Sunday, August 15, 2010

အကြွေး

စင်ကာပူရောက် မတောက်တခေါက်လူ (ဘ၀မြင့်၊ ဝေဖန်တတ်သူ၊ ဇွတ်လုပ်တတ်သူ တဦး)

ပြည်ပရောက်မြန်မာများ .. စီးပွားရေးလာရှာရင်း ရေတိမ်နစ်သူတွေ တော်တော်များနေပါတယ်။ ပျက်အစဉ် .. ပြင်ခဏဆိုတဲ့ စကားပုံရှိတော့ ပျက်စီးနေသူများ ..သူတို့ဘ၀ကိုဆက်လက် မနစ်မွန်းစေချင်တဲ့အတွက် ဒီစာကို ရေးရပါတယ်။ ကျွန်တော်ကိုယ်တိုင်က .. စင်ကာပူမှာ စီးပွားရေးသမားမဟုတ်ပဲ ဒေ၀ါလီခံရတဲ့ (Bankrupt) ဘ၀ပျက်စာရင်းဝင်ဖြစ်ပေမဲ့ ဘုရားနဲ့နတ်စောင့်တဲ့အတွက် လုံးပါးမသွားသေးပါဘူး။ အသက်ရှင်နေပါသေးတယ်။ စီးပွားရေးမလုပ်ပဲ ဘာကြောင့် အကြွေးတွေအများကြီးတင် Bankrupt ဖြစ်သွားရပါသလဲ ဆိုတော့ ဘဏ်တွေရဲ့ Bank Loan တွေနဲ့ Credit Card တွေရဲ့ Cash Advance တွေကို ဇနီးသည်နဲ့ဆန့်ကျင်ပြီး နှစ်ရှည်လများစွာ သုံးစွဲမိလို့ပါ။

လူတိုင်း ငွေချမ်းသာချင်ကြပါတယ်။ အထူးသဖြင့် ငယ်ရွယ်စဉ်ကတည်းက ချမ်းသာကြွယ်ဝအောင် ဘယ်လို လုပ်မလဲ ... နည်းမျိုးစုံနဲ့ကြိုးစားရင်း၊ လောကစည်းစိမ်တွေကိုလည်း ရသလောက်ရယူကြပါတယ်။

ပထမတော့ ပညာဆည်းပူးတယ်။ စင်ကာပူရောက်လူသူ အများစုကတော့ ပညာတတ် (ဘွဲ့၊ဒီပလိုမာ) အများ စုဖြစ်ပါတယ်။ ၂၀၀၀ နောက်ပိုင်းတော့ အလုပ်သမား (ကျား၊မ) မျိုးစုံ ၁၀တန်းမအောင်ပေမဲ့ အလုပ်လုပ် ခွင့်ရ လာကြတယ်။ ကျွန်တော်ဟာ တလ ဒေါ်လာ၆၀၀လောက်ပဲရတဲ့ မိန်းမငယ်လေးတစ်ဦး ရောင့်ရဲနေထိုင်စု ဆောင်းရင်း ၁၀နှစ်အကြာ မြန်မာပြည်မှာ သိန်း၃၀၀တန်တဲ့အိမ်တစ်လုံး ၀ယ်ပေးခဲ့ဖူးပါတယ်။ စင်ကာပူမှာ တစ်လ ဒေါ်လာ ၃၀၀၀ကျော် ၀င်ငွေရှိနေသူတွေ မြန်မာပြည်မှာရော၊ စင်ကာပူမှာရော အိမ်တစ်ခုမှ မ၀ယ်နိုင် တာ အများကြီးပါပဲ။

ကျွန်တော်ကတော့ စင်ကာပူရောက်ပြီး ၀င်ငွေ တစ်လ ဒေါ်လာ၃၀၀၀ကျော်ရတော့ ထုံးစံအတိုင်း၊ လောက စည်းစိမ်တွေ ခံစားတာပေါ့။ ဇနီး၊သားသမီးရှိတော့ နောင်ရေးကြည့်ရသေးတယ်။ အရက်သမား၊ဆေးသမား၊ မိန်းမလိုက်စား၊ လောင်းကစားသမားတော့ မဟုတ်ပေမဲ့ တစ်နှစ်တစ်ခါ၊နှစ်ခါလောက်တော့ ဒီ ဘုရားမကြိုက်တဲ့၊ နတ်ဆိုးဆွဲဆောင်ရ မဟုတ်တဲ့အလုပ်တွေ လုပ်မိပါတယ်။ သို့သော်လည်း ငွေကြေးချမ်းသာချင်တဲ့စိတ်က ရှိတော့ ငွေကုန်တဲ့အလုပ်တွေကို ရှောင်နိုင်ပါတယ်။ သို့သော်လည်း ကောင်းကောင်းစားသောက်၊ နေထိုင်ချင်တဲ့ ဆန္ဒကြောင့် အစားအသောက်ဆိုင်များ၊ နောက်ဆုံးပေါ်ပစ္စည်းတွေသုံးမှုများ၊ မရောင်ရာဆီလူး ရှောက်သုံးတာ တွေကြောင့် သိပ်မစုဆောင်းဖြစ်ပါဘူး။ Credit Card အကြွေးဝယ်ခွင့်အပြင်၊ ငွေချေးငှားခွင့် ကဒ်ပြားကလေးက လည်း စနစ်တကျသုံးဖို့ကြိုးစားပေမဲ့ လက်တွေ့မှာတော့ မလိုအပ်ပဲ သုံးစွဲတာတွေ များနေတယ်။

အဆိုးဝါးဆုံးကတော့ စင်ကာပူမှာ အမြဲတမ်းနေထိုင်ခွင့် PR ရရှိတဲ့အချိန်ကစပြီး .. စင်ကာပူမှာ ကိုယ်ပိုင်အလုပ်လုပ်နိုင်ပြီး ပိုအဆင်ပြေတော့မယ် တွေးတွေးပြီး ဘ၀င်မြင့်လာပါတယ်။ ဒါတွေကတော့ ရွာကမြို့တက်လာပြီး အဆင်ပြေလာတဲ့ တောသားတိုင်း ဖြစ်နေကျ ဘ၀င်မြင့်ရောဂါပါပဲ။ HDB အိမ်ကလေးကို အကြွေးနဲ့ဝယ်လိုက် တယ်။ အိမ်ပိုင်တော့ အိမ်ငှားခငွေ သက်သာသွားတယ်။ တယ်ဟုတ်ပါလား .. ၊ Property make money ဆိုတာ လက်တွေ့မြင်ရတယ်။ ဒါပေမဲ့ အိမ်ငှားခ သက်သာသွားတဲ့ငွေကို စုဆောင်းထားရမဲ့အစား တခြားနေရာမှာ သုံးမိ တယ်။ ၀င်ငွေလေးက ပိုလျှံတော့ Life Insurance သမားတွေ လာကပ်ကြတယ်။ စီးပွားရေးလုပ်ရင် ငွေချေးပြီး လုပ်ရမှာပဲ ဆိုတဲ့ အခြေခံစည်းမျဉ်းကြီးကို အသေကိုင်ထားတဲ့ ကျွန်တော်က ငွေချေးလို့ရတဲ့ Short Term life insurance ကို တစ်လ ဒေါ်လာ၅၀၀ နဲ့စုဆောင်းတယ်။ နောက် ၃နှစ်လောက်နေရင် စုဆောင်းငွေ ဒေါ်လာ ၃သောင်းလောက် ရလာမယ်။ အဲဒီအချိန်ဆို ကိုယ့်ရဲ့ ကိုယ်ပိုင်လုပ်ငန်းလေးလည်း အဆင်ပြေလာချိန် အကိုက် ပဲပေါ့။

ငွေလိုရင် ဘဏ်တွေကနေ အတိုးနှုံး ၁၅ရာနှုံးပေးပြီး ချေးလိုက်တယ်။ နောက်လ လစာရတော့ ဘဏ်ကချေးထား တာ ပြန်သွင်းလိုက်တယ်။ ဒီလို ငွေလိုရင် ဘဏ်က ချေးခွင့်ရတော့ မကြာခဏလုပ်မိတယ်။ နောက်ပိုင်း ဘဏ် တွေကလည်း ၆လ Promotion ပေးပြီး အတိုးကို ၅ရာနှုံးလောက်ပေးနေတဲ့အချိန်ဆိုရင် ငွေမလိုပဲ ဒေါ်လာ၅ ထောင်လောက် ကောက်ချေးလိုက်တယ်။ ပြီးတော့ ကိုယ်လုပ်ချင်တဲ့အလုပ်လေးတွေ ကုမ္မဏီထောင်၊ ပစ္စည်း ၀ယ်၊ ကားဝယ် စတဲ့လုပ်ငန်းတွေ ရှောက်လုပ်တယ်။ နှစ်ကုန်လို့ ဘောနပ်စ် ရတဲ့အချိန်မှာ တခါတလေ ဒေါ်လာ သောင်းနဲ့ချီပြီးရတတ်တော့ အကြွေးတွေကို ပြန်ဆပ်နိုင်တယ်။

ဒီလိုနဲ့ နှစ်အတော်ကြာတော့ အကြွေးတွေကို နှစ်ကုန်တဲ့အခါ ဘောနပ်စ်ရလဲ မဆပ်နိုင်တော့ဘူး။ အပြင်လုပ်ငန်း လုပ်မယ်ဆိုပြီး ထောင်ထားတဲ့ ကုမ္မဏီလုပ်ငန်းကလည်း ထင်သလိုမဖြစ်လာဘူး။ အသုံးစရိတ်တွေက ပိုတက် လာပြီး ၀င်ငွေကလည်း ထင်သလောက်တက်မလာဘူး၊ ကိုယ့်ကုမ္မဏီမှာလည်း လစာတွေတော့ တက်လာပေမဲ့ Basic Pay တလဒေါ်လာ တစ်သောင်းကျော်ရဖို့ဆိုတာ လခစားအလုပ်မှာ ဘယ်ဖြစ်နိုင်ပါ့မလဲ။ Manager, Director ဖြစ်မှ လစာငွေ သောင်းဂဏန်းအထက်ရနိုင်မှာဆိုတော့ Technical အလုပ်ကနေ Manager အလုပ်ဖြစ်အောင်ကြိုးစားရတယ်။ မိသားစု စားဝတ်နေရေးဖူလှုံတော့ ဘ၀တိုးတက်ရေး (ငွေပိုရရှိရေး) အတွက် အပြင်းအထန် ကြိုးစားရပါတယ်။

ငွေပိုမသုံးရေးအတွက် ကြိုးစားရမဲ့အစား ငွေပိုရရှိရေး ကြိုးစားတော့ လုံးဝအမှားလမ်းကြီးကို လျှောက်ရင်း၊ ပိုးဖလံမျိုး မီးကိုတိုးတော့တယ်။

နောက်ဆုံးပြောရရင် ပထမနှစ် အကြွေး ၅ထောင်၊ နှစ်ကုန်တော့ ဘောနပ်စ်နဲ့ ပြန်ဆပ်နိုင်တယ်။ ဒုတိယနှစ် အကြွေး တသောင်း ပြန်မဆပ်နိုင်တော့ဘူး။ ငွေသုံးစရိတ်ကို အထူးဆင်ချင်ရတယ်။ တတိယနှစ် အကြွေး ၂သောင်းဖြစ်လာတယ်။ ကုမဏီက ဘောနပ်စ်နဲ့ တသောင်းလောက် ပြန်ဆပ်နိုင်တယ်။ စတုထနှစ် အကြွေး ၃သောင်းဖြစ်လာတယ်။ မဆပ်နိုင်တော့ဘူး....ဒါပေမဲ့ ဘ၀င်မြင့်နေတုန်းပဲ။ မိဝေးဖဝေး .နိုင်ငံခြားသွားလုပ်ရင် ငွေရမယ်မျှော်လင့်တယ်။ နောက်ထပ် ငွေတစ်သောင်းရအောင်ထပ်ချေးလိုက်တယ်။

ဘယ်လိုချေးသလဲ ... ဘဏ်တခုတည်းကချေးရင် လစာငွေရဲ့ ၂ဆပဲချေးတယ်။ Credit Card နဲ့ချေးရင်လည်း လစာရဲ့ ၂ဆချေးနိုင်တယ်။ ဒီတော့ ဘဏ်တခုက လစာရဲ့ ၄ဆ ချေးနိုင်တာပေါ့။ ဘဏ် ၅ခုလောက်ဆီကဆို လစာရဲ့ ၂၀ဆ ချေးလို့ရတယ်။ ခက်တာက လစဉ်၅ရာနှုံးပြန်ဆပ်ရတော့ ချေးငွေ၃သောင်းဆို တိုးရင်းပေါင်းတော့ တစ်လကို ဒေါ်လာ၂ထောင်နီးပါးပြန်ဆပ်ရတယ်။ ကျွန်တော့လစာလေးက ဒေါ်လာ၃၀၀၀လောက်။ နှစ်ကုန်ရင် ဘောနစ်က ၄လစာရရင် တစ်သောင်းလောက်ပဲရတော့၊ ဒီအကြွေးဒေါ်လာ၃သောင်းကို ပြန်ဆပ်ဖို့ဆိုတာ လက်ရှိ ကိုယ့်အစွမ်းအစနဲ့တော့ မဖြစ်နိုင်တော့ဘူး၊ ဒါနဲ့ ဘဏ်ချေးငွေကို လစဉ် အရစ်ကျပြန်ဆပ်တဲ့ နည်းလမ်း ကလည်း ချေးချင်သူတွေအတွက် အတော်အဆင်ပြေလှပါတယ်။ 6 months Promotion Interest Rate 5% ... နဲ့ ဘဏ်တွေက ပေးပါတယ်။ ၆လအတွင်း မဆပ်နိုင်ရင် တခြားဘဏ်တခု အကောင့်ထပ်ဖွင့်ပြီး ငွေထပ်ချေး၊ အတိုး နှုံးမြင့်သွားတဲ့ အကြွေးတွေကို ပြန်ဆပ်ပေါ့။ Credit Card ချေးငွေတွေက အတိုးနှုံး ၂၄ရာနှုံး (မြန်မာပြည် က တစ်လ ၂ကျပ်တိုးနှုံးလောက်) ရှိတော့ ချေးငွေ ဒေါ်လာ ၃သောင်းဆို အတိုးချည်းပဲ တစ်လကို ဒေါ်လာ၈၀၀ လောက် ပေးလာရမယ်ဆိုတော့ ကိုယ့်ကိုယ်ကို ဟုတ်လှချည်ထင်တဲ့လူတွေ ဘဏ်တွေက Promotion လိုက်ရှာ ချေးငှားကြတာပေါ့။ စင်ကာပူကလည်း ဘဏ်တွေမှိုလိုပေါတဲ့နိုင်ငံပဲ။ ကျွန်တော်ရှာကြံချေးမယ်ဆိုရင် နောက် ထပ် ဘဏ်အခု ၂၀လောက်ဆီက ဒေါ်လ ၂သိန်းလောက်ချေးငှားပြီး စင်ကာပူကထွက်ပြေး၊ မြန်မာပြည်တောမှာ ပြန်နေလဲရတာပေါ့။ ဘယ်သူမှ ဒီလိုမလုပ်ချင်ပါဘူး။ သူခိုးဓါပြတောင် ဖြောင့်မတ်စွာလုပ်ကိုင်ချင်တာပဲ။ ဒီလိုနဲ့ ဘဏ်တစ်ခုက ၆လကြာရင် အတိုး 5% ကနေ 21% မပြောင်းခင် ကြိုပြီး Promotion 5% ရတဲ့ တခြားဘဏ်ကို Fund Transfer နည်းစနစ်နဲ့ အကြွေးတွေကို ဟိုရွှေ့၊သည်ရွှေ့ လုပ်ရတာပေါ့။ အကြွေးရှင် ဘဏ်ငွေစာရင်းတွေ များလာတော့ ဒီနည်းနဲ့လုပ်ရတာ ဦးနှောက်တော်တော်ခြောက်လာရတယ်။ ဘဏ်တွေကလည်း တယ်လီဖုန်း လှမ်းခေါ်ပြီး အကြွေးဆပ်ချိန်ကျနေပြီး တဂွမ်ဂွမ်ခေါ်လာကြတယ်။ လူပဲ .. ဒါလောက်များတဲ့ အကြွေးစာရင်းတွေ ကို မပေးပဲ မေ့သွားတယ်ဆိုရင် ဘဏ်ဝန်ထမ်းတွေက သတိပေးတယ်။ Late Fee တွေကလည်း မနည်းဘူး။ ဘဏ်မှ ငွေချည်းဖူးတဲ့ လူတိုင်း စိတ်ညစ်ရပုံပေါ့။ သြော် .. ဒါနဲ့၊ ဘဏ်တွေက ဘာလို့ လူတွေကို ၂လစာ ငွေချေး ကြသလဲ .. မေးစရာပဲ။ ဘဏ်ဆိုတာ မသေချာရင်ဘာမှ မလုပ်ဘူး။ ဘဏ်ဆိုတာ တရားဝင် ငွေတိုး ချေးစားတဲ့ အစိုးရအသိအမှတ်ပြု လုပ်ငန်းကြီးပဲ။ ကျွန်တော်လိုလူလည်း အကြွေးတင် Bankrupt ဖြစ်သွားပေမဲ့ ပြန်ဆပ်ဖို့ ကြိုးစားနေတာပဲ။

ငွေပိုရှာဖို့ကို အကြီးအကျယ်စဉ်းစားရတယ်။ Credit Card ကလည်း နောက်ထပ် ဒေါ်လာ၂သောင်းလောက်ထိ ချေးခွင့်ရှိသေးတယ်။ ငွေနောက်လိုက်ရင်း သေမထူး-နေမထူး Do or Die .. စင်ကာပူကထွက်ပြီး နိုင်ငံခြား ကိုသွား အလုပ်လုပ်မယ် ဆုံးဖြက်ခဲ့တယ်။ မြန်မာပြည်တော့ မပြန်ရဲဘူး၊ မြန်မာပြည်ပြန်ပြီး စင်ကာပူက စုဆောင်း ငွေ ဒေါ်လာသိန်းချီပိုက် မြန်မာပြည်ပြန်သွားတဲ့ မိတ်ဆွေများ ၃နှစ်လောက်အကြာ ကုတ်ကုတ်နဲ့ စင်ကာပူ ပြန်ရောက်လာ မြင်ရတော့ကြောက်တာပေါ့။ မြန်မာပြည် အာဏာပိုင်များနဲ့ ပေါင်းဖေါ်လုပ်ကိုင်ဖို့ လဲမဖြစ်နိုင်၊ အေးအေးဆေးဆေးပဲ ပြန်နေဖို့ကလည်း အရွယ်ကငယ်သေးတယ်ဆိုတော့ Adventure ပဲလုပ်ဖို့ ဆုံးဖြတ် ပါတယ်။ ဇနီးသယ်ကတော့ ဟိုး .. ဘဏ်ကြွေး စယူကတည်းက အတန်တန်တားခဲပါတယ်။ အခုတော့ မထူးတော့ဘူး အလွန်ဆုံးဖြစ်လှ Bankrupt ဖြစ်မယ်ဆိုရင်လည်း စင်ကာပူပီအာအဖြစ်ကို စွန့်လွှတ်ပြီး .. စုဆောင်းငွေ CPF money ပြန်ထုတ်၊ မြန်မာပြည်ပြန်ပြီး အေးအေးဆေးဆေး နေတော့မယ် .. Do or Die ပေါ့။

ကျွန်တော်နိုင်ငံခြားထွက်အလုပ်လုပ်တာလည်း တနှစ်နီးပါး ကြိုးစားခဲ့တာ အဆင်မပြေဘူး၊ နောက်ဆုံးတော့ စင်ကာပူမှာ Bankrupt လုပ်လိုက်ရပါတယ်။ နှစ်နဲ့ချီပြီး ကိုယ်စိတ်နှလုံး မချမ်းမြေ့ရတဲ့ကာလပါ။ စိတ်ထောင်း ကိုယ်ကျေ ဆိုတဲ့အတိုင်း ကိုယ်ခန္တာကလည်း နှလုံးရောဂါလို၊ သွေးတိုး၊ ခေါင်းကိုက်၊ အိပ်မပျော် .. ဒီကာလကို သစ္စာရှိတဲ့ ဇနီး၊မိသားစုအားဖြင့်၊ ဘုရားတရားအားဖြင့် ရပ်တည်ခဲ့ရပါတယ်။ ကိုယ်ပိုင်ပစ္စည်းဆို တယ်လီဖုန်း တောင် ပြန်သိမ်းခံရတယ်။ ကား၊အိမ် .. ပိုင်ရှင်နာမည်တွေလည်း မိန်းမနာမည်နဲ့ အမြန်ပြောင်းပစ်ရတယ်။ သို့မဟုတ် သိမ်းခံရမှာပဲ။ ဘဏ်စာရင်းတွေလည်း အကုန်ပိတ်ခံရတယ်။ နိုင်ငံခြားသွားခွင့်လည်း ပိတ်ပင်ခံရ တယ်။ လူမွဲစာရင်းခံရတယ်ဆိုတာ ... အရင်က ကြားဖူးတာပဲရှိတယ်။ အခုတော့ ကိုယ်တွေ့ပဲဗျို့။ မြန်မာပြည်မှာ ဆို သူဌေး၊ အရာရှိကြီးများ ချေးငွေပြန်မဆပ်နိုင်ရင် ထောင်ချပစ်ခံရတယ်၊ စင်ကာပူမို့ တော်သေးတာပေါ့ .. ဆိုပြီးဖြေရတယ်။

မိသားစုအရေးအတွက် ငဲ့ညာပြီး၊ စင်ကာပူမှာပဲ ရတဲ့အလုပ်ဝင်လုပ်ရပါတယ်။ အကြံကြီးတွေကို စွန့်ပစ်လိုက် ရတယ်။ ၂၀၁၀ခုနှစ် HDB အိမ်ဈေးတက်လာတဲ့အချိန်မှာ အိမ်ကိုရောင်းချလိုက်တော့ အမြက်ထွက်လာပါတယ်။ အကြွေးတွေကို ပြန်ဆပ်နိုင်ပြီး အကြွေးတင် Bankrupt ဘ၀ကတော့ လွတ်မြောက်သွားပါတယ်။ ဒါပေမဲ့ စင်ကာပူမှ နေစရာမရှိရင် ငှားနေရတဲ့ စရိတ်က တစ်လဒေါ်လ ၁၈၀၀လောက်ဆိုတော့ ရေရှည် ဘယ်တတ် နိုင်မလဲ။ အိမ်အသေးကို Down Grade လုပ်ပြီး ပြန်ဝယ်ရပါတယ်။ လစဉ် Installment ပေးရငွေများတော့ အိမ်မှာလည်း လူအပိုတင်ထားရပါတယ်။ စီးပွားရေးလုပ်ရင် ငွေအရင်းအနှီးရှာပြီးလုပ်ရတယ်ဆိုတဲ့ ကျွန်တော့ရဲ့ အတွေးအခေါ်လည်း ပျောက်သွားပါပြီ။ CPF စုဆောင်းငွေကို ထုတ်ပြီး မြန်မာပြည်အေးအေးဆေးဆေးပြန်နေရမဲ့ အရွယ်လဲမဟုတ်သေးဘူး။ အသက်၆၀ကျော်သူများ CPF ငွေအကုန်ထုတ်ပစ်လိုက်ပြီး မြန်မာပြည်ပြန်သွား နေတယ်။ အချိန်တန်တော့ စင်ကာပူမှာနေတဲ့ သားသမီးများဆီ တ၀ဲဝဲတလည်လည်နဲ့ ပြန်လာရတာပဲ။

ဒီစာကို ဖတ်ပြီး သြော် .. ဒီလိုငွေချေးလို့ရပါလား .. ဆိုပြီး ဒီလူမလုပ်တတ်လို့ပါ။ ငါသာဆိုရင် .. ဘယ်လိုလုပ် လိုက်မယ် .. ဆိုပြီး ဘဏ်ငွေချေး စီးပွားရေးလုပ်မဲ့လူတွေ ပေါ်လာမှာပါ။ ကျွန်တော်အဓိကရေးချင်တာက ဘ၀င်မြင့်စိတ်နည်းရင်၊ စီးပွားရေးအောင်မြင်ပါမယ် ဆိုတဲ့အကြောင်းပါ။ (လူဖြစ်မှတော့ ဘ၀င်မြင့်တာ ထုံးစံ ပါပဲ)။ ဘယ်လိုဖျောက်ရမလဲဆိုတော့ .. မိမိထက် ၁၀နှစ်မက အသက်ကြီးသူမိတ်ဆွေများနဲ့ အပတ်စဉ် တွေ့ဆုံ စကားပြော၊ ရင်ဖွင့်၊ အကြံဥာဏ်တောင်းခံရင် .. ဘ၀င်မြင့်ရောဂါ နည်းပါးသွားမယ်။ မိဘ၊ဦးလေးအဒေါ် .. စသဖြင့်ပေါ့။ ဒါမှ လူဘ၀မှာ နေရတာလည်း ပိုပြီး ၀မ်းမြောက်စရာဖြစ်လာမှာပါ။ သူဌေးဇာတာရှိသူတွေမှာ စိတ်ရှည်ခြင်း၊ ရောင့်ရဲ့ခြင်း (မသုံးသင့်တာမသုံးခြင်း) .. စတဲ့အရည်အချင်းများရှိတယ်လို့ Forbes မဂ္ဂဇင်းမှာရေးထားပါတယ်။ ကျွန်တော့မှာ ဒီဗီဇမရှိပါ။

ကိုယ့်အစွမ်းနဲ့စွတ် လုပ်မြဲလျှောက်လုပ်နေရင် ပိုးဖလံ၊မီးကိုတိုးသလိုပါ .. ငွေကြေးအခက်အခဲဖြစ်စေ၊ ဘာအခက် အခဲဖြစ်ပါစေ .. ရှောင်ပြေးလို့မရပါဘူး။ ရင်ဆိုင်ဖြေရှင်းခြင်းက အကောင်းဆုံးပါ။ ဘဏ်ကို လူတွေ့ သွားတွေ့ပါ။ အစိုးရကျွမ်းကျင်သူများကို တွေ့ဆုံအကြံဥာဏ်တောင်းပါ။ Bankrupt ဖြစ်သွားပြီး အကြွေးပြန်ဆပ် .. အဆင်ပြေ သွားသူတွေများပါတယ်။ မိမိအစွမ်းနဲ့ ငါဗဟိုပြု အသက်ရှင်မှုကို စွန့်လွှတ်ဖို့ပါ။ မိမိ ငွေကြေးဆိုင်ရာ အမှားကို သေချာ စီစစ်ကြည့်ရင် ဘယ်သူမပြုမိမိမှုပါပဲ..။ ကိုယ်၊စိတ်၊၀ိညာဉ် ကျန်မာရေးကို ဂရုစိုက်ပါ။

ငွေဆိုတာ လူကဖန်တီးထားတဲ့အရာပါ။ ဒီတော့ ရှင်းပါတယ်။ စီးပွားရေးလုပ်ချင်ရင် လူအဓိကပါပဲ။ ကျွန်တော့်မှာ တော့ စီးပွားရေးဇာတာမရှိ။ ဒါလောက်ပါပဲ။

No comments: