Wednesday, October 5, 2011

FEEL (Taste)ဆိုင်ကစားပွဲထိုးများရဲ့ဥပဒေသ

တနေ့သ၌မောင်တိုင်ပင်ဟာရန်ကုန်ဟယ်လပင်လမ်းရှိ FEEL (Taste) စားသောက်ဆိုင်၌ စီးပွားရေးသမား သူငယ်ချင်းမိတ်ဆွေများနှင့်အတူ နံနက်စာဝိုင်းဖွဲ့ စားသောက်ဆူညံစွာ စကားပြောနေချိန်တွင် FEEL စားသောက်ဆိုင်ပိုင်ရှင်က သူ၏ စားပွဲထိုးများအကြောင်းကို ဟာသနှော၍ ပြောပြခဲ့ရာကုန်ကြမ်းရှာနေသော မောင်တိုင်ပင်အတွက် blog တွင် ရေးစရာကုန်ကြမ်း ရရှိလာသဖြင့် မိမိခေါင်းထဲ၊ စိတ်ကူးထဲက မပျောက်မီ အမြန်ဖေါက်သည်ချလိုက်ပါတယ်။

Feel ဆိုင်ပိုင်ရှင်က ” ငါ့ဆိုင်က စားပွဲထိုးတွေထဲမှာ အကွက်မြင်တဲ့ စားပွဲထိုးတွေ တော်တော် များများရှိတယ်။ FEEL ကို နေ့စဉ်လာရောက်စားသောက်လေ့ရှိတဲ့ Customer တစ်ယောက်ဟာ ငါ့ဆိုင်က ပုဇွန်ကြော်ကို တော်တော်ကြိုက်တယ်ဗျ၊ သူရဲ့ ပင်ကိုယ်စရိုက်လက္ခဏာကလည်း နည်းနည်း အကြွားသန်တဲ့ပုံရှိတယ်။ ကိုယ့်စားပွဲထိုးကလည်း သူ့ကားဆိုင်ရှေ့ရောက်တာနဲ့ ပုဇွန်ကြော် ကိုမှာပြီးနေပြီ။ သူဆိုင်ထဲ ကို ကားသော့ကလေးတစ်ကိုင်ကိုင်နဲ့ ရောက်လာပြီး စားပွဲမှာထိုင်လိုက်ပြီဆိုရင်ပဲ ရေနွေး ကြမ်းတစ်ခွက်နဲ့ ပုဇွန်ကြော်တစ်ပွဲ က ရောက်နေပြီ။ သူက အဲဒိဖြစ်စဉ်ကို တော်တော်သဘောကျပြီး ငါဆိုင်က စားပွဲထိုးကိုလာတိုင်း ဘောက်ဆူး(tips)ကောင်းကောင်း ဆုချတယ်။ တစ်ရက် သူက သူ့ အပေါင်းအသင်းမိတ်ဆွေတွေ ခေါ်လာပြီး ကားပေါ်မှာကတည်းက ကြိုတင်ကြွားထားတာနဲ့တူတယ်။ ဒီဆိုင်က စားပွဲထိုးတွေက အပီ ပဲ။ ငါရောက်လာတာနဲ့ ငါကြိုက်တတ်တဲ့ ပုဇွန်ကြော်က စားပွဲပေါ် ရောက် နှင့် နေပြီဆိုပြီး မိတ်ဆွေအပေါင်းအသင်းတွေကို ကားပေါ်မှာကတည်း ကကြွားထား တာကိုး။ ထုံးစံအတိုင်းပဲ ကိုယ့်စားပွဲ ထိုးက သူကားမြင်တာနဲ့ မီးဖိုကို ပုဇွန်ကြော်ဖို့ လှမ်းခိုင်းလိုက်ပြီ။ သူစားပွဲလာထိုင်နေချိန်မှာပဲ ပုဇွန်ကြော်က ရောက်လာတော့ သူ့မိတ်ဆွေအပေါင်းအသင်းတွေကို ငါကွဆိုတဲ့ အကြည့်နဲ့ ကြည့်ပြီး ပုဇွန်ကြော်တွေ ချကျွေးတဲ့အပြင် မှာကြလေကွာ၊ မင်းတို့ ကြိုက်တဲ့ဟင်း မှာကြဆို ပြီး စားကြသောက်ကြနဲ့တစ်ပွဲ ပြီးသွားတာပေါ့ကွာ။”

”ဒါနဲ့ ဒီ Customer လာတိုင်း ကိုယ့်စားပွဲထိုးက ပုဇွန်ကြော်နဲ့ အစပျိုးတော့ သူက ပုဇွန်ကြော်ကို ငြီးငွေ့လာပြီ၊ ဘယ်သူမှ မပါတဲ့ ရက်တစ်ရက၊် သူက ကိုယ်စားပွဲထိုးကို “ ဟေ့ကောင် ပုဇွန်ကြော်ချဉ်းပဲ လုပ်မနေနဲ့ကွာ၊ ငါတခြားကြိုက်တာလည်း မှာပါရစေကွာ " လို့ ပြောယူရတဲ့အထိ ဖြစ်သွားခဲ့ပါတယ်။ Feel ဆိုင်ပိုင်ရှင်ရဲ့ ဥပဒေသကတော့ “ တစ်ခုထဲကို အကြာကြီးစားရင် ငြီးငွေ့တတ်တယ် " ဆိုတဲ့ အချက်ကြောင့် စားစရာတစ်ခုကို အမျိုးပေါင်း ရာကျော်လောက် စဉ်းစားထားရတယ်တဲ့၊ ဥပမာ ထမင်းကြော်ဆိုရင် အမျိုးပေါင်း (၂၅၀)ကျော် တည်ခင်းဧည့်ခံ နိုင်အောင် Feel ကပြင်ဆင်ထားရတယ်ဆိုပဲ။

နောက်ပုံပြင်တစ်ခုကတော့ “ Feel ဆိုင်ကို လာစားလေ့ရှိတဲ့ ဖေါက်သည်တစ်ယောက် ဟာ နံနက်စာကို သူမိန်းမ၊ သားသမီးတွေနဲ့ လာစားလေ့ရှိပြီး၊ ညနေစာကိုတော့ သူ စမောလေးနဲ့ လာစားလေ့ရှိတယ်တဲ့။ တစ်ရက်မှာ သူရဲ့ ရိုးအအ စားပွဲထိုးက နံနက်ပိုင်း သူမိသားစု များနဲ့ ရောက်လာတော့ တမြန်နေ့ညက သူ့စမောနဲ့ လာစဉ်မှာ မှာခဲ့တဲ့ ဟင်းအမည်လေး ကိုရွတ်ပြီး ဆရာ အဲဒါမှာမလားမေးတော့ Customer က မျက်ထောင့်နီကြီးနဲ့ ကြည့်ပြီး ဟေ့ကောင် ငါအဲဒီဟင်း ဘယ်တုံးကများ စားလို့လဲကွ လို့ ပြန်အမေးခံရတော့ ရိုးရိုးအအ လူရည် မလည် စားပွဲထိုးက ခေါင်းကုတ်ပြီး ဘာပြန်ပြောရမလဲ ဖြစ်သွားပါလေရော၊ ဒါနဲ့ ငါလည်း ဆိုင် မှာ ရှိနေတုံးဆိုတော့ ဒီ Customer အတွက်ဆိုရင် လူရည်လည်တဲ့ စားပွဲထိုးနဲ့ အမြန်အစားထိုးလိုက် ရတယ်၊ ဟုတ်တယ်လေ။ တခါစားရင် ၁၀၀၀၀ိ/- အထက်မှာစားပြီး နေ့စဉ် (၂)ခေါက်လောက်လာ တဲ့ Customer တစ်ယောက် လျော့သွားလို့မဖြစ်ဘူးလေ။

လူရည်လည်တဲ့ စားပွဲထိုးက ဒီ Customer နံနက်စာ စားဖို့ သူ့မိန်းမ၊ သူ့ကလေးတွေ နဲ့ ရောက်လာတော့ “ ဟာဆရာ ပျောက်နေတာတောင် တော်တော်ကြာသွားပြီ။ ကျွန်တော်တို့ ဆိုင်ကို မလာတာ တော်တော်ကြာပြီပဲ " လို့ ခရီးဦး ကြိုတဲ့ စကားနဲ့ နှုတ်ဆက်လိုက်ပါတယ်။

အမှန်တော့ ဒီ Customerဟာ မနေ့ ညက ဒီဆိုင်မှာပဲ သူစမောနဲ့အတူ ဂျပန်စာ စားသွားခဲ့တာ၊ ဒီကောင် လည်း မြင်တာပဲလေ။ လူရည်လည်တဲ့ကောင်ဆိုတော့ မသိချင်ယောင်ဆောင်ပြီး ပင့်ပေးလိုက် တာပေါ့။

အဲ့တော့ စားသောက်ဆိုင်ဆိုတာ ဒီလိုလူရည်လည်တဲ့ စားပွဲထိုးတွေလည်း ရှိဖို့လို တယ်။ စားကောင်းပေမဲ့ အမြတ်များများ မကျန်တဲ့ menu ကို မှာမယ်ဆိုရင် “ ဆရာ ဒီ menu က ကျန်းမာရေးနဲ့ မသင့်တော်ဘူး ဆရာရဲ့၊ ဒီ menu ဆိုရင် ဆရာနဲ့ အသင့်လျော်ဆုံးပဲဆိုပြီး အမြတ်များများကျန်မဲ့ menu ကို ထိုးထည့်တတ်ရမယ်ကွ။ " Feel စားသောက်ဆိုင်ပိုင်ရှင်ရဲ့ ဥပဒေကတော့ “ လူဆို တာ အရိပ်သုံးပါး နားလယ်တတ်ရမယ် " တဲ့။

( Feel စားသောက်ဆိုင်မှာ နံနက်တိုင်းဆုံ breakfast စား၊ ဆူညံစွာစကားပြောလေ့ရှိသော စီးပွားရေးသမား မိတ်ဆွေများသို့ ရည်ညွှန်းပါတယ်။)

1 comment:

တောင်ငူသား said...

အခုလို အကြောင်းလေးတွေ အဆင်ပြေရင် ထပ်တင်ပေးပါဦး ဘဘ။ ဖတ်လို့ကောင်းသလို မှတ်သားစရာ အချက်လေးတွေကလည်း စိတ်ဝင်စားစရာ ကောင်းလို့ပါခင်ဗျာ။