Monday, January 22, 2018

ပုဂ္ဂလိကလက်ထဲကမြန်မာဆန်စပါးလုပ်ငန်း (အဆက်)

မြန်မာ့ပေါ်ဆန်းဆန်


ပြည်တွင်းစားသုံးဆန်နှင့်ပတ်သက်၍ယနေ့ top grade သည်ပေါ်ဆန်း ဆန်ပင်စ်ပါဖြစ်သည်။ရှမ်းပြည်ဘက်သို့စီးထွက်သောဆန်အုပ်စု၌ပေါ်ဆန်းဆန်အမြောက်အများပါနေပြီဖြစ်ရာဒေသဆန်ဖြစ်သောရှမ်းဆန်ကိုပင်တစ်နေ့တစ်ချိန်၌ကျော်တက်သွားနိုင်သည့်အခြေအနေမျိုးဖြစ်ပါသည်။ဈေးကွက်အကြိုက်များလာပြီဖြစ်၍ပေါ်ဆန်းကိုမြန်မာနိုင်ငံဒေသအသီးသီး၌စမ်းသပ်စိုက်ပျိုးလျက်ရှိကြပါသည်။ယနေ့လက်ရှိအချိန်ကာလ၌ဖျာပုံမှထွက်ရှိသော လက်ပံပေါ်ဆန်းသည်အကောင်းဆုံးဖြစ်သည်ဟုမြန်မာဆန်ကုန်သည်များကအမှတ်ပေးကြပါသည်။တစ်ချိန်တစ်ခါက ပုသိမ်၊ ဥတိုမှ ထွက်ရှိသော ပေါ်ဆန်းမှာ အလွန် နာမည်ကြီးခဲ့ပြီး “အိမ်တော်ဆန်“ဟုပင်သတ်မှတ်ခဲ့ ကြပါသည်။ သမ္မတအိမ်တော်အတွက် နှစ်ပေါက်သီးခြား သိုလှောင်ရုံဖြင့်သိုလှောင်ထား ရှိပြီး လစဉ်လိုအပ်ချက်အရ ကြိတ်ခွဲထုတ်လုပ်ပေးရပါသည်။

ယခုအခါအဆိုပါဥတိုပေါ်ဆန်းကိုဆန်အထူးပြုဧရာဝတီ၊ပုသိမ်ဆန်စပါးကပြန်လည်ဆန်းသစ်လျက်ရှိကြောင်းပြီးခဲ့သည့်အလုပ်ရုံဆွေးနွေးပွဲတွင်တင်ပြချက်များအရသိရှိခဲ့ရပါသည်။ပေါ်ဆန်းစပါးသည် ရာသီစပါးဖြစ်ပြီး၊ အလင်း တာတုန့်ပြန်ချက် (photo period) လိုအပ်ပါသည်။ကွယ်လွန်သူဆန်စပါးပညာရှင်၊အထွေထွေမန်နေဂျာ၊ဦးအုန်းကျော်ကပေါ်ဆန်းတို့ ဘာစမာတီတို့၌ မွှေးရနံ့ဖြစ်ပေါ် ခြင်းသည် စပါးပန်းပွင့် ချိန်(flowering period)၌ ရှိသင့်သောအပူချိန်နှင့်စိုထိုင်းဆကိုက်ညီလျှင်ဖြစ်ပေါ်နိုင်ကြောင်းပြောဘူးပါသည်။ထို့ကြောင့်ပေါ်ဆန်း၊ဘာစမာတီတို့ကိုစိုက်မည်ဆိုလျှင်စတင်စိုက်ပျိုးရန်အချိန်ကိုရွေးချယ်သည့်အခါ အချိန်ကိုက်ဖြစ်စေရန် အရေးကြီးကြောင်းပြောဘူးပါသည်။

ပေါ်ဆန်းစပါးသည်ရေမြေ၊ရာသီဥတု၊နေရာဒေသမရွေးစိုက်၍မရပါဟု ဆိုပါသည်။ ၄င်း၏အထွက်နှုန်းသည်တစ်ဧကတင်း(၆၀-၈၀)ခန့်သာဖြစ်ပါသည်။”တစ်ဧကတင်းခန့်ထွက်ရန်Genetic Engineering အရ မျိုးဗီဇကိုပြင်မှ ရနိုင်မယ်” လို့ဆန်စပါးပညာရှင်ကဆိုပါသည်။”အဲ့ဒီလိုဗီဇကိုပြင်နိုင်ရင်တင်း(၇၀-၈၀)လောက်တော့ထွက်နိုင်မယ်လို့မျှော်လင့်ရပါတယ်”လို့ပြောပြဘူးပါတယ်။ကမ္ဘာပေါ်တွင်စားသုံးမှုအကောင်းဆုံးဆန်အဖြစ်၃နှစ်ဆက်တိုက်အရွေးခံရပါသည်။ပေါ်ဆန်းစပါး၏DNAကိုဖေါ်ထုတ်ပြီးမြန်မာနိုင်ငံ၏အမျိုးသားအဆင့် ဆန်အဖြစ်မှတ်ပုံတင်ရန်ဆောင်ရွက်လျက်ရှိကြောင်းမြန်မာစိုက်ပျိုးရေးလုပ်ငန်းက တာဝန်ရှိသူများကပြောပြပါသည်။စိန်တစ်လုံးသရက်နှင့်ပေါ်ဆန်းစပါးကိုအမျိုးသား သရက်သီးနှံနှင့်အမျိုးသားဆန်အဖြစ်ကမ္ဘာမှအသိ
အမှတ်ပြုလာစေရန်အဆင့်ဆင့်ဆောင်ရွက်လျှက်ရှိပါသည်။

ပေါ်ဆန်း စပါးစိုက်ဧကသည် အခြားစပါးအမျိုးအစားနှင့် နှိုင်းယှဉ်လျှင် အတော် နည်းနေပါသည်။ မိုးစပါး စိုက်ဧက (၁၄) သန်းကျော်အနက် ပေါ်ဆန်းစပါးစိုက်ဧကသည် (၁) သန်းခန့်ပင်မရှိသေးသည်ကိုတွေ့ရပါသည်။ယိုးဒယားကခေါက်ဒေါ့မာလီစပါးလည်းအစပိုင်း၌ တစ်ဧကအထွက်နှုန်း လွန်စွာနည်းသော ကြောင့် မျိုးဗီဇာပြုပြင်ပြောင်းလဲခဲ့ကာ ယခုအခါ “ဟုန်မာလီ”စပါးသည် ယိုးဒယား၏ ကမ္ဘာကျော် လုံးရှည်ဆန်တစ်ခုဖြစ်လာ ခဲ့ပြီဖြစ်ပါသည်။

၂၀၁၀ ခုနှစ်က အကောင်းဆုံး ဖျာပုံပေါ်ဆန်း ဆန်သည် (၁) အိတ် (၃၄၀ဝ၀ိ/-) ခန့်ဖြစ်ရာ မက်ထရစ်တန်ဖြင့် တွက်ချက်ပါက ထိုအချိန်ပေါက်ဈေးအရ ဒေါ်လာ (၇၀ဝ) ကျော်ဖြစ်ပါသည်။ယခု၂၀၁၇ခုနှစ်တွင်ရွှေဘိုပေါ်ဆန်းဘေးကြားဆန်တစ်အိတ်သည် ၄၈၅၀၀ ကျပ်ဖြစ်ရာမက်ထရစ်တစ်တန်အမေရိကန်ဒေါ်လာ၇၄၀ရှိနိုင်ပါမည်( ၁ဒေါ်လာ = ၁၃၀၀ ကျပ်) ထို့ကြောင့်ပေါ်ဆန်းဆန်ကိုဈေးကွက်မြှင့်တင်ရေးများဆောင်ရွက်သည့်တိုင်ကမ္ဘာ့ဈေးကွက်တွင်ယှဉ်ပြိုင်ရောင်းချနိုင်ရန်မလွယ်ကူလှပါ။မလေးရှားနိုင်ငံ၌BERNASမှတဆင့်ပီနန်တွင် Rangoon beras(rice) ဟုအမည်ပေး၍ဈေးကွက်မြှင့်တင်ရေးများဆောင်ရွက် ပြီး  ၂၀ဝ၄/၂၀ဝ၅ခုနှစ်ကရောင်းချခဲ့ရာလူကြိုက်များခဲ့သော်လည်းစဉ်ဆက်မပြတ်တင်ပို့ရေးကိုမဆောင်ရွက်နိုင်သောကြောင့်ဈေးကွက်ခိုင်ခိုင်မာမာမရရှိခဲ့ပါ။ပေါ်ဆန်းဆန်သည်ပြည်တွင်း၌ခိုင်ခိုင်မာမာဈေးကွက်ရရှိနေပြီဖြစ်ရာကုမ္ပဏီများအနေဖြင့်ပြည်တွင်းဈေးကွက်တွင်တည်တည်ငြိမ်ငြိမ်ဖြပေါ်တိုးတက်လာရေးကိုပထမကြိုးစားသင့်ပြီပြည်တွင်း၌အောင်မြင်မှုများရရှိပြီးမှသာပြည်ပတင်ပို့ရေးကိုဈေးကွက်မြှင့်တင်ရေးနှင့်အတူဆောင်ရွက်နိုင်ပါသည်။၂၀၁၁ခုနှစ်အတွင်းပြည်တွင်းဈေးကွက်သို့ဝင်လာသည့်နောင်ရှည်ပေါ်ဆန်းဆန်သည်အိတ်ငယ်ထုပ်ပိုးမှုဖြင့်ပင်ပြည်ပဈေးကွက်ဝင်နိုင်သောအနေအထားကိုတွေ့ရပါသည်။၂၀၁၆ခုနှစ်၌၂ကီလို၅ကီလိုအိတ်များဖြင့် vacuum ပြုလုပ်ရောင်းချလာသည်ကိုဈေးကွက်များတွင်တွေ့ ရပါသည်။

ပြည်တွင်း ဆန်ရောင်းဝယ်မှုများ၌ ပြည်တွင်းဆန်ဈေးနှုန်းဖြစ်ပေါ်လာခြင်းသည် အောက်ခြေရှိ ကုန်သည်များမှ ကြိတ်ခွဲရရှိမှု အခြေအနေပေါ်မူတည်၍ ဖြစ်ပေါ်လာရခြင်း ဖြစ်ရာ ဒေသတွင်းဖြစ်ပေါ်လျက်ရှိ သော စပါးဈေးနှုန်းနှင့် ဆက်စပ်တွက်ချက်ကြရပါသည်။ ယခင်က ဆန်ဈေးနှုန်းကို ဆန်ကုန်သည်များမှ တွက်ချက်၍ ဈေးကွက်ကိုထိန်းကျောင်းကြ သော်လည်းယခုအချိန်၌တောင်သူများစပါးကွင်းပွဲစားများ၊ဆန်စက်ပိုင်ရှင်များ၏ဈေးနှုန်းထိန်းချုပ်မှုအောက်တွင်ရှိနေကြသည်ဟုဆိုကြပါသည်။

No comments: