Saturday, December 5, 2009

သမီးသိပြီဖြစ်သောအများကြီးမောတဲ့သားသမီးဇော

တစ်လောက စင်ကာပူမှာရှိနေတဲ့သမီးဆီက အီးမေလ်တစ်စောင်ရတယ်။ သူတို့လင်မယားနှစ်ယောက် နောင်နှစ် ဖေဖေါ်ဝါရီ မှာမွေးလာမဲ့ ခလေးအတွက် ခလေးတင် တွန်းလှည်း၊ နို့ဘူး၊ နို့ဘူးပိုးသတ်ဆေး၊ စတဲ့ခလေး အသုံးအဆောင်ပစ္စည်းတွေဝယ်လိုက်တာ ဒေါ်လာတော်တော်ကုန်သွားတယ် ဆိုတဲ့အကြောင်း ဖအေဆီကို အီးမေလ်ပို့လိုက်တာပါ။ ၀ယ်တဲ့ပစ္စည်းတွေအကြောင်း ဖေါ်ပြထားတဲ့ ၀က်ဘ်ဆိုက်ကိုတောင် ပို့လိုက်သေးတယ်။ သမီးက အဖေသွန်သင် ဆုံးမတဲ့အတိုင်း နေတတ်တော့ စနစ်တကျလုပ်တတ်ကိုင်တတ်ပါတယ်။ ဒါပေမဲ့ မှန်တာပြောရရင် ရှပ်ပလာဖြစ်နေ ဆဲပါ။ ဘာပဲပြောပြော ဒီလိုစနစ်တကျလုပ်တတ်ကိုင်တတ်တဲ့အတွက် စာရေးသူရင်ထဲမှာကျေနပ်မိပါတယ်။

စာရေးသူစဉ်းစားမိတယ်။ သမီးကသူ့ခလေးကို သူတတ်နိုင်သမျှအကောင်းဆုံးတွေပဲဖြစ်စေချင်တော့ ပိုက်ဆံကိုစနစ်တကျစု၊ စင်ကာပူမှာမွေး၊ (ဖအေကိုဒုက္ခ မပေးချင်တာ လည်းပါတယ်) ခလေးအတွက်လိုမဲ့ ပစ္စည်းတွေကြိုတင်ဝယ်၊ ဒါတွေဟာ မိဘမဖြစ်သေးပေမဲ့ ဗိုက်ထဲကခလေးအတွက် မေတ္တာစေတနာတွေပါ။ စာရေးသူတို့လင်မယားကတော့ သူ့ကိုမမွေးစဉ်ကကော၊ မွေးတုံးကာလမှာကော၊ မွေးပြီး တဲ့နောက်ပိုင်းမှာကော၊ ဒီလိုမစဉ်းခဲ့မိတာကတော့အမှန်ပါ၊ တစ်ခုတော့ရှိတယ်။ ခလေးကိုထိုးရမဲ့ ကာကွယ်ဆေးတွေကိုတော့ စနစ်တကျ မှတ်သားပြီးအချိန် မှန်မှန်ထိုးပေးခဲ့ပါတယ်။ ခလေးနဲ့ ပတ်သက်တဲ့မှတ်တမ်း စာအုပ်လေးလည်းထားရှိခဲ့ပါတယ်။ ဘယ်နေ့ကဘာဆေးထိုးတယ်၊အလေးချိန်ဘယ်လောက်ရှိတယ်၊ အားလုံးမှတ်သားထားခဲ့ပါတယ်။ အိမ်အကြိမ် ကြိမ် ပြောင်းခဲ့ရတော့ သေတ္တာတစ်ခုခုထဲမှာတော့ ရှိနေပါလိမ့်မယ်
ထင်တယ်။

အဲဒီအချိန်တုံးကဘာစဉ်းစားမိခဲ့သလဲဆိုတော့အော်ငါတို့မိဘတွေဟာရှေးကျတော့ ငါတို့ကို ဒီလိုကာကွယ်ဆေး တွေကြိုတင်ထိုးရကောင်မှန်းမသိကြဘူး၊ ခလေးရဲ့ ဘ၀တစ်သက်တာ ကျန်းမာရေး စိတ်အေးနိုင်အောင် လုပ်ဖို့ဆိုတာက ကျန်းမာရေးအသိပညာလည်း ပြည့်စုံဖို့လိုပါတယ်လို့ အတွေးပေါ်ခဲ့ပါတယ်။ အဲဒီအချိန်တုံးက အာလ်ထရာဆောင်း ဆိုတာမပေါ်သေးတော့ ဘာလေးမွေးမယ်ဆိုတာ တောင်ကြိုတင်မသိခဲ့ရဘူး။ သမီးအမေကော၊ စာရေးသူကော၊ ကြိုတင်ပြီး နို့ဘူးဝယ်တာ၊ အနှီးဝယ်တာတွေ လုပ်ဖို့ခေါင်းထဲမှာမရှိကြဘူး။ သမီးမွေးတော့ ဒပ်ဖရင်မှာ၊ မိန်းမအစ်ကို က ဆရာဝန်ဆိုတော့ မွေးခန်းထဲဝင်လို့ရတယ်။ ခေတ်တစ်ပတ် ပြန်လည်တယ်လို့ဆိုရမယ်။ အခုလည်း ဘကြီး ကတူမကိုစိတ်ပူလို့ထင်ပါရဲ့။ မွေးချိန်နဲ့ကိုက်ပြီး အင်္ဂလန်ကနေ စင်ကာပူကိုလာအုံးမယ်။ အခန်းပြင်မှာစောင့်နေတဲ့ စာရေးသူကမွေးခန်းထဲမှာ ဇနီးလုပ်သူ ဗိုက်နာလွန်းလို့ အော်ဟစ်ညည်းတွားနေတာကို အတိုင်းသားကြားနေရတယ်။ ဇနီးရှိတုံးက သူအော်ခဲ့တဲ့အကြောင်းကို ပြန်ပြန်ပြောပြီး စ တော့သူ မအော်ပါဘူးလိုပြောတယ်။ အတင်းငြင်းတယ်။

ဒါနဲ့ခဏနေတော့ ခလေးငိုသံကြားရပြီး ယောက်ဖ မွေးခန်းထဲကထွက်လာပြီး မိန်ခလေး လို့ပြောတယ်။ စာရေးသူစိတ်ထဲမှာ တော်တော် ပျော်သွားတယ်။ ကိုယ်ကသမီး လိုချင်တာကိုး။ သမီးကတော့ ဆေးပညာတိုးတက်လာတာကြောင့် ကိုယ်ဝန် ၅ ၆ လမှာပဲ ယောင်္ကျားလေး ဆိုတာသိခဲ့ရတယ်။ သားမက်ကေ တာ့ ယောင်္ကျားလေး လိုချင်တာ ဆိုတော့ ကြိတ်ပျော်နေတာပေါ့။ သမီးကအဖေလိုပဲ မိန်းခလေး လိုချင်တာလေ။ ဘာပဲဖြစ်ဖြစ် တစ်ရက်နှစ်ရက် လည်းနေရော သူ့သားမှ သားဖြစ်နေပြန်ရော။ သားသမီးဟာ မိန်းမဖြစ်ဖြစ် ယောင်္ကျားဖြစ်ဖြစ် သားသမီးပါပဲ။ ခလေးတွေထားတဲ့ အခန်းထဲ ယောက်ဖနဲ့ အတူသွားကြည့်တော့ သမီးကအိပ်နေပြီ။ ချက်ကြိုးဖြတ်ထားရာက ကျန်တဲ့ ချက်နဲ့ Babyခင်လှရီ လက်မှာပတ်ပတ်တဲ့ အ၀တ်လေးကို သမီး record book မှာ သိမ်းထားတယ်။ယနေ့ ၂၁ရာစုမှာတော့ ခလေးအသုံးအဆောင်ပစ္စည်းတွေ ဈေးကွက်တွေမှာအပြိုင်အဆိုင်ဝယ်လို့ရနေပါပြီ။ နေရာတကာမှာ သူ့ခလေးအတွက် အကောင်းဆုံးဖြစ်စေချင်တဲ့ သမီးကတော့ ရန်ကုန်ခဏပြန်လာတုံးကတောင် ခလေးအတွက်ပစ္စည်းတွေဝယ်ပြီး သေတ္တာတစ်လုံးနဲ့ သယ်သွားသေးတယ်။ အများကြီးမောတဲ့ သားသမီးဇောလေ။ ခေတ်တွေတိုးတက်လာတာ နဲ့အမျှ အကောင်းဆုံးရုပ်ဝတ္တူ ပစ္စည်းတွေနဲ့ သားသမီးတွေကို ဆင်ချင်တာမိဖတွေရဲ့ စေတနာပါ။ ရုပ်ဝတ္တူပစ္စည်း တွေပေါများတဲ့ဒီခေတ်မှာတော့ ပိုက်ဆံတတ်နိုင်ရင် ခလေးအတွက် လိုချင်တဲ့ ရုပ်ဝတ္တူပစ္စည်းတွေ ကိုဝယ်သုံးနိုင်ကြပါတယ်။ စာရေးသူတို့ခေတ်တုံးကတော့ ရုပ်ဝတ္တူပစ္စည်းတွေ ဒီကနေ့ခေတ်လောက်မတိုးတက်ပေမဲ့ သားသမီးအပေါ်မှာထားတဲ့ မေတ္တာစေတနာ ကတော့ ဒီကနေ့ခေတ်မှာရှိနေတာထက်တော့ မလျှော့ပါဘူး။

No comments: