Friday, January 19, 2018

ပုဂ္ဂလိကလက်ထဲကမြန်မာဆန်စပါးလုပ်ငန်း (အဆက်)

ဆန်စားသုံးမှု

မြန်မာနိုင်ငံ ဆန်စပါးထုတ်လုပ်မှုသည် မိုးစပါး၊ နွေစပါးဟူ၍ မိုးစပါးသည် အဓိကသီးနှံ (Major crop) ဖြစ်ပြီး၊ နွေစပါးသည် ဒုတိယသီးနှံ (Secondary crop) ဖြစ်ပါသည်။ ယေဘူယျအားဖြင့် အဓိကသီးနှံ မိုးစပါးမှ ပိုလျှံသည်များကို ပြည်ပတင်ပို့ လေ့ရှိပြီး နွေစပါးကို ပြည်တွင်းစားသုံးရာတွင် အသုံးပြုလေ့ရှိပါသည်။ ပြည်တွင်းဆန် ဈေးနှုန်းသည် နွေစပါးရိတ်သိမ်းထွက်ရှိမှု အခြေအနေပေါ်မူတည်၍ အတက်အကျ ဖြစ်ပေါ်နိုင် ပါသည်။ မြန်မာနိုင်ငံဆန်စပါးကုန်သည်အသင်း၏ ခန့်မှန်းတွက်ချက်မှု အရ တစ်နှစ်ပတ်လုံး တစ်နိုင်ငံလုံး စားသုံးမှုသည် ဆန်တန်ချိန် (၁၁.၂) သန်းခန့်ရှိနိုင်သည်ဟု ဖော်ပြထားပါသည်။ထိုတွက်ချက်မှုသည်လူဦးရေ ၅၂ သန်းအပေါ်အခြေခံမည်ဆိုပါကဒါထက်လျော့နည်းနိုင်ဖွယ်ရှိပါသည်။မြန်မာနိုင်ငံလူတစ်ဦးချင်းဆန်စားသုံးမှုနှင့်ပတ်သက်၍ယူဆချက် အမျိုးမျိုးရှိပါသည်။ ၂၀၁၅ခုနှစ်အမေရိကန်စိုက်ပျိုးရေးဌာနမှထုတ်ပြန်ခဲ့သောစာရင်း၌မြို့ ပြနေလူတစ်ဦးသည်တနှစ်လျှင်ဆန် ၁၈၀ ကီလိုဂရမ် (ဆန်လေးအိတ်ခန့်) နှင့်ကျေးလက်နေပြည်သူတစ်ဦးသည်တစ်နှစ်လျှင်ဆန် ၂၀၀ ကီလိုဂရမ် ( ဆန် လေးအိတ်ခွဲ ခန့်)စားသုံးသည်ဟုဖေါ်ပြထားပါသည်။၂၀၁၁ခုနှစ်ကမ္ဘာစိုက်ပျိုးရေးနှင့်စားနပ်ရိက္ခာအဖွဲ့ အစည်း (FAO)၏စာရင်းများအရမြန်မာနိုင်ငံရှိလူတစ်ဦးသည်တစ်နှစ်လျှင်ဆန် ၂၃၉ ကီလိုဂရမ် (ဆန်ငါးအိတ်ခန့်)စားသုံး ကြောင်းဖေါ်ပြထားပါသည်။

မြန်မာနိုင်ငံယခင်လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ၂၀၁၄ခုနှစ်တွင်ထုတ်ပြန်သောစာရင်းများအရမြန်မာနိုင်ငံမှ လူတစ်ဦးလျှင်ဆန်စားသုံးမှုတစ်နှစ်လျှင် ဆန်၁၇၆ ကီလိုဂရမ် (ဆန်သုံးအိတ်ခွဲကျော်)စားသုံးကြောင်းဖေါ်ပြထားပါသည်။ယင်းကဲ့သို့ဆန်စားသုံးမှုနှင့်ပတ်သက်၍စာရင်းများကွဲလွဲမှုမျိုးစုံဖြစ်နေသောကြောင့်၂၀၁၄ခုနှစ်တွင်သစ်ကောက်ယူထားသောသန်းခေါင်စာရင်းကိုအခြေခံ၍၂၀၁၆ခုနှစ်မတ်လတွင်မြန်မာနိုင်ငံဆန်ပါးအသင်းချုပ်နှင့်ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တို့ပူးပေါင်းကောက်ယူခဲ့ကြပါသည်။ ၂၀၁၆ခုနှစ်လူတစ်ဦးချင်းစားသုံးမှုနှင်ပတ်သက်၍ကွင်းဆင်းဆာဗေးဆင်းကောက်ခံခဲ့ရာတွင်နေပြည်တော်အပါအ၀င်တိုင်းဒေသကြီးနှင့်ပြည်နယ်၁၄ခု၊မြို့ နယ်ပေါင်း ၁၄၈ခုမှာအိမ်ထောင်စုပေါင်း ၅၁၃၂ စုတို့ဖြစ်ပါသည်။ သုတေသနစစ်တမ်းကိုအချိန်သုံးလအတွင်းအပြီးအစီးကောက်ယူခဲ့ပါသည်။ရေဆင်းတက္ကသိုလ်မှကျောင်းသူကျောင်းသား ၁၅၃ဦး နှင့်ဆရာဆရာမ ၅ဦးပူးပေါင်းကောက်ယူခဲ့ခြင်းဖြစ်ပါသည်။စစ်တမ်းကိုတစ်နိုင်ငံလုံးလွှမ်းခြုံပြီးတိကျမှန်ကန်သောအဖြေအနီးစပ်ဆုံးရယူနိုင်ရန်မြို့ နေပြည်သူနှင့် ကျေးလက်နေပြည်သူ ဟုခွဲခြားကောက်ယူခဲ့ပါသည်။ကျေးလက်နေပြည်သူစာရင်းကောက်ယူရာတွင်လည်းလယ်ယာလုပ်ကိုင်နေသူလယ်သမားနှင့်လက်လုပ်လက်စားမြေယာမဲ့ လယ်သမားဟူ၍ခွဲခြားကောက်ယူခဲ့ပါသည်။ဆန်ပမာဏကိုတွက်ချက်ရာတွင်ဆန်တစ်တင်း၂၄ပြီ နှင့်ဆန်တစ်ပြီ ၂ ကီလိုဂရမ်အလေးချိန် ဖြင့်တွက်ချက်ထားပါသည်။
မြန်မာနိုင်ငံတစ်နိုင်ငံလုံးကို ကိုယ်စားပြုသောပျမ်းမျှ ကိန်းဂဏန်း အနေနဲ့ လူတစ်ဦးတစ်နှစ် ကိုဆန်စားသုံးမှုမှာ၁၅၅.၁၄ကီလိုဂရမ်(ဆန်သုံးအိတ်နဲ့လေးပြီခန့်)ဖြစ်ပါသည်။ကျေးလက်နေပြည်သူများကမြို့ နေပြည်သူလူထုထက်ဆန်ပိုမိုစားသုံးကြပါသည်။အသေးစိပ်ပြောရပါလျှင်မြို့ နေပြည်သူများ၏ဆန်စားသုံးမှုသည်၁၃၃.၀၇ကီလိုဂရမ် (ဆန်သုံးအိတ်၆၆ပြီကျော်)ဖြစ်ပါသည်။ကျေးလက်နေလယ်ယာမဲ့တောင်သူစာရင်းငှားများ၏ဆန်စားသုံးမှုမှာ တစ်နှစ်လျှင်ဆန် ၁၅၉ .၆၅ ကီလိုဂရမ် (ဆန်သုံးအိတ်နဲ့ ၆ပြီ/ဆန်၅တင်းခန့်)စားသုံးကြပြီးကျေးလက်နေတောင်သူလယ်ပိုင်များ၏ဆန်စားသုံးမှုမှာ၁၇၆.၁၃ ကီလိုဂရမ် (ဆန်သုံးအိတ်နှင့်၎ပြီခွဲ/၅တင်းနီးပါး)ဖြစ်ပါသည်။ဤစာရင်းကိုလေလာသုံးသပ်ကြည့်ပါကလယ်ယာလုပ်ငန်းခွင်တွင်လုပ်အားပိုမိုစိုက်ထုတ်ရသည့်စာရင်းငှားများ၏ဆန်စားသုံးမှု ကလယ်ပိုင်တောင်သူများ၏ဆန်စားသုံးမှုထက်နည်းနေရခြင်းသည်မြန်မာ့ကျေးလက်ဓလေ့ထုံးစံများအရလယ်ပိုင် လယ်ယာစာရင်းငှားများကို၏စားသုံးမှုကိုပါထည့်သွင်းထားခြင်းဖြစ်နိုင်ပါသည်။ ယနေ့အချိန်ကာလ၌ဆန်တစ်တန်ရရန်စပါးလိုအပ်ချက်တင်း(၉၀)နှုန်း(မြန်မာ၂၅မှတ်ဆန်ညီမျှ)နှင့်တွက်ချက်ပါကလူဦးရေ၅၂သန်းအတွက်စပါးလိုအပ်ချက်သည်တစ်နှစ်စပါးတင်း(ဂသိန်း)ခန့်ဖြစ်ပါသည်။မြန်မာဆန်စပါးလုပ်ငန်းဂဏန်းသင်္ချာအတွက်အချက်များ၌variableများစွာရှိပါသည်။
မြန်မာနိုင်ငံ၌ ပြည်တွင်းစားသုံးမှုပုံစံ ပါရာဒိုင်းပြောင်းလဲနေပြီဟု အများက ယူဆကြသည်။ “ဟင်း က ကန်စွန်းရွက်ကြော်ပင်ဖြစ်ပါစေ၊ ထမင်းကို ဖြူဖြူဖွေးဖွေးလေး စားချင်ကြပါတယ်“ ဆိုသည့် ပြောကြားချက် သည် အလုပ်သမား အောက်ခြေ လူတန်းစား များ၏ ပြောင်းလဲလာသောဆန္ဒတစ်ခုဖြစ်နေသည်ကိုတွေ့ရပါသည်။လွန်ခဲ့သော၂၀ဝ၉ ခုနှစ် ကESCAPမှလယ်ယာစီးပွားလာရောက်လေ့လာသူတစ်ဦးသည် မြန်မာနိုင်ငံတဝှမ်းခရီးလှည့်လည်၍လေ့လာခဲ့ရာထိုစဉ်ကကောက်စိုက်သူမတစ်ဦး၏ထမင်းချိုင့်ကိုဖွင့်၍ကြည့်ရှုခဲ့ပါသည်။ ထမင်းချိုင့်ထဲတွင်ထမင်းဖြူဖြူဖွေးဖွေးနှင့် ပဲကြီးနှပ်၊ ခရမ်း ချဉ်သီးချက်၊ တို့စရာစသည့်ထမင်းထုတ်ကို တွေ့ခဲ့ရသော ကြောင့်ကျေးလက်နေဆန်စပါးစားသုံးသူအလုပ်သမ၏ထမင်းသည်ဖြူဖြူဖွေးဖွေးနှင့်စားချင်စဖွယ်ဖြစ်နေသောကြောင့်တအံ့တဩပင်ဖြစ်ခဲ့သည်ဟုဆိုပါသည်။ထို့ကြောင့်တောနေစားသုံးသူပင်လျှင်ဆန်ဖြူဖြူဖွေးဖွေးကို ဝယ်ယူစားသုံးလိုကြကြောင်း၊ မြန်မာပြည်သူများ၏ ဆန် စားသုံး မှု ပါရာဒိုင်း
ပြောင်းနေပြီဖြစ်ပါသည်။


No comments: