Wednesday, January 10, 2018

ပုဂ္ဂလိကလက်ထဲက မြန်မာဆန်စပါးလုပ်ငန်း(အဆက်)

ရှေးခေတ်ဆန်စပါးလုပ်ငန်း 


ရှေးမြန်မာမင်းများလက်ထက်၌ ပြည်သူများသည် ဆန်စပါးကို စားသုံးရန် အတွက်သာ စိုက်ပျိုးကြပြီး ကုန်သွယ်မှုအတွက် စိုက်ပျိုးကြခြင်း မရှိသေးပါ။ သို့သော် မှတ်တမ်းများအရ မြန်မာနိုင်ငံတွင် စိုက်ပျိုးထုတ်လုပ်သော ဆန်စပါးများကို ရှေးနှစ်ပေါင်း များစွာကပင် လင်္ကာဒီပကျွန်း (Sri Lanka) နှင့် မာလာဒီပကျွန်း (Maldives) နိုင်ငံများသို့ တင်ပို့ခဲ့ရကြောင်း လေ့လာသိရှိရပါသည်။ ၁၆-၁၇ ရာစုနှစ်အတွင်း ရခိုင်ဘုရင်များ လက်ထက်၌ဒတ်ခ်ျများကိုဆန်စပါးရောင်းခဲ့ဘူးကြောင်းမှတ်တမ်းများရှိသည်ဟု ဆိုပါသည်။ သို့သော် ဆန်စပါးပြည်ပရောင်းချခြင်းသည် ပုဂ္ဂလိကအနေဖြင့်ရောင်းချခြင်း မဟုတ်၊ ဘုရင် (အစိုးရ)အနေဖြင့် ရောင်းချ ခြင်းသာဖြစ်သည်။

ကိုလိုနီခေတ်သို့ရောက်ရှိသည့်အခါ ဆန်စပါးလုပ်ငန်းသည် အရှိန်အဟုန် ဖြင့် ဖွံ့ဖြိုးတိုးတက်ခဲ့ပြီးရွှေတို့၏ရွှေခေတ်ဟုဆိုနိုင်ပါသည်။ဒုတိယကမ္ဘာစစ် မတိုင်မီကာလများ၌ မြန်မာနိုင်ငံသည် နှစ်စဉ်ပြည်ပသို့ ဆန်တန်ချိန် (၃-၃.၅) သန်းခန့်တင်ပို့နိုင်ခဲ့သည်။ ထိုစဉ် ကာလ၌ ကမ္ဘာဈေးကွက်၌ ဆန်တန်ချိန် (၇)သန်းခန့် သာ အရောင်းအဝယ်ပြုလုပ်သည်ဖြစ် ရာ မြန်မာနိုင်ငံမှ ဆန်ပြည်ပ တင်ပို့မှုသည် ကမ္ဘာ့ဈေးကွက်၌ စုစုပေါင်း ရောင်းဝယ်မှု ပမာဏ၏ ၅၀% ဖြစ်သည်ကို လေ့လာတွေ့ ရှိရပါသည်။

မြန်မာနိုင်ငံ၌ ဆန်စပါးရောင်းဝယ်ရေးလုပ်ငန်းကို လွတ်လပ်ရေးရသည့် အချိန်မှ စ၍ ၁၉၆၃ ခုနှစ်၊ င်္ဒီဇင်ဘာ (၂၀)ရက်နေ့ထိ ပုဂ္ဂလိကကဏ္ဍမှဆောင်ရွက်ခဲ့ကြပါသည်။ နောက်ပိုင်း၌အသွင်အမျိုးမျိုးဖြင့်ရှိခဲ့သော အစိုးရအဖွဲ့အစည်းများက မူဝါဒအမျိုးမျိုးချမှတ်၍ ဆန်စပါးလုပ်ငန်းကို စီမံခန့်ခွဲကိုင်တွယ်ခဲ့ရာ ၂၀ဝ၃ ခုနှစ်၊ ဧပြီလ (၂၃) ရက်နေ့ထိဖြစ်ပါသည်။ ၂၀ဝ၃ ခုနှစ်၊ ဧပြီလကစ၍ ဆန်စပါးလုပ်ငန်းကို နိုင်ငံတော်မှ မ ကိုင်တွယ်တော့ပဲ ပုဂ္ဂလိကပိုင်းမှလွတ်လပ်စွာရောင်းဝယ် ဖောက်ကားခွင့်ပြုသည့် မူဝါဒအသစ် ကျင့်သုံးမည် ဟုကျေညာခဲ့ပါသည်။ ယနေ့ခေတ်ကာလ၌နိုင်ငံတော်ဆန်စပါးရောင်းဝယ်ရေးလုပ်ငန်းကိုလုပ်ကိုင်ခဲ့သည့် မြန်မာလယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးကိုဖျက်သိမ်းခဲ့ပြီးဆန်စပါးလုပ်ငန်း ကို ပုဂ္ဂလိက ကဏ္ဍမှ လုပ်ကိုင်ခွင့်ပြုခဲ့ပြီးဖြစ်ပါသည်။

No comments: