Wednesday, November 28, 2018

စားနပ်ရိက္ခာဖူလုံရေး

ယနေ့ စင်ကာပူက Sunday Times မှာ " ရာသီဥတုပြောင်းလဲမှုက ကမ္ဘာကြီးကို ငတ်မွတ်ခေါင်းပါးစေတော့မှာလား " ဆိုတဲ့ ကမ္ဘာစားနပ်ရိက္ခာဖူလုံမှုနဲ့ပတ်သက်ပြီးမီးမောင်းထိုးပြလိုက်တဲ့ဆောင်းပါးတွေပါလာပါတယ်။တိုက်တိုက်ဆိုင်ဆိုင်ပါပဲ၊ အာဆီယံထိပ်သီးအစည်းအဝေးနဲ့ APEC အစည်းအဝေးတွေကျင်းပမဲ့အချိန်နဲ့တိုက်တိုက်ဆိုက်ဆိုင်ပါပဲ။

ရာသီဥတုပြောင်းလဲမှုကြောင့်ဗီယက်နမ်၊ မြန်မာ၊ ကမ္ဘောဒီးယား၊လာအို စတဲ့ နိုင်ငံတွေရဲ့ စားနပ်ရိက္ခာထုတ်လုပ်မှုတွေကိုထိခိုက်ခဲ့ပါတယ်။ မြန်မာမှာတော့အများသိကြတဲ့အတိုင်းသြဂုတ်၊စက်တင်ဘာလတွေမှာ မွန်၊ကရင်၊ပဲခူးစတဲ့ တိုင်းဒေသကြီးတွေမှာမိုးရွာသွန်းမှုများတာကြောင့်လယ်မြေတော်တော်များများရေကြီးနစ်မြုပ်ခဲ့ပါတယ်။

အရှေ့တောင်အာရှဒေသဟာဆန်စပါးအများဆုံးစိုက်ပျိုးထုတ်လုပ်တဲ့ဒေသဖြစ်ပါတယ်။တိုးတက် လာသောလူဦးရေကိုတိုးတက်ကျွေးမွေးနိုင်ဖို့လွန်ခဲ့သောဆယ်စုနှစ်ကျော်ကျော်လောက်ကတည်းကစပါးအထွက်တိုးလာအောင်ဆောင်ရွက်နိုင်ခဲ့ရာ၁၉၈၀ခုနှစ်တစ်ဝိုက်လောက်ကစပြီးနှစ်စဉ် စပါးအထွက် .၆၈%တိုးထွက်လာအောင်ဆောင်ရွက်နိုင်ခဲ့ပါတယ်။ဒါပေမဲ့ ၁၉၉၀ကစပြီးစပါးအထွက်တိုးတက်လာတဲ့နှုန်းဟာ တစ်နှစ်မှာ .၇၄%လောက်ထိကျဆင်းသွားခဲ့ကြောင်း ၂၀၀၆ ခုနှစ်က FAO ၏စာရင်းများအရသိရပါတယ်။ဒီဒေသအတွက်ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှာဟာလက်ရှိလူဦးရေအတွက်ဖူလုံစေဖို့ တန်ချိန် သန်း၆၀၀ထုတ်လုပ်ရာကနေ ၂၀၃၅ ခုနှစ်မှာ တိုးတက်လာသောလူဦးရေကို ကျွေးနိုင်ဖို့ ဆန်စပါးတန်ချိန်သန်း၇၅၀ လောက်ထုတ်လုပ်နိုင်ဖို့ လိုအပ်ပါတယ်။

ဆန်စပါးကိုအရှေ့တောင်အာရှဒေသမှာပဲအများဆုံးစိုက်ပျိုးထုတ်လုပ်ပြီးထွက်သမျှရဲ့ ၉၀% လောက်ကိုဒီဒေသကလူဦးရေကပဲအများဆုံးစားသုံးကြတာပါ။၂၀၁၅ ခုနှစ်ကFAO မှ ထုတ်ပြန်ခဲ့သော စာရင်းမျာအရ ဒီဒေသမှာရှိတဲ့ ကမ္ဘာလူဦးရေရဲ့ ၆၀. %ဟာအာဟာရဓါတ်များမပြည့်စုံကြဘူးလို့ဖေါ်ပြထားပါတယ်။

ယနေ့ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု တိုးတက်လာရေးကိုစိန်ခေါ်နေတဲ့ အချက်တွေကတော့ ကမ္ဘာရာသီဥတုပြောင်းလဲလာခြင်းကအဓိကအချက်ပါပဲ။ဒေသတစ်ခုမှာမိုးများစွာရွာသွန်းမှုကြောင့်လယ်မြေများရေကြီးနှစ်မြုပ်နိုင်ပါတယ်။ အရှေ့တောင်အာရှဒေသရှိ ဆန်စပါးစိုက်ပျိုးထုတ်လုပ်တဲ့နိုင်ငံတွေဟာမုတ်သုန်မိုးကိုအားပြုစိုက် ပျိုးထုတ်လုပ်ကြရပါတယ်။ တခါတရံ မိုးနည်းပြီးလုံလောက်သောမိုးရေမရရှိသဖြင့်မိုးခေါင်ရေရှားမှုဒဏ်ကိုကြုံတွေ့နိုင်ပြီးစပါးစိုက်ပျိုးထုတ်လုပ်မှုကိုထိခိုက်နိုင်ပါတယ်။ဒီဒေသမှာလူဦးရေကလည်းလျှင်မြန်စွာတိုးတက်နေတယ်။စပါးထုတ်လုပ်မှုပမာဏကလည်းကျဆင်းနေတယ်။ကမ္ဘာကြီးပူနွေးလာမှုကြောင့်ရာသီဥတုကိုလည်းအစိုးမရပြောင်းလဲမှုတွေက များလာတဲ့အခါစားနပ်ရိက္ခာဖူလုံစေမှုအတွက်ပူပန်ဖိစီးရတဲ့ဒုက္ခတွေဟာများသထက်များလာလျက်ရှိနေပါတယ်။

သိရိလင်္ကာလိုနိုင်ငံမျိုးကိုကြည့်ပါ။ သီရိလင်္ကာနိုင်ငံသည်အစဉ်အလာအရဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု မှာ self sufficient ဖြစ်သောနိုင်ငံဖြစ်ပါတယ်။ဒါပေမဲ့ ယမန်နှစ်က မိုးရွာသွန်းမှုနည်းပါးပြီးမိုးခေါင်ရေရှားမှုဒဏ်ခံခဲ့ရပါတယ်။ဒီနှစ်မှာဆန်ကိုအရှေ့တောင်အာရှနိုင်ငံတွေဆီကပဲတင်သွင်းရပါတယ်။ရာသီဥတုကြောင့်ဆန်စပါးထုတ်လုပ်မှုဖြစ်စဉ်ကိုအနည်းနှင့်အများထိခိုက်လာစေနိုင်ရာ မြန်မာအနေဖြင့်လည်း climate change ကြောင့်စပါးထုတ်လုပ်မှုကိုထိခိုက်စေလာရင် ဘယ်တိုင်းဒေသကြီး ဘယ်ပြည်နယ် များတို့တွင် အထိခိုက်ဆုံးဖြစ်နိုင်သည်-- ဘယ် contingency plan ကိုအသုံးပြုမလဲဆိုတာ Plan A, Plan B စသည်ဖြင့်စဉ်းစားချမှတ်ထားဖို့ လိုလိမ့်မည်ထင်ပါတယ်။ အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံသည် ရာသီဥတုပြောင်းလဲမှုကိုအများဆုံးခံရမည့် နိုင်ငံစာရင်းထဲတွင်ပါနေသောကြောင့်ဖြစ်ပါတယ်။ဒီလိုအခြေအနေမျိုးတွေရှိလာနိုင်တာကြောင့် IRRI ကသုတေသန ပညာရှင်များကလယ်သမားများအနေဖြင့် ရေကြီးနှစ်မြုပ်တဲ့ဒဏ်ခံနိုင်တဲ့စပါးမျိုးများ မိုးခေါင်ရေရှားဒဏ်ကိုခံနိုင်တဲ့စပါးမျိုးများပြောင်းလဲ စိုက်ကြဖို့ အကြံပြုထားကြပါတယ်။

ဆန်စပါးသုတေသန ပညာရှင်များက ရာသီဥတုပြောင်းလဲမှု အပေါ်မူတည်ပြီး အလင်းတာပြောင်းလဲမှု ( photosynthesis) ကိုပြုလုပ်နိုင်တဲ့ ဂျုံ၊ ပြောင်း၊စပါး နဲ့ပတ်သက်တဲ့ မျိုး များ (C3, C4) ကိုပူနွေးလေ့ရှိတဲ့ ကမ္ဘာကြီးရဲ့ဒေသတွေအတွက်သုတေသနတွေ လုပ်လျက်ရှိတယ် လို့တော့ သိရပါတယ်။

မြန်မာနိုင်ငံအနေဖြင့်လည်းဆန်စပါးလုပ်ငန်းသည်တိုင်းပြည်၏အသက်သွေးကြောသဖွယ်ဖြစ်ရာပါဝင်လုပ်ဆောင်နေကြသည့် stakeholders များအားလုံးကမ္ဘာမှာ ဘာတွေ ဖြစ်နေတယ်  ဘာတွေဆောင်
ရွက်နေတယ်ဆိုတာ မျက်ချေမပြတ်သင့်ပဲမြန်မာနိုင်ငံ၏လက်ရှိအခြေအနေ ကိုထိန်းသိမ်းထားရင်းအ
နည်းဆုံးဒေသတွင်းမှာတော့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ကြဖို့ ကိုတိုက်တွန်းပါရစေ။

No comments: