Sunday, April 25, 2010

လျှပ်တပျက် စင်ကာပူ (၂)

စင်ကာပူမှာ ဘတ်စ်ကားလိုင်းပေါင်း (၁၉၃) ကျော်ရှိပါတယ်။ မီးရထားတွဲ ဆက်သလိုဆက်ထားတဲ့ဘတ်စ်ကား အရှည်ကြီးတွေရှိသလို လန်ဒန်တို့ ဟောင်ကောင်တို့ မှာ တွေ့ ရတဲ့ နှစ်ထပ်ဘတ်စ်ကားတွေလည်း ရှိပါတယ်။ အချို့နေရာတွေမှာ (ဥပမာ ဆေးရုံ၊ shopping mall) သူတို့ဆီလာလို့လွယ်အောင် shuttle bus ‌တွေစီစဉ် ပေးထားပါတယ်။ ဘယ် MRT သို့မဟုတ် ဘတ်စ် ဂိတ် ကနေဘယ် အချိန်တွေမှာထွက်မယ်၊ ပြန်ရောက်မယ် ဆိုတာ Time Table လေးနဲ့ ဖေါ်ပြပေးထားပါတယ်။ အဲဒီ Time Table လေးကိုမှတ်ထားလိုက်ရင် တော်တော် အဆင်ပြေပါတယ်။ ပြည်သူတွေကို ဘယ်လိုနည်းနဲ့ အဆင်ပြေအောင်လုပ်ပေးရမယ်ဆိုတာ အစိုးရကဘက် ပေါင်း စုံကစဉ်းစားပြီး လုပ်ပေးထားတာပဲ။ဒီနေရာမှာ အစိုးရ လို့အလွယ်ပြောလိုက်တာပါ။ သက်ဆိုင်ရာ institution က senior level, middle level staff တွေစီစဉ်လုပ်ကိုင်ပေးတာမျိုးဖြစ်နိုင်ပါတယ်။ ဒီလိုအသေးစိပ် လေးတွေကို ဘယ်သူ ကစဉ်းစာ လုပ်ကိုင်ပေးတာလဲ၊ စနစ်ကရှိပြီးသားလား၊ စာရေးသူတို့ မြန်မာတွေစဉ်းစား နိုင်ဖို့ပါ။

စင်ကာပူဘတ်စ်ကားတွေဟာအနောက်နိုင်ငံတွေလိုပဲ public convenient အတွက်သေချာစီစဉ်လုပ်ဆောင် ပေးထားတာပါ။ ဘတ်စ်ကားတွေပေါ်မှာကြော်ငြာတီဗီတွေ ပြတဲ့ ကားတွေရှိ သလို မရှိတဲ့ ကားတွေလည်းမရှိ ကြပါဘူး။ air con ကတော့ ဘတ်စ်ကားတိုင်းလိုလို ပါကြပါတယ်။ အင်ဂျင်နီယာ မျက်စေ့နဲ့ ကြည့် ရင် electrical automation system, electronic system တွေတော်တော်သုံးထားပါတယ်။ စင်ကာပူ ဘတ်စ် ကားလိုင်း ရဲ့ network ကို တစ်နေရာက control system နဲ့ ထိန်းချုပ် ထားတယ်လို့ထင်တာပဲ။ အချိန်လည်းတိကျ မှန်ကန် အောင်လုပ်ထားပြီး ဘတ်စ်ဒရိုင်ဘာတွေကလည်း ကွက်တိဝင်အောင် မောင်းနိုင်ကြပါတယ်။ ဘတ်စ်စီးရတာနဲ့ MRT စီးရတာ နိုင်းယှဉ်ရင် MRTစီးရတာကလွယ်တယ်လို့ထင်တာပဲ။ဒါပေမဲ့ ဘတ်စ်ဒရိုင်ဘာကို ဆင်းချင် တဲ့နေရာရောက်ရင်ပြောပါလို့မှာ ထားရင်ဆင်းရမဲ့ မှတ်တိုင်ရောက်ရင် ပြောပါတယ်။ ဒါပေမဲ့ Singlish တော့နားလယ်ဖို့လိုလိမ့်မယ်။ ဘတ်စ်ကားဒရိုင်ဘာတော်တော်များများ ကအင်္ဂလိပ်လိုပြောတတ်ကြပါတယ်။

MRT လိုင်းပေါင်း ၅ခုရှိပါတယ်။ လိုင်းသစ်တွေလည်းပေါ်လာနေဆဲပါ။ စင်ကာပူမှာ HDB တိုက်ခန်းငှားတဲ့ အ ခါ အောက်ဆင်းလိုက်ရင် MRT ပဲဆိုရင်တော်တော်ကြိုက်ကြတယ်။ဒီ အချက်ဟာ အရေးကြီးတဲ့ criteria တစ်ခုပဲ။ နာရီဝက်လောက် လမ်းလျှောက် ရမယ်ဆိုရင်စလုံးတွေကော မြန်မာတွေကော မကြိုက်ချင်ကြ တော့ဘူး။ အဲဒီလိုမျိုး ဖြစ်နေမယ်ဆိုရင် HDB ဈေးကတော်တော် ပေါဆိုပဲ။ကံကောင်းရင် MRT လိုင်းသစ်ဖေါက်တာနဲ့ နီးရင် HDB ဈေးကတက်သွားပါလေရော။ ၀ယ်ထားရင် မြတ်ပေမဲ့ ငှားနေရင်တော့ နောက် တစ်ခါ ကန်ထရိုက် စာချုပ်ချု့ပ် ရင်ဈေးတိုးတောင်းနိုင်တယ်။

MRT စီးတိုင်း တွဲတွေပေါ်မှာ မြန်မာလိုပြောဆိုနေတာတွေကြားရတတ်ပါတယ်။ ကျောင်းသူကျောင်းသားအရွယ် တွေလည်း ကျောင်းသားဘာသာဘာဝဆူညံစွာပြောဆိုနေကြတာလည်းကြားရတတ်ပါတယ်။ ဒါတွေကို မြင်ရ တော့ နိုင်ငံရဲ့အနာဂါတ်အတွက် အားတွေပါပဲလို့တွေး မိပါတယ်။အထဲမှာ ကိုယ်လိုချင်တာ မရရင် အပြင်ထွက် လာပြီး ကိုယ်လိုချင်တာ အရယူကြပါ။ အတောင်အလက်စုံရင်ကိုယ်လုပ်ချင်တာလုပ်လိုရပြီ။ တစ်နေ့ကြ ရင်တော့ အမေ့အိမ် ကိုတော့ ပြန်လာကြရမှာပါပဲ။ မပြန်ချင်ရင်လည်း ကမ္ဘာကြီးဟာရွာ ဖြစ်နေပါပြီ။ လူသား တွေအား လုံးအတွက်အလုပ်လုပ်ပေးယုံမျှ နှင့် တာဝန်ကျေပါပြီ။

လန်ဒန်က underground ကိုအတုယူထားတဲ့ MRT ပါ။စာရေးသူ ယူကေမှာ ကျောင်းတက်တုံးက လန်ဒန်နဲ့ နီးတော့လန်ဒန်ကိုခဏခဏရောက်ပါတယ်။ လန်ဒန်မှာ အေးတော့ သွားရင် လာရင် မြေအောက်ရထား ပဲစီးကြ ပါတယ်။ စင်ကာပူ MRT ကိုလည်းလေ့လာလိုက်တာ နဲ့စီးတတ်သွားပါတယ်။ လမ်းညွှန်တွေက သေချာစွာ ရေးထား ဖေါ်ပြပေးထားတော့ အင်္ဂလိပ်စာတတ်ရင်မှားစရာမရှိနိုင်ပါ။ MRT ပေါ်မှာထိုင်စရာနေရာရဖို့ မလွယ် ပါ။ အမြဲတန်းမတ်တပ် ရပ်ရပါတယ်။ခလေးအမေတွေ၊သက်ကြီးရွယ်အိုတွေဆို နေရာ က ထပေးကြတာ တော် တော်များများကြုံတွေ့ ရပါတယ်။

စင်ကာပူရောက်ပြီး ၁၆ရက်နေ့ပဲ ဟိုသွားဒီသွား လုပ်နိုင်ခဲ့ပါတယ်။ တရုတ်နှစ်ကူးကာလဆို သိန်းအောင် (ကော်ကြီး) လာခေါ်တာနဲ့ ဥာဏ်ဝင်းရွှေအိမ် သွားလည်ကြပါတယ်။ ၂နာရီ လောက်ရှေးဟောင်းနှောင်းဖြစ် တွေ ပြောဖြစ်ကြတယ်။ ၁၇ရက်နေ့အကူး မနက် ၂ နာရီလောက်ကြတော့ သမီးဗိုက်နာလာပါရော။ သမီးဗိုက်ကို National University Hospital မှာ အပ်ထားတာပါ။ ဗိုက်အပ်တာက package ပါ။ မွေးရင် ဘယ်လိုအခန်းမျိုး မှာနေမယ်ဆိုတာက အစပါတယ်။ သမီးစဗိုက်အပ်တဲ့နေ့ အဲဒီအချိန်က စင်ကာပူ ရောက်နေတော့ အဖေါ်လိုက် သွားဖူးတယ်။ ဘာလုပ်ရမလဲဆိုတာ instruction တွေ ရေးပေးထားတယ်။ ရေးပေးထားတဲ့ တယ်လီဖုန်း နံပါတ် ဆက်လိုက်တော့ ဗိုက်နာပုံ နာနည်းကိုမေးတယ်။ ၅မိနစ် တစ်ကြိမ်လောက်ဆက်တိုက်နာမှ ဆေးရုံ ကိုလာပါလို့ တာဝန်ကျဆရာမကပြောတယ်။

ဒါနဲ့ နာတာလည်းဆက်လာရော တက်စီ ကို on call ခေါ်လိုက်ပါတယ်။ အသင့်ထုတ်ထားတဲ့ Suit case သေးလေးကိုယူပြီး ၃ ယောက်သား HDB တိုက်အောက် မှာ တက်စီဆင်းစောင့်နေပါတယ်။ hand phone နဲ့ခေါ် လိုက်တာဖြစ်တော့ တက်စီနံပါတ်ပါတခါတည်းပြောလိုက်တယ်။ ဆေးရုံရောက်တော့ လမ်းညွှန်ထားတဲ့ အတိုင်းပဲ delivery suite ဆီကိုလမ်းညွန်ဆိုင်းဘုတ်အတိုင်းပဲလျှောက်သွားကြပါတယ်။ မွေးခန်းထဲကို ခင်ပွန်း ပဲပေးဝင် ပါတယ်။ ဒါနဲ့ visitor lounge မှာသွားစောင့်နေပါဆို လို့ သွားစောင့်နေပါတယ်။ မနက် ၂း၃၀ လောက်ဆိုတော့ ကိုယ်လိုသူလိုဧည့်သည် တစ်ဦးပဲရှိနေပါတယ်။

စေါင့်နေရင်းကနေ နံနက် နေထွက်လာတော့ ဆေးရုံ ၀န်ထမ်းတွေ တဖွဲဖွဲ ရောက်လာပါတယ်။ Breakfast စားဖို့ လိုက်ရှာတော့ဆေး ရုံအောက် ဆုံးထပ်မှာ food stallလေးတစ်ခုတွေ့ပါတယ်။စားစရာလည်းအစုံရပါတယ်။ ကော်ဖီ၊ ပေါင်မုန့်၊ ကြက်ဥကြော်မှာစားပြီး သမီးကတော်တော်နဲ့မွေးအုံးမှာ မဟုတ်တော့ ဆေးရုံ ကိုလျှောက် ကြည့်ခဲ့တယ်။ wheel chair တွေကဆေးရုံအပေါက်ဝမှာတန်းစီထားတယ်။ ကြိုက်သလိုယူသုံးယုံပဲ။ သမီးနဲ့ တူတူလာကြတော့ ညဆိုတော့ wheel chair သုံးရမှန်း မသိပဲ လမ်းလျှောက်လာခဲ့တာ။ မနက်ရောက်တော့ တက်စီပေါ်က ဗိုက်ကြီး နဲ့ဆင်းလာရင် အပေါက် က တာဝန်ကျ က wheel chair တစ်စီးယူပေး တာပဲ။ အတူ လိုက်လာသူကတွန်းယုံပဲ။

ဆေးရုံအောက်ထပ်မှာ pharmacy ဆေးဆိုင်၊ ပန်း၊ get well soon ကဒ်တွေရောင်းတဲ့ ဆိုင်၊တွေ့ရပါတယ်။ အားလုံးသန့်သန့်ရှင်းရှင်းရှိနေကြပါတယ်။ ဒီဆေးရုံမှာ လည်း shuttle bus ရှိတာကိုတွေ့ ရပါတယ်။ နေ့လည် ၁၃း၂၃ နာရီ မှာ သားဦးလေးကိုမွေးပါတယ်။ ၄ နာ ရီလောက်မှ သမီးတို့မွေးခန်းထဲက ထွက်လာပြီး ward 46 ကိုဦးတည်သွားကြပါတယ်။ အသားလေးနီရဲတွတ်နေတဲ့ မြေးလေးကို ပထမဆုံးတွေ့ ရပါတယ်။ အသားအရေက နီတွတ်နေတော့ အသားဖြူမဲ့ကောင် ပဲဆိုတာသိလိုက်ပါတယ်။ သားဦး ရတဲ့ သားမက် ကတော့ မှိုရတဲ့ မျက်နှာပေါ့။

၅နာရီ ကဧည့်ချိန်တဲ့။ အခုက ၄ နာရီပဲရှိသေးတော့ ငါတို့ ၀င်လို့ ရပါမလားတစ်ထိပ်ထိပ်နဲ့ ပေါ့။ ဒါပေမဲ့ စင်ကာပူ ဟာ စည်းကမ်းစနစ်မည်မျှပင် သတ်မှတ်ထားပါစေ။ လူလူချင်းစာနာတတ်ကြပါတယ်။ nurse တွေအားလုံး ပြုံးပြုံးပါပဲ။ ဘယ်သူမှ မောင်းမထုတ်ပါဘူး။ ဗမာဆရာမတွေ ရှိနေတော့ ဘယ်လိုနေရထိုင်ရမလဲ ဆိုတာ ဗမာ လိုပဲလာရှင်းပြပါတယ်။ ၆ ယောက်ခန်းပါ။ ဆေးရုံကုတင်တွေက အစ အားလုံးခေတ်မီ ကြပါတယ်။ ဆေးရှံ မှာ breakfast, lunch, dinner အကုန်ကျွေးပါတယ်။ နောက်တစ်နေ့အတွက် menu selection card မှာ ဖြည့်ပေး ရပါတယ်။Nurse တွေတစ်ယောက်ပြီးတစ်ယောက်လာပြီး သမီး ကို စစ် ကြဆေးကြပါတယ်။ မြေးလေး ကိုလည်း ခေါ်လာပြီး နို့ တိုက်ခိုင်းပါတယ်။

စင်ကာပူ မှာ cesarian case ဗိုက်ခွဲမွေးတာတွေပဲများတော့ normal delivery ဟာရှားပါးတဲ့ case ဖြစ်နေပါ တယ်။ ဒါကြောင့် မွေးခန်းထဲမှာအလုပ်သင်ဆရာဝန်တွေ၊ အလုပ်သင် nurse တွေတော်တော်များများ လာကြည့် ကြတယ်လို့ သမီး ကနောက်မှ ပြောပြပါတယ်။ ၁၇ ရက်နေ့တစ်ရက်ပဲ သမီး မစားချင်မသောက်ချင်ဖြစ်ခဲ့ ပါ တယ်။ ည ၉း၃၀ လောက်ကြတော့ သမီး ဖုံးဆက်ပါတယ်။ မစားချင်မသောက်ချင်ဖြစ်နေတာ ပျောက်သွားပြီ ဖြစ်လို့ nurse မတွေဆီကနေ မိုင်လို နဲ့ဘီစကွတ်တွေ တောင်းစား ရကြောင်းပြောပါတယ်။ ဒါနဲ့နောက်ရက် ဒန်ဒလွန်ရွက်ဟင်းချိုသောက်ချင်ကြောင်းပြောပါတယ်။ သားမက်ကိုပြောပြတော့ ကို လူအေး ကို city hall ကမှာ ထားကြောင်းပြောပါတယ်၊ City hall ဆိုတာ ပင်နာဆူလာ ပလာဇာပါ။ စင်ကာပူ မှာ ရှိတဲ့ မြန်မာ တိုင်းရောက်ဘူးတဲ့ နေရာပါ။

နောက်နေ့ ၁၈ ရက်နေ့ ရောက်တော့ သမီး က စောစော လာခိုင်းပါတယ်။ဆေးရုံရောက်တော့ ခလေးကို တစ်ရက်စောင့်ကြည့် အုံးမှာ ဖြစ်ကြောင်း၊ မအေကိုတော့ ဆင်းချင် ဆင်း နိုင်ကြောင်း ဆရာဝန်ကြီး ရောင်းလှည့် စဉ်က ပြောပါတယ်။ဒါပေမဲ့ စိတ်ပူတတ်တဲ့ သမီးက ခလေးဆင်းခွင့် မပြုသေးလည်းသူပါ ဆေးရုံမှာ ဆက်နေမယ် လို့ ပြောပါတယ်။ ချစ်စရာကောင်းတာက သူငယ်ချင်းတွေ အချင်းချင်း sms ပို့ ပြီး congradulation လုပ်ကြ နဲ့ အလုပ်အားလို့ ကိုယ်တိုင်လာကြည့်တဲ့ သူငယ်ချင်းတွေက လာကြည့်နဲ့ ခလေး ကိုကြည့် ပြီး အမျိုးမျိုးဝေဖန်ပြော ဆိုနေကြတာပေါ့လေ။ အဖေ နဲ့တူ တယ်ဆိုရင် အဖေ ကကျေနပ်၊ အမေနဲ့တူတယ်ဆိုရင် လည်း မအေတူသား ကြီးပွားမယ် ဆိုပြီး နှစ်ယောက်လုံးကကျေနပ်နေကြတာ တော်တော်ပျော်စရာကောင်းပါတယ်။ ရေခြား မြေခြား မှာ သူငယ်ချင်းတွေတစ်ယောက်နဲ့ တစ်ယောက် ယိုင်းပင်းကူညီဖေးမနေကြတာ ဟာ မြန်မာ ရဲ့ ချစ်စရာ ကောင်း တဲ့ စိတ်ဓါတ်လေးပါ။သမီး ကကျန်းမာနေတော့ စိတ်ပူပန်မှုသိပ်မရှိတော့ပါ။ NUH ရဲ့ဆက်ဆံမှု ကလည်း နွေး ထွေးတော့စိတ်ချမ်းသာစရာကောင်းပါတယ်။ သမီးကိုကော ခလေး ကိုကော ဓါတ်ပုံတွေ တဖြတ်ဖြတ်ရိုက် ကြပါတယ်။ ၁၉ရက်နေ့ ကြတော့သက်ဆိုင်ရာက ဆေးရုံကဆင်းခွင့် ပြုပါတယ်။ NUH ကပေးတဲ့ လက်ဆောင် အိတ် လေးဆွဲ လာရင်းဆေးရုံအပေါက်ဝ ဆီလျှောက်လာခဲ့ပါတယ်။ ၁၇ ရက်နေ့ ဆေးရုံ လာစဉ်တုံးက လူသား ၃ ယောက်၊ ၁၉ ရက်နေ့ ဆေးရုံ ကနေ taxi နဲ့ ပြန်လာတော့ကားပေါ်မှာ လူသား ၄ ယောက်ဖြစ်နေပြီလေ။

No comments: