Saturday, May 14, 2011

မြန်မာနိုင်ငံကဘဏ်တွေနဲ့ on line banking

ဘဏ်တွေ ဘာလုပ်နေလဲဆိုတာ ဂျာနယ်တွေရဲ့ သတင်းစာမျက်နှာတွေမှာ ဖတ်ရသော်လည်း အပေါ်ရံပဲ ရေး ထား တာများပါတယ်။ လာပြီးအင်တာဗျူးလုပ်တဲ့ သတင်းထောက်တွေကလည်းပေါ်ပင်သတင်းကို လိုက်သလိုမျိုး နှိုက်နှိုက်ချွတ်ချွတ် မလေ့လာပဲ လာ ဗျူးကြတော့ အ ဗျူး ခံရသူမှာ ပြောအားမရှိဖြစ်ရတာ များပါတယ်။ Economist တို့လို The Business Times တို့လို အကြောင်းအရာတစ်ခုရဲ့ အခြေခံကို ပိုင်နိုင်စွာသိပြီး သုတေသနပြုလုပ်မေးမြန်းကြတာ မဟုတ်တော့ အစကအဆုံး ပြန်ရှင်းပြ နေကြရတဲ့အပြင် အင်တာအ ဗျူး ခံရသူဟာ အကုန်ပြောပြလိုက်ရင် ငါပြောတာတခြားသူရေးတာတစ်မျိုး ဖြစ်နေမှာစိုးရိမ်တာကြောင့် မပြည့်စုံတာ များပြီး ဖတ်ရတာ ဆားမပါတဲ့ ဟင်းစားရသလို ဖြစ်နေတတ်ပါတယ်။

ဘဏ်တွေနဲ့ ပါတ်သက်ပြီး ခေတ်စားနေတာက on-line banking ပါ။ ATM card တွေ Debit card Credit Card တွေသုံးစွဲကြဖို့ပဲ တာစူရေးနေကြတာပါ။ ပုဂ္ဂလိကဘဏ်တွေကော အစိုးရတစ်ပိုင်း ဘဏ်တွေ ကိုစာင့်ကြည့်ကြပ်မတ် ထိန်းသိမ်းညွှန်ကြားနေတာကပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ ဗဟိုဘဏ် ပါ။ အတိုကောက်ခေါ်ရရင် CBM Central Bank of Myanmar ပါ။ ဘဏ်တွေဟာ စည်းလွတ်ဝါးလွတ် လုပ်ချင်တိုင်း လုပ်လို့မရပါဘူး။ နိုင်ငံတကာက ဘဏ်တွေလိုပဲ အချိုးတွေနဲ့ ထိန်းထားပါတယ်။ တလောက ဖ ဦးထုတ် စီးပွားရေး ပညာရှင်တစ်ယောက်နဲ့ တွေ့တော့ မြန်မာက ပုဂ္ဂလိကဘဏ်တွေကော အချိုးပေါ်မှာ အလုပ်လုပ် ပါသလားလို့ မေးတာတောင် ခံရပါတယ်။

စာရေးသူဆိုလိုချင်တာကတော့ CBM မတင်ပြဘဲ ပုဂ္ဂလိကဘဏ်တွေကော အစိုးရတစ်ပိုင်း ဘဏ်တွေကောဘာမှ လုပ်လို့မရပါဘူး။ CBM ကဦးဆောင်ပြီး banking network ကို ဘဏ်များမှ အချိုးကျ ထည့်ဝင်ငွေထည့်ပြီး တည်ဆောက် ဆောင်ရွက်နေပါတယ်။ ဒီ banking network ရဲ့ အဓိက ရည်ရွယ် ချက်ကတော့ ဘဏ်တွေနဲ့ CBM အကြား on line ပေါ်မှာ အလုပ်လုပ်နိုင်အောင်လုပ်ဖို့ ဖြစ်ပါတယ်။ လူအများ နားလည်နိုင်အောင်ပြောရရင် B2B ပေးတဲ့ cheque တစ်ခုကို ဘဏ်တစ်ခုက (၂၄)နာရီကြာမှ clear လုပ်နိုင်ပါ တယ်။ အချိန်သည် ငွေဟုဆိုနေသည့် ခေတ်ကြီးထဲတွင် ဒါလောက်ကြာ၍ မရပါ။ ဒါကြောင့်လည်း ကုန်သည်တွေ ဟာ ငွေထည့်ထားတဲ့ ဆာလာအိတ်ကြီးတွေနဲ့ ဘဏ်တွေရှေ့မှာ၊ ဘဏ်တွေထဲ မှာ၊ ငွေထုတ်ငွေသွင်း လုပ်နေကြ တာပါ။ ဒါကလည်း လုပ်ငန်းရှင်တစ်ဦးနဲ့ ဆွေးနွေးကြည့်တဲ့အခါ သူတို့ လည်း ငွေထုတ်ကြီးတွေ နဲ့ အပို့ အသွင်း အထုတ် မလုပ်ချင်ကြပါဘူး။ cheque ကိုပဲ သုံးချင်ကြပါတယ်။ ဒါပေမဲ့ clearing က အချိန်ယူ တာကြောင့် ငွေတွေယူလာပြီး ဘဏ်သွင်းထုတ် payment လုပ်နေကြရတာ ဖြစ်ပါတယ်။ CBM နဲ့ ဘဏ်တွေအကြား clearing လုပ်တာကို မြန်အောင် banking network တည်ဆောက်တာ ဖြစ်ပါတယ်။ ဒီအချက်ကြောင့်လည်း ထိရောက်မှုရှိတဲ့ banking network ကို မျှော်မှန်းကြတာပါ။ ဒါပေမဲ့ DDOS attack တွေကြောင့် အင်တာနက်တွေ နှေးနေတာရယ်။ မရတာရယ်နဲ့ပဲ banking network လုပ်ငန်းဟာ ရာခိုင် နှုန်းပြည့် မအောင်မြင်သေးပါဘူး။ မြန်မာ IT ပညာရှင်တွေ၊ ဘဏ်တွေ ကြိုးစားနေကြဆဲပါ။

နောက်အပိုင်းတစ်ခုက on line banking ပါ။ ဒါကလည်း ATM စက်တွေ ဘဏ်တွေရှေ့မှာ နေ့ချင်းညချင်း ပေါ်ပေါက် လာတော့မယ်ပုံလိုမျိုး ဂျာနယ်တွေမှာ ရေးသားနေကြပါတယ်။ လွန်ခဲ့သော (၄/၅/၆)လက CBM နဲ့ ဘဏ်အသင်း ဦးဆောင်ပြီး payment system နဲ့ ပတ်သက်တာ ကို လေ့လာတင်ပြဖို့ အဖွဲ့တစ်ခု ဖွဲ့ပေးခဲ့ပါတယ်။ အဲ့ဒီအဖွဲ့က သူတာဝန်အရ ဖြစ်နိုင်ချေအားလုံး ကို CBM ထံ လေ့လာတင်ပြပြီးပါပြီ။ အတိုချုပ် တင်ပြရရင် ATM card, Credit card, Debit Card တွေကို ဘဏ်တော်တော်များများက လုပ်ချင်နေကြပါတယ်။ ဘဏ်သေးသေးတွေကတော့ ရှေ့မဆောင်နိုင်ပါဘူး။ ဘဏ်ကြီးတွေလုပ်ရင် ကိုယ်အင်ကိုယ်အားနဲ့ လိုက်လုပ်နိုင်မယ်ဆိုရင် လုပ်မယ်။ ဘဏ်တိုင်းဟာ သူ Card တွေကို သူဖါသာ ထုတ်မယ်၊ သုံးခွင့်ပြုမယ်ဆိုရင် Points of Sales POS တွေမှာ Card Reader တွေ အများကြီး ထားနေရ တော့မယ်။ ဒီဆိုင်က ဒီဘဏ်ရဲ့ Card ပဲ လုပ်ပေးမယ်ဆို ရင်တော့ ဖြစ်နိုင်ပေမဲ့ ဘောင်ကျဉ်း တာပေါ့လေ။ CBM က ဒီ Card စနစ်ကို ဘဏ်တွေစုပေါင်းပြီး လုပ်ကြဖို့ လမ်းညွှန်ထားပါတယ်။ တရုတ်နိုင်ငံမှာ China Union Pay (CUP) လိုမျိုးပေါ့။ ဘဏ်တွေက CUP အောက်ကနေ Card စနစ်တွေကို လုပ်ကြရတာပါ။ မြန်မာမှာလည်း Myanmar Union Pay (MUP) ပေါ့လေ။ ဘဏ်တွေအားလုံးဟာ ဒီ Umbrella အောက်က ရှယ်ယာထည့်ချင်ထည့်မယ်၊ စုပေါင်းပြီး ဝင်လုပ်ကြရမှာ ဖြစ်ပါတယ်။

ဒါမှမဟုတ်ရင် စာရေးသူအမြင်ကတော့ ပုဂ္ဂလိကဘဏ်ကြီးတစ်ဘဏ်က ဦးဆောင်ပြီးလုပ်၊ အဲ့ဒီဘဏ်ကြီးအောက်က ဘဏ်လေးတွေက ရှယ်ယာဝင်ပြီး လုပ်ချင်ရင်လုပ်ပေါ့။ ဒါမှသာ Debit card, ATM card, Credit Card တွေ ဖြစ်လာနိုင်မှာပါ။ ဒါပေမဲ့ Over night နေ့ချင်းပြီးဖြစ်လာမှာ မဟုတ်ပါဘူး။ ATM machines ရောင်းချင်တဲ့သူတွေ၊ Card လုပ်တဲ့စက်ရောင်းချင်သူတွေကတော့ ဘဏ်တွေလှည့်ပြီး သူဟာဘယ်လိုကောင်းတယ် ဆိုပြီး ကြော်ငြာနေတာပဲရှိမယ်။ အဓိကအပိုင်းဖြစ်တဲ့ software ပိုင်းကို ဘယ်သူမှ မလုပ်ကြသေးဘူး။ ဘဏ်တွေ on line ဖြစ်ဖို့ဘယ် platform ကို သုံးမှာလဲ၊၊ ဒါအပြင် MPT lease line က firewall system ကို စနစ်တကျ အဆင့်မြင့်မြင့် တည်ဆောက်ထားဖို့ လိုပါတယ်။ lease လိုင်းကကော စိတ်ချရရဲ့လား၊ စင်္ကာပူမှာ AXS machine ကနေ လျှပ်စစ်၊ တယ်လီဖုန်း၊ အခွန်စတာတွေကို on line ပေးလို့ရတယ်။ ပုံကြည့်ပါ။

ဒါကလည်း စင်္ကာပူရဲ့ အင်တာနက်စနစ်ဟာ အလွန် အလွန် ကောင်းမွန်နေလို့ပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အင်တာနက် စနစ် အဲ့ဒီလောက်နီးပါး ကောင်းနေရင် စာရေးသူတို့ လုပ်ငန်း ရှင်တွေအားလုံး လက်မထောင်နေနိုင်ပြီ။ အခြေခံ အဆောက်အအုံ အားနည်းချက်လို့ ဆိုရမှာပေါ့ဗျာ။ အဓိက အပိုင်းဖြစ်တဲ့ software ကိုလုပ်ဖို့ စိတ်ဝင်စားတဲ့မြန်မာလုပ်ငန်းရှင်တစ်ဦးနဲ့ စာရေးသူ မကြာခင် ကပဲ ဆွေးနွေးလိုက်ရတယ်။ သူရဲ့ စီးပွားရေးဖြစ်တာမို့ ဘယ်သူ ဘယ်ဝါဆိုတာ ဂဃနဏ မရေးချင်ပါဘူး။ သူတင်ပြမဲ့ software က လည်း တရုတ်ပြည်က Software ပညာရှင်တွေကို အခြေခံပါတယ်။ China Union Pay လိုမျိုး ဆန်ဆန်ပါပဲ။ သူဆွေးနွေးတာတွေကို စာရေးသူပြန်ဖြေ ရတာ တော်တော်ခက်တယ်။






စင်ကာပူ HDB နဲ့ shoppinf centre အောက်တွေမှာရှိတဲ့ AXS machine

''မြန်မာနိုင်ငံဗဟိုဘဏ်ဥပဒေ'' နဲ့ ''မြန်မာ နိုင်ငံတော်ငွေရေးကြေးရေးအဖွဲ့အစည်း များဥပဒေ'' များမှ card payment စနစ်နဲ့ ပါတ်သက်ပြီး ဖေါ်ပြထားတာများ ရှိပါသလားတဲ့။ စာရေးသူလက်လှမ်းမီသရွေ့ကြည့်တာ မတွေ့ပါဘူးလို့ ဖြေလိုက်ရတယ်။ ဗဟိုဘဏ်က စည်းမျဉ်းစည်းကမ်း ထုတ်ပြန်ပြီး လုပ်နိုင်ပါလိမ့်မယ်လို့ မယုတ်မလွန် ဖြေခဲ့ရတယ်။ နောက် မြန်မာနိုင်ငံမှာ payment စနစ်တွေ Card တွေ သုံးနေပြီလားဆိုတော့ စူပါမားကတ်တွေမှာ Debit Card လိုမျိုး offline သုံးနေကြတာတော့ရှိတယ်။ ဒီလိုလုပ်နိုင်သလား မလုပ်နိုင်ဘူးလား ကျွန်တော်မသိပါဟု ပြန်ဖြေခဲ့ရပါတယ်။

သူရဲ့ National Card switching system စနစ်ကို ရှင်းပြပါတယ်။ စာရေးသူ အမြင်မှာတော့ မြန်မာနိုင်ငံဘဏ်တွေအတွက် စဉ်စားရမှာက ဒီ software စနစ်မျိုးဖြစ်ပါတယ်။ မရေရာတဲ့ စနစ်တွေ၊ ATM ပစ္စည်းရောင်းချင်တာပဲ ရှေ့တန်းတင်နေတဲ့ သူတွေနဲ့ ထိတွေ့မဲ့အစား ဒီလိုပုဂ္ဂိုလ်မျိုး ကို တွေ့သင့်တယ်ထင်တာပဲ။ အမှန်တော့ National Card switching system စနစ်ဟာ အလွန် ကျယ် ပြန့်ကြီးမားပါတယ်။ ဘဏ်ကြီးတွေက CBM နဲ့ ညှိနှိုင်းပြီး ဦးဆောင်လုပ်ရင် ကောင်းမယ်ထင်ပါတယ်။ ဘဏ်လေးတွေကို လက်တွဲခေါ်ပေါ့။ Myanmar Union Pay MUP ပေါ်လာပြီး Umbrella အောက်မှာ လုပ်ကြဖို့ ပါပဲ။ စာရေးသူလည်း ဒီ software အပိုင်းဟာ အရေးကြီးတယ်လို့ ထင်တဲ့အတွက်CBM က Governor ကို တွေ့ခွင့်တောင်းပြီး တင်ပြဖို့ကောင်းတယ်လို့ အကြံပေး လိုက်ရတယ်။

ဒီကြားထဲ စင်္ကာပူ Straits Capital က Dr. Wang Yit Fan က သတိပေးထားသေးတယ်။ IT ကဏ္ဍနဲ့ ဘဏ် ကဏ္ဍဟာ တပြိုင်နက်တည်း ယှဉ်ပြိုင်တိုးတက်နေပါတယ်။ ဘဏ်တွေက IT ကဏ္ဍတိုးတက်လာတဲ့ အနေအထား ကို လစ်လျူရှုလို့ မရဘူး။ ဖိလစ်ပိုင်၊ တောင်အာဖရိကနိုင်ငံတွေဟာ leak frog လုပ်တဲ့အနေနဲ့ on line banking ကို ဘေးချိတ်ပြီး mobile phone banking လုပ်နေကြပြီလို့ ပြောသွားတယ်။ leak frog ဆိုတာ အဖြူအမဲ တီဗွီမလုပ်တော့ ကာလာတီဗွီကို ခုန်လိုက်တာကို ဆိုလိုတာပါ။ ဒါကြောင့် စာရေးသူ တို့ ATM, Credit, Debit Card တွေ လုပ်နေကြမဲ့အစား Mobile Phone Banking ကို သွားကြမလား စဉ်းစားကြဖို့ ကောင်းနေပါပြီ။

No comments: