Wednesday, February 25, 2015

မြေးအကြီး Mickey ၅ နှစ်ပြည့် ပြီ

ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့ကမြေးအကြီး လင်းမြတ်အောင် ၅ နှစ်ပြည့်ခဲ့ပါပြီ--စိတ်မကောင်းစရာကတော့ 
ခလေးက စား သလောက် သှူု၏ကိုယ်ခန္ဓာဖွံ့ ထွားလာမှုကိုအားမရခဲ့ပါဘူး။ရန်ကုန်အိမ်မှာအိမ်စောင့်ပေး
နေတဲ့အိမ်ဖေါ်အမျိုးသမီးကြီးနာမကျန်းဖြစ်လာတာကြောင့် သူ့ ရဲ့ သမီးအိမ်မှာသွားနေ နေရပါတယ်။ဒါကြောင့် အိမ်မှုကိစ္စအဝဝကိုလုပ်ပေးမဲ့သူမရှိတော့လတော်တော်ကြာကြာစင်ကာပူမှာနေဖို့အခက်
အခဲရှိလာပါပြီ။ ကိုယ်ပိုင်အိမ်ကိုစီမံခန့်ခွဲပြီးနေရတာကို သမီးဖြစ်သူက “အဖေ ဥစ္စာခြောက်နေတယ်“လို့တောင်အပြောခံရပါတယ်။ မြေအတွက် ဂရန်လုပ်ရ
တာတွေ၊ အိမ်ကိုထိန်းသိမ်းပြုပြင်နေရတာတွေ၊ဟာ ငါ့အိမ် ငါ့မြေဆိုပြီး ဥစ္စာခြောက်နေတာ တော့မဟုတ်
တာသေချာပါတယ်။မြေးတွေ နဲ့ သမီးမိသားစုအားလုံး--သူတို့ နောင်ရေးအတွက်ပါ၊ ရှမ်းခေါင်းဆောင် ဦးခွန်ထွန်းဦးပြောသလို ကိုယ်ရဲ့ စုဘူးပါ။ကိုယ်သေသွားပြီးတဲ့နောက်ပြသာနာတွေမကျန်ရစ်ရလေအောင်ကြိုတင်လုပ်ထားရတာကိုနားလည်ပေး
ဖို့ကောင်းတယ်။ ၁၉ ၈၆ ခုနှစ်ကတည်းက၀ယ်ထားခဲ့တဲ့ မြေ ကိုအခုမှ အခွင့်သာလာလို့ ဂရန်လျှောက်လို့ရတယ်ဆိုလို့ ဂရန်လျှောက်ရတာပါ။ ဘီးလတ်ကပညာတော်သင်ပြန်လာပြီးပါလာတဲ့ငွေနဲ့ ဒိုင်နာကားဝယ်--ရောင်းပြီး ရတဲ့ငွေ နဲ့ ကွယ်လွန်သူဇနီးသည်ဝယ်ခဲ့တဲ့မြေနေရာပါ။ကိုယ့်ဖါသာဆိုရင်ဝယ်ဖြစ်ခဲ့မှာ မဟုတ်ပါဘူး-devoted ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်တဲ့အတွက် ငါဆိုတဲ့ သက္ကာရဒိဌိ ပျောက်အောင်တော့အမြဲနေထိုင်ပါတယ်။ဒါပေမဲ့ မဖြစ်ခဲ့ပါဘူး။

ကဲ--မြေးတွေအကြောင်းဆက်ရအောင်--မြေးအငယ်မွေးလာပြီးတဲ့ ၉ လအတွင်းမှာမြေးအကြီးဟာ စိတ်ဒဏ်ရာတဖြည်းဖြည်းရလာခဲ့တဲ့ လက္ခဏာတွေအများကြီးတွေ့ လာပါတယ်။သူ့ကိုမိဘ ၂ ပါးနဲ့ တကွ အဖိုးကကောမချစ်ကြတော့ဘူးလို့သူ့ စိတ်မှာထင်လာဟန်တူပါတယ်-- ဘာကြောင့်လဲဆိုတော့ အခုတစ်ခေါက်လာတော့ Pho Pho do you love me? လို့မေးလာပါတယ်။ ဒီမေးခွန်းကို အဖေအမေကောအိမ်လာလည် တတ်တဲ့ မိတ်ဆွေတွေကိုပါမေးလာတတ်တာပါ။ဒါဟာသာမန်မေးခွန်းပဲလို့ ယူဆစရာရှိပေမဲ့ မောင်တိုင်ပင်ကတော့ ဒီလိုမထင်ပါဘူး--သူ့ကိုမချစ်ပဲ ညီလေးကိုပဲ အားလုံးကချစ်နေကြတယ်ထင်ပြီး စိုးရိမ်စိတ်နဲ့မေးတယ်လို့ ယူဆပါတယ်။ သူ့မျက်နှာလေးဟာအားငယ်စိုးရွံနေတဲ့ မျက်နှာလေးဖြစ်နေပါတယ်။ မောင်တိုင်ပင် ပြန်ရောက်ရောက်ချင်းအဲလိုတွေ့ ရတော့ ခလေးအတွက်အရမ်းစိတ်မကောင်းဖြစ်မိပါတယ်။ညီအစ်ကို မောင်နှစ်မတွေအချင်းချင်းကြား မနာလိုဝန်တိုမှုတွေဖြစ်တတ်တယ်ဆိုတာ
မိဘ ရဲ့ သွန်သင်ဆိုဆုံးမတတ်မှုအပေါ်အများကြီးမူတည်ပါတယ်။ပွင့်လင်းစွာပြောရရင် သမီးအမေ ရဲ့ မိသားစုအတွင်းမှာသမီးအမေဟာ သိုးမဲ ဖြစ်ခဲ့ပါတယ်။မိဘတွေအနက်အမိဖြစ်သူက ဘက် လိုက်တတ်ပါတယ်။ဖခင်ကအင်မတန်အေးဆေးစိတ်ထားကောင်းပါတယ်။ ခွဲခြားဆက်ဆံခံရတာကြောင့် ဇနီး ဖြစ်သူဟာ အလိုလို သိုးမဲ ဘ၀ရောက်ခဲ့တာပါ။

သူတို့ဟာမျိုးရိုးကိုလိုက်ပြီးမိသားစုအတွင်းမှာတစ်ယောက်နဲ့တစ်ယောက်အပြိုင်ဖြစ်နေခဲ့ပါတယ်။မောင်တိုင်ပင်ဘက်မှာတောအသက်၆၀ကျော်လာသည်အထိညီအစ်ကိုမောင်နှစ်မ ၃ ယောက်လုံးဟာ
တစ်ယောက်နဲ့တစ်ယောက် ချစ်ခင်ယိုင်းပင်ကူညီကြတုံးပါ။ အမိဘက်ကသွေးများပါလာလို့လားမသိ အခုမောင်တိုင်ပင် သမီးဖြစ်သူဟာတစ်ဦးတည်းသမီးဖြစ် ပေမဲ့ သိုးမဲ လိုစိတ်ဓါတ်မျိုး ရှိနေသလား
လို့ ထင်မိပါတယ်။တစ်ဦးတည်းသောသမီးပီပီ တစ်ကိုယ်ကောင်းစိတ်ဓါတ် အပြည့်ရှိတာတွေ့ ရပါတယ်။ဒေါသလည်းအင်မတန်ကြီးပါတယ်။ ဒါကြောင့်ငယ်ငယ်ရွယ်ရွယ်နဲ့ နှလုံးရာဂါ လည်းဖြစ်လာနိုင်ပါတယ်။
ငယ်စဉ်က ဖခင်ဖြစ်သူက အစိုးရအလုပ်မှာအချိန်ပြည့် လုပ်နေရတော့ သူအတွက် အချိန်မပေးနိုင်တာကို
ယခုထိမကျေနပ်နိုင်ပါ။ဘွဲ့  ၂ ခုနဲ့ လူတစ်လုံးသူတစ်လုံးဖြစ်လာအောင် (စင်ကာပူမှာ ပညာ သင်နိုင်သည်အထိ) လုပ်ပေးခဲ့တာတွေဟာ သဲထဲရေသွန်လိုက်သလိုပါပဲ။ ရှိပါစေ။ မောင်တိုင်ပင်အတွက် မြေးလေး ၂ ယောက်မွေးထားပေးတာနဲ့ တင်ကျေးဇူးတင်နေရပါတယ်။

မြေးအကြီးဟာအပြင်စာ မ စားတတ်ပါဘူး။ဒီလိုမစားတတ်တာကို သမီးတို့မိဘ နှစ်ပါးစလုံးကဂုဏ်
ယူနေကြပါတယ်။ခလေးဟာကျန်းမာရေးနဲ့ပြည့်စုံပြီးအများသူငါခလေးတွေကြိုက်တဲ့ အစားအစာကို မကြိုက်ဘူး မစားဘူးဆိုရင်မြေးကြီးရဲ့ စိတ်ပိုင်းဆိုင်ရာကို မိဘတွေကပြုပြင်ပေးရမှာပါ။အခုတော့ အပြင်မှာသွားစားလို့ သူကို တစ်ခုခု ကျွေးရင်မြေးကြီး ရဲ့တုန့်ပြန်မှုကတော်တော်ပြင်းထန်ပါတယ်။I don't want to eat လို့ ပြောပြီး coke မှာသောက်ရင်သောက်ပါတယ်။စားတဲ့သူတွေအနှောက်အယှက်ဖြစ်အောင်
လုပ်တတ်ပါတယ်။ ဒါကို သူ့ မိဘ ၂ ပါးက ရစ် တယ်လို့ယူဆပါတယ်။အမှန်ကတော့ ခလေးကိုသူနားလည်
လာအောင်ပြောပေးဖို့  စိတ်ရှည်သည်းခံမှုလိုအပ်တာပါ။ အဖိုးဖြစ်တဲ့မောင်တိုင်ပင်အပါအဝင်မိဘ ၂ ပါးကအခုမှာစားတဲ့အစားအသောက်ကဘယ်လိုကောင်းတာ--စသည်ဖြင့် ပြောပြီးချော့မောကျွေးရမှာပါ။အဖိုးတာဝန်လည်း မကင်းဘူးလို့ယူဆပါတယ်။

မြေးအကြီးက အဖေ ကိုပိုကပ်ပါတယ်။ အမေကအချိန်ပြည့်အော်ဟစ် ငေါက်ငမ်းနေတော့ မကပ်တော့တာ
ပါ။ မိဘဆိုတော့မချစ်တာလည်း မဟုတ်ပါဘူး၊ ကိုယ်ဝမ်းနဲ့လွယ်မွေးထားတာပဲ၊ မချစ်ပဲနေမလား၊ဒါပေမဲ့မိဘတွေဟာခလေးရဲ့စိတ်ပိုင်းဆိုင်ရာဖွံဖြိုးတိုး
တက်လာမှုကို လိုက်ပြီး ဆုံးမသွန်သင်တတ်ဖို့လိုပါတယ်။ ၅နှစ်အရွယ် ပုံမှန်ခလေးဟာ ၅နှစ်ရွယ် အသိတရား ပဲရှိမှာပါ။သူရဲ့ စိတ်တိုးတက်ပြောင်းလဲလာအောင်ဆုံးမသွန်သင်ဖို့ စိတ်ရှည်သည်းခံမှု လိုအပ်ပါတယ်။ ဒေါသကြီးနေလို့ မရပါဘူး။စင်ကာပူကယောက်ျားလေးတွေဟာဆိုးတယ်-- ငယ်ငယ်ကတည်းကကြောက်အောင်လုပ်ထားရမယ်ဆိုပြီးတယူသန်အယူအဆ နဲ့ ကြိမ်လုံး တစ်ချောင်းဝယ်ထားကာအချိန်ပြည့် ကြိမ်းမောင်းအော်ငေါက်နေလို့ကတော့ခလေးဟာစိတ်ဒဏ်ရာ ပဲ ရပြီး ကြီးလာတဲ့ အချိန်မှာ ဆိုးသွမ်းလာပြီးမိဘကွယ်ရာမှာ မဟုတ်တာလုပ်တတ်တဲ့ခလေး ဘဝ ကိုကူးပြောင်းရောက်ရှိသွားနိုင်ဖို့ အလားအလာရှိနေနိုင်ပါတယ်။မြေးအကြီးကို အဖိုးကိုင်တဲ့ အိုင်ပက်ပထမဂျင်နရေးရှင်း ကိုမွေးနေ့လက်ဆောင်ပေးထားပါတယ်။ အိုင်ပက် အသုံးပြုပုံကို များစွာ မသင် လိုက်ရပါ။သူ့ဖါသာ ကျွမ်းကျင်စွာ အသုံးပြုတတ်ပြီးEnglish speaking, stories, nursery songs, cartoon, တို့ကိုကြိုက်နှစ်သက်ပြီး ထူးထူးခြားခြား အင်္ဂလိပ်လို animationလုပ်ထားတဲ့ ဗုဒ္ဓဝင် ကိုအရမ်းနှစ်သက်တာကိုတွေ့ ရပါတယ်။အိုင်ပက်ကိုကျောင်းကပြန်လာပြီး အိမ်စာတွေ လုပ်ပြီးရင်ကိုင်ခွင့်ပြု ထားပါတယ်။ ၂၀၁၄ လေးနှစ်မြောက်မွေးနေ့ တုံးက မောင်တိုင်ပင်မျက်လုံးကြောင့် မကိုင်လို တော့တဲ့ အိုင်ပက်မီနီ ကိုမြေးအကြီးအတွက် မွေးနေ့လက်ဆောင်ပေးခဲ့ပါတယ်။သို့သော်မြေးအကြီးကိုကြမ်းကြမ်း
တမ်းတမ်းကိုင်လို့ဆိုပြီးယနေ့ တိုင်ကိုင်ခွင့်မပြုပါ။ စပေါ်ခါစ အိုင်ပက် သည် version နိမ့်ပါတယ်။နောက်ပိုင်း angry bird ဂိမ်းအချို့ တောင် ဒေါင်းလုပ် လုပ်၍မရပါ။

အိုင်ပက်မီနီကိုမွေးနေ့လက်ဆောင်အဖြစ်ပေးခဲ့ပေမဲ့မြေးအကြီးမှာကိုင်ခွင့်မရပဲရှေးဟောင်းအိုင်ပက်ကိုပဲ
ကိုနေရဆဲဖြစ်ပါတယ်။ အဖိုးဖြစ်သူကမွေးနေ့လက်ဆောင်ပေးပြီပဲ ပျက်ပျက် ကောင်းကောင်း ပေးကိုင်ရပါမည်။ကံကောင်းတာက မြေးအကြီး  ကအိုင်ပက်အသုံးပြုနေသော်လည်း ခလေးမျက်စေ့ ကိုကျောင်းကစစ်ဆေးပေးချက်အရ ပြသာနာမရှိသေးဘူး လို့ ဆရာမဆီကသိရပါတယ်။သို့သော် မောင်တိုင်ပင်မှာယူဆချက်တစ်ခုရှိပါတယ်။မြေးဆိုတာဆိုင်ယုံသာဆိုင်ပြီး ပိုင်ဆိုင်သူမဟုတ်ပါ။ မြေးရှိသူ သူငယ်ချင်းများလည်းဒီအချက် ကိုမေ့နေမှာ စိုးလို့ ပါ။ဒါကြောင့်အတိုက်အခံမပြောတော့ပေမဲ့စိတ်
ထဲမှာတာ့မကောင်းလှပါ--ရုပ်ဝတ္ထုပစ္စည်းတွေပေါလာတဲ့ယနေ့ခေတ်ကာလမှာအသစ်သစ်တွေပေါ်လာ
မှာဖြစ်သလို အခုကိုယ်ကိုင်နေတာတွေဟာ နောက် ကာလအနည်းငယ်အကြာမှာ မော်ဒယ် အောက်သွားမှာ ဖြစ်ပါတယ်။ဒါကိုသတိပြုမိဖို့ လိုသလို ပေါ်လာတိုင်း ၀ယ်ကိုင်နေမယ်ဆိုရင် လူလတ်တန်းစားတွေအနေနဲ့ ကြွေးတင်တာ သာအဖတ်တင်ပါမယ်။

နောက်တစ်ခုမှာ မြေးအငယ်မွေးလာပြီးနောက်ညပိုင်းအိပ်နေတာကိုအနှောက်အယှက်ဖြစ်မှာစိုးလို့ ဆိုပြီး မြေးအငယ်အိပ်နေချိန်မှာမြေးအကြီးဟာအခန်းထဲလုံးဝ ဝင်လို့မရတော့ပါ။တခါတရံအိပ်ချင်ပေမဲ့ တခါးပေါက်ဝ မှာ မျက်နှာလေးငယ်ငယ် နဲ့ ရပ်နေတတ်ပါတယ်။အဖေ၀င်အိပ်မှ လိုက်အိပ်ပါတယ်။အဖေကိုယ်တိုင်အိပ်ရာ ၀င် နောက်ကျတတ်ပါတယ်။မိခင်ကချိုချိုသာသာလာခေါ်ပြီးအိပ်ခိုင်းတာမျိုးမရှိခဲ့ ဘူးပါ။ခလေးကလည်းအော်ငေါက်နေမှာကြောက်လို့ လိုက်မှာ လည်း မဟုတ်ပါ။ ခလေးဆိုတာ ၁၀ နာရီဆိုအိပ်သင့်ပါပြီ။အဖေမပါရင် သူအိပ်ချင်သော်လည်းသမီးကအမြဲ ငေါက်ငမ်းတတ်သဖြင့် သူ့ခမျာအိပ်ခန်းထဲလုံးဝမဝင်ရဲပါ။ဒီအချက်မှာလည်းမြေးအကြီးအနေဖြင့် စိတ်ဒဏ်ရာ ရစေပါတယ်။နေ့တိုင်းလိုလို ညဥ့်နက်မှ အိပ်ရာဝင်သဖြင့် မနက်အိပ်ရာထမှာ ဘယ်တော့မှ မ လန်းဆန်းပါ။ မနက်ပိုင်းကစပြီး မလန်းဆန်းရင် တစ်နေကုန် စိတ်က မလန်းဆန်းနိုင်တော့ပါ။စင်ကာပူ မှခလေးများသည်ကျောင်း
အစောကြီးတက်ရသဖြင့် အိပ်ရာမှစောစောထရလေ့ရှိပါတယ်။သောကြာလိုညမျိုးဆိုပါက မနက် ၂ နာရီလောက်ထိ မအိပ်ကြပါ။နောက်တစ်နေ့ မနက်၁၀ - ၁၁ နာရီလောက်မှ အိပ်ရာ က ထ တတ်ကြပါတယ်။ဒါလည်း မြန်မာအမျိုးကောင်းသားသမီးတွေအတွက် အလေ့အကျင့်ကောင်းတစ်ခုဟု မောင်တိုင်ပင် မယူဆပါ။ ဒီအချိန်မှာစူးစမ်းလိုစိတ်၊သိလိုစိတ်များတဲ့အချိန်ဖြစ်ပါတယ်။အရုပ်တစ်ခုဝယ်ပေးလိုက်လို့ တစ်စစီဖြစ်အောင်လုပ်လိုက်ရင် ဖျက်ဆီးတတ်တယ်ဆိုပြီးဆူပူ ငေါက်ငမ်းနေလို့မရပါ။ သူရဲ့ စူးစမ်း လိုစိတ်ကိုဖျက်ဆီးပစ်လိုက်တာနဲ့ တူပါတယ်။ ၀ယ်ပေးလိုက်ပြီဆိုကတည်းကပျောက်ရင်ပျောက်ပါစေ၊ပျက်ရင်ပျက်ပါစေ--လစ်လျှုရှု လိုက်ပါတော့။

ဒီကနေ့မြေးအကြီးကျောင်းမှာ တရုတ်နှစ်သစ်ကူးပွဲ လုပ်တော့ သူ့အဖေအမေကိုယ်စားမောင်တိုင်ပင်
သွားတက်ပါတယ်။မနက်ကတရုတ်ဝတ်စုံအသစ် ကိုဝတ်ဆင်ပေးလိုက်သော်လည်းအဆိုပါဝတ်စုံ ဝတ်ထားရတာကိုစိတ်မှာမချမ်းသာလှပဲ ချွတ်ပစ်ချင်နေပါတယ်။တရုတ်နှစ်သစ်ကူးမိုလို့ ဒီလိုဝတ်ရတာလို့
ရှင်းပြသော်လည်းခလေးကနားမဝင်ပါ။ နောက်တခြားခလေးအချို့ ၀တ်လာတာတွေ့မှ  ဂျီ မကျတော့ပါ။ဒီမတိုင်ခင်တစ်ရက်ကလည်းခလေးဟာရေပန်းအောက်မှာရေမချိုးတတ် လို့အိမ်မှာလေ့ကျင့်ပေးပါလို့မောင်တိုင်ပင် ကိုသူ့ ဆရာမ ကပြောပါတယ်။ ဟုတ်ပါတယ်။ ပလတ်စတစ် ပုံးကြီးထဲ ၀င်ပြီး ချိုးတာ ၅ နှစ်ပြည့်တဲ့ အထိပါပဲ။ဆရာမပြော လိုက်လို့ ရေပန်း နဲ့ အိမ်မှာ ရေချိုး ပေးတော့လည်း အဆင်ပြေ ပါတယ်။ ဆရာမ စကားကိုတော့ နားထောင်သား။ဒီတစ်ခေါက်စင်ကာပူပြန်လာတော့ Mickey အရမ်းရစ်တယ် လို့ပြောလာကြပါတယ်။ အပြင်သွားရင်တကယ်ပဲတစ်ခုမဟုတ်တစ်ခု ရစ် တတ်ပါတယ်။ ထိုသို့ရစ်တဲ့အခါ လူရှေ့ သူရှေ့ မရှောင်မြေးကြီးကို အသံပြင်းပြင်းနဲ့ အော်ငေါက်တတ်ပါတယ်။မောင်တိုင်ပင် က ခလေးချစ်တတ်ပါတယ်။မိဘတွေက အလိုက်ကမ်းဆိုးမသိ တစိမ်းတွေများနေတဲ့အချိန်
မှာ ခလေးတွေရစ်ပြီဆိုလျှင် မိဘများက ရှက်ပြီးခလေး ကိုတစ်ခုခု လုပ်တတ်ပါတယ်။အဲတာကို
များမောင်တိုင်ပင်မြင်လျှင်စိတ်ထဲမှာထောင်းခနဲဒေါသထွက်ပြီး မိဘ ဖြစ်သူတွေကို နပန်ကျင်းချင်စိတ်ပင်ပေါ်လာတတ်ပါတယ်။ မြင်သူတိုင်းလည်းအဆိုပါစိတ်ပေါ်လာမယ်ထင်ပါတယ်။အခုတော့ ရံဖန်ရံခါ အပြင် ကိုလိုက်မိ လို့ ကိုယ်သမီးကိုယ်တိုင်က ကိုယ်ခလေး ကို အများရှေ့  တစိမ်းတွေရှေ့ မှာအော်ငေါက်ဆူပူနေတာကိုမြင်ရရင် အင်မတန်မှကိုစိတ်မချမ်းမသာဖြစ်ရပါတယ်။စင်ကာပူမှာ အနောက် နိုင်ငံကခလေးမိဘတွေဟာ စူပါမောတွေမှာသူတို့ခလေးတွေအော်
ဟစ်လူးလိမ့် ငိုယိုနေပေမဲ့ ဆူဖို ရိုက်ဖို့ နေနေသာကိုယ့်ခလေးကို အများရှေ့မှာစိတ်ရှည်သည်းခံစွာ ချော့မော့တတ်တာကိုတွေ့ ရပါတယ်၊ ကြုံဘူး ကြမှာပါ။အော်ငေါက်ရိုက်နှက်တာမျိုး ပြုလုပ်သူအတော်နည်းပါတယ်။အရှေ့ တိုင်းသားတွေတော့ လုပ်တတ်ကြပါတယ်။ဒါကြောင့်လည်းမောင်တိုင်ပင် အနေနဲ့ အသက်ကြီး လာတာတကြောင်း၊ဒီလိုမျိုးတွေကြုံ လာရင်စိတ်လက်မချမ်းသာဖြစ်မှာ ကို စိုးတာကတကြောင်း သမီးတို့ မိသားစု အပြင်ထွက်ရင် တတ်နိုင်သမျှ အိမ်မှာပဲနေခဲ့ပါတယ်။မြေးကြီးကိုအော်ဟစ်ငေါက်ငမ်းကြမ်းကြမ်းတမ်းတမ်းပြောရင်ကိုပင်
မောင်တိုင်ပင် အနေနဲ့စိတ်လက် မချမ်းသာပါ။ ဒီခံစားချက်ကိုမောင်တိုင်ပင်မှာ ဇနီး မရှိတော့တဲ့ အတွက် ရင်ဖွင့်စရာ တိုင်ပင်စရာမျှဝေစရာ မရှိတော့ပါ။ ဒါကြောင့် လည်း ယနေ့ ဘလော့စာစု မှာဒီရေးသားချက်ပေါ်လာရတာပါ။

မောင်တိုင်ပင် မြေးကြီး ကိုသတိထားမိတာကကျောင်းမှာ သူများတွေနဲ့ တန်းတူ participate မလုပ်တတ်တာ ရောရောနှောနှောမနေတတ်တာကိုသတိပြုမိလာပါတယ်။ အရင်ကဆိုရင် ကောင်မလေးတွေနဲ့ ကစားတာတွေ့ ရပါတယ်။ ကျောင်းရောက်တာနဲ့ အခန်းထဲဝင်သွားရင် ခုံပေါ်မှာ ငူငူ ကြီး ထိုင်နေတတ် တာကိုမကြာခဏ ချောင်းကြည့် မိ လို့ မြင်ရတတ်ပါတယ်။ဒါတွေကိုတွေ့ နေရတော့ စိုးရိမ်ပူပန်မိပါတယ်။ အပေါင်းအသင်းမဆန့်ခြင်း၊အခြားခလေးကိုဦးစားပေးလိုစိတ်မရှိပဲ တကိုယ်တည်းနေလိုခြင်း၊မနက်ကျောင်းရောက်လျှင် မလန်းဆန်းပဲ ခုံပေါ်မှာငူငူကြီးထိုင်နေခြင်း၊အဖေ ကပဲအလိုလိုက်
သဖြင့် အဖေရှိနေလျှင်အခြားလူပြောစကားနားမထောင်ခြင်း၊သူ၏ညီ ကိုရံဖန်ရံ ခါချစ်ဟန်ပြသော်လည်းအိမ်သားတွေက သူ့ကိုမချစ်မှာကို အမြဲစိုးရိမ်ကြောင့်ကြနေခြင်း၊ဒီအချက်တွေကို မိဘများက စာနာ နားလည်သဘောပေါက်ပြီးချိုချိုသာသာပြောဆိုဆုံးမ နိုင်ရင်ခလေးအနေဖြင့်စိတ်ဒဏ်ရာ သက်သာလာနိုင်သော်လည်းကိုယ့် သမီးကိုယ်တိုင်ကခလေး ဆိုင်ကော်လော်ဂျီ ကိုနားမလည် ဗမာ မိသားစုတွေ ထုံးစံ အတိုင်း အကြောက်တရားနဲ့အုပ်ချုပ်နေသရွေ့ ခလေးကို problem child တစ်ယောက်ဖြစ်လာစေရန် တွန်းပို့ နေမှာကိုအလွန်စိုးရိမ်ကြောင်း မောင်တိုင်ပင် စိတ်လက်မချမ်းသာစွာ
 ဤဘလော့စာစု ကို ဒီနေ့ဒီရက်တွင်ရေးသားလိုက်ပါတယ်။


မှတ်ချက်//  မောင်တိုင်ပင် ကွယ်လွန် ပြီးမှ ဒီ ဘလော့စာစု ကိုဖတ်ရရင်လည်း မြေးတွေကို ဆုံးမ တတ်သင်
                  တဲ့ အခါ မှာ သူတို့လေးတွေ စိတ်ဒဏ်ရာ တွေမရရှိစေရန် အတွက်စိတ်ရှည်သည်းခံ ဂရုစိုက်ဆုံး
                  မသွန်သင်သွားကြပါလို့ မှာကြားချင်ပါတယ်----



2 comments:

AMK said...

ဒီပို့ စ်လေး သိပ်ကောင်းတာပဲ အန်ကယ် သားသမီးတွေ မတဲ့ တာ မိဘတွေ နဲ့ အတော်ဆိုင်ပါတယ် အချို့ ဆို သမီးကြီး ကို မျက်စိပိတ် ချစ်ပြီး သမီး အငယ်ကို ဖြစ်သလို ပြစ်ထားလို့  အတွင်း စိတ်ဒဏ်ရာ ရတာတွေ မိဘဦးစားပေးလို့  အငယ်ကို အနိုင်ကျင့်တာ အများကြီး ပါ. မျက်ကန်း အချစ်စိတ်လို့  ပြောရမလားပဲ

MCC pro said...
This comment has been removed by a blog administrator.