Showing posts with label အဖေပုံရိပ်များ. Show all posts
Showing posts with label အဖေပုံရိပ်များ. Show all posts

Sunday, June 4, 2017

စစ်ထွက်အိုင်ချင်း


စစ်မှာတမူ
ချစ်တဲ့သူငယ်လေ
သူငယ်ချင်းကောင်းယောက်မတို့လေ
သူများမောင်မှာ
စစ်သံကြားလျှင်နာဖျားဥပါယ်ခိုကြတယ်
နှမလေးမယ်တို့မောင်မှာ
စစ်သံကြားလျှင် ရွှေဓါးပိုက်ကာ
အိုးစားဖက်ကိုလိုက်လို့ ရှာသည်
ရိက္ခာကနည်း(နဲ)မိုးကသည်း(သဲ)သည်နှင့်
သင်းတွဲကို ကူးပါလိမ့်မလားတော်
စစ်မှာတမူ
နှမလေးမယ်ထက်ဖြူကို ယူမလားတော်
စစ်မှာယွန်းမ
နှမလေးမယ်ထက်လှကို ရမလားတော်
စစ်မှာဆွေမျိုး
ဘိုးဘွားမောင့်မှာ ရှိသလားတော်
စစ်မှာတမူ
နှမလေးမယ်ထက်ဖြူကိုမယူဘူးဗျာ
စစ်မှာယွန်းမ
နှမလေးမယ်ထက်လှကို မရဘူးဗျာ
စစ်မှာဆွေမျိုး
ဘိုးဘွားမောင့်မှာ မရှိဘူးဗျာ
ရေမြေ့သခင်ရှင်ဘုရင်က
မိန့်တော်စာနှင့်အပါချသည်
လိုက်ရတော့မယ်
မြင်းမှာအုန်းခွံ ကျွန်မှာကုလား
ဓါးမှာ မိုးကြိုး ယွန်းပုဆိုးနှင့်
အိုးစားဖက်စုံ စစ်သည်ပုံမှာ
ကျွန်ယုံစားမို့ မောင်ကလေးငယ်
မောင်သာလိုက်တဲ့ တောင်ပတ်လည်နှင့်
ဇင်းမယ်ဆိုသည့် ညိုတဲ့မြို့ မှာ
ပျို့ လွမ်းဖွယ်လေး
တောင်တွင်းရှင်ငြိမ်းငယ်
မောင်တိုင်ပင် အဖေ မန္တလေးတက္ကသိုလ်မှာ စာသင်တာကိုသွားသွားချောင်းနားထောင်ဘူးတယ်--အဖေက စာသင်ရင်ခေါင်းပေါင်းအရောင်နုလေးတွေဆောင်းတယ်--အိုင်ချင်းလားမသိသင်နေတယ်-သံနေသံထားနဲ့ လည်းဆိုပြတယ်-ရဝေရှင်ထွေး ရေးတဲ့ အိုင်ချင်း-- နံမည်မေ့နေလို့ ခယ်မ မြန်မာစာပါမောက္ခ ကိုမေးထားတယ်။ အထက်မှာတင်ထားတဲ့ တောင်တွင်းရှင်ငြိမ်းမယ် ရဲ့ စစ်ထွက်ချစ်သူ အကြောင်းလေးကတော့ အဖေ က ခဏခဏ ရွတ်ပြတယ်။ ဘယ်လောက်တောင် ရွတ်ပြသလဲဆို မြန်မာစာပေ နဲ့ မကျွမ်းတဲ့ သူ့ သား မောင်တိုင်ပင်တောင်အလွတ်ရနေတယ်--မန္တလေးတက္ကသိုလ်မှာအဖေစာ
သင်ခန်းထဲမှစာသင်တာကိုအသံသွင်းထားတာလေးကို သူငယ်ချင်းက ပို့ပေးထားတယ်--
Credit : Aye Swe Myint
"စစ်မှာတမူ နှစ်မလေးပျိုတိုမောင်မှာ စစ်သံကြားရင် အိုးစားဖက် ကိုလိုက်လို့ရှာတယ်" စသည်ဖြင့်ဘုရင်က ယိုးဒယားကိုစစ်တိုက်ဖို့ ဆင့်ခေါ်တဲ့အခါ ပြည်သူ တချို့ ကဖျားနာချင်ယောင်ဆောင်ပြီး စစ်ထွက်မလိုက်ရအောင်ရှောင်ပုန်းကြတယ်--နှမလေးရည်စားကတော့ ရွှေဓါးပိုက်ပြီတော့ အိုးစားဖက်ကို လိုက်ရှာတယ် တဲ့
စစ်ထွက်တဲ့အခါ--၂ ယောက်တစ်တွဲ ထမင်းချက်စားကြဖို့စိတ်တူကိုယ်တူ အိုးစားဖက်ပေါ့ဗျာ --ဂျယ် တွေ လို လင်မယားလိုမဟုတ်ဘူးနော်-- ကိုယ့် ရိက္ခာကိုယ်ကပဲသယ်ရတာ --ကျနော်တို့ မြန်မာတွေက စစ်ဆိုရင်အရူးအမူးဗျ-- နေဝင်းအေရိုး အာဏာရှင် လုပ်လိုက်လို့ စစ်တပ် ကိုပြည်သူတွေမုန်းသွားတာလို့ မောင်တိုင်ပင်ယူဆတယ်--စစ်တပ်သာအာဏာရှင်ပုံစံ မချိုးရင် ပြည်သူတွေက ချစ်နေုကြအုံးမှာသေချာပါတယ်--အာဏာရှင်ပုံစံရယ် ငါမှငါသာဆိုပီးစိတ်ကြီးဝင်ပုံစံရယ် မချိုးကြရင် ပြည်သူတွေက လိုလားနေမှာပဲ--အဖေရှိတုံးက အဖေ လက်ချာသွားသွားနားထောင်ပြီးသူပြန်ပြောပြတော့ ယိုးဒယားကိုစစ်တိုက်ထွက်တာနဲ့ ပတ်သက်တဲ့ အိုင်ချင်းတွေကို ဆိုပြတယ်။ ယိုးဒယား ကို စစ်ထွက်တိုက်တဲ့ အကြောင်း ရေးထားတဲ့ စစ်ထွက်အိုင်ချင်းတွေအကြိုက်ဆုံးပဲ-- ဒီအသက်အရွယ်ထိ အခုချိန်ထိ လဲ ညည်းကြည့်မိနေတုံးပဲ--ဘယ်" ပြည်တော်ဝင် တို့ ဘာတို့ဆိုမလဲ--အိုင်ချင်းတွေပဲဆိုမှာပေါ့--
ဒါတွေဘာလို့ပြန်စဉ်းစားမိနေသလဲဆိုတော့ခင်ဗျားတို့လည်း ကျနော်လိုတွေးမိနေတယ်လို့ထင်တယ်ဗျာ-- ကျနော်တို့တတွေဘာလို့ မညီမညွတ်ဖြစ်ချင်နေကြတာလဲဗျာ-တိုင်းပြည်ကြီးခေတ်နောက်ကျကျန်နေတယ်ဆိုတာ သူများနိုင်ငံမှာခေတ္တလာနေတဲ့ မောင်တိုင်ပင်အဖို့ ပိုသဘောပေါက်နေပါတယ်။ ကျနော်များဆန္ဒစောနေသလားဆိုတော့မစောဘူးဗျ။ ကျနော်တို့ ၂ဆ ၃ဆ အရှိန်အဟုန်နဲ့ လိုက်မှတော်ယုံကြမှာဗျ။ယနေ့ဖွဘုတ်ပေါ်မှာတစ်ဖက်နဲ့တစ်ဖက်တိုက်ခိုက်ရေးနေတာ ရေတွက်ကြည့်ရင် ၁၀၀ တောင်မရှိဘူးထင်ပါတယ်ဗျာ။အဲဒါတွေကိုဖတ်မိပြီး ဗဟုသုတအဆင်အခြင်နည်းစွာဖြင့် ရေးနေကြတာတွေကိုဖတ်တောင်မဖတ်ပါဘူး။ စိတ်ထွက်ပေါက် ကြောင့်ပဲရေးတာဆိုတော့အကြောင်းအရာမမှန်ဘူး၊ ဘာရေးထားမှန်းလည်းသဘောမပေါက် ကိုယ်ကဆဲချင်ဇောနဲ့ မအေနှစ်မကိုင်တုတ် မဟုတ် တာတွေတင်-- ဒါတွေကိုသူတို့ကတော့ လော်ဘီ လုပ်တယ်ပေါ့ဗျာ။ဘာမှမဖြစ်ဘူး--စောက်မြင်ကတ်တာပဲအဖတ်တင်မယ်-- ကျနော်မှန်မှန်ဖတ်တဲ့ ပိုစ် ပိုင်ရှင်ဆို ၁၀ ဦးလောက်ပဲရှိမယ်ထင်ပါတယ်။ ပိုဆိုးတာက သတင်း ဆိုတဲ့ လော်ဘီ တွေပဲ။ကျနော်တို့ အနိုင်ရပါတီကို ၅နှစ်လုပ်ခွင့်ပေးထားပြီးပြီ။ သူဘာလုပ်မလဲ-- လုပ်ပါစေပေါ့ဗျာ။ ခင်ဗျားတို့ပြောပြောနေတဲ့ တိုင်းပြည်ချောက်ထဲကျမဲ့ ကိစ္စမျိုးဆိုရင်တော့လော်ပေါ့ဗျာ။အခုဟာကခေါင်းဆောင်ဆိုတဲ့ ပုဂ္ဂိုလ်တွေကိုယ်တိုင်ကအပြောအဆို အချိန်အခါ (timely)ကိုမသိကြတာတော့ဆိုးသဗျာ။
မောင်တိုင်ပင်
၂၇-၀၅-၂၀၁၇


IMG_3195.JPG
IMG_3196.JPG

Sunday, February 20, 2011

ဘိုးဘိုးမြေးရဲ့မျိုးဆက်ပုံရိပ် (၂)

ပါမောက္ခဦးသာထိုကွယ်လွန်သွားတာကိုအင်တာနက်မှာတွေ့တော့မှ ရန်ကုန် အိမ်ကိုအပြေးအလွှားသွားပြီးသတင်းမေးရတယ်။ အန်တီလေးကတော့ ကျန်းကျန်း မာမာပါပဲ။ ခိုင်ထူးလည်းပြန်ရောက်နေတော့ သူ နဲ့ပါတွေ့ ခဲ့တယ်။ မန်းတက္ကသိုလ် ၀န်းထဲမှာနေ တုံးက ခလေးတွေကော မိဖတွေကောခင်ခင်မင်မင် နဲ့ကြီးပြင်းလာကြတာလေ။မန်းတက္ကသိုလ်ထဲမှာ ပါမောက္ခ တွေအတွက် ဆောက်ထားတဲ့၂ထပ် တိုက်အိမ်၁၀လုံး၅တန်းစီ ဆောက်ထားတာ။ဘိုးဘိုးတို့အိမ်ရှေ့ကလမ်း ကိုတော့တက္ကသိုလ်အုပ်ချုပ်ရေးကအဖေနေတဲ့လမ်း ဖြစ်တာကြောင့် “နတ်ရှင်နောင်လမ်း“ လို့အမည်ပေးခဲ့ တယ်။ အိမ်ရှေ့မှာ တင်းနစ်ကွင်းတွေပဲရှိတယ်။ နောက် မိုးလုံလေလုံ အားကစားရုံ၊ စာတိုက်၊ ဘော်လီဘောကွင်းတွေရှိပါတယ်။ အိမ် ၁၀လုံး မှာ နံပါတ် ၁ က ပါမောက္ခဒေါက်တာခင်မောင်နဲ့မြန်မာစာက ပါမောက္ခဒေါ်လှမြတ်၊ နံပါတ်၂ ကအန်တီပါမောက္ခဒေါ်ကြည်ကြည်လှနဲ့ ဗိုလ်မှုးမျိုးမြင့် (ဗိုလ်မြင့်အုန်းမိဘ)၊ နံပါတ်၃ ကရူပဗေဒပါမောက္ခဦးကျော်မြင့်၊ သူ့အရင်က Ford Foundationနဲ့ လာတဲ့ Professor Owen နံပါတ်၎ ကပါမောက္ခဦးသာထို၊အန်တီလေး၊ နံပါတ် ၅ ကပါမောက္ခဦးသိန်းမောင်နဲ့ အန်တီသန်း နံပါတ် ၆ က Professor Ali နဲ့ မိသားစု ရုပဗေဒဌာနကပဲ။ သူ့သားတွေထဲကလှမောင်တို့ စိုးမြင့် တိုကရန်ကုန်မှာ လုပ်ငန်းရှင်တွေပဲ။ နံပါတ် ၇ ကတော့မေ့နေပြီ။ နံပါတ် ၈ ကအင်္ဂလိပ်စာပါမောက္ခ မစ္စတာ မူနီ၊ နံပါတ် ၁၀ ကဘူမိဗေဒပါမောက္ခ မစ္စတာ ဆရင်း အိန္ဒိယတက္ကသိုလ်တစ်ခုက ဧည့်ပါမောက္ခအနေနဲ့ လာတာဖြစ်တယ်။ သူတို့မိသားစုတွေ အသီးသီးနေကြတယ်။ သမီး လေးက ဘွားဘွားကျွဲ နဲ့ ရွယ်တူပဲ။

ဘိုးဘိုးတို့အိမ်ရှေ့နတ်ရှင်နောင်လမ်း က လူရှင်းတယ်။ကျောင်းသားကျောင်းသူတွေတကူးတက လာမှပဲရောက် တယ်။ အိမ်ရှေ့ တင်းနစ်ကွင်းကျော်ရင် ရွှေပြည်အေး ယောက်ျားလေးအဆောင်၊ အိမ်ရှေ့ကများ ဆေးရုံသွားတဲ့ ကျောင်းသူတွေ ဖြတ်လျှောက်သွားလို့ကတော့်ဝရံတာကနေကျောင်းသားဘာဝ “မပြောမရှိကြနဲ့ ” လို့အော် ကြတယ်လေ။ရွှေမန်ဆောင်ဆိုတာနံမည်ကြီး မိန်းခလေးဆောင်၊နောက်ဘေးကသစ္စာဆောင်ရှိတယ်။ ရွှေမန်းဆောင် ရှေ့မှာ မြင်းလှည်းတွေဂိတ်ထိုးတယ်။ ဘိုးဘိုး တို့မောင်နှမတွေ မြင်းလှည်းနဲ့ လပေး စီးပြီး ကျောင်းတက်ရတာ။ ဘိုးဘိုးတို့ညီအစ်ကို၂ ယောက်က စိန်ပီတာ၊ ဘွားဘွားကျွဲကစိန်ဂျိုးဇက်ကွန်ဗင့် ကိုနေ့တိုင်း သွားရတာလေ။ မြင်းလှည်မောင်းသူက ပုဏ်ဏား လူမျိုး မြင်း ၂ကောင်ရှိတယ်။မနက် ၁ ကောင် ည ၁ ကောင် ညှာပြီး ခိုင်းတယ်။ အဲဒီတုံးကမန္တလေးက ကားသိပ်မပေါသေးဘူး။ မြင်းလှည်း ပဲ စီးကြတယ်။ကြီး လာမှ ကျောင်းကားနဲ့ကျောင်းတက်ရတာ။ အပြန်ကြရင် ဘိုးဘိုး ကမြင်းလှည်းမောင်းသင်တယ်။ နံပါတ် ၉ နတ်ရှင်နောင်လမ်း အိမ်မှာခြံကလည်းကျယ်တော့ အဖေ နဲ့ အမေ က နှင်းဆီတွေစိုက်ကြတယ်၊ နှင်းဆီပန်း တွေကို အိမ် ကထမင်းချက် က ရွှေမန်းဆောင် မှာ သွားရောင်းပေးတယ်။ အပျော်စိုက်တာပေါ့။ ဆောင်းတွင်း ရောက်ရင် အဖေ ကစိန်ချယ်၊ဟောလီဟောစ်၊ ပေါ်ပီ၊ ပန်းတွေစိုက်တယ်။ အငှားနဲ့မြေ ကို ပြုပြင် ခိုင်းတယ်။ရေ ကို ကိုယ် တိုင်လောင်းတယ်။

အိမ်ရှေ့မှာ ရေမြောင်း တွေရှိတယ်။ Estate Engineer ကသူ ဂျစ်ကားလေးနဲ့ မန်းတက္ကသိုလ်တ၀န်း လုံး လိုက် ကြည့်နေတာ၊ မြောင်းတွေက ရေစီးရေလာအင်မတန်ကောင်းတယ်။ အဲဒီတုံးက မြန်မာပြည်ကြီး မပျက်စီးသေး ဘုးလေ၊ သူ့အလုပ်သူတာဝန်ကျေကျေ လုပ်ကြတယ်။ ညနေကြရင် မိသားစု ပန်းခြံထဲထွက် ပြီး ဘိုးဘိုး တို့က ရေပုံးတွေဆွဲ မနိုင်မနင်းနဲ့ ရေလောင်းကြ ပြီ။ ဟင်းသီးဟင်းရွက်တွေ လည်း စိုက်တော့ လတ်လတ်ဆတ်ဆတ် စားရတယ်။ ဦိးလေးအောင်ထွန်းလူပျိုးတုံးကအောက်ထပ်မှာ တစ်ခန်းအိပ်တယ်။ အပေါ်မှာအိပ်ခန်း က ၃ ခန်း ဆိုတော့ ညီအစ်ကို ၂ ယောက် ကတစ် ခန်းနေကြတယ်။ ညဆိုရင် အဖေ ကကျောင်း ကယူလာတဲ့ အလုပ်တွေ လုပ်တယ်။ စာဖတ်တယ်၊ ဘိုးဘိုး တို့ ငယ်ငယ် ကအဖေစာသိပ်မရေးဖြစ်ဘူး။ တက္ကသိုလ်ကျောင်းက အလုပ်၊ စာသင်တဲ့အလုပ်နဲ့ပဲအလုပ်ရှုပ်နေတာများတယ်။ ဘိုးဘိုးတို့မောင်နှမတစ်တွေ ကိုယ့် အသိနဲ့ ကိုယ် စာဖတ်တယ်၊ homework ရှိ ရင် လုပ်တယ်၊ အမေနဲ့အဖေ ကဘာမှ မပြောရဘူး။ အခုခေတ် မိဖတွေ လိုတုတ်တစ်ချောင်း ကိုင်ပြီး စာကျက်ဆိုတာ လည်းမပြောရဘူး၊အဲဒီအချိန်ကတည်းက အမေ ကတော့ ဦးဝိမလတရားစာအုပ်တွေဖတ်နေပြီ။

ဘိုးဘိုးတို့အဖေကရီရတယ်။အကုန်သူ့ဖါသာလုပ်တယ်။ကားလည်းပြင်တတ်တယ်။တစ်ခုခုလုပ် လို့အောင်မြင်သွား ရင်သားသမီးတွေကို ဒါ MA အောင်ထား လို့ လုပ်တတ်တာ လို့ပြောတယ်။ နဲနဲ ကြီး လာတော့ MA နဲ့ဘာဆိုင်လို့လဲ ပြန်မေးမိတယ်။အမှန်တော့ သားတွေ သမီးတွေစာကြိုးစား ချင်အောင်ပြောတာပါ လားလို့ ကြီးလာမှ သဘောပေါက်တယ်။ အဖေကကြွားဝါတတ်တဲ့သူမှမဟုတ်တာ။ အမေက ပြောဘူးတယ်။ ဘိုင်စကုတ်ဂျပိုး လုပ်တုံး ကလည်း ရုပ်ရှင်ပြတဲ့စက်ပျက်ရင်သူကလိသေးတယ်တဲ့။ အမေနဲ့အဖေ ရတော့ တောင်ငူမှာဘိုင်စကုတ်ရုံထောင်သေးတယ်လေ။အဲဒီအလုပ် ကို အမေ ကဂျပိုးအလုပ် လို့ပြောတာ။ အဖေတောင်ငူမှာ နေတော့အလုပ်ကစုံတယ်။ သစ်ကုန်သည် လည်း လုပ် လိုက်သေးတယ် လို့ပြောတယ်။ သူရုပ်ရှင်ရုံ ကို ရင်စီနီမာ လို့အမည်ပေးထားတယ်။ အဖေရဲ့ အဖေ ကဦးဖိုးရင်လို့ခေါ်တော့“ရင်” ကိုယူလိုက်တာ။ ဖဆပလအမတ်လောင်းတွေရွေးတော့ဗိုလ်ချုပ်အောင်ဆန်းက ကိုချမ်းမြ ခင်ဗျားတောင်ငူကနေ အရွေးခံ လို့ပြောတော့ အရွေး မခံ ရပါစေနဲ့ ဆိုပြီး မနည်းလိုက်ဖျက်တယ်။ အဖေပြောတော့ ငါ ကျောင်းဆရာပဲ လုပ်ချင်တာ၊ အဲဒီအလုပ်တွေကစစ် ပြီးစမို့ ခေတ္တပဲ လုပ်တာ လို့ပြောတာပဲ။ ဘိုးဘိုး တို့နည်းနည်းကြီးလာတော့ ဘာတွေးသလဲ သိ လား၊? ဖဆပလအမတ်သာလုပ်မိရင် ဒီနွံထဲကရုန်းမထွက်နိုင်ပဲ စစ်တပ်က အာဏာ သိမ်း တော့ ငါ့အဖေထောင်ထဲပါသွားနိုင်တယ် လို့ ဘိုးဘိုးတို့တွေးမိကြတယ်။ အဖေကထောင်ကျဘူး တယ်၊ တောင်ငူကို ကရင်သူပုန်တွေ သိမ်းတော့အဖေတို့ ကိုတောင်ငူရဲ့ မြို့ မျက်နှာ ဖုံးဆို ပြီး တောင်ငူထောင်ထဲ ထည့်ထားတယ်။ အဖေအစ်ကိုဝမ်းကွဲတရားသူကြီးဦး စိန်ရင် လည်းပါတယ်။ထွက်ပြေး လို့ လည်းမရတော့အဖမ်း ခံ လိုက်ရတာပေါ့။ အမေ ခမျာဦးစိန်ရင်မိန်းမ ကြီးကြီးဒေါ်နှုင်းရီနဲ့ အဖေ တို့တစ်တွေလွှတ်ပေး ဖို့ အတွက် ကရင်စစ် ဗိုလ်တွေဆီသွားပြီး မျက်ရေခံထိုး တောင်းပန်ပေမဲ့ လည်း မရခဲ့ ဘူး။ ဘယ် လိုမှ ပြောမရတော့ ဘုရားတရားပဲ တနေရတာပေါ့။ အဖေကိုယ် တိုင်“ကော်သူလေး အကျဉ်းသမား“ ဆိုပြီးဆောင်း ပါးရေးဘူးတယ်။

ဘိုးဘိုးကအလွန်ငယ်သေးတဲ့အချိန်ပေါ့။ပုလုံးလောက်ရှိပြီထင်တာပဲ။တစ်နှစ်တောင်မပြည့်သေးဘူးထင်တယ်။အမေ ရဲ့ အတွေ့အကြုံတွေ ကိုအမေ ကဘိုးဘိုး တို့ ကြီး လာမှပြောပြောပြ လို့ဒါတွေသိရတာ။ကရင်ခေတ်က ကျီးလန့် စာစာ နေ နေကြရတာလေ။ အမေခမျာ မန္တလေး ကလိုက် လာပြီးတောင်ငူမှာ ဒုက္ခတွေ ကြုံရတာ။ အဲဒီအချိန်တုံးကထဲ က ရောင်စုံသောင်း

ကျန်းသူတွေထကြွကြတာဒီနေ့တိုင်ပဲနော်။ ဒီအဖြစ်အပျက်တွေက ဘိုးဘိုး တို့ အတွက် ညအိပ်ရာဝင်ပုံပြင် တွေပဲလေ။မှတ်မှတ်ရရ ထောင်ထဲက စောင်ကြီးတစ်ခု ကိုအဖေ ကအမှတ်တရယူလာတယ်။ ဆောင်းတွင်းရောက်ရင်ထောင် စောင်ကြီး ကလေးတော့ ဂွမ်းစောင်အောက်ကခံ ခြုံ ရင်တော်တော်နွေးတာပဲ။ ဘိုးဘိုး တို့တစ်တွေ လုလုခြုံကြတာ မှတ်မိသေးတယ်။အဲဒီစောင်ကြီး က မန်းတက္ကသိုလ်ကျောင်းထဲထိပါလာတယ်။

ထောင်ထဲမှာသူကိုစောင့်ရှောက်တဲ့ ဦးမာဒင်ကြီး ကို လည်း မန်းတက္ကသိုလ် ထိလိုက် လာအလုပ်တောင်းတော့ အိမ်နောက်က အလုပ်သမားတန်းလျားမှာနေ ခိုင်းပြီး မန်းတက္ကသိုလ်မြန်မာစာဌာနမှာ ရုံးအကူ ခန့်ပေးခဲ့တယ်။ အဖေ အပေါ်မှာ အလွန်သစ္စာရှိသောလူများဖြစ်တယ်။ အဖေကအလုပ်လုပ်တဲ့အခါ အတော်စနစ်ကျ တယ်။ အိမ်မှာ အဖေရဲ့ slogan တွေကအများကြီးပဲ။ မှတ်တောင်မမှတ်မိဘူး။ အမေများစိတ်များ လို့ တစ်ခုတလေများ ချို့ယွင်းသွား လို့တော့ သူစာကြည့်ခန်းမှာ slogan တစ်ခုရောက်သွားပါလေရော။ အများသူ ငါနဲ့ဆက်ဆံ လို့တစ်ခုခုလိုသွား ခဲ့ ရင်လည်းသူ့ကိုယ်သူသတိပေးတဲ့အနေနဲ့ slogan တင်တော့တာပဲ။

သားသမီးတွေက slogan တွေများတော့ ရှက်တာပေါ့လေ။ အဲဒီ လိုပဲဦးသာဓုကြီး လုပ်တတ်တယ် လို့ သုမောင်စာတွေထဲမှာ ဖတ် လိုက်ရတယ်။ မြေးလေးဘွားကျွဲ ငယ်ငယ်ကမန္တလေးဆေးရုံမှာ အလုပ်သင်ဆရာဝန် လုပ်တော့ အိမ်ပြန်ရောက်လာရင် မွေးခန်းက နပ်စ်မတွေ အပါးခိုလို့ဆူရတဲ့ အကြောင်း အဖေနဲ့အမေ ကိုပြောပြတဲအခါ အဖေက“ သမီးလူတွေကိုအောက်ကြို့ လို့ဘာမှ မဖြစ်ဘူး။ဒါပေမဲ့ ကိုယ်မှာ ပညာတွေအများကြီးတတ်လာတဲ့အခါ ကိုယ်ကို ကိုယ် နှိမ့်ချပြီး ဆက်ဆံပြောဆိုရ တယ်။” လို့ဆုံးမတယ်။ အမေကတော့ ”သမီး ရယ် သမီး ခိုင်းရင်အဆင်ပြေအောင်လူတွေကို ကျွေး ချိန်တန်ကျွေး သာသာချိုချိုနဲ့ ခိုင်းပေါ”့ လိုပြောတယ်။ အမေက မန္တလေးစိုက်ပျိုးရေးတက္ကသိုလ်ကRector ဦးသန်းထွန်း (မန်းဆေးတက္ကသိုလ်က ပါမောက္ခချုပ်ဒေါက်တာသန်းဝင်းဖခင်) ရဲ့ယောက္ခမကြီးကို စံနမူနာယူခိုင်းတယ်။ သူအိမ်မှာ လုပ်တဲ့ ယဉ်မောင်းက အဖွားကြီး ကတစ်ခုခုခိုင်းရင် အင်မတန်မှ စကားပြောချိုသာတာပဲတဲ့။ သားရေ အဘွား ကို ဘာလုပ်ပေးပါအုံးနဲ့ သူပြောတာကြားတာနဲ့ပင်လုပ် ဖို့ထိုင်ရာကထနေပြီတဲ့။ အမေကိုသူတို့ယဉ်မောင်းကပြန်ပြောပြ လို့ အမေ ကမှတ်ထားပြီး ဘိုးဘိုး တို့ ကိုအမြဲပြောပြတာ။ လူတွေနဲ့ဆက်ဆံတဲ့အခါ အထက်စီး ကမနေမိ ဖို့ ကို ပြောတာ။ဘွားကျွဲ လည်းအမေ ပြောသလို လုပ် လိုက်တော့ တစ် လအတွက်း နပ်စ်တွေက မမ၊မမ နဲ့နေတော့တာပါပဲတဲ့။

အဲဒီ လိုပဲ ဘိုးဘိုး တို့ကဒီ လိုအဆုံးအမအောက်မှာ ကြီး ပြင်း လာရတာ။

ဘိုးဘိုးတို့ကတော့ယုံကြည်တယ်လေ။ အဖေနဲ့အမေ ဆုံးမသွန်သင်မှုအောက်မှာ ကြီးပြင်း လာရလို့ သားသမီး တွေအားလုံး ယဉ်ကျေးသိမ်မွေ့ကြတယ်ထင်တာပဲ။ ဒါကြောင့်သားသားမေမေ ကို လည်း ဘိုး ဘိုး ကအဲဒီနမူနာ တွေယူပြီးသွန်သင်ဆုံးမနေရတာပေါ့။ ပညာတွေတတ်လာရင် ပညာမာနမတက်ရဘူး။ ပိုပြီးတော့ တောင် ကိုယ်ကိုကိုယ်နှိမ့်ချဆက်ဆံရတယ်။ ဘိုးဘိုးကစက်မှုတက္ကသိုလ်ကျောင်းပိတ် လို့အိမ်ပြန်ရင် အဖေရဲ့ စာအုပ်စဉ်ကစာအုပ်တွေဖတ်တာပဲ။သိပ္ပံမောင်ဝရဲစာတွေကိုကြိုက်တယ်။အောက်စဖို့တက္ကသိုလ်မှတ်တမ်းစာအုပ်ဆိုအကြိမ်ကြိမ်ဖတ်တယ်။ အဲဒီတက္ကသိုလ်ကြီးကို သွားတက်ချင်တဲ့စိတ်တွေတဖွားဖွားပေါ်လာခဲ့တာပေါ့။ အလုပ်ဝင်တော့ ကံကောင်း ထောက်မစွာ အင်္ဂလန်ကိုပညာတော်သင် ၂ နှစ်သွားခွင့် ရတယ်လေ။ အောက်စ်ဖို့တော့မဟုတ်ဘူး။ Cranfield University Silsoe College မှာ ပညာသင်ရတာ။ နွေရာသီကျောင်း ၃ လပိတ်တော့ OxfordUniversity ရှိတဲ့ Oxford မြို့ မှာ သွားနေပြီး အနားမှာ ရှိတဲ Culham မှာ နွေရာသီ trainingသွားတက်တယ်။ အဲတော့ စနေ၊တနင်္ဂနွေဆိုရင် Oxford University တစ်ခုလုံးပြဲပြဲစင်အောင်လည်ခွင့် ရခဲ့တယ်လေ။ အဲဒါဘိုးဘိုးရဲ့ဆန္ဒပြည့်ခဲ့ ရတာပဲ။

ကဲပုလုံးရေ-- ကြီး လာရင်ဘိုးဘိုးတို့မျိုးဆက်ပုံရိပ် ကိုဖတ်နော်။

Sunday, February 6, 2011

ဘိုးဘိုးမြေးရဲ့မျိုးဆက်ပုံရိပ်

ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့မှာ တစ်နှစ် ပြည့်တော့မဲ့ ဘိုးဘိုးမြေး ပုလုံးလေး ကိုဘိုးဘိုးမိဘ တွေအကြောင်း ကိုပြောပြချင်တယ်။ မြေး လေး မမှီလိုက်တဲ့ဘေး တွေလို့ ဆိုရင်မမှား ဘူးပေါ့။ ပုလုံးလေးကြီး လာတဲ့အချိန်ကြရင်မြေးလေး ရဲ့မျိုး ဆက်နွယ်အကြောင်းသိရတာ ပေါ့။ ဘိုးဘိုး အဖေက မြန်မာစာပါမောက္ခ ဦးချမ်းမြ အမေက ဒေါ်ခင်မေ တောင်ငူသားနဲ့ မန္တလေးသူတို့အကြောင်းပါကြတာ။ အဖေကမြန်မာစာ ဆရာကြီးဦးပွား၊ ပါမောက္ခဦးဖေမောင်တင် တို့ရဲ့တပည့် ရင်း၊ သူခေတ်သူ့အခါက မဟာဝိဇ္ဖာကိုဂုဏ်ထူးတန်းနဲ့ အောင်ခဲ့တာ။ အမေကမန္တလေးတက္ကသိုလ်မှာ အင်တာအောင်ခဲ့ပြီးဒုတိယကမ္ဘာစစ်ကြီးဖြစ်တော့ ကျောင်းဆက် မတက်တော့ပဲကျောင်းထွက်ခဲ့ရတာ။လူထုဒေါ်အမာနဲ့ မန္တလေး ABMကျောင်းမှာကတည်းက အတူတူ၁၀တန်း အောင်ခဲ့ကြတာ။အမေဆုံးခါနီးဆေးရုံတက်တော့ သူငယ်ချင်းဖြစ်သူ ဒေါ်အမာလူနာလာမေး သေးတယ်။

ဘိုးဘိုးအဖေကောအမေကောအင်မတန်ရောင့်ရဲတင်းတိမ်ကြတယ်။လောဘတော်တော် နည်းကြတယ်။ သား သမီး တွေက အဖေနဲ့အမေရောင့်ရဲကြတော့အတူနေ သမီးအငယ်ကအားမရဘူး။ကြီးလာတော့မှာကိုယ်ကိုယ် တိုင် ရောင့်ရဲ တင်းတိမ်ပြီးလောဘမရှိကြတာဟာအင်မ တန်မှအေးချမ်းပါလား ဆိုတဲ့အသိတရား ရလာ တော့မှအဖေနဲ့ အမေကို ကျေးဇူးတင်မိတယ်။ အမေက မိုးကုတ် ဆရာတော် ဦးဝိမလရဲ့တရားတွေ နားထောင်၊စာအုပ်တွေဖတ်တော့ပိုပြီး တော့တောင် လောဘမရှိငြိမ်းချမ်း တယ်။ အမေကအဖေကို အတော်လည်း ချစ်ပုံရတယ်။ ကိုချမ်း၊ကိုချမ်း နဲ့အတော် ဂရုစိုက်တယ်။အဖေမဆုံးခင် ၂-၃နှစ်လောက်က ရေတိမ်ကိုစောစီး စွာမကုမိ လို့မျက်စေ့ကွယ်သွား ရှာတယ်။ ဒီအတွက်သားသမီး ၃ယောက်လုံးမှာတာဝန်ရှိ တယ် လို့ယနေ့ထိခံစားနေရပါတယ်။

အဖေကစာတော်တော်ဖတ်တယ်။ကိုယ်ပို်င်စာအုပ်စင်ရှိတယ်။ မန်းတက္ကသိုလ်အမှတ်(၉) နတ်ရှင်နောင်လမ်း
အိမ်မှာ နေတုံးက အဖေကုတင်ခြေရင်းမှာစာအုပ်စင်ရှိတယ်။မတ်ရပ်မီး အိမ်ကိုကိုယ်တိုင်လုပ်ပြီးအောက်မှာ ပက်လက် ကုလားထိုင် နဲ့စာဖတ်တာ။အဖေလောဘ ကတော့စာဖတ်တာစာရေးတာထင်တာပဲ။မြန်မာစာနဲ့
ပတ်သက်တာသုတေသနလုပ်တော့ မယ်ဆိုရင်စာအုပ်ရှည်ကြီးထဲမှာရေးမှတ်ထားတယ်။ကြာလာတော့အဲဒါတွေ
ကအဖေ့ရဲ့မှတ်တမ်းတွေဖြစ်သွားတာပေါ့။ အဖေစာရေးရင်အင်္ဂလိပ်ခေတ်မှာကျောင်းတက်လာလို့ လားမသိ ဘူး။လက်နိုပ်စက်နဲ့စာရေး တယ်။စနစ်တကျတော့မဟုတ်ဘူး။ဒါပေမဲ့လက်နိုပ်စက်စာမူတော့ထွက်လာ တာ ပဲ။ ဘိုးဘိုး လည်းကွန်ပျူတာမှာ မြန်မာလို ဇော်ဂျီ နဲ့ Win Researcherကိုကောင်းကောင်းရိုက်နိုင် တယ်။ အဖေတူလို့ လားမသိဘူး။စာရေးတာ၊သုတေသနလုပ်ရတာဝါသနာပါတယ်။ အဖေတို့ လက်ထက်က သားသမီး ၃ ယောက် ကိုအဖေ့ လုပ်စာတစ်ခုထဲနဲ့ကောင်းကောင်း ပြုစုပျိုးထောင်ပညာသင်ပေးနိုင်ခဲ့တဲ့ အပြင်ပင်စင်ယူ တော့နေစရာ တိုက်တောင်ဆောက်နိုင်ပြီး သားသမီးတွေကို အမွေပေးခဲ့နိုင် တယ်။ မန္တလေးဝိဇိတာရုံကျောင်းမှာ မြကေတု ကျောင်း ဆောင်တစ်ဆောင်ဆောက်လှုနိုင်တဲ့ အပြင်အမွေရတာနဲ့ နေစရာအိမ်လေးတွေဘိုးဘိုးတို့ ဆောက်နိုင်ခဲ့တယ်။ အခုခေတ် လိုအကြံအဖန်တွေမရှိတာကတော့ဘိုးဘိုးတို့အသိဆုံးပဲ။ အဖေက အနေ အထိုင်မှာ စည်းစနစ်ရှိတော့ ဘိုးဘိုး လည်းစည်းစနစ်နဲ့ပဲနေတတ်တယ်။

သားသားမေမေကိုလည်း ဘိုးဘိုးကသေချာလေ့ကျင့်ပေးထားတော့စည်းကမ်းရှိရှိစနစ်တကျ နေတတ်တယ်။ အဖေရဲ့မော်ရစ်မိုင်နာကားစိမ်းလေးဟာရိုရိုသေသေစီးတော့ပင်စင်ယူ တဲ့အထိတော်တော်လတ်ပါတယ်။ အလုပ်လုပ်နေစဉ်တုံးကအဖေ့သူငယ်ချင်းဦးဘစန်း ကလုပ်ပေးလို့မော်တော်ကားသွင်းကုန်လိုင်စင်ရဘူးတယ်။ အစိုးရ ဆီက အခွင့်အရေးရတာ အဖေတစ်သက်မှာ အဲဒီတစ်ကြိမ်ပဲရှိတယ်။ဘိုးဘိုးလည်း အလုပ်ဝင်ခါစက ဘီ၃၆၀ လေးဘီး ကားလေးမဲ ပေါက်တယ်။ယုံကြမလားတော့ မသိဘူး၊ နှစ်ပေါင်း၃၀ကျော် လုပ် သက် မှာအစိုးရ ဆီကရတာ ဒီတစ်ခုပဲ။မြေကွက် လည်းမရဘူး၊တိုက်ခန်း လည်းမရဘူးဘူး။ ဘိုးဘိုးတို့ သားအဖ နှစ်ယောက် ကံတူအကျိုးပေးလေ။အခုခေတ် လိုမြေတွေ၊ကားတွေ၊ တိုက်ခန်းတွေမရဘူးလေ။ အဖေက ရန်ကုန် ဆင်းပြီး အော်တိုကားမှာဘောက်ဆော ဗစ်တာကားမှာစီးတယ်။ ထောင်ဂဏန်းလောက်ပဲ။ မမှတ်မိ တော့ဘူး။ အ၀ါရောင် harvest yellow လေးပဲ။ ၆ လ ၁နှစ်လောက်စီးပြီး ရောင်းပစ်လိုက် တယ်။ အသစ်ဆို တော့ဥစ္စာ ခြောက်တယ် ဆိုပြီးရောင်း၊မော်ရစ် မိုင်နာတစ်ပတ်ရစ် ၀ယ်စီးတာ လေ။ အမေကတော့ အိမ်ရှင်မကောင်းတစ်ယောက်ပဲ။ နတ်ရှင်နောင်လမ်းအိမ်မှာ ဘိုးဘိုးတို့ငယ် ငယ်ကဦးလေး အောင်ထွန်း လာနေတယ်။ အဖေက တောင်ငူက ခေါ်လာတာ။

သူနဲ့လူပျိုဘ၀ထဲကနေလာတာ။နောက်ထမင်းချက်ကဒေါ်စောလှ၊သမီးတစ်ယောက်ရှိတယ်။ ယောက်ျားနဲ့ကွဲနေ တယ်။ အိမ်ဘေးက လူတစ်ယောက်နဲ့ကြိုက်နေပြီး ညတစ်ညမှာ စကားများကြတာနဲ့ အိမ်ဘေးက ထနောင်းပင်မှာ ဇွဲကြိုးချပြီး ကိုယ့်ကိုယ်ကိုသတ်သေပါလေရော။ တက္ကသိုလ် ၀န်းထဲမှာဟိုးလေး တကျော်ပေါ့။ အမေလည်း လက်ရုံး ပြုတ်သွား ရှာတယ်။ ကျန်ခဲ့တဲ့ သမီးမမြင့်ဌေးကိုတော့ အဖွားအိမ်မှာဆက်ထားရတာပေါ့။ နောက်ထမင်းချက်က မလုံတဲ့အမေ သင်ပေးထားတော့ ကောင်းကောင်းချက်တတ်တယ်။

အမေကညမနက်ဟင်းမထပ်ဘူး။ဘိုးဘိုးမိန်းမရတော့ဘွားဘွားတို့ကညမနက်တခါတည်းချက်ထားတာ။ညနေ ကြရင် မိသားစုစုံမှ စားရတယ်။ ထမင်းစားချိန်ပြန်ရတယ်။ နည်းနည်း အသက်ရလာတော့ မြို့ထဲ အလည်ထွက် တာနဲ့မိသားစုမစုံတော့ အမေကဆူတယ်။ ဘိုးဘိုးညီဘိုးလေးစိုးက အလည်လွန်ဆုံး။ နောက်ဆုံး စား တာ ကတော့ ဦးလေးအောင်ထွန်းပဲ။ သူကညကျောင်းမှာChemistry ဌာနက lab technicianဆိုတော့ အိမ်ပြန်နောက်ကျတယ်လေ။ သူကအမဲသားစားတယ်။ဘိုးဘိုးတို့ ကအမဲသားမစားဘူး။ သူအမဲသားဝယ်ပြီး ငရုတ်သီးစပ်စပ်နဲ့ကျော်ပြီးကြောင်အိမ်ထဲထည့် ထားတာ။ ဘိုးဘိုး တို့ ကကြောင်အိမ်ဆွင့် ပြီး ခဏခဏခိုးစားဘူးတယ်။ သူပိုးနေတဲ့ဗောဓိကုံးကဒေါ်လေး (နောင်သူ့မိန်းမ)အိမ်သွားတာလည်း ပါတာပေါ့။အမေက ဖွယ်ဖွယ်ရာရာချက်တတ်တယ်အ ဖေကြိုက်တတ်တာလည်းပါသလို သားတွေ သမီးကြိုက် တာတွေ လည်း ချက်တတ်တယ်။ သမီးဖြစ်တဲ့ဘွားကျွဲကတော့ အမေတူလို့နဲ့တူတယ်။ ဟင်းကိုဖွယ်ဖွယ်ရာရာ ချက်တတ်တယ်။ ဘိုးဘိုးကတော့ဘွားဘွားနဲ့ရပြီး ဘွားဘွားပုံစံသွင်း သလိုပဲနေတတ်ရတော့တယ်။ တစ်နှစ်မှာ အမေအသည်းအသန်မမာတော့တာပဲ။ အားနည်းသွေးတိုးရောဂါလေ။အမေက ဆေးကျောင်းတက်နေတဲ့ သမီးဖြစ်သူကို အဖေကိုစောင့်ရှောက်ဖို့မှာ တယ်။သူ့မှာရောဂါဖြစ် တော့စိတ်မချနိုင်ဘူးနဲ့ တူတယ်။ နောက်ဆုံးအဖေက သိမ်ဖြူဆရာတော်ကြီးဆီခေါ်သွား တယ်။ အမေမှာသိမ်ဖြူဆရာတော် ကယ်တဲ့အသက်ပဲ ရှိတော့တယ်။သိမ်ဖြူဆရာတော်ပြောတဲ့အတိုင်းတသွေ မတိမ်း လိုက်နာ တယ်။ ဆေးမှန်မှန်သောက်တယ်။ ဒီအစာမစားနဲ့ဆိုရင် လုံးဝ မတို့ဘုး၊ယောင် လို့တောင်မစားဘူး။ အားနည်းသွေးတိုးဖြစ်ပေမဲ့ သိမ်ဖြူဆေးနဲ့ပဲ ထိမ်းသွားတာအသက်ရှည်တယ် လို့ပြောရမှာပါ။ အဖေကျန်းမာတာကတော့ အမေချက် ကျွေးတာပဲစားတယ်။ အရက်မသောက်၊ ဆေးလိပ်မသောက်၊ စိတ်ကမြန်မာစာပေမှာ။ stress မှ မရှိတာပဲ။ အဖေအမြဲပြောတဲ့ စကားကတော့ ငါ့မှာ စိတ်ယုတ်မာမမွေးဘူး၊ စိတ်ထား ကောင်းကောင်းမွေးတယ်။ ဒါကြောင့်ငါသေရင်ငရဲ ဘယ်တော့မှမကျနိုင်ဘူးတဲ့။ ဒါသူ့အတွေးအခေါ်လေ။

ဒီခေတ်ဆရာတော်ဦးသုနန္ဒွဟောကြားတဲ့ဝိပသာနာတရားတွေအရသေခါနီးအသေတတ် ဖို့ အရေးကြီး တာကတော့ မှန်တာပေါ့။ ဘိုးဘိုးတို့ဒီအသက်အရွယ်ရောက်တော့ ဘိုးဘိုးတို့ လျှောက်ခဲ့တဲ့လမ်းကို ကြည့်မိ တယ်။ အဖေ တို့ခေတ်ကလိုမအေးချမ်းတာကတော့အမှန်ပါပဲ။ အလုပ် လောဘကြီးကြ လို့ လား။ မဟုတ်ပါ။ ဘိုးဘိုးတို့အဖေခေတ်ကအကုန်မပျက်စီးသေးဘူး၊ စိတ်ဓါတ်လည်းမြင့်မား ကြတယ်။ ကိုလိုနီခေတ်က အလုပ်အရှိန်အဟုန်ကလည်း ရှိနေတုံးပဲ။ အလုပ်အရှိန်အဟုန်ဆိုတာဘာလဲ၊သိလား။ အမေရိကားက သူဌေးကြီးဘိလ်ဂိတ်စ်ဟာ မြန်မာပြည်မှာမွေးရင် သူဘာဖြစ်မလဲ။ သူ၂လုံးထီ ၃လုံးထီပဲထိုးနေရမှာ။ မြန်မာကဘိုးဘိုးတို့ တွေအမေရိကား ပညာတော်သင်သွားရတော့ အမေရိကန်ကျောင်းသားတွေကို မှီအောင်လိုက်ရာမှာ ပထမ၃လတော်တော်ကြိုး စားရတယ်။ ၆လလောက်ကြာတော့ မှီလာတယ်။ တစ်နှစ်လောက်လည်း ကြာလာကော သူတို့ကိုမမှုတော့ဘူး။ နောက်တစ်နှစ်ခွဲလောက်လည်း ရောက်ရော သူတို့ကို ကျော်တက်သွားနိုင်ပြီ။ ဒါဘာလဲဆိုရင် အရှိန်အဟုန်ရှိနေလို့ပဲ။ facilities တွေဖြစ်တဲ့စာကြည့် တိုက်၊အင်တာနက်၊သင်ကြားပုံစနစ်၊ စတာတွေက ပြည့်စုံနေတော့ အသာလေး အရှိန်အဟုန်နဲ့ လိုက်သွားယုံပဲ။ ဘာမှမပြည့်စုံတဲ့ဘိုးဘိုးတို့နိုင်ငံမှာ ဘိလ်ဂိတ်စ်သာကြီးပြင်းလာရ ရင်၂လုံးထီ ရောင်းတာလောက်နဲ့ပဲ ဘ၀ကိုပြီးဆုံးသွားရမှာ။

ဘိုးဘိုးအဖေကစာအုပ်တွေတော်တော်များများရေးထုတ်ခဲ့တယ်။သူခေတ်ကကျောင်းသားတွေပြောတာကတော့ စာသင်တာလည်းကောင်းတယ်လို့ပြောတာပဲ။အဖေစာသင်ရင်အရင်တုံးကခေါင်းပေါင်းပေါင်းတယ်။အဖေကတယောလည်းတော်တော်ထိုးတတ်တယ်။တယောထိုးရင်မြန်မာခလေးချော့
သီချင်းတွေဆိုခဲ့တယ်။

ဘိုးဘိုးတို့ငယ်ငယ်တုံးက အဖေခလေးချော့သီချင်းနဲ့ ဘိုးဘိုးတို့ကိုသိပ်ခဲ့လားဆိုတာတော့အမေကမ ပြောပြဖူး ဘူး။ မန္တလေးတက္ကသိုလ်မှာရွှေပြည်ဦးဘတင်ရဲ့နန်းမူနန်းရာအကြောင်း စနေနေ့တိုင်းဟောပြောပွဲလုပ်ရင် အဖေ မအားရတော့ ဘူး။စာအုပ်ရှည်ကြီးနဲ့လိုက်တေးမှတ် တော့တာပါပဲ။ မှတ်တာလည်းမြန်တယ်။ လုံးစေ့ပတ်စေ့မှတ်ထားတာ။နောက်မှတိတ်ရီကော့ဒါပေါ်လာမှအခွေ သွင်း ထားတာ။ အဖေရဲ့အမျှော် အမြင်ကြီး တာကြောင့် တန်ဖိုးမဖြတ်နိုင်တဲ့ ဟောပြောချက်တွေကို မှတ်တမ်းထားနိုင်ခဲ့ တယ်။သူလည်း စာအုပ်တွေ ရေးစရာ ကုန်ကြမ်းရတာပေါ့။ မလိုသူတွေ (အထူးသဖြင့် ကွန်မြူနစ်တပည့်တွေ)ကရွှေပြည်ဆရာကြီးဆီက ခေါင်းပုံဖြတ်တယ် ဘာညာပြောပါ သေးတယ်။တစ်ယောက်ကတော့ပြောတယ်။သူမှတ်သား ပြီးရေး လို့ငါတို့ဖတ်ရတာ ကျေးဇူးတောင်တင်သေးလို့ပြောကြပါတယ်။အကုန်နီးပါးပါပဲ။ သေတဲ့သူသေ၊ ပြည်ပြေး ဖြစ်တဲ့သူဖြစ်နဲ့ပါ။ အဖေကမြန်မာစာတော့မထိနဲ့။ စကားပြောသလို ရေးကြမယ်ဆိုတော့ လုံးဝမထောက်ခံဘူး။ အခုသူ့သားဘိုးဘိုးကစကားပြောသလိုရေးရတာ လက်တွေ့နေသလိုပဲ။ အသက်၆၀ကျော် လာတော့ အဖေ၆၀ကျော်တုံးကအခြေအနေကိုပြန်စဉ်းစားကြည့်မိတယ်။အဖေစာ တွေဖတ်၊စာတွေရေးနေတုံးပဲ။ မြန်မာစာ သုတေသနကိုရေးရတာလက်တွေ့ပုံရ တယ်။တခါတလေအဖေက မြန်မာစာမယူဘူးတဲ့ သူ့သားကြီး ဘိုးဘိုးကိုမြန်မာစာသုတေသနအကြောင်းတွေပြောပြ တတ်တယ်။တပည့်တွေများလာလို့ကတော့ စကားမပြတ် တော့ဘူး။သူဆီမကြာမကြာလာတတ်တဲ့ တပည့်တစ်ယောက်ရှိတယ်။ ဦးစိန်သီဦးတဲ့။သူ့ နဲ့ ဆိုရင်ထိုင်ရာမထ မြန်မာစာ သုတေသနအကြောင်းတွေပြောတတ်တယ်။ အမေကတော့ မကြိုက်ဘူး။ သူဖတ်လေ့ရှိတဲ့ ဦးဝိမလတရားစာအုပ်တွေဖတ်စေချင်တယ်။ဒါပေမဲ့ အဖေတို့ တရားရှိပုံကို ပြောပြချင်တယ်။ အမေဆုံး တော့ဖျာနဲလိပ်ပြီးချ လိုက်တဲ့။သမီးက မတော်ပါဘူး၊ အဖေရယ်လို့ပြောရတယ်။

သူကတကယ်တော့တရားရှိပါတယ်။ လောကဓံတရားကိုခံနိုင်ရည်ရှိပုံရပါတယ်။သို့သော် လည်းအမေ အသုဘ ချပြီး ပြန်လာတော့ အမေကိုသူသတိရကြောင်းပြောတာကိုခေါင်းထဲကမထွက်ဘူး။သူ့ရင်ထဲ မှာ ဘယ်လောက် ပူဆွေးနေမှန်မသိဘူး။ ဒါကြောင့် ၅၅ ရက်ပဲကွာတယ်၊ အဖေလည်းအမေ နောက်ကိုလိုက်သွား တာပါပဲ။ ငယ်ငယ်ရွယ်ရွယ်နဲ့ ကိုယ့်ခရီးဖေါ်ဘွားဘွားဆုံးထားတော့ ဘိုးဘိုးလည်းကိုယ်ချင်းစာ တယ်လေ။ ဒါကြောင့် ဘိုးဘိုးလည်း အိုမင်းမစွမ်းဖြစ်တဲ့အထိလူ့ပြည်မှာမနေချင်ဘူး။ဘိုးဘိုးကတော့ အမေလိုပဲ အသေတတ် အောင် ၀ိပသာနာကိုအားကိုးချင်တယ်။ ဘိုးဘိုးသူငယ်ချင်းချာလီသက်ရှည်ကို ဘိုးဘိုးအားကျတယ်။ တစ်နှစ်မှာ တရားစခန်းမှာနေတဲ့ ရက်ကတော်တော်များတယ်။ ဒီလိုတရားရှိတာကြောင့် လည်းအဖေဆုံးတော့ ဘာအုတ်ဂူမှမလုပ်တော့ဘူး၊တပည့်တွေကတော့ အမှတ်တရလုပ်ချင်ကြ တယ်။ အဖေရဲ့လောဘနည်းပုံ၊ တရားရှိပုံ တွေကိုသိတဲ့သားသမီးတွေကမလုပ်ပါနဲ့တော့၊ အဖေဆန္ဒကို မဆန့်ကျင်လိုလို့ပါလို့ပဲပြောလိုက် ရတော့တယ်။ ကဲပုလုံးရေ၊ သားသားကြီးလာရင် ဘိုးဘိုးရဲ့အဖေနဲ့အမေအကြောင်းကိုတော့မြည်းစမ်းဖတ် ကြည့်ပါ။