Sunday, May 15, 2011

မြန်မာ့ စီးပွားရေးတစေ့တစောင်း

ယနေ့ကမ္ဘာ့စီးပွားရေးကို တစေ့တစောင်းကြည့်ရင် အမေရိကန်ပြည်ထောင်စုဟာ အမေရိကန်ဒေါ်လာကို အမြောက်အများ ရိုက်ထုတ်ခဲ့တာကြောင့် အမေရိကန်ဒေါ်လာရဲ့ ခိုင်မာမှုဟာ တဖြည်းဖြည်း ကျဆင်းလာခဲ့ ပါတယ်။ ဒါကြောင့် အမေရိကန်ဒေါ်လာရဲ့ ခိုင်မာမှုဟာ ကမ္ဘာ့မည်သည့်ငွေကြေးနဲ့မဆိုယှဉ်ရင် ကျဆင်းလျက်ရှိ ပါတယ်။ ကမ္ဘာ့အနှံအပြား အမေရိကန်ဒေါ်လာဟာပြန့်နှံ့ခဲ့ပြီး၊ emerging markets များရှိတဲ့ အာရှ နိုင်ငံ တော်တော်များများကိုလည်း ရောက်လာခဲ့ပါတယ်။ မြန်မာကျပ်ငွေနဲ့ အမေရိကန်ဒေါ်လာ လဲလှယ်နှုန်း ကို ကြည့်မယ်ဆိုရင် အစဉ်တစိုက် ကျဆင်းနေတာကို တွေ့ရပါတယ်။ ဒါကြောင့် နိုင်ငံတိုင်းလိုလို က ရင်းနှီးမြှုပ်နှံ သူတွေဟာ အမေရိကန်ဒေါ်လာကို စွန့်ခွာလာကြပြီး property markets တွေဖက် ကူးပြောင်းရောက်ရှိလာ ပါတယ်။ စင်္ကာပူနိုင်ငံက property market ကြည့်ရင် အိမ်ဈေး (HDB & Condos) တွေဟာ တစ်နှစ်ထက် တစ်နှစ်မြင့်တက်နေသလို မြန်မာနိုင်ငံရဲ့ property market ဖြစ်တဲ့ရန်ကုန်၊ မန္တလေး၊ နေပြည်တော်လဲ အိမ်ခြံမြေဈေးကွက်တွေမှာ အိမ်ဈေး၊ တိုက်ခန်း ဈေး၊ ကွန်ဒိုဈေး၊ မြေဈေးတွေ ဟာ မြောက်တက်လျက် ရှိနေပါတယ်။ စင်္ကာပူအစိုးရဟာ HDB flats ဈေးတွေ မတက်အောင် စည်းကမ်း အမျိုးမျိုးနဲ့ ထိန်းချုပ်ခဲ့ပေမဲ့ ဈေးတွေကတော့ တဖြည်းဖြည်း တက်လာပါတယ်။ လူတွေဟာ အမေရိကန်ဒေါ်လာပေါ်မှာ အယုံအကြည်မရှိတော့ဘဲ ရွှေ နဲ့ property market တွေမှာ ရင်းနှီးမြှုပ်နှံဖို့ကို ပိုမို စိတ်ဝင် စားလာကြပါတယ်။

တချိန်တည်းမှာ commodities ဈေးကွက်ကိုကြည့်ရင် ဈေးနှုန်းတွေ တဖြည်းဖြည်းမြင့်တက်နေပါတယ်။ ဘိလပ်မြေ၊ သံချောင်း၊ ဓါတ်မြေသြဇာ၊ ရေနံ ဒီဇယ်၊ ဓါတ်ဆီ၊ စားနပ်ရိက္ခာစတဲ့ commodities တွေရဲ့ ဈေးနှုန်း တွေဟာ တဖြည်းဖြည်းမြင့်တက်နေ တဲ့အတွက် ဖွံ့ဖြိုးစနိုင်ငံသာမက emerging markets နိုင်ငံတွေ ကို ခြိမ်းခြောက်လျက် ရှိပါတယ်။

ကမ္ဘာမှာ စီးပွားရေးပွင့်သစ်စ emerging market နိုင်ငံအတော်များများ ပေါ်ပေါက်လာနေပါပြီ။ emerging markets တွေဟာ အာရှ၊ လက်တင်အမေရိက က နိုင်ငံတွေသာမက အာဖရိကမှာတောင် စတင်တွေ့နေရပါပြီ။ ဘာကြောင့်လဲဆိုတော့ ကမ္ဘာစီးပွားရေးမှာ စူပါပါဝါဖြစ်နေတဲ့ တရုတ်နိုင်ငံဟာ အာဖရိက နိုင်ငံ တော်တော်များများမှာ ရင်းနှီးမြှုပ်နှံနေလို့ ပဲ ဖြစ်ပါ တယ်။ ဒါပေမဲ့ စီးပွားရေးစူပါပါဝါဖြစ်နေတဲ့ တရုတ်ပြည် ဟာ လောလောဆယ် issue တစ်ခု ရင်ဆိုင်နေရတယ်။ ဒါဟာ တရုတ် ပြည်ရဲ့ one child policy ကြောင့်ပဲလို့ ဆိုရမှာဖြစ်ပါတယ်။ တရုတ်ပြည်ဟာ တဖြည်းဖြည်း aging country အဖြစ် ရောက်သွားမှာကို စိုးရိမ်နေကြပါပြီ။ ဂျပန်နိုင်ငံဆိုရင် သူရဲ့ မျိုးဆက်သစ် လူငယ်တွေရဲ့ လူမှုရေးပိုင်းဆိုင်ရာ တွေးခေါ်မှုတွေကြောင့် အိမ်ထောင်ပြုသားမွေးသူတွေ နည်းလာပြီး ငယ်ရွယ်နုပျိုတဲ့ မျိုးဆက်သစ် အင်အားစုတွေ ဟာ လျော့ပါးလျက်ရှိနေပါတယ်။ ဂျပန်မှာ သက်ကြီး ရွယ်အိုတွေ များပြားနေတာကြောင့် aging country အဖြစ် ရောက်မှန်းမသိ ရောက်နေတာကို ပြန်လည်အဖတ်ဆယ်တင်ဖို့ကျိုးစားနေကြရပါတယ်။

တစ်နေ့က နေပြည်တော်မှာကျင်းပတဲ့ UMFCCI နှစ်ပတ်လည်အစည်းအဝေးမှာ ဒုတိယသမ္မတ က မြန်မာနိုင်ငံမှာ capital market ပေါ်ပေါက်လာရေးအတွက် မျှော်မှန်းကြိုးပမ်းသွားကြဖို့ အလေးပေးပြော ကြားခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ငွေကြေးကဏ္ဍမှာ ပြုပြင်ပြောင်းလဲမှုတွေ အမျာကြီးလုပ်ဖို့ လိုအပ်နေပါတယ်။ လုပ်ဖို့လည်းပြင်ဆင်နေကြပြီလို့တော့ သတင်းကြားရပါတယ်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကဏ္ဍမှာ ဘာကြောင့်ရင်းနှီးမြှုပ်နှံမှု များလာသင့်သလောက် မလာတာလဲ၊ အထူးစီးပွား ရေးဇုန် ဥပဒေလည် ပြဌာန်းပြီးပြီ။ ကမ္ဘာ့အရပ်ရပ်မှာရှိတဲ့ fund manager တွေ investment banks က တာဝန်ရှိသူတွေနဲ့ မြန်မာနိုင်ငံ မှာ ရင်းနှီးမြှုပ်နှံဖို့အကြောင်း ပြောလိုက်ရင် သူတို့က political image ကို ထောက်ပြကြပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့ political Image ကောင်းလာအောင် ဘယ်လို ပုံဖေါ်ကြမလဲ၊ စဉ်းစားဆောင်ရွက် ကြဖို့တော့ လိုနေပြီ လို့ ထောက်ပြပြောဆိုတာများပါတယ်။ တနေ့က စားပွဲဝိုင်းဆွေးနွေပွဲမှာ စီးပွားရေးတက္ကသိုလ် ကဆရာတစ် ဦး က အစိုးရသစ်ဟာ စီးပွားရေးနှင့်ပတ် သက် ရင် အရာရာ ကို သိပ်ပြီး စဉ်းစားနေတယ်၊ သတိကြီးစွာနဲ့ ဆောင် ရွက် နေတယ် လို့ very cautiously, over cautiously စသည်စကားလုံးများသုံးပြီး အားမလို့ အား မရသုံးသပ်ခဲ့ ပါတယ်။ တခြားအပိုင်းတွေ လဲသူလုပ် မလား ကိုယ် လုပ် မလားနဲ့ ပဲစောင့် ကြည့် နေကြတုံးပါပဲ။ ၀န်ကြီးဌာနတစ် ခုကိုတော့ လာဘ်ပေးလာဘ် ယူတွေအလွန်များနေကြောင်းနိုင်ငံတော် သမ္မတ က လူတွေရှေ့ မှာ ပြောတယ် လို့ တော့ သတင်းကြားပါ တယ်။ ဘာထောက်ထား စရာရှိလဲ၊ သတင်းမီဒီယာရှေ့မှာ ပေါ်ပေါ်ထင်ထင် သတိပေး ဖို့ကောင်းတယ်။ လူကြီးတစ် ယောက်ဆို ရင် လာဘ်ပေးလာဘ်ယူ ကိစ္စနဲ့ ပတ် သက် ပြီး သူ့ ကို အထင်အမြင်လွဲ မှာ ကို အရမ်း စိုးရိမ် တယ်။ လူကြီးတွေ အဲဒီ လိုအကြောက်တရား ရှိနေရင်ကောင်း တဲ့ အလားအလာ တွေပဲ။ နိုင်ငံတော်သမ္မတရဲ့ ပထမအကြိမ် ပြည်သူလွှတ်တော် အစည်းအဝေးမှာ ပြောကြားတဲ့ မိန့်ခွန်းအရ မတူညီတဲ့ သဘောထားအမြင်တွေရကြမှာ ဖြစ်သော်လည်း တိုင်းပြည်ရဲ့ အကျိုးစီးပွားအတွက် တူညီတဲ့ကိစ္စတွေမှာ ပူးပေါင်းပါဝင်ဆောင်ရွက်ကြမယ် အစိုးရအဖွဲ့အနေနဲ့ ငြိမ်းချမ်းရေး တံခါးကို ဖွင့်ထားပြီး လက်ကမ်းကြိုဆို မှာဖြစ်ကြောင်း ပြောကြားထားတဲ့အတွက် မြန်မာနိုင်ငံရဲ့ ရှေ့အလားအလာမှာ တဖြည်းဖြည်း political image ကောင်းလာအောင် ဒီအစိုးရအနေနဲ့ လုပ်နေတယ်ဆိုတာ ထင်ရှားပါတယ်။

investment များ ဝင်လာအောင် နောက်လိုအပ်ချက်တစ်ခုကတော့ အရာရာကို ထင်သာမြင် သာဖြစ်အောင် ပြုလုပ် ထားခြင်းပဲ (transparency)ဖြစ်ပါတယ်။ နှုတ်နဲ့ပြောတာကို အကောင် အထည်ဖေါ်တာ တို့၊ အယူအဆမတူရင် မတူတဲ့အကြောင်း၊ မိမိအမြင်က ဘယ်လိုရှိတယ်ဆိုတဲ့အကြောင်း၊ ရဲရဲဝံ့ဝံ့ မပြောရဲတာတို့၊ မလိုအပ်ဘဲ ဖုံးကွယ်ထားတာတို့စတဲ့ ဆင်ခြင်ရမဲ့အကြောင်း တွေကို ဆင်ခြင်လိုက်ရင် ကျွန်တော်တို့နိုင်ငံ image ဟာ ကမ္ဘာ့မျက်နှာစာ မှာ ကောင်းလာလိမ့်မယ်လို့ ထင်ပါတယ်။

အခုလိုအချိန်မှာ မြန်မာနိုင်ငံထဲ လာရောက်ရင်းနှီးမြှုပ်နှံလိုသူတွေ များပြားနေပါတယ်။ နိုင်ငံအသီးသီးက လုပ်ငန်း ရှင်များဟာ အရိပ်အခြေကို လာရောက်ကြည့်ရှုလျက် ရှိနေပါတယ်။ ကျွန်တော်တို့ဟာ နိုင်ငံအလိုက် country-wise risk analysis တွေကို လေ့လာထားဖို့ လိုပါတယ်။ risk တွေ ဘယ်လိုရှိနေသလဲဆိုတာ လေ့လာထားဖို့ လိုပါတယ်။ investment ဆိုရင် ဘာဘဲလာလာပြီးရောဆိုတဲ့ သဘောမျိုးမထားဘဲ country-wise risk rating တွေကို လုပ်ထားကြဖို့ လိုပါတယ်။ စီးပွားရေးပညာရှင် တွေ၊ ဘဏ်လုပ်ငန်းပညာရှင်တွေ ဟာ မြန်မာလုပ်ငန်းရှင်တွေ သိရှိနေအောင် အမြင်အယူအဆများ ရေးသား သင့်ပါတယ်။ မြန်မာမှာ လာရောက် ရင်းနှီး မြှုပ်နှံမဲ့ နိုင်ငံရဲ့ ငွေရေးကြေးရေး ပေါ်လစီတွေ၊ လက်တွေ့ဆောင်ရွက်နေကြမှုတွေကို စုံစမ်းလေ့လာထားရမှာ ဖြစ်ပါတယ်။ ဗီယက်နမ်မှာဆိုရင် ပြည်သူတွေက ဘဏ်တွေအပေါ် ယုံကြည်မှုနည်းပါးပါတယ်။ ဟနွိုင်းမြို့ ရေကန်ကြီးဘေး အဓိကလမ်းမကြီး ပေါ်က shop house တစ်ခုဟာ အမေရိကန်ဒေါ်လာ (၂)သန်းခွဲဈေးလောက် ဈေးပေါက်နေပါတယ်။ မတန်တဆဈေး ဖြစ်ပါတယ်။ စင်္ကာပူရဲ့ prime area Raffle square က shop house တစ်ခုကလည်း အဲ့ဒီဈေးလောက် ရှိပါတယ်။ ဗီယက်နမ်မှာ ပြည်သူတွေက ဘဏ်တွေကို ယုံကြည်မှုအားနည်းတာကြောင့် property market မှာ မတန်တဆဈေးတွေပေးပြီး ရင်းနှီးမြှုပ်နှံထားကြတာပါ။ မြန်မာနိုင်ငံက ငွေရှင်ကြေးရှင်တွေလည်း capital market မရှိတာက တကြောင်း၊ ရင်းနှီးမြှုပ်နှံလိုရင် အဆင့်များရှုပ်ထွေးတာက တကြောင်း၊ ငွေဖြစ်လွယ်တဲ့ gold နဲ့ property market တွေမှာ ရင်းနှီးမြှုပ်နှံမှုများနေခြင်း ဖြစ်ပါတယ်။

ဒီတော့ ဒီနေ့ကမ္ဘာ့စီးပွားရေးကိုကြည့်ရင် တဟုန်ထိုးရိုက်နှိပ်ထုတ်ဝေနေတဲ့ အမေရိကန်ဒေါ်လာတွေဟာ နိုင်ငံ အများအပြားမှာ ရောက်ရှိနေပြီး၊ ဖေါင်းပွလျက်ရှိနေပါတယ်။ အမေရိကန်ဒေါ်လာ ဈေးပြန် တက်လာဖို့ ဆိုတာ လောလောဆယ် မဖြစ်နိုင်သေးပါဘူး။ တစ်ဖက်မှာကြည့်ရင် လည်း commodities ဈေး နှုန်းတွေ ဟာတဖြည်းဖြည်းမြင့် တက်နေပါတယ်။ ကမ္ဘာပေါ်မှာ အာရှ၊ လက်တင်အမေရိကရှိ နိုင်ငံတော်တော် များများမှာ emerging markets တွေအဖြစ်ပေါ်ပေါက်လာ လျက် ရှိပါတယ်။ အာဖရိက ကနိုင်ငံအချို့ မှာတောင် emerging market အဖြစ် တာစူနေပါပြီ။ ဒီအခြေအနေအတိုင်း (၃-၄)နှစ်တော့ ရှိနေအုံးမှာ ဖြစ်တယ်လို့ သုံး သပ်ကြပါတယ်။

ဒီလိုရှိနေတဲ့ စီးပွားရေးဝဲဂယက်ထဲမှာ ကျွန်တော်တို့ မြန်မာ့စီးပွားရေးလုပ်ငန်းရှင်တွေ ဘယ်လိုကျော်ဖြတ်၊ ကူးခပ်နိုင်မလဲဆိုတာ တစ်ဦးချင်းအစွမ်းအစတွေပေါ် မူတည်နေပါတယ်။

ဝန်ခံချက်/ အထက်ပါ စာစုတွေဟာ Singapore, Strait Capitals က Dr. Wang Yit Fang နဲ့ UMFCCI မှာ ၃-၅-၂ဝ၁၁ နေ့က ကျင်းပတဲ့ စကားဝိုင်းဆွေးနွေးချက်များမှ ကောက်နှုတ်တင်ပြ ရေးသားထား တာ ဖြစ်ပါတယ်။

No comments: