Sunday, January 21, 2018

ပုဂ္ဂလိကလက်ထဲကမြန်မာဆန်စပါးလုပ်ငန်း (အဆက်)

ဆန်ပိုဒေသမှဆန်လိုဒေသစီးဆင်းမှု


နှစ်ပေါင်းများစွာအစဉ်အလာအရ ဆန်စီးဆင်းမှုတစ်ခုမှာ ဧရာဝတီမှ ရန်ကုန်သို့၊ မြောင်းမြမှပခုက္ကူသို့စီးဆင်းပါသည်။မြောင်းမြမှရန်ကုန်သို့ဆန်စီးဆင်းမှုသည်ပျမ်းမျှအားဖြင့် ရှိနေသော်လည်းမြောင်းမြမှပခုက္ကူသို့ဆန်စီးဆင်းမှုသည်၂၀ဝ၈ခုနှစ်မှစ၍ပျမ်းမျှစီးဆင်းမှုပမာဏလျော့ကျလာပါသည်။ယခင်ကမြောင်းမြမှတဆင့်ဧရာဝတီမှထွက်ရှိသောဆန်များကို ကုန်သည်များကပခုက္ကူ၌လှောင်လေ့ရှိပါသည်။ခြောက်သွေ့သောရာသီဥတုနှင့်မိုးတွင်းကာလ၌ အစိုဓါတ်မတက်နိုင်သည့် အခြေအနေရှိ သောကြောင့် လှောင်ခြင်းဖြစ်သည်။ ယခုအခါ မြောင်းမြဘက်မှ ကုန်သည်များက သွားရောက်လှောင်ခြင်းမျိုးမရှိတော့ဘဲ ပခုက္ကူဘက်မှကုန်သည်များကသာဈေးဖြတ်ဆင်းဝယ်ပြီး၊သိုလှောင်မှုမျိုးသာလုပ်ကိုင်လျက်ရှိပါသည်။ ယင်း အခြေအနေသို့ပြောင်းလဲခဲ့ သည်မှာနှစ်အတန်ကြာရှိနေပြီဖြစ်ပါသည်။ အညာဒေသဖြန့်ရန်အတွက်ပခုက္ကူဒေသ သည် hub သဖွယ်ဖြစ်ပြီး ဆန်အစုအဆောင်းများ သိုလှောင်ထားလေ့ရှိပါသည်။သို့သော်စစ်ကိုင်းတိုင်းသည်ဆန်လိုဒေသမှဆန်ပိုဒေသအဖြစ်ပြောင်းလဲရောက်ရှိလာသောကြောင့်ဆန်စီးဆင်းမှုပမာဏသည်ဆယ်စုနှစ်အတွင်းလမ်းကြောင်းအနည်းငယ်ပြောင်းလဲမှုများဖြစ်ပေါ်ခဲ့ပါသည်။ပြည်တွင်းဆန်စီးဆင်းမှုများထူးခြားပြောင်းလဲမှုအနည်းငယ်ရှိပါသည်။ယခင်ဆန်တန်ချိန်(၁)သန်း၊ပြည်ပတင်ခဲ့စဉ်ကဆန်များအညာဒေသသို့စီးထွက်မှုနည်းသော်လည်းယခုအခါအညာဒေသသို့စီးဆင်းမှုများလာပါသည်။စီးဆင်းမှုပမာဏမှာယခင်ထက်အဆပေါင်းပိုမိုလာနိုင်သည်ဟုခန့်မှန်းခဲ့သော်လည်းပခုက္ကူ၊မန္တလေး၊မြင်းခြံ၊မကွေးနှင့်ရှမ်းတောင်ဒေသများသို့ပိုမိုစီးဆင်းနေသည်ဟုသိရှိရပါသည်။ဆန်ကုန်သည်အသင်းမှပြည်တွင်းဆန်ဈေးနှုန်းတည်ငြိမ်စွာဖြစ်ပေါ်စေရေးသည်နိုင်ငံတစ်ဝှမ်း ဆန်စီး ဆင်း/စီးထွက်မှုများကို နေ့စဉ် စောင့်ကြည့်ထိန်းသိမ်းကြပ်မတ်လျက်ရှိကြောင်းသိရပါသည်။

မြန်မာနိုင်ငံ၌ ဒေသအလိုက် ဆန်စားသုံးမှုပုံစံများပြောင်းလဲလာကြသည်ကို လေ့လာတွေ့ရှိရပါ သည်။ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီတိုင်းများ၌ ဆန်စားသုံးသူအများစုသည် ယခင်ဧည့်မထဆန်စပါးသုံးရာမှ ပေါ်ဆန်း ဆန်ပြောင်းလဲစားသုံးလာကြကြောင်း လေ့လာ ချက်တစ်ခုက သုံးသပ်တင်ပြထားပါသည်။ စာရေးသူ တို့ ငယ်စဉ်က မိဘများသည် အညာ ဆန်ဖြစ်သည့် ရွှေဘိုခွန်နီ၊ ရွှေဘိုမနောစသည့်ဆန်များကိုသာ အစဉ် တစိုက် စားသုံး ခဲ့ကြပြီး ပေါ်ဆန်း၊ ငကျွဲဆန်များမှာအဆီများသည်ဟူသော ယေဘူယျကောက်ချက်ဖြင့် မကြိုက်နှစ်သက်ကြပါ။ယခုအခါစစ်ကိုင်းသည်ကုန်သွယ်/လယ်ယာခေတ်ကဆန်လိုဒေသဖြစ်သော်လည်းဆည်မြောင်းတာတမံများတည်ဆောက်မှုကြောင့်ရေသွင်းစိုက်ပျိုးမှုများပြုလုပ်လာနိုင်ကာဆန်ပိုဒေသဖြစ်လာပါသည်။နာဂစ်ဖြစ်ပြီးနောက်ပိုင်းစစ်ကိုင်းတိုင်းကို မြန်မာ နိုင်ငံ၏ဒုတိယဆန်အိုးဟုပင်တင်စားပြောဆိုလာကြပါသည်။နာဂစ်ဖြစ်ပြီးနောက်ပိုင်း ဧရာဝတီတိုင်းတွင်သာစိုက်ပျိုးလေ့ရှိသောပေါ်ဆန်းစပါးကိုရေသွင်းစိုက်ပျိုးနိုင်သည့်ရွှေဘိုဒေသ၌စမ်းသပ်စိုက်ပျိုးခဲ့ရာအထွက်ကောင်း၊စားကောင်းသည့်ဆန်အမျိုးအစားထွက်ရှိလာသောကြောင့်ရွှေဘိုပေါ်ဆန်းဘေးကြားဟုဆန်ချောစားသုံးသူများအကြားနံမည်ရလာခဲ့ပါသည်။ဖျာပုံပေါ်ဆန်းနှင့်ရွှေဘိုပေါ်ဆန်းဈေးနှုန်းယှဉ်လျှင်ရွှေဘိုပေါ်ဆန်းကအထက်မှာရှိနေပါသည်။ရွှေဘိုပေါ်ဆန်းသည်ရန်ကုန်မြို့စားသုံးသူများ ဈေးကွက်ရှယ်ယာ၏၃၅%ခန့်ယူထားနိုင်သည်ဟုလေ့လာသူများကဆိုပါသည်။ရွှေဘိုပေါ်ဆန်းကိုဒေသတွင်းစိုက်ပျိုးထုတ်လုပ်သော်လည်းဒေသတွင်းစားသုံးသူများသည်မနောသုခ၊တောင်ထိပ်ပန်း၊ရွှေဘိုခွန်နီစသည့်ဆန်အမျိုးအစားများကိုသာနှစ်သက်စွာစားသုံးကြသည့်အတွက်ဒေသတွင်းရွှေဘိုပေါ်ဆန်းကိုဈေးကွက်အတွက်သာစိုက်ပျိုးကြခြင်းဖြစ်ပါသည်။

မြန်မာနိုင်ငံဆန်စားသုံးသူများသည် Price inelastic ဖြစ်ပါသည်။ဆန်ဈေးတက်သွားပါကဆန်စားသုံးမှုပမာဏသည်လျော့မသွားပါ။ဈေးသက်သာသောဆန်အမျိုးအစားကိုပဲပြောင်းလဲစားတတ်ပါသည်။ ဗီယက်နမ်မှ စားသုံးသူများသည် Price elastic ဖြစ်ပါသည်။ ဆန်ဈေးတက်ပါကဆန်ပြုတ်သို့မဟုတ်ဆန်မှပြုလုပ်သောအခြားစားစရာများပြောင်းစားလေ့ရှိပါသည်။တနည်းအားဖြင့်ဆန်လျှော့စားလာတတ်ကြပါသည်။ယခုကဲ့သို့မြန်မာဆန်စားသုံးသူများ၏စိတ်နေသဘောထား(behavior)များကိုလည်းသိထားသင့်ပြီး၊ဆန်စားသုံးသူများ၏တုန့်ပြန်ချက်များကိုနားထောင်ကြည့်သောအခါယနေ့ဈေးကွက်ရှိမြန်မာဆန်အမျိုးအစားများသည်စားသုံးသူများလက်ခံနိုင်သောအဆင့်ဖြစ်နေကြောင်းသိရှိရပါသည်။ယခုအခါ Capital, OCEAN, City Mart စသည့် စူပါမားကတ်များ၌ ဆန်အမျိုးအစားပေါင်းစုံကို (၂)ကီလို၊(၅)ကီလို၊(၁၀)ကီလို၊(၅၀)ကီလိုအိတ်များဖြင့်ရောင်းချလာသည်ကိုတွေ့ရပါသည်။ သို့သော်အများပြည်သူစားသုံးရန်အတွက်ရပ်ကွက်များအတွင်း၌လက်လီရောင်းချသောဆန်၊ ဆီရောင်းချသည့်လက်လီဆိုင်များလည်းရှိနေဆဲဖြစ်ပြီး၊ဆန်ကိုမျက်မြင်အခြေအနေအရကြည့်၍ဝယ်ယူနိုင်ပြီဖြစ်ပါသည်။ထူးခြားသည်မှာမြို့ပေါ်လက်လီဆိုင်များ၌(၂၅)မှတ်ကဲ့သို့ သော ဆန်များရောင်းချနေခြင်း မ ရှိသည်ကိုတွေ့ရပါသည်။ဈေးအသက်သာဆုံးဖြစ်သည့် မနောသုခ၊ဧည့်မထဆန်များပင်လျှင်ဆန်ကွဲ(၁၅)မှတ်လောက်ရှိသည်။ဖြူဖြူဖွေးဖွေးဆန်များဖြစ်နေသည်ကိုတွေ့ရခြင်းဖြစ်ပါသည်။ဤအချက်သည်မြန်မာဆန်စားသုံးသူများ၏စားသုံးမှုပါရာဒိုင်းပြောင်းလဲလာပြီဖြစ်သည်ကို ထောက်ခံပြောဆိုနေခြင်းပင်ဖြစ်ပါသည်။

မြန်မာနိုင်ငံပြည်တွင်းဆန်စပါးရောင်းဝယ်မှုသည်ဒေသခံကုန်သည်များ၏ လက်ဝယ်တွင်ရှိနေပြီး ဆန်ကုမ္ပဏီအချို့အနေဖြင့် ကိုယ်ပိုင် brand ဖြင့် ထုပ်ပိုး ရောင်းချမှု များရှိပါသည်။ မြန်မာဆန်စပါးလုပ်ငန်း သည် ပြည်တွင်းရောင်းဝယ်မှုကို ဦးစားပေးသဖြင့် ပြည်တွင်း၌ ဆန်အမျိုးအစားအမျိုးမျိုး (ဥပမာ – ပေါ်ဆန်း၊ ခပ်ချို၊ ဆင်းဧကရီ-၃၊ ဇီယာ၊ အထူးဧည့်မထ၊ ကောက်ညှင်းဖြူ/နက်) ဆန်အဆင့်အတန်းအမျိုးမျိုး (မြန်မာ ၁၅ မှတ်၊ စူပါ ၁၀%၊ စူပါ ၅%၊ စူပါ ၁၀ဝ%) အထူးဆန်အမျိုးမျိုး (ဆန်နီ၊ ပေါင်းဆန်၊ ရှမ်းဆန်၊ ကချင်ခပ် ချိုဆန်၊လုံးတီးဆန်)စသည်တို့ကိုမိမိကုမ္ပဏီbrandအမှတ်တံဆိပ်များတပ်၍ပြည်တွင်းဈေးကွက်ရှိ စားသုံးသူအဆင့်အမျိုးမျိုးသို့ ရောင်းချ နိုင်ပါသည်။

ပြည်တွင်းဆန်စပါးရောင်းဝယ်မှုသည်ယခုအချိန်၌ပုဂ္ဂလိကလက်ဝယ်သို့လုံးလုံးလျားလျား ရောက်နေပြီဟု ဆိုနိုင်ပါသည်။ ပြည်တွင်း Supply Chain Mechanism ကိုလည်း သေချာစွာတည်ဆောက် ထားပြီးဖြစ်ပါသည်။ ဆန်ကုမ္ပဏီ အချို့သည် ကိုယ်ပိုင် brand အမှတ်တံဆိပ်များဖြင့် မြို့ကြီးများ၏ super market အချို့တွင် ဆိုင်တင် ရောင်းချပေးလျက်ရှိရာ ငွေကြေးတတ်နိုင်သည့် ပြည်သူများ၊ နိုင်ငံခြားသားများ သာလျှင် အများဆုံးဝယ်ယူစားသုံးနေကြပြီး၊ လက်လုပ်လက်စား စားသုံးသူများသည် ရပ်ကွက်များရှိ ဆန်လက်လီဆိုင်တွင်ဝယ်ယူလေ့ရှိသောကြောင့်အများစားသုံးလေ့ရှိသောဆန်အမျိုးအစားများသာ ရောင်းချကြပါသည်။ ဆန်ဈေးတက်လာ နိုင်သည့်အခြေအနေများ ဖြစ်ပေါ်ခဲ့လျှင် စားသုံးသူအများစုသည် ယခင်ကကဲ့သို့ ဆန်အိတ် အများအပြား ဝယ်ယူ သိုလှောင် စားသုံးလေ့မရှိကြတော့ပါ။ဤအချက်သည်ပြည်တွင်းဆန်စားသုံးသူအများစု၏မြန်မာဆန်စပါးလုပ်ငန်းအပေါ်ယုံကြည်မှုများပိုမိုလာခြင်းကြောင့်ဖြစ်သည်ဟုသုံးသပ်ရရှိပါသည်။မြန်မာ့ဆန်စပါးလုပ်ငန်းပုဂ္ဂလိကလက်ဝယ်သို့ရောက်ရှိလာသောကြောင့်သာယင်းသို့ယုံကြည်မှုများတိုးလာခြင်းဖြစ်သည်ဟုဆိုနိုင်ပါသည်။နောက်တစ်ချက်မှာဆန်နှင့်ပတ်သက်၍သတင်းအချက်အလက် များကို ပြည်တွင်းမီဒီယာများက စိတ်ဝင် တစားဖေါ်ပြလေ့ရှိသောကြောင့် ဖတ်ရှုသူ၊ စားသုံး သူများအနေဖြင့် real time အခြေ အနေမှန်ကို သိရှိပြီးဖြစ်ကာ ယခင်ကာလများကဲ့သို့စိုးရိမ်ပူပန်မှုများမရှိတော့ပါ။ဆန်ဈေးကွက်သည်ပုံမှန်အနေအထားဖြစ်သောရောင်းလိုအားဝယ်လိုအားပေါ်မူတည်၍ဖြစ်ပေါ်လျက်ရှိရာဈေးကွက်တည်ငြိမ်မှုကိုထိန်းနိုင်ခဲ့ခြင်းဖြစ်ပါသည်။ပြည်တွင်းဆန်ဈေးကွက်အခြေအနေသည်သိသာထင်သာမြင်သာသောအခြေအနေသို့ရောက်ရအောင်ဆောင်ရွက်ထားနိုင်သောကြောင့်ပြည်တွင်း စားသုံးသူများ၏ စိုးရိမ်ပူပန်မှုကို တနည်းအားဖြင့် ပြေပျောက်စေပါသည်။

နာဂစ်ဖြစ်ပြီးစအချိန်ကဆန်ဈေးများအဆမတန်တက်လာနိုင်သည်။ပြည်ပမီဒီယာများကလည်း မြန်မာနိုင်ငံသည် ဆန်အဓိကတင်ပို့သော နိုင်ငံဘဝမှ ဆန် တင်သွင်းသော နိုင်ငံအဖြစ်သို့ရောက်ရှိလာနိုင်သည် ဟု ရေးသားပြောဆို ခန့်မှန်းချက် များအရ အစပိုင်း၌ စားသုံးသူများသည်စိုးရိမ်ပူပန်မှုများရှိပြီးအိမ်ထောင်စုအလိုက်တတ်နိုင်သူများကဆန်ကိုအိတ်လိုက်သိုလှောင်ကြခဲ့ပါသည်။နောက်ပိုင်းကာလများ၌ပြည်တွင်းဆန်ဈေးကိုတည်ငြိမ်အောင်သက်ဆိုင်ရာမှစောင့်ကြည့်ထိန်းချုပ်နိုင်ခဲ့သောကြောင့်ပုံမှန်အခြေအနေသို့အလျှင်အမြန်ရောက်ရှိခဲ့ပါသည်။ထို့ကြောင့်ပြည်တွင်းဆန်ဈေးနှုန်းသည်ပြည်တွင်းပြည်ပမီဒီယာများ၏ သတင်းအချက်အလက်ပေါ်များစွာမူတည်ပါသည်။ဆန်စပါးနှင့်ပတ်သက်၍စိုက်ပျိုးထုတ်လုပ်မှု၊ပုံမှန်ဆန်စီးဆင်းမှု၊မှောင်ခိုစီးဆင်းမှု၊ဒေသအလိုက်ဆန်ဈေးနှုန်းဖြစ်ပေါ်မှု၊ဆန်ဦးဆောင်ကုမ္ပဏီများ၏လှုပ်ရှားမှုစသည့်သတင်းအချက်အလက်များသည်ပျမ်းမျှဆန်ဈေးနှုန်းကိုရိုက်ခတ်မှုများရှိနိုင်ပါသည်။ ထို့ကြောင့် ကောလဟလဖြစ်မှုကို ကာကွယ်သည့်အနေဖြင့် ထင်သာမြင်သာရှိအောင်(transparency)ပြုလုပ်ထားရန်အရေးကြီးပါသည်။ယခင်ကာများကဆန်ဈေးအနည်းငယ်တက်သွားပြီဆိုသည့်သတင်းမျိုးပင် ဂျာနယ်များ မှ ထည့်ခွင့်မရခဲ့ပါ။

ယနေ့ မြန်မာဆန်စပါးလုပ်ငန်း၊ ပြည်တွင်းရောင်းဝယ်မှုကိုသုံးသပ်ကြည့်လျှင် ယေဘူယျအားဖြင့်ဈေးနှုန်းတည်တည်ငြိမ်ငြိမ်ဖြစ်ပေါ်လျှက်ရှိပြီးဒေသတစ်ခုနှင့်တစ်ခုစီးဝင်စီးထွက်မှာလည်းမှန်ကန်တည်ငြိမ်လျက်ရှိကြောင်းတွေ့ရပါသည်။ပြီးခဲ့သောမြန်မာဆန်စပါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအလုပ်ရုံဆွေးနွေးပွဲ၌ဆန်အထူးပြုကုမ္ပဏီပေါင်း(၃၂)ခုပေါ်ထွန်းလာခဲ့ပြီးဖြစ်ရာ၎င်းအထူးပြုကုမ္ပဏီများ၏ပထမဦးတည်ချက်သည်သက်ဆိုင်ရာတာဝန်ရှိသူများကပွင့်ပွင့်လင်းလင်းထောက်ပြလမ်းညွှန်ပြောဆိုခဲ့ပြီးဖြစ်ပါသည်။မြန်မာ့ဆန်စပါးပြည်တွင်းရောင်းဝယ်မှုလုပ်ငန်းသည်သမာရိုးကျရောင်းဝယ်မှုပုံစံအောက်မှမထွက်နိုင်ဘဲရှိနေသည်မှာရာစုနှစ်ပေါင်းများစွာရှိနေပြီဖြစ်ပါသည်။ဤအယူအဆအစွဲအလန်းမှာလည်း ဆိုရှယ်လစ်ခေတ်ဆန်စပါးလုပ်ငန်းကိုနိုင်ငံပိုင်အနေဖြင့်သာလုပ်ကိုင်ခဲ့သည့်အချိန်မှစ၍အရိုးစွဲလာခဲ့သည့်အစွဲအလန်းဖြစ်ပါသည်။ မြန်မာပြည်သူ စားသုံးသူများအနေဖြင့် ခေတ်မီထုပ်ပိုးမှုဖြင့် ထမင်းချက်ခါနီးရေဆေးရန်မလိုသည့်ဆန်အမျိုး အစားအဆင့်အတန်းကို ဝယ်ယူစားသုံးရန် တောင်းဆိုနေကြပြီဖြစ်ပါသည်။ဆန်သည်ယခင်ကကန့်သတ်ပစ္စည်းအဆင့်အတန်းဖြစ်သော်လည်းယခုအခါဆန်မျိုးစုံထဲမှကြိုက်ရာရွေးချယ်ဝယ်ယူနိုင်သည့်အခြေအနေသို့ရောက်ရှိနေပြီဖြစ်ရာဆန်စပါးကုမ္ပဏီများအနေဖြင့်ပြည်တွင်းဈေးကွက်၏ရောင်းဝယ်မှုပုံစံကိုအချိန်ကာလ သို့ရောက်ရှိနေပြီဟု ဆိုချင်ပါသည်။

No comments: