူပုဂ္ဂိုလ်များအကြား ခေတ်စားလာခဲ့ပါသည်။ ကမ္ဘာပေါ်၌လည်း ၁၉၇၀ ခုနှစ် ကျော်ကျော်လောက်ခန့်မှ လူအများ အာရုံပြုလာသည့် နည်းပညာရပ် တစ်ခု ဖြစ်ပါသည်။ ၁၉၇၅ ခုနှစ်က ကျင်းပပြုလုပ်ခဲ့သော ကမ္ဘာ့ကုလသမဂ္ဂ အထူးညီလာခံ၌ " ဖွံ့ဖြိုးဆဲနိုင်ငံများ၌ ရိတ်သိမ်းပြီး သီးနှံများ လေလွင့်ဆုံးရှုံးမှုကို လျော့ချနိုင်ရေးအတွက် ဦးစားပေး ဆောင်ရွက်သွားရန်၊ ယင်းသို့ ဆောင်ရွက်ရာတွင် လာမည့် (၁၀)နှစ်တာ ကာလဖြစ်သည့် ၁၉၈၅ ခုနှစ်၌ ဖြစ်ပေါ်နိုင် သည့် လေလွင့်ဆုံးရှုံးမှု၏ ၅၀% လျော့ကျသွားရေးကို ဆောင်ရွက်ရန်" ဟု ဆုံးဖြတ်ချက် ချခဲ့ပါသည်။အင်္ဂလိပ်အမည်မှာ post harvest technology ဖြစ်ပါသည်။ harvest ကို ရိတ်သိမ်းခြင်းဟု မြန်မာဘာသာပြန်ထားသော်လည်း လုံးဝပြီးပြည့်စုံပြီဟု မဆိုနိုင်ပါ။ အင်္ဂလိပ်ဘာသာ၌ "harvest" ဟူသော စကားရပ်သည် ကောက်ပဲသီးနှံများ ရိတ်သိမ်းခြင်းသာမက နှစ်ရှည်အပင်များမှ သစ်သီးများ ခူးဆွတ်ခြင်း၊ ဟင်းသီးဟင်းရွက် (vegetables)များ ခူးခြင်း၊ တူးဖေါ်ခြင်း၊ အာလူး၊ ကန်စွန်းဥ စသည့် မြေအောက်တွင်ရှိသော သီးနှံများ တူးဖေါ်ခြင်း၊ ငါးကန်မှ ငါးများဖေါ်ယူခြင်း၊ ပင်လယ်ကမ်းနီး၌ ငါးဖမ်းခြင်း၊ သစ်တောတွင် သစ်ဝါးများ ခုတ်ခြင်းတို့ကိုလည်း harvest ဟူသော စကားလုံးကိုပင် အသုံးပြုကြပါသည်။ သို့သော် "ရိတ်သိမ်းခြင်း" ဆိုသော မြန်မာစကားသည် အသုံးများသောကြောင့် post harvest ကို " ရိတ်သိမ်းချိန်လွန် " ဟူ၍ ၁၉၈၀ ခုနှစ် တစ်ဝိုက်က မြန်မာမှုပြုခဲ့ခြင်း ဖြစ်ပါသည်။
" ရိတ်သိမ်းချိန်လွန် " ဟူသော စကားရပ်သည် ဆန်စပါး လုပ်ငန်းစဉ်အတွင်း၌သာ အသိများခဲ့ပြီး စိုက်ပျိုးရေးကဏ္ဍနှင့် ဆက်စပ်သော ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ အနေဖြင့် ကြားဘူးယုံသာ ကြားဘူးကြပြီး၊ ရိတ်သိမ်းချိန်လွန် လုပ်ငန်းများ အရေးပါမှုကို ကောင်းစွာသဘောပေါက် နားလည်ခြင်း မရှိကြသေးပါ။
စီမံကိန်း စီပွားရေးစနစ် ကျင့်သုံးစဉ်ကာလ၌ ရိတ်သိမ်းချိန်လွန်နည်းပညာသည် အရည်အသွေးကြောင့် လေလွင့်ဆုံးရှုံးမှု (qualitative losses)နှင့် အရေအတွက်အရ လေလွင့်ဆုံးရှုံးမှု (quantitative losses) များ ကိုဇောင်းပေးလေ့လာ ပညာပေးခဲ့ပါသည်။ ယနေ့ (၂၁)ရာစု၊ ၂၀၁၀ ခုနှစ်၌ ကောက်ပဲသီးနှံများ စိုက်ပျိုးထုတ်လုပ်သည်မှ စားသုံးသူလက်ထဲ ရောက်ရှိသည်အထိ လုပ်ငန်း အဆင့်များကို ပုဂ္ဂလိကပိုင်းမှ အကောင်အထည်ဖေါ် ဆောင်ရွက်လုပ်ကိုင်နေပြီဖြစ်ရာ ပုဂ္ဂလိကပိုင်း အနေဖြင့် ၄င်း၏ အကျိုးစီးပွား ကာကွယ်နိုင်ရန်အတွက် လေလွင့်ဆုံးရှုံးမှုမရှိအောင် တတ်နိုင်သမျှ လုပ်ဆောင်သွားမည်သာ ဖြစ်သည်။ ၄င်းပြင် သီးနှံနှင့် ပတ်သက်၍ ယနေ့ (၂၁)ရာစု၊ ၂၀၁၀ ခုနှစ်၌ နယ်ပယ်ကျယ်ပြန့်လာပြီ ဖြစ်ပါသည်။ ဆန်စပါး၊ ပဲမျိုးစုံ၊ ပြောင်း၊ ဆီထွက်သီးနှံစသည့် (durable products)သာမက ပျက်စီးရန် လွယ်ကူသည့် သစ်သီး၊ ဟင်းသီးဟင်းရွက်၊ ဥ၊ စားဖိုဆောင် သီးနှံများဖြစ်သည့် (perishable products)များ၏ ရိတ်သိမ်းချိန်လွန် အပိုင်းများကိုပါ ဦးစားပေး ထည့်သွင်းဆောင်ရွက်နေပြီ ဖြစ်ပါသည်။
ယခင်က လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက စပါးရိတ်သိမ်းချိန် ကာလ၌ လယ်သမားများသို့ ပညာပေး ကျေညာချက်များကို နေ့စဉ်ထုတ် သတင်းစာများ၌ ဖေါ်ပြ သည့်အခါ စပါးသီးနှံနှင့် ပတ်သက်၍ ရိတ်သိမ်းချိန်လွန် အချိန်၌ တောင်သူလယ်သမားများ ဂရု မစိုက်မှုကြောင့် စပါးအရည်အသွေး ကျဆင်းလာနိုင်မှု အကြောင်းကို ဖေါ်ပြခြင်း မရှိခဲ့ပါ။ သို့သော် ၂၀၀၉ ခုနှစ်က စတင်၍ စပါးရိတ်သိမ်းသည့် အချိန်၌ ထုတ်ဝေခဲ့သော နေ့စဉ်ထုတ် မြန်မာ့သတင်း စာများ၌ စပါးအစိုဓါတ် ၀င်လိုက်ထွက်လိုက်ဖြစ်မှုကြောင့် စပါးအဆစ်ကျိုးများ ဖြစ်လာနိုင်ပုံ၊ အဆစ် ကျိုးစပါးများ ပါဝင်လာပါက ဆန်ကြိတ်ခွဲရာတွင် ကျိုးကြေနိုင်ပုံတို့ကို ပညာပေးလှုံ့ဆော်ထားသည့် အရေးအသားများကို စတင်ဖတ်ရှုနေရပြီ ဖြစ်ပါသည်။ ဤအချက်သည် တိုင်းပြည်၌ ရိတ်သိမ်းချိန် လွန်နည်းပညာကို စိုက်ပျိုးရေး အပါအ၀င် ပြည်သူအများက အလေးထားလာပြီဖြစ်ကြောင်း၊ လူသိ များလာပြီဖြစ်ကြောင်း ပြောနိုင်ပါသည်။ ရိတ်သိမ်းချိန်လွန်နည်းပညာ ကမ္ဘာပေါ်၌ ခေတ်စားလာခဲ့ သည့်ချိန်မှာ ၁၉၇၀ ခုနှစ်များ တစ်ဝိုက်က ဖြစ်ခဲ့ရာ မြန်မာနိုင်ငံ၌ နှစ်ပေါင်း (၄၀)ကာလ ရောက်ခါနီးမှ ရိတ်သိမ်းချိန်လွန်နည်းပညာသည်အရေးကြီးပါလားဆိုသည့် အသိဝင်ရောက်လာ ခြင်းကို ကြိုဆိုကြရမှာ ဖြစ်ပါသည်။
ရိတ်သိမ်းပြီးနောက် လေလွင့်ဆုံးရှုံးမှု (post harvest losses)သည် ၁၉၈၀ ခုနှစ် တစ်ဝိုက်က ကမ္ဘာတစ်ဝှမ်းလုံးက အာရုံစူးစိုက် ခဲ့ကြပါသည်။ တိုင်းပြည် တော်တော်များများ၌ အဓိက စိုက်ပျိုးသည့် သီးနှံ၏ post harvest losses များကloss assessment နည်းပညာများ အသုံးပြု၍ လေ့လာကြပါသည်။ လေလွင့်ဆုံးရှုံးမှု ရာခိုင်နှုန်းမည်မျှ ရှိနိုင်သည်ကို စူးစမ်းလေ့လာ အကဲဖြတ် ခဲ့ကြပါသည်။ မြန်မာနိုင်ငံတွင်လည်း အုတ်ဖို၊ လှည်းကူး စသည့် ဒေသများ၌FAO အကူအညီဖြင့် ဆန်စပါး ရိတ်သိမ်းပြီးနောက်ပိုင်း လေလွင့်ဆုံးရှုံးမှုကို လေ့လာခဲ့ရာ ၅.၂% ခန့် ရှိနိုင်သည်ဟု ပညာရှင်များက တွက်ချက်ခဲ့ပါသည်။ ၄င်းပြင် ASEAN နိုင်ငံများအတွင်း ဆန်စပါး လေလွင့်ဆုံးရှုံးမှုသည် ၁၀.၃၇%ခန့် ရှိနိုင်သည်ဟု အကဲဖြတ် ကြပါသည်။ ဤသည်မှာလည်း ခေတ်ကာလအလျောက် ပညာရှင်များက အမျိုးမျိုးအကဲဖြတ် တွက်ချက်ထားခြင်းသာ ဖြစ်ပါသည်။ နှစ်ပေါင်း (၄၀)နီးပါး ကြာမြင့်လာသည့်အခါ နည်းပညာများ မြင့်မားလာခြင်း၊ ပါဝင်ပတ်သက်သူတိုင်း က ဂရုတစိုက် ဆောင်ရွက်လာကြခြင်းတို့ကြောင့် လေလွင့်ဆုံးရှုံးမှုသည် ကောက်ပဲသီးနှံများအပိုင်း၌ အရေးပါမှု ပမာဏမှာ တဖြည်းဖြည်း နည်းပါးလာခဲ့ပါသည်။ အခြားစားနပ်ရိက္ခာဖြစ်သည့် အသီး အနှံများ၊ သစ်သီးဝလံများ၊ ဟင်းသီးဟင်းရွက်များ၊ ဥများ၊ သားငါးများနှင့် စပ်လျဉ်းသည့် ရိတ်သိမ်း ချိန်လွန်နည်းပညာများအပေါ်၌ အာရုံစူးစိုက်မှု ပြောင်းလဲလာခဲ့ပါသည်။
ဤအချက်မှာ မဆန်းလှပါ။ ဖွံ့ဖြိုးတိုးတက်ဆဲ နိုင်ငံများအဖို့ အဓိကသီးနှံ (staple food) များ၏ လေလွင့်ဆုံးရှုံးမှုများမှာ ရှိနေနိုင်ဆဲဖြစ်ပြီး၊ အရည်အသွေး အဆင့်အတန်းမြင့်သော အစားအစာများကို အများပြည်သူလူထု မစားသုံးနိုင်ဘဲ အရည်အသွေးညံ့သော၊ အလယ်အလတ်ရှိ သော သီးနှံများ၊ စားစရာများ၊ သားငါးများကိုသာ စားသုံးကြရဆဲ ဖြစ်ပါသည်။ မြန်မာနိုင်ငံ၌ စီမံကိန်းစီးပွားရေးစနစ် ကျင့်သုံးခဲ့စဉ် ကုန်သွယ်^လယ်ယာမှ တတိုင်းတပြည်လုံး စာသုံးရန် ဆန်ဖြန့် ဖြူးခဲ့ရာတွင် ၃၅ မှတ်၊ ၂၅ မှတ် ဆန်ကို ပြည်သူအများစုက ချေးမများနိုင်ပဲ စားသုံးခဲ့ကြရပါသည်။ (၂၁)ရာစု၊ ၂၀၁၀ ခုနှစ်၌ အောက်ခြေလူတန်းစား အလုပ်သမားများ၊ ကျေးရွာရှိ စားသုံးသူများပင် လျှင် ၁၅ မှတ်အောက်ထစ်ရှိသည့် ဆန်ဖြူဖြူဖွေးဖွေးကိုပဲ ပြောင်းလဲစားသုံးနေကြပြီ ဖြစ်ပါသည်။ ဤအချက်သည် မြန်မာလူမျိုးများ ဆန်စားသုံးမှုပုံစံ ပါရာဒိုင်း ပြောင်းလဲသွားပြီဟု ပြောစမှတ် ပြုခဲ့ပါသည်။ ထိုကြောင့် တိုးတက်ဖွံ့ဖြိုးပြီး နိုင်ငံများ၌ လေလွင့်ဆုံးရှုံးမှုသည် အဓိက ပြဿနာ မဟုတ်ဘဲ အရည်အသွေးနှင့် supply chain management များ အပိုင်း၌သာလျှင် အာရုံစူးစိုက်လေ့ ရှိသည့် အလေ့အထများ ဖြစ်ပေါ်လာခဲ့သည်။ လွန်ခဲ့သော နှစ်ပေါင်း (၃၀)ခန့်က မြန်မာနိုင်ငံတွင် စူပါမားကတ်များ အနည်းငယ်သာ ရှိပါသည်။ ထိုအချိန်က စားသုံးသီးနှံများနှင့် ပတ်သက်၍ များသောအားဖြင့် ပြည်သူများသည် ဈေးများ၌သာ ၀ယ်ယူစားသုံး ခဲ့ကြပါသည်။ အရည်အသွေးမှာ လည်း သာမန်ထက် နိမ့်ပါသည်။ ရန်ကုန်မြို့၌ အရည်အသွေးမြင့်သော စားသုံးသီးနှံများ ရောင်းချသည့် ဈေးများ ရှိခဲ့သော်လည်း ပြည်သူတိုင်း ၀ယ်မစားနိုင်ပဲ ကြေးရေတတ် အထက်လွှာမှ ပြည်သူများကပဲ ၀ယ်ယူစားသုံးကြပါသည်။ ယနေ့ (၂၁)ရာစုနှစ်၊ ၂၀၁၀ ခုနှစ် City Mart, OCEAN စသည့် စူပါမားကတ်များ၌ အရည်အသွေး အဆင့်မြင့်သော ဆန်၊ ပဲမျိုးစုံ၊ သစ်သီး၊ ဟင်းသီးဟင်းရွက်၊ စားစရာများကို လှပသေသတ်စွာ ထုပ်ပိုးထားပြီး ရောင်းချလျက်ရှိသည်ကို မြင်တွေ့လာရပြီ ဖြစ်ပါ သည်။ သို့သော်လည်း နိုင်ငံ၏ အစိတ်အပိုင်း အနည်းငယ်မျှသာရှိသော မြို့နေလူတန်းစားများသာ လျှင် လက်လှမ်းမှီနေသည့် အခြေအနေမျိုးသာ ဖြစ်ပါသေးသည်။
လေလွင့်ဆုံးရှုံးမှု losses သည် စီမံကိန်းစီးပွားရေးစနစ် ကျင့်သုံးခဲ့စဉ်က အောက်ခြေ တွင် လျော့ရဲရဲနိုင်ခြင်းကြောင့် မည်သည့်နေရာ၌ မည်ကဲ့သို့ လုပ်ခဲ့ပါက ယိုပေါက်များ ပိတ်သွားနိုင် သည်ဆိုသည့် အတွေးအခေါ်အရ ပြောဆိုလုပ်ကိုင်ကြခြင်း ဖြစ်ပါသည်။ ယနေ့ (၂၁)ရာစုနှစ်၊ ၂၀၁၀ ခုနှစ်၌ ပုဂ္ဂလိက ကဏ္ဍကသာလျှင် ဦးဆောင်အလုပ်လုပ်လျက်ရှိရာ ပုဂ္ဂလိကလုပ်ငန်းပီပီ အလိုလို နေရင်း ယိုပေါက်မရှိစေရန် ဆောင်ရွက်လုပ်ကိုင်သွားကြပြီး၊ ကုန်ထုတ်လုပ်မှုကို ကုန်ကျစရိတ် အနည်းဆုံးနှင့် ဆောင်ရွက်နိုင်ရန် supply chain တစ်လျှောက် မည်ကဲ့သို့သော ရိတ်သိမ်းချိန်လွန် နည်းပညာများကို အသုံးပြုလျှင် ကောင်းမည်ဆိုသည့် အချက်များသာလျှင် အရေးပါလျက် ရှိနေပါ သည်။
ထိုကြောင့် ၂၁ ရာစုနှစ်၊ ၂၀၁၀ ခုနှစ်၌ ရိတ်သိမ်းချိန်လွန်နည်းပညာ၏ အခန်းကဏ္ဍ သည် ကောက်ပဲသီးနှံများ၌သာမက သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်၊ ဥများ၊ သားငါးများ အပိုင်းများ ၌လည်း အရေးပါလာပြီဟု ဆိုနိုင်ပါသည်။ လူသားများ၏ စားနပ်ရိက္ခာနှင့် စပ်လျဉ်း၍ တိုင်းပြည်တိုင်း လိုလို အရည်းအသွေးမြင့်သော စားစရာများကို တောင်းဆိုလာကြပါသည်။ စိုက်ပျိုးထုတ်လုပ်သည်မှ စားသုံးသူလက်ထဲရောက်သည်အထိ စားစရာများကို လှပသော ထုပ်ပိုးမှုများဖြင့် ရောက်ရှိလာမှသာ လျှင် စားသုံးသူများက လက်ခံလာမည် ဖြစ်ပါသည်။ ၂၁ ရာစုနှစ်၌ စားသုံးသီးနှံများ ထုတ်လုပ်သည်မှ စ၍ စားသုံးသူလက်ထဲ ရောက်သည်အထိ supply chain တစ်လျှောက်တွင် ရိတ်သိမ်းချိန်လွန် နည်းပညာရပ်မျာကို သူနေရာနှင့်သူ အသုံးချသွားနိုင်သောကြောင့် ရိတ်သိမ်းချိန်လွန်နည်းပညာရပ် များကို အာရုံစူးစိုက်နေဆဲ ဖြစ်ပါသည်။
ယခင် ဆယ်စုနှစ်များက တောင်သူလယ်သမားများ ကောင်းနိုးရာရာကို ရွေးချယ် စိုက်ပျိုးသည့် သီးနှံများကို စားသုံးသူများက ၀ယ်ယူစားသုံး ကြရပါသည်။ ၂၁ ရာစုနှစ်၌ စားသုံးသူ တောင်းဆိုလာသည့် စားသုံးသီးနှံများကိုပဲ တောင်သူလယ်သမားများက ဈေးကွက်ကိုကြည့်၍ စိုက်ပျိုး လာကြပါသည်။ ဈေးကွက်၏ တောင်းဆိုမှုအရ သီးနှံရွေးချယ် စိုက်ပျိုးသည့်အခါ ရံဖန်ရံခါ တောင်သူ လယ်သမားများသည် တွက်ဆမှု လွဲမှားသွားသောကြောင့် အရှုံးပေါ်ခဲ့သည့် အခြေအနေမျိုးလည်း ရှိခဲ့ဘူးပါသည်။ ၂၀၀၇ ခုနှစ်က ခရမ်းသုံးခွ၌ ဖြစ်ပေါ်ခဲ့သည့် ခရမ်းချဉ်သီး အရှုံးပေါ်မှုမျိုးသည် ထိုဒေသရှိ တောင်သူလယ်သမားများအတွက် ကြီးမားသော သင်ခန်းစာတစ်ခုပင် ဖြစ်ပါသည်။ ထိုကြောင့် လယ်သမားများအတွက် ဈေးကွက်သတင်း အချက်အလက် market information သည် အရေးပါလာပါသည်။ မြင်းပွဲများ ရှိစဉ်က မြင်းပွဲတစ်များ ပလူပျံအောင် ရေးသားထွက်ပေါ်လာ သကဲ့သို့ သီးနှံဈေးကွက် အလားအလာ "တစ်" များကို ဂျာနယ်များက ဇောင်းပေးရေးသားလာကြပါ သည်။ လွန်ခဲ့သော (၄-၅)နှစ်က သရက်စိုက်ပျိုးမှုသည် မိရိုးဖလာ အစဉ်အလာအတိုင်း စိုက်ပျိုးခဲ့ ကြပါသည်။ ထိုကြောင့် အရည်အသွေးများ သာမန်နှင့် သာမန်အောက်၌သာ ရှိပါသည်။ စိန်တလုံး သရက်သီးသည် ကမ္ဘာကျော်သင့်သော်လည်း (၂၁)ရာစုနှစ်၊ နိုင်ငံတကာ စားသုံးသူများ၏ အရည် အသွေးအပေါ် အလေးထားမှု၊ အရည်အသွေး၏ အရေးပါမှုကို သတိမပြုမိသည့် သရက်ခြံရှင်များ သည် ထိုအချိန်က သရက်စိုက်ပျိုး ထုတ်လုပ်ရာတွင် ရိတ်သိမ်းချိန်လွန်နည်းပညာရပ်များကို အသုံးပြု ကောင်းမှန်း မသိခဲ့ကြပါ။ အစဉ်တစိုက်ပညာပေးမှုများကြောင့် (၂၁)ရာစု၊ ၂၀၁၀ ခုနှစ်၌ မြန်မာသရက်သီးကို ပြည်ပသို့ အတိုင်းအတာတစ်ခုအထိ တင်ပို့နိုင်ခဲ့ပြီ ဖြစ်ပါသည်။ သရက်သီးနှံ၏ supply chain တစ်လျှောက် ရိတ်သိမ်းချိန်လွန်နည်းပညာများ အသုံးချပြီး အရည်အသွေး ထိန်းသိမ်းမြှင့်တင်နိုင်ခဲ့သောကြောင့် ယခုကဲ့သို့သော ကနဦး အောင်မြင်မှုမျိုးကို ရရှိခဲ့ခြင်း ဖြစ်ပါသည်။ သရက်သီးကို ဥပမာပေး၍ အောင်မြင်မှုရလာနိုင်ပုံကို တင်ပြရခြင်း ဖြစ်ပါ သည်။
အထက်အပိုဒ်၌ ဖေါ်ပြခဲ့သည့် တောင်သူလယ်သမားများ ကောင်းနိုးရာရာ စိုက်ပျိုး ခဲ့သည်များကို စားသုံးသူများက စားသုံးကြရသည့် အလေ့အကျင့်သည် ခေတ်ဟောင်းက အပြုအမူ များ ဖြစ်ပါသည်။ ပြည်ပတင်ပို့သည့် ကောက်ပဲသီးနှံများ အပိုင်းကို ကြည့်လျှင်လည်း တောင်သူလယ် သမား ကောင်းနိုးရာရာ စိုက်ပျိုးထုတ်လုပ်သည့် သီးနှံများကို ပြည်တွင်းဈေးကွက်က ၀ယ်ယူပြီး ပြည်ပတင်ပို့ နေကြခြင်းသာ ဖြစ်ပါသည်။ ပုဂ္ဂလိက ပို့ကုန်လုပ်ငန်း ရှင်များကို အစဉ်တစိုက် တိုက်တွန်းပြောဆိုနေသော အချက်မှာ တိုးတက်ဖွံ့ဖြိုးသော နိုင်ငံများ၌ လုပ်ကိုင်နေကြသော စနစ်ဖြစ်သည့် supplier buyer စနစ်ကို လုပ်ကိုင်သွားကြရန် ဖြစ်ပါသည်။ Australia ၌ Wheat Grower Association သည် ဂျုံစိုက်ပျိုးထုတ်လုပ်သူများ ပေါင်းစည်းပါဝင်သော အသင်းဖြစ်ပြီး၊ ပြည်ပ၀ယ်ယူသူများ ၀ယ်လိုသော ဂျုံသီးနှံ အမျိုးအစားကိုသာ စိုက်ပျိုးကြပြီး ဈေးကွက် ၏ ဈေးနှုန်းကိုလည်း ထိန်းချုပ်ထားနိုင် ကြပါသည်။ regular supplier buyer စနစ်သည် ပြည်ပ၀ယ်သူနှင့် နှစ်စဉ်ချိန်ဆက်ပြီး ပြည်တွင်း၌ ပြည်ပမှ ၀ယ်လိုသည့် သီးနှံအမျိုးအစားများကို ရွေးချယ်စိုက်ပျိုးစေ ခြင်းမျိုး ဖြစ်ပါသည်။ ဆန်စပါးလုပ်ငန်း၊ အထူးပြုကုမ္ပဏီတစ်ခုဖြစ်သော ဧရာဟင်္သာကုမ္ပဏီသည် regular supplier buyer ပုံစံမျိုးကို ကျယ်ကျယ်ပြန့်ပြန့် မဟုတ်သော်လည်း တနိုင်တပိုင် လုပ်ကိုင်နေသည်ကို တွေ့ရပါသည်။ ဧရာဟင်္သာသည် မလေးရှားနိုင်ငံ BERNASှ သို့ အင်းမရဲဘော်စပါးကို ပြည်တွင်း၌ contract farming ဖြင့် စိုက်ပျိုးစေကာ ပြည်ပသို့ အထူးဧည့်မထ brandိ ကို ၁၅ မှတ်၊ ၁၀ မှတ် ဆန်များအဖြစ် တင်ပို့ရောင်းချလျက်ရှိကြောင်း သိရပါသည်။ အထူးပြုကုမ္ပဏီဖြစ်သော ဧရာဟင်္သာ သည် အင်းမရဲဘော် စပါးမျိုးစေ့ ထုတ်လုပ်သည်မှအစ ပြည်ပတင်ပို့သည်အထိ supply chain လုပ်ငန်းစဉ်များကို လုပ်ကိုင်နေခြင်းဖြစ်၍ regular supplier buyer စနစ်ဖြင့် လုပ်ကိုင်သည်ဟု ဆိုရမည် ဖြစ်ပါသည်။ အထူးပြုဆန်စပါးကုမ္ပဏီများ ပေါ်ပေါက်လာသည်မှာ တစ်နှစ်ခန့်သာ ရှိပါသေးသည်။ နိုင်ငံတော်မှ ဖြစ်စေချင်သော supply chain လမ်းကြောင်းသည် နှစ်စဉ်ဝယ်ယူရန် သေချာသည့် regular supplier buyer စနစ်ဖြစ်ကြောင်း သတိပြုလာမိသည်နှင့်အညီ အခြားကုမ္ပဏီများလည်း ဤလမ်း ကြောင်းအတိုင်း လုပ်ကိုင်သွားပါက သမားရိုးကျ တင်ပို့နေသည့် ၂၅ မှတ် ဆန်ပျောက်သွားပြီး၊ တန်းမြင့်ဆန်များ တင်ပို့နိုင်သည့် အပိုင်းသို့ အချိန်တိုအတွင်း ရောက်ရှိသွားနိုင်ပါသည်။
ယခင်ကစပါးရိတ်သိမ်းချိန်လွန်နည်းပညာသည် လေလွင့်ဆုံးရှုံးမှုလျော့နည်းစေရန်အတွက်သာ အာရုံစူးစိုက်ခဲ့ ပါသည်။ ဂျပန်ရိတ်သိမ်းချိန်လွန်နည်းပညာ လေ့လာသူများသည် ဆန် စပါးနှင့် စပ်လျဉ်း၍ အရသာ (taste)ကိုပါ အခြေခံ၍ လေ့လာခဲ့ပါသည်။ ဆန်၏ အရသာကို ရိတ်သိမ်းချိန်လွန်အပိုင်းသာမက ဆန်စပါးစိုက်ပျိုးစဉ်ကာလ အခြေအနေများနှင့် ဆက်စပ်၍ လေ့လာခဲ့ကြပါသည်။ ဥပမာပြရလျှင် ဆန်အဖြစ် သိုလှောင်ထားစဉ်ကာလအတွင်း ဆန်သည် ကောင်းမွန်စွာ ခြောက်သွေ့နေပါက ရက်ကြာကြာ သိုလှောင်ထားနိုင်သော်လည်း အခြောက်လွန်သည့် အတွက် ဆန်၏ အရသာကို ထိခိုက်နိုင်ကြောင်း ဖေါ်ထုတ်လေ့လာခဲ့ပါသည်။ ထိုကြောင့် ထမင်းအရ သာရှိစေရန် ထမ်းမချက်မီ ဆန်ကို အချိန်အတိုင်းအတာတစ်ရပ်အထိ ရေစိမ်ပေးရန်လိုအပ်ကြောင်း၊ အလောတကြီး ရေစိမ်ပေးပါက ဆန်တွင် အက်ကြောင်းများ ဖြစ်ပေါ်နိုင်ကြောင်း၊ ထိုကြောင့် ဖြည်းညှင်းစွာ ရေစိမ်ပေးရန်လိုအပ်ကြောင်း ဖတ်ရှုလေ့လာခဲ့ရပါသည်။ သို့ဖြစ်၍ moisture conditioning technology သည် ဆန်အရသာနှင့် ပတ်သက်၍ အရေးပါလာပြီး high pressure and temperature အသုံးပြု၍ ခြောက်သွေ့နေသော ဆန်သားတွင် ရေဓါတ်ကို ပေါင်းစပ်ပေးခြင်းဖြင့် အရသာကို တိုးတက်ကောင်းမွန်ကြပါသည်။ ဆန်များကို metallic vapour coating လုပ်ထားသော ထုပ်ပိုးပစ္စည်းများဖြင့် ထုပ်ပိုးပါက ကြာရှည်သိုလှောင်နိုင်သည့်အပြင် ဆန်အရသာကိုလည်း ကောင်းမွန်စေသည်ဟု ဆိုပါသည်။
ရိတ်သိမ်းချိန်လွန်နည်းပညာနှင့် စပ်လျဉ်း၍ လက်တလော မြန်မာနိုင်ငံ၌ အာရုံစူးစိုက် သင့်မည့် သီးနှံနှင့် လုပ်ငန်းအဆင့်များကို အောက်ပါအတိုင်း ဖေါ်ထုတ်တင်ပြပါသည် -
(က) သီးနှံများ
(၁) ဆန်စပါး
(၂) ပဲမျိုးစုံ
(၃) နှမ်း
(၄) ပြောင်း
(၅) သစ်သီးဝလံ (သရက်၊ နာနတ်၊ လိမ္မော်)
(၆) ဟင်းသီးဟင်းရွက်
(၇) စားဖိုဆောင်သီးနှံ (ကြက်သွန်၊ ငရုတ်၊ အာလူး)
(၈) ရေချိုငါး၊ပင်လယ်ငါး၊ ပုဇွန်၊ အမဲသား၊ ဆိတ်သား၊ အခြားပင်လယ်စာများ
(ခ) လုပ်ငန်းအဆင့်များ
(၁) ရိတ်သိမ်းခြင်း (harvesting)
(၂) အခြောက်ခံခြင်း (drying and dehydration)
(၃) သိုလှောင်ခြင်း (storage)
(၄) ကြိတ်ခွဲထုတ်လုပ်ခြင်း (milling, processing)
(၅) ကိုင်တွယ်ထိန်းသိမ်းခြင်း (handling)
(၆) ထုပ်ပိုးခြင်း (packaging)
(၇) ရောင်းဝယ်ခြင်း (Marketing)
(၈) ပြည်ပတင်ပို့ခြင်း (export)
(၉) ဇီဝနည်းပညာဖြင့် သီးနှံအရည်အသွေးထိန်းချုပ်ခြင်း (biological control)
(၁၀) ပိုးမွှားကာကွယ်ထိန်းသိမ်းခြင်း (pest control, rodent control)
(၁၁) အရသာ ထိန်းချုပ်ခြင်း (taste analysing)
သစ်သီးဝလံနှင့် ပတ်သက်၍ အောက်ပါရိတ်သိမ်းချိန်လွန် လုပ်ငန်းအဆင့်များသည် များစွာ အရေးပါလှပါသည် -
(က) မရိတ်သိမ်းမီ ထိန်းချုပ်ခြင်း။ သစ်သီးဝလံသည် အပင်တွင် အကင်း ဘ၀မှ mature ဖြစ်ပြီး၊ စားသုံးရန် အသင့်ဖြစ်သည့် အသီးဘ၀ ရောက်သည် အထိ ရာသီဥတု၊ ပိုးမွှား၊ မှိုရောဂါများ အန္တရာယ်ကို အမြဲတန်း ထိတွေ့ (expose)လုပ်နေရသည့် အနေအထားများ ဖြစ်ပါသည်။ အပင်ကို ပန်းပွင့်ချိန် မှစ၍ အချိန်ကာလအလျောက် မှိုကာကွယ်ဆေး၊ ပိုးမွှားကာကွယ်ဆေးများ ဖြန်းခြင်း၊ မအောင်မြင်သည့် အသီးများပယ်ခြင်း၊ အသီးကို အိတ်စွပ်ခြင်း၊ အသီးကို မထိခိုက်အောင် ခူးခြင်း၊ အညှာပါအောင် ခူးဆွတ်ခြင်း။
(ခ) ခူးဆွတ်ခြင်း။ အရေးကြီးသော အပိုင်းဖြစ်ပါသည်။ (field heat) လျော့ပါး အောင် ဆောင်ရွက်ခြင်းသည် အရေးပါလှပါသည်။
(ဂ) ပြုပြင်ခြင်း။ packhouse တွင် ရေဆေးခြင်း၊ ဖယောင်းလွှာကပ်ခြင်း၊ သီးနှံကို အအေးပေးခြင်း၊ မထိခိုက်စေရစေရန် cushion များ ခံပေးခြင်း၊ ထုပ်ပိုးခြင်း။
(ဃ) သယ်ယူပို့ဆောင်ခြင်း။ အအေးခန်းပါသော box truck နှင့် တစ် နေရာမှ တစ်နေရာသို့ သယ်ပို့ခြင်း။
(င) အခြားအချက်များ။ အချို့သီးနှံများကို chemicals များ အသုံးပြု၍ ဈေးကွက်ရောက်ချိန်၌ မှည့်စေရန် အီသလင်၊ အီသရဲ(လ်) စသည် များ အသုံးပြုခြင်း။
ကမ္ဘာပေါ်ရှိ တိုင်းပြည်အများအပြားရှိ ပြည်သူများသည် မိရိုးဖလာ စားသုံးမှုပုံစံမှ ကျန်းမာရေးနှင့် ပြည့်စုံသော စားသောက်မှုပုံစံသို့ ပြောင်းလဲစားသုံးလာကြပြီ ဖြစ်သည်။ ဆန်၊ ပဲ၊ ပြောင်း၊ ဂျုံ၊ မုယော စသည့် ကောက်ပဲသီးနှံများကို အဓိက အစားအစာ (staple food)အဖြစ် စားသုံးရာမှ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ ဥများ၊ သားငါးပုဇွန်များကို အရေအတွက် တိုးမြှင့် စားသုံးလာကြပြီ ဖြစ်ပါသည်။ မိရိုးဖလာ အစားအစာများဖြစ်သော ဆန်၊ ဂျုံ၊ ပြောင်း၊ ပဲမျိုးစုံအပြင် အရည်အသွေး အဆင့်မြင့်သော သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်၊ သားငါးပုဇွန်၊ ဥများ၏ ၀ယ်လို အားမှာလည်း တိုးတက်လျက် ရှိပါသည်။ ထိုကြောင့် အဆိုပါ စားစရာများကို အရည်အသွေးမြင့်စွာ ပြုပြင်ထုတ်လုပ် ရောင်းချရန် အလားအလာ (potentialူ)များရှိသော မြန်မာနိုင်ငံအနေဖြင့် သီးနှံ အလိုက် စိုက်ပျိုးသည်မှ ပြုပြင်ထုတ်လုပ်သည်အထိ supply chain တစ်လျှောက် ရိတ်သိမ်းချိန်လွန် နည်းပညာများကို အသုံးပြုသွားနိုင်မည် ဖြစ်ပါသည်။ ဤတွင်အရေးပါလာသည့် စားသုံးသီးနှံများနှင့် စပ်လျဉ်းသည့် ရိတ်သိမ်းချိန်လွန်နည်းပညာများကို အောက်ပါအတိုင်း လေ့လာသွားရန်လိုအပ် ကြောင်း ဖေါ်ထုတ်ရရှိပါသည် -
(က) ပဲမျိုးစုံ အခွဲခြမ်းပြုလုပ်ခြင်း၊ အခွံချွတ်ခြင်း၊ ပြုပြင်ထုတ်လုပ်မှု၊ ထုပ်ပိုးမှုနည်း ပညာ။
(ခ) တန်းမြင့်ဆန် ကြိတ်ခွဲထုတ်လုပ်မှု၊ ထုပ်ပိုးမှုနည်းပညာ။
(ဂ) သစ်သီးဝလံ ပန်းပွင့်ချိန်မှစ၍ ခူးဆွတ်ချိန်ထိ နည်းပညာ။
(ဃ) သစ်သီးဝလံ packhouse နှင့် ထုပ်ပိုးမှုနည်းပညာ။
(င) သစ်သီးဝလံ preservation technology, canning technology
(စ) အဆင့်မြင့်ဟင်းသီးဟင်းရွက် (vegetables)များ စိုက်ပျိုးမှု၊ ရိတ်သိမ်းမှု၊ ပြုပြင် ထုတ်လုပ်မှု၊ ထုပ်ပိုးမှုနည်းပညာ။
(ဆ) သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များနှင့် ethylene ထုတ်လုပ်မှု၊ ထိန်းချုပ်မှု နည်းပညာ။
(ဇ) သစ်သီးဝလံ ပိုးမွှားနှင့် မှိုရောဂါများ ကာကွယ်ထိန်းသိမ်းခြင်း နည်းပညာ။
(ဈ) သစ်သီးဝလံ ဟင်းသီးဟင်းရွက်များ cooling system နည်းပညာ။
(ည) စားဖိုဆောင်သီးနှံများ အခြောက်ပြုလုပ်ခြင်း၊ အသင့်စား စားစရာပြုလုပ်ခြင်း နည်းပညာ။
(ဋ) သား၊ ငါး၊ ပုဇွန်များ အအေးခံခြင်း၊ ထုပ်ပိုးခြင်း နည်းပညာ။
(ဌ) ရိတ်သိမ်းပြီးနောက်ပိုင်း ဓါတ်ခွဲစမ်းသပ်မှု နည်းပညာများ၊ ပိုးမွှားနှင့် အဆိပ် အတောက်ဖြစ်စေသော toxins များ ဓါတ်ခွဲစမ်းသပ်သည့် နည်းပညာ။
(ဍ) စားဖိုဆောင်သုံး အသင့်စား ဟင်းသီးဟင်းရွက် paste များ ထုတ်လုပ်မှုနည်းပညာ။
(ဎ) ထုတ်လုပ်ပြီး စားသုံးသီးနှံများ ဈေးကွက်တွင် ရောင်းချနိုင်ရေး၊ ပြည်ပသို့ တင်ပို့နိုင်ရေး၊ ဈေးကွက် ဖေါ်ထုတ်နိုင်ရေး။
(ဏ) ရရှိလာသည့် သတင်းအချက်အလက်များကို စိုက်ပျိုးသူ တောင်သူလယ်သမား များ အချိန်မီ သိရှိနိုင်ရေးအတွက် ဖြန့်ဝေသွားနိုင်ရေး။
ရိတ်သိမ်းချိန်လွန်နည်းပညာသည် (၂၁)ရာစု၌ စိုက်ပျိုးထုတ်လုပ်ရေးနည်းပညာကဲ့သို့ စာသုံးမှုဆိုင်ရာ အရင်းအမြစ်များကို လူသားများ လက်ဝယ်သို့ လေလွင့်ဆုံးရှုံးမှု နည်းပါးစွာဖြင့် ရောက်ရှိရေးအတွက် များစွာအရေးပါနေဆဲ ဖြစ်ပါသည်။ မြန်မာသည် စားနပ်ရိက္ခာနှင့် ပတ်သက် ၍ နေရာဒေသ အသီးသီး၌ စားသုံးသီးနှံ (food crops )များကို စိုက်ပျိုးထုတ်လုပ်ရန် အခြေအနေ ပေးလျက်ရှိရာ တောင်သူလယ်သမားများနှင့် ပေါင်းစပ်ပြီး ဈေးကွက်က တောင်းဆိုသည့် စားသုံးသီးနှံ များကို ထုတ်လုပ်နိုင်စွမ်း ရှိပါသည်။ ထိုကြောင့် သီးနှံဆိုင်ရာ ရိတ်သိမ်းချိန်လွန်နည်းပညာကဏ္ဍ သည် စားနပ်ရိက္ခာ ဖူလုံစေရေး၊ ပြည်ပတင်ပို့ ၀င်ငွေရှာရေးအတွက် လက်ကိုင်ပြုရမည့် နည်းပညာ တစ်ရပ်အဖြစ် ထင်ရှားစွာရှိနေဆဲ ဖြစ်ပါသည်။

Saturday, October 23, 2010

အသေးအဖွဲတွေ၊ မပြတ်မသားဖြစ်နေတာတွေ

နောက်ဆုံးအခေါက် စင်ကာပူသွားတော့ တစ်နေရာကနေ တစ်နေရာသွားးချင်ရင် မြေးကို push cart ပေါ်တင်ပြီသွားရတယ်။ သမီး ကတွန်း အဘိုးကဘေး ကလိုက်ပေါ့။ push cart ကို မ ပြီး ရွှေ့ မနေ ရဘူး။ နေရာအားလုံး push cart ကိုတွန်း လို့ ရအောင် ပလက်ဖေါင်း ကနေလမ်း ပေါ် ဆင်းရင် အဆင်ပြေအောင် ဆင်ခြေလျှောလေးတွေကို လုပ်ပေးထားတယ်။ဒါလေးတွေကအသေးအဖွဲလေးတွေပါ။ စင်ကာပူမှ မဟုတ်ပါဘူး၊ နိုင်ငံတော်တော်များများ မှာ လုပ်ပေးထားတာ ကိုတွေ့ရပါတယ်။ စင်ကာပူမှာ ဂုံးကျော်တံတား အချို့ မှာ တောင် လှေ ကားလုပ်မထားဘူး၊ ဆင်ခြေလျှောအတက်နဲ့ အဆင်း ကို လုပ်ပေးထားတယ်။ push cart တွန်းဖို့ အဆင်ပြေတာပေါ့။ push cart တင်မဟုတ်ပါဘူး၊ senior citizen တွေဈေးဝယ် ကြရင် လက်တွန်းလှဲ လေးတွေ ကိုယ်စီ တွန်းပြီး NTUC တို့ wet market တို့မှာဈေးဝယ်ကြတယ်။သူတို့တစ်တွေအတွက် လည်း အဆင်ပြေစေတာပေါ့။

တလောက ရန်ကုန် မြို့ ဓမ္မစေတီ လမ်းမှာ ဥရောပခလေးအမေ တစ်ယောက် push cart တွန်းပြီးခလေးနဲ့ တစ်နေရာသွားနေပုံရတယ်။ push cart တွန်းရတာ အဆင်မပြေဘူး။ ပလက်ဖေါင်းပေါ်ကနေ ကား ၀င် လမ်းကိုဖြတ်ကူး ရတော့ ပလက်ဖေါင်း ကလည်းမြင့်၊ ဆင်ခြေလျှော ကလည်း မရှိတော့ သူ့ ခမျာ push cart ကို မ ချရတယ်။ အဆုံးရောက်တော့ မပြီး ပြန်တင်ရတယ်။ ပလက်ဖေါင်း ကလည်း မညီတော့ push cart တွန်းရတာ အဆင်ပြေပုံ မရပါ။ စာရေးသူစင်ကာပူတုံးက အတွေ့အကြုံကို သတိရမိတော့တယ်။

တစ်နေ့က ရန်ကုန်မြို့တော်ဝန် ရောင်စုံပလက်ဖေါင်းခင်းထား တာ တွေကို လျှောက်ကြည့်တယ် လို့သတင်းစာထဲမှာ ပါသ လို TV သတင်းမှာ လည်းတွေ့ လိုက် ရတယ်။ ရောင်စုံ ပလက်ဖေါင်းတွေအခု ရွေးကောက်ပွဲ မဲ လိုချင်တာနဲ့ ရန်ကုန်မြို့နေရာတော်တော် များများ မှာခင်းနေတာတွေ့ ပါတယ်။ မြို့တော် ၀န်ကများစာရေးသူတင်ပြခဲ့ သလို ပလက်ဖေါင်း ကနေလမ်းပေါ်ဆင်း ရင် အဆင်ပြေအောင် ဆင်ခြေလျှော လေးတွေ ထည့် လုပ်သွား လို့ များ ပြော မလား လိုမျှော် လင့်မိပါတယ်။ ပြောများ ပြောခဲ့ ရင် မြို့တော်ဝန် ကို မဲထည့် ကြပါ လို့ အများသောက် မြင်ကတ်တာခံပြီး လိုက်ပြောပါရဲ့။ ဒီ လိုအသေးအဖွဲတွေပြည်သူအတွက် စဉ်းစားပြီးပြော မယ် များထင်ပါသလားခင်ဗျား။ လမ်းတစ်ခြမ်း ခင်း အောင် သိန်း လင်း လို့ ရန်ကုန်မှာအမည်ကျော်နေတာကနေ လူထုအတွက်များ အသေးအဖွဲလေးတွေက အစ စဉ်းစားပေးမယ် ဆိုရင်တို့ မြို့တော်ဝန်မှ တို့ မြို့တော်ဝန် ဖြစ်နေမှာ ပါ။

မြန်မာပြည်မှာ ကအဲဒီ လို “မပြတ်မသားဖြစ်နေတာတွေ“ အများကြီးပါ။ မနေ့ညကလည်း TV မှာ မုန်တိုင်းသတင်း ကို breaking news အနေနဲ့ ပြစေချင်တာ သတင်းအစမှာ မလာပဲတော်တော်ကြာမှ နောက် ဆုံးသတင်းအနေနဲ့ပေါ် လာတယ်။ ပြည်သူအများစု ကမုန်တိုင်းသတင်း ကိုသိချင်ကြတာ။ ပြည်သူကြည့် ချင်တာသိချင်တာ ကိုအရင်မပြပဲ ငါတိုပြတာပဲအရင်ကြည့်် ဆိုတော့ တစ်မျိုးချည်းပဲလေ။ အဲတော့ BBC တို့ RFA တို့ VOA တို့ အား ကိုး ကုန်ကြရော။ စာရေးသူ နာဂစ်ဖြစ်တုံးက နာဂစ် ၀င်မယ့် နေ့ တစ်မနက် လုံး အင်တာနက် ကသတင်းတွေ ကြည့်နေတာ စိတ်မချရတော့ ၀န်ထမ်းတွေအိမ်စောစော ပြန်လွှတ် လိုက်တယ်။ အခု လည်း Weather websites တွေသတင်းလွှင့် တာတွေ လိုက်ကြည့် တယ်။ ကိုရွှေ MPT ကခဏခဏအင်တာနက် အဆက်အသွယ်ပြတ်တောက်တော့ ခဏခဏ ကြိမ်ဆဲနေရတယ်။ တကယ် အရေးကြီးတဲ့အချိန်မှာလေ။ ဒါပေမဲ့စာရေးသူကတော့လိုလိုမယ်မယ် ၀န်ထမ်းတွေစောစောအိမ် ပြန်လွှတ်လိုက် တယ်။

ဒါကြောင့် မဲ လိုချင်တဲ့ရွေးကောက်ပွဲဝင်သူတိုင်းပြည်သူတွေအတွက် အသေးအဖွဲလေးတွေက အစဂရုစိုက်ကြပါ။ 'မပြတ်မသားဖြစ်နေတာတွေ' ပြတ်သားအောင်လုပ်ကြပါ။ ဘာတွေကအသေးအဖွဲလဲ ? ဘာတွေမပြတ်မသား ဖြစ်နေ တာတွေလဲ ? ပြည်သူတွေထဲ ၀င်ကြည့် ကြပါ။

Thursday, October 14, 2010

ပြောင်မြောက်သော Miner ကယ်တင်ရေး လုပ်ရပ်

ဒီကနေ့ အင်မတန် ကြည်နှုး ဖို့ကောင်းတဲ့ TV program လေးတစ် ခုကိုကြည့်နေပါတယ်။ ချီလီ က miner တွေကို မြေအောက်ကနေဆယ်တင်နေတဲ့ CNN က breaking news အစီအစဉ်လေးပါ။ ညကတည်းက မနက်စောစော ထပြီး ကြည့်မယ်လေ ဆိုပြီး ည က၁၁း၃၀ နာရီလောက်ကမှအိပ်ရာဝင်ခဲ့တာပါ။ ဒါပေမဲ့ ရန်ကုန် မြို့လျှပ်စစ်မီး ကတော့စိတ်ကုန်စရာကောင်းလှပါတယ်။ မြန်မာ မှာ စိတ်ကုန်စရာအကောင်း ဆုံး ၀န်ကြီး ဌာန ၂ခု ကတော့ လျှပ်စစ် နဲ့ ဆက်သွယ်ရေးပါပဲ။ မနက်ပိုင်း အိမ်မှာ မီးပျက်တာ ရုံးသွားတဲ့ အထိပါပဲ။ ရုံးရောက်တော့ ကမန်း ကတန်း CNN ဖွင့်ကြည့် တော့ rescue operation ကစနေပြီ။ ပထမဆုံးကယ်တင် လိုက်တဲ့ miner အပေါ်ရောက် လာတာကို ကြည့်ရတာအတော်စိတ်လှုပ်ရှားစရာပါပဲ။ ကာယကံရှင်တွေတော့ ဘယ် လိုနေမလဲမသိပါ။ ကြည့် တဲ့သူတိုင်း ကတော့ မျက်ရည် လည်လုနီးပါး ခံစားရပါတယ်။စီစဉ်တဲ့ ချီလီ အစိုးရRescue operation ကို ဦးစီး တဲ့ အင်ဂျင်နီယာများ၊ miner များ မိသားစု၊ တာဝန် ရှိ ၀န်ကြီးများ၊ ကုမ္ပဏီ အကြီးအကဲများအားလုံး လူလူချင်းစာနာ တတ် တဲ့ စိတ်တွေကိုချီးကျူးမိပါတယ်။ miner ၃၃ ဦးအတွက် ချီလီ တပြည်လုံးက၀ိုင်းဝန်း စိုးရိမ်ပူပန် နေကြတာ၊ သွေကြေးအကုန်အကျခံကြတာ၊ လူလူချင်းစာနာထောက် ထားကြတာတွေဟာ ချီလီတပြည် လုံး ရဲ့ စည်းလုံး ညီညွတ်မှု ကို ပြနေတာ ဖြစ်ပါတယ်။ အားကျစရာကောင်းပါတယ်။ ဒါကို ကြည့် ရင်းနဲ့ နာဂစ် ဖြစ်ပြီးနောက် တို့ ရွှေတွေ လည်း အတိုင်းအတာတစ်ခုအထိလုပ်ခဲ့ ကြတာကိုမမေ့ခဲ့ပါဘူး။

တစ်ယောက်ချင်း မြေအောက်က တက် လာတဲ့miner တွေကို သူ့မိသားစုတွေ ကပြေးဖက်ကြတာတွေဟာ အင်မ တန်ကြည်နှုးဖို့ ကောင်းပါတယ်။ ဘေးကအပြုံးတွေနဲ့ စောင့် ကြည့်နေတဲ့ ချီလီသမ္မတကြီး ကို ကျေးဇူးတင်တဲ့ အနေနဲ့ ဖက်ကြတာကို လည်းတွေ့ ရပါတယ်။ miner မိသားစုတွေကလည်း ဖက် ကြပါတယ်။ သူတို့သမ္မတ ကြီး ကို ဖက်ကြတာဟာဝတ်ကျေတန်းကျေ မဟုတ်ပါဘူး၊ တကယ် ကို လှိုက်လှို့က် လှဲလှဲ နဲ့ ဖက်ကြတာကိုတွေ့ ရပါ တယ်။ CNN ကလည်း ဒီအဖြစ်အပျက် တွေ ကိုသေသေချာချာ လွှင့် ထုတ်ပြီးပေးလျှက် ရှိတာကြောင့် အော် သတင်း မီဒီယာ တန် ဘိုးဟာမသေးလှပါလား လို့ မှတ်ချက်ပြုမိပါတယ်။ miner Mario Sepuldeva က မိုင်းလုပ် သားတွေအပေါ်မှာ change ဖြစ်ခဲ့တာကိုချီးကျူးပြောဆိုသွားပြီး သမ္မတကြီး ကို အထူးကျေးဇူးတင်ကြောင်း၊ သူဟာ business မှာ အောင်မြင်ခဲ့ တဲ့အတွက် တိုင်းပြည် ကိုဦးဆောင် ရာမှာ လည်း အောင် မြင်မှာ ဖြစ် ပါကြောင်း ပြော ကြား ခဲ့ တာ ကို CNN အစီအစဉ်မှာ တွေ့ လိုက် ရပါတယ်။ မြေအောက် ကကျောက်ခဲတွေယူလာပြီး သမ္မတ နဲ့တကွ သူ့ လူတွေ ကို လက်ဆောင်ပေးနေတာကို လည်း ကြည်နှူးဖွယ်ရာတွေ့ ရပါတယ်သမ္မတကြီးဟာ အလွန် အေးပြီး ၇ ဒီကရီစဲလ်စီယပ် ရှိတဲ့ပတ်ဝန်းကျင်မှာ miner ၃၃ ဦးအပေါ်ရောက်တဲ့ အထိ တစ်ဦး ချင်းကို ကြိုဆို နှုတ်ဆက်ခဲ့ ပါတယ်။

ချီလီအောင်မြင်မှုက တရုတ်ကြီးကို အရှက်ရစေပါတယ်။ ဘာကြောင့် လဲဆိုတော့ mining industry မှာ တရုတ်ကြီးက မတော်တဆမှုများ အကြိမ်တော်တော်များများဖြစ်ခဲ့ပြီး ဖြစ်ခဲ့ရင်လည်း အသေအပျောက်ဖြစ်ခဲ့ တာကများ ပါတယ်။ ဒီလိုမျိုး အသက်ရှင်အောင် ကယ်ဆယ်ခဲ့ တာမျိုး လည်း မရှိခဲ့ဘူး၊ ဆိုလိုတာက ယခုလို လူလူချင်း မစာနာ တတ်ကြတာ မျိုး ကိုထောက်ပြကြတာပါ။ ချီလီ ဟာတချိန် က အာဏာရှင် ပင်နှိုချေး အုပ်ချုပ်ခဲ့တဲ့နိုင်ငံ ပါ။ အခုတော့ ဒီမိုကရေစီအရပေါ်ပေါက် လာတဲ့ သမ္မတကြီး က တိုင်းပြည် ကိုဦးဆောင်နေတာပါ။ miner ၂၃ ဦးကိုကယ်တင်တဲ့အချိန်အထိ ၁၈နာရီရှိပါပြီ၊ သမ္မတကြီးက တစ်ယောက်ချင်းကို နှုတ်ဆက်နေတုံး ပါပဲ။ သမ္မတကတော် လည်း သူ့ဘေးနားကနေတစ်ဦးချင်း ကို နှုတ်ဆက်နေတာကိုတွေ့ရပါတယ်။ ဖိလစ်ပိုင် ကCNN ကြည့်နေသူ တစ်ဦး ကချှီလီ ဟာ scientific and humane လို့မှတ်ချက်ပြုခဲ့တယ်တဲ့။ လူဆန်တယ်၊ လူကို လူလိုလေးစားတယ်၊ လူလူချင်းတန်ဘိုးထားတယ် လို့ဆိုချင်တာပေါ့လေ၊အာဏာရှင် ပင်နှိုချေး ကရက်စက်ခဲ့ သလောက် လက်ရှိ သမ္မတကြီးကတော့ Miner ၃၃ ဦး အသက်ရှင် ဖို့အတွက်သူလုပ်နိုင်တဲ့ အတိုင်းအတာအတွင်းအားလုံးကို လုပ်ခဲ့ပါတယ်။ ချီလီ ဟာသူရဲ့ ပြောင်မြောက်တဲ့ လုပ်ရပ်ကြောင့် ကမ္ဘာကျော်သွားပါပြီ။ ဒီအဖြစ် အပျက်ဟာ ချီလီ ရဲ့ national pride ပါ။ CNN အစီအစဉ် ကို ကမ္ဘာပေါ် ကလူသန်းပေါင်းများစွာ ကကြည့် ရှုနေပြီး ချီလီရဲ့ လူဆန်သော လုပ် ရပ်တွေကို e mail များစွာ ပို့ချီကျူးနေကြပါတယ်။ ချီလီ က miner တွေဟာ မြေအောက်မှာ ၆၉ ရက် ပိတ်မိနေတာပါ။ အစကသေပြီလို့ ယူဆထားတာပါ။ mine တွေပေါက်ကွဲတဲ့ သတင်းတွေဟာ ကမ္ဘာမှာ မထူး လှတဲ့ အတွက် အစက ချီလီ miner ကိစ္စကို လူတွေစိတ်မ၀င်စားကြပါဘူး။ နောက်မှ အသက်ရှင်နေကြတုံးပဲ ဆို တဲ့သတင်း ပဲကြားရပြီး ချီလီအစိုးရကကယ်တင်ဖို့ဆောင်ရွက်နေကြတာကြောင့် တစ်စတစ်စ လူတွေအာရုံ စိုက်မှု ကိုခံလာရတာပါ။ ဒီကယ်တင်မှု ဟာ high tech နဲ့ low tech ပေါင်းစပ် လုပ်ဆောင်ခဲ့တာပါ။ fibre optic camera လိုမျိုးဟာ high tech ပါ။ The Pheonix လို့ခေါ်တဲ့ miner တွေဆယ်တင်တဲ့ လူတစ် ကိုစာဆန့် ပိုက် လုံးကြီးဟာ low tech ပါ။ miner တွေအပေါ်ရောက် လာတိုင်း fellow miner တွေက ကြွေးကြော်သံတွေနဲ့ နှုတ်ဆက် ကြ ပါတယ်။ ၃၂ယောက်မြောက် miner Arial Ticona ကတော့သူ မြေအောက်မှာ ရှိနေစဉ် သူ့ဇနီး ကသမီး လေးမွေးခဲ့ပါတယ်။ သူသမီး ကို အပေါ်ရောက်မှ ကိုယ်တွေ့ မြင် ရတာပါ။ ခလေး ကို Baby hope လို့ အမည် ရတဲ့ အမည်ကို ပေးခဲ့ပါတယ်။နောက် ဆုံးဆယ်တင်တဲ့ 33rd miner ကတော့ သူတို့အသက်ရှင်နေကြာင်း အော်ဟစ်ပြောကြားခဲ့တဲ့ miner Luis A Urzua ဖြစ်ပါတယ်။ မြေအောက် မှာ နေစဉ်တစ်လျှောက် လုံး အဖွဲ့ ကို ဥိးဆောင်ခဲ့တဲ့ ခေါင်းဆောင်တစ်ယောက်ပါ။ မြေပေါ်ရောက်ရောက်ချင်းပဲသမ္မတကြီး က ခေါင်းဆောင် miner ကိုချီုးကျူးခဲ့ပါတယ်။ ဒီ လို အဖြစ်မျိုးနောက်ထပ်မဖြစ် ဖို့တာဝန်ယူကြောင်း၊ပြောကြားခဲ့ပါတယ်။ rescue operation မှာ ပါဝင်ပတ်သက်သူအား လုံး ကို လည်းချီးကျူးပြောဆိုပြီး အမျိုးသားသီချင်း ကို တပျော်တပါးသီ ဆိုကြတာဟာ အင်မတန်မှကို ကြည်နှုးဖွယ်ကောင်းလှပါတယ်။

miner တွေကယ်တင်ခဲ့ တာ စုစုပေါင်း ၂၂း၃၅ နာရီကျော် ကြာခဲ့ပါတယ်။ ၂၂နာရီ ကျော်လုံးလုံး သမ္မတနဲ့ သမ္မတ ကတော် တို့ဟာ လုံးဝနားတာ မတွေ့ရပါဘူး။ မြေအောက်က တက် လာတဲ့ miner အားလုံး ကို နှုတ်ဆက်ခဲ့ပါ တယ်။ နောက်ဆုံးတက်လာတဲ့ ၃၃ယောက် miner ကယ်တင်မှုဟာ စိတ်ကြည်နှုးစရာ။ စိတ်လှုပ်ရှားစရာကောင်း လှပါတယ်။ စာရေးသူလည်းစိတ်လှုပ်ရှားစွာလက်ခုတ်တီးပြီး ကြိုဆိုခဲ့ပါတယ်။ လူသားပဲလေ၊

လေးစားပါတယ် ချီလီ သမ္မတကြီးနဲ့ ချီလီ ပြည်သူများခင်ဗျား။

Friday, October 1, 2010

အကောင်းဘက် ကို ပြောင်းလဲသင့်ပြီ change

မြန်မာရုပ်မြင်သံကြားမှာနိုင်ငံရေးပါတီ တွေမဲစဆွယ်နေကြပါပြီ။ တချို့ပါတီတွေက သူတို့ ဘာလုပ်မယ်ဆိုတာ ယေဘူယျလောက်ပဲပြောသွားကြတာကိုနားထောင် လိုက်ရပါတယ်။ တချို့ ကတော့ အသေးမစိပ်ပေမဲ့ နဲနဲ လေးယနေ့ပြည်သူလူထုဖြစ်ချင်တာကိုဇောင်းပေးပြောသွားကြပါတယ်။

ဘာဘဲဖြစ်ဖြစ် လူထုနဲ့နီးစပ်တဲ့ပါတီတွေကတော့လူထုဘာလိုချင်လဲဆိုတာသိကြမှာပါ။ ဒီနေ့စာရေးသူတို့နိုင်ငံ ဘာတွေပြင်ဖို့ လိုနေပြီ လဲဆိုရင် ပြင် ရမှာ ကတော့ဌာနပေါင်းစုံ၊ အဖွဲအစည်းပေါင်းစုံ၊ ပြည်သူလူထုအလွှာ ပေါင်းစုံ၊ ကပုဂ္ဂိုလ်တွေရဲ့ စိတ်ဓါတ်တွေပြင်ကြ ဖို့ ပါပဲ။ အကုန် လုံးဆိုးနေကြတာတော့မဟုတ်ပါဘူး။

အသိစိတ်လေးတွေပြင်သွားဖို့ပဲလိုပါတယ်။ တိုင်းပြည် ကို ချစ်စိတ် လုပ်ချင် ကိုင် ချင်စိတ်ရှိတဲ့သူတွေအများ ကြီး ရှိပါသေးတယ်။ခေတ်ရေစီကြောင်းထဲမှာ မျော ပါ ရင်းမလုပ် မရှုပ်နဲ့နေကြသူတွေများပါတယ်။ နှမ်းတစ် လုံးနဲ့ ဆီမဖြစ်ပါဘူး လို့ဆိုရိုး ရှိပေမဲ့ကိုယ် ကို ကိုယ်ကောင်း ဖို့ကပဓာနကျပါတယ်။

စာရေးသူတို့အားလုံး change တစ်ခုတော့ လိုနေပါပြီ။ တိုးတက်မှုကိုရှေးရှုသော change တစ် ခုပါ။ လူအဖွဲ့ အစည်း မှာပါဝင် လှုပ်ရှားနေတဲ့ ဖြစ်စဉ်အားလုံးမှာ change လုပ် ဖို့ လိုနေပါပြီ။ deregulation လုပ် ဖို့ လိုမလား ?regulation လုပ် ဖိုလိုနေမလား ? facilitation လို့ပြောနိုင် တဲ့ လွယ်ကူ သက်သာ လျှင်မြန် စေတာ မျိုးကို ပြောင်းလဲဖို့ဝန်မလေးသင့်ပါဘူး။စာရေးသူ လတ်တလောကြုံရတဲ့ ဥပမာလေးတွေနဲ့ တင်ပြချင်ပါတယ်။ စာရေး သူဟာ websites တွေဝင်ပြီး စာပေါင်းစုံကို ဖတ်လေ့ရှိပါတယ်။ အိမ်မှာ လည်း အင်တာနက်ကြည့် လို့ရအောင် ADSL လည်းတစ်လ FEC 40 အကုန်ခံပြီး တတ်ထားပါတယ်။ ငွေပေါလိုတော့မဟုတ်ပါဘူး။သူများထက် ခေတ် နောက်မကျချင်လို့ပါ။ တခြားအပျော်အပါး ကုန်ကျတာတွေထက် စာရင် ဒါလောက်တော့အကုန်ခံသင့်တယ် လို့ ယူဆလို့ပါ။ ကဲ ပြောချင်တာ ကိုမရောက်တော့ဘူး။

စင်ကာပူရောက် မြန်မာတွေရဲ့ website တစ်ခုမှာ စင်ကာပူ PR တွေ စင်ကာပူအစိုးရကတောင်းဆိုလာရင် စင်ကာပူနိုင်ငံသားခံယူသင့် လား။ PR လက်မှတ် ပြန်အပ်ပြီး အမေ့အိမ် ပြန်ကြမလား ? ကို စင်ကာပူရောက် ရွှေ တွေ အချေအတင်အကျေ အလည် ဆွေးနွေးနေကြတာကို ဖတ်ရပါတယ်။ စင်ကာပူနိုင်ငံသား လုပ်တာ မလုပ်တာကို စာရေးသူမဆွေးနွေး လိုပါဘူး။ သူတို့ရင်ဖွင့် သံတွေ ကိုဖတ်ရတော့ အံ့သြမိတာပါ။ တစ်ယောက်က မြန်မာသံရုံးကိုသွားပြီးအခွန်ဆောင်ရတာဟာ ကိုယ်ကနိုင်ငံ သားတစ်ယောက်ပီပီ တာဝန်ကျေကျေ အခွန်ဆောင်တာ ဖြစ်သော်လည်း အလွန်အောက်ကျ နောက် ကျနိုင် ကြောင်း၊ မနက် အစောကြီးထ တန်းစီ ရကြောင်း၊ မိုးရွာရင်မိုးရေထဲမှာ နေရကြောင်း၊ တခါတလေခွင့် တစ်ရက်နဲ့ မရကြောင်း၊ သံရုံးက၀န်ထမ်းတွေ အလွန်အပေါက်ဆိုးကြကြောင်း၊ ငွေပေးပြီးအေးဂျင့်နှုင့် လုပ်လိုက်ရင်မြန်ဆန် ကြောင်း၊ ရံဖန်ရံခါ အခွန် ကို ၂-၃ နှစ်မဆောင်မိပဲမိသားစု တစ်ခုလုံး မြန်မာနိုင်ငံ ပြန်ရန်ကိစ္စပေါ်လာ၍ ဗီဇာ သွားလျှောက်သည့်အခါအခွန်သည် စင်ကာပူဒေါ်လာ ၄ - ၅ ထောင်ခန့် ပေးရသည်ဖြစ်ရာနင့် နေအောင်ပေးရ ကြောင်း၊ မြန်မာသံရုံးကို အခွန်ပေးရတာ တခြားအာဆီယံနိုင်ငံတွေနှုင့် နီုင်းယှဉ်လျှင်အလွန်များကြောင်း၊ ဖိလစ် ပိုင်ဆိုလျှင် အခွန်လုံးဝဆောင်စရာ မလိုကြောင်း၊ ဒီအချက်တွေကို မကြုံချင်တော့တာကြောင့် မြန်မာ PR ၆၀% လောက်ဟာ စင်ကာပူနိုင်ငံသား အဖြစ် ခံယူသွားတာဖြစ်ကြောင်း စသည်ဖြင့် ရင်ဖွင့်ထားသည် ကိုဖတ်ရှုခဲ့ ရပါ တယ်။

သူတို့စာတွေဖတ်ရင်းစာရေသူရင်မှာ ဖြစ်ပေါ်လာတဲ့အသိကတော့ စင်ကာပူနိုင်ငံ မှာ သူတို့အစိုးရဌာန တွေနဲ့ ဘာပဲဆက်သွယ်ဆက်သွယ် online ကနေလုပ်လို့ရတာချည်းပါပဲ။ လျှပ်စစ်မီတာ၊ တယ်လီဖုန်းဘိလ်၊ ရေခွန်၊ ၀င်ငွေခွန်၊ ဘာသက်တမ်းတိုးတိုး အကုန်လုံး အိမ်ကရုံးကနေပြီး online လုပ်လို့ရပါတယ်။ ဒီလိုပတ်ဝန်းကျင်မှာ နေလာခဲ့တာတော်တော်ကြာနေပြီ ဖြစ်တဲ့ စင်ကာပူက ရွှေတွေမြန်မာသံရုံးသွားပြီး မြန်မာပြည်မှာ လိုပဲတိုးဝှေ့ တန်းစီဖြတ်ကျော်တက်တဲ့ အလုပ်တွေကို မလုပ်ချင်ကြတော့ပါဘူး။ သံရုံးမှာအခွန်ဆောင်တာ passport သက်တမ်းတိုးတာ ဘာလို့ online က မလုပ်နိုင်ရမှာလဲ ? တာဝန်ရှိသူတွေက စင်ကာပူမှာ သိန်းချီပြီး ရှိတဲ့ ရွှေမြန်မာတွေအတွက် လွယ်ကူ သက်သာ လျှင်မြန်တဲ့ နည်းလမ်းတွေ စဉ်းစားပြီး မလုပ်ပေးလို့ မရဘူးလား ? ဒါမှမဟုတ် ဒီကောင်တွေဒီမှာ ထောနေတာ ဒီလောက်ဒုက္ခတော့ ခံပေစေ ဆိုတဲ့ အမြင်မျိုးနဲ့ မလုပ်မရှုပ်နေတာ လား?

လုပ်ပေးရင်ရမှန်းသိပေမဲ့ မလုပ်ပေးချင် လို့ ကို မလုပ်ပေးတာလား ? ဒါဆိုရင်တော့ လွန်နေပြီ၊ မြန်မာပြည်က စာရေးဝန်ထမ်းလေး တွေလစာမလုံလောက် လို့ အကြံအဖန်လေးတွေနဲ့ အသက် ဆက်နေရတာကို ကိုယ် ချင်းစာခွင့်လွှတ်နိုင်ပေမဲ့ Foreign service ၀န်ထမ်း၊ လခကဒေါ်လာနဲ့ရပြီး လစာမလောက် လို့ အကြံအဖန် လုပ်ရပါတယ် လို့ ဆိုရင်တော့လွန်နေပါပြီ။ “ သူတပါးလိုချင်တာကိုလုပ်ပေးလိုက်ပြီး သူ၏ပျော်ရွှင်မှုကို ကိုယ် လည်း ရယူလိုက်ပါ “ ဆိုတဲ့ပီတိ ကို မခံစားတတ်သူတွေလို့ ဆိုရင် လွန်တယ် လို့ဆိုမှာ လား။ ဒါက ဥပမာ တစ်ခုပါ၊ တစ်လောကပဲ weekly eleven မှာ ပင်စင်စားဝန်ထမ်းတစ်ယောက် ရင်ဖွင့်ထားတာကို ဖတ်ရပါ တယ်။

သူပင်စင်က တစ် လခေါက်ဆွဲကျော်တစ်ပွဲဖိုးပဲရှိတော့ ၁၀ လ လောက်နေမှစုပေါင်းထုတ်ပါ တယ်တဲ့။ အဲဒီမှာ ၁၀ လလောက် ပြတ်သွားတော့ ပင်စင် ကို အသက် ပြန်ဆက်ရပါလေရော။ ဖြစ်စဉ်နဲ့ လုပ်ပုံလုပ်နည်းကို အရာရှိပေါက်စကို ရှင်းပြခိုင်းလိုက်ပေမဲ့ ကိုယ်အလုပ်ကို မကျွမ်းကျင်တော့ ခမျာမှာ အဆင်မပြေဖြစ်ရော၊ ဒါနဲ့ သူ့ရှေ့မှာ ခလေးမကို အထက်အရာရှိကကြိမ်းတော့ မျက်နှာငယ်လေးနဲ့ တောင်းပန်တယ်တဲ့။ အစကပြန်စရမှာ ဆိုတော့ စာရေးသူ ပင်စင်စားလည်း တော်တော်ဦးနှောက်ခြောက်သွားတဲ့ အကြောင်းရေးထားတာပါ။ စာရေးသူ စဉ်းစားမိတာက အခုခေတ်မှာ မဖြစ်စလောက် ငွေကြေးလေးကို လစဉ်စရိတ်အကုန်ခံ ပင်စင်လာထုတ်မဲ့အစား ဘယ်လိုသက်သာ မြန်ဆန် လွယ်ကူအောင် လုပ်ပေးသင့်သလဲဆိုတာ သက်ဆိုင်ရာ လူကြီးအဆင့်ဆင့်တွေ စဉ်းစားရန် ပျက်ကွက်နေကြတာပါပဲ ။ ပင်စင်လစာ တိုးမပေးတောင် ထုတ်တဲ့အခါ ဘယ်မြန်ဆန်အောင် လုပ်ပေးသင့် သလဲ ? နှစ်ပေါင်းများစွာကျင့် သုံး လုပ်ကိုင်လာခဲ့ ကြတဲ့ ဗျူရိုကရေစီ လုပ်နည်း စနစ်တွေကို ယနေ့ခေတ်နဲ့ အံဝင်မ၀င်မစဉ်းစားတော့ပဲ မျက်စေ့ မှိတ်ကျင့်သုံးနေကြမ လား ? တလောကလည်းလုပ်ငန်းစဉ် တစ်ခုကို မူဝါဒအရအထက်ကချပေး လိုက်လို့ အောက်လည်းရောက်တော့ ခေတ်ဟောင်းက လုပ်ထုံးလုပ်နည်း တွေ ကိုးကားပြီး ပြန်ချပေး လိုက်ပါလေရော။ ခုခေတ်နဲ့အံ့မ၀င်တော့ပဲ လုပ်မရကိုင်မရ ဖြစ်ခဲ့ပါတယ်။ အလယ် အလတ်နဲ့ အထက်အဆင့်အရာထမ်ေးတွစဉ်းစားပုံကိုဆွေးနွေးချင်ပါတယ်။

နိုင်ငံတော်ရဲ့မူဝါဒကလက်ရှိဘာလဲဆိုတာသိထားဖို့ လိုသလိုအောင်ခြေမှာဘာ လိုနေသလဲဆိုတာဒီပုဂ္ဂိုလ်တွေ ကောင်းကောင်းကြီးကျေကျေညက်ညက်သိ ထား ဖို့ လိုပါတယ်။ ဒီအရာထမ်းတွေဟာတကယ်တော့ bridging လုပ်ပေးရမှာ ပါ။ အောက်ခြေမှာ လိုအပ်ချက် ကို မစဉ်းစားပဲ ကိုယ့် ကို ကိုယ် ကာကွယ်မှုတွေအတင်းအကြပ် လုပ်ထားရင်လည်းအလုပ်မဖြစ်ပါဘူး။ သိပ်လျော့ရဲ လို့လည်းမဖြစ်ပါဘူး။ လစ်ရင် လစ် သလိုလုပ်တတ်သူတွေ လည်း ပတ်ဝန်းကျင်မှာ အများကြီး ရှိနေပါတယ်။ ခေတ်နဲ့ညီတဲ့ စဉ်းစားချက်တွေနဲ့ လုပိုင်ကိုင်နိုင်မှသာအထက် အောက်ခြေအစဉ်ချောမွေ့မှာပါ။ဒါတွေက ပြောရတာ လွယ်သလောက် လက်တွေ့ လုပ်ရာမှာတော့အခက်အခဲ တွေ့ ရမှာ ပါ။ ဒါကြောင့် deregulation လား ? regulation လား ? ကို ကစဥ်းးစားရမှာ ပါ။

အမေရိကန်မှာ deregulation ကြောင့် ယနေ့အထိ ဒုက္ခရောက်နေဆဲပါ။ မြန်မာ နိုင်ငံမှာ တော့ နေရာပေါင်းစုံ regulationများနေဆဲလား ?ဘဏ် အကျပ်အတည်းတုံး က မြန်မာ မှာ regulation လုပ်ထားတာပဲ ကောင်းသလို လို ပြောနေကြပါတယ်။စာရေးသူတို့နိုင်ငံမှာ အကောင်းဘက် ကို ရှေးရှုတဲ့ change တစ်ခုတော့ အမှန် လိုအပ် နေပါပြီ။ စီးပွားရေးနဲ့ဆိုင်တဲ့ အပိုင်းဖြစ်တဲ့ export tax 10% ကျပ်ငွေ တန် ဘိုး(exchange rate); export import procedures များလွယ်ကူသက်သာဖြေလျော့မှု၊ ဆိပ်ကမ်းများသွက်လက်မြန်ဆန်ကုန်ကျစရိတ် သက်သာမှု၊ US sanction ကိုကျော်လွှားနိုင်ရန်အတွက်လုပ်ငန်းရှင်များ ကိုပံ့ပိုး နိုင်ကူညီမှု (စဉ်းစားဖေါ်ထုတ် ချက်) ဘဏ်များမှ ငွေချေးယူနိုင်မှု လျင်မြန်သက်သာ လွယ်ကူရှင်းလင်းသော proceduresများပြဌါန်းထားနိုင်မှုစ သည် စသည်တို့ကို အကောင်းဘက်သို့ ဦးတည်သော change ပြောင်းလဲနိုင် မှုဖြစ် မဖြစ် ကို အများ ကစိတ်အားထက်သန်စွာစောင့် ကြည့်နေ ကြမှာ ဖြစ်ပါတယ်။

Thursday, September 30, 2010

ပုလုံး ၇ လပြည့် ပြီ


မြေးလေးပုလုံးအကြောင်း ၇ လပြည့်တုံးကမရေးဖြစ်ခဲ့ဘူး။ အခု ၇ လကျော်လာပြီ။ သူ့အမေ ကဓါတ်ပုံတွေမှန်မှန် ပို့နေတော့ ပုလုံးရဲ့ ပြောင်းလဲတိုးတက်မှု ကို မျက်ချေ မပြတ်ခဲ့ ပါဘူး။တစ်ဦးတည်းသောသမီး ကမွေးတဲ့ တစ်ဦး တည်းသော မြေးလေး ဆို တော့အများ အမြင် မှာ ပိုတယ် လို့တောင် ထင်ချင် ထင်ပါမယ်။ ပုလုံးကမျက်နှာ အရမ်း ချိုတယ်။ ဓါတ်ပုံ ရိုက် လိုက် ရင်နေ တတ်တော့ သူရဲ့ ချစ်စရာအမူအရာလေးက ဆွဲဆောင်မှုရှိနေတာပေါ့။ သူ့အမေ ရိုက်ထားတဲ့ပုံကိုစာရေးသူစင်ကာပူမှာရှိတုံးက The Sunday Times Reader's corner မှာ ထည့် ဖို့ပို့ ထားသေးတယ်။

အခုဆိုရင်အဆော့မက်နေပြီ လို့သူ့ အမေ ကပြောတယ်။ ဘယ် လိုဆော့နေသလဲတော့ မသိဘူး။ ယောက်ျား လေး ပဲ ဆော့မှာ ပေါ့ လို့ ပြောတော့ ဒါကြောင့်ယောက်ျာားလေးမလိုချင်တာလိုသူ့အမေကပြောတယ်။ အဲလိုပြောတော့ ဒီပုလုံးပဲသူ့ အသည်းဖြစ်နေတာကို မသိတာကြနေတာပဲ။ တစ်ခါတလေ VZO ဆက်သွယ် လို့ ရရင် မွေ့ယာပေါ်မှာ အော်ဟစ်ဆော့နေတာတွေ့တော့ သူအမေပြောတာဟုတ်ပါလား လို့တွေးမိတယ်။

တစ်နေ့ကလေးဘက်သွားဖို့ ကြိုးစားနေတာကိုသူ့အမေ ကဗီဒီယို ရိုက်ပြီး Facebook မှာတင်ထားတယ်။ သူကြိုးစား နေပုံကရယ်စရာလည်းကောင်းတယ်။အားလည်းတော်တော် ရှိပုံပဲ။ အားမာန်နဲ့ ကိုလှုပ်ရှားတာပါ လား။ သူအမေကကြက်စွပ်ပြုတ် တို့အာလူးတို့ဖြည့်စွက်အစားအစာ ကိုကျွေးနေတော့ လူပုံကလည်း တုတ်တုတ် ခဲခဲလေးပါပဲ။

အဘိုးကတော့မြေးကိုလွမ်းရင် VZO ကနေကြည့်ရတယ်။ အိမ်မှာ ADSL တတ်ထားတော mpt ကလိုင်းမင်း ကောင်းလေးတွေ ကို မေတ္တာအမြဲပို့သနေရတာပေါ့။ ခေတ်မီတဲ့ လိုင်းမင်းတွေဖြစ်နေလို့ တော်သေးရဲ။ Jumper ကျသွား ရင် ADSL router က DSL မီး ကမှိတ်တုတ်ဖြစ်နေရော။ မရမ်းကုန်း exchange ကကျေးဇူးရှင်တွေ ကို လည်း ပြတ် လို့ မရဘူး၊ သူ့ လိုင်းနဲ့သူပါပဲ။ စာရေးသူဆရာပြောတဲ့ change တော့ဘယ်တော့ရောက်မယ် မသိ ဘူး။ မြေးနဲ့ အဆက်အသွယ်မပြတ် ရအောင် မ change လိုက်ဖို့ကြိုးစားနေရတာ တော့တော်တော်စိတ်ပင်ပမ်း သား။

အမေ့ကွန်ပျူတာရှေ့ ထိုင်ပြီး keyboard ကို တပြန်းပြန်းရိုက်တာ VZO ကနေမြင်ရတော့တော်တော်အဆော့ ကြမ်း တယ် ဆိုတာမှန် ပါလား လို့။ မြေး လေး ကအပြင် ထွက် ရရင်တော်တော်ပျော်တဲ့ကောင်ဆိုတော့ သူ့ အဖေ က Jalan Jalan ပုလုံး လို့ခေါ်တယ်။ မလေးစကား အရ Jalan ဆိုတာ လမ်းလေ။ လမ်းထွက်နေရင် ပျော်တဲ့ ကောင်ပေါ့။ မြေးလေးဓါတ်ပုံတွေကတော့ album ၄ -၅ ခုရှိနေပါပြီ။ နောက် ဆုံး ၇ လထိ သူဓါတ်ပုံတွေရှိ တယ်။ အဘိုးကတော့လွမ်းရင်ကြည့်ဖို့ ရယ်၊ အိမ် ကို ဧည့် လာရင်မြေးလေး ဆိုပြီတော့ ကြွားဖို့ ရယ်ပေါ့။နှစ်ကုန်ရင်သူ့ အ မေ ကအလုပ်လုပ်ရတော့မယ်။ ပုလုံးအထိန်း နဲ့ နေရတော့မယ်။ မွေးကထဲက မကြိုက်ရင် ဖြစ်စေ၊ မကျေနပ် ရင်ဖြစ်စေ အမေ က လုပ် မိ ရင် အာခေါင်ကိုဖြဲအော်တတ်တာမို့ အထိန်း လက်ထဲမှာဖြစ်ပါ့မလား လိုစိတ်ပူမိ ပါတယ်။ ဒါပေမဲ့ သူ့ အမေ လည်း ငယ်ငယ် ကအထိန်းနဲ့နေခဲ့ရတာပဲလေ လိုစိတ်ဖြေရတာပေါ့။ ပုလုံးရဲ့ ဥပတိရုပ်က လူချစ်လူခင်များတဲ့ရုပ်ဖြစ်နေတော့ အမြန်ဆုံးပဲအထိန်း နဲ့အဆင်ပြေ လိမ့်မယ် လို့ ထင်ပါတယ်။

Tuesday, August 31, 2010

ပုလုံး ၆ လ ပြည့် ပြီ

မြေးလေးပုလုံး၆လပြည့်ခါနီးတော့ဘိုးဘိုးမြေးလေး ကို လွမ်းတာနဲ့ စင်ကာပူကို လာခဲ့ရပြန်ပြီ။ လေယာဉ်စရိတ်ပဲ ကုန်တာလေ၊ စားတော့နေတော့ သမီးအိမ်မှာ ဆိုရင် ဘာမ မ၀ယ် ရင် ဘာမှ မကုန်ဘူး။ ပုလုံးမွေးတော့အမေ မရှိတော့တဲ့ မြေးလေး ရဲ့မေမေ အားမငယ်ရအောင်ဘိုးဘိုး စင်ကာပူကိုအရင်တစ်ခေါက် ကလာခဲ့တယ်လေ။ ပုလုံးလေး မွေးတာကိုအားပေးပြီး ရက်သားလေးမှာပဲဘိုးဘိုးရန်ကုန်ကိုပြန်ခဲ့ ရတယ်။ ပုလုံးမေမေကတော့ ဘိုးဘိုးဆီကိုဓါတ်ပုံတွေပို့ပေးလို့ ပုလုံးလေးရုပ်ပိုင်းဆိုင်ရာတိုးတက်မှုတွေ၊ စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုတွေကို သိခဲ့ ရတယ်။VZO ကတဆင့်ပုလုံးကြီးထွားမှုကိုမြင်ခဲ့ရတယ်။ ဘိုးဘိုး Changi လေဆိပ်ရောက်ရောက်ချင်းပဲ မှန်ရဲ့တစ်ဖက်မှာ ပုလုံးကို ၀၀ကစ်ကစ်လေးတွေ့ လိုက်ရလို့ ပီတိတွေဖြာမိခဲ့တယ်။လေဆိပ်က custom ကအိတ်ထဲမှာ ဓါးတစ်ချောင်းတွေ့တယ်၊ဖွင့်ပြပါဆိုတာနဲ့ ချက်ချင်းထွက်မရဘူး။ ဟုတ်တယ်၊ ငါ swiss knife တစ်ချောင်းခရီးထွက်တိုင်းယူသွားတယ်ဆိုပြီးအိတ်ဖွင့်ထုတ်ပြလိုက်တော့မှ ကျေနပ်သွားတယ်။ ဘာလာလုပ်တာ လဲ မေးတော့ ငါ့မြေးလာတွေ့တာဆိုပြီး ရင်ကော့ပြောလိုက်တယ်။ custom ကတာဝန်ခံက မသိမသာလိုက် ကြည့်သေးတယ်။ တံခါး ကထွက်ထွက်ချင်း ပုလုံးတို့မိသားစုအနားရောက်လာတာကိုး။

ပုလုံးကိုချီချင်တဲ့စိတ်တွေမျိုသိပ်ထားရတော့လွယ်ထားတာတွေ၊ဆွဲထားတာတွေအကုန်ချမြေးလေးကို သူ့အဖေ လက်ထဲကနေယူချီလိုက်ပါတယ်။ ပြည့်ပြည့်တုတ်တုတ်လေးဆိုတော့ ချီရတာတနင့်တပိုးကြီးပါပဲ။ ပုလုံးက မျက်လုံးပြူး ကြည့်နေပြီးနောက်တော့ ဘိုးဘိုးကို ရီပြလိုက်လို့ သူ့အမေပြောလိုက်တာ နဲ့ ဘိုးဘိုး ကို နှုတ်ဆက် အပြုံးလေးနဲ့ ကြိုဆိုလိုက်ပါတယ်။ custom ကတာဝန်ခံကလည်းမြေး နဲ့အဘိုးပြန်လည်တွေ့ဆုံပွဲကို ပြုံး ပြီးကြည့် နေလေရဲ့။ တလမ်းလုံး taxi ပေါ်မှာပုလုံးလေးကငြိမ်ပြီ လိုက်လာတယ်လေ။

ပုလုံးကမျက်နှာအရမ်းချိုတယ်။ မြင်သူတိုင်းက သူ့ပါးလေးကိုလိမ်ဆွဲချင်ကြတယ်။ sky park ပေါ်တက်ကြတော့ မိုးရွာလို့ဆိုဖါပေါ်မှာ ခဏစောင့်နေတာ၊ ဘေးမှာ ပြင်သစ်မကြီးတစ်ယောက် လာထိုင်တယ်။ သူတိုလင် မယား၂ယောက်စကားပြော တော့ပြင်သစ်လို ပြောနေကြလို့ပြင်သစ်မှန်း သိတာပါ။ ပုလုံးကကောင်ခါငင်ခါ
ဘေးနားကပြင်သစ်မကြီး ကိုပြုံးပြပြီး စကားတွေ ၀ူးဝါးနဲ့ပြောနေပါရော။ ပြင်သစ်မကြီးကလည်း သဘောကျလွန်း လို့သူကို ပြင်သစ် လိုပြော မြှူပြန်ရော။ ပုလုံးကလည်းဝူးဝါးနဲ့ပြန်ပြော၊ ကိုယ့်မြေး ဖွန်ကြောင်နေတာကို သဘောကျ စွာနဲ့ ကြည့်နေမိ လိုက်တော့တယ်။ shopping mall တွေရောက်လို့ သူအမေ ကပစ္စည်းရွေးနေရင် သူက စာရေးမ ကိုပြုံးပြပြီး ဖွန်ကြောင်ပါရော။ ဆိုင်က စာရေးမကသူအမေပစ္စည်းရွေးနေတာကို မကြည့် နိုင်ဘူး၊ အဘိုး ကိုယ်ပေါ်က ပုလုံးကို ပါးဆွဲ လက် ကိုင်နဲ့ မနေနိုင်ဘူး၊ လာလာမြှူနေတတ်တယ်။ စလုံးမတွေချစ်စရာကောင်းတဲ့ ခလေးတွေ့ရင် ဟန်မဆောင်နိုင်ကြတော့ဘူး။ ဒါနဲ့သမီးကအသားညိုတော့ ပုလုံးကို carrier နဲ့ချီသွားရင် စလုံး ခလေး ကို ထိန်းနေတဲ့ ဖအုတ်ထုတ် လို့ထင်မှာ လို့ပြောရတယ်။

ဒီကောင်ကအချိန်မှန်တော့ လုပ်တတ်တယ်။ NUH ဆေးရုံကိုသူcheck up သွားလုပ်တော့ဟိုလုပ်ဒီလုပ်နဲ့ ၁၂နာရီနားရောက်သွားရော။သူအမေကသိတယ်၊ဒီကောင် ၁၂ နာရီဆိုရင်အီးအီးပါနေကြပဲ။ အီးအီးပါထား သလားစစ် ကြည့် လိုက်တော့ ဟုတ်ပါဗျာ၊ diaper ထဲမှာအီးအီးပါထားပါရော။ ဒါနဲ့သူသား ကိုချီပြီး ဆေးရုံ အမျိုးသမီးအိမ်သာနားကအခန်းထဲဝင်သွားတယ်။ diaper လဲပေးတဲ့ အခန်းလေး တစ်ခုလုပ်ပေးထားတယ်။ စင်ကာပူမှာ ဆေးရုံမှ မဟုတ်ဘူး၊နေရာတော်တော်များများမှာ အမျိုးသမီးအိမ်သာခန်းနဲ့ကပ်လျက် diaper လဲတဲ့အခန်းလေးတွေစီစဉ်ပေးထားတယ်။

ပုလုံးက၀တာလဲမပြောနဲ့၊ သူအမေဘာကျွေးကျွေးစားတတ်တယ်။နို့ ဆာရင်သူအော်တဲ့အသံကတစ်မျိုး၊ သိသာတယ်၊မအေကတော့ကောင်းကောင်းသိတာပေါ့၊သူ့သားဘာလိုချင်နေပြီလဲဆိုတာ။ ပုလုံးက နေမကောင်း ရင် ညည်းပြီးသူ့အမေကိုပဲကပ်တယ်။ နေကောင်းနေရင် တော့အဖေနဲ့နေရတာ ပိုပျော်ပုံရတယ်။ အဖေကသူနဲ့ ကစားတာကိုး။အမယ် မှောက်ပဲမှောက်တတ်သေးတာ ကစားတာတော့ မက်သလားမမေးနဲ့၊ အဖေနဲ့ကစားရင် သူကျေနပ်တဲ့ထိ ကစားရတယ်။ မကစားပဲရပ် လိုက် ရင် နှုတ်ခမ်းကြီးစူပြပြီးစိတ်ကောက်ပါလေရော။ ကြံကြံ ဖန်ဖန် သူအမေကလည်း အဲဒီလိုပုံတွေကိုမှတ်တမ်းတင်ထားတယ်။

ပုလုံးကနို့စို့နေရင်ခေါင်း လေး ကို ကုတ်တတ်တယ်။ အဲဒါသူ့အကျင့်ပဲ။နို့ကို လည်းဘယ်တော့မှ ကုန်အောင် မစို့တတ်ဘူး။ သူဆာနေရင် communicate လုပ်တဲ့အသံကသိသာတယ်။ ဒီကောင်နို့ဆာနေပြီ လို့ပြောလို့ ရတယ်။ သူ့အမေနဲ့အဖေကြားမှာအိပ်တယ်။ တညလုံးလှိမ့်တာဟိုရောက်ဒီရောက်ပဲ။ ထူးခြားတာက တစ်ခါတလေ မနက် ၂ နာရီလောက်နှိုးနေပြီး ခြေလှုပ် လက်လှုပ်ဆော့နေတတ်တယ်။ ပါးစပ်ကလည်း တ၀ူးဝူးတ၀ါးဝါးနဲ့ ဘယ်သူနဲ့စကားပြောနေမှန်း မသိဘူး၊ ငိုလည်းမငို အော်လည်းမအော်နဲ့ မနက် ၅နာရီလောက်ကြမှ ပြန်အိပ်သွားတတ်တယ်။

အမေအဖေကို ဒုက္ခလည်းမပေးဘူး။ ပထမတော့ သူ့အမေနဲ့ အဖေက ချော့သိပ်သေးတယ်၊ နောက်တော့ဒီတိုင်း ပစ်ထားလိုက်ရော။ အဘိုး ကနတ်သူငယ်နဲ့စကားပြောနေတာနဲ့တူတယ် လို့ပြောရတယ်။ ဟုတ်တယ်လေ၊ စကားမပြောတတ်တဲ့အချိန် ခလေးဘ၀ကဖြစ်ပျက်ခဲ့တာတွေဟာလူတိုင်းအတွက် လျှို့ဝှက်ချက်တစ်ခု ပဲမဟုတ် လား။

ပုလုံးကိုအပြင်ခေါ်သွားရင်ပတ်ဝန်းကျင်ကိုကြည့်ပြီးငြိမ်နေတတ်တယ်။ကားတွေ၊ လူတွေသွားကြလာကြတာကို ကြည့်နေတတ်တယ်။တော်ယုံနဲ့မအော်တော့ဘူး၊ မငိုတော့ဘူး၊carrier ပေါ်မှာလည်းကောင်းကောင်း လိုက် တယ်၊ push chair ပေါ်မှာလည်းငြိမ်လို့ပဲ။ MRT နဲ့ဆိုရင်သူ့မေနဲ့သွားလို့ရတယ်။ စင်ကာပူမှာက ခလေးအမေ တွေ push chair လွယ်လွယ်တွန်းရအောင်ပလက်ဖေါင်းပေါ်တက်တာကအစ၊ MRT အောက်ဆင်းအပေါ် တက်တွေ မှာ lift တွေရှိနေတော့အမျိုးသမီး(အမေ)တစ်ယောက်တည်းလည်းဖြစ်တယ်။ MRT ပေါ်ရောက်ရင် နိုင်ငံကြီးသားပီသစွာ နေရာကထပေးကြတာများပါတယ်။ ဘတ်စ်ကားကြတော့ push chair ကိုခေါက်ပြီး ခလေး ကို ချီတက်ရတော့ အမေတစ်ယောက်တည်းမဖြစ်ဘူး၊ အမေကောအဖေကောပါမှ ဖြစ်မယ်။

ပုလုံး၆လပြည့်တဲ့နေ့ ကအမှတ်တရသမီးတို့မိသားစုနဲ့အတူ sky parkပေါ်တက်ကြတယ်။ လူသားတွေရဲ့ ဗိသုကာပညာရပ်ကတော့အံ့စရာပါပဲ။ စင်ကာပူတစ်မြို့လုံးအပြင် ပင်လယ်ပြင်ထိမြင်ကွင်း ကတော့အင်မတန်မှ အံ့မခန်းသာယာဖွယ်ရာတစ်ခှုပါ။ စင်ကာပူနိုင်ငံအနေနဲ့ tourists တွေဆီကသဲ့ယူလိုက်နိုင်တဲ့ငွေ တွေဟာအား ကျ စရာကောင်းလှပါတယ်။ sky park ပေါ်တက် ကြည့်ရင် စင်ကာပူဒေါ်လာ ၂၀ ပေးရပါတယ်။ မြေးလေး ပုလုံးက ငယ်သေးတော့ဒါတွေမခံစားတတ်သေးပါ။ စင်ကာပူမှာနေခဲ့တဲ့ ၁၆ ရက်တာကာလအတွင်း ပုလုံးနဲ့ပဲ အချိန်ဖြုန်းခဲ့ရတော့ မြေး နဲ့ အဘိုးကြားမှာ ရင်းနှီးမှုတည်ဆောက်နိုင်ခဲ့ရော။ အမေနဲ့ ရန်ဖြစ်ရင် အဘိုး ပေါ်ရောက်လာရော။ ၁၇ ပေါင်ရှိတဲ့ ပုလုံးကို အမေ ကမနည်း ချီနေရတယ်လေ။ အဘိုး လည်း လက်မောင်း ပြုတ် လုနီးပါးနင့်နေအောင် ချီရတာပါ။အဘိုးရင်ခွင်ပေါ်မှာ ဆို ရင် မြေးလေးကငြိမ်နေပဲလေ။ တိုက်အောက်ခေါ် သွားပြီး ဇရက်တွေ၊ ခိုတွေကို ပြလိုက်ရင်ငြိမ် လို့၊ ပတ်ဝန်းကျင်ကိုတော်တော် စိတ်ဝင်စားတဲ့ ကောင်ပဲ။ ၆ လသားပေမဲ့ သင်ပေးရင်တော်တော် လေးနားလယ်နေတော့ ဥာဏ်ကောင်းမဲ့ကောင် လို့ပဲယုံကြည်မိပါ တော့တယ်။ အပြင်ထွက် ချင်ရင်လက်ညှိုးထောင်ဆိုရင်ထောင်ရှာတယ်။

Sunday, August 15, 2010

အကြွေး

စင်ကာပူရောက် မတောက်တခေါက်လူ (ဘ၀မြင့်၊ ဝေဖန်တတ်သူ၊ ဇွတ်လုပ်တတ်သူ တဦး)

ပြည်ပရောက်မြန်မာများ .. စီးပွားရေးလာရှာရင်း ရေတိမ်နစ်သူတွေ တော်တော်များနေပါတယ်။ ပျက်အစဉ် .. ပြင်ခဏဆိုတဲ့ စကားပုံရှိတော့ ပျက်စီးနေသူများ ..သူတို့ဘ၀ကိုဆက်လက် မနစ်မွန်းစေချင်တဲ့အတွက် ဒီစာကို ရေးရပါတယ်။ ကျွန်တော်ကိုယ်တိုင်က .. စင်ကာပူမှာ စီးပွားရေးသမားမဟုတ်ပဲ ဒေ၀ါလီခံရတဲ့ (Bankrupt) ဘ၀ပျက်စာရင်းဝင်ဖြစ်ပေမဲ့ ဘုရားနဲ့နတ်စောင့်တဲ့အတွက် လုံးပါးမသွားသေးပါဘူး။ အသက်ရှင်နေပါသေးတယ်။ စီးပွားရေးမလုပ်ပဲ ဘာကြောင့် အကြွေးတွေအများကြီးတင် Bankrupt ဖြစ်သွားရပါသလဲ ဆိုတော့ ဘဏ်တွေရဲ့ Bank Loan တွေနဲ့ Credit Card တွေရဲ့ Cash Advance တွေကို ဇနီးသည်နဲ့ဆန့်ကျင်ပြီး နှစ်ရှည်လများစွာ သုံးစွဲမိလို့ပါ။

လူတိုင်း ငွေချမ်းသာချင်ကြပါတယ်။ အထူးသဖြင့် ငယ်ရွယ်စဉ်ကတည်းက ချမ်းသာကြွယ်ဝအောင် ဘယ်လို လုပ်မလဲ ... နည်းမျိုးစုံနဲ့ကြိုးစားရင်း၊ လောကစည်းစိမ်တွေကိုလည်း ရသလောက်ရယူကြပါတယ်။

ပထမတော့ ပညာဆည်းပူးတယ်။ စင်ကာပူရောက်လူသူ အများစုကတော့ ပညာတတ် (ဘွဲ့၊ဒီပလိုမာ) အများ စုဖြစ်ပါတယ်။ ၂၀၀၀ နောက်ပိုင်းတော့ အလုပ်သမား (ကျား၊မ) မျိုးစုံ ၁၀တန်းမအောင်ပေမဲ့ အလုပ်လုပ် ခွင့်ရ လာကြတယ်။ ကျွန်တော်ဟာ တလ ဒေါ်လာ၆၀၀လောက်ပဲရတဲ့ မိန်းမငယ်လေးတစ်ဦး ရောင့်ရဲနေထိုင်စု ဆောင်းရင်း ၁၀နှစ်အကြာ မြန်မာပြည်မှာ သိန်း၃၀၀တန်တဲ့အိမ်တစ်လုံး ၀ယ်ပေးခဲ့ဖူးပါတယ်။ စင်ကာပူမှာ တစ်လ ဒေါ်လာ ၃၀၀၀ကျော် ၀င်ငွေရှိနေသူတွေ မြန်မာပြည်မှာရော၊ စင်ကာပူမှာရော အိမ်တစ်ခုမှ မ၀ယ်နိုင် တာ အများကြီးပါပဲ။

ကျွန်တော်ကတော့ စင်ကာပူရောက်ပြီး ၀င်ငွေ တစ်လ ဒေါ်လာ၃၀၀၀ကျော်ရတော့ ထုံးစံအတိုင်း၊ လောက စည်းစိမ်တွေ ခံစားတာပေါ့။ ဇနီး၊သားသမီးရှိတော့ နောင်ရေးကြည့်ရသေးတယ်။ အရက်သမား၊ဆေးသမား၊ မိန်းမလိုက်စား၊ လောင်းကစားသမားတော့ မဟုတ်ပေမဲ့ တစ်နှစ်တစ်ခါ၊နှစ်ခါလောက်တော့ ဒီ ဘုရားမကြိုက်တဲ့၊ နတ်ဆိုးဆွဲဆောင်ရ မဟုတ်တဲ့အလုပ်တွေ လုပ်မိပါတယ်။ သို့သော်လည်း ငွေကြေးချမ်းသာချင်တဲ့စိတ်က ရှိတော့ ငွေကုန်တဲ့အလုပ်တွေကို ရှောင်နိုင်ပါတယ်။ သို့သော်လည်း ကောင်းကောင်းစားသောက်၊ နေထိုင်ချင်တဲ့ ဆန္ဒကြောင့် အစားအသောက်ဆိုင်များ၊ နောက်ဆုံးပေါ်ပစ္စည်းတွေသုံးမှုများ၊ မရောင်ရာဆီလူး ရှောက်သုံးတာ တွေကြောင့် သိပ်မစုဆောင်းဖြစ်ပါဘူး။ Credit Card အကြွေးဝယ်ခွင့်အပြင်၊ ငွေချေးငှားခွင့် ကဒ်ပြားကလေးက လည်း စနစ်တကျသုံးဖို့ကြိုးစားပေမဲ့ လက်တွေ့မှာတော့ မလိုအပ်ပဲ သုံးစွဲတာတွေ များနေတယ်။

အဆိုးဝါးဆုံးကတော့ စင်ကာပူမှာ အမြဲတမ်းနေထိုင်ခွင့် PR ရရှိတဲ့အချိန်ကစပြီး .. စင်ကာပူမှာ ကိုယ်ပိုင်အလုပ်လုပ်နိုင်ပြီး ပိုအဆင်ပြေတော့မယ် တွေးတွေးပြီး ဘ၀င်မြင့်လာပါတယ်။ ဒါတွေကတော့ ရွာကမြို့တက်လာပြီး အဆင်ပြေလာတဲ့ တောသားတိုင်း ဖြစ်နေကျ ဘ၀င်မြင့်ရောဂါပါပဲ။ HDB အိမ်ကလေးကို အကြွေးနဲ့ဝယ်လိုက် တယ်။ အိမ်ပိုင်တော့ အိမ်ငှားခငွေ သက်သာသွားတယ်။ တယ်ဟုတ်ပါလား .. ၊ Property make money ဆိုတာ လက်တွေ့မြင်ရတယ်။ ဒါပေမဲ့ အိမ်ငှားခ သက်သာသွားတဲ့ငွေကို စုဆောင်းထားရမဲ့အစား တခြားနေရာမှာ သုံးမိ တယ်။ ၀င်ငွေလေးက ပိုလျှံတော့ Life Insurance သမားတွေ လာကပ်ကြတယ်။ စီးပွားရေးလုပ်ရင် ငွေချေးပြီး လုပ်ရမှာပဲ ဆိုတဲ့ အခြေခံစည်းမျဉ်းကြီးကို အသေကိုင်ထားတဲ့ ကျွန်တော်က ငွေချေးလို့ရတဲ့ Short Term life insurance ကို တစ်လ ဒေါ်လာ၅၀၀ နဲ့စုဆောင်းတယ်။ နောက် ၃နှစ်လောက်နေရင် စုဆောင်းငွေ ဒေါ်လာ ၃သောင်းလောက် ရလာမယ်။ အဲဒီအချိန်ဆို ကိုယ့်ရဲ့ ကိုယ်ပိုင်လုပ်ငန်းလေးလည်း အဆင်ပြေလာချိန် အကိုက် ပဲပေါ့။

ငွေလိုရင် ဘဏ်တွေကနေ အတိုးနှုံး ၁၅ရာနှုံးပေးပြီး ချေးလိုက်တယ်။ နောက်လ လစာရတော့ ဘဏ်ကချေးထား တာ ပြန်သွင်းလိုက်တယ်။ ဒီလို ငွေလိုရင် ဘဏ်က ချေးခွင့်ရတော့ မကြာခဏလုပ်မိတယ်။ နောက်ပိုင်း ဘဏ် တွေကလည်း ၆လ Promotion ပေးပြီး အတိုးကို ၅ရာနှုံးလောက်ပေးနေတဲ့အချိန်ဆိုရင် ငွေမလိုပဲ ဒေါ်လာ၅ ထောင်လောက် ကောက်ချေးလိုက်တယ်။ ပြီးတော့ ကိုယ်လုပ်ချင်တဲ့အလုပ်လေးတွေ ကုမ္မဏီထောင်၊ ပစ္စည်း ၀ယ်၊ ကားဝယ် စတဲ့လုပ်ငန်းတွေ ရှောက်လုပ်တယ်။ နှစ်ကုန်လို့ ဘောနပ်စ် ရတဲ့အချိန်မှာ တခါတလေ ဒေါ်လာ သောင်းနဲ့ချီပြီးရတတ်တော့ အကြွေးတွေကို ပြန်ဆပ်နိုင်တယ်။

ဒီလိုနဲ့ နှစ်အတော်ကြာတော့ အကြွေးတွေကို နှစ်ကုန်တဲ့အခါ ဘောနပ်စ်ရလဲ မဆပ်နိုင်တော့ဘူး။ အပြင်လုပ်ငန်း လုပ်မယ်ဆိုပြီး ထောင်ထားတဲ့ ကုမ္မဏီလုပ်ငန်းကလည်း ထင်သလိုမဖြစ်လာဘူး။ အသုံးစရိတ်တွေက ပိုတက် လာပြီး ၀င်ငွေကလည်း ထင်သလောက်တက်မလာဘူး၊ ကိုယ့်ကုမ္မဏီမှာလည်း လစာတွေတော့ တက်လာပေမဲ့ Basic Pay တလဒေါ်လာ တစ်သောင်းကျော်ရဖို့ဆိုတာ လခစားအလုပ်မှာ ဘယ်ဖြစ်နိုင်ပါ့မလဲ။ Manager, Director ဖြစ်မှ လစာငွေ သောင်းဂဏန်းအထက်ရနိုင်မှာဆိုတော့ Technical အလုပ်ကနေ Manager အလုပ်ဖြစ်အောင်ကြိုးစားရတယ်။ မိသားစု စားဝတ်နေရေးဖူလှုံတော့ ဘ၀တိုးတက်ရေး (ငွေပိုရရှိရေး) အတွက် အပြင်းအထန် ကြိုးစားရပါတယ်။

ငွေပိုမသုံးရေးအတွက် ကြိုးစားရမဲ့အစား ငွေပိုရရှိရေး ကြိုးစားတော့ လုံးဝအမှားလမ်းကြီးကို လျှောက်ရင်း၊ ပိုးဖလံမျိုး မီးကိုတိုးတော့တယ်။

နောက်ဆုံးပြောရရင် ပထမနှစ် အကြွေး ၅ထောင်၊ နှစ်ကုန်တော့ ဘောနပ်စ်နဲ့ ပြန်ဆပ်နိုင်တယ်။ ဒုတိယနှစ် အကြွေး တသောင်း ပြန်မဆပ်နိုင်တော့ဘူး။ ငွေသုံးစရိတ်ကို အထူးဆင်ချင်ရတယ်။ တတိယနှစ် အကြွေး ၂သောင်းဖြစ်လာတယ်။ ကုမဏီက ဘောနပ်စ်နဲ့ တသောင်းလောက် ပြန်ဆပ်နိုင်တယ်။ စတုထနှစ် အကြွေး ၃သောင်းဖြစ်လာတယ်။ မဆပ်နိုင်တော့ဘူး....ဒါပေမဲ့ ဘ၀င်မြင့်နေတုန်းပဲ။ မိဝေးဖဝေး .နိုင်ငံခြားသွားလုပ်ရင် ငွေရမယ်မျှော်လင့်တယ်။ နောက်ထပ် ငွေတစ်သောင်းရအောင်ထပ်ချေးလိုက်တယ်။

ဘယ်လိုချေးသလဲ ... ဘဏ်တခုတည်းကချေးရင် လစာငွေရဲ့ ၂ဆပဲချေးတယ်။ Credit Card နဲ့ချေးရင်လည်း လစာရဲ့ ၂ဆချေးနိုင်တယ်။ ဒီတော့ ဘဏ်တခုက လစာရဲ့ ၄ဆ ချေးနိုင်တာပေါ့။ ဘဏ် ၅ခုလောက်ဆီကဆို လစာရဲ့ ၂၀ဆ ချေးလို့ရတယ်။ ခက်တာက လစဉ်၅ရာနှုံးပြန်ဆပ်ရတော့ ချေးငွေ၃သောင်းဆို တိုးရင်းပေါင်းတော့ တစ်လကို ဒေါ်လာ၂ထောင်နီးပါးပြန်ဆပ်ရတယ်။ ကျွန်တော့လစာလေးက ဒေါ်လာ၃၀၀၀လောက်။ နှစ်ကုန်ရင် ဘောနစ်က ၄လစာရရင် တစ်သောင်းလောက်ပဲရတော့၊ ဒီအကြွေးဒေါ်လာ၃သောင်းကို ပြန်ဆပ်ဖို့ဆိုတာ လက်ရှိ ကိုယ့်အစွမ်းအစနဲ့တော့ မဖြစ်နိုင်တော့ဘူး၊ ဒါနဲ့ ဘဏ်ချေးငွေကို လစဉ် အရစ်ကျပြန်ဆပ်တဲ့ နည်းလမ်း ကလည်း ချေးချင်သူတွေအတွက် အတော်အဆင်ပြေလှပါတယ်။ 6 months Promotion Interest Rate 5% ... နဲ့ ဘဏ်တွေက ပေးပါတယ်။ ၆လအတွင်း မဆပ်နိုင်ရင် တခြားဘဏ်တခု အကောင့်ထပ်ဖွင့်ပြီး ငွေထပ်ချေး၊ အတိုး နှုံးမြင့်သွားတဲ့ အကြွေးတွေကို ပြန်ဆပ်ပေါ့။ Credit Card ချေးငွေတွေက အတိုးနှုံး ၂၄ရာနှုံး (မြန်မာပြည် က တစ်လ ၂ကျပ်တိုးနှုံးလောက်) ရှိတော့ ချေးငွေ ဒေါ်လာ ၃သောင်းဆို အတိုးချည်းပဲ တစ်လကို ဒေါ်လာ၈၀၀ လောက် ပေးလာရမယ်ဆိုတော့ ကိုယ့်ကိုယ်ကို ဟုတ်လှချည်ထင်တဲ့လူတွေ ဘဏ်တွေက Promotion လိုက်ရှာ ချေးငှားကြတာပေါ့။ စင်ကာပူကလည်း ဘဏ်တွေမှိုလိုပေါတဲ့နိုင်ငံပဲ။ ကျွန်တော်ရှာကြံချေးမယ်ဆိုရင် နောက် ထပ် ဘဏ်အခု ၂၀လောက်ဆီက ဒေါ်လ ၂သိန်းလောက်ချေးငှားပြီး စင်ကာပူကထွက်ပြေး၊ မြန်မာပြည်တောမှာ ပြန်နေလဲရတာပေါ့။ ဘယ်သူမှ ဒီလိုမလုပ်ချင်ပါဘူး။ သူခိုးဓါပြတောင် ဖြောင့်မတ်စွာလုပ်ကိုင်ချင်တာပဲ။ ဒီလိုနဲ့ ဘဏ်တစ်ခုက ၆လကြာရင် အတိုး 5% ကနေ 21% မပြောင်းခင် ကြိုပြီး Promotion 5% ရတဲ့ တခြားဘဏ်ကို Fund Transfer နည်းစနစ်နဲ့ အကြွေးတွေကို ဟိုရွှေ့၊သည်ရွှေ့ လုပ်ရတာပေါ့။ အကြွေးရှင် ဘဏ်ငွေစာရင်းတွေ များလာတော့ ဒီနည်းနဲ့လုပ်ရတာ ဦးနှောက်တော်တော်ခြောက်လာရတယ်။ ဘဏ်တွေကလည်း တယ်လီဖုန်း လှမ်းခေါ်ပြီး အကြွေးဆပ်ချိန်ကျနေပြီး တဂွမ်ဂွမ်ခေါ်လာကြတယ်။ လူပဲ .. ဒါလောက်များတဲ့ အကြွေးစာရင်းတွေ ကို မပေးပဲ မေ့သွားတယ်ဆိုရင် ဘဏ်ဝန်ထမ်းတွေက သတိပေးတယ်။ Late Fee တွေကလည်း မနည်းဘူး။ ဘဏ်မှ ငွေချည်းဖူးတဲ့ လူတိုင်း စိတ်ညစ်ရပုံပေါ့။ သြော် .. ဒါနဲ့၊ ဘဏ်တွေက ဘာလို့ လူတွေကို ၂လစာ ငွေချေး ကြသလဲ .. မေးစရာပဲ။ ဘဏ်ဆိုတာ မသေချာရင်ဘာမှ မလုပ်ဘူး။ ဘဏ်ဆိုတာ တရားဝင် ငွေတိုး ချေးစားတဲ့ အစိုးရအသိအမှတ်ပြု လုပ်ငန်းကြီးပဲ။ ကျွန်တော်လိုလူလည်း အကြွေးတင် Bankrupt ဖြစ်သွားပေမဲ့ ပြန်ဆပ်ဖို့ ကြိုးစားနေတာပဲ။

ငွေပိုရှာဖို့ကို အကြီးအကျယ်စဉ်းစားရတယ်။ Credit Card ကလည်း နောက်ထပ် ဒေါ်လာ၂သောင်းလောက်ထိ ချေးခွင့်ရှိသေးတယ်။ ငွေနောက်လိုက်ရင်း သေမထူး-နေမထူး Do or Die .. စင်ကာပူကထွက်ပြီး နိုင်ငံခြား ကိုသွား အလုပ်လုပ်မယ် ဆုံးဖြက်ခဲ့တယ်။ မြန်မာပြည်တော့ မပြန်ရဲဘူး၊ မြန်မာပြည်ပြန်ပြီး စင်ကာပူက စုဆောင်း ငွေ ဒေါ်လာသိန်းချီပိုက် မြန်မာပြည်ပြန်သွားတဲ့ မိတ်ဆွေများ ၃နှစ်လောက်အကြာ ကုတ်ကုတ်နဲ့ စင်ကာပူ ပြန်ရောက်လာ မြင်ရတော့ကြောက်တာပေါ့။ မြန်မာပြည် အာဏာပိုင်များနဲ့ ပေါင်းဖေါ်လုပ်ကိုင်ဖို့ လဲမဖြစ်နိုင်၊ အေးအေးဆေးဆေးပဲ ပြန်နေဖို့ကလည်း အရွယ်ကငယ်သေးတယ်ဆိုတော့ Adventure ပဲလုပ်ဖို့ ဆုံးဖြတ် ပါတယ်။ ဇနီးသယ်ကတော့ ဟိုး .. ဘဏ်ကြွေး စယူကတည်းက အတန်တန်တားခဲပါတယ်။ အခုတော့ မထူးတော့ဘူး အလွန်ဆုံးဖြစ်လှ Bankrupt ဖြစ်မယ်ဆိုရင်လည်း စင်ကာပူပီအာအဖြစ်ကို စွန့်လွှတ်ပြီး .. စုဆောင်းငွေ CPF money ပြန်ထုတ်၊ မြန်မာပြည်ပြန်ပြီး အေးအေးဆေးဆေး နေတော့မယ် .. Do or Die ပေါ့။

ကျွန်တော်နိုင်ငံခြားထွက်အလုပ်လုပ်တာလည်း တနှစ်နီးပါး ကြိုးစားခဲ့တာ အဆင်မပြေဘူး၊ နောက်ဆုံးတော့ စင်ကာပူမှာ Bankrupt လုပ်လိုက်ရပါတယ်။ နှစ်နဲ့ချီပြီး ကိုယ်စိတ်နှလုံး မချမ်းမြေ့ရတဲ့ကာလပါ။ စိတ်ထောင်း ကိုယ်ကျေ ဆိုတဲ့အတိုင်း ကိုယ်ခန္တာကလည်း နှလုံးရောဂါလို၊ သွေးတိုး၊ ခေါင်းကိုက်၊ အိပ်မပျော် .. ဒီကာလကို သစ္စာရှိတဲ့ ဇနီး၊မိသားစုအားဖြင့်၊ ဘုရားတရားအားဖြင့် ရပ်တည်ခဲ့ရပါတယ်။ ကိုယ်ပိုင်ပစ္စည်းဆို တယ်လီဖုန်း တောင် ပြန်သိမ်းခံရတယ်။ ကား၊အိမ် .. ပိုင်ရှင်နာမည်တွေလည်း မိန်းမနာမည်နဲ့ အမြန်ပြောင်းပစ်ရတယ်။ သို့မဟုတ် သိမ်းခံရမှာပဲ။ ဘဏ်စာရင်းတွေလည်း အကုန်ပိတ်ခံရတယ်။ နိုင်ငံခြားသွားခွင့်လည်း ပိတ်ပင်ခံရ တယ်။ လူမွဲစာရင်းခံရတယ်ဆိုတာ ... အရင်က ကြားဖူးတာပဲရှိတယ်။ အခုတော့ ကိုယ်တွေ့ပဲဗျို့။ မြန်မာပြည်မှာ ဆို သူဌေး၊ အရာရှိကြီးများ ချေးငွေပြန်မဆပ်နိုင်ရင် ထောင်ချပစ်ခံရတယ်၊ စင်ကာပူမို့ တော်သေးတာပေါ့ .. ဆိုပြီးဖြေရတယ်။

မိသားစုအရေးအတွက် ငဲ့ညာပြီး၊ စင်ကာပူမှာပဲ ရတဲ့အလုပ်ဝင်လုပ်ရပါတယ်။ အကြံကြီးတွေကို စွန့်ပစ်လိုက် ရတယ်။ ၂၀၁၀ခုနှစ် HDB အိမ်ဈေးတက်လာတဲ့အချိန်မှာ အိမ်ကိုရောင်းချလိုက်တော့ အမြက်ထွက်လာပါတယ်။ အကြွေးတွေကို ပြန်ဆပ်နိုင်ပြီး အကြွေးတင် Bankrupt ဘ၀ကတော့ လွတ်မြောက်သွားပါတယ်။ ဒါပေမဲ့ စင်ကာပူမှ နေစရာမရှိရင် ငှားနေရတဲ့ စရိတ်က တစ်လဒေါ်လ ၁၈၀၀လောက်ဆိုတော့ ရေရှည် ဘယ်တတ် နိုင်မလဲ။ အိမ်အသေးကို Down Grade လုပ်ပြီး ပြန်ဝယ်ရပါတယ်။ လစဉ် Installment ပေးရငွေများတော့ အိမ်မှာလည်း လူအပိုတင်ထားရပါတယ်။ စီးပွားရေးလုပ်ရင် ငွေအရင်းအနှီးရှာပြီးလုပ်ရတယ်ဆိုတဲ့ ကျွန်တော့ရဲ့ အတွေးအခေါ်လည်း ပျောက်သွားပါပြီ။ CPF စုဆောင်းငွေကို ထုတ်ပြီး မြန်မာပြည်အေးအေးဆေးဆေးပြန်နေရမဲ့ အရွယ်လဲမဟုတ်သေးဘူး။ အသက်၆၀ကျော်သူများ CPF ငွေအကုန်ထုတ်ပစ်လိုက်ပြီး မြန်မာပြည်ပြန်သွား နေတယ်။ အချိန်တန်တော့ စင်ကာပူမှာနေတဲ့ သားသမီးများဆီ တ၀ဲဝဲတလည်လည်နဲ့ ပြန်လာရတာပဲ။

ဒီစာကို ဖတ်ပြီး သြော် .. ဒီလိုငွေချေးလို့ရပါလား .. ဆိုပြီး ဒီလူမလုပ်တတ်လို့ပါ။ ငါသာဆိုရင် .. ဘယ်လိုလုပ် လိုက်မယ် .. ဆိုပြီး ဘဏ်ငွေချေး စီးပွားရေးလုပ်မဲ့လူတွေ ပေါ်လာမှာပါ။ ကျွန်တော်အဓိကရေးချင်တာက ဘ၀င်မြင့်စိတ်နည်းရင်၊ စီးပွားရေးအောင်မြင်ပါမယ် ဆိုတဲ့အကြောင်းပါ။ (လူဖြစ်မှတော့ ဘ၀င်မြင့်တာ ထုံးစံ ပါပဲ)။ ဘယ်လိုဖျောက်ရမလဲဆိုတော့ .. မိမိထက် ၁၀နှစ်မက အသက်ကြီးသူမိတ်ဆွေများနဲ့ အပတ်စဉ် တွေ့ဆုံ စကားပြော၊ ရင်ဖွင့်၊ အကြံဥာဏ်တောင်းခံရင် .. ဘ၀င်မြင့်ရောဂါ နည်းပါးသွားမယ်။ မိဘ၊ဦးလေးအဒေါ် .. စသဖြင့်ပေါ့။ ဒါမှ လူဘ၀မှာ နေရတာလည်း ပိုပြီး ၀မ်းမြောက်စရာဖြစ်လာမှာပါ။ သူဌေးဇာတာရှိသူတွေမှာ စိတ်ရှည်ခြင်း၊ ရောင့်ရဲ့ခြင်း (မသုံးသင့်တာမသုံးခြင်း) .. စတဲ့အရည်အချင်းများရှိတယ်လို့ Forbes မဂ္ဂဇင်းမှာရေးထားပါတယ်။ ကျွန်တော့မှာ ဒီဗီဇမရှိပါ။

ကိုယ့်အစွမ်းနဲ့စွတ် လုပ်မြဲလျှောက်လုပ်နေရင် ပိုးဖလံ၊မီးကိုတိုးသလိုပါ .. ငွေကြေးအခက်အခဲဖြစ်စေ၊ ဘာအခက် အခဲဖြစ်ပါစေ .. ရှောင်ပြေးလို့မရပါဘူး။ ရင်ဆိုင်ဖြေရှင်းခြင်းက အကောင်းဆုံးပါ။ ဘဏ်ကို လူတွေ့ သွားတွေ့ပါ။ အစိုးရကျွမ်းကျင်သူများကို တွေ့ဆုံအကြံဥာဏ်တောင်းပါ။ Bankrupt ဖြစ်သွားပြီး အကြွေးပြန်ဆပ် .. အဆင်ပြေ သွားသူတွေများပါတယ်။ မိမိအစွမ်းနဲ့ ငါဗဟိုပြု အသက်ရှင်မှုကို စွန့်လွှတ်ဖို့ပါ။ မိမိ ငွေကြေးဆိုင်ရာ အမှားကို သေချာ စီစစ်ကြည့်ရင် ဘယ်သူမပြုမိမိမှုပါပဲ..။ ကိုယ်၊စိတ်၊၀ိညာဉ် ကျန်မာရေးကို ဂရုစိုက်ပါ။

ငွေဆိုတာ လူကဖန်တီးထားတဲ့အရာပါ။ ဒီတော့ ရှင်းပါတယ်။ စီးပွားရေးလုပ်ချင်ရင် လူအဓိကပါပဲ။ ကျွန်တော့်မှာ တော့ စီးပွားရေးဇာတာမရှိ။ ဒါလောက်ပါပဲ။

လေးစားဖို့ ကောင်းတဲ့ သံအမတ်ကြီး ဒေါ်ခင်ကြည်

တရားဝင် သမိုင်းတင် မခံရ ရှာသေးတဲ့ သမိုင်းဖျောက်ခံထားရတဲ့ သူနာပြု ဆရာမ ဖြစ်ပြီး သူမရဲ့ ဘ၀ကတော့ ပိုလို့ နာကျည်း သနားစရာကောင်းနေပါတယ်။ ငယ်ငယ် ရွယ်ရွယ်နဲ့ ခင်ပွန်းသည် လုပ်ကြံ ခံရလို့ မုဆိုးမဖြစ်ရုံ သာမကသူမနဲ့ လူမမယ် ကလေးနှစ်ယောက်ပါ ပြည်နှင်ဒဏ်ကို မျက်နှာဖုံးတပ်ထားတဲ့ သံအမတ် ရာထူး အဖြစ် ခံယူရင်းနဲ့ နိုင်ငံ ရပ်ခြားမှာ နေထိုင် ၏ခဲ့ရတယ်။ ဒါပေမယ့် သူမဟာ ကမ္ဘာ့ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် သမီး တစ်ယောက်၊ကမ္ဘာ့ အဆင့်မြင့်ဆုံး သိပ္ပံ ပညာရှင် သား တစ်ယောက်ကို မွေးထုတ်ပေးနိုင်ခဲ့ပြီး သမီးဖြစ်သူကလဲ အနီးကပ် မစောင့်ရှောက် နိုင်လျက်ကနေမြန်မာစာ ပါရဂူ အဖြစ် မြန်မာ့ ယဉ်ကျေးမှုကို ထိန်းသိမ်း စောင့်ရှောက် နိုင်သူ ဖြစ်အောင် ကြိုးစားနိုင်တဲ့ မြေး တစ်ယောက် တို့ကို သွန်သင်နိုင်ခဲ့တဲ့ အထိ မွေးထုတ် ပေးနိုင် ခဲ့ ပါတယ်။

သူမရဲ့သမိုင်းမှတ်တမ်း နည်းပါးရခြင်းအကြောင်းထဲမှာ သူမရဲ့ ရိုးရှင်းစွာသိုသိုသိပ်သိပ် နေတတ်တဲ့ အကျင့် ကြောင့် သူမရဲ့ အတ္ထုပတ္တိကို အပြုစုမခံခဲ့တဲ့ အတွက်လဲ ပါဝင်ပါတယ်။ ထိုင်းဘုရင့် မယ်တော်ထက် အသက် ဆယ့်နှစ်နှစ်ငယ်တဲ့ ဒေါ်ခင်ကြည်ဟာ ကြည့်မြင်တိုင် အမျိုးသမီး အထက်တန်း ကျောင်းကနေအောင်မြင်ပြီး နောက်သူနာပြု သင်တန်း ဆင်းပြီး ရန်ကုန် ပြည်သူ့ဆေးရုံကြီးမှာ အလုပ် ၀င်လုပ်နေစဉ် ဒုတိယ ကမ္ဘာစစ် ကြီး အတွင်းမှာ သူမရဲ့သနားကြင်နာ စိတ်ရှည်မှုနဲ့ စည်းကမ်းကြီးမှု တို့ကြောင့် လူနာတွေရဲ့ ရိုသေလေးစား အားကိုး ခံရတဲ့ အတွက် နာမည် ကျော်ကြား ပါတယ်။ အဲဒီအချိန်မှာဗိုလ်ချုပ်အောင်ဆန်း ဟာလဲသူ့တပ်ဖွဲ့ ဖြစ်တဲ့ ဘီအိုင် အေ တပ်နဲ့ တူတူတိုက်ပွဲမှာ ဒဏ်ရာရမှု၊ ငှက်ဖျားမိမှုနဲ့ အင်အားကုန်ခမ်း မှုကြောင့်ဗိုလ်ချုပ် အောင်ဆန်း သူမ တာဝန်ကျရာ ဆေးရုံကို ရောက်လာ ပါတော့တယ်။ တခြားသူနာပြုတွေက ဗိုလ်ချုပ် အောင်ဆန်း ဆိုတဲ့ ဗိုလ်ချုပ် တစ်ယောက် ကို အနားမကပ်ရဲ ခဲ့ကြပါဘူး။ နိုင်ငံရေးနဲ့ လွတ်လပ်ရေး ကိုပဲ သိတဲ့လူမှုရေးတွေဂရုမစိုက်တတ်တဲ့ အောင်ဆန်းအရိုင်းကိုသူနာပြုတွေ ဆေးတိုက် ဆေးထိုး လုပ်ရင်းအမှား လုပ်မိမှာ ကြောက်ကြတာ မဆန်း ပါဘူး။ ဒီတာဝန်ကို ခေါင်းဆောင်ကောင်းပီသစွာ ဒေါ်ခင်ကြည်ဟာ အရဲစွန့် ယူခဲ့ပါတယ်။

ခေါင်းမာလှတဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ ဒေါ်ခင်ကြည်ရဲ့ ပြုစုမှု၊ တိကျမှု၊ဟာသဉာဏ် ရှိမှု၊ ဗိုလ်ချုပ် အောင် ဆန်း ကိုပင် အလျော့ မပေး အလို မလိုက်ဘဲတိတိကျကျ တာဝန် ထမ်းဆောင် မှုတို့ကြောင့် မိန်းမနဲ့ အနေ ဝေးလွန်း လို့မိန်းကလေးကို သိပ်ရှက် တတ်တဲ့ ဗိုလ်ချုပ် အောင်ဆန်းက လက်ထပ်ခွင့် တောင်းတာခံခဲ့ရ ပါတော့ တယ်။ ဗိုလ်ချုပ်အောင်ဆန်းကို လက်ထပ်ရတာဟာ ဒီခေတ်က ဗိုလ်ချုပ်တစ်ယောက်ကို လက်ထပ် ရသလို စည်းစိမ်နဲ့ အာဏာ တွေကို အမြိုင့်သား ထိုင်သုံးရသလို မဟုတ်တာ စဉ်းစား သင့်ပါတယ်။ အင်္ဂလိပ်နဲ့ ဂျပန်တို့က အသေ အလဲမျက်မုန်းကျိုး နေတဲ့ဗိုလ်ချုပ်အောင်ဆန်း ကို လက်ထပ်ရတာဟာ အချိန်မရွေး ဗိုလ်ချုပ် အောင်ဆန်းနဲ့ တူတူ လုပ်ကြံ ခံရ နိုင်တဲ့ အနေအထားပါ။ ဒါပေမယ့်တိုင်းပြည်နဲ့ လူမျိုးအတွက် အလွန် အရေးကြီးတဲ့ ဗိုလ်ချုပ် အောင်ဆန်း ကိုပြုစု ဂရုစိုက်ဖို့ ဒေါ်ခင်ကြည်ဟာ ဗိုလ်ချုပ်ရဲ့ ဘ၀ လက်တွဲဖော် အဖြစ်ဗိုလ်ချုပ် အောင်ဆန်းနဲ့
လက်ထပ် ခဲ့ပါတယ်။ အပျိုကြီး ဘ၀ကို ချင်းနင်းဝင်ရောက် စ အသက် ၃၀ အရွယ်မှာ သူမနဲ့ ဗိုလ်ချုပ်အောင် ဆန်း တို့ လက်ထပ်ပြီး အောင်ဆန်းအရိုင်းကို သိမ်မွေ့နူးညံ့သူ ခင်ပွန်း ကောင်း၊ ဖခင်ကောင်းဖြစ်အောင် ပဲ့ပြင် ထိန်းသိမ်း နိုင်ခဲ့ပြီး သားသမီး ၃ယောက် မွေးဖွားခဲ့ပါတယ်။ ကံဆိုးရှာတဲ့ သားငယ် အောင်ဆန်းလင်းဟာ ငယ် ရွယ်စဉ်မှာ ကွယ်လွန်ခဲ့ရှာပါတယ်။ ပိုလို့ ဂရုဏာ သက်ဖွယ် ကောင်း တဲ့ အဖြစ်ကတော့ အိမ်ထောင်သက် ၅နှစ် အရမှာ ခင်ပွန်းသည် မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေး ဖခင်ကြီး နဲ့အမျိုးသား ခေါင်းဆောင်ကြီး ဖြစ်တဲ့ ဗိုလ်ချုပ် အောင်ဆန်းဟာ နိုင်ငံခြားသားရန်သူ လူမျိုးခြားလက်ချက် မဟုတ်ဘဲ သူစေတနာ ထားတဲ့ မြန်မာနိုင်ငံ ကမြန်မာ လူမျိုး မသမာသူ သစ္စာ ဖောက် တွေရဲ့ လက်ချက် နဲ့ လုပ်ကြံ ခံရပြီးတဲ့နောက်မှာ လူမမယ် ကလေး နှစ်ယောက် နဲ့ မုဆိုးမ ဖြစ်ခဲ့ ရပါတယ်။

ဒေါ်ခင်ကြည်ကို ဇနီးမယား တော်ခဲ့ရတဲ့ ဗိုလ်ချုပ် အောင်ဆန်းဟာ ကံကောင်းလှပါတယ်။ သူဟာဘ၀လက်တွဲ ဖော်ကောင်း တစ်ယောက် အဖြစ်သာ မကအမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ရဲ့ ဇနီး ဆိုတဲ့ ဂုဏ်ကိုထိန်းနိုင် မြှင့်တင်နိုင်တဲ့ အာဇာနည် အမျိုးသမီးကြီး တစ်ယောက် အဖြစ်နဲ့ပါထိုက်တန်တဲ့ အမျိုးသမီး ကောင်း တစ်ယောက်ကို လက်ထပ်ခွင့် ရခဲ့လို့ပါ။ ရှုပ်ထွေးလှတဲ့ မြန်မာ့နိုင်ငံရေး ကြားမှာ လူမမယ် ကလေး ၂ယောက်အမေ မုဆိုးမဖြစ်တဲ့ ဒေါ်ခင်ကြည်ဟာ ၀မ်းနည်း အားငယ် နေမယ် ထင်စရာပါ။ ဒါပေမယ့် သူမ ဘာတွေ လုပ်ခဲ့သလဲ။သူနာပြု ဆရာမ တဖြစ်လဲ ဒေါ်ခင်ကြည်ဟာ သူမရဲ့ ဘ၀ လမ်းကြောင်းကို နိုင်ငံရေး နဲ့လူမှုရေး ပိုင်းမှာပိုမို မြုပ်နှံ လာခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့အနီးကပ် အတွင်းရေးမှူး သဖွယ် ဖြစ်ခဲ့တဲ့ဒေါ်ခင်ကြည် အဖို့ လွတ်လပ်ရေးရပြီးရင် တိုင်းပြည်ကို ဒီမိုကရေစီ လမ်းကြောင်း ပေါ် တင်ပေး ချင်တဲ့
ဗိုလ်ချုပ် အောင်ဆန်းရဲ့ လမ်းစဉ်၊ လုပ်ပုံ ကိုင်ပုံ၊ စိတ်စေတနာတွေကို ပိုမိုနားလည် လေ့လာခွင့်ရခဲ့တာဟာ သူမအတွက် ဒီမိုကရေစီ ခေါင်းဆောင်ကောင်းဒေါ်အောင်ဆန်းစုကြည်ကို သွန်သင်နိုင်ဖို့ အခွင့်အရေးရဲ့ လမ်းစ ကို ရလိုက်တာပါပဲ။ ဒီလိုနဲ့ ဒေါ်ခင်ကြည်ဟာ မိခင်နဲ့ ကလေး စောင့်ရှောက်ရေး အဖွဲ့ (MMCWA)မှာ ညွှန်ကြား ရေးမှူး ဖြစ်လာ ပါတယ်။ နောက်ပိုင်းမှာ သူမရဲ့ စည်းကမ်း ကြီးမား လှတဲ့ စီမံခန့်ခွဲအုပ်ချုပ်မှု စွမ်းရည် တွေကို လူအများ မြင်တွေ့ခွင့်ရခဲ့ကြ ပါတယ်။ သူမဟာ အာဇာနည်တွေရဲ့ မိသားစုတွေကို အစိုးရက ပေးတဲ့နစ်နာကြေး ဂုဏ်ပြုဆုကို လက်ခံဖို့ ငြင်းခဲ့ပါတယ်။ တိုင်းပြည်ဆီက ဘာမှပြန်မယူဘဲ တိုင်းပြည် အတွက်သာ ကိုယ်က လုပ် ပေးမယ်လို့ အစဉ်တစိုက် ကြွေးကြော် ခဲ့တဲ့ဗိုလ်ချုပ်ရဲ့ ဇနီး ပီသလှ ပါပေတယ်။

မှတ်ချက် ။ ။ရောင်ခြည်သစ်မှ မျှဝေပါသည်

ကိုယ်တို့ဗိုလ်ချုပ် ဒေါ်ခင်ကြည် ကိုဘယ်လိုများ ပိုးပမ်းခဲ့ ပါလိမ့် ? သိတဲ့ သူတွေရေးကြစမ်းပါ