Showing posts with label ဘိုးဘိုး နှင့် မြေး. Show all posts
Showing posts with label ဘိုးဘိုး နှင့် မြေး. Show all posts

Thursday, February 17, 2011

ပုလုံးလေး ၁ နှစ်ပြည့် ပြီ


မနေ့ညက့ ဘိုးဘိုးလေ မြန်မာ MRTV4 5 movies ကလာတဲ့ ကုလားကားကိုကြည့်နေတာ။ ၁၂နာရီကျော် သွားပြီးပုလုံးမွေးနေ့ ရက် ကို ကူးသွား တာမသိလိုက်ဘူး။ ဒါနဲ့ မြေးလေးအထိမ်းအမှတ် blog ရေးအုံးမှလေ ဆိုပြီ ရေးတာပါ။ မနက် ၂ နာရီမှ အိပ်ရာဝင်ရတယ်။ဘိုးဘိုး ကကုလားကားကို ကြည့် လေ့ မရှိဘူး။ ဒါပေမဲ့ဇာတ် ကဆွဲဆောင်သွားတော့ အဆုံးထိကြည့်ဖြစ် သွားတယ်။ ဇာတ် လမ်း ကတော့ ၉နှစ်ရွယ် သွားခေါလေးနဲ့ ကုလားလေး အီရှန်အကြောင်းပါ။ ခလေး ကလည်း သရုပ်ဆောင်တာပီ ပြင် သလိုမင်းသားကလည်း သရုပ် ဆောင်ကောင်းတယ်။ ခလေး မိဘက သား၂ယောက် ရှိတယ်။ သားအကြီး ကစာတော်တယ်၊ အားကစားမှာ ထူးချွန်တယ်။ သားအငယ် အီရှန် handicap ဖြစ်နေတာ မိဘတွေကမသိဘူး။ ကျောင်းမှာ ဆရာတွေကလည်း ခလေး စာမ လိုက် နိုင်တာ အကြောင်း ရင်း ကိုမရှာဘူး။ ခလေး ကို ပဲဖိဆူ ဖိပြောနေတော့ ကြာတော့ ခလေး ကကြောင် နေပါ ရော။ ကျောင်း အုပ် ကြီး ကအစ ခလေး စာမ လိုက် နိုင်ရင်ကျောင်း ထုတ်ပစ်မယ်လို့မိဘ တွေကိုခေါ်ပြောတော့ အဖေ ကသားအငယ် ကို ဆိုင်းမဆင့် ဘော်ဒါ ကျောင်း ကို နှစ်ဝက်မှာပဲပြောင်း ပို့ လိုက်တယ်။ ဘော်ဒါကျောင်းမှာ စည်းကမ်း ကပို တင်းကြပ်တော့ခလေးမှာပို ဆိုးဆိုးလာတယ်။ ဒါနဲ့ ဘော်ဒါကျောင်းကပန်းချီသင်တဲ့ဆရာပြောင်းသွားတော့ အနီးအနား ကhandicap ခလေးတွေနေတဲ့ ကျောင်း ကပန်းချီဆရာတစ်ယောက် အစားထိုး ခေတ္တလာသင်တယ်။သူကမင်းသားပေါ့။ အဲဒီမှာ ဆရာက အီ ရှန် ကို သတိပြုမိပြီး ခလေးဘာကြောင့် handicap ဖြစ်နေရသလဲဆိုတာစိတ်ဝင်စားခဲ့တယ်။ ဒါနဲ့ မိဘတွေ အိမ် အထိလိုက်သွားပြီး အီရှန် အခြေအနေ ကိုစုံစမ်း ခဲ့တယ်။ အီ ရှန် ဟာပန်းချီ ဆွဲ အင်မတန်တော်တာ ကိုသိလာရပြီး အိမ်မှာ အီရှန်ဆွဲတဲ့ ပန်းချီကားအချို့ ကို ယူလာခဲ့တယ်။သူရဲ့ အတွေးအခေါ်ဟာခလေး တစ်ယောက်နဲ့ မတူတာ ကို သတိပြု မိလာ တယ်။အီရှန် ရဲ့ အခက်အခဲကစာလုံးတွေကိုချက်ချင်းမမှတ်မိတာပဲ။ တခါတလေမှန်ထဲမှာ မြင်ရသလိုမျိုးပြောင်းပြန်တောင် ရေးမိ တယ်။ ပန်းချီဆရာက စိတ်ရှည်ရှည်နဲ့ ခလေး ကို ပြုပြင်ပေးတယ်။

ကျောင်းအုပ်ဆရာကြီးနဲ့ တခြား ဆရာတွေကိုလည်းကူညီဖို့ ပြောတယ်။နောက် ဆုံးတော့ခလေး ကတိုး တက်မှုတွေရှိ လာတယ်။နောက်ဆုံးဘော်ဒါကျောင်းမှာဆရာတွေကော၊ကျောင်းသားတွေကော ပန်းချီဆွဲ ပြိုင်ပွဲ ကိုဆရာကြီး က ဦးစီးကျင်းပပေးတယ်။ ပြိုင်ပွဲ မှာ အီရှန် ကပထမ၊ ပန်းချီဆရာက အီရှန်ပုံတူ ကို ဆွဲတာက ဒုတိယ ရတယ်။ ပထမရသူ အီရှန် ကိုခေါ်တော့ကျောင်းသားတွေကြားထဲမှာ ပုန်းနေသေးတယ်။ နောက်မှ ထွက် လာပြီး ဆုယူတယ်၊ သူပန်းချီသင်ပေးတဲ့ ဆရာကိုပြေးဖက်တယ်။ဇာတ်လမ်းလေးကတော့မဆန်း ပါ။ ဒါပေမဲ့ ဒီကုလားကား ကို ကြည့် ရင်းမြေးလေးပုလုံး ကိုသတိရလာတယ်။ တနေ့က Nge - Naing ရဲ့ blog မှာ သူသားဘာကြောင့်အင်္ဂလိပ်လိုပဲပြောပြောနေရသလဲဆိုတာကိုရေးထားတာဖတ်ရတယ်။ အတွေးအခေါ်၊အရေး အသား ကောင်းတယ်။ အခု သူမရဲ့ blog ကို မကြာခဏ ၀င်ကြည့် ဖြစ်တယ်။ ခလေး ကို ဆုံးမတဲ့ အခါ သူတို့ ကို နား လည်အောင် ကိုယ်ကအရင် လုပ်ပြီးမှ ဆုံးမသင့်ကြောင်း အဓိကရေးထားတာပါ။ ပုလုံးအမေ ဆီ forward လုပ် လိုက် တော့ဖတ်ပြီး ပြီ တဲ့။ တော်ပါသေးတယ်၊ ဒီလို အဖိုးတန်တဲ့ စာကောင်းပေမွန်ရှိ တဲ့ blog တွေကို ၀င်ဆတ် လေ့ ရှိ လို့။ ဒါပေမဲ့ ပုလုံးသာ blog ထဲကခလေး လိုဆိုးရင် တီးပစ် လိုက်မယ် လို့ပြောသေးရဲ့။ ဘိုးဘိုးပြောချင်တာကခလေး ကိုဆုံးမရင် ခလေးကိုအရင်နားလည်အောင်လုပ်ပြီးမှဆုံးမ လို့ ပြောချင်တာ။

အခုဆို ပုလုံးကလမ်းလျှောက်တတ်ပြီဆိုတော့တောက်တောက်နဲ့ဆော့တော့တာပဲ။ကျန်းမာတဲ့ခလေးဆော့တာ
မဆန်းပါ။ အမူအရာကလည်းလုပ်တတ်သေးတယ်။ အင်း ငါ လည်းဝေးနေသေးလို့သာ။ နီးနီးနေရင် လည်း မျက်စေ့နောက်မှာပဲ။ကုလားကားမှာ လည်းမိဘတွေ၊ဆရာတွေခလေးတွေအပေါ်မှာ သူတို့ဖြစ်စေချင်သလိုဆန္ဒ မစောမိကြဖို့ ပညာပေးထားတာပါ။ အိုင်းစတိုင်းတို့၊ လီယိုနာဒါဗင်ချီ တို့ဟာ လည်းငယ်ငယ်ကကျောင်းစာ ကိုကောင်းကောင်း မ လိုက်နိုင်ကြပါဘူး။ အခုခေတ်မိဘတွေကသားသမီး တွေ ကိုကျောင်းစာနဲ့ပတ်သက်ပြီး
ကြပ်ကြပ်မတ်မတ်လုပ်ကြတာကောင်းပါတယ်။ဒါပေမဲ့ မိဘတွေကခလေးကိုနားလည်းခံစားတတ်ဖို့ လိုပါတယ်။ ခလေး ဆိုတာ သူအကျိုးပေးနဲ့ သူလာကြတာပါ။

ပုလုံးလေးတစ်နှစ်ပြည့် ပြီ၊ ဘ၀တစ်လျှောက် လုံးကျန်းမာသန်စွမ်းပြီးဥာဏ်ရည် ထက်ပါစေ။

Thursday, September 30, 2010

ပုလုံး ၇ လပြည့် ပြီ


မြေးလေးပုလုံးအကြောင်း ၇ လပြည့်တုံးကမရေးဖြစ်ခဲ့ဘူး။ အခု ၇ လကျော်လာပြီ။ သူ့အမေ ကဓါတ်ပုံတွေမှန်မှန် ပို့နေတော့ ပုလုံးရဲ့ ပြောင်းလဲတိုးတက်မှု ကို မျက်ချေ မပြတ်ခဲ့ ပါဘူး။တစ်ဦးတည်းသောသမီး ကမွေးတဲ့ တစ်ဦး တည်းသော မြေးလေး ဆို တော့အများ အမြင် မှာ ပိုတယ် လို့တောင် ထင်ချင် ထင်ပါမယ်။ ပုလုံးကမျက်နှာ အရမ်း ချိုတယ်။ ဓါတ်ပုံ ရိုက် လိုက် ရင်နေ တတ်တော့ သူရဲ့ ချစ်စရာအမူအရာလေးက ဆွဲဆောင်မှုရှိနေတာပေါ့။ သူ့အမေ ရိုက်ထားတဲ့ပုံကိုစာရေးသူစင်ကာပူမှာရှိတုံးက The Sunday Times Reader's corner မှာ ထည့် ဖို့ပို့ ထားသေးတယ်။

အခုဆိုရင်အဆော့မက်နေပြီ လို့သူ့ အမေ ကပြောတယ်။ ဘယ် လိုဆော့နေသလဲတော့ မသိဘူး။ ယောက်ျား လေး ပဲ ဆော့မှာ ပေါ့ လို့ ပြောတော့ ဒါကြောင့်ယောက်ျာားလေးမလိုချင်တာလိုသူ့အမေကပြောတယ်။ အဲလိုပြောတော့ ဒီပုလုံးပဲသူ့ အသည်းဖြစ်နေတာကို မသိတာကြနေတာပဲ။ တစ်ခါတလေ VZO ဆက်သွယ် လို့ ရရင် မွေ့ယာပေါ်မှာ အော်ဟစ်ဆော့နေတာတွေ့တော့ သူအမေပြောတာဟုတ်ပါလား လို့တွေးမိတယ်။

တစ်နေ့ကလေးဘက်သွားဖို့ ကြိုးစားနေတာကိုသူ့အမေ ကဗီဒီယို ရိုက်ပြီး Facebook မှာတင်ထားတယ်။ သူကြိုးစား နေပုံကရယ်စရာလည်းကောင်းတယ်။အားလည်းတော်တော် ရှိပုံပဲ။ အားမာန်နဲ့ ကိုလှုပ်ရှားတာပါ လား။ သူအမေကကြက်စွပ်ပြုတ် တို့အာလူးတို့ဖြည့်စွက်အစားအစာ ကိုကျွေးနေတော့ လူပုံကလည်း တုတ်တုတ် ခဲခဲလေးပါပဲ။

အဘိုးကတော့မြေးကိုလွမ်းရင် VZO ကနေကြည့်ရတယ်။ အိမ်မှာ ADSL တတ်ထားတော mpt ကလိုင်းမင်း ကောင်းလေးတွေ ကို မေတ္တာအမြဲပို့သနေရတာပေါ့။ ခေတ်မီတဲ့ လိုင်းမင်းတွေဖြစ်နေလို့ တော်သေးရဲ။ Jumper ကျသွား ရင် ADSL router က DSL မီး ကမှိတ်တုတ်ဖြစ်နေရော။ မရမ်းကုန်း exchange ကကျေးဇူးရှင်တွေ ကို လည်း ပြတ် လို့ မရဘူး၊ သူ့ လိုင်းနဲ့သူပါပဲ။ စာရေးသူဆရာပြောတဲ့ change တော့ဘယ်တော့ရောက်မယ် မသိ ဘူး။ မြေးနဲ့ အဆက်အသွယ်မပြတ် ရအောင် မ change လိုက်ဖို့ကြိုးစားနေရတာ တော့တော်တော်စိတ်ပင်ပမ်း သား။

အမေ့ကွန်ပျူတာရှေ့ ထိုင်ပြီး keyboard ကို တပြန်းပြန်းရိုက်တာ VZO ကနေမြင်ရတော့တော်တော်အဆော့ ကြမ်း တယ် ဆိုတာမှန် ပါလား လို့။ မြေး လေး ကအပြင် ထွက် ရရင်တော်တော်ပျော်တဲ့ကောင်ဆိုတော့ သူ့ အဖေ က Jalan Jalan ပုလုံး လို့ခေါ်တယ်။ မလေးစကား အရ Jalan ဆိုတာ လမ်းလေ။ လမ်းထွက်နေရင် ပျော်တဲ့ ကောင်ပေါ့။ မြေးလေးဓါတ်ပုံတွေကတော့ album ၄ -၅ ခုရှိနေပါပြီ။ နောက် ဆုံး ၇ လထိ သူဓါတ်ပုံတွေရှိ တယ်။ အဘိုးကတော့လွမ်းရင်ကြည့်ဖို့ ရယ်၊ အိမ် ကို ဧည့် လာရင်မြေးလေး ဆိုပြီတော့ ကြွားဖို့ ရယ်ပေါ့။နှစ်ကုန်ရင်သူ့ အ မေ ကအလုပ်လုပ်ရတော့မယ်။ ပုလုံးအထိန်း နဲ့ နေရတော့မယ်။ မွေးကထဲက မကြိုက်ရင် ဖြစ်စေ၊ မကျေနပ် ရင်ဖြစ်စေ အမေ က လုပ် မိ ရင် အာခေါင်ကိုဖြဲအော်တတ်တာမို့ အထိန်း လက်ထဲမှာဖြစ်ပါ့မလား လိုစိတ်ပူမိ ပါတယ်။ ဒါပေမဲ့ သူ့ အမေ လည်း ငယ်ငယ် ကအထိန်းနဲ့နေခဲ့ရတာပဲလေ လိုစိတ်ဖြေရတာပေါ့။ ပုလုံးရဲ့ ဥပတိရုပ်က လူချစ်လူခင်များတဲ့ရုပ်ဖြစ်နေတော့ အမြန်ဆုံးပဲအထိန်း နဲ့အဆင်ပြေ လိမ့်မယ် လို့ ထင်ပါတယ်။

Tuesday, August 31, 2010

ပုလုံး ၆ လ ပြည့် ပြီ

မြေးလေးပုလုံး၆လပြည့်ခါနီးတော့ဘိုးဘိုးမြေးလေး ကို လွမ်းတာနဲ့ စင်ကာပူကို လာခဲ့ရပြန်ပြီ။ လေယာဉ်စရိတ်ပဲ ကုန်တာလေ၊ စားတော့နေတော့ သမီးအိမ်မှာ ဆိုရင် ဘာမ မ၀ယ် ရင် ဘာမှ မကုန်ဘူး။ ပုလုံးမွေးတော့အမေ မရှိတော့တဲ့ မြေးလေး ရဲ့မေမေ အားမငယ်ရအောင်ဘိုးဘိုး စင်ကာပူကိုအရင်တစ်ခေါက် ကလာခဲ့တယ်လေ။ ပုလုံးလေး မွေးတာကိုအားပေးပြီး ရက်သားလေးမှာပဲဘိုးဘိုးရန်ကုန်ကိုပြန်ခဲ့ ရတယ်။ ပုလုံးမေမေကတော့ ဘိုးဘိုးဆီကိုဓါတ်ပုံတွေပို့ပေးလို့ ပုလုံးလေးရုပ်ပိုင်းဆိုင်ရာတိုးတက်မှုတွေ၊ စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုတွေကို သိခဲ့ ရတယ်။VZO ကတဆင့်ပုလုံးကြီးထွားမှုကိုမြင်ခဲ့ရတယ်။ ဘိုးဘိုး Changi လေဆိပ်ရောက်ရောက်ချင်းပဲ မှန်ရဲ့တစ်ဖက်မှာ ပုလုံးကို ၀၀ကစ်ကစ်လေးတွေ့ လိုက်ရလို့ ပီတိတွေဖြာမိခဲ့တယ်။လေဆိပ်က custom ကအိတ်ထဲမှာ ဓါးတစ်ချောင်းတွေ့တယ်၊ဖွင့်ပြပါဆိုတာနဲ့ ချက်ချင်းထွက်မရဘူး။ ဟုတ်တယ်၊ ငါ swiss knife တစ်ချောင်းခရီးထွက်တိုင်းယူသွားတယ်ဆိုပြီးအိတ်ဖွင့်ထုတ်ပြလိုက်တော့မှ ကျေနပ်သွားတယ်။ ဘာလာလုပ်တာ လဲ မေးတော့ ငါ့မြေးလာတွေ့တာဆိုပြီး ရင်ကော့ပြောလိုက်တယ်။ custom ကတာဝန်ခံက မသိမသာလိုက် ကြည့်သေးတယ်။ တံခါး ကထွက်ထွက်ချင်း ပုလုံးတို့မိသားစုအနားရောက်လာတာကိုး။

ပုလုံးကိုချီချင်တဲ့စိတ်တွေမျိုသိပ်ထားရတော့လွယ်ထားတာတွေ၊ဆွဲထားတာတွေအကုန်ချမြေးလေးကို သူ့အဖေ လက်ထဲကနေယူချီလိုက်ပါတယ်။ ပြည့်ပြည့်တုတ်တုတ်လေးဆိုတော့ ချီရတာတနင့်တပိုးကြီးပါပဲ။ ပုလုံးက မျက်လုံးပြူး ကြည့်နေပြီးနောက်တော့ ဘိုးဘိုးကို ရီပြလိုက်လို့ သူ့အမေပြောလိုက်တာ နဲ့ ဘိုးဘိုး ကို နှုတ်ဆက် အပြုံးလေးနဲ့ ကြိုဆိုလိုက်ပါတယ်။ custom ကတာဝန်ခံကလည်းမြေး နဲ့အဘိုးပြန်လည်တွေ့ဆုံပွဲကို ပြုံး ပြီးကြည့် နေလေရဲ့။ တလမ်းလုံး taxi ပေါ်မှာပုလုံးလေးကငြိမ်ပြီ လိုက်လာတယ်လေ။

ပုလုံးကမျက်နှာအရမ်းချိုတယ်။ မြင်သူတိုင်းက သူ့ပါးလေးကိုလိမ်ဆွဲချင်ကြတယ်။ sky park ပေါ်တက်ကြတော့ မိုးရွာလို့ဆိုဖါပေါ်မှာ ခဏစောင့်နေတာ၊ ဘေးမှာ ပြင်သစ်မကြီးတစ်ယောက် လာထိုင်တယ်။ သူတိုလင် မယား၂ယောက်စကားပြော တော့ပြင်သစ်လို ပြောနေကြလို့ပြင်သစ်မှန်း သိတာပါ။ ပုလုံးကကောင်ခါငင်ခါ
ဘေးနားကပြင်သစ်မကြီး ကိုပြုံးပြပြီး စကားတွေ ၀ူးဝါးနဲ့ပြောနေပါရော။ ပြင်သစ်မကြီးကလည်း သဘောကျလွန်း လို့သူကို ပြင်သစ် လိုပြော မြှူပြန်ရော။ ပုလုံးကလည်းဝူးဝါးနဲ့ပြန်ပြော၊ ကိုယ့်မြေး ဖွန်ကြောင်နေတာကို သဘောကျ စွာနဲ့ ကြည့်နေမိ လိုက်တော့တယ်။ shopping mall တွေရောက်လို့ သူအမေ ကပစ္စည်းရွေးနေရင် သူက စာရေးမ ကိုပြုံးပြပြီး ဖွန်ကြောင်ပါရော။ ဆိုင်က စာရေးမကသူအမေပစ္စည်းရွေးနေတာကို မကြည့် နိုင်ဘူး၊ အဘိုး ကိုယ်ပေါ်က ပုလုံးကို ပါးဆွဲ လက် ကိုင်နဲ့ မနေနိုင်ဘူး၊ လာလာမြှူနေတတ်တယ်။ စလုံးမတွေချစ်စရာကောင်းတဲ့ ခလေးတွေ့ရင် ဟန်မဆောင်နိုင်ကြတော့ဘူး။ ဒါနဲ့သမီးကအသားညိုတော့ ပုလုံးကို carrier နဲ့ချီသွားရင် စလုံး ခလေး ကို ထိန်းနေတဲ့ ဖအုတ်ထုတ် လို့ထင်မှာ လို့ပြောရတယ်။

ဒီကောင်ကအချိန်မှန်တော့ လုပ်တတ်တယ်။ NUH ဆေးရုံကိုသူcheck up သွားလုပ်တော့ဟိုလုပ်ဒီလုပ်နဲ့ ၁၂နာရီနားရောက်သွားရော။သူအမေကသိတယ်၊ဒီကောင် ၁၂ နာရီဆိုရင်အီးအီးပါနေကြပဲ။ အီးအီးပါထား သလားစစ် ကြည့် လိုက်တော့ ဟုတ်ပါဗျာ၊ diaper ထဲမှာအီးအီးပါထားပါရော။ ဒါနဲ့သူသား ကိုချီပြီး ဆေးရုံ အမျိုးသမီးအိမ်သာနားကအခန်းထဲဝင်သွားတယ်။ diaper လဲပေးတဲ့ အခန်းလေး တစ်ခုလုပ်ပေးထားတယ်။ စင်ကာပူမှာ ဆေးရုံမှ မဟုတ်ဘူး၊နေရာတော်တော်များများမှာ အမျိုးသမီးအိမ်သာခန်းနဲ့ကပ်လျက် diaper လဲတဲ့အခန်းလေးတွေစီစဉ်ပေးထားတယ်။

ပုလုံးက၀တာလဲမပြောနဲ့၊ သူအမေဘာကျွေးကျွေးစားတတ်တယ်။နို့ ဆာရင်သူအော်တဲ့အသံကတစ်မျိုး၊ သိသာတယ်၊မအေကတော့ကောင်းကောင်းသိတာပေါ့၊သူ့သားဘာလိုချင်နေပြီလဲဆိုတာ။ ပုလုံးက နေမကောင်း ရင် ညည်းပြီးသူ့အမေကိုပဲကပ်တယ်။ နေကောင်းနေရင် တော့အဖေနဲ့နေရတာ ပိုပျော်ပုံရတယ်။ အဖေကသူနဲ့ ကစားတာကိုး။အမယ် မှောက်ပဲမှောက်တတ်သေးတာ ကစားတာတော့ မက်သလားမမေးနဲ့၊ အဖေနဲ့ကစားရင် သူကျေနပ်တဲ့ထိ ကစားရတယ်။ မကစားပဲရပ် လိုက် ရင် နှုတ်ခမ်းကြီးစူပြပြီးစိတ်ကောက်ပါလေရော။ ကြံကြံ ဖန်ဖန် သူအမေကလည်း အဲဒီလိုပုံတွေကိုမှတ်တမ်းတင်ထားတယ်။

ပုလုံးကနို့စို့နေရင်ခေါင်း လေး ကို ကုတ်တတ်တယ်။ အဲဒါသူ့အကျင့်ပဲ။နို့ကို လည်းဘယ်တော့မှ ကုန်အောင် မစို့တတ်ဘူး။ သူဆာနေရင် communicate လုပ်တဲ့အသံကသိသာတယ်။ ဒီကောင်နို့ဆာနေပြီ လို့ပြောလို့ ရတယ်။ သူ့အမေနဲ့အဖေကြားမှာအိပ်တယ်။ တညလုံးလှိမ့်တာဟိုရောက်ဒီရောက်ပဲ။ ထူးခြားတာက တစ်ခါတလေ မနက် ၂ နာရီလောက်နှိုးနေပြီး ခြေလှုပ် လက်လှုပ်ဆော့နေတတ်တယ်။ ပါးစပ်ကလည်း တ၀ူးဝူးတ၀ါးဝါးနဲ့ ဘယ်သူနဲ့စကားပြောနေမှန်း မသိဘူး၊ ငိုလည်းမငို အော်လည်းမအော်နဲ့ မနက် ၅နာရီလောက်ကြမှ ပြန်အိပ်သွားတတ်တယ်။

အမေအဖေကို ဒုက္ခလည်းမပေးဘူး။ ပထမတော့ သူ့အမေနဲ့ အဖေက ချော့သိပ်သေးတယ်၊ နောက်တော့ဒီတိုင်း ပစ်ထားလိုက်ရော။ အဘိုး ကနတ်သူငယ်နဲ့စကားပြောနေတာနဲ့တူတယ် လို့ပြောရတယ်။ ဟုတ်တယ်လေ၊ စကားမပြောတတ်တဲ့အချိန် ခလေးဘ၀ကဖြစ်ပျက်ခဲ့တာတွေဟာလူတိုင်းအတွက် လျှို့ဝှက်ချက်တစ်ခု ပဲမဟုတ် လား။

ပုလုံးကိုအပြင်ခေါ်သွားရင်ပတ်ဝန်းကျင်ကိုကြည့်ပြီးငြိမ်နေတတ်တယ်။ကားတွေ၊ လူတွေသွားကြလာကြတာကို ကြည့်နေတတ်တယ်။တော်ယုံနဲ့မအော်တော့ဘူး၊ မငိုတော့ဘူး၊carrier ပေါ်မှာလည်းကောင်းကောင်း လိုက် တယ်၊ push chair ပေါ်မှာလည်းငြိမ်လို့ပဲ။ MRT နဲ့ဆိုရင်သူ့မေနဲ့သွားလို့ရတယ်။ စင်ကာပူမှာက ခလေးအမေ တွေ push chair လွယ်လွယ်တွန်းရအောင်ပလက်ဖေါင်းပေါ်တက်တာကအစ၊ MRT အောက်ဆင်းအပေါ် တက်တွေ မှာ lift တွေရှိနေတော့အမျိုးသမီး(အမေ)တစ်ယောက်တည်းလည်းဖြစ်တယ်။ MRT ပေါ်ရောက်ရင် နိုင်ငံကြီးသားပီသစွာ နေရာကထပေးကြတာများပါတယ်။ ဘတ်စ်ကားကြတော့ push chair ကိုခေါက်ပြီး ခလေး ကို ချီတက်ရတော့ အမေတစ်ယောက်တည်းမဖြစ်ဘူး၊ အမေကောအဖေကောပါမှ ဖြစ်မယ်။

ပုလုံး၆လပြည့်တဲ့နေ့ ကအမှတ်တရသမီးတို့မိသားစုနဲ့အတူ sky parkပေါ်တက်ကြတယ်။ လူသားတွေရဲ့ ဗိသုကာပညာရပ်ကတော့အံ့စရာပါပဲ။ စင်ကာပူတစ်မြို့လုံးအပြင် ပင်လယ်ပြင်ထိမြင်ကွင်း ကတော့အင်မတန်မှ အံ့မခန်းသာယာဖွယ်ရာတစ်ခှုပါ။ စင်ကာပူနိုင်ငံအနေနဲ့ tourists တွေဆီကသဲ့ယူလိုက်နိုင်တဲ့ငွေ တွေဟာအား ကျ စရာကောင်းလှပါတယ်။ sky park ပေါ်တက် ကြည့်ရင် စင်ကာပူဒေါ်လာ ၂၀ ပေးရပါတယ်။ မြေးလေး ပုလုံးက ငယ်သေးတော့ဒါတွေမခံစားတတ်သေးပါ။ စင်ကာပူမှာနေခဲ့တဲ့ ၁၆ ရက်တာကာလအတွင်း ပုလုံးနဲ့ပဲ အချိန်ဖြုန်းခဲ့ရတော့ မြေး နဲ့ အဘိုးကြားမှာ ရင်းနှီးမှုတည်ဆောက်နိုင်ခဲ့ရော။ အမေနဲ့ ရန်ဖြစ်ရင် အဘိုး ပေါ်ရောက်လာရော။ ၁၇ ပေါင်ရှိတဲ့ ပုလုံးကို အမေ ကမနည်း ချီနေရတယ်လေ။ အဘိုး လည်း လက်မောင်း ပြုတ် လုနီးပါးနင့်နေအောင် ချီရတာပါ။အဘိုးရင်ခွင်ပေါ်မှာ ဆို ရင် မြေးလေးကငြိမ်နေပဲလေ။ တိုက်အောက်ခေါ် သွားပြီး ဇရက်တွေ၊ ခိုတွေကို ပြလိုက်ရင်ငြိမ် လို့၊ ပတ်ဝန်းကျင်ကိုတော်တော် စိတ်ဝင်စားတဲ့ ကောင်ပဲ။ ၆ လသားပေမဲ့ သင်ပေးရင်တော်တော် လေးနားလယ်နေတော့ ဥာဏ်ကောင်းမဲ့ကောင် လို့ပဲယုံကြည်မိပါ တော့တယ်။ အပြင်ထွက် ချင်ရင်လက်ညှိုးထောင်ဆိုရင်ထောင်ရှာတယ်။

Sunday, July 18, 2010

ပုလုံး ၅ လပြည့် ပြီ


မြေးလေးပုလုံး ၅ လပြည့်ပြီ။ သူရဲ့ ဖွံဖြိုးတိုးတက်မှုတောက်လျှောက်ကြည့်နေတော့ ကိုယ့်မြေး ကို အတတ်မြန် လိုက်တာလို့ ထင်မိတယ်။ အမှန်တော့သူ့ အသက် အရွယ်နဲ့ သူဥာဏ် ရည်တိုးတက် လာတာနဲ့ အမျှအမေ နဲ့ အဖေ တို့ သင်ပေးသလိုလုပ်တတ် လာတာပါပဲ။ အရင်ကတော့လူကြီး လုပ်ပေးတာကိုခံပေမဲ့ အခုတော့ သူ မကြိုက် ရင် မကြိုက်ကြောင်းတုန့် ပြန်စပြုနေပြီ။

မြေးလေး ကြီးလာတဲ့ အခါ သူ့ရဲ့ထူးခြားတဲ့သွင်ပြင်လက္ခဏာကိုစာရေးသူသတိပြုမိတာကတော့ ချိုသာတဲ့ မျက်နှာလေးရှိနေတာပါ။ ဓါတ်ပုံရိုက်ရင် ပိုတောင်သိသားပါသေးတယ်။ ကြီးလာရင် ရုပ်ရှင်မင်းသား တောင်ဖြစ် မလား မသိဘူး။ မှန်တာပြောရရင် သမီးမွေးတုံးက သမီး ကို လိုချင်လို့ ယူခဲ့ပေမဲ့ သိပ်ဂရုမစိုက်ခဲ့ပါဘူး။ သူ့အမေ နဲ့ သူဖါသာကြီးပြင်းလာတာပါ။ သူ့အမေကတော့ ၁နှစ်၂နှစ်လောက်ထိ သမီး ကို အတော် ဂရုစိုက် ခဲ့ပါတယ်။ မြေးလေးမွေးတော့ ချောချောမောမောမွေး လာဖို့ စင်ကာပူထိစာရေးသူလာပြီး ဂရုစိုက်ခဲ့ပါတယ်။ ရန်ကုန် ပြန်ရောက်တော့ လည်း နေ့စဉ်လောက်နီးနီး ဘိုးဘိုးနဲ့ မြေးလေး ကွန်ပျူတာအင်တာနက်ပေါ်မှာ နေ့စဉ် တွေ့ပါတယ်။

မြေးအနှစ်ဆိုတဲ့စကားအတော်မှန်နေတာပါလား။ အခုလည်း မြေးလေး ၅ လ ရှိနေပြီ ဆိုတော့ ငါသွားကြည့်အုံမှ လေလို့ စိတ်ကူးမိပြီး စင်ကာပူသွားဖို့ အကြောင်းရှာရတာပေါ့။ ဒီကောင်တတ်နေတာတွေကို ကိုယ် တိုင် မြင် ချင်တွေ့ ချင်လာတယ်။ မွေးခါစ ၇ ရက်သားတုံးကလို ငါကိုမှ မှတ်မိပါမလားလို့ တွေးမိသေးတယ်။ ဘာပဲပြော ပြော စင်ကာပူသွားဖို့က အလွန်ဆုံးကုန် ၄ ပုံးပဲလေ။ စားတာအိပ်တာက သမီးအိမ်မှာနေတာဆိုတော့ ဘာမှ မကုန်ပါ။ ကံကောင်းချင်တော့ Silk Air က ပရိုမိုးရှင်း လုပ်တာနဲ့လက်မှတ်ပြေးဝယ်ထား လိုက်တယ်။

ဒီကောင်ကလမ်းထွက်ရတာတော်တော်ကြိုက်တယ်တဲ့။လူတွေကို မကြောက်တဲ့သဘောပေါ့လေ၊ အဘိုး လာရင်တော့ လမ်း ရှာတော့မယ်။ သမီး အမေ မဆုံးခင်က သမီး တို့ ကို zoo ခေါ်သွားခဲ့တယ်။ အိမ်မှာချိတ်ထား တဲ့ အဘိုးနဲ့ အဘွား ဓါတ်ပုံက zoo မှာ ရိုက်ထားတာလေ။ မြေးလေး ၅ လပြည့် ပြီး မှန်မှန် ကြီး တိုးတက် ကျန်းမာနေတော့တော်ပါသေးရဲ့ လို့တွေးမိတယ်။

Tuesday, June 22, 2010

ပုလုံး ၄ လ ပြည့် ပြီ


ပုလုံးလေး(၄) လပြည့် ပြီ။ဒီ အချိန်မှာ ပုလုံး ကို ဘိုး ဘိုး ပြောချင်တာတွေရှိပေမဲ့ ပုလုံး ကတော့ နားလည်အုံးမှာ မဟုတ်သေးဘူး။ ဒါပေမဲ့ ဒီ blog ထဲမှာ ရေးခဲ့ ရင် အချိန် အတိုင်းအတာ တစ်ခုအထိ ရှိနေအုံးမယ် လို့ ထင်ပါတယ်။တချိန်ချိန် ပုလုံး မြန်မာစာ ဖတ်တတ် ရင်တော့ ငါ့ ဘိုးဘိုး ကြီးရေးထားတာ ဆိုပြီး ဖတ် ချင် ဖတ်နိုင်တာပေါ့ လေ။

ပုလုံးရဲ့ ဘွားဘွားအသက်ရှိနေအုံးမယ် ဆိုရင် ဘိုးဘိုး လိုပဲ ပုလုံးကိုတော်တော်ချစ်မှာ ပဲ။ပုလုံးမေမေ ကတကယ် တော့ သူရဲ့ ရန်ကုန် က ဘွားဘွား လက်ပေါ်မှာ ကြီးတာပါ။ဘိုးဘိုးကော ဘွားဘွားကော ပုလုံး မေမေကို ငယ်ငယ် တုံးကသိပ်ဂရုမစိုက်နိုင်ခဲ့ဘူး။ သူ့ဘွားဘွားနဲ့ အတူအိပ်ပြီးကြီးပြင်းလာရတာ။ အခုပုလုံးမေမေ က သား ကမွေး တော့ သူကိုယ်တိုင်ဂရုစိုက်မယ် ဆိုပြီးအားလုံးကိုခေတ္တ မေ့ပစ်ခဲ့တာ တော်ရုံမေတ္တာမဟုတ်ဘူးနော်။

ပုလုံးမေမေ ကစည်းကမ်းပေးချင်တယ်၊သူကိုယ်တိုင် လည်းဘိုးဘိုး နဲ့ တူတော့ စည်းကမ်း ရှိရှိနေတတ်တယ်။ ဘိုးဘိုး အတွေ့ အကြုံ ကတော့ ကိုယ် ကဘယ်လောက်စည်းကမ်းရှိရှိသူများ တွေစည်းကမ်းမရှိ ရင် တော်တော် စိတ်ဆင်းရဲရတယ်။ ဒီသဘော ကို နား လည်နေရင်တော့ခံနိုင်ရည်ရှိသွားမှာပါ။ ပုလုံးလေးလည်း စည်းကမ်းရှိရှိ နေသွားနိုင်လိမ့် မယ် လို့ ဘိုးဘိုး ယုံကြည် ထားပါတယ်။

ပုလုံးလေးဥာဏ်ကောင်းတာကိုတွေ့ ရတော့ ဘိုးဘိုးကျေနပ်မိတယ်။ ပုလုံးလေး ဖွံဖြိုးတိုးတက် မှုဟာရှေရှောက် အရှိန် အဟုန်နဲ့ ဖြစ်လာမှာ ကို ဘိုးဘိုး မြင် နေတယ်။ ဘိုးဘိုး စိတ်ထဲမှာ တော့ ပုလုံးလေးဟာတစ်နေ့တစ်ခြား ချစ်ဘို့ကောင်း လာလို့အော် ငါ့မြေး ဟာချစ်မွှေးနဲ့မွေး လာတာပါလား လို့ တွေးမိတယ်။

Monday, May 17, 2010

ပုလုံး ၃ လ ပြည့် ပြီ

ပုလုံးလေး ဒီကနေ့ ပုလုံး ၃ လပြည့်ပြီ။ ပုလုံးကို ဘိုးဘိုး က မနေ့ည က CNN မှာ ကြည့် လိုက်ရတဲ့ Mecedonia က Marcos ဆိုတဲ့ကောင်လေးအကြောင်း ပြန်ပြီးဖေါက်သည်ချ ပြောပြမယ်။ ဒီကောင် က ၉ နှစ်သား၊ ဘာသာ စကား ၃ မျိုးပြောတတ်တယ်။ ၄မျိုးမြောက် ကို သင်နေတုံးတဲ့။ CISCO က စစ်ဆေးတဲ့ ကွန်ပျူတာ certificates ၃ ခုရပြီြး့ပီတဲ့။ သူ က ၉ နှစ်ပဲရှိသေးပေမဲ့ ကွန်ပျူတာ နဲ့ ပတ်သက်လို့ System Engineer ဖြစ်နေပြီ။ ၃ နှစ်သား ကတည်းက ကွန်ပျူတာ ကိုကောင်းကောင်း အသုံးချနိုင်နေပြီတဲ့။
Justify Full
ကဲ ပုလုံးလေးလည်း သူလိုဖြစ်မလာဘူးလို့ မပြောနိုင် ဘူးလေ။ ပုလုံးကို မေမေက talkative တဲ့။ မနေ့က ဘိုးဘိုး VZO မှာ ကြည့်တော့ ပုလုံးက တော်တော် စကားပြောတတ်နေပြီပဲ။ ဘိုးဘိုးပုလုံးကိုချီချင်လို့ August လ ကြရင် ပုလုံးတို့ဆီလာမယ်။


ပုလုံး ဖွားဖွား ရှိနေရင် ပုလုံး ကိုတော်တော် ချစ်မှာပဲ။ ဘိုးဘိုး လည်း ပုလုံးကိုတစ်နေ့ မမြင် ရရင် မနေနိုင်ဘူး။ ပုလုံး ကဘိုးဘိုး ကို ကွန်ပျူတာ စကရင်ပေါ်မှာ မကြည့် တတ်သေးဘူး။ ပုလုံးအခုဆိုရင် လူလေး ဖြစ်လာပြီ။ မေမေ နဲ့ ဖေဖေ ကို သိနေပြီ။ မေမေ နဲ့ ဖေဖေ ခိုင်းတာကို လုပ် တတ်နေပြီ။ အဲတော့ မေမေ အသဲလေးဖြစ်ပြီပေါ့။ မေမေ က အခုဆိုရင် ပုလုံး မှ ပုလုံး ပဲ။ မေမေ ခုလို ချစ်တတ်လာပ့ါမလားလို့ ဘိုးဘိုး အရင်က စိုးရိမ်ခဲ့ရတယ်။ ဖွားဖွား ရှိတုံး က ဘိုး ဘိုး နဲ့ ပုလုံးမေမေ ကို သွေးအေးသတ္ဃ၀ါ များတဲ့။ သူကချစ်တယ်ဆိုရင် ချစ်တာ ကို သိသာထင်ရှားအောင် ပြတတ်တယ်လေ။ ဘိုးဘိုး တို့ ကသွေးအေး တယ်တဲ့။ ဒါပေမဲ့ ဘိုးဘိုး တို့ ကရင်ထဲမှာ ရှိတာကို အပြင် ကိုထုတ်ပြဖို့ ၀န်လေးတယ်လေ။ ဟော --မေမေ နဲ့ပုလုံးကျတော့ သွေး မအေးဘူး။ မေမေ နဲ့ ပုလုံး တစ်ယောက်နဲ့ တစ်ယောက်ချစ်နေကြတာမြင်ရရင် ဘိုးဘိုး ရင်ထဲမှာ အကျေနပ်ဆုံး ပဲ သိလား။

Saturday, April 17, 2010

မြေးလေး ပုလုံး ၂ လ ပြည့် ပြီ



ံHappy Family of Soe Moe, Mon Mon n Lin Myat




Happy Family of Soe Moe, Mon Mon and Lin Myat

အင်ဂျင်နီယာ အိုကြီး ပင်စင်မယူခင်တုံးက စိတ်ကူးမိခဲ့ဘူးတာတွေတကယ်ပင်စင်ယူတော့ဘာမှ မလုပ် ဖြစ်တော့ ဘူး။ ပင်စင် ယူရင်စာဖတ်မယ်၊ စာရေးမယ်ဆိုတာ စိတ်ပဲရှိတော့တယ်၊တကယ်နောက်ကလိုက်မလုပ်နိုင်ခဲ့ဘူး။ အခုမြေးလေး တစ်ယောက်ရတော့ ပိုဆိုးသဗျာ။ နောက်တစ်ခုတော်သေးတာက ၀ိပသာနာ တရား ကိုအလှမ်း ဝေး ပြီလို့ ထင်ခဲ့ တာ ပင်စင်ယူပြီး မှ မှန်မှန် လုပ်ဖြစ် ခဲ့တာ ကိုတင်ဦးကျေးဇူးကြောင့်ပါ။

လွန်ခဲ့တဲ့ ဖေဖေါ်ဝါရီလက အင်ဂျင်နီယာအိုကြီး စင်ကာပူမှာရောက်နေပါတယ်။ မြေးလေး မွေးမှာ ဖြစ်လို့ မအေ မရှိတော့တဲ့သမီးကို လာအားပေးစောင့်ရှောက် ဖို့ရောက်နေတာပါ။ ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့မှာ မြေးလေး လင်းမြတ်အောင် ကို စင်ကာပူ National University Hospital မှာမွေးပါတယ်။မနက် ၂နာရီလောက်သမီး ဖြစ်သူ ဗိုက်စနာတော့ ၃ယောက်သား NUH ကို taxi ခေါ်ပြီး ချီတက်သွားကြပါတယ်။တိုတိုပဲပြောကြပါစို့၊နောက် ၂ ရက်ကြာ ၁၉ ရက်မှာ ဆေးရုံ ကနေဆင်းလာတော့ taxi ပေါ်မှာလူသား ၄ ယောက်ဖြစ်နေပြီ။

ဒီနေ့ဆိုရင် မြန်မာ နှစ်ဆန်း ၁ ရက် မြေးလေး ပုလုံး ၂ လ ပြည့်ပြီ။ ပုလုံးလေး လူလောက ရောက်လာပြီး ဘိုးဘိုး ကို ခဏပဲတွေ့လိုက်ရ ပါတယ်။ဒါပေမဲ့ ခေတ် ကြီးကကွန်ပျူတာခေတ်မဟုတ်လား ? ပုလုံးလှုပ်ရှားမှု ကိုနေ့ တိုင်း နီးပါးပဲ ကွန်ပျူတာ စကရင်ပေါ်မှ ဘိုးဘိုးတွေ့နေ ရတယ်လေ။ညတိုင်းလိုလိုအိမ်ပြန်ရောက်ရင်အင်တာနက် အဆက်အသွယ်ကောင်းပါစေလို့ စိတ်ထဲမှာ ဆုတောင်းရတာအမော။ MPT ကကိုယ်ရွှေ သားကောင့်သား လိုင်းမင်းလေးကို လည်း ADSL လိုင်းနဲ့ဆက်ထားတဲ့ ဖုန်းလိုင်းကောင်းအောင် လုပ်ထားဖို့စောင်မ ကြည့်ရှုထားရ တာပေါ့လေ။ တော်သေး ရဲ့ကောင်လေး ကအင်တာနက်အတွေ့အကြုံရှိတယ်။ အမယ်လေး သြစတေးလျ က အသက်၅၀ ရှိတဲ့ အဖွားကြီးနဲ့နေ့တိုင်း on line ဂိမ်းကစားကြတယ်ဆိုပဲ။ ကျေးဇူးရှင်လေး-- သင်္ကြန် တွင်း တစ်တွင်း လုံး အင်တာနက် အဆက်အသွယ်မပြတ်ခဲ့ဘူး။ သူ့ကိုရှာချင်ရင် အိမ်နားကအင်တာနက် ကဖေးဆိုင်မှာ ရှာရတယ်။ အဲဒီလိုပဲသားသားရဲ့ ဘိုးဘိုး တို့နေတဲ့ ရန်ကုန်မြို့ပေါ်မှာအားလုံး နဲ့ အဆင်ပြေအောင်နေတတ်ကြဖို့ လိုတယ်လေ။ သားသားပုလုံးနဲ့ ဘိုးဘိုး တို့ လူကိုယ်တိုင်မတွေ့ ရပေမဲ့ virtually ကွန်ပျူတာစကရင်ပေါ် မှာတွေ့ ရပါတယ်။


ကွန်ပျူတာစကရင်ပေါ် ကဘိုးဘိုး အကြိုက်ဆုံး ပုလုံး အီးအီးညှစ်နေပုံ

ပုလုံး လေး ကိုမေမေချီထားရင် မေမေ မျက်နှာကို မှတ်မိအောင်ကြည့် ကြည့် နေတာ ကိုဘိုးဘိုးကွန်ပျူတာ စကရင်ပေါ်မှာတွေ့နေတယ်လေ။ မေမေငယ်ငယ်တုံးက သားသားပုလုံး ဘွားဘွား ရှိနေတော့သူကပဲ မေမေ ကို အနီးကပ်စောင့်ရှောက် ခဲ့ တယ်။ ၁၉၉၃ုခုနှစ်ဘွားဘွား ရုတ်တရက်ဆုံးသွားပြီးမှဘိုးဘိုး ပဲမေမေ ကို အမေ လိုတစ်မျိုး အဖေလိုတစ်မျိုးစောင့်ရှောက်ခဲ့ရတယ်၊စည်းကမ်းစနစ် ကျကျနေတတ်အောင်သွန်သင်ခဲ့တယ်။ ကိုယ်ထက်ဆင်းရဲ တဲ့ တစ်ဖက်လူသားတွေ ကို မေတ္တာထားတတ်ဖို့၊ ဘာသာတရားအလေးထားတတ်ဖို့၊ကိုယ့်ကို bully လာလုပ်ရင်မခံဖို့၊ ငွေကြေးကိုစနစ်တကျသုံးစွဲတတ်ဖို့၊ ပညာ ကိုတန်ဖိုးထားတတ်ဖို့၊ ဒါတွေကိုဘိုးဘိုး သင်ခဲ့ ရတယ်။ ကံအားလျော်စွာပဲ သားသား မေမေ က လိုက်နာခဲ့ လို့ ဒီကနေ့ သားသားမေမေ ဟာ ဘိုးဘိုး လိုပဲ ဘွဲ့ ၂ ခုရှိတဲ့ ပညာတတ် professional သမားတစ်ယောက်ဖြစ်နေပြီ။

သားသား မေမေ က အမေ့မေတ္တာကို အသက် ၁၇နှစ် သမီးအထိရခဲ့ပါတယ်။ နောက်ပိုင်း ဘိုးဘိုးကပဲ အဖေ့မေတ္တာကော အမေ့မေတ္တာကောသားသား မေမေ ကိုပေးခဲ့ရတာ ဒီနေ့ထိ ပဲဆိုပါတော့။ ဒီကနေ့ထိ သားသား မေမေဆုံးဖြတ်ချက်နဲ့ ပဲ ပုလုံးလေး လူလောကရောက်ခဲ့တာပါ။ ဘိုးဘိုး ကဘေးကကြည့်နေပြီး သားသားဖေဖေ နဲ့ မေမေ ကိုလွတ်လွတ်လပ်လပ် ဆုံးဖြတ်စေခဲ့ပါ တယ်။ ဘိုးဘိုးက သားသားဖေဖေ
နဲ့ မေမေ တို့ ရဲ့ လုပ်ပုံ ကိုင်ပုံ တွေးပုံခေါ်ပုံတွေအပေါ် ယုံကြည်ပြီးသားလေ။

သားသား အီးအီးညှစ်နေတဲ့ပုံ ကို ဘိုးဘိုး ရဲ့ ကွန်ပျူတာစကရင် ပေါ်မှာတင်ထားတယ်။ ဘိုးဘိုးသဘောကျလွန်း လို့။ အားနဲ့ မာန်နဲ့ ညှစ်နေတာလေ။ သားသား ရဲ့ ဘွားဘွား ကလည်း သားသားမေမေ ငယ်ငယ် တုံးက အီးအီး ပါနေတဲ့ ပုံကို ဓါတ်ပုံ ရိုက်ထားတယ်လေ။

ဘိုးဘိုးယုံကြည်ပါတယ်။ သားသားမေမေ ဟာသူလျှောက်ခဲ့တဲလမ်းအတိုင်း ပုလုံးကို လျှောက်ခိုင်းမှာပါ။ ပုလုံးစည်းကမ်းနဲ့နေတတ်ထိုင်တတ်အောင် သွန်သင်ဆုံးမ မှာပါ။ မြေးလေးလူလောကထဲရောက်လာတော့ ဘိုးဘိုး ရဲ့ ဘ၀အနေအထိုင်လည်းပြောင်းသွားတယ်။ မြေးမရခင်ကတော့ မြေးတွေကို သဲသဲလှုပ်ဖြစ် နေတဲ့ အဘိုး အဘွားတွေကို နည်းနည်းပဲနားလယ်ခဲ့တယ်။ ဘိုးဘိုး ကိုယ်တိုင် မြေးလေး ပုလုံး ရလာတော့ သဲသဲလှုပ်ဖြစ်နေပြီ။ တစ်ဖက် ကအချိန်ကျလို့ on line မ၀င်သေး ရင် ဘိုးဘိုးက ဒီဖက်မှာ သဲသဲလှုပ်ဖြစ်နေပြီ။ Starhub, websms နဲ့ On line ၀င်ခိုင်းရတယ်။ VZO ၀င်မရရင် ရတနာပုံ ကို ကျိန်ဆဲ တဲ့နေ့ပဲ။ ဒါတွေဟာ တစ်ဖက်မှာသဲသဲလှုပ်ဖြစ်နေတဲ့ ဘိုးဘိုးရဲ့ လှုပ်ရှားမှုတွေပေါ့။ ဘေးကထိုင်ကြည့်နေရင် တော်တော် ရီစရာ ကောင်းမယ်။ တခါတခါ သားသား ဘွားဘွား များ ထိုင်ကြည့် ရီနေမလား မသိဘူး။



ပုံ VZO ပေါ်ကရိုက်ထားတာ ပုလုံး မေမေ ကို မှတ်မိအောင်ကြည့်နေတယ်လေ


၁၆-၀၄-၂၀၁၀ နေ့က မေမေ ရိုက်ထားတဲ့ ပုလုံး လေး

သားသားကျန်းကျန်းမာမာနဲ့ ရှိနေအောင် နေထိုင်သွားလာလှုပ်ရှား ကြည့်ရှုစောင့်ရှောက်နေတဲ့ သားသားဖေဖေ နဲ့ မေမေ ကို ဘိုးဘိုးကကျေးဇူးတင်တယ်။ သားသားမေမေ ဖြတ်သန်းခဲ့တဲ့ခရီးတစ်လျှောက်ကို ကြည့်ခဲ့ရင် တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းရှိခဲ့လို့ပုလုံး လေး ကိုလည်း အဲဒီလိုလျှောက်လှမ်းနိုင်အောင် ဖေဖေ နဲ့ မေမေ တို့ပြုစုစောင့်ရှောက်နိုင်ပါစေလို့ ဘိုးဘိုး ဆုတောင်းလိုက်ပါတယ်။

Thursday, February 18, 2010

သားအချစ် မြေးအနှစ်



ဖေဖေတို့ ပြည်သူတွေ အားလုံးချစ်ကြတဲ့ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ နဲ့ လေးရက်ပဲ ခြားပြီး ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့ မှာ မြေးလေး Mickey ကိုမွေးပေးတဲ့ သားနဲ့ သမီးတို့ကို ကျေးဇူး အများကြီးတင်ပါတယ်။ ဗိုလ်ချုပ် အောင်ဆန်းလိုပဲ စိတ်ထား မြင့်မြတ် ရိုးသား ဖြောင့်မတ်တဲ့ တိုင်းပြည်ရဲ့ သားကောင်းလေး တစ်ယောက် အများ မိုးခါးရေမသောက်တဲ့ ပြည်သူ့ သားကောင်းလေး တစ်ယောက် ဖြစ်လာပါစေလို့ဆုတောင်းလိုက်ပါတယ်။