Thursday, January 18, 2018

ပုဂ္ဂလိကလက်ထဲကမြန်မာဆန်စပါးလုပ်ငန်း (အဆက်)

ဈေးနှုန်းမူဝါဒ


ခေတ်အဆက်ဆက်ကိုဖြတ်သန်းခဲ့သည့် မြန်မာ့ဆန်စပါးလုပ်ငန်းသည် ပြည်တွင်း ဆန်စပါးရောင်း ဝယ်မှု တည်ငြိမ်စွာတိုးတက်ဖွံ့ဖြိုးရေးကို ဦးစားပေးခဲ့ပါသည်။ ယခုအချိန် ကာလ ဆန်စပါးလုပ်ငန်းကို ပုဂ္ဂလိက ကဏ္ဍသို့ လွှဲပြောင်းပေးနေချိန်၌လည်း ပြည်တွင်း ဆန်ဈေးအလွန်အမင်းမြင့်တက်မလာရေးကိုဒေသဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများမှထိန်းချုပ်ကွပ်ကဲမှုဆောင်ရွက်လျက်ရှိသော်လည်းခေတ်ဟောင်းအမြင်အယူအဆဖြစ်သည့်အရံဆန်များဖြင့်ကြားခံရေးများပါဝင်ကောင်းပါဝင်နိုင်ပါသည်။ပြည်တွင်းဆန်ဈေးသည် နိုင်ငံတကာဆန်ဈေးနှင့်နှိုင်းယှဉ်လျှင်အနည်းငယ်နိမ့်လျှက်ရှိသောကြောင့် ဈေးမတက်လာစေရန် စောင့်ကြည့်ထိန်းချုပ်မှုများ အမှန်လိုအပ်ပါ သည်။ ဤနေရာ၌ နိုင်ငံတော်သည် အာရှရှိ အခြားနိုင်ငံများနည်းတူ ပြည်တွင်းဖူလုံရေးကိုသာ ဦးစားပေး ဆောင်ရွက်မည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော်ဆန်စပါးသည်အာရှပြည်သူအားလုံးအတွက်အသက်သွေးကြောသဖွယ်အရေးပါနေသောကြောင့်ဖြစ်ပါသည်။မြန်မာနိုင်ငံသည်အနာဂတ်ကာလ၌ အာရှ၏ ဆန် အိုးကြီးဖြစ်လာနိုင်သည်ဟုခန့်မှန်းပြောဆိုချက်များရှိနေရာစိုက်ဧကနှင့်အထွက်နှုန်းတိုးတက်လာနိုင်ရန် အခြေအနေပေးနေဆဲဖြစ်သည့်အတွက် ပြည်တွင်းဆန် စားနပ်ရိက္ခာဖူလုံရေးက ပထမ၊အခြားနိုင်ငံများသို့ပံ့ပိုးရောင်းချထောက်ပံ့ရေးကဒုတိယဆိုသည့်အချက်ကိုကိုင်စွဲထားခြင်းသာ အမှန်ဆုံးဖြစ်ပါ လိမ့်မည်။

ဆန်စပါးလုပ်ငန်းနှင့်ပတ်သက်သည့် ဆွေးနွေးပွဲများကို လွန်ခဲ့သော ဆယ်စုနှစ် ကာလများအတွင်း ပြုလုပ်ခဲ့ရာတွင် မြန်မာဆန်စပါးစီးပွားရေးပညာရှင်အချို့  ကမြန်မာနိုင်ငံ အနေဖြင့်ဈေးကွက်စီးပွားရေးကိုဖေါ်ဆောင် ကျင့်သုံးနေချိန်၌ ဆန်စပါးကို ပြည်တွင်း ဖူလုံမှသာ ပြည်ပတင်ပို့ရေးမူဝါဒအပေါ် ဝေဖန်သုံးသပ်မှုများပြုလုပ်ခဲ့ ကြပြီး လယ်ယာ ထွက်ကုန်သီးနှံတစ်ခုသည် နှိုင်းယှဉ်အားသာချက် (Comparative advantages) အရသော် လည်းကောင်း၊ ယှဉ်ပြိုင်နိုင်စွမ်းအားရှိမှု (Competitiveness) အပေါ် အခြေခံ၍သော်လည်းကောင်း လေ့လာ သုံးသပ်တွက်ချက်၍ ပြည်ပတင်ပို့မှုအပေါ်ဆုံးဖြတ် သင့်ကြောင်း ထောက်ပြပြောဆိုဆွေးနွေးခဲ့ကြပါသည်။ ယင်းထောက်ပြပြောဆိုနေမှုများနှင့် စပ်လျဉ်း၍ ဆန်ကုန်သည်တစ်ဦးက “ဆရာရေ၊ ပညာရှင်တွေ ထောက်ပြ ပြောဆိုနေ သလိုမျိုး ကျွန်တော်တို့စိုက်ပျိုးသမျှ သီးနှံတွေ နှိုင်းယှဉ်အားသာချက်ရှိလို့ ပြည်ပတင်ပို့ရ မည်ဆိုတာ က ပြည်တွင်းဖူလုံရေးကို ဦးစား မ ပေးသလိုမျိုးဖြစ်နေပြီလားမသိဘူး“ ဟု မေးမြန်းခဲ့ဘူးပါသည်။အဆိုပါပုဂ္ဂိုလ်သည်စာရေးသူတို့အရွယ်ဖြစ်သည်။စာရေးသူတို့အသက်အရွယ်တမ်းပုဂ္ဂိုလ်အများစုသည် globalization အပေါ်ယုံကြည်မှုအားနည်းကြသည်။ဆိုရှယ်လစ်ခေတ်အတွေးအခေါ်အယူအဆများကိုဆုတ်ကိုင်ထားဆဲဖြစ်ကြပါသည်။

”ဟုတ်ပါတယ်။ တွက်ချေကိုက်ရင်ပို့၊ ပြည်တွင်းမှာ လိုအပ်ရင် အခြားနိုင်ငံက ပြန်ဝယ်စားမယ်ဆိုတဲ့ယူဆချက်ကတော်တော်အန္တရာယ် ကြီးပါတယ်။ ဆန်ဆိုတာကအသက်သွေးကြောသီးနှံ၊စီးပွားရေးသီအိုရီတွေကအခြားcashcropတွေမှာပဲသုံးသင့်တယ်ထင် တယ်“ဟုအသက်ကြီးကြီးညွှန်ကြားရေးမှူးတစ်ဦးကပြန်လှန်ပြောဆိုသံလည်းကြားခဲ့ပါသည်။မြန်မာ့ပြည်တွင်းဆန်ဈေးနှုန်းသည်နိုင်ငံတကာဆန်ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါကအမြဲတန်းအနိမ့်ဈေးတွင်ပင်ရှိနေသောကြောင့်မြန်မာနိုင်ငံ၌ဆန်စပါးသီးနှံသည်ယှဉ်ပြိုင်နိုင်စွမ်းအားအမြဲမြင့်မားနေမည်သာဖြစ်ပေသည်။သို့ရာတွင်ပြည်တွင်းစားနပ်ရိက္ခာလိုအပ်ချက်ကိုထိခိုက်နိုင်ပြီးပို့ကုန်တိုးမြှင့်ရေးရှုဒေါင့်တစ်ခုတည်းကိုသာဦးစားပေးလိုသည့်စဉ်းစားချက်သည်နိုင်ငံစားနပ်ရိက္ခာဖူလုံရေး(national food security)အတွက်အလွန်အန္တရာယ်ကြီးမားသောစဉ်းစားချက်ဖြစ်လာနိုင်သည်ဟုသုံးသပ်ကြပါသည်ယနေ့ဆန်စပါးစိုက်ပျိုးထုတ်လုပ်သောနိုင်ငံများ၊ဆန်တင်သွင်းသောနိုင်ငံများအားလုံးသည်ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေး(foodsecurity)ကိုသာရှေ့တန်းတင်ဆောင်ရွက်လျက်ရှိသည်ကိုတွေ့ရမည်ဖြစ်သော်လည်းတစ်ဖက် ၌ခေတ်မီ supply chain mechnism ကိုအသုံးပြု၍ supply and demandကိုထိန်းညှိကာပြည်တွင်း၌လည်းဖူလုံစေ၊ပြည်ပသို့လည်းတင်ပို့နိုင်ရေးကိုမျှတစွာဆောင်ရွက်ကြပါသည်။

ဆန်စပါးဈေးနှုန်းမူဝါဒချမှတ်လုပ်ကိုင်ရာတွင်စိုက်ပျိုးထုတ်လုပ်သူလယ်သမားများလည်းမနစ်နာစေရန်၊စားသုံးသူများအတွက်လည်းသင့်တင့်မျှတသောဆန်ဈေးနှုန်းဖြစ်စေရန်စသည့်အစွန်းနှစ်ဖက်ကိုရှောင်ရှားလုပ်ကိုင်နိုင်ရန်အချက်အလက်ပေါင်းများစွာကိုစဉ်းစားထည့်သွင်းတွက်ချက်ကြရမည်ဖြစ်ပါသည်။ထိုကြောင့်အချို့သောနိုင်ငံများတွင်အာမခံဈေး (guarantee price) ကိုအဖွဲ့အစည်းများကစပါးထုတ်လုပ်ရာတွင်မျိုး၊သွင်းအားစုများ၊အလုပ် သမားစရိတ်များကိုအခြေခံကာထိုက်သင့်သောအမြတ်မာဂျင်ဖြင့်တွက်ချက်၍နှစ်စဉ်ထုတ်ပြန်ပေးလေ့ရှိပါသည်။ပြင်ပဈေးသည်အာမခံဈေးအောက်ရောက်ရှိသွားပါကအစိုးရအနေဖြင့် အာမခံဈေးဖြင့်ဝယ်ယူထားပြီးရာသီချိန်လွန်သည့်အချိန်ဈေးတက်လာသည့်အခါ၌ပေါက်ဈေးဖြင့်ပြန်ထုတ်ရောင်းချင်ရောင်းပါမည်။ဆန်ဈေးကွက်ကိုထိန်းလို၍အာမခံဈေးဖြင့် ရောင်း ချင်လည်းရောင်းနိုင်ပါမည်။
 
ပြည်တွင်း ဆန်ဈေးနှုန်းမတက်လာစေရေးကို တင်းကြပ်သော ထိန်းချုပ်မှုပြု လုပ်နေခြင်းသည် လူဦးရေ၏ ၇၀% ရှိသော တောင်သူလယ်သမားများ၏ အကျိုးစီးပွားကို ဦးစားမပေးဘဲ စားသုံးသူများဖက်ကို မျက်နှာလိုက်သည်ဟုယူဆကြသူများလည်းရှိပါသည်။ မြန်မာနိုင်ငံကျေးလက်အိမ်ထောင်စုများတွင်လယ်ယာမဲ့တောင်သူများ၊သူရင်းငှားများ၊ကိုယ်ပိုင်လယ်ယာမြေအလုံအလောက်မရှိသူများ၊စိုက်ပျိုးရေးလုပ်ငန်းမလုပ်ကိုင်သူများ၊အများအပြားရှိနေပါသည်။လေ့လာဆန်းစစ်ချက်တစ်ခုအရဆိုလျှင်ကျေးလက်အိမ်ထောင်စုများ၏၅ပုံ၃ပုံသည်လယ်ယာမဲ့များဖြစ်နေသည်ဟုဆိုထားပါသည်။ထိုကြောင့်တောနေ/မြို့နေဆန်စားသုံးသူအားလုံးအလွယ်တကူဝယ်စားနိုင်သည့်ဆန်ဈေးနှုန်းပြည်တွင်းဈေးကွက်၌ဖြစ်ပေါ်စေရေးသည်ဦးစားပေးရမည့်အချက်ဟုယူဆပါသည်။ပြည်တွင်း၌ဆန်ကြမ်းဈေးနှုန်းနှင့်ဆန်ချောဈေးနှုန်း(၂)မျိုးရှိရာဆင်းရဲသားလူတန်းစားအများစားနေကြသည့်ဆန်ကြမ်းဈေးနှုန်းများသိသာထင်ရှားစွာမြင့်တက်မလာစေရေးကိုသာထိန်းချုပ်ပါသည်။မြန်မာနိုင်ငံအနေဖြင့်လည်း ဆန်ကြမ်း (၂၅)%  ကိုသာ များများ စားစား ပြည်ပ တင်ပို့လျှက်ရှိသောကြောင့် ပြည်တွင်းဆန်ကြမ်းဈေးနှုန်းကို တနည်း မဟုတ်တနည်း ထိခိုက်လာနိုင်ခြင်းဖြစ်ပါ သည်။

No comments: