Tuesday, December 8, 2009

အမွေမီမြေး နှင် အမွေမမီမြေး

မြန်မာဓလေ့ထုံးတမ်းဥပဒေအရ မြေးများအမွေဆက်ခံရေးတွင် အမွေမီမြေးနှင့်အမွေမမီမြေးဟူ၍ နှစ်မျိုး ရှိကြောင်း သိရသည်။ အမွေမီမြေးဆိုသည်မှာ ၄င်းတို့၏ မိဘများသည် ဘိုးဘွားများသေဆုံးပြီး နောက်မှ သေဆုံးကြသောကြောင့် အမွေမီမြေး ဟုခေါ်ပါသည်။

အမွေမမီမြေးဆိုသည်မှာ ၄င်းတို့၏မိဘများသည် ဘိုးဘွားတစ်ယောက်ဖြစ်စေ၊ နှစ်ယောက်စလုံးဖြစ်စေ မသေမီ ရှေးဦးစွာ သေဆုံးကြသောကြောင့် အမွေမမီမြေး ဟုခေါ်ဆိုကြောင်းသိရပါသည်။

အမွေမီမြေးသည် ၄င်းတို့၏ဦးကြီး၊ ဦးလေး၊ အဒေါ်စသည့်ဆွေမျိုးများနှင့်ပြိုင်၍ ဘိုးဘွားများ အမွေဆက်ခံပိုင်ခွင့် မရှိပေ။

အမွေမမီမြေးမှာမူယင်းကဲ့သို့ဆွေမျိုးများနှင့်ပြိုင်၍ အမွေကိုဆက်ခံပိုင်ခွင့်ရှိကြောင်းမြန်မာဓလေ့ထုံးတမ်း ဥပဒေ များတွင်ဖေါ်ပြထားသည်။

Sunday, December 6, 2009

လူ့ဘ၀၏ ၆ ပုံ ၁ ပုံ

တစ်ခါက နာမည်ကြီး တက္ကသိုလ်မှ ဆရာတစ်ဦးသည် ချောင်ကျသော ရွာတစ်ရွာသို့
သွားရောက် လည်ပတ်ခဲ့သည်။ ရွာသို့ရောက်သော် လှေတစီးငှားပြီး
မြစ်တစ်လျှောက် လည်ပတ်ခဲ့သည်။ လှေစတင်ထွက်သောအခါ ဆရာက လှေသမားအား......
" ခင္ဗ်ား သခ်ာၤေဗဒတတ္သလား"
" ကျွန်တော် မတတ်ပါဘူး"
"ရူပဗေဒ တတ်သလား"
"ဒါလဲ မတတ်ပါဘူး"
"ဒါဆိုရင် ခင်ဗျား ကွန်ပြူတာသုံးတတ်သလား"
"စိတ်မကောင်းပါဘူး...ဒါလဲ ကျွန်တော်မတတ်ပါဘူး"
ဆရာမှာ ခေါင်းခါပြီး "သချာင်္မတတ်ရင် လူ့ဘ၀ရဲ့ ၆ပုံ၂ပုံကို
ခင်ဗျားဆုံးရှုံးမယ်"
"ရူပဗေဒ မတတ်ရင် လူ့ဘ၀ရဲ့ ၆ပုံ၁ပုံကို ဆုံးရှုံးမယ်"
"ကွန်ပြူတာ မတတ်ရင် လူ့ဘ၀ရဲ့ ၆ပုံ၁ပုံကို ဆုံးရှုံးမယ်..ခင်ဗျားရဲ့ ဘဝ
၆ပုံ၎ပုံဟာ ဆုံးရှုံးသွားပြီပဲ"

ထိုခဏအတွင်း ရာသီဥတု ပြောင်းပြီး ကောင်းကင်တွင် တိမ်ညိုများ တက်လာသည်။
မကြာမီ မိုးသက်လေပြင်း ကျရောက်တော့မည်။ ထိုအခါ လှေသမားက ဆရာအား " ခင်ဗျား
ရေကူးတတ်သလား" ဟုမေးလိုက်သည်။ ဆရာက ခဏမျှ ဆွံအပြီး "ကျွန်တော်
မကူးတတ်ဘူး။ တစ်ခါမှ မသင်ဖူးဘူး" ဟုပြန်ဖြေလေသည်။
လှေသမားမှာ ခေါင်းကိုသွင်သွင် ရမ်းပြီး.." ဒါဆိုရင် ခင်ဗျားရဲ့ဘဝ
၆ပုံစလုံးဟာ ဆုံးရှုံးရတော့မယ်" ဟု ပြန်ဖြေခဲ့သည်။

လူတယောက်ဟာ ကိုယ့်ရဲ့ အဆင့်အတန်း ကိုယ့်ရဲ့ စံချိန်နဲ့
အခြားလူတစ်ယောက်ကို သွားတိုင်းတာလို့ မရပါဘူး။ ပုံပြင်ထဲက ဆရာဟာ
ပညာရှင်တစ်ဦးပါ။ သူ့ဘ၀မှာသချာင်္၊ ရူပ၊ ကွန်ပြူတာ ပညာတွေသာ
အရေးကြီးတယ်လို့ ထင်နေသူပါ။ ဒီပညာတွေသာ မတတ်ရင် လူ့ဘ၀ဟာ
အဓိပ္ပါယ်မဲ့ပြီလို့ ထင်နေသူပါ။ ဒါဟာ ပညာရှင်တွေရဲ့ အယူအဆပါ။
လှေသမားအတွက်ကတော့ သူ့အတွက် ဒီပညာ မတတ်လဲ ဘာမှမဖြစ်ဘူး။ အရေးကြီးတာက
သူ့အတွက် "ရှင်သန်" ဖို့ အားအင်တွေ ရှိနေဖို့ပဲ။ ဒါပေမဲ့ အရေးကြုံလာတဲ့
အချိန်မှာ ဆရာတတ်ထားတဲ့ ပညာဟာ ဘာမှ အသုံးမ၀င်ခဲ့ဘူး။ လှေမှောက်သွားရင်
ရေကူးတတ်တဲ့ လူသာ အသက်ရှင်ခွင့်ရမှာပါ။

တပါးသူကို အထင်မသေးပါနဲ့။
"ငါ"ဆိုတဲ့ ကိုယ့်စံနူန်းနဲ့ အမှားအမှန်ကို မခွဲခြားပါနဲ့။
ဟိုလူမှာ ထီထွင်ဥာဏ်မရှိဘူး ဒါပေမဲ့ သူဟာ ရိုးသားတယ် မကောင်းတာကို
မကြံစည်တတ်ဘူး။ ဒီလူဟာ အပြောအဆို မတတ်ဘူး။ ဒါပေမဲ့ သူဟာ အလုပ်ကို
ကြိုးစားတယ်။ ဖြောင့်မတ်တယ်။ မခိုမကပ်ဘူး။ ငါရဲ့ "အရည်အချင်း" သူ့မှာ
မရှိသလို သူ့ရဲ့ "အရည်အချင်း"လဲ ငါ့မှာ မရှိဘူး ဆိုတာကို ဘယ်တော့မှ
မမေ့ပါနဲ့

ကိုယ်ယုံကြည်ရတဲ့ သူငယ်ချင်းနဲ့ ဆုံတဲ့အခါ သင့်မြတ်အောင်နေထိုင်နိုင်ဖို့
ကြိုးစားပါ။
ဘ၀တစ်လျှောက်မှာ ကိုယ်နဲ့သဘောထားချင်း တိုက်ဆိုင်သူနဲ့ ဆုံဖို့ဆိုတာ
မလွယ်လှဘူး။

Saturday, December 5, 2009

ဆန်အရည်အသွေးနဲ့ပတ်သက်ပြီးဘာမှမလုပ်ကြသေးဘူး

၂၀၀၉ခုနှစ် မိုးစပါးစိုက်ပျိုးထွက်ရှိမှုသတင်းတွေဟာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပြောရရင်ကောင်းမဲ့ လက္ခဏာ ပါပဲ။ ဒီနှစ်ကတော့လယ်သမားတွေအတွက်ရွှေခေတ်လား၊ ကုန်သည် တွေအတွက်ရွှေခေတ်လား ဆိုတာ မှန်းရ ခက်ပါတယ်။နှစ်ယောက်လုံးအကျိုးရှိဖို့လိုပါတယ်။ ဆန်ကုန်သည်တွေကတော့ ပြည်တွင်းဆန်ဈေး တက်သွားရင် အိတ်စပို့ ပိတ်လိုက်မှာကို စိုးရိမ်နေကြတော့ တစ်ယောက်ယောက်ကဖေါက်လိုက်မှာကို ကာကွယ် တဲ့အနေနဲ့ အရောင်းအ၀ယ်ကိုထိန်းထိန်းသိမ်းသိမ်းလေးလုပ်နေကြတယ်လို့သတင်းကြားရ ပါတယ်။ ဒီလို စိုးရိမ် မှုတွေ ဟာလည်း အရင်ကဖြစ်ခဲ့ဘူးတော့စိုးရိမ်မယ်ဆိုရင်လည်း စိုးရိမ်စရာပါ။ ဒါပေမဲ့ ဒီအချိန်မှာ မဖြစ်သင့်တော့ ပါဘူး။ တိုင်းပြည်မှာ ဘယ်လောက်ထွက်မယ်၊ ဘယ်လောက်စားမယ်၊ ဘယ်လောက်ပို့နိုင်မယ် ဆိုတာအတွေ့ အကြုံ အရခန့်မှန်းတွက်ချက်လို့ရ နေပြီပဲ။ ပြည်တွင်းဆန်ဈေးတက်မှာကို စိုးရိမ်ပြီးပိတ်လိုက် ဖွင့်လိုက်ဆို တဲ့ ခေတ် က ကျန်ခဲ့ပါပြီ။

ဆန်စပါး အထူးပြုဦးဆောင်ကုမ္ပဏီတွေ ဖွဲ့စည်းဆောင်ရွက်ခွင့်ပြုတယ်ဆိုတာဟာလည်း သူ့ဒေသ နဲ့သူတာဝန်ယူ လုပ် ကိုင်သွားကြမှာကိုယုံကြည်လို့ ဒီလိုအခင်းအကျင်းတွေ လုပ်ခွင့်ပြုခဲ့တာပဲ မဟုတ်ပါလား။ ကုန်စည်စီးဆင်းမှု ဟာလည်း ဆန်လိုဒေသနဲ့ ဆန်ပိုဒေသတွေအတွင်း ဟန်ချက်ညီညီ နဲ့ သဟဇာတ ဖြစ်သွားအောင် ဆောင်ရွက်ရ မှာက ဒီဆန်စပါးအထူးပြု ဦးဆောင်ကုမ္ပဏီတွေပဲ လုပ်ရမှာမဟုတ်ပါလား။ ညီညွတ်မျှတသွက်လက်တဲ့ supply chain mechanism ကို တည်ဆောက်လုပ်ကိုင်သွားရမှာဖြစ်ပါတယ်။ ဒီကုမ္ပဏီတွေဟာဆန်စပါး လုပ်ငန်း ကို ၂၀၀၉ ခုနှစ်ထွက်စပါးသီးနှံကစလုပ်ကြကိုင်ကြတော့မှာဖြစ်လို့ ၀ယ်လိုအားရောင်းလိုအား မျှချေ ကို တည်တည် ငြိမ်ငြိမ် ထိန်းသိမ်းသွားနိုင်မှာဖြစ်ပါတယ်။

ဒီအချိန်မှာဘယ်နိုင်ငံကတော့ ဆန်ဘယ်လိုဝယ်မယ်၊ ဘယ်နိုင်ငံကရောင်းမယ်ဆိုတဲ့ကမ္ဘာဆန်ဈေးကွက်သတင်း တွေပလူပျံအောင် ထွက်ပေါ်လာလျှက်ရှိတယ်ဆိုတာ ကောမာစ်ဂျာနယ် မှန်မှန်ဖတ်ရင်သိနိုင်ပါတယ်။

နိုင်ငံတကာ ဆန်ပွဲစားတွေကလည်းဒီအချိန်ဆိုရင်ခြေချင်းလိမ်နေကြပါပြီ။ ၂၅မှတ်ချင်းတူတူ မြန်မာ့ဆန်ဟာ ထိုင်း၊ဗီယက်နမ်၊အိန္ဒိယ၊ ဆန်တွေနဲ့ ယှဉ်ရင် ဘာကြောင့်ယခင်ကထက်ဒါလောက်ဈေးကွာခြားရတာလဲ၊ မြန်မာ ဆန်ကုန်သည်တော်တော်များများ ဒီနှစ်ထဲမှာ ကမ္ဘာကိုခြေဆန့်ခဲ့ ကြပြီးပါပြီ။ ပွဲစားကုမ္ပဏီတွေ ဆန်တစ် တန် ပေါ်မှာ ဘယ်လောက်စားကြတယ်ဆိုတာခန့်မှန်းလို့ရပြီလို့ထင်ပါတယ်။

အရည်အသွေးကိုမှန်မှန်ကန်ကန်လုပ်ပြီးကမ္ဘာဆန်ဈေးကွက်မှာ မြန်မာ့ ဆန်နံမည်ပြန်ယူကြရအောင်။ အခြေ အနေအရကတော့ မြန်မာဟာ ၂၅မှတ်ဆန်ကိုပဲ ပို့နေရအုံးမှာပါ။ တလောကဂျာနယ်တစ်ခုမှာ ပေါင်းဆန် ၂၅မှတ် ကို ပြည်ပတင်ပို့မယ်ဆိုပြီး ဖေါ်ပြထားတာ ဖတ်လိုက်ရပါတယ်။ ပေါင်းဆန်လုပ်လိုက်ပြီဆိုရင် အကျိုးအကြေ အတော်နည်းပါတယ်၊ ၂၅မှတ်ဆိုရင်ရောစရာ ပေါင်းဆန်ကွဲရဖို့ တော်တော်ခက်ပါလိမ့်မယ်။ ဒါကြောင့် ပေါင်းဆန်ဆိုရင် ၁၀မှတ် လောက်ပဲကြိတ်ပါတယ်။ ၂၅မှတ်ဆိုတာဆန်ကွဲ ဘီ ၂၃၄ က ၂၅%၊ ဘီ ၁၂ က ၁၅% အားလုံးပေါင်းရင် ၄၀% လောက်ပါ။ head rice recovery ၃၅%လောက်ရရင် ၂၅မှတ်အတွက် recovery ကောင်းတယ် လို့ပြောရ ပါ တယ်။ ပေါင်းဆန်ကြိတ်ရင် head rice recovery က ၅၀%ကျော်လောက်ရပါတယ်။ head rice နဲ့ whole kernel တွေများနေပြီးရောစရာ ဆန်ကွဲမရှိတော့ ၁၀မှတ်ဆန်လောက် ဖြစ်သွားတာပေါ့။ ဒါကြောင့် ပေါင်းဆန် လုပ်ရင်တန်းမြင့် spec ပဲရမှာဖြစ်ပါတယ်။

ပြည်တွင်းမှာလည်းလယ်ယာထွက်ကုန်နဲ့ပတ်သက်လို့ အရင်က ပဲမျိုးစုံလုပ်နေတဲ့ကုန်သည် တွေကပဲမျိုးစုံ လုပ်ရတာငွေရင်းများပြီး ဈေးအတက်အကျက ခန့်မှန်းရခက်တာနဲ့ ဆန်ကိုပြောင်းလုပ်ကိုင် ဖို့တာ စူနေတဲ့ ကုန်သည်ကတာစူနေပါပြီ။ကုန်သည်တော်တော်များများရဲ့စိတ်ဘ၀င်မှာ နိုင်ငံတော်အနေနဲ့ ဆန်ုကိုလွတ် လွတ် လပ်လပ်လုပ်ကိုင်ခွင့်ပေးပြီလို့မှတ်ယူလာကြတဲ့အတွက် ဆန်ရောင်းဝယ်ရေး အပေါ်မှာစိတ်ဝင်စား လာကြတာ မဆန်းပါဘူး။

လွန်ခဲ့သော ၄၇နှစ် ၁၉၆၂ခုနှစ် ကနိုင်ငံတော်ကောင်ပဲသီးနှံရောင်းဝယ်ရေးအဖွဲ့ မှ အရှေဖျားတိုင်းပြည်များ သို့စေလွှတ်ခဲ့သည့် ဆန်အမျိုးအစာသတ်မှတ်ခြင်း၊ စစ်ဆေးခြင်းနှင့်အဆင့်အတန်း မြင့်သောဆန်များ ပိုမို တင်ပို့ရောင်းချနိုင်ရေးအတွက်ဈေးကွက်များရှာဖွေလေ့လာရေး မစ်ရှင်အဖွဲ့အစီရင်စာ ကိုစာရေးသူ လေ့လာ ဖတ်ရှုတော့လွန်ခဲ့သော နှစ်၄၀ ကျော်ကာလကတည်းက မြန်မာဆန်ကို ယိုးဒယားဆန်နဲ့ ကမ္ဘာဆန်ဈေးကွက်မှာ ယှဉ်ပြိုင်ရောင်းချ တဲ့အခါမှာ မြန်မာဆန်များရဲ့ အားနည်းချက်များကို စူးစမ်းလေ့လာဖေါ်ထုတ်ခဲ့တဲ့ မစ်ရှင်ရဲ့ အစီရင်ခံစာဖြစ်ပါတယ်။

စိတ်လှုပ်ရှားဖွယ်ကောင်းတာက မစ်ရှင်၏အစီရင်ခံစာထဲမှာ ဖေါ်ပြခဲ့တဲ့ မြန်မာ့ဆန်ရဲ့ အားနည်းချက် တွေဟာ ယနေ့တိုင်ရှိနေဆဲ အရည်အသွေးနဲ့ပတ်သက်လို့ ဖြေရှင်းနေရဆဲ ဖြစ်နေတာကိုတွေ့ ရပါတယ်။ အဲဒီအချိန်က ဟောင်ကောင်မှာရှိတဲ့ကုန်သည်တွေနဲ့ မစ်ရှင်အဖွဲ့ဝင်တွေနဲ့ဆွေးနွေးတဲ့အခါ ဟောင်ကောင်က ကုန်သည်တွေက မြန်မာဆန်နဲ့ ပတ်သက်ပြီးအောက်ပါအချက်တွေ ကိုထောက်ပြပြောဆိုခဲ့ကြပါတယ်။
  • ယိုးဒယားဆန်နဲ့ယှဉ်ရင် မြန်မာဆန်ဟာဆန်လုံးညီညာမှုမရှိခြင်း၊
  • မြန်မာဆန်ဟာဆန်ရောင်မှေးမှိန်ပြီးဖွဲများကပ်နေခြင်း၊
  • မြန်မာဆန်များမှာ စံနမူနာဆန်နှင့်တင်ပို့သည့်ဆန် များနှင့် ကိုက်ညီမှုမရှိခြင်း၊
သင်္ဘောတင်ခလည်း ယိုးဒယားထက် ၃ဆလောက်ကြီးမြင့်ကြောင်း ထောက်ပြခဲ့ပါတယ်။ စင်ကာပူရောက်တော့ လည်းကုန်သည်တွေက မြန်မာငကျွဲ ၁၅ မှတ်ဆန်ထဲမှာ မီးဒုံးဆန်တွေရောပါနေကြောင်း တိုတိုပြောရရင် မြန်မာ ဆန်အရည်အသွေးဟာ ယိုးဒယားဆန်နဲ့ယှဉ်ရောင်းရင် အမြဲတန်းဈေးနည်းနေမယ် ဆိုတဲ့အချက်ပါပဲ။ စာရေးသူ တို့ နှစ်ပေါင်း ၄၀ လုံးလုံးပါးစပ်က ပဲအရည်အသွေးတိုးတက်အောင်လုပ်ကြပါ လုပ်ကြပါ ပြောနေပေမဲ့ လက်တွေ့ မှာတော့ လွန်ခဲ့ တဲ့ ၄၂ နှစ်က အတိုင်းပါပဲဆိုတာလက်တွေ့မှာ မြင်နေရပါပြီ။

သမီးသိပြီဖြစ်သောအများကြီးမောတဲ့သားသမီးဇော

တစ်လောက စင်ကာပူမှာရှိနေတဲ့သမီးဆီက အီးမေလ်တစ်စောင်ရတယ်။ သူတို့လင်မယားနှစ်ယောက် နောင်နှစ် ဖေဖေါ်ဝါရီ မှာမွေးလာမဲ့ ခလေးအတွက် ခလေးတင် တွန်းလှည်း၊ နို့ဘူး၊ နို့ဘူးပိုးသတ်ဆေး၊ စတဲ့ခလေး အသုံးအဆောင်ပစ္စည်းတွေဝယ်လိုက်တာ ဒေါ်လာတော်တော်ကုန်သွားတယ် ဆိုတဲ့အကြောင်း ဖအေဆီကို အီးမေလ်ပို့လိုက်တာပါ။ ၀ယ်တဲ့ပစ္စည်းတွေအကြောင်း ဖေါ်ပြထားတဲ့ ၀က်ဘ်ဆိုက်ကိုတောင် ပို့လိုက်သေးတယ်။ သမီးက အဖေသွန်သင် ဆုံးမတဲ့အတိုင်း နေတတ်တော့ စနစ်တကျလုပ်တတ်ကိုင်တတ်ပါတယ်။ ဒါပေမဲ့ မှန်တာပြောရရင် ရှပ်ပလာဖြစ်နေ ဆဲပါ။ ဘာပဲပြောပြော ဒီလိုစနစ်တကျလုပ်တတ်ကိုင်တတ်တဲ့အတွက် စာရေးသူရင်ထဲမှာကျေနပ်မိပါတယ်။

စာရေးသူစဉ်းစားမိတယ်။ သမီးကသူ့ခလေးကို သူတတ်နိုင်သမျှအကောင်းဆုံးတွေပဲဖြစ်စေချင်တော့ ပိုက်ဆံကိုစနစ်တကျစု၊ စင်ကာပူမှာမွေး၊ (ဖအေကိုဒုက္ခ မပေးချင်တာ လည်းပါတယ်) ခလေးအတွက်လိုမဲ့ ပစ္စည်းတွေကြိုတင်ဝယ်၊ ဒါတွေဟာ မိဘမဖြစ်သေးပေမဲ့ ဗိုက်ထဲကခလေးအတွက် မေတ္တာစေတနာတွေပါ။ စာရေးသူတို့လင်မယားကတော့ သူ့ကိုမမွေးစဉ်ကကော၊ မွေးတုံးကာလမှာကော၊ မွေးပြီး တဲ့နောက်ပိုင်းမှာကော၊ ဒီလိုမစဉ်းခဲ့မိတာကတော့အမှန်ပါ၊ တစ်ခုတော့ရှိတယ်။ ခလေးကိုထိုးရမဲ့ ကာကွယ်ဆေးတွေကိုတော့ စနစ်တကျ မှတ်သားပြီးအချိန် မှန်မှန်ထိုးပေးခဲ့ပါတယ်။ ခလေးနဲ့ ပတ်သက်တဲ့မှတ်တမ်း စာအုပ်လေးလည်းထားရှိခဲ့ပါတယ်။ ဘယ်နေ့ကဘာဆေးထိုးတယ်၊အလေးချိန်ဘယ်လောက်ရှိတယ်၊ အားလုံးမှတ်သားထားခဲ့ပါတယ်။ အိမ်အကြိမ် ကြိမ် ပြောင်းခဲ့ရတော့ သေတ္တာတစ်ခုခုထဲမှာတော့ ရှိနေပါလိမ့်မယ်
ထင်တယ်။

အဲဒီအချိန်တုံးကဘာစဉ်းစားမိခဲ့သလဲဆိုတော့အော်ငါတို့မိဘတွေဟာရှေးကျတော့ ငါတို့ကို ဒီလိုကာကွယ်ဆေး တွေကြိုတင်ထိုးရကောင်မှန်းမသိကြဘူး၊ ခလေးရဲ့ ဘ၀တစ်သက်တာ ကျန်းမာရေး စိတ်အေးနိုင်အောင် လုပ်ဖို့ဆိုတာက ကျန်းမာရေးအသိပညာလည်း ပြည့်စုံဖို့လိုပါတယ်လို့ အတွေးပေါ်ခဲ့ပါတယ်။ အဲဒီအချိန်တုံးက အာလ်ထရာဆောင်း ဆိုတာမပေါ်သေးတော့ ဘာလေးမွေးမယ်ဆိုတာ တောင်ကြိုတင်မသိခဲ့ရဘူး။ သမီးအမေကော၊ စာရေးသူကော၊ ကြိုတင်ပြီး နို့ဘူးဝယ်တာ၊ အနှီးဝယ်တာတွေ လုပ်ဖို့ခေါင်းထဲမှာမရှိကြဘူး။ သမီးမွေးတော့ ဒပ်ဖရင်မှာ၊ မိန်းမအစ်ကို က ဆရာဝန်ဆိုတော့ မွေးခန်းထဲဝင်လို့ရတယ်။ ခေတ်တစ်ပတ် ပြန်လည်တယ်လို့ဆိုရမယ်။ အခုလည်း ဘကြီး ကတူမကိုစိတ်ပူလို့ထင်ပါရဲ့။ မွေးချိန်နဲ့ကိုက်ပြီး အင်္ဂလန်ကနေ စင်ကာပူကိုလာအုံးမယ်။ အခန်းပြင်မှာစောင့်နေတဲ့ စာရေးသူကမွေးခန်းထဲမှာ ဇနီးလုပ်သူ ဗိုက်နာလွန်းလို့ အော်ဟစ်ညည်းတွားနေတာကို အတိုင်းသားကြားနေရတယ်။ ဇနီးရှိတုံးက သူအော်ခဲ့တဲ့အကြောင်းကို ပြန်ပြန်ပြောပြီး စ တော့သူ မအော်ပါဘူးလိုပြောတယ်။ အတင်းငြင်းတယ်။

ဒါနဲ့ခဏနေတော့ ခလေးငိုသံကြားရပြီး ယောက်ဖ မွေးခန်းထဲကထွက်လာပြီး မိန်ခလေး လို့ပြောတယ်။ စာရေးသူစိတ်ထဲမှာ တော်တော် ပျော်သွားတယ်။ ကိုယ်ကသမီး လိုချင်တာကိုး။ သမီးကတော့ ဆေးပညာတိုးတက်လာတာကြောင့် ကိုယ်ဝန် ၅ ၆ လမှာပဲ ယောင်္ကျားလေး ဆိုတာသိခဲ့ရတယ်။ သားမက်ကေ တာ့ ယောင်္ကျားလေး လိုချင်တာ ဆိုတော့ ကြိတ်ပျော်နေတာပေါ့။ သမီးကအဖေလိုပဲ မိန်းခလေး လိုချင်တာလေ။ ဘာပဲဖြစ်ဖြစ် တစ်ရက်နှစ်ရက် လည်းနေရော သူ့သားမှ သားဖြစ်နေပြန်ရော။ သားသမီးဟာ မိန်းမဖြစ်ဖြစ် ယောင်္ကျားဖြစ်ဖြစ် သားသမီးပါပဲ။ ခလေးတွေထားတဲ့ အခန်းထဲ ယောက်ဖနဲ့ အတူသွားကြည့်တော့ သမီးကအိပ်နေပြီ။ ချက်ကြိုးဖြတ်ထားရာက ကျန်တဲ့ ချက်နဲ့ Babyခင်လှရီ လက်မှာပတ်ပတ်တဲ့ အ၀တ်လေးကို သမီး record book မှာ သိမ်းထားတယ်။ယနေ့ ၂၁ရာစုမှာတော့ ခလေးအသုံးအဆောင်ပစ္စည်းတွေ ဈေးကွက်တွေမှာအပြိုင်အဆိုင်ဝယ်လို့ရနေပါပြီ။ နေရာတကာမှာ သူ့ခလေးအတွက် အကောင်းဆုံးဖြစ်စေချင်တဲ့ သမီးကတော့ ရန်ကုန်ခဏပြန်လာတုံးကတောင် ခလေးအတွက်ပစ္စည်းတွေဝယ်ပြီး သေတ္တာတစ်လုံးနဲ့ သယ်သွားသေးတယ်။ အများကြီးမောတဲ့ သားသမီးဇောလေ။ ခေတ်တွေတိုးတက်လာတာ နဲ့အမျှ အကောင်းဆုံးရုပ်ဝတ္တူ ပစ္စည်းတွေနဲ့ သားသမီးတွေကို ဆင်ချင်တာမိဖတွေရဲ့ စေတနာပါ။ ရုပ်ဝတ္တူပစ္စည်း တွေပေါများတဲ့ဒီခေတ်မှာတော့ ပိုက်ဆံတတ်နိုင်ရင် ခလေးအတွက် လိုချင်တဲ့ ရုပ်ဝတ္တူပစ္စည်းတွေ ကိုဝယ်သုံးနိုင်ကြပါတယ်။ စာရေးသူတို့ခေတ်တုံးကတော့ ရုပ်ဝတ္တူပစ္စည်းတွေ ဒီကနေ့ခေတ်လောက်မတိုးတက်ပေမဲ့ သားသမီးအပေါ်မှာထားတဲ့ မေတ္တာစေတနာ ကတော့ ဒီကနေ့ခေတ်မှာရှိနေတာထက်တော့ မလျှော့ပါဘူး။

Sunday, November 29, 2009

ကိုယ့်ပုဆိန် ကို သွေးကြစို့

တစ်ခါက ထင်းခုတ်သမား လူငယ်တစ်ဦး တောင်တက်ပြီး ထင်းခုတ်လေသည်။ မကြာမီ
ထင်းခုတ်သမား အဘိုးအိုတစ်ဦးလည်း ရောက်လာခဲ့သည်။ ထင်းများကို ခုတ်ကြရင်း
ညနေစောင်းချိန်တွင် အဘိုးအို ခုတ်ပြီးသောထင်းအရေအတွက်မှာ လူငယ်ထက်
ပိုများနေခဲ့သည်။ အဘိုးအိုမှာ နောက်ကျမှ ရောက်လာပြီး သူ့ထက်
ထင်းပိုများနေသည်ကို သတိပြုမိသောလူငယ်က နောက်ရက်တွင် စောစောထပြီး
ထင်းခုတ်ထွက်ရန် ဆုံးဖြတ်လိုက်သည်။

နောက်တစ်နေ့တွင် လူငယ်မှာ အဘိုးအိုထက် စောပြီး ထင်းခုတ်ရန် ထွက်ခဲ့သည်။
စိတ်ထဲတွင် အဘိုးအိုထက် ထင်းပိုရမည်ဟုလည်း တွေးနေမိသည်။ သို့သော်
အလုပ်သိမ်းချိန်တွင် အဘိုးအို၏ ထင်းမှာ သူ့ထက် ပိုများနေသည်ကို
တွေ့ပြန်သည်။ သို့နှင့် လေး၊ ငါးရက်ဆက်တိုက် တောင်ပေါ်သို့ စောစီးစွာ
ရောက်နှင့်နေပြီး မိုးချုပ်နေ၀င်မှ အိမ်ပြန်ခဲ့သော်လည်း သူ၏ထင်းမှာ
အဘိုးအိုထက် အမြဲတမ်းလိုလိုပင် နည်းနေခဲ့သည်။

ခြောက်ရက်မြောက်နေ့တွင် သူသည် မအောင့်နိုင်တော့သည့်အဆုံး အဘိုးအိုအား
မေးမြန်းခဲ့သည်။
“ အဘိုး.... ကျွန်တော်က အဘိုးထက် အားသန်တယ်... အဘိုးထက် စောပြီး
တောင်ပေါ်ရောက်အောင် လာခဲ့တယ်.. နောက်ကျမှ အိမ်ပြန်တယ်။ ဒါပေမယ့်
ကျွန်တော်ခုတ်ရတဲ့ ထင်းက အဘိုးထက် နည်းနေခဲ့တယ်... ဘာကြောင့်လဲ”

“ဒီိလို လူလေးရဲ့... အဘိုးက ထင်းခုတ်ပြီး အိမ်ပြန်ရောက်တိုင်း အဘိုးရဲ့
ပုဆိန်ကို အမြဲသွေးတယ်။ လူလေးက မသွေးခဲ့ဘူး။ ထင်းခုတ်ပြီး ဒီအတိုင်း
ပစ်ထားခဲ့တယ်။ အဘိုးက အသက်ကြီးပြီ။ နောက်ကျမှ တောင်ပေါ်ရောက်သလို လူလေးထက်
စောပြီး အလုပ်သိမ်း ခဲ့တယ်။ ဒါပေမယ့် အဘိုးရဲ့ ပုဆိန်က လူလေးပုဆိန်ထက်
ထက်မြက်နေတဲ့အတွက် အဘိုး လေး ငါးချက်ခုတ်လို့ ပြတ်တဲ့ သစ်ပင်ကို လူလေးက
ဆယ်ချက်လောက် ခုတ်ယူရတယ်... ဒါကြောင့် လူလေးရဲ့ ထင်းတွေ နည်းနေတာပါ”

ပုံပြင်လေးကတော့ ဒါပါပဲ။

အလုပ်ထဲက လုပ်ဖော်ကိုင်ဖက်တွေကို ဟောပြောပွဲတွေ သွားနားထောင်ဖို့၊
အချိန်ပိုရင် ကိုယ့်ဝါသနာပါရာ၊ လေ့လာနေတဲ့ ပညာရပ်ဆိုင်ရာ သင်တန်းတွေ
တက်ဖို့ ကျွန်တော် အမြဲ တိုက်တွန်းတတ်ပါတယ်။ အများစုက “အလုပ်ပင်ပန်းရတဲ့
ကြားထဲ သင်တန်းတွေ ဟောပြောပွဲတွေ တက်ဖို့ အချိန်မရှိဘူး” လို့
ညည်းပြကြပါတယ်။

“ထင်းပဲခုတ်နေပြီး ပုဆိန်သွေးဖို့ မေ့နေကြရင် အလုပ်အပြည့် လုပ်ပြီး
ရလဒ်တစ်ဝက်ပဲ ခံစားရမယ် ဆိုတာကို တစ်ချိန်ချိန်ကျရင် သိလာလိမ့်မယ်”

လူ့ဘ၀လမ်းတစ်လျောက်မှာ ရှင်သန်ကြီးပြင်းဖို့ ကြိုးစားနေသလို တစ်ဖက်ကလည်း
ကိုယ့်ပညာ ဗဟုသုတတွေကို မြှင့်တင်ယူရမှာ ဖြစ်ပါတယ်။ အရင်ခေတ်တုန်းကတော့
ထင်းခုတ်ပြီး အသက်မွေးဝမ်းလို့ ရပေမယ့် ပြောင်းလဲနေတဲ့ ဒီခေတ်မှာ
ထင်းပဲခုတ်နေလို့ မလုံလောက်တော့ဘူး။ တစ်ဖက်က ထင်းခုတ်ရင်း တစ်ဖက်ကလဲ
ပုဆိန်ကို သွေးနေသင့်ပါတယ်။ နို့မဟုတ်ရင် ခေတ်နောက် မလိုက်နိုင်တဲ့
ကိုယ့်ကို အဲဒီခေတ်ကပဲ ပယ်ထုတ်ဖယ်ရှားသွားမှာ ဖြစ်ပါတယ်။

တတ်သလောက် အင်္ဂလိပ်စာလေးနဲ့ ဘာသာပြန်လုပ်စားနေတဲ့ ကျွန်တော့်အတွက်
ဒီပုံပြင်လေးက အိပ်ရာက လန့်နှိုးလိုက်သလို ဖြစ်သွားစေခဲ့ပါတယ်။
ဘော်ဒါရောင်းရင်းများ၊ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းများအတွက်လည်း
ဒီပုံပြင်လေးက တစ်ခုခု ပေးသွားနိုင်မယ်လို့ မျှော်လင့်ပါတယ်။
ကျွန်တော်ကတော့ အင်္ဂလိပ်စာကို ဒီထက်ပို လေ့လာနိုင်မယ့်၊ သင်ပေးနိုင်မယ့်
သင်တန်းများ ထပ်တက်ပြီး သွေးသစ်လောင်းဖို့ ပြင်နေပါပြီ။

ဒီက မိတ်ဆွေများရော.. ဘယ်လို စီစဉ်ထားပါသလဲ၊ ကိုယ့်ကိုကိုယ် တတ်လှပြီ
ထင်ရင်တော့ သူများက တစ်ချက်တည်းနဲ့ ခုတ်လို့ ပြီးသွားတဲ့ သစ်ပင်ကို
ကိုယ့်ကျမှ နဖူးကချွေးခြေမ ကျအောင် အချက်ပေါင်း လေးငါးဆယ်မက ခုတ်မှ
ရမယ်ဆိုရင်တော့ ထူးအိမ်သင်သီချင်းထဲကလို နည်းနည်းလေးတော့ လွဲနေပြီ
ပေါ့ဗျာ။

ဒီတော့ သင်တန်းချည်းတက်ပြီး တက်သမျှ မလေ့ကျင့်ဘဲ၊ ပြန်မေ့နေရင်ရော
..ဆိုရင်တော့ အဲဒါ ကိုယ့်သမိုင်း ဖြစ်သွားပြီလို့ပဲ ဆိုပါရစေ။ ဒီနေရာမှာ
တရုတ်ပညာရှိကြီး ကွန်ဖြူးရှပ်စ်ရဲ့ စကားတစ်ခွန်း လက်ဆောင်ပါးချင်ပါတယ်။

"လက်တွေ့မပါတဲ့ ပညာဟာ အသုံးမ၀င်သလို၊ ပညာမပါတဲ့ လက်တွေ့ဟာလဲ အန္တရာယ်များတယ်"

အဲဒီလိုပဲ။ ကျွန်တော်တို့ဟာ ကိုယ်သိသလောက်၊ အတွေ့အကြုံလေးနဲ့ပဲ
ပြဿနာတိုင်းကို ဖြေရှင်းလို့ မရနိုင်ပါဘူး။ လိုအပ်ရင် သင်တန်းတွေတက်
ပညာယူ လေ့လာရတော့မှာ ဖြစ်ပါတယ်။ ဒီတော့ နေ့တိုင်းနေ့တိုင်း ဒီအလုပ်တွေ
ကုန်းရုန်းလုပ်ရင်း ဒီနေရာမှာပဲ ရပ်တန့်နေတော့မှာလား၊ ကိုယ့်ဘ၀ကို
ဒီထက်မြင့်မြင့် ပျံသန်းနိုင်ဖို့ အချိန်လေး အခွင့်အရေးလေး
မပေးနိုင်ဘူးလား..။ တစ်ချက်တည်း ခုတ်လို့ ပြတ်မယ့် နေရာမှာ
အချက်ပေါင်းများစွာ ခုတ်ရင်း အချိန်ကုန်၊ လူပန်းနဲ့ ဘ၀ကို အောက်ကျ၊
နောက်ကျ ဖြတ်သန်းသွားမလား။ ကျွန်တော်တို့ ပုဆိန်တွေ သွေးကြပါစို့ဗျာ။

--

Monday, November 16, 2009

မသေခင် ဖြည့်ဆည်းရမည့် ဘ၀ အရည်အသွေးများ

မြတ်စွာဘုရားရှင်က “မသေခင် သုတ္တန်” လို့ အဓိပ္ပါယ်ရတဲ့ “ပုရောဘေဒ သုတ္တန်” မှာ မသေခင် ဖြည့်ဆည်းရမယ့် ဘ၀ အရည်အသွေး တွေကို တစ်စုတစ်ဝေးတည်း ဟောကြားထား ပါတယ်။ မြင့်မြတ်တဲ့ လူသားတိုင်းနဲ့ မြင့်မြတ်လိုတဲ့ လူသားတိုင်း မဖြည့်မဖြစ် ဖြည့်ဆည်းရမယ့် စိတ်ဓါတ် အရည်အသွေး၊ ဘ၀ အရည်အသွေးတွေ ဖြစ်လို့ အကျဉ်းဆုံး ချုပ်ပြီး ပြောပြချင်ပါတယ်။

မသေခင်မှာ တဏှာကင်းအောင် ကြိုးစားရပါမယ်။ လုံးဝ မကင်းတောင် နည်းနိုင်သမျှ နည်းရပါမယ်။ အစွန်းထွက်တဲ့ တဏှာမျိုး၊ လွန်ကဲ ဖောက်ပြန်တဲ့ တဏှာမျိုး လုံးဝမဖြစ်အောင် သတိနဲ့ ထိန်းသိမ်းနိုင်ရပါမယ်။

ပြီးဆုံးခဲ့တဲ့ အတိတ်အကြောင်း၊ ဖြစ်မလာသေးတဲ့ အနာဂတ် အကြောင်းတွေကို မလိုအပ်ဘဲ တွေးတောနေပြီး စိတ်ပင်ပန်း မနေသင့်ပါဘူး။ မသေခင် ကိုယ်တကယ်ပိုင်တဲ့ ပစ္စုပ္ပန် တစ်ခဏလေးမှာပဲ စိတ်ကို တည့်တည့် ချထားပြီး လုပ်သင့် လုပ်ထိုက်တာကို အကောင်းဆုံး ဖြစ်အောင် လုပ်ရပါမယ်။

မသေခင်မှာ ကိုယ့်စိတ်ကိုယ် ဒေါသမီး မလောင်မြိုက်အောင် တိမ်းရှောင်နိုင်ရ ပါမယ်။ ထစ်ကနဲရှိ ဒေါသ ထွက်တာမျိုး မလုပ်သင့်ပါဘူး။ သူလည်း တစ်နေ့သေ၊ ကိုယ်လည်း တစ်နေ့သေမယ့်ကိစ္စ ဘာလို့ဒေါသ ထွက်နေဦးမှာလဲ။

နေရာတကာမှာ စိတ်ပူပန်တတ်တဲ့ သူလည်း မဖြစ်သင့်ပါဘူး။ တိုတောင်းလှတဲ့ ဘ၀လေးကို စိတ် ပူလောင်မှုတွေနဲ့ ဘာလို့ အချိန် ဖြုန်းပစ်မှာလဲ။ စိတ်အေးအေး၊ ခေါင်းအေးအေးနဲ့ အရာရာကို ယောနိသော မနသိကာရ ထားတတ်ဖို့ အရေးကြီးပါတယ်။

ရှိတဲ့ဂုဏ်နဲ့ပဲ ဖြစ်ဖြစ်၊ မရှိတဲ့ ဂုဏ်နဲ့ပဲ ဖြစ်ဖြစ် ကြွားတတ်ဝါတတ်၊ ဂုဏ်ပြိုင်တတ်တာ မျိုးလည်း ရှောင်ကြဉ်ရပါမယ်။ ကိုယ်လုပ်တာ၊ ကိုယ်ပိုင်တာ လူတကာ လှည့်ကြွားနေရတဲ့ အရသာက သေရင် ကိုယ့်အတွက် ဘာများ အကျိုးပြုနိုင်မှာ မို့လဲ။

လုပ်သင့်တာ မလုပ်ခဲ့မိ လေခြင်း၊ မလုပ်သင့်တာ လုပ်ခဲ့မိ လေခြင်းလို့ နောင်တရ စိတ် ပူပန်နေတာ မျိုးလည်း မဖြစ်သင့်ပါဘူး။ အသိမှန်၊ သတိမှန်ရတဲ့ အချိန်ကစပြီး လုပ်သင့်တာလုပ်၊ မလုပ်သင့်တာ မလုပ်ဘဲနေရင် မသေခင် ကိုယ့်ဘ၀ဟာ ကျေနပ်စရာ ကောင်းနေပါပြီ။

နှုတ်စောင့်စည်းသူ၊ စကားကို ဉာဏ်နဲ့ ချင့်ချိန် ပြောသူလည်း ဖြစ်ရပါမယ်။ အပိုစကားတွေ၊ အကျိုးမဲ့ စကားတွေကို စိတ်ထင်တိုင်း လျှောက်ပြောနေလို့ ကိုယ့်ပါးစပ်လည်း ကျက်သရေ ရှိမလာနိုင်သလို၊ မသေခင် ကိုယ့်ဘ၀လည်း ကျက်သရေ ရှိမလာနိုင်ပါဘူး။

မသေခင် ကာလလေးက တိုတိုလေးမို့ စိတ်ပျံ့လွင့် တွေးတောပြီးလည်း အချိန်မဖြုန်းသင့် ပါဘူး။ ကုန်သွားတဲ့ အချိန်က ပြန်မရနိုင်တဲ့ အတွက် လက်ထဲ ရောက်လာသမျှ အချိန်တိုင်းကို စိတ်တည်ငြိမ်မှု အပြည့်နဲ့ အကျိုးရှိရှိ အသုံးချတတ် ရပါမယ်။

ကိုယ့်ရဲ့ လက်ရှိဘ၀ကို မကျေနပ်ဘဲ မရေရာ မသေချာတဲ့ အနာဂတ်ဘ၀ကို ပုံဖော် တပ်မက်နေတာမျိုးလည်း လုံးဝ မဖြစ်စေသင့်ပါဘူး။ ကိုယ်နဲ့ ထိုက်တန်လို့ ရလာတဲ့ ကိုယ့်ဘ၀ကို ကျေကျေနပ်နပ် လက်ခံပြီး နေတတ်အောင် နေရပါမယ်။ ပစ္စုပ္ပန်ဘ၀ကို ဖန်တီးပေးလိုက်တဲ့ အတိတ်ကံရဲ့ ဖြစ်တည်ရာ ဘ၀တွေကိုလည်း စိတ်နာနေလို့ အပိုပါပဲ။

ကံ ကံရဲ့အကျိုးမရှိ၊ ရှေးဘ၀၊ နောက်ဘ၀မရှိ အစရှိတဲ့ အယူမှား မိစ္ဆာဒိဋ္ဌိ တွေလည်း ကင်းရှင်းနေရ ပါမယ်။ အယူမှားရင် အလုပ်မှားမယ်၊ အလုပ်မှားရင် အကျိုးတရားလည်း မှားပြီး ပစ္စုပ္ပန်မှာကော သံသရာမှာပါ ဆင်းရဲ ဒုက္ခတွေ ပင်လယ်ဝေရ ပါလိမ့်မယ်။

ကိလေသာ ဖြစ်မယ့်ကိစ္စ၊ အကုသိုလ် ဖြစ်မယ့် ကိစ္စတွေမှာ တွန့်ဆုတ်တဲ့သူ ဖြစ်ရပါမယ်။ ကိလေသာစိတ် မဖြစ်ရဲ၊ အကုသိုလ်အလုပ် မလုပ်ရဲတဲ့သူဟာ သူရဲကောင်း အစစ်ပါ။

ကိုယ့်ကို သူတစ်ပါးတွေ အထင်ကြီးအောင် မဟုတ်မမှန် လုပ်ကြံ လှုံ့ဆော်တာမျိုး လုံးဝ မပြုလုပ်ရပါဘူး။ အံ့ဖွယ် ထူးဆန်းတွေ လိမ်ညာ ဖန်တီးပြပြီး နာမည်ကြီး၊ လာဘ်ပေါ၊ ပရိသတ် များအောင် လုပ်ခြင်းဟာ ကိုယ့်ရဲ့ မသေခင်ဘ၀ကို အမဲရောင် ဆိုးနေတာပါပဲ။

လူသားတွေရဲ့ မသေခင် ဘ၀ကို အရုပ်ဆိုး၊ အကျည်းတန်စေတဲ့ မနာလို၊ ၀န်တိုမှု (ဣဿာ၊ မစ္ဆရိယ) ကိုလည်း တွန်းလှန်နိုင်ရပါမယ်။ ကိုယ့်ထက်သာ မနာလိုတဲ့စိတ်၊ ကိုယ့်လိုပြည့်စုံမှာ ၀န်တိုတဲ့စိတ် လွှမ်းမိုးနေတဲ့ သူဟာ မသေခင်က ပုပ်နေတဲ့ သက်ရှိ အလောင်းကောင်ပါပဲ။

ကိုယ်အပြုအမူ ကြမ်းတမ်းသူ၊ နှုတ်အပြောအဆို ကြမ်းတမ်းသူ၊ စိတ်နေ သဘောထား ကြမ်းတမ်းသူ မဖြစ်စေရ ပါဘူး။

ကိုယ်ကျင့်တရား မကောင်းသူ (သီလမရှိသူ) ကို ပတ်ဝန်းကျင်က ရွံရှာ စက်ဆုပ်ကြပါတယ်။ မသေခင်မှာ ပတ်ဝန်းကျင်က ရွံရှာစက်ဆုပ်တဲ့ ကိုယ်ကျင့်တရား ပျက်သူ မဖြစ်ပါစေနဲ့။

ချစ်ခင်နေသူ အချင်းချင်း၊ အဆင်ပြေနေသူ အချင်းချင်း ကွဲပြားအောင် လှုံ့ဆော်သူ၊ ကုန်းတိုက်သူ မဖြစ်ပါစေနဲ့။ သူ့ရေစက်နဲ့သူ၊ သူ့အကြောင်းဆက်နဲ့ သူ၊ ခင်ကြ၊ အဆင်ပြေနေ ကြတာကို မနာလို ၀န်တိုဖြစ်ပြီး ကွဲပြားအောင် ကုန်းတိုက်တဲ့ သူလောက် ကျက်သရေ ယုတ်တဲ့သူ လောကမှာ မရှိတော့ပါဘူး။

မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်လို့ ခေါ်တဲ့ တံခါး ခြောက်ပေါက်ကနေ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အထိအတွေ့၊ သဘောတရားလို့ ခေါ်တဲ့ အာရုံ ခြောက်ပါးဆီကို တဏှာလောဘ အစရှိတဲ့ ကိလေသာ ရေအလျင်တွေ စီးဆင်း မသွားအောင် စောင့်ရှောက်နိုင် ရပါမယ်။ မြင်- မြင်ကာမျှ၊ ကြား- ကြားကာမျှနဲ့ ပြီးအောင် သတိပဋ္ဌာန် တရားကို ပွားများနိုင်ရင် ကိလေသာရေ စီးဆင်းမှု ရပ်တန့်သွားမှာပါ။

မာနလွန်ကဲပြီး အောက်ခြေလွတ် ဘ၀င်မြင့်နေတဲ့ သူလည်း မဖြစ်စေရပါဘူး။ မာနကြီးတယ် ဆိုတာ အထင်ကြီးတာပါ။ ပစ္စည်း၊ ရုပ်ရည်၊ ပညာ၊ အာဏာ သူများထက် သာတယ်လို့ ထင်နေတဲ့ အထင်ကြီးနေ တာပါ။ အထင်ဟာ အထင်ပါပဲ၊ တကယ်မဟုတ် ပါဘူး။

မသေခင်မှာ တစ်နေ့ထက် တစ်နေ့ ဉာဏ်ပညာ ကြီးမားသူ ဖြစ်အောင် ကြိုးစားနေရ ပါမယ်။ လောကီဉာဏ်သာ မက လောကုတ္တရာ ဉာဏ်ပါရမှ လူ့ဘ၀ ဖြစ်ရကျိုး နပ်ပါတယ်။

ဘယ်အရာမျိုး မဆို ကိုယ်တွေ့အသိ မပါဘဲ သူတစ်ပါးအပြောနဲ့ ယုံတတ်တဲ့ သူလည်း မဖြစ်စေရ ပါဘူး။ သိသင့် သိထိုက်တာ မှန်သမျှ သူတစ်ပါး ပါးစပ်မှာ လမ်းဆုံး၊ သူတစ်ပါး ပြောတာ ယုံနေရုံလောက်နဲ့ မပြီးဘဲ ကိုယ်တိုင်သိ၊ ကိုယ်တိုင် မြင်အောင် ကြိုးပမ်း အားထုတ်ရပါမယ်။

ဒါန၊ သီလ၊ သမထ၊ ၀ိပဿနာ ကုသိုလ် ကောင်းမှုတွေ ပြုလုပ်တဲ့ အခါမှာလည်း လာဘ်မျှော်တဲ့ စိတ်နဲ့ မပြုလုပ်ရပါဘူး။ လူမှုရေး လာဘ်လာဘလို့ ခေါ်တဲ့ ထင်ပေါ် ကျော်စောမှု၊ စီးပွားရာထူး တိုးတက်မှု၊ သံသရာ ကောင်းစားမှုတွေကို လုံးဝ မမျှော်ကိုးဘဲ သံသရာ ၀ဋ်ဆင်းရဲမှ လွတ်မြောက်လိုတဲ့ စိတ်၊ သတ္တ၀ါအများ ကောင်းစားစေ လိုတဲ့ စိတ်နဲ့ ပြုလုပ်ကြရပါမယ်။

အကောင်းအဆိုး လောကဓံ အမျိုးမျိုးနဲ့ တွေ့ကြုံလာတဲ့ အခါမှာလည်း စိတ်မတက်၊ စိတ်မပျက်ဘဲ တည်တည် ငြိမ်ငြိမ်နဲ့ ခံနိုင်ရည် ရှိရပါမယ်။

သက်ရှိသက်မဲ့ တစ်ခုခုအပေါ် တပ်မက်စွဲလမ်းတဲ့ တဏှာကို အကြောင်းပြုပြီး ဘယ်သူနဲ့မှ ဆန့်ကျင်ဘက် မဖြစ်စေရ ပါဘူး။ တဏှာတစ်ခုခုရဲ့ နောက်မှာ ဆင့်ပွား အကုသိုလ် စိတ်တွေ၊ မကောင်းမှု ဒုစရိုက်တွေ တွဲပါမလာအောင် ထိန်းသိမ်း နိုင်ခြင်းဟာ အဆင့်မြင့် ပုထုဇဉ်တွေရဲ့ အရည်အချင်း တစ်ခုပါပဲ။

အစားအသောက်နဲ့ ပတ်သတ်ပြီး တော့လည်း ဒါမစားရ မနေနိုင်၊ ဒါမသောက်ရ မနေနိုင် တမ်းတမ်းစွဲ မက်မောမှု ကင်းရှင်းရ ပါမယ်။ ရသ တဏှာကို ထိန်းချုပ် စောင့်စည်းနိုင်ရ ပါမယ်။

ကိုယ်အပြုအမူ ဖြစ်သမျှ၊ စိတ်အနေအထား ဖြစ်သမျှကို အမြဲ သတိကပ် ရှုမှတ်နိုင်တဲ့ အတွက်ကြောင့် ကြုံလာသမျှ အာရုံကောင်းဆိုး အမျိုးမျိုးကို မချစ်၊ မမုန်းဘဲ ဥပေက္ခာပြု အညီအမျှ ရှုနိုင်တဲ့သူ ဖြစ်ရပါမယ်။

ကိုယ့်အထက် လူနဲ့ နှိုင်းယှဉ်တဲ့ မာန၊ ကိုယ့်တန်းတူ လူနဲ့ နှိုင်းယှဉ်တဲ့ မာန၊ ကိုယ့်အောက်တန်း လူနဲ့ နှိုင်းယှဉ်တဲ့ မာန၊ မာနသုံးမျိုးလုံး ကင်းရှင်းရပါမယ်။

သေပြီးရင် အသက်ကောင်၊ ၀ိညာဉ်ကောင်လေး နောက်ဘ၀ လိုက်တယ်ဆိုတဲ့ သဿတ ဒိဋ္ဌိ၊ သေပြီးပြတ်တယ်၊ ဘာမှ မဖြစ်တော့ဘူး ဆိုတဲ့ ဥစ္ဆေဒ ဒိဋ္ဌိ၊ ဒီ ဒိဋ္ဌိနှစ်ပါးလည်း ကင်းရှင်းရပါမယ်။ ဒီ ဒိဋ္ဌိနှစ်ပါး ရှိနေရင် မသေခင် လုပ်ရမယ့် အလုပ်တွေ ကမောက်ကမ ဖြစ်ပြီး သံသရာမှာ ချောက်ကျရပါလိမ့်မယ်။

ကိုယ်နဲ့ ပတ်သတ် ဆက်စပ်နေတဲ့ သားသမီးစတဲ့ သက်ရှိ ပုဂ္ဂိုလ်တွေ၊ အိမ်၊ မြေ စတဲ့ သက်မဲ့ အရာဝတ္ထု တွေကို ငါ့သား၊ ငါ့သမီး၊ ငါ့အိမ်၊ ငါ့မြေဆိုပြီး ငါစွဲကြီးကြီး၊ ငါ့ဥစ္စာ အစွဲကြီးကြီးနဲ့ သိမ်းပိုက်ထားတဲ့ စိတ်မျိုး ကင်းရှင်းရပါမယ်။

ဘာအလုပ်ပဲ လုပ်လုပ် ကိလေသာကို ရှေ့တန်းတင်တဲ့ အလုပ်၊ ကိလေသာကို ဆရာတင်တဲ့ အလုပ်မျိုး မဖြစ်အောင် သတိထားရပါမယ်။

ကိလေသာ အရင်းမခံဘဲ အလုပ်လုပ်နေ ပါရက်နဲ့ သူတစ်ပါးတို့က ကိလေသာ အရင်းခံတယ်လို့ ထင်ယောင် ထင်မှား စွပ်စွဲလာရင်လည်း မတုန်မလှုပ် သည်းခံနိုင်ရ ပါမယ်။

“တစ်လောကလုံးမှာ ကိုယ်ပိုင်တာ ဘာမှမရှိပါလား” ဆိုတဲ့ အသိ စွဲစွဲမြဲမြဲ ရှိနေရပါမယ်။ အဲဒီအသိ စွဲစွဲမြဲမြဲ ရှိနေပြီဆိုရင် ရှိချင်တာ မရှိလို့လည်း မပူပန်တော့ဘူး။ ရှိပြီးတာ မရှိလို့လည်း မဆူညံတော့ ပါဘူး။

ချစ်ခြင်း၊ မုန်းခြင်းစတဲ့ ကိလေသာကို အရင်းခံပြီး မလုပ်သင့် မလုပ်ထိုက်တာ လုပ်တဲ့ အဂတိ လိုက်စားမှုလည်း ကင်းရှင်းရပါမယ်။ အဂတိရဲ့ လားရာဟာ ဒုဂ္ဂတိပါ။

လောကမှာ လူသားတွေ မလုပ်သင့် မလုပ်ထိုက်တာ လုပ်၊ လုပ်သင့် လုပ်ထိုက်တာ မလုပ် ဖြစ်နေကြတာဟာ အရင်းခံကတော့ ကိလေသာပါပဲ။ ကိလေသာ ခေါင်းပါးလာတာနဲ့ အမျှ မလုပ်သင့် မလုပ်ထိုက်တာ တွေလည်း ရှောင်ကြဉ်နိုင်လာ ပါလိမ့်မယ်။ လုပ်သင့် လုပ်ထိုက်တာ တွေလည်း ဆောင်ငင်နိုင်လာ ပါလိမ့်မယ်။

မလုပ်သင့်တာ အားလုံး အကြွင်းမဲ့ ရှောင်နိုင်ပြီး လုပ်သင့်တာ အားလုံး အကြွင်းမဲ့ ဆောင်နိုင်ပြီ ဆိုရင်တော့ အကြွင်းမဲ့ ဘ၀လွတ်မြောက်မှုကို ရပါပြီ။ သေခြင်းတရားက အကြွင်းမဲ့ လွတ်မြောက်ပါပြီ။ ထပ်တလဲလဲ တစ်သေတည်း သေနေရတဲ့ အဖြစ်ဆိုး၊ ဒုက္ခဆိုးတွေက ထာဝရ လွတ်မြောက်ပါပြီ။ အနှိုင်းမဲ့ နိဗ္ဗာန်မှာ အကြွင်းမဲ့ ပျော်စံနိုင်ပါပြီ။

ဒါကြောင့် မသေခင် လုပ်ရမယ့် အလုပ်တွေထဲမှာ အရေးအကြီးဆုံး၊ ပဓာန အကျဆုံးကတော့ ကိလေသာ ခေါင်းပါးရေး အလုပ်၊ ကိလေသာ အမြစ်ပြတ်ရေး အလုပ်ပါပဲ။

ဝန်ခံချက် အများသူငါသံဝေဂ ယူ နိုင်ပါစေ

Thursday, November 12, 2009

လူ့လက္ခဏာ

တာဝတိန်သာနတ်ပြည်ကနတ်တွေဟာစုတေခါနီးရင် ကိုယ်ရောင်ကိုယ်ဝါတွေ မတောက်ပကြ တော့ပါဘူး။ အဲဒီအချိန်မှာ အနားမှာခစားနေတဲ့နတ်သမီးတွေက နတ်သားကိုအမြတ်ဆုံး ဘုံဖြစ်တဲ့ လူဘ၀ ကိုဆုတောင်း ဖို့ ၀ိုင်းတိုက်တွန်းကြတယ်တဲ့။ အော် တို့ လူဘုံမှာ လူလာဖြစ်ရတာ အမြတ်ဆုံးပါလားနော်။

လူတွေထဲမှာ နတ်ဘုံကလာခဲ့ရင် ရုပ်အဆင်းအင်္ဂါလှပကြတယ်။နတ်တွေဟာစုတေခါနီးရင် အိပ်ပျော်သလိုဖြစ်သွားပြီး ကာလမခြား လူ့ပြည်က အမေရဲ့ ၀မ်းဗိုက် ထဲမှာသွေးစက်ကလေး
ကနေ ကာလရေကြည် စဖြစ်လာတာ။ ကံအရှိန်ကအထောက်အပံ့ပေးတာကြောင့် ရုပ်ကော
နမ်ကော တပြိုင်နက်တည်း ဖြစ်လာတာပါ။

အားလုံးအကြောင်းညီညွတ်တဲ့အခါ ကာလရေကြည်ကနေရေမြုပ်ဖြစ်၊ ရေမြုပ်ကနေ မုံ့ကျွဲသဲ
လိုအသားဆိုင်ဖြစ်၊ ကံအရှိန်ကြောင့်ပဲ ခေါင်း၊ခြေ၊လက်တွေဖြစ်ပေါ်လာပြီး နမ်ရုပ် စဖြစ်လာတာပါ။

မြတ်စွာဘုရားရဲ့ လက္ခဏာတော် ၃၂ ပါးရှိတဲ့ အနက်ဘုရားရဲ့မျက်လုံးတော်ဟာ အလှအပဆုံးပဲ
ဒီခေတ်ဒီအချိန်မှာမျက်လုံးလှတဲ့ ခလေးမွေးဖွားခဲ့ ရင် ခလေးအရှိန်ကြောင့် မိဖတွေတော်တော်
ချမ်းသာလာလေ့ရှိတယ်။မျက်လုံးတည်ဆောက်ပုံကိုကြည့်ပြီး လူကဲခတ်လို့ရတယ်။မြတ်စွာဘု
ရားသခင်ရဲ့လျှာတော်ဟာလည်းပါးလွှာပြီးနှုးညံ့ပျော့ပြောင်းပါတယ်။စကားပြောရင်ဆဲ
တာဆိုတာမရှိသိမ်မွေ့ညှင်သာစွာပြောတတ်တယ်လို့ကျမ်းဂန်တွေထဲမှာ
ဆိုထားပါတယ်။

ခလေးရဲ့အသားအရေနှုးညံ့နေအောင်ကံအရှိန်က လုပ်ပေးနေတာဖြစ်ပါတယ်။လက်သန်းထိပ်
ကလက်ခလည် အပေါ်လိုင်းကိုမှီနေရင်ဖြစ်စေ၊ကျော်နေရင်ဖြစ်စေ၊ဒီခလေးဟာတော်တော်စေ
တနာကောင်းတတ်ပါတယ်။ လက်ချောင်းတွေအဖျားရှုးနေရင် ဒေါသတအားကြီးတတ်ပါတယ်
ပိန်ပေမဲ့ လက်ခုံလေးတွေပြည့်နေရင်ကောင်းတယ်၊ ချမ်းသာတတ်တယ်။ဝတဲ့လူတိုင်းလက်ခုံ
မပြည့်တတ်ဘူး။လက်ခုံလေးတွေချိုင့်နေရင် ဆင်းရဲတတ်တယ်။

အမိဝမ်းတွင်းသန္ဒေ္ဓ္ဓတည်နေချိန်မှာခလေးနှလုံးနဲ့ မိခင်ချက်တိုင်ကဆက်ထားတာပါ။ခလေးစား
ချင်တာမိခင်နှလုံးမှာပေါ်လာပြီး မိခင်တွေချဉ်ချင်းတတ်ကြတာပါ။ အမျိုးသမီးတစ်ယောက်
ကိုယ်ဝန်လွယ်ထားရချိန်မှာ အိမ်ဘေးက ငန်းကြီးကို လည်လိမ်ချိုးပြီး သွေးသောက်ချင် တဲ့
ဆန္ဒပေါ်လာခဲ့လို့ လူအလစ်မှာ လုပ်လိုက်မိတယ်တဲ့။ မွေးလာတဲ့ ခလေးကတော်တော်ဆိုး
ပြီး ကြီးလာတော့ ထောင်တွေဘာတွေကျ ကုန်တယ်။ ဒါဆရာတော် ဟောတဲ့တရားထဲမှာပါ
တာ။တကယ်တော့ သစ်ခေါက်တွေခွာစားချင်တာ၊ အမဲသားစားချင်တာ၊ အသီးအနှံစားချင်
တာတွေဟာ ဗိုက်ထဲက ခလေးရဲ့ ချဉ်ချင်းပါ။
လူ့အချိုးအစားအရပ်အမောင်းဟာ အချိုးညီညီရှိရပါမယ်။မတ်တပ်ရပ်ရင်ဒူးခေါင်းကိုကိုင်ကြည့်
နိုင်ရပါမယ်။ လူတွေထဲမှာ တစွပ်ထိုးလုပ်တတ်တဲ့သူဟာ အရပ်အမောင်း အချိုးအစား မကျန
တတ်ပါဘူး။ လူအရေပြားကြမ်းတမ်းနေတဲ့ သူဟာရှေနောက် မစဉ်းစားတတ်ပဲ ထင်ရာလုပ်
တတ်ကြပါတယ်။ အရေပြားနှုးညံ့နေရင် ဆရာက်ုချဉ်းကပ်တတ်ပြီး ရှေနောက်ဆင်ချင်ကာ
အေးအေးဆေးဆေး နေတတ်ကြပါတယ်။

မြတ်စွာဘုရားသခင်ရဲ့သွားတော်များဟာပေါက်တာညီညာပြီးကျဲခြင်းထပ်ခြင်းမရှိပဲ အချောင်း
၄၀ ရှိပါတယ်။ ကြာနီကန်ဆရာတော်ရဲ့ အထုပ္ပတ္တိကိုလေ့လာကြည့်တဲ့အခါ ဆရာတော်မှာ
သွားအချောင်းပေါင်း ၄၀ ရှိတယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်းဆရာတော်ရဲ့ဂုဏ်သတင်း
ဟာကျော်ဇောခဲ့တာပါ။ သွားတွေထပ်နေရင် အဲဒီလူဟာ ကူလီကူမာပြောတတ်ပြီးအလှည့်
အပတ်များတတ်ပါတယ်။

ခလေးသန္ဒေ္ဓတည်တာနဲ့ မိဖကိုအကျိုးပေးတတ်ပါတယ်။အချို့ ကခလေးသန္ဓေရှိတာနဲ့ မိဖ
လုပ်သူတွေချမ်းသာလာကြပါတယ်။ အချို့မိဖတွေကတော့ ကွဲကုန်တတ်ကြပါတယ်။ဒါ
ကြောင့်လူတွေအကြောင်းကိုသိတဲ့ ပုဂ္ဂိုလ်တွေရှေ့သွားတောင်မရပ်ရဲပါဘူး။ ကိုယ့်အကျင့်
စရိုက်ကို ဖတ်ယူ လိုက်မှာ စိုးလို့ပါ။ တကယ်တော့ မြတ်စွာဘုရားသာလျှင် အားလုံး ပြီးပြည့်စုံတဲ့လက္ခဏာတော် ၃၂ ပါးရှိတာပါ။ဒါကလည်းလေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း
ပါရမီဖြည့် ခဲ့တဲ့ အရှိန်အဟုန်ကြောင့်ပါ။ ရိုးရိုးလူတွေမှာ မပြည့်မစုံ ရှိနေတာကတော့
ဘ၀ကံအကျိုးပေးတရားအပေါ်မူတည်နေပါတယ်။

(၀န်ခံချက်/ ပိုင်းလော့ဆရာတော် ရဲ့ ဟောကြားချက် ကို ပြန်လှန်လေ့ကျင့် ရင်းရေးထားခြင်းပါ။)