Showing posts with label သမီးအတွက်. Show all posts
Showing posts with label သမီးအတွက်. Show all posts

Tuesday, February 9, 2010

မကြာခင် Mickey လေးကိုမွေးတော့မဲ့ သမီး အတွက်

တစ်ခါက....ဈေးရှိတဲ့ ရွာကြီးတစ်ရွာမှာ ဈေးဖိတ်နေ့ညနေပိုင်းရောက်တဲ့အခါမှာ နောက်နေ့ရောင်းချဖို့အတွက် အမဲသတ် လေ့ရှိပါတယ်….. အဲဒီအခါမှာ နောက်နေ့နွားသတ်ဖို့ ၀ယ်လာတော့ နွားမကြီးတစ်ကောင်ဖြစ်နေတယ် အဲဒီနွားမကြီးဝယ်လိုက်တော့ နို့မပျက်သေးတဲ့ နွားငယ်လေးတစ်ကောင်ပါလာတယ်။ နွားမကြီးကို နွားသတ်ကုန်းပေါ် ခေါ်လာတော့ နွားငယ် သားလေးလည်း ဘာမသိညာမသိနဲ့ လိုက်ပါလာတော့တာပေါ့။ နွားသတ်ကုန်းနဲ့ မနီးမဝေး မှာ တော့ အရင်ကသတ်ထားတဲ့ နွားတွေရဲ့အရိုးအနံ့ရတော့ နွားမကြီးလည်း မိမိကို သတ်တော့ မယ်ဆိုတာသိတော့ မောင်းလို့မရတော့ဘူးတဲ့။

လူတွေကလည်း နေမ၀င်ခင် ကိစ္စပြီးအောင်လုပ်ရမှာဆိုတော့ နွားမကြီးကို နောက်ကနေမောင်းလို့မရတော့တဲ့ အဆုံး နှာကြိုးကို လှန်ပြီး ရှေ့ကနေတအားဆွဲတော့တယ်။ နွားမကြီးလည်း ကြောက်အားလန့်အားနဲ့ ယက်ကန် ယက်ကန်နဲ့ ရုံးနေတာပေါ့။ အဲဒီအချိန်မှာ နွားသားလေးက ဘာမှမသိရှာဘူးလေ။ တောထဲမှာ မြတ်စားရင်း ဆော့ကစားနေလေရဲ့။ နောက်တော့ပါလာတဲ့လူတွေအားလုံးက နွားမကြီးနှားဖျားကြိုးကို တအားဆွဲကြတော့ နွားမကြီးရဲ့ နှာဖျား အသား တွေပြတ်သွားတော့တယ်။ သွေးတစက်စက်နဲ့ နွားမကြီးလည်း ကြောက်အား လန့်အား ပြေးတော့တာပေါ့။

လယ်ကွက်နှစ်ကွက် သုံးကွက်လောက် လွန်တဲ့အခါမှာ ကျန်တဲ့နွားသားငယ်လေးက အမေကိုမတွေ့တော့ အသံပေး အော်လိုက်တော့ နွားမကြီးလည်း ဆက်မပြေးတော့ဘူး နွားသားလေးကိုရပ်စောင့် နေတယ်။ နွားသားလေးနဲ့ အတူ နွားသက်သမားတွေက ပါလာတော့ နွားမကြီးလည်း နောက်လယ်ကွက် သုံးကွက်လောက်ဆက်ပြေးပြန်ေ ရာာ ။ အမေနဲ့အတော်ဝေးသွားတော့ နွားသားလေးလည်းဆက်အော်ပြန်တော့ နွားမကြီးလည်းတစ်ဖန် ရပ်စောင့်နေပြန်တယ်။

အဲဒါကို နွားသက်သမားတွေက နွားမကြီးကိုလိုက်နေ့လို့တော့ ဒို့တောနေ၀င်သွားတော့မယ်။ ဖမ်းဖို့တော့မလွယ် တော့ဘူး။ သူ့သားလေးကိုဖမ်းရင်တော့ သူပြန်လာမှာပဲဆိုတဲ့ အကြံကိုရရှိသွားတော့တာပေါ့။ အဲဒါနဲ့ နွားသား လေးကိုဝိုင်းဖမ်းကြတော့တယ်။ နွားသက်ကုန်းမှာ နွားသားလေးကိုကြိုးနဲ့ချီထားပြီး အော်အောင် ၀ိုင်းရိုက် ကြတယ်။ သားလေးရဲ့ မချိမဆံ့အော်သံကိုကြားရတော့ နွားမကြီးလည်းဆက်မပြေးနိုင်တော့ဘူး။ သူ့မှာရှိတဲ့ ဒဏ်ရာကိုရော အသက်ခံရမယ်ဆိုတဲ့အသိကိုပါ မေ့ပြီး သားလေးရှိရာကို ပြန်လှည့်လာတော့တာပေါ့။

နွားသတ်သမားတွေကလည်း လက်နက်ကိုယ်စီနဲ့ ကိုင်စောင့်နေကြတာပေါ့။ နွားမကြီးကလည်း သားလေးရှိရာကို တဖြေးဖြေး လှမ်းလျှောက်လာတယ်။ သားလေးရဲ့ကိုယ်မှာရှိတဲ့သွေးထွက်နေတဲ့ ဒဏ်ရာတွေကိုလျှာနဲ့ လျှက်ပေးနေတော့တယ်။ အဲဒီအချိန်မှာနောက်မှာရှိတဲ့ နွားသတ်သမားတွေက သူတို့လုပ်ရမယ့်လုပ်ငန်းကို ဆက်လုပ်ကိုင်ကြတော့တယ်။ ဒါကို မြင့်မိုရ်ဦးရဲ့ နောက်ဆုံးရေစင်ပဲဆိုတာ နွားသားလေးကသိချင်မှ သိမယ်ပေါ့နော်။ မြင်းမိုရ်ဦးကတော့ ကွယ်ပျောက်သွားပြီ။

ဇာတ်လမ်းလေးကတော့ အဲဒါပါပဲ...............ဘုရားရှင်မေတ္တာသုတ်တော်မှာ ဟောကြားတော်မူတဲ့

မာတာယထာ နိယံပုတ၊္တ မာယုသာ ဧကပုတ္တ မနုရက္ခေ ။

လူမိခင်များသာမကဘူး တိရစ္ဆာန်မိခင်များလည်း ရင်သွေးကို အသက်နဲ့လဲပြီး ကာကွယ်ကြတယ် ။အဲဒါကြောင့် အနှိုင်းမဲ့ မေတ္တာကို ဘယ်သိပ္ပံဆရာကမှ မတိုင်းတာနိုင်ပါဘူး။ မိဘကျေးဇူး ဆပ်နိုင်ပါစေ .................

Saturday, December 5, 2009

သမီးသိပြီဖြစ်သောအများကြီးမောတဲ့သားသမီးဇော

တစ်လောက စင်ကာပူမှာရှိနေတဲ့သမီးဆီက အီးမေလ်တစ်စောင်ရတယ်။ သူတို့လင်မယားနှစ်ယောက် နောင်နှစ် ဖေဖေါ်ဝါရီ မှာမွေးလာမဲ့ ခလေးအတွက် ခလေးတင် တွန်းလှည်း၊ နို့ဘူး၊ နို့ဘူးပိုးသတ်ဆေး၊ စတဲ့ခလေး အသုံးအဆောင်ပစ္စည်းတွေဝယ်လိုက်တာ ဒေါ်လာတော်တော်ကုန်သွားတယ် ဆိုတဲ့အကြောင်း ဖအေဆီကို အီးမေလ်ပို့လိုက်တာပါ။ ၀ယ်တဲ့ပစ္စည်းတွေအကြောင်း ဖေါ်ပြထားတဲ့ ၀က်ဘ်ဆိုက်ကိုတောင် ပို့လိုက်သေးတယ်။ သမီးက အဖေသွန်သင် ဆုံးမတဲ့အတိုင်း နေတတ်တော့ စနစ်တကျလုပ်တတ်ကိုင်တတ်ပါတယ်။ ဒါပေမဲ့ မှန်တာပြောရရင် ရှပ်ပလာဖြစ်နေ ဆဲပါ။ ဘာပဲပြောပြော ဒီလိုစနစ်တကျလုပ်တတ်ကိုင်တတ်တဲ့အတွက် စာရေးသူရင်ထဲမှာကျေနပ်မိပါတယ်။

စာရေးသူစဉ်းစားမိတယ်။ သမီးကသူ့ခလေးကို သူတတ်နိုင်သမျှအကောင်းဆုံးတွေပဲဖြစ်စေချင်တော့ ပိုက်ဆံကိုစနစ်တကျစု၊ စင်ကာပူမှာမွေး၊ (ဖအေကိုဒုက္ခ မပေးချင်တာ လည်းပါတယ်) ခလေးအတွက်လိုမဲ့ ပစ္စည်းတွေကြိုတင်ဝယ်၊ ဒါတွေဟာ မိဘမဖြစ်သေးပေမဲ့ ဗိုက်ထဲကခလေးအတွက် မေတ္တာစေတနာတွေပါ။ စာရေးသူတို့လင်မယားကတော့ သူ့ကိုမမွေးစဉ်ကကော၊ မွေးတုံးကာလမှာကော၊ မွေးပြီး တဲ့နောက်ပိုင်းမှာကော၊ ဒီလိုမစဉ်းခဲ့မိတာကတော့အမှန်ပါ၊ တစ်ခုတော့ရှိတယ်။ ခလေးကိုထိုးရမဲ့ ကာကွယ်ဆေးတွေကိုတော့ စနစ်တကျ မှတ်သားပြီးအချိန် မှန်မှန်ထိုးပေးခဲ့ပါတယ်။ ခလေးနဲ့ ပတ်သက်တဲ့မှတ်တမ်း စာအုပ်လေးလည်းထားရှိခဲ့ပါတယ်။ ဘယ်နေ့ကဘာဆေးထိုးတယ်၊အလေးချိန်ဘယ်လောက်ရှိတယ်၊ အားလုံးမှတ်သားထားခဲ့ပါတယ်။ အိမ်အကြိမ် ကြိမ် ပြောင်းခဲ့ရတော့ သေတ္တာတစ်ခုခုထဲမှာတော့ ရှိနေပါလိမ့်မယ်
ထင်တယ်။

အဲဒီအချိန်တုံးကဘာစဉ်းစားမိခဲ့သလဲဆိုတော့အော်ငါတို့မိဘတွေဟာရှေးကျတော့ ငါတို့ကို ဒီလိုကာကွယ်ဆေး တွေကြိုတင်ထိုးရကောင်မှန်းမသိကြဘူး၊ ခလေးရဲ့ ဘ၀တစ်သက်တာ ကျန်းမာရေး စိတ်အေးနိုင်အောင် လုပ်ဖို့ဆိုတာက ကျန်းမာရေးအသိပညာလည်း ပြည့်စုံဖို့လိုပါတယ်လို့ အတွေးပေါ်ခဲ့ပါတယ်။ အဲဒီအချိန်တုံးက အာလ်ထရာဆောင်း ဆိုတာမပေါ်သေးတော့ ဘာလေးမွေးမယ်ဆိုတာ တောင်ကြိုတင်မသိခဲ့ရဘူး။ သမီးအမေကော၊ စာရေးသူကော၊ ကြိုတင်ပြီး နို့ဘူးဝယ်တာ၊ အနှီးဝယ်တာတွေ လုပ်ဖို့ခေါင်းထဲမှာမရှိကြဘူး။ သမီးမွေးတော့ ဒပ်ဖရင်မှာ၊ မိန်းမအစ်ကို က ဆရာဝန်ဆိုတော့ မွေးခန်းထဲဝင်လို့ရတယ်။ ခေတ်တစ်ပတ် ပြန်လည်တယ်လို့ဆိုရမယ်။ အခုလည်း ဘကြီး ကတူမကိုစိတ်ပူလို့ထင်ပါရဲ့။ မွေးချိန်နဲ့ကိုက်ပြီး အင်္ဂလန်ကနေ စင်ကာပူကိုလာအုံးမယ်။ အခန်းပြင်မှာစောင့်နေတဲ့ စာရေးသူကမွေးခန်းထဲမှာ ဇနီးလုပ်သူ ဗိုက်နာလွန်းလို့ အော်ဟစ်ညည်းတွားနေတာကို အတိုင်းသားကြားနေရတယ်။ ဇနီးရှိတုံးက သူအော်ခဲ့တဲ့အကြောင်းကို ပြန်ပြန်ပြောပြီး စ တော့သူ မအော်ပါဘူးလိုပြောတယ်။ အတင်းငြင်းတယ်။

ဒါနဲ့ခဏနေတော့ ခလေးငိုသံကြားရပြီး ယောက်ဖ မွေးခန်းထဲကထွက်လာပြီး မိန်ခလေး လို့ပြောတယ်။ စာရေးသူစိတ်ထဲမှာ တော်တော် ပျော်သွားတယ်။ ကိုယ်ကသမီး လိုချင်တာကိုး။ သမီးကတော့ ဆေးပညာတိုးတက်လာတာကြောင့် ကိုယ်ဝန် ၅ ၆ လမှာပဲ ယောင်္ကျားလေး ဆိုတာသိခဲ့ရတယ်။ သားမက်ကေ တာ့ ယောင်္ကျားလေး လိုချင်တာ ဆိုတော့ ကြိတ်ပျော်နေတာပေါ့။ သမီးကအဖေလိုပဲ မိန်းခလေး လိုချင်တာလေ။ ဘာပဲဖြစ်ဖြစ် တစ်ရက်နှစ်ရက် လည်းနေရော သူ့သားမှ သားဖြစ်နေပြန်ရော။ သားသမီးဟာ မိန်းမဖြစ်ဖြစ် ယောင်္ကျားဖြစ်ဖြစ် သားသမီးပါပဲ။ ခလေးတွေထားတဲ့ အခန်းထဲ ယောက်ဖနဲ့ အတူသွားကြည့်တော့ သမီးကအိပ်နေပြီ။ ချက်ကြိုးဖြတ်ထားရာက ကျန်တဲ့ ချက်နဲ့ Babyခင်လှရီ လက်မှာပတ်ပတ်တဲ့ အ၀တ်လေးကို သမီး record book မှာ သိမ်းထားတယ်။ယနေ့ ၂၁ရာစုမှာတော့ ခလေးအသုံးအဆောင်ပစ္စည်းတွေ ဈေးကွက်တွေမှာအပြိုင်အဆိုင်ဝယ်လို့ရနေပါပြီ။ နေရာတကာမှာ သူ့ခလေးအတွက် အကောင်းဆုံးဖြစ်စေချင်တဲ့ သမီးကတော့ ရန်ကုန်ခဏပြန်လာတုံးကတောင် ခလေးအတွက်ပစ္စည်းတွေဝယ်ပြီး သေတ္တာတစ်လုံးနဲ့ သယ်သွားသေးတယ်။ အများကြီးမောတဲ့ သားသမီးဇောလေ။ ခေတ်တွေတိုးတက်လာတာ နဲ့အမျှ အကောင်းဆုံးရုပ်ဝတ္တူ ပစ္စည်းတွေနဲ့ သားသမီးတွေကို ဆင်ချင်တာမိဖတွေရဲ့ စေတနာပါ။ ရုပ်ဝတ္တူပစ္စည်း တွေပေါများတဲ့ဒီခေတ်မှာတော့ ပိုက်ဆံတတ်နိုင်ရင် ခလေးအတွက် လိုချင်တဲ့ ရုပ်ဝတ္တူပစ္စည်းတွေ ကိုဝယ်သုံးနိုင်ကြပါတယ်။ စာရေးသူတို့ခေတ်တုံးကတော့ ရုပ်ဝတ္တူပစ္စည်းတွေ ဒီကနေ့ခေတ်လောက်မတိုးတက်ပေမဲ့ သားသမီးအပေါ်မှာထားတဲ့ မေတ္တာစေတနာ ကတော့ ဒီကနေ့ခေတ်မှာရှိနေတာထက်တော့ မလျှော့ပါဘူး။

Thursday, October 15, 2009

ဘာလေးဖြစ်ဖြစ် ချစ်ရမှာပဲ

ဒီကနေ့သတင်းကောင်းကြားရသည်။ ကိုယ့်အတွက်ကတော့ဘာဖြစ်ဖြစ်သတင်းကောင်းပါ။ မနေ့က ကတည်းက G talk မှာ ဒီကနေ့ မနက်ကိုရောက်ချင်လိုက်တာ ဆိုပြီးသမီးကေ အ်ာထားတယ်။ အင်းဒီကနေ့ NUH မှာ သမီးကိုယ်ဝန် ultra sound ရိုက်ပြီး အထီးအမ သိရမယ်နဲ့တူတယ် လို့တွက်ကြည့်ရတယ်။ သမီးကသူ့အမေ လိုပဲ မိန်းခလေးလိုချင်တယ်။ အဘိုးကတော့ ဘာ လာလာ မြေးပဲပေါ့။ ဒါကြောင့်Who ever boy or girl love is eternity လို့ပဲဆိုလိုက် တော့ မယ်။ ဒါနဲ့ချက်ချင်းဖုံးဆက်ဖို့ မှာတော့ မနက် ၉း၃၀ မှာဆက်မယ် ဆိုပြီး ပြန်ပြောလာတယ်။

မနက် ၉ နာရီလောက် ဆေးရုံကနေဆက်တယ်နဲ့တူပါတယ်။ ဖေ့ ယောင်္ကျားလေးတဲ့ ။ဟ မျောက်လေးပေါ့ကွာ လို့ပီတိစိတ်နဲ့ ပြန်ပြောလိုက်ရတယ်။ ကိုယ်အတွက်ကတော့ ဘာလေးဖြစ် ဖြစ်သတင်းကောင်းပေါ့။ ဖုံးကခဏပဲ ပြောလိုက် ရပြီးပြတ်သွားတယ်။

၁၁ နာရီလောက်ကြတော့ သမီးလေး လိုချင်တဲ့ သမီးက ယောင်္ကျားလေးတဲ့ဆိုပြီး သူဖြစ်ချင်တာ မဖြစ်ရတဲ့ လေသံ နဲ့ပြောတော့ ပီတိဖြစ်နေတဲ့ အဘိုးကဟာ ဘာဖြစ်ဖြစ်ပေါ့ ကွာ အမေအားကိုးရတာပေါ့ လိုပြန်ပြောရတယ်။ Mickey Mouse အရူး (ငယ်ငယ်လေးကတည်းက Mickey Mouse ရုပ်ပုံ မြင်ရင်မနေနိုင်ဘူး) သမီးကအိမ်နံမည် Mickey ခေါ်မယ်နော်ဆိုပြီးပြောတော့တာပဲ။ တူမလေးတစ်ယောက်ရဲ့ သားလေးကလည်း Mickey လိုခေါ်တော့ Mickey Junior ပေါ့ကွာ လို့ပြောလိုက်ရတယ်။ ဘာဖြစ် ဖြစ် my baby is BOY ဆို ပီးG Talk မှာတင်ထားတော့မှ အော်သူလည်းဘာဖြစ်ဖြစ် ချစ်ရတော့မှာပဲလေ။

လောလောဆယ်ခလေးကျန်းမာဖို့ အရေးကြီးတယ်လေ။ စလုံးမှာက ကိုယ်ဝန်ရှိရင် ခလေးဘိုက်ထဲမှာရှိတုံး down syndrome လိုရောဂါမျိုးရှိ မရှိ ဘိုက်ထဲမှာရှိတဲ့ အရည်ကိုစုတ်ပြီး စစ်ဆေးပေးတယ်လေ၊ မလိုချင်ရင် ဖျက်ချနိုင်တာပေါ့။ ဒါပေမဲ့စင်ကာပူက blog တစ်ခုမှာ ဖတ်လိုက်ရတာ က အဲဒီလိုရှိနေရင် အဖေတို့အမေ တို့ကဖျက်ချရက်ပါ့မလားတဲ့ ဘယ်လိုပဲဖြစ်နေနေ ဘုရားပေးတဲ့ သားသမီးကိုကျွေးမွေးစောင့်ရှောက်ရမှာက အဖေ အမေတို့ရဲ့တာဝန်ပါ လို့ရေးထားတာဖတ်ရတော့ မြန်မာလူမျိုးတွေ ထားရှိ တဲ့ မိဖရဲ့မေတ္တာတရားကို လေးစားမိပါတယ်။

မြေးရတော့မယ်ဆိုတော့ သမီးကိုပြုစုစောင့်ရှောက်ခဲ့ရတဲ့ ဘ၀ရဲ့ ပုံရိပ်ကိုပြန်ပြောင်းကြည့်မိပါတယ်။ ပညာတတ် အဖိုးအဖွားတွေ၊ ပညာတတ်အသိုင်းအ၀ိုင်းက ပေါက်ဖွားလာတာကြောင့် သမီးကိုလည်း ပညာတတ် ဖြစ်စေချင် ပါတယ်။ တလောကသူ့အမေ သမီးအတွက်မေးထားတဲ့ ဗေဒင်စာရွက်ကိုပြန်လှန်ဖတ်ကြည့် တာ့ ဘွဲ့ ၄ ခုရမယ်လို့ဟောထားတယ်။ မှန်သားပဲ။ သမီးဘွဲ့ ၄ ခုရနေပြီပဲ။

အခုသူတာဝန်ရောက်ပြီ။ မြေးလေးကိုဘယ်လို ပြုစုထိန်းကျောင်းမလဲ? စင်ကာပူက ခလေးတွေဆိုးတယ် ဆိုတဲ့အကြောင်းညည်းလေ့ရှိတဲ့ သမီး child rearing ဘယ်လိုလုပ်မလဲ ? ဘယ်လိုယဉ်ကျေးအောင်သင်ပေးမလဲ ? ပြောတာတစ်ခုရှိသေးတယ်၊ အဖေ လာပြီးသင်ပေး တဲ့။ တော်တော်ပဲကောင်း။

Saturday, September 5, 2009

မြေးလေးကို လွယ်ထားရသော သမီးအတွက် ပေးစာ

၁၉၉၃ ခုနှစ် ဇူလိုင် ၇ ရက် ဟာသမီးအတွက် မိခင် ကောင်းတစ်ယောက် ရုတ်တရက်ဆုံးရှုံး ခဲ့ရသလို မောင်တိုင်ပင် အတွက်လည်း ဘ၀ရဲ့အဖေါ်မွန် ဇနီးကောင်းတစ်ယောက်ဆုံးရှုံးခဲ့ရလို့ သားအဖ နှစ်ဦး အတွက် လောကဓံတရား (ဂ) ပါးကိုနဖူးတွေ့ ဒူးတွေ့ ရင်ဆိုင် လိုက်ရတဲ့ နေ့ တစ်နေ့လို့ ဆိုမယ်ဆိုရင် မမှားပါ။ မွေးရာပါ ဦးနှောက်ရှိသွေးကြောများပါးပြီး ဗူးဗေါင်းလိုဖောင်းနေလို့ အချိန်မရွေးသွေးကြောများပေါက်သွားနိုင်တဲ့အတွက် ဂရုစိုက်နေသော်လည်း ဘ၀ပါရမီ ကံပါလာလို့လားမသိ ညစာ စားနေစဉ်အတွင်း သွေးကြောပေါက်ကာ ည ၇း၃၀ မှာကွယ်လွန်သွားခြင်းဖြစ်ပါတယ်။ အင်္ဂလိပ်လိုကတော့ SAH လို့အတိုကောက်ခေါ်ပါတယ်။ ဦးနှောက်ရေအိတ် အတွင်းရှိ ဖေါင်းနေသော သွေးကြောများ ပေါက်သွားတာပါ။

မိခင်ဆုံးရှုံးလို့ ကြေကွဲဝမ်းနည်းနေတဲ့ သမီးက အိမ်ရောက်ရောက်ချင်းပဲ အဖေကို စကားတစ်ခွန်းပဲ ပြောပါတယ်။ "ဖေဖေရယ် နောက်မိန်းမ မယူပါနဲ့နော် " အဲဒီစကားဟာ ကျွန်တော်အတွက်ဘယ်တော့မှမေ့လို့မရတဲ့စကားပါ။ ဒါကြောင့်သမီး ကိုအမေနေရာကကော အဖေနေရာကကော ပြုစုစောင့်ရှောက်ခဲ့တာပါ။ အမေ မရှိတော့ ငါသာ တစ်စုံတစ်ခုဖြစ်သွားရင် သမီး ဟာမိဘမဲ့ဖြစ်သွားနိုင်တယ် လို့စိုးရိမ်မိပြီး သမီးကို tough ဖြစ်အောင် train လုပ်ခဲ့ပါတယ်။ စိတ်ပိုင်းဆိုင်ရာကtough ဖြစ်အောင်သာလုပ်တာပါ။ အမိမဲ့ ဆိုပြီး bully လုပ်မခံရအောင်ပါ။ ကိုယ်ခန္ဓာ ပိုင်းဆိုင်ရာ ကတော့ tough မဖြစ်ပါ။ စင်ကာပူမှာ သမီး ကိုယ်ဝန်သွားပြတော့ မီးယပ်ဆရာဝန်မကြီး ကို စကားစမြည်ပြောရင်း " I train my daughter to be tough" လို့ ပြော တော့ သူမ က " It seems that she is not tough" ဆိုပြီးပြန်ပြောတယ်။ အဲတော့ ကျွန်တော်က mentally she is tough but not physically cos she's stubborn " လို့ပြန်ပြောလိုက်တော့ she's no longer be stubborn cos she has to take into account of your grandchild" လိုပြန်ပြောတော့ ရယ်ရသေးးတယ။် မိဘဆိုတာ ကိုယ်သားသမီးအတွက်အစဉ် ထည့်တွက်ထားပြီးသားပါ။ ဆင်စီးလို့မြင်းရံစေချင်တာပါ။ သမီးဟာဖေဖေ train လုပ်သလိုမာကျောပါတယ်။ determined လည်းဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ဦးတည်းသောသမီးတို့ အစဉ်အလာအတိုင်း less consider for other people ဖြစ်တယ်။ ဆိုလိုချင်တာက သူများအတွက် အနည်းငယ်ပဲ ထည့်စဉ်းစားတတ်တယ်။ သမီး အခု ဆို ရင်သမီးရဲ့ ရင်သွေးလေးကိုလွယ်နေရပြီ။ မိဘရဲ့နေရာကနေကိုယ်ချင်းစာတတ်နေပြီ။စွန့်လွှတ်ရဲ ရမဲ့နေရာကို ရောက်နေပြီ။အကြိုက်ဆုံးဆိုတဲ့ အစားအစာတွေ ကိုယ်ဝန်ကြောင့် မစားနဲ့ဆိုရင်မစားပဲ နေတတ်နေပြီ။ သမီး ၁၇ နှစ်သမီးမှာမေမေ ဆုံးတာပါ။ မေမေ ကသမီးကို ခတ်ပျော့ပျော့ ဆုံးမတတ်ပေမဲ့ ဖေဖေ ကတော့စည်းကမ်း စနစ်ကြီးစွာနဲ့ ဆုံးမတတ်တယ်။ ဖေဖေသွန်သင်ဆုံးမမှုအောက်မှာ ကြီးပြင်းလာတဲ့ သမီး အနေနဲ့ ဘယ်လောက် စည်းကမ်း ကြီးပစေ သမီးမမှုတော့ဘူး။