အသက် နှင့် အချိန်
စက္ကန့်၊ မိနစ်၊ နာရီ၊ နေ့၊ ရက်၊ လ၊ နှစ် စသည့်
အချိန်တိုလေးများကို
ပေါင်းစည်းထားခြင်းသည်ပင်
အသက်မည်၏။
ထို့ကြောင့် အသက်ကို တန်ဖိုးထားသူသည်
အချိန်ကို တန်ဖိုးထားရမည်။
ကုသိုလ်၊ ပညာ၊ ဥစ္စာ သုံးမျိုးအနက်
တစ်မျိုးမျိုးကိုမှ မရဘဲ
အချိန်ဖြုန်းတီးသူများသည်
မိမိအသက်ကို
ဖြုန်းတီးသူများပင် ဖြစ်၏။
သာယာဝတီမှ မောင်ရဲမြင့်သည် အခြားဘာသာဝင် ဖြစ်သည်။ စာရေးသူနှင့် ဘာသာတရားအကြောင်းကို ပွင့်လင်းရင်းနှီးစွာ ဆွေးနွေးအပြီးတွင် ဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်သွားခဲ့သည်။ သူနှင့် ဆွေးနွေးပုံအကျယ်ကို “အရှုံးမရှိသောဒဿန” စာအုပ်တွင် ဖတ်ရှုနိုင်သည်။ မောင်ရဲမြင့်သည် စာဖတ်သည်။ ထို့ကြောင့် အတွေးအခေါ် ကောင်းသည်။ သူ့အတွေးအခေါ်လေး တစ်ခုကို ဖတ်ရှုခံစားကြည့်ပါ။
“လူတစ်ယောက်မှာ တီဘီရောဂါ ဖြစ်နေသည်။ ခြောက်လလောက် စွဲသောက်လျှင် ကင်းရှင်းစွာ ပျောက်မည့် ဆေးလည်း သူ့အနားတွင် ရှိနေသည်။ သို့သော် သူကား ထိုဆေးကို မသောက်။ အကြောင်းကား ထိုဆေးသည် သူ့နိုင်ငံမှ ထုတ်လုပ်သော ဆေးမဟုတ်သောကြောင့် ဟူ၏။ ထိုသို့ မသောက်လျှင် ထိုသူသည် တီဘီရောဂါဖြင့် သေဖို့သာရှိ၏။”
“ထို့အတူ လောဘ၊ ဒေါသ စသော ကလေသာရောဂါကို ပျောက်စေမည့် တစ်ခုတည်းသော ဆေးသည် ဗုဒ္ဓ၏ ဝိပဿနာတရားပင် ဖြစ်၏။ ထိုဝိပဿနာဆေးကို မိမိဘာသာက နည်းလမ်း မဟုတ်သောကြောင့် မသောက်သုံးနိုင်၊ မကျင့်သုံးနိုင်ဟု ဆိုလျှင် ပူလောင်သော၊ အပါယ်သို့ ဆွဲချသော ကိလေသာရောဂါများ မပျောက်ကင်းရုံသာ ရှိ၏။”
မောင်ရဲမြင့်သည် ဗုဒ္ဓဘာသာဝင် ဖြစ်လာပြီးနောက် ရဟန်းပြုလိုက်သောအခါ “ဦးဝိသုဒ္ဓိ” ဖြစ်သွား၏။ ရွှေပြည်သာမြို့၊ မန္တလေးကျောင်းမှာ ငါးဝါခန့် သီတင်းသုံးပြီးနောက် ကော့သောင်းမြို့သို့ ပြောင်းရွှေ့သွားခဲ့သည်။ ကော့သောင်းမြို့၊ ခုနစ်မိုင်ရွာရှိ တောင်ကြီးတစ်တောင်ပေါ်တွင် တစ်ပါးတည်း ဧကစာရီ သီတင်းသုံးပြီး ပခုက္ကူဝိပဿနာ သင်တန်းခွေ တရားများကို နာယူလျက် တရားကျင့်နေသည်။
ဦးဝိသုဒ္ဓိသည် သူ့ထံသို့ ရောက်လာသမျှ ဒကာ၊ ဒကာမ များအား အတွေးအမြင်ပါသည့် တရားတိုလေးများကို ဟောပေးလေ့ရှိသည်။ သူ့တရားအများစုသည် အမေးပါသော်လည်း အဖြေမပါပေ။ အလွန် စိတ်ဝင်စားစရာ ကောင်းသဖြင့် နမူနာတစ်ခု ဖော်ပြပါအံ့။ တစ်ခါတွင် ကော့သောင်းမြို့၊ သူဌေးကျွန်းဟိုတယ်မှ ဦးဘုန်းမြင့်တစ်ယောက် ဦးဝိသုဒ္ဓိ၏ တောကျောင်းလေးသို့ ရောက်လာသည်။ ဦးဝိသုဒ္ဓိက စတင် မေးမြန်းသည်။
“ဒကာကြီး … နာမည် ဘယ်လိုခေါ်သလဲ”
“ဦးဘုန်းမြင့်လို့ ခေါ်ပါတယ် ဘုရား”
“ဒကာကြီး၊ အသက်မွေးဝမ်းကျောင်း ဘာလုပ်သလဲ”
“တပည့်တော် သူဌေးကျွန်းဟိုတယ် အင်ဂျင်နီယာဌာနမှာ အလုပ်လုပ်ပါတယ် ဘုရား”
“ဒကာကြီး၊ လူလာဖြစ်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်ဟာ အင်ဂျင်နီယာလုပ်ဖို့ တစ်ခုတည်းအတွက်လား”
ဦးဝိသုဒ္ဓိ၏ တရားသည် စကားလုံး (၂၇)လုံး ခန့်နှင့် ပြီးဆုံးခဲ့လေပြီ။ ကမ္ဘာ့အတိုဆုံး တရားဟု ဆိုရလေမည်လားမသိ။ ဦးဘုန်းမြင့် အတွက်ကား အံ့သြစရာ အကောင်းဆုံး နေ့တစ်နေ့ ဖြစ်သွား၏။ လူတစ်ယောက် ဖြစ်နေပါလျက် “လူဖြစ်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်” ကို ဦးဘုန်းမြင့်တစ်ယောက် တစ်ခါမျှ မစဉ်းစားခဲ့ဖူးပေ။
ဦးဝိသုဒ္ဓိသည် ထိုမေးခွန်းကို ကျောင်းသို့ ရောက်လာသူ အားလုံးအား မေးမြန်းလေ့ရှိသည်။ သို့သော် အဖြေကိုကား ပြောမပြပေ။ အမေးခံရသူကိုယ်တိုင် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် အဖြေထုတ်ရသည်။ စာရေးသူသည် ဤတရားကို ရန်ကုန်တိုင်း၊ ဒေါပုံမြို့၊ ယမုံနာလမ်းတွင် စတင် ဟောကြားခဲ့သည်။
ထိုတရားသည် နာကြားရသူ အားလုံးအတွက် အံ့သြတုန်လှုပ်ဖွယ်ရာ ဖြစ်သွားသည်။ အသိဉာဏ်ပညာ အလင်းတွေ အများကြီး ရသွားကြသည်။ ဤတရား ဗီစီဒီအခွေကို သာကေတ၊ (၁)ဈေးလမ်း၊ ရွှေလဝင်း စဆိုးဆိုင်နှင့် ဆေးဆိုင်ပိုင်ရှင် ဦးကျော်လှ၊ ဒေါ်စန်းတင့် မိသားစုတို့က ဓမ္မဒါနအဖြစ် လှူဒါန်းနေရာ ခွေပေါင်း ထောင်ချီနေပြီဟု သိရသည်။
ထို ယမုံနာလမ်းဘေးမှ မီးသွေးရောင်းသော ဘာသာခြား ဒကာကြီးတစ်ဦးသည် ထိုတရားကို နာကြားမိသွားပြီး ဗုဒ္ဓဘာသာဝင် ဖြစ်သွားသည်။ ထိုဘာသာပြောင်းလာသော ဒကာကြီးသည် ရွှေလဝင်း မိသားစုထံမှ ယင်းတရားခွေများကို ယူ၍ ထပ်ဆင့် ဓမ္မဒါန ပြုနေသည်မှာလည်း ခွေပေါင်း ရာဂဏန်းအထိ ရှိနေပြီဟု သိရသည်။
ထိုဘာသာခြား ဒကာကြီးက ဦးလှဝင်းတို့ မိသားစုအား ပြောခဲ့သော စကားမှာ မှတ်သားဖွယ် ကောင်းလှ၏။
“ကျွန်တော် လူတစ်ယောက် ဖြစ်နေပြီးတော့ ‘လူဖြစ်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်’ ကို တစ်ခါမှ မစဉ်းစားမိဘူး၊ လူလာဖြစ်ရတာ မီးသွေးရောင်းဖို့ တစ်ခုတည်းအတွက်လို့ပဲ ထင်နေမိတယ်၊ ဒီတရားကို နာရမှ လူဖြစ်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်ကို ကောင်းကောင်းကြီး သိသွားတယ်”
လူဖြစ်ရခြင်း၏ အဓိက ရည်ရွယ်ချက်သည် ဝမ်းစာရှာဖို့ မဟုတ်၊ အိပ်ဖို့ မဟုတ်၊ စားဖို့ မဟုတ်၊ ကာမဂုဏ် ခံစားဖို့ မဟုတ်။ ကုသိုလ်ပြုဖို့ အတွက်သာ ဖြစ်၏။ တိရစ္ဆာန်တွင် ဝမ်းစာရှာခြင်း၊ အိပ်ခြင်း၊ စားခြင်း၊ ကာမဂုဏ် ခံစားခြင်းဟူသော အချက်လေးချက် ရှိသကဲ့သို့ လူတွင်လည်း ထို့အတူ လေးချက်ပင် ရှိ၏။ ဤလေးချက်တည်းသာ ရှိနေပါက လူသည် တိရစ္ဆာန်နှင့် ဘာမျှမထူး၊ အတူတူသာ ဖြစ်၏။
လူသားသည် ကုသိုလ် (ပရဟိတအလုပ်)ကို လုပ်တတ်၏။ တိရစ္ဆာန်ကား မလုပ်တတ်။ ဤကုသိုလ် (ပရဟိတအလုပ်) ကြောင့်သာလျှင် လူသားသည် တိရစ္ဆာန်ထက် သာလွန် မြင့်မြတ်သွားခြင်း ဖြစ်၏။
မဏိံ မိဂေါ ပဿန္တောပိ၊
တိဏံ ခါဒံဝ ဂစ္ဆတိ။
လဒ္ဓကာလော ဒုပ္ပညောပိ၊
ကာမံ ဘုဉ္ဇံဝ ဂစ္ဆတိ။
“သမင်သည် ပတ္တမြားကို မြင်သော်လည်း ဂရုမစိုက်ဘဲ မြက်ကိုသာ စားပြီး တောတွင်းသို့ ဝင်သွား၏။ ထို့အတူ ပညာမဲ့သော လူသားသည်လည်း လူ့ဘဝကို ကုသိုလ်ရဖို့ အသုံးမချဘဲ ကာမဂုဏ် ခံစားဖို့အတွက် အသုံးချ၍ အပါယ်လေးပါးသို့ သွားသည်။”
ဤကား ဗုဒ္ဓ၏ အဆုံးအမ ဒေသနာတော်လေးတစ်ခုပင် ဖြစ်၏။
“လူဖြစ်ရခြင်း၏ အဓိက ရည်ရွယ်ချက်ကို မသိသော ပညာမဲ့သည် လူ့ဘဝကို ကာမဂုဏ် ခံစားဖို့အတွက် အသုံးချ၍ အပါယ်လေးပါးသို့ သွားသည်။ လူဖြစ်ရခြင်း၏ အဓိက ရည်ရွယ်ချက်ကို သိသော ပညာရှိသည် လူ့ဘဝကို ကုသိုလ်ရဖို့အတွက် အသုံးချ၍ နိဗ္ဗာန်သို့ သွားသည်။”
(ဆရာတော် အရှင်ဇဝန (မေတ္တာရှင်-ရွှေပြည်သာ) ရေးသား ထုတ်ဝေသော “လူဖြစ်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်” စာအုပ်မှ ကူးယူ၍ ဓမ္မဒါနပြုပါသည်။)
No comments:
Post a Comment