Sunday, February 20, 2011

ဘိုးဘိုးမြေးရဲ့မျိုးဆက်ပုံရိပ် (၂)

ပါမောက္ခဦးသာထိုကွယ်လွန်သွားတာကိုအင်တာနက်မှာတွေ့တော့မှ ရန်ကုန် အိမ်ကိုအပြေးအလွှားသွားပြီးသတင်းမေးရတယ်။ အန်တီလေးကတော့ ကျန်းကျန်း မာမာပါပဲ။ ခိုင်ထူးလည်းပြန်ရောက်နေတော့ သူ နဲ့ပါတွေ့ ခဲ့တယ်။ မန်းတက္ကသိုလ် ၀န်းထဲမှာနေ တုံးက ခလေးတွေကော မိဖတွေကောခင်ခင်မင်မင် နဲ့ကြီးပြင်းလာကြတာလေ။မန်းတက္ကသိုလ်ထဲမှာ ပါမောက္ခ တွေအတွက် ဆောက်ထားတဲ့၂ထပ် တိုက်အိမ်၁၀လုံး၅တန်းစီ ဆောက်ထားတာ။ဘိုးဘိုးတို့အိမ်ရှေ့ကလမ်း ကိုတော့တက္ကသိုလ်အုပ်ချုပ်ရေးကအဖေနေတဲ့လမ်း ဖြစ်တာကြောင့် “နတ်ရှင်နောင်လမ်း“ လို့အမည်ပေးခဲ့ တယ်။ အိမ်ရှေ့မှာ တင်းနစ်ကွင်းတွေပဲရှိတယ်။ နောက် မိုးလုံလေလုံ အားကစားရုံ၊ စာတိုက်၊ ဘော်လီဘောကွင်းတွေရှိပါတယ်။ အိမ် ၁၀လုံး မှာ နံပါတ် ၁ က ပါမောက္ခဒေါက်တာခင်မောင်နဲ့မြန်မာစာက ပါမောက္ခဒေါ်လှမြတ်၊ နံပါတ်၂ ကအန်တီပါမောက္ခဒေါ်ကြည်ကြည်လှနဲ့ ဗိုလ်မှုးမျိုးမြင့် (ဗိုလ်မြင့်အုန်းမိဘ)၊ နံပါတ်၃ ကရူပဗေဒပါမောက္ခဦးကျော်မြင့်၊ သူ့အရင်က Ford Foundationနဲ့ လာတဲ့ Professor Owen နံပါတ်၎ ကပါမောက္ခဦးသာထို၊အန်တီလေး၊ နံပါတ် ၅ ကပါမောက္ခဦးသိန်းမောင်နဲ့ အန်တီသန်း နံပါတ် ၆ က Professor Ali နဲ့ မိသားစု ရုပဗေဒဌာနကပဲ။ သူ့သားတွေထဲကလှမောင်တို့ စိုးမြင့် တိုကရန်ကုန်မှာ လုပ်ငန်းရှင်တွေပဲ။ နံပါတ် ၇ ကတော့မေ့နေပြီ။ နံပါတ် ၈ ကအင်္ဂလိပ်စာပါမောက္ခ မစ္စတာ မူနီ၊ နံပါတ် ၁၀ ကဘူမိဗေဒပါမောက္ခ မစ္စတာ ဆရင်း အိန္ဒိယတက္ကသိုလ်တစ်ခုက ဧည့်ပါမောက္ခအနေနဲ့ လာတာဖြစ်တယ်။ သူတို့မိသားစုတွေ အသီးသီးနေကြတယ်။ သမီး လေးက ဘွားဘွားကျွဲ နဲ့ ရွယ်တူပဲ။

ဘိုးဘိုးတို့အိမ်ရှေ့နတ်ရှင်နောင်လမ်း က လူရှင်းတယ်။ကျောင်းသားကျောင်းသူတွေတကူးတက လာမှပဲရောက် တယ်။ အိမ်ရှေ့ တင်းနစ်ကွင်းကျော်ရင် ရွှေပြည်အေး ယောက်ျားလေးအဆောင်၊ အိမ်ရှေ့ကများ ဆေးရုံသွားတဲ့ ကျောင်းသူတွေ ဖြတ်လျှောက်သွားလို့ကတော့်ဝရံတာကနေကျောင်းသားဘာဝ “မပြောမရှိကြနဲ့ ” လို့အော် ကြတယ်လေ။ရွှေမန်ဆောင်ဆိုတာနံမည်ကြီး မိန်းခလေးဆောင်၊နောက်ဘေးကသစ္စာဆောင်ရှိတယ်။ ရွှေမန်းဆောင် ရှေ့မှာ မြင်းလှည်းတွေဂိတ်ထိုးတယ်။ ဘိုးဘိုး တို့မောင်နှမတွေ မြင်းလှည်းနဲ့ လပေး စီးပြီး ကျောင်းတက်ရတာ။ ဘိုးဘိုးတို့ညီအစ်ကို၂ ယောက်က စိန်ပီတာ၊ ဘွားဘွားကျွဲကစိန်ဂျိုးဇက်ကွန်ဗင့် ကိုနေ့တိုင်း သွားရတာလေ။ မြင်းလှည်မောင်းသူက ပုဏ်ဏား လူမျိုး မြင်း ၂ကောင်ရှိတယ်။မနက် ၁ ကောင် ည ၁ ကောင် ညှာပြီး ခိုင်းတယ်။ အဲဒီတုံးကမန္တလေးက ကားသိပ်မပေါသေးဘူး။ မြင်းလှည်း ပဲ စီးကြတယ်။ကြီး လာမှ ကျောင်းကားနဲ့ကျောင်းတက်ရတာ။ အပြန်ကြရင် ဘိုးဘိုး ကမြင်းလှည်းမောင်းသင်တယ်။ နံပါတ် ၉ နတ်ရှင်နောင်လမ်း အိမ်မှာခြံကလည်းကျယ်တော့ အဖေ နဲ့ အမေ က နှင်းဆီတွေစိုက်ကြတယ်၊ နှင်းဆီပန်း တွေကို အိမ် ကထမင်းချက် က ရွှေမန်းဆောင် မှာ သွားရောင်းပေးတယ်။ အပျော်စိုက်တာပေါ့။ ဆောင်းတွင်း ရောက်ရင် အဖေ ကစိန်ချယ်၊ဟောလီဟောစ်၊ ပေါ်ပီ၊ ပန်းတွေစိုက်တယ်။ အငှားနဲ့မြေ ကို ပြုပြင် ခိုင်းတယ်။ရေ ကို ကိုယ် တိုင်လောင်းတယ်။

အိမ်ရှေ့မှာ ရေမြောင်း တွေရှိတယ်။ Estate Engineer ကသူ ဂျစ်ကားလေးနဲ့ မန်းတက္ကသိုလ်တ၀န်း လုံး လိုက် ကြည့်နေတာ၊ မြောင်းတွေက ရေစီးရေလာအင်မတန်ကောင်းတယ်။ အဲဒီတုံးက မြန်မာပြည်ကြီး မပျက်စီးသေး ဘုးလေ၊ သူ့အလုပ်သူတာဝန်ကျေကျေ လုပ်ကြတယ်။ ညနေကြရင် မိသားစု ပန်းခြံထဲထွက် ပြီး ဘိုးဘိုး တို့က ရေပုံးတွေဆွဲ မနိုင်မနင်းနဲ့ ရေလောင်းကြ ပြီ။ ဟင်းသီးဟင်းရွက်တွေ လည်း စိုက်တော့ လတ်လတ်ဆတ်ဆတ် စားရတယ်။ ဦိးလေးအောင်ထွန်းလူပျိုးတုံးကအောက်ထပ်မှာ တစ်ခန်းအိပ်တယ်။ အပေါ်မှာအိပ်ခန်း က ၃ ခန်း ဆိုတော့ ညီအစ်ကို ၂ ယောက် ကတစ် ခန်းနေကြတယ်။ ညဆိုရင် အဖေ ကကျောင်း ကယူလာတဲ့ အလုပ်တွေ လုပ်တယ်။ စာဖတ်တယ်၊ ဘိုးဘိုး တို့ ငယ်ငယ် ကအဖေစာသိပ်မရေးဖြစ်ဘူး။ တက္ကသိုလ်ကျောင်းက အလုပ်၊ စာသင်တဲ့အလုပ်နဲ့ပဲအလုပ်ရှုပ်နေတာများတယ်။ ဘိုးဘိုးတို့မောင်နှမတစ်တွေ ကိုယ့် အသိနဲ့ ကိုယ် စာဖတ်တယ်၊ homework ရှိ ရင် လုပ်တယ်၊ အမေနဲ့အဖေ ကဘာမှ မပြောရဘူး။ အခုခေတ် မိဖတွေ လိုတုတ်တစ်ချောင်း ကိုင်ပြီး စာကျက်ဆိုတာ လည်းမပြောရဘူး၊အဲဒီအချိန်ကတည်းက အမေ ကတော့ ဦးဝိမလတရားစာအုပ်တွေဖတ်နေပြီ။

ဘိုးဘိုးတို့အဖေကရီရတယ်။အကုန်သူ့ဖါသာလုပ်တယ်။ကားလည်းပြင်တတ်တယ်။တစ်ခုခုလုပ် လို့အောင်မြင်သွား ရင်သားသမီးတွေကို ဒါ MA အောင်ထား လို့ လုပ်တတ်တာ လို့ပြောတယ်။ နဲနဲ ကြီး လာတော့ MA နဲ့ဘာဆိုင်လို့လဲ ပြန်မေးမိတယ်။အမှန်တော့ သားတွေ သမီးတွေစာကြိုးစား ချင်အောင်ပြောတာပါ လားလို့ ကြီးလာမှ သဘောပေါက်တယ်။ အဖေကကြွားဝါတတ်တဲ့သူမှမဟုတ်တာ။ အမေက ပြောဘူးတယ်။ ဘိုင်စကုတ်ဂျပိုး လုပ်တုံး ကလည်း ရုပ်ရှင်ပြတဲ့စက်ပျက်ရင်သူကလိသေးတယ်တဲ့။ အမေနဲ့အဖေ ရတော့ တောင်ငူမှာဘိုင်စကုတ်ရုံထောင်သေးတယ်လေ။အဲဒီအလုပ် ကို အမေ ကဂျပိုးအလုပ် လို့ပြောတာ။ အဖေတောင်ငူမှာ နေတော့အလုပ်ကစုံတယ်။ သစ်ကုန်သည် လည်း လုပ် လိုက်သေးတယ် လို့ပြောတယ်။ သူရုပ်ရှင်ရုံ ကို ရင်စီနီမာ လို့အမည်ပေးထားတယ်။ အဖေရဲ့ အဖေ ကဦးဖိုးရင်လို့ခေါ်တော့“ရင်” ကိုယူလိုက်တာ။ ဖဆပလအမတ်လောင်းတွေရွေးတော့ဗိုလ်ချုပ်အောင်ဆန်းက ကိုချမ်းမြ ခင်ဗျားတောင်ငူကနေ အရွေးခံ လို့ပြောတော့ အရွေး မခံ ရပါစေနဲ့ ဆိုပြီး မနည်းလိုက်ဖျက်တယ်။ အဖေပြောတော့ ငါ ကျောင်းဆရာပဲ လုပ်ချင်တာ၊ အဲဒီအလုပ်တွေကစစ် ပြီးစမို့ ခေတ္တပဲ လုပ်တာ လို့ပြောတာပဲ။ ဘိုးဘိုး တို့နည်းနည်းကြီးလာတော့ ဘာတွေးသလဲ သိ လား၊? ဖဆပလအမတ်သာလုပ်မိရင် ဒီနွံထဲကရုန်းမထွက်နိုင်ပဲ စစ်တပ်က အာဏာ သိမ်း တော့ ငါ့အဖေထောင်ထဲပါသွားနိုင်တယ် လို့ ဘိုးဘိုးတို့တွေးမိကြတယ်။ အဖေကထောင်ကျဘူး တယ်၊ တောင်ငူကို ကရင်သူပုန်တွေ သိမ်းတော့အဖေတို့ ကိုတောင်ငူရဲ့ မြို့ မျက်နှာ ဖုံးဆို ပြီး တောင်ငူထောင်ထဲ ထည့်ထားတယ်။ အဖေအစ်ကိုဝမ်းကွဲတရားသူကြီးဦး စိန်ရင် လည်းပါတယ်။ထွက်ပြေး လို့ လည်းမရတော့အဖမ်း ခံ လိုက်ရတာပေါ့။ အမေ ခမျာဦးစိန်ရင်မိန်းမ ကြီးကြီးဒေါ်နှုင်းရီနဲ့ အဖေ တို့တစ်တွေလွှတ်ပေး ဖို့ အတွက် ကရင်စစ် ဗိုလ်တွေဆီသွားပြီး မျက်ရေခံထိုး တောင်းပန်ပေမဲ့ လည်း မရခဲ့ ဘူး။ ဘယ် လိုမှ ပြောမရတော့ ဘုရားတရားပဲ တနေရတာပေါ့။ အဖေကိုယ် တိုင်“ကော်သူလေး အကျဉ်းသမား“ ဆိုပြီးဆောင်း ပါးရေးဘူးတယ်။

ဘိုးဘိုးကအလွန်ငယ်သေးတဲ့အချိန်ပေါ့။ပုလုံးလောက်ရှိပြီထင်တာပဲ။တစ်နှစ်တောင်မပြည့်သေးဘူးထင်တယ်။အမေ ရဲ့ အတွေ့အကြုံတွေ ကိုအမေ ကဘိုးဘိုး တို့ ကြီး လာမှပြောပြောပြ လို့ဒါတွေသိရတာ။ကရင်ခေတ်က ကျီးလန့် စာစာ နေ နေကြရတာလေ။ အမေခမျာ မန္တလေး ကလိုက် လာပြီးတောင်ငူမှာ ဒုက္ခတွေ ကြုံရတာ။ အဲဒီအချိန်တုံးကထဲ က ရောင်စုံသောင်း

ကျန်းသူတွေထကြွကြတာဒီနေ့တိုင်ပဲနော်။ ဒီအဖြစ်အပျက်တွေက ဘိုးဘိုး တို့ အတွက် ညအိပ်ရာဝင်ပုံပြင် တွေပဲလေ။မှတ်မှတ်ရရ ထောင်ထဲက စောင်ကြီးတစ်ခု ကိုအဖေ ကအမှတ်တရယူလာတယ်။ ဆောင်းတွင်းရောက်ရင်ထောင် စောင်ကြီး ကလေးတော့ ဂွမ်းစောင်အောက်ကခံ ခြုံ ရင်တော်တော်နွေးတာပဲ။ ဘိုးဘိုး တို့တစ်တွေ လုလုခြုံကြတာ မှတ်မိသေးတယ်။အဲဒီစောင်ကြီး က မန်းတက္ကသိုလ်ကျောင်းထဲထိပါလာတယ်။

ထောင်ထဲမှာသူကိုစောင့်ရှောက်တဲ့ ဦးမာဒင်ကြီး ကို လည်း မန်းတက္ကသိုလ် ထိလိုက် လာအလုပ်တောင်းတော့ အိမ်နောက်က အလုပ်သမားတန်းလျားမှာနေ ခိုင်းပြီး မန်းတက္ကသိုလ်မြန်မာစာဌာနမှာ ရုံးအကူ ခန့်ပေးခဲ့တယ်။ အဖေ အပေါ်မှာ အလွန်သစ္စာရှိသောလူများဖြစ်တယ်။ အဖေကအလုပ်လုပ်တဲ့အခါ အတော်စနစ်ကျ တယ်။ အိမ်မှာ အဖေရဲ့ slogan တွေကအများကြီးပဲ။ မှတ်တောင်မမှတ်မိဘူး။ အမေများစိတ်များ လို့ တစ်ခုတလေများ ချို့ယွင်းသွား လို့တော့ သူစာကြည့်ခန်းမှာ slogan တစ်ခုရောက်သွားပါလေရော။ အများသူ ငါနဲ့ဆက်ဆံ လို့တစ်ခုခုလိုသွား ခဲ့ ရင်လည်းသူ့ကိုယ်သူသတိပေးတဲ့အနေနဲ့ slogan တင်တော့တာပဲ။

သားသမီးတွေက slogan တွေများတော့ ရှက်တာပေါ့လေ။ အဲဒီ လိုပဲဦးသာဓုကြီး လုပ်တတ်တယ် လို့ သုမောင်စာတွေထဲမှာ ဖတ် လိုက်ရတယ်။ မြေးလေးဘွားကျွဲ ငယ်ငယ်ကမန္တလေးဆေးရုံမှာ အလုပ်သင်ဆရာဝန် လုပ်တော့ အိမ်ပြန်ရောက်လာရင် မွေးခန်းက နပ်စ်မတွေ အပါးခိုလို့ဆူရတဲ့ အကြောင်း အဖေနဲ့အမေ ကိုပြောပြတဲအခါ အဖေက“ သမီးလူတွေကိုအောက်ကြို့ လို့ဘာမှ မဖြစ်ဘူး။ဒါပေမဲ့ ကိုယ်မှာ ပညာတွေအများကြီးတတ်လာတဲ့အခါ ကိုယ်ကို ကိုယ် နှိမ့်ချပြီး ဆက်ဆံပြောဆိုရ တယ်။” လို့ဆုံးမတယ်။ အမေကတော့ ”သမီး ရယ် သမီး ခိုင်းရင်အဆင်ပြေအောင်လူတွေကို ကျွေး ချိန်တန်ကျွေး သာသာချိုချိုနဲ့ ခိုင်းပေါ”့ လိုပြောတယ်။ အမေက မန္တလေးစိုက်ပျိုးရေးတက္ကသိုလ်ကRector ဦးသန်းထွန်း (မန်းဆေးတက္ကသိုလ်က ပါမောက္ခချုပ်ဒေါက်တာသန်းဝင်းဖခင်) ရဲ့ယောက္ခမကြီးကို စံနမူနာယူခိုင်းတယ်။ သူအိမ်မှာ လုပ်တဲ့ ယဉ်မောင်းက အဖွားကြီး ကတစ်ခုခုခိုင်းရင် အင်မတန်မှ စကားပြောချိုသာတာပဲတဲ့။ သားရေ အဘွား ကို ဘာလုပ်ပေးပါအုံးနဲ့ သူပြောတာကြားတာနဲ့ပင်လုပ် ဖို့ထိုင်ရာကထနေပြီတဲ့။ အမေကိုသူတို့ယဉ်မောင်းကပြန်ပြောပြ လို့ အမေ ကမှတ်ထားပြီး ဘိုးဘိုး တို့ ကိုအမြဲပြောပြတာ။ လူတွေနဲ့ဆက်ဆံတဲ့အခါ အထက်စီး ကမနေမိ ဖို့ ကို ပြောတာ။ဘွားကျွဲ လည်းအမေ ပြောသလို လုပ် လိုက်တော့ တစ် လအတွက်း နပ်စ်တွေက မမ၊မမ နဲ့နေတော့တာပါပဲတဲ့။

အဲဒီ လိုပဲ ဘိုးဘိုး တို့ကဒီ လိုအဆုံးအမအောက်မှာ ကြီး ပြင်း လာရတာ။

ဘိုးဘိုးတို့ကတော့ယုံကြည်တယ်လေ။ အဖေနဲ့အမေ ဆုံးမသွန်သင်မှုအောက်မှာ ကြီးပြင်း လာရလို့ သားသမီး တွေအားလုံး ယဉ်ကျေးသိမ်မွေ့ကြတယ်ထင်တာပဲ။ ဒါကြောင့်သားသားမေမေ ကို လည်း ဘိုး ဘိုး ကအဲဒီနမူနာ တွေယူပြီးသွန်သင်ဆုံးမနေရတာပေါ့။ ပညာတွေတတ်လာရင် ပညာမာနမတက်ရဘူး။ ပိုပြီးတော့ တောင် ကိုယ်ကိုကိုယ်နှိမ့်ချဆက်ဆံရတယ်။ ဘိုးဘိုးကစက်မှုတက္ကသိုလ်ကျောင်းပိတ် လို့အိမ်ပြန်ရင် အဖေရဲ့ စာအုပ်စဉ်ကစာအုပ်တွေဖတ်တာပဲ။သိပ္ပံမောင်ဝရဲစာတွေကိုကြိုက်တယ်။အောက်စဖို့တက္ကသိုလ်မှတ်တမ်းစာအုပ်ဆိုအကြိမ်ကြိမ်ဖတ်တယ်။ အဲဒီတက္ကသိုလ်ကြီးကို သွားတက်ချင်တဲ့စိတ်တွေတဖွားဖွားပေါ်လာခဲ့တာပေါ့။ အလုပ်ဝင်တော့ ကံကောင်း ထောက်မစွာ အင်္ဂလန်ကိုပညာတော်သင် ၂ နှစ်သွားခွင့် ရတယ်လေ။ အောက်စ်ဖို့တော့မဟုတ်ဘူး။ Cranfield University Silsoe College မှာ ပညာသင်ရတာ။ နွေရာသီကျောင်း ၃ လပိတ်တော့ OxfordUniversity ရှိတဲ့ Oxford မြို့ မှာ သွားနေပြီး အနားမှာ ရှိတဲ Culham မှာ နွေရာသီ trainingသွားတက်တယ်။ အဲတော့ စနေ၊တနင်္ဂနွေဆိုရင် Oxford University တစ်ခုလုံးပြဲပြဲစင်အောင်လည်ခွင့် ရခဲ့တယ်လေ။ အဲဒါဘိုးဘိုးရဲ့ဆန္ဒပြည့်ခဲ့ ရတာပဲ။

ကဲပုလုံးရေ-- ကြီး လာရင်ဘိုးဘိုးတို့မျိုးဆက်ပုံရိပ် ကိုဖတ်နော်။

No comments: