Sunday, June 4, 2017

ဘတ်ခွဆိုတဲ့အမည်


၁၉၆၆ ကုန်ခါနီးကြို့ ကုန်းမှာရှိတဲ့ ရန်ကုန်စက်မှုတက္ကသိုလ်မှာ ကျောင်းသားကျောင်းသူတွေနဲ့ အတန်းပြောင်းအတန်းတက်ပျားပမ်းခတ်မျှလှုပ်ရှားလျှက်ရှိနေပြီးစကားပြောသံတွေနဲ့ ဆူညံလျှက်ရှိပါတယ်-သမိုင်းကျောင်းဆောင်တွေနဲ့ အကြိုအပို့ လုပ်ပေးတဲ့ လေးလင်းဘတ်စ်ကားကြီးအချို့ လည်းကျောင်းရှေ့ ဆင်ဝင်အောက်မှာခေတ္တခဏရပ်နားထားပါတယ်--အဲဒီအချိန်မှာ မြန်မာ့လေတပ်မတော်က T33 ဂျက်တိုက်လေယာဉ် ၃စီးဟာတစ်စီး နဲ့ တစ်စီး ရှေ့ နောက်ခွာပြီး အမိုးပေါ်ကဖြတ်ပျံသန်းလိုက်တဲ့အခါသူတို့ရဲ့ ဆူညံသံဟာကျောင်းကြီးတစ်ခုလုံးရဲ့ ဆူညံသံအားလုံးကိုဖုံးလွှမ်းပစ် လိုက်ပါတယ်--
ပင်မအဆောက်အဦအောက် သြဘာလမ်းထိပ်လောက်မှာ အိန္ဒိယပလေကပ်ကိုခပ်တိုတိုဝတ်ထားပြီးစတစ်ကော်လာရှပ် အဖြူရောင်နဲ့ ကျောင်းသားတစ်ယောက်ဟာ ဘေးကလွယ်ထားတဲ့ လွယ်အိတ်ထဲလက် နှိုက်ထားပြီး အပေါ်ကဖြတ်ပျံသွားသော T33ဂျက်လေပျံများကို စိတ်မသက်မသာစွာဖြင့်မော့ကြည့်ရင်း တောက်တစ်ချက်ခေါက်လိုက်ပါတော့တယ်--သူ့ဘေးနားမှာတော့စမ်းချောင်းသံတံတား ကနေကျောင်းလာတက်တဲ့မလယ်မဝယ်ရိုးသားပုံရတဲ့ Mechanical ကဝင်းမြင့်ရယ်၊လက်ကြီးကိုမြှောက်မြှောက်ပြီးစကားပြောတတ်တဲ့ ဟောင်ဖွာဟောင်ဖွာ မြောင်းမြက ၁၀တန်းအောင်လာတဲ့လောက်ဖျားခေါ် ဉာဏ်ဝင်းရွှေရယ်၊နောက်မန္တလေးရွှေမြို့ တော်ကဂိုက်ဆိုက်မိတဲ့ဗိုလ်ကျောင်းဆင်းစိန်ပီတာက၁၀တန်းအောင်လာတဲ့ နောင်မှာ မောင်တိုင်ပင်လို့ ခေါ်တွင်လာမဲ့ ကျနော်တို့ ရှိနေကြပါတယ်--
တောက်" ကိုအကျယ်ကြီးခေါက် လိုက်တဲ့ အမောင်ကျောင်းသားကတော့အောက်ချင်းတွင်းက ရွာမဟုတ်တဲ့ မုံမြို့ ဆိုတဲ့အထက်တန်းကျောင်းကအောင်လာတဲ့ တင်မောင်သန်းဖြစ်ပါတယ်--မျက်မှောင်ကြီးကို အကြီးအကျယ် ကုတ်ထားပြီး ကြို့ ကုန်းအာအိုင်တီကျောင်းပေါ် T33 ဂျက်လေပျံဖြတ်ပျံတဲ့ကိစ္စကို အောက်ချင်းတွင်း မုံမြို့ လိုမြို့ တော်သားကြီးတွေ မှမကယ် ရင် ဒီကျောင်းတော်ကြီးက ဘယ်လိုများအင်ဂျင်နီယာကျောင်းတော်သူကျောင်းတော်သားတွေကိုထုတ်လုပ်ပေးနိုင်တော့မှာလဲ? ငါရဲ့ ကျွမ်းကျင်တဲ့ပညာရပ်ကိုအသုံးချမယ် လို့စိတ်ဒုံးဒုံးချ မှတ်လိုက်ပြီးအတန်းဖေါ်တွေကို သူလွယ်ထားတဲ့လွယ်အိတ်ထဲက ပစ္စည်းတစ်ခုကို ရုတ်တရက်စိတ်လိုက်မန်ပါစွာ ဆွဲထုတ်ပြလိုက်ပါတယ်--အဲလို ဆွဲထုတ်လိုက်တဲ့အချိန်မှာရွှေဘို မြို့ တည်အလောင်းဘုရားနဲ့ ဆွေမျိုး နီးစပ်တော်တဲ့ ဆင်ကျွမ်းကျင်သူပညာရှင်ဆင်ဆရာသား သိန်းအောင် ကရောက်လာပြီးတင်မောင်သန်းထုတ်ပြလိုက်တဲ့ ပစ္စည်းကိုလည်းမြင်ရော " ဟာ ဘတ်ခွကြီးပါလား" လို့ထအော်လိုက်မိပါတယ်--ဘေးနားမှာရှိနေတဲ့ရန်ကုန်သားတွေဖြစ်တဲ့ အောလီဘာ တို့ ဘူးဘူး တို့က ပြောင်လက်နေအောင်ပွတ်ထားတဲ့ ကျွဲချို နဲ့လုပ်ထားတဲ့ လေးဂွကိုမြင်တော့ ဘူးဘူး က" ဟယ် -- လေးဂွချည်း ဥစ္စာ ဘယ်က ဘတ်ခွ ရမှာလဲ လို့အော် လိုက်ပါတယ်--ဟေ့ကောင်တွေ ငါတို့ မုံမြို့ မှာ " ဘတ်ခွ" လို့ခေါ်သကွ-- မင်းတို့မမြင်ဘူးရင်ကြည့်ထားကြ--လို့ ဂုဏ်ယူ ဝံ့ကြွားစွာ လောက်စာလုံးလေးညှပ်ပြီး ပစ်သယောင် အမူအရာ လုပ်ပြလိုက်ပါတယ်--မင်းတို့ အားလုံးကြည့်ထားကြကွ-- ငါတို့ကျောင်းတော်ကြီးပေါ်က အသံဆူညံစွာ ဖြတ် ဖြတ်ပျံနေတဲ့ T33 ဂျက်လေပျံတွေကို ငါတစ်စင်းပြီးတစ်စင်း ပစ်ချပြမယ်ကွ လို့ သူငယ်ချင်းတွေရှေ့ မှာကျုံးဝါးပြလိုက်ပါတယ်--
အဲဒီတင်မောင်သန်းမှာ နှမချောချောလေးရှိတယ်ဆိုတာသိတဲ့ ဇကာကြီးသား လူလည် ဝင်းမြင့်ကမတော်ရသေးတဲ့ ယောက်ဖကို ဖါးတဲ့အနေနဲ့ " ဟုတ်တယ် တင်မောင်သန်း မင်းက ဘတ်ခွပစ်တော်တယ် ငါတို့ 1/3/3မလွယ်ပေါက်ကနေ ကျောင်းခေါင်မိုးပေါ်တက်ပြီး T33 တွေပစ်ချမယ်ကွာ " ဆိုပြီးဝင်ပြောလိုက်ပါတယ်-- သူငယ်ချင်းတွေအားလုံးကလည်းမုံမြို့ သား( အညာတောသား) ကိုဝိုင်းမြှောက် ကြပါတော့တယ်--ဟေး-- တင်မောင်သန်းက သူ့ ဘတ်ခွနဲ့ ပစ်ချပေးမယ်ကွ သဘောတူရင် လက်ခုတ်တီးကြ ဆိုပြီးလက်ခုတ်သံတဖြောင်းဖြောင်းနဲ့ပေါ့--
1/3/3 မှာ ဦးလွှမ်းမိုးရဲ့ Physic class လည်းပြီးရော 1/3/3 ကအပေါ်တက်တဲ့ မလွယ်ပေါက်ကနေကျောင်းသား၁၅ ယောက်လောက်တစ်ယောက်ပြီးတစ်ယောက် T33 ဂျက်လေပျံ အပေါ်ကဖြတ်အပျံကိုစောင့်နေကြတာပေါ့--အဲဒီထဲမှာ မုံမြို့ သား တင်မောင်သန်း က မုံမြို့ ကိုဂုဏ်တင့်အောင်လုပ်မဲ့ကျောင်းသားဆိုပြီးဝိုင်းမြှောက်ကြတာပေါ့ -- ကံဆိုးစွာပါပဲ--T33 ဂျက်လေပျံ ၂ စီး အသံဆူညံစွာကျောင်းကို ဖြတ်ပျံလာပါတယ်-- တင်မောင်သန်းက ကျွဲချို ဘတ်ခွကြီးနဲ့ အသေအချာချိန်ပြီးပစ်လိုက်တာဘယ်အတောင်ပံကို ထိမိလိုက်တဲ့ အသံ တောင် ကနဲကြားလိုက်ရတော့ ကျောင်းသားတွေအားလုံးက ဟူးရား ဟူးရား နဲ့ဆူညံစွာအားပေးသံတွေပေါ်ထွက်လာပါတယ် --ကျောင်းသားတွေဆူညံဆူညံ နဲ့ကျောင်းခေါင်မိုးပေါ်ဘာတက် လုပ်နေကြပါလိမ့် ဆိုပြီး Rector ဦးရုံးမိုးက ကြားတော့ မော်ကွန်းထိန်း ဦးလှကိုအကြည့် ခိုင်းလိုက်ပါတယ်--ဦးလှရောက်လာတော့ ကျောင်းသားအားလုံးစပ်ဖြီးဖြီးနဲ့ပေါ့--အကျိုးအကြောင်းလည်းသိရကော ဆရာဦးလှက မျက်နှာပိုးသတ်ကာ အားလုံးဆရာ အခန်းထဲလာခဲ့ကြဆိုပြီးပြောဆင်းသွားပါလေရော--မောင်တိုင်ပင် တို့ လည်း ဆရာ ဦးလှအခန်းထဲမှာ မျက်နှာပိုးသတ်ပြီး ဆရာဘာပြောမလဲနားထောင်နေတာပေါ့-- ဆရာက --အေး မောင်တင်မောင်သန်း မင်းရဲ့ ခေတ်မီရိုးရာ လက်နက် ကိုပြန်ဖေါ် ထုတ်တာတော့ ဂုဏ်ယူပါသကွာ--မင်းကိုဂုဏ်ပြုတဲ့ အနေနဲ့ မင်းအာအိုင်တီ ကျောင်းတက်နေသမျှကာလပတ် လုံးမင်းကို " ဘတ်ခွ " လို့အားလုံးကခေါ်စေကွာ ဆိုပီး အမိန့်ချ လိုက်ပါတော့ တယ်--ကဲ တင်မောင်သန်း ဘတ်ခွ ဆိုတဲ့ အမည် ဘယ်လိုရသလဲ ဆိုတာ သိကြပြီလား--
မောင်တိုင်ပင်မွေးနေ့ အမှတ်တရ ဂျယ်ဂျီး တင်မောင်သန်း ဘတ်ခွအမည် ရလာပုံ ကိုဖစ်ရှင်းသွင်းလိုက်ပါတယ်--
မောင်တိုင်ပင်
၀၆-၀၅-၂၀၁၇

No comments: