ဘာလို့လည်းမသိ၊ ညကမှေးကနဲအိပ်ပျော်သွားတော့ ကွယ်လွန်သူ ဗိုလ်မြင့်အုန်းကိုအိမ်မက်မက်တယ်။ သူနဲ့တစ်ပတ်စဉ်ထဲတွေတောင် ဗိုလ်ချုပ်ဖြစ်နေကြပြီကော။ ဗိုလ်မြင့်အုန်းက ဗိုလ်မှုးမျိုးမြင့်၊ ပါမောက္ခ ဒေါ်ကြည်ကြည်လှ (Unty Dawn) တို့ရဲ့ ဒုတိယသား၊ ငယ်စဉ်ကစာရေးသူ မိသားစုနဲ့ အိမ်နီးနားချင်းပါ။ စာရေးသူတို့က မန္တလေးတက္ကသိုလ်ဝန်း နတ်သျှင်နောင်လမ်း၊အိမ်အမှတ် ၉ မှာနေတယ်။ သူတို့က အိမ်နောက်ဖက်တိုက်မှာ နေတယ်။ ၀န်းထရံဖေါက်ထားပြီး နှစ်အိမ်ရွှေလမ်း ငွေလမ်းဖေါက်ထားကြတယ်လေ။
အမှန်တော့စာရေးသူ ညီ မောင်စိုးဝင်းနဲ့သူငယ်ချင်းပါ။ ဒါပေမဲ့ စာရေးသူက တစ်တန်းပဲ သူထက်ကြီးတော့ သူငယ်ချင်းလိုပါပဲ။အဲဒီချိန်တုံးက Cliff Richard တို့၊ The Beatles တို့၊Rollong Stones တို့ ရူးကြတယ် လေ။ကတ်ဆတ်တိတ်ခွေဆိုတာမပေါ်သေး၊ သီချင်းကိုရေဒီယိုကပဲနားထောင်ရတာ။ အဲတော့ ဘယ်Station ကဘယ်အချိန်မှာ ဘယ်သီချင်းလာမယ်ဆိုတဲ့ သတင်းဖလှယ်ရတာ အမော။ အဖေ ရဲ့ ဂျာမန်လုပ် Echo ရေဒီယိုကြီးဟာတော်တော်အသုံးဝင်ခဲ့ပါတယ်။ Cliff Richard သီချင်းတွေ၊ Beatles သီချင်းတွေ ဒီရေဒီယိုပေါ်မှာ ပဲနားထောင်ခဲ့ ရတာ။ အခုထိ ဒီရေဒီယို ကြီး မန္တလေးအိမ်မှာ ရှိသေးတယ်။ မြင့်အုန်း ကပျော်ပျော်နေတတ်တယ်။ စာရေးသူ RIT စတင်တက်တဲ့နှစ်မှာပဲထင်တယ်။ မြင့်အုန်း DSA တက်ခွင့်ရသွားတယ်ဆိုတာ နွေကျောင်းပိတ် အိမ် ပြန်ရောက်တော့သိရတယ်။ သူDSA တက်နေတုံး သတင်းပဲကြားရတယ်။ ပထမနှစ်မှာ senior တွေကတော်တော်ပညာပေးတာခံ ရတယ်လိုကြားတယ်။သူကလည်း ရစ်သလားမမေးနဲ့၊ ပေးတဲ့ ပစ်ဒဏ် ကိုမညီးမညူလုပ်တာပဲလို့ကြားတယ်။ သူ အတန်းကြီးလာတော့ Junior တွေကိုမနိုပ်စက်ဘူး။ Junior တွေက သူ ကို တော်တော် ချစ်ကြတယ်ဆိုပဲ။
ဒါနဲ့နောက်ဆုံးနှစ်လား မသိ၊ရထားပေါ်မှာ ၂ဘားနဲ့ ဗိုလ် မြင့်အုန်း ကို တွေ့ ခဲ့တယ်။ ရမည်းသင်းကတပ်ရင်းမှာ ရောက်နေတယ်လို့သိ ရတယ်။အတွေးအခေါ်တွေ၊လူပုံတွေပြောင်းသွားပြီ။သူ့ရဲဘော်တွေ ကို ဘယ်လို ကိုယ်ချင်းစာနာကြောင်း၊ ရသမျှ လခ သူ့ ရဲဘော် တွေကျွေး ပစ်ကြောင်းပြောပြခဲ့ပါတယ်။ စစ်တိုက်ရတာ နိုင်ငံခြားရုပ်ရှင်ထဲက Robert Mitchumုစတင်းဂန်းဆွဲပစ်သလို ပစ်လို့မရကြောင်း သူရဲ့ စစ်အတွေ့အကြုံတွေကို ဖေါက်သည်ချတယ်။ ဒဲဒီအချိန် ကလည်း ဗကပ တွေနဲ့ အကြီးအကျယ် ချ နေတဲ့ အချိန်လေ။ ပင်ဆွဲ ဖြုတ်ပြီး လက်ပစ်ဗုံးကို ချက်ချင်းမပစ်လို့ အပြစ်ပေးခဲရတဲ့ အကြောင်း၊ပစ္စတိုနဲ့ ကိုယ့်ခြေထောက် ကိုပစ်မိလို့ဒဏ်ရာ ရတဲ့ အကြောင်း၊ ပြောပြသေးတယ်။
နောက် ၆ လလောက်ကြာတော့ စကော့ဈေး William Ba Thein ဆိုင်မှာ သူလိုပဲ ဗိုလ်တစ်ယောက်နဲ့ အတူတွေ့ မိတယ်။ အဲဒီအချိန်မှာ သူတို့ war hero ဖြစ်ချင်တဲ့စိတ်တွေတဖွားဖွားဖြစ်နေကြောင်း ပြောပြပါတယ်။ နားပြီး ရင်ရှေ့ တန်း ပြန်သွားရမယ်ဆိုတာသိရတယ်။သူ့ကို နောက်ဆုံးစကားပြော လိုက်ရတာပါလားဆိုတာ မသိခဲ့ ဘူး။ မကြာပါဘူး။ သူကော၊သူ့ သူငယ်ချင်းကော ကွမ်းလုံ မှာ ကျ သွားကြောင်းကြားခဲ့ ရပါတယ်။ သူ သူငယ်ချင်း ကတော့သူရဘွဲ့ ရသွားပြီး သူကတော့ ဘာမှ မရခဲ့ပါဘူး။
မြင့်အုန်းဟာတကယ်တော့ fighter ပါ။ စစ်ရုပ်ရှင်ကားတွေ ကို မလွတ်တမ်းကြည့်သူပါ။ သူအသက်ရှင်နေသေး တယ်ဆိုရင် စစ် ထဲမှာမရှိနိုင်တော့ ဘူး လို့ စာရေးသူ ထင်ပါတယ်။ ဗိုလ်ချုပ်လည်း မဖြစ်နိုင်ဘူး၊ ရဲဘော်တွေကို သေတူရှင်မကွာ တိုက်ဖေါ်တိုက်ဖက်အဖြစ် ကိုယ်ချင်းစာ နာ တတ်သူပါ။ သူရဲ့ DSA intake က ၁၅ ထင်တာပဲ။ Unty Dawn ကတော့သူ့သားကြီး ရဲ့ ရန်သူ ဗကပတွေကို ဘယ်တော့ မှ မကျေနိုင်ပါ။
ဗိုလ်မြင့်အုန်း အားသတိရစွာဖြင့်

No comments:
Post a Comment