Tuesday, February 24, 2015

စီးပွားရေးအပိုင်းက role model

မောင်တိုင်ပင်တို့ နိုင်ငံမှာနိုင်ငံရေးနဲ့ပတ်သက်ရင် role model ကတော့အားလုံးသိတဲ့အတိုင်းဗိုလ်ချုပ်အောင်
ဆန်း၊သူရဲ့ သမီးဒေါ်အောင်ဆန်းစုကြည် တို့ဖြစ်တယ်ဆိုတာလူတိုင်းရင်ထဲမှာရှိကြတယ်။စင်ကာပူ မှာဆိုရင် လီကွမ်ယူ၊ မလေးရှားမှာဆိုရင် မဟာသီယာ တို့လည်းနိုင်ငံကိုတိုးတက်ဖွံ့ဖြိုးလာအောင်လုပ်နိုင်ခဲ့လို့ role model အနေနဲ့ရှိကြပါတယ်။စစ်အာဏာရှင်အစိုးရအုပ်ချုပ်တာက နှစ်၄၀ကျော်လောက်ဆိုတော့ နိုင်ငံရေးပိုင်းမှာ role model အနေနဲ့ပေါ်လာစရာအကြောင်းမရှိ ခဲ့ပါ။မြန်မာ့စီးပွားရေးအပိုင်းမှာတော့မျိုးဆက်သစ်
လူငယ်တွေကိုပြောပြစရာထောက်ပြစရာ role model ကိုစဉ်းစားမရဘူးဖြစ်နေတယ်။ အမေရိကန်မှာဆိုရင်
Bill Gates တို့ Donald Trump တို့ရှိမယ်၊ဟောင်ကောင်မှာဆိုရင် လီကားရှင်း တို့ တရုတ်ဆိုရင်တောင်ဂျက်မား ၊အင်္ဂလန်မှာဆိုရင် Virgin Atlantic သူဌေး Charles Bronson လိုသူဌေးတွေကို ထောက်ပြလို့ရမယ်၊သူတို့ရဲ့ တက်လာခဲ့ ဘဝနောက်ကြောင်းကိုပြန်ကြည့်ရင်ဘယ်လိုကြိုးစားတည်ဆောက်ခဲ့တယ်ဆိုတာလူငယ်
တွေကိုအတုယူစရာတစ်ခုခုကိုတော့ ညွှန်ပြထောက်ပြပြောဆိုလို့ရတာတစ်ခုခုတော့ရှိနေပါတယ်၊

မြန်မာသူဌေးသူကြွယ်တွေကတော့စစ်အာဏာရှင်အုပ်ချုပ်စဉ်ကာလကအာဏာရှိတဲ့ပုဂ္ဂိုလ်တစ်ယောက်ယောက်နဲ့နီးစပ်ပြီးရလာတဲ့အခွင့်အရေးprivilege အပေါ်လုပ်ခဲ့ကိုင်ခဲ့ရာမှချမ်းသာလာကြတာများပါတယ်၊အဲဒီလိုလုပ်တတ်ကိုင်တတ်တာကလည်းသူ့အရည်အချင်းတစ်ပါပဲလို့ ငြင်းချက်ထုတ်နိုင်ပါတယ်။ဟုတ်လည်းဟုတ်ပါတယ်၊ဝင်တတ်ထွက်တတ်တယ်ပေါ့၊ဒါပေမဲ့ privilege ရတဲ့အပေါ်မှာလုပ်တတ်ကိုင်တတ်တာဟာလူငယ်တွေအတုယူစရာအရည်အချင်းတစ်ရပ်လို့တော့
မှတ်ယူလို့မရပါဘူး။ယနေ့သူဌေးသူကြွယ်ခရိုနီတွေကိုပြန်ကြည့်လိုက်ပါ။privilegeမရပဲကိုယ်ဒူးကိုယ်ချွန်
အောက်ခြေကနေတဖြည်းဖြည်းတက်လာတဲ့ပုဂ္ဂိုလ်ကတော့ထိပ်တန်းရောက်နေတဲ့သူဌေးတွေထဲမှာရှိနေပါသ
လားဆိုတာဝေခွဲလို့မရဖြစ်နေပါတယ်။ အလယ်အလတ်အဆင့်ထဲမှာတော့ အလားအလာရှိသူတွေကိုတွေ့နေရပေမဲ့ privilegeရတဲ့ခေတ်ကမကုန်သေးတော့သူတို့တတွေဘယ်လိုများလူးလွန့်တက်လာမလဲဆိုတာစိတ်ဝင်စား
ဖွယ်စောင့်ကြည့်ရမှာပါ။ ကိုလိုနီခေတ်ကိုပြန်ကြည့်ရင်မွန်သူဌေးကြီးဦးနာအောက်လိုပုဂ္ဂိုလ်မျိုးတော့ရှိခဲ့ပါတယ်။ယနေ့ခေတ်ပေါ်မြန်မာသူဌေးသူကြွယ်တွေကိုတစ်ဦးချင်းရဲ့ အထုပ္ပတ္တိ နဲ့ သူတို့နောက်ကြောင်း ကိုလေ့လာကြည့်တဲ့အခါ role model  ဖြစ်နိုင်လောက်တဲ့သူ မတွေ့သေးဘူးလို့ ထင်ပါတယ်။သူဌေးသူကြွယ်ဖြစ်လာပြီဆိုကတည်းက ချမ်းသာလာအောင်လုပ်တတ်ကိုင်တတ်တယ်ဆိုတဲ့အရည်အချင်းတစ်ရပ်ရှိနေတယ်ဆိုတာကတော့အသေအချာပါပဲ၊သို့သော် လူငယ်တွေအတုယူအားကျစရာလုပ်နည်းစနစ်တွေနဲ့တော့ မဟုတ်သေးဘူးထင်ပါတယ်၊ စါဖတ်သူအမြင်ကောဘယ်လိုရှိပါသလဲ ?

No comments: