Monday, November 14, 2011

RIT ကျောင်းသားဘ၀ (၁)

မောင်တိုင်ပင်တို့ RIT 72 batch Mech သူငယ်ချင်းတွေအကြောင်းကိစ္စအမျိုးမျိုးနဲ့စင်ကာပူများရောက်လာ
ကြရင်စင်ကာပူမှာနေကြတဲ့သူငယ်ချင်းတွေကhawker centreတစ်ခုခုမှာချိန်းပြီးစားပွဲနဲ့ဧည့်ခံလေ့ရှိတာကို
WHOကစပြီးပူဇော်ပွဲ PZP လုပ်တယ်လို့သမုတ်ကြပါတယ်။ အမှန်တော့ RIT တုံးကအကြောင်းတွေပြန်
ပြောကြပြီးစိတ်အပန်းဖြေကြတာပါ။ မောင်တိုင်ပင်မတိုင်ခင်က Philip ရုံးမို နဲ့ မျိုးအောင် တို့စင်ကာပူရောက်
လာတော့လည်း PZPတွေလုပ်ခဲ့ကြတယ်။





ဒီတစ်ခေါက်တော့စင်ကာပူမှာဆရာကြီးဖြစ်နေတဲ့ NGP ဥာဏ်ဝင်းရွှေတစ်ယောက်ရန်ကုန်ရောက်နေတော့
သူမပါပြန်ဘူး။ ကျောင်းပြီးကတည်းကမတွေ့ရတော့တဲ့ တင်မောင်သန်းနဲ့တွေ့ရတယ်။ သတိတရပဲသူ့ညီမ
ခင်မေသန်းအကြောင်းမေးလိုက်တော့အင်္ဂလန်ရောက်နေတာသိရတယ်။တစ်ယောက်နဲ့တစ်ယောက်တွေ့တော့
ရုပ်မပြောင်းဘူးလို့ပြောမိကြတယ်။တင်မောင်သန်းကတခေါင်းလုံးဖြူနေပေမဲ့ငယ်ရုပ်ကမပျောက်ဘူး။ တင်
မောင်သန်းက Albert ကိုခေါ်လာတယ်။ဆေးကျောင်းကပါ။အောင်မင်းတို့မြဘူးတို့အော်လီတို့ဘော်ဒါပါ။
ကမ္ဘာကြီးကကျဉ်းကျဉ်းလေးပဲ။ နံမည်တွေပြောလိုက်တော့ကိုယ်အသိသူ့အသိဖြစ်နေတယ်။ မောင်တိုင်ပင်
နဲ့သန့်စင်နဲ့ က၀ိုင်သောက်ကြတယ်။သိန်းအောင်ကတော့ထုံးစံအတိုင်းရွှေပေါ်ကျွန်းဆရာတော်လှုထားတော့
သစ်သီးဖျော်ရည်ပဲပေါ့။ကျန်တဲ့သူတွေကတော့ဘီယာပေါ့။

ဒီတခါ RIT တုံးကအကြောင်းတွေပြောတာတော်တော်စုံတယ်။ မောင်တိုင်ပင်တို့ 72 batch တွေ ၆၆-၆၇ခု ပထမနှစ်မှာတုံးကအင်းလေးဆောင်မှာနေကြရတာလေ။တစ်ယောက်ခန်းကျဉ်းကျဉ်းလေးတွေပဲ။ တ ခါး
အောက်မှာ ၂လက္မလောက်အကျယ်အရှည်၁ပေခွဲလောက်ရှိတဲ့အပေါက်တစ်ပေါက်ရှိတယ်။ Hall Tutor က
ကျောင်းသားအခန်းထဲမှာ စာကျက်နေလားဘာလုပ်နေလဲချောင်းကြည့်ဖို့ထား ထားတာ။ တခါးကဘုသော့
နဲ့၊ lockလေးနှိပ်ထားလိုက်မိလို့လေများတိုက်ပြီးတခါးပိတ်သွားရင်လူကအပြင်မှာlockကကျသွားရော။အဲဒီ
အခါကြရင်ကျွမ်းကျင်သူကို လ္ဘက်ရည် ပြား၂၀တန်တိုက်ပြီးပြန်ဖွင့်ခိုင်းရတယ်။ အဲဒီအချိန် ၆၆-၆၇တုံးက
လ္ဘက်ရည်ကော်ဖီက ပြား၂၀ပဲ။ အိမ် ကအဆောင်နေစရိတ် ၁၂၀ကျပ်လောက်ပို့ရင်လောက်ပြီ။ ကျွမ်းကျင်
သူရဲ့ လက်နက် ကိရိယာ က တီစကွဲ ပဲ။အဲဒီခေတ်ကအင်ဂျင်နီယာကျောင်းသား/သူ ဆိုရင်တီစကွဲ နဲ့
slide rule တကိုင်ကိုင်ပေါ့၊အဲဒီအချိန်က နံပါတ်(ဂ)ကားပေါ်မှာ မနက်ဆိုရင် တီစကွဲတွေကိုင်ပြီးကားစီး
လာတဲ့ကျောင်းသားကျောင်းသူတွေအများကြီးပဲ။ အမှတ် (၈) ဘတ်စ်ကားလက်မှတ်ရောင်း ကအမျိုးသမီး
ကြီးတွေ။ ကမာရွတ်နဲ့ ကြို့ ကုန်း ကို ၁၅ ပြားပဲ။ ဆရာဝန်လောင်းတွေနားကျပ်ကိုင်သလိုပဲ။
အင်ဂျင်နီယာကျောင်းသားတိုင်းတီစကွဲ ကိုကိုင်ကြရတာ။
slide rule ကတတိယနှစ်မှာ ကိုင်ရတာ။ ပထမနှစ်လောက်ကတည်းကရှိုးပေးပြီး ကိုင်ချင်နေကြပြီ။ အဲဒီ တီစကွဲ ကိုစောနကပြောတဲ့တခါးအောက်ခြေကအပေါက်ကသွင်း-- သော့ဘုက lock ကိုရိုက်ပြီးဖွင့် ရတာ။
ကျွမ်းကျင်တဲ့ကောင်ဆိုတော့ခဏပဲ။ အဲညကြရင်တော့ မေယုဆောင်နောက်ကလ္ဘက်ရည်ဆိုင်မှာ လ္ဘက်ရည် လိုက်
တိုက်ပေရော့ပဲ။

အဲဒီတခါးအပေါက်ကဇာတ်လမ်းလေးတွေရှိတယ်။ မောင်တိုင်ပင်တို့ရဲ့ ရုပ်ခပ်ဖြောင့်ဖြောင့်ဆရာတစ်ဦးဆိုပါ
တော့၊သူက အခန်းနားနီးချင်းကျောင်းသားတွေကိုဘယ်ဆရာမချောချောနဲ့ခင်တယ်၊ဘယ် senior ကျောင်းသူနဲ့
ခင်တယ်။ချောတဲ့လှတဲ့ အမျိုးသမီး ဆိုရင်သူနဲ့ ခင်တယ်ပေါ့ဗျာ-- ပြောတာပေါ့၊ ဟုတ်လည်းဟုတ်တယ်ဗျ၊အဆောင်
ကသူဆီကိုခပ်ချောချောအမျိုးသမီးတွေ လာလည်ကြတယ်။ JCRမှာ စောင့်နေရင် ဆင်းဆင်း တွေ့ရတော့
ကျောင်းသားတွေကအကြောင်းမရှိ အကြောင်းရှာ သတင်းစာဖတ်သလိုလိုနဲ့ ဆော်တွေကို ငမ်းကြတာပေါ့၊
စွန်တယ်ပေါ့ဗျာ၊အဲဒီခေတ်စကားနဲ့ပြောရရင်--- Hall Tutor တွေကကျောင်းသားတွေလိုပဲ အစွန်ဆုံးအခန်းမှာ
နေကြရတာ၊ တနေ့တော့ သူအခန်းနားနီးချင်းရှမ်းပြည်ကကျောင်းသားတစ်ဦးဆိုပါတော့---
ရွှေတိဂုံဘုရားသွားအထက်ပစ္စယံမှာ ပုတီးစိပ်ပြီးပြန်အဆင်းသူလှုထားတဲ့ နှင်းဆီပန်း အနီတွေကို အဆောင်
ပြန်ယူလာတယ်။အဆောင်ကအခန်းထဲမှာနှင်းဆီပန်းအနီကိုသေသေချာချာ ထုပ်ပိုးလိုက်တယ်။ ပြီးတော့
Hall Tutor တခါးကအောက်ကအပေါက်ကနေ နှင်းဆီပန်းထုပ်ထားတာကို အခန်းထဲထည့် လိုက်ပါလေရော---
ညကြတော့ Hall Tutor ဆရာပြန်လာကော၊ဘေးနားနီးချင်းအခန်းကကျောင်းသားတွေ
ကအပေါက်ကနေချောင်းကြည့် ကြတယ်၊ ဆရာကနှင်းဆီပန်းကိုနမ်း လိုက်၊ ဘယ်သူလာပေးတာ
လည်းဆိုပြီးခေါင်းရှုပ်တဲ့အနေနဲ့ ခေါင်းကုတ်လိုက်နဲ့ ဖြစ်ပျက်နေတာကိုကျောင်းသားတွေကချောင်းကြည့်ပြီး
ဟားနေကြတာပေါ့။မနက်ကြတော့ရေချိုးမျက်နှာသစ်ချိန် မှာ ဘေးခန်းကကျောင်းသားတွေကိုကျနော်
အခန်းမနေ့ ကဘယ်သူလာသေးလဲ လို့ မေးတော့ --- ဟ ဆရာ အမျိုးသမီး ခပ်ချောချော ၂ ယောက်လာတယ်၊
ဆရာ မရှိဘူးဆိုတာနဲ့ယူလာတဲ့ နှင်းဆီ ပန်းတွေကို အပေါက်ကနေ အခန်းထဲ ထည့်သွားတယ် လိုပြေတာပေါ့။
ဆရာက --နံမည်ပြောမသွားဘူးလား ဘာလားနဲ့ မေးတော့ အားလုံးအတိုင်အဖေါက်ညီညီ ပဲ၊ မပြောသွားဘူးဆရာ
လို့ပြော လိုက်ကြတယ်။ ဆရာခမျာ ဘယ်သူများပါ လိမ့်ဆိုပြီးခေါင်းကုတ်ပြီးရေချိုးခန်းဝင်သွာတော့တာပေါ့။တကယ်တော့ဆရာကကျောင်းသားကနေဆရာဖြစ်တာမကြာသေးဘူး၊ တစ် လလောက် နှစ်လ လောက်ရှိအုံးမယ်။
အင်းလေးဆောင်ပေါ် ဘယ်အမျီုးသမီးချောချောတွေတက် လာရဲမလဲ--ဒါလောက်ဏှာကျောတင်းတင်းနဲ့ငမ်းလေ့ရှိတဲ့ ငနဲ
တွေရှိနေတာဘယ်သူတက်ရဲမလဲ--စဉ်းစားကြည့်လေ။ဘေးနားနီးချင်းအခန်းကကျောင်းသားတွေကတော့ ဆရာ
အဖြစ်အပျက်ကို ပြောပြောပြီးရီကြဟားကြပေါ့လေ။ လွန်ခဲ့သောနှစ်က စင်ကာပူမှာ ကျင်းပတဲ့ ဆရာကန်တော့ ပွဲမှာ
သိန်းအောင်ကော်ကြီးကအဲဒီ ဆရာကို ဆရာကျနော်မှတ်မိ လားဆိုတော့ ဆရာ ကအားရပါးရပြုံးပြီး ကိုသိန်းအောင်တို့၊ ကို
ကျနော်မမှတ်မိပဲနေမလားဗျာ လို့ ဆရာ ကပြန်ပြောပါတယ်။ အော် နှစ်ပေါင်းက ၃၀ - ၄၀ကျော်ခဲ့ပြီ၊
သူကိုနောက်ခဲ့တဲ့ကျောင်းသားတွေတောင်ပင်စင်စားတွေဖြစ်ကုန်ပြီလေ--
ဆရာတွေမှတ်မိကြသလိုကျောင်းသားတွေမှာ လည်းအတွေးပုံရိပ်တွေကျန်ခဲ့ပါတယ်။

အင်းလေးဆောင်မှာ ၁၂ ခန်းဆိုတာရှိတယ်၊အဆောင်မှုး နေအိမ်အပေါ်ထပ်ပေါ့၊ ၁၂ ခန်းကအစွန်တစ်ဘက်မှာ--
အိမ်သာက ဟိုဘက်အစွန်မှာ၊ ကျောင်းသားတွေညစာကျက်နေတုံး အပေါ့ စွန့်ချင်ရင် ၀ါရံတာထွက် ပန်းလိုက်ကြတာပဲ။
အိမ်သာကအဝေးကြီးလျှောက်သွားရမှာ-- မသွားချင်ကြဘူး။ အောက် ကလမ်းဘေးကအလှ စိုက်အပင်တွေဟာရှုရှု
အမြဲအပန်းခံနေရပြီး လေသင့်ရင်အဆောင်မှုးအခန်းကသေးစော်အမြဲနံနေတတ်တယ်။ ဒါနဲ့အဆောင်မှုး ကညဘက်မှာ
ဗျမ်းဗျမ်းအသံကြားရင်တက် လာပြီးဆူတော့တာပေါ့။ ၁၂ ခန်းကကျောင်းသားတွေ လည်းသတိပေးထားတယ်၊ရှုရှု ပန်းနေတုံး တန်းလန်းကြီးမိတဲ့ကျောင်းသားတွေလည်းသတိပေးခံရတယ်။ ဒါနဲ့အဆောင်မှုးကသတိပေးထားတော့ ဘယ်သူမှဝါရံတာ
ထွက်မပန်းရဲကြတော့ဘူး။ ဒါပေမဲ့ အဆောင်မှုး ဆရာ ခမျာ သေးစော်ကနံမြဲပဲ။ တဗျမ်းဗျမ်း အသံမကြားရပေမဲ့လေသင့်
ရင်သေးစော်ကနံနေတုံးပဲ။ ၁၂ ခန်း ကကောင်တွေကဘာလုပ်သလဲ-- သိ လား၊ ထမင်းစားခန်းကနို့ဆီခွက်တွေယူလာပြီး
နို့ ဆီခွက်ထဲသေးပေါက်တယ်။ပြီးရင်နိုဆီခွက် ထဲကသေး ကိုဝါရံတာ တခါးဖွင့်ပြီးဗျမ်းကနဲ လမ်းမပေါ်ဖြန်း ချလိုက်ရော။ အဲတော့ တဗျမ်းဗျမ်းအသံမကြားရပေမဲ့သေးစော်ကနံတုံးပဲ။ နောက်တော့ဆရာကသိသွားတော့ မလုပ်ရဲကြတော့ဘူး။ RIT ကျောင်းသားတွေဆရာ
ကိုတော့ ချစ်ကြောက်ရိုသေကြပါတယ်။မောင်တိုင်ပင်လည်း ၁၂ ခန်း သားပဲလေ---

အင်းလေးဆောင်ကိုသူခိုးကပ်တဲ့ည တစ်ညပေါ့။သူခိုးသူခိုးဆိုတော့ ကျောင်းသားတွေအကုန်ထကြရတယ်။သူခိုးကိုမိတယ်။
နသယ်ကိုဝိုင်းကျဉ်းပြီးအဆောင်မှုး ဆီခေါ်လာတယ်။ အဲဒီတုံးကအဆောင်မှုးခမျာ အိမ်ကပေးစား လို့ညားခါစ-- အိပ်နေပြီကျောင်း
သားတွေကသူခိုးမိ လို့ဆရာဆရာ လို့အော်တော့ သူ့ခမျာ--မီးအရင်ဖွင့်ပြီး ကုတင်ပေါ်က ထ လာတာ၊ ပုဆိုးမပါဘူး၊ ကျောင်းသားတွေက
အပြင်မှောင်ထဲမှာ-- အထဲက အဆောင်မှုး ဆရာ ကိုအတိုင်းသားကြီးမြင်နေရတာပေါ့၊ နောက်မှ -- အော် တို့ဆရာ ရယ် --
ပုဆိုး အရင်ဝတ်ပြီးမှ မီးဖွင့် ပါ လား လို့ ဂရုဏာဒေါသောနဲ့ပြောကြပါရဲ့ --

ကျောင်းသားဘ၀ကတော့ပျော်စရာတွေပါပဲ။ ၂၀၁၁ ခှနှစ် ၂၆ နိုဝင်ဘာမှာ ကျင်းပမဲ့ Mech 72ဆရာကန်တော့ပွဲ ကို ကြိုဆိုလျက်-----

Friday, November 11, 2011

စင်ကာပူကသံယောစဉ်

ဒီတစ်ခေါက်မောင်တိုင်ပင်စင်ကာပူရောက်တော့ဘလောဂ်ထဲမှာစာတွေရေးလိုက်မယ်ဆိုပြီးအားခဲထားတာဒီကနေ့မှပဲMac ကိုဖွင့်ပြီးမြေးလေးအိပ်နေတုံးစာထိုင်ရေးဖြစ်တော့တယ်။သမီးကောသားမက်ကောက မနက်၈နာရီ
ဆိုအိမ်ကနေအသီးသီးထွက်ကြပြီ။ ညနေ ၇နာရီထိုးမှပဲအသီးသီးပြန်ရောက်ကြတော့တယ်။မောင်တိုင်ပင်
ပင်စင်ယူပြီးဆက်အလုပ်လုပ်ရတော့၉ နာရီခွဲ မှ ၄နာရီခွဲပဲ လုပ်တယ်။အောက်က၀န်ထမ်းတွေကလည်း အားကိုးရတယ်။
သူတို့အလုပ်သူလုပ်သွားကြတာပဲ။သူတို့ရဲ့ သက်သာချောင်ချိမှုတွေ၊လုပ်ငန်းခွင်မှာအဆင်
ပြေမှုတွေ၊ဘောနပ်စ်တို့၊အပန်းဖြေခရီးထွက်ဖို့ တို့ဒါတွေကိုကြည့်ရှုစီစဉ်ပေးယုံပါပဲ။ အဲတော့သမီးတို့မိသားစု
ကြည့်ရတာစက်ရုပ်လှုပ်ရှားနေကြသလိုပါပဲ။ HDB ပေါ်ကနေကြည့် လိုက်ရင်ခိုအိမ်လေးတွေကျနေတာပါပဲ။

မြန်မာပညာတတ်လူတန်းစားကတော့စင်ကာပူမှာ အဆင်ပြေနေကြပုံရပါတယ်။ PR လွယ်လွယ်နဲ့မရတာ
တစ်ခုကတော့ရှေ့ရေးအတွက်စိတ်ပူစရာပေါ့။သမီးကောသားမက်ကောကစင်ကာပူမှာ Master ယူထား
တော့လည်းထိုက်သင့်တဲ့အလုပ်ကလေးကိုယ်စီတော့ ရှိကြပါတယ်။ ဒီတစ်ခေါက်စင်ကာပူလေဆိပ်ရောက်
အဆင်ပြေတယ်။သမီးအတွက်မြန်မာစားစရာတွေယူလာတာစက္ကူပုံးကြီးနဲ့တစ်ပုံးပဲ။ဖေါ့ဗူးနဲ့ငါးရံ့အူ၊ငါးသ
လောက်ဥတောင်ပါသေးတယ်။စင်ကာပူcustomကဘာတွေလဲမေးတော့traditional foodလို့ပြောရတယ်။
ကုလားမဆိုတော့ကိုယ်ချင်းစာတယ်နဲ့တူတယ်။အသာတကြည်ပါပဲ။ မြေးက အဖိုးကိုမှတ်မိတယ်။ skype VZO မှာ
ဗီဒီယိုချက် ခဏခဏလုပ်တော့ အဖိုးကိုကောင်းကောင်းသိတယ်။ ၁နှစ်နဲ့ ၈ လကျော်ပြီ။ခေါ်တော့
ချက်ချင်းလိုက်တယ်။ သောကြာနေ့ နေ့လည် terminal 2 မှာလူတော်တော်ရှင်းတယ်။ တက်စီ မစောင့် ရဘူး၊
ချက်ချင်းရတယ်။ မောင်တိုင်ပင်ကို မိုးနဲ့ကြိုနေတယ်။ဒါပေမဲ့ Clementi ဖက်ရောက်တော့မိုးကတိတ်
သွားရော။

သမီး ရုံးကရောက်လာတဲ့အခါ ပုရစ်ကြော်ပါလာတော့တော်တော်ပျော်သွားတယ်။မန္တလေးကသူဦးလေးကပို့
ပေးလိုက်တာ။တစ်နှစ်မှာ နိုဝင်ဘာလမှာပဲပေါ်တော့ မန္တလေးသူတွေအတွက် delecacies ထဲကတစ်ခုပါ။
သဲပုရစ်ကအကောင်းဆုံး၊ဓါတ်တိုင်ပုရစ်ကတော့ သာမန်ပဲ။အင်မတန်သွေးတက်တတ်တော့တစ်ခါစားရင်
နည်းနည်းပဲစားဖို့ ဟန့်တားနေရတယ်။သားမက်ကလည်းမကြိုက်တော့သူတစ်ယောက်တည်းပဲ တီးနေတာ
ပေါ့။ အမယ်မြေးကလည်းသူ့အမေ စားတော့ လိုက်စားသေးတယ်။ စင်ကာပူကတူမကိုလည်းလက်ဆောင်
ပေးလိုက်တော့အမယ်လေးကောင်းလိုက်တာတဲ့။ သူဦးလေးနဲ့အဒေါ်က ပုရစ်အမတွေချည်းကြော်ပေးလိုက်
တာကိုး၊ အမဆိုတော့ ဥတွေနဲ့----

သမီးရောက်တာနဲ့ weekend စနေနေ့မှာ East Coast က Jumbo Restaurant မှာ sea food dinner
သွားစားကြမယ်ဆိုပြီး ဘွတ်ကင်လုပ်တော့တာပါပဲ။ မြေးကစကားကောင်းကောင်းမပြောသေးပေမဲ့အကုန်
နားလယ်တယ်။ i phone ကိုလည်းကောင်းကောင်းဖွင့်တတ်၊ပိတ်တတ်တယ်။ အရုပ် App တွေအဖေက
သွင်းပေးထားတော့နှိပ်တတ်တယ်။အရုပ်ကိုစကားပြောရင်သူပြောတဲ့ အတိုင်းပြန်ပြောတယ်။ဒါကိုတော်
တော်သဘောကြနေတာ။ ဒါနဲ့အဖိုး i pad ကိုကိုင်တော့တာပါပဲ။ အရုပ် App တွေကို i tunes ကနေသွင်း
ပေးရတယ်။ တစ်ခု သွင်းရင် ၂ မိနစ်တောင် မကြာဘူး။ တို့ မြန်မာ က ကိုရွှေ အင်တာနက် နဲ့တော့ကွာပါ့။
i pad ကကြီးတော့သဘောကျ ပြီး လက်မလွှတ်တော့ဘူး၊ အဖိုးအင်တာနက်ကြည့်ချင်ရင် ခိုးကြည့်ရတယ်။
မြေးဆိုတော့လည်းဦးစားပေးရတာပေါ့လေ။ ဒီကောင် ကသူ့ အမေပဲကြောက်တယ်။ အမေကလည်းစင်ကာ
ပူမှာ ခလေးတွေမလွယ်ဘူးဆိုပြီး အညှာကို ကိုင်ထားတာ။ ထုံးစံအတိုင်း အမေဆူရင် အဖိုးဆီပြေးလာတာ
ပေါ့။ အဖိုးကလည်း ငါ့မြေးကိုဆူရမလား ဆိုပြီး သူ အမေ ကိုယ့် သမီး ကို ပြန်ကြိမ်းနဲ့ တစ်အိမ်လုံးဆူညံ့နေ
တာပဲ။ မြေးကအမေဆူရင် သူစတိုင် ကမျက်နှာကြီးစူပုတ်ပြီး ငြိမ်နေတော့တာပဲ။ သူစိတ်ကောက်တာကသိ
သာတယ်။ချစ်ဖို့လည်းကောင်းတော့ဘယ်သူမှ ကြာကြာမအောင့် နိုင်ဘူး။

သူအမေကသူ့သားကို trained ကောင်းကောင်းလုပ်ထားတယ်။ အထိန်းလေးနဲ့နေ့စဉ် daily routine ပဲ။
စည်းကမ်းပေးထားတယ်။အပြင်စာမစားတတ်ဘူး၊ အိမ်မှာ အသားဟင်းသီးဟင်းရွက် ကို ကြိတ်ခြေပြီးကျွေး
တယ်။ဒီကောင်ကအအေးတော်တော်ကြိုက်တယ်၊ အအေးဆိုင်ရှေ့ဖြတ်သွားရင် coke ကိုပူဆာရော။ စင်ကာပူ
ကအခြားခလေးတွေလိုပါပဲ။ Nestle milkbar ကိုကြိုက်တယ်။ အဖိုးနဲ့တူတူ play ground သွားကစားရရင်
အရမ်းပျော်တယ်။ ခလေးတွေ ကစားဖို့ play ground ကတော့ HDB flat အုပ်စုတိုင်းမှာ ရှိတယ်။
အောက်ခံအခင်းကလဲရင်မနာဘူး၊ပျော့တယ်၊ ဘာနဲ့လုပ်ထားမှန်းမသိဘူး။





မြေးနဲ့အဖိုး သဲသောင်ပြင်မှာ အိမ်ဆောက်နေကြတာ--


ရန်ကုန်မှာ လည်းပန်းခြံတွေမှာလူထုအားကစားလုပ်နိုင်အောင်တန်ဘားတို့ ခိုစရာဘားတို့ လုပ်ပေးထားတာ
တွေ့လာရပြီ။ ပလက်ဖေါင်းတွေမှာ မသန်မစွမ်းတွေလှည်းနဲ့သွားလို့ရအောင်ဆင်ခြေလျှောတွေလုပ်ပေး
တာကိုတွေ့ လာရပြီ။မသန်မစွမ်းတင်မဟုတ်ဘူး၊တုတ်ကောက်နဲ့ အဖိုးအိုတွေ၊တွန်းလှည်းနဲ့ ခလေး မိခင်
တွေတွန်းရ တက်ရလွယ်အောင် လုပ်ပေးဖို့ လိုတယ်။ YCDC ကအောင်ခြေ၀န်ထမ်း အိုဗာစီယာလိုလူမျိုး
တွေ စေတနာပါဖို့ လိုသလိုတည်ထွင်တတ်တဲ့စိတ်ဓါတ်လေးလည်းပါဖို့ လိုတာပေါ့။ အရင်ကကောင်တွေ
ကတော့ ၀ါးဖို့ ကိုယ့်အတွက်ကျန်ဖို့လောက်စဉ်းစားနေကြတာ။ နိုင်ငံခြားရောက်လည်းဒါတွေလေ့လာပြီး
ငါရန်ကုန်ပြန်ရောက်ရင်လုပ်လိုက်မယ် လို့စိတ်ထဲမှာမတွေးကြဘူး။ ဒီတစ်ခေါက်စင်ကာပူလာတာ ခြေထောက်
ကနာနေတော့ လမ်းလျှောက်ရင် ဆင်ခြေလျှောတွေကကနေသွားရတာတော်တော်အဆင်
ပြေတာ။ စလုံး အစိုးရ ကပြည်သူတွေအတွက်အဆင်ပြေအောင်လုပ်ပေးတားတာ။ကြွားစရာမရှိ ရန်ကုန်
မြို့တော်စည်ပင်သာယာရေးအက်ဥပဒေ ကိုစင်ကာပူကအတုခိုးထားတာ ဘာညာနဲ့ ဂုဏ်ယူစရာလားရှက်
စရာလားမသိ--တလွဲဆံပင်ကောင်းနေလိုက်ကြတာ။လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခု သုံးခု အတွင်း မှာ တော့
အဖက်ဖက် ကညံ့ပြီး ကျဆင်းသွားတာတော့ တွေးမိရင် ရင်နာစရာပါပဲ။



Jumbo Seafood ကစားစရာ----



မြေးလေးတို့ မိသားစု



နောက်ခံကသင်္ဘောမီးတွေတထိန်ထိန်

စနေနေ့ညနေကြတော့ ညနေ၅နာရီလောက် East Coast ကို တိုင်စီနဲ့ချီတက်သွားကြ တာ ၄၅ မိနစ်
လောက်စီးရတယ်။ Jumbo ကိုရောက်တော့ ၆ နာရီထိုးနေပြီ။ စားပွဲနေရာရွေးပြီး Srilanka crab တစ်
ပွဲနဲ့ ပုဇွန်ုတင်ပူရာကျော်၊အသီးအရွက်ကဟင်းနုနွယ်၊ဆေးဘဲဥ ကြော်၊ဘီယာနဲ့စည်းစိမ် ရစ်လိုက်တာ
နောက်ရက်ကြတော့ urid acid တက်ပြီးခြေထောက်ကလမ်းလျှောက်ရင်နာပါလေရော--- ထမင်းစား
ပြီး East Coast တစ်ကြောမှာ လမ်းလျှောက် ရတာတော်တော် အပန်းပြေပါတယ်။ ပင်လယ်ပြင်မှာ
ကျောင်ချရပ်နားထားတဲ့ သင်္ဘောတွေကလည်း မီးရောင်တထိန်ထိန်နဲ့ တော်တော်ကြည့်ကောင်းတဲ့
ရှုခင်းပါ။တိုးရစ်တွေကော၊စ လုံးတွေကောအလွှာအသီးသီးကပြည်သူတွေ လာအပန်းဖြေနေကြ ပါတယ်။
မြေးကတော့မပြောနဲ့တော့သဲသောင်ပြင်မှာ ကော၊မြက်ခင်းမှာ ကောလျှောက်ပြေးနေတာလူကြီးတွေက
နောက်ကတော်တော်လိုက်ယူရတယ်။ အရင်တစ်ခေါက်တွေလာတုံးကမြေး ကငယ်သေးတော့ ထားရာနေ
သေးတယ်။အခုတစ်ခေါက်ကြတော့ထားရာမနေတော့ဘူး၊အမေကတဟဲ့ဟဲ့ နဲ့တော်တော်ပြောနေရတယ်။
ခလေးဘာဝအန္တာယ်ကို မသိတော့လူကြီးကမျက်ချေပြတ် လို့မရဘူး။သမီးကတော့ အဖေကို long term pass
ကို on line ကလျှောက်ပေးပြီးလာနေခိုင်းနေပြီ။ မြေး ကို အိမ်ရှေ့က NTUC Day care My skool
မှာဒီဇင်ဘာဆိုစတက်ရတော့မယ်။ 7 am to 7pm ဆိုတော့မြေးကို ၁၂ နာရီလုံးလုံး ဆရာမတွေလက်
ထဲထည့်ထားရမှာ၊ကျောင်း တက် ချိန် ၇နာရီ ဆိုရင် မိဖ ၂ပါး လာပို့နေတာလည်းတွေ့ ရတယ်၊ အဖိုးဒါမှမ
ဟုတ် အဖွား ကမြေးလက်ဆွဲလာပို့နေတာလည်း တွေ့ရတယ်။ အော် -- စင်ကာပူမှာမွေးတော့လည်း
သူ့နေရာနဲ့သူပဲလေ။ မောင်တိုင်ပင်တုံးက သမီးကို ၃နှစ်ခွဲရောက်မှ ဒေါ်ရင်ဝိုင်းကျောင်း ပို့ခဲ့ ရတာ-- ဂနာရီ
မှာ ၁၁နာရီ ပဲ၊ အခုတော့ ၁၂ နာရီ လုံးလုံးဆိုတော့ ရန်ကုန် မှာ အလုပ်တွေစွန်လွှတ်ပြီး စင်ကာပူ
လာနေရမလိုဖြစ်နေပြီ မောင်တိုင်ပင်ရေ-----

Wednesday, October 19, 2011

Pareto principle 80-20 rule theory

တနေ့သ၌မောင်တိုင်ပင်ဟာမတွေ့ရတာကြာပြီဖြစ်တဲ့ မိတ်ဆွေစီးပွားရေးလုပ်ငန်းရှင်များနံနက်ပိုင်းစုဝေးရာ
Feel(Taste) ဆိုင်သိုရောက်သွားခဲ့ပါတယ်။ အခုတလော ရန်ကုန်မှာရေပန်းစားနေတဲ့ money changer
ရဲ့သတင်းအမျိုးမျိုးကိုရှုဒေါင့်အစုံကနေပြောဆိုငြင်းခုံ နေရင်းကနေကိုကျော်မျိုးထွန်း က Pareto principle
လို့ခေါ်တဲ့ 80-20 rule ကိုစတင်ဆွေးနွေးလာပါတယ်။ ဒီအကြောင်းရဲ့နောက်ခံအချက်အလက်ကိုပြောရရင်
Pareto ဆိုတဲ့ ပုဂ္ဂိုလ်ဟာအီတလီနိုင်ငံသားဖြစ်ပြီး တစ်ချိန်မှာ သူ့လေ့လာချက်အရ အီတလီနိုင်ငံရဲ့မြေ ၈၀%
ကိုအီတလီနိုင်ငံသား ၂၀%ကပိုင်ဆိုင်နေတာကိုတွေ့ရပါတယ်။
ဒါနဲ့ သူလည်းတခြားနိုင်ငံရဲ့အခြေအနေကိုလေ့လာကြည့်တဲ့အခါအံသြဖွယ်ရာကောင်းလောက်အောင်
တူညီနေတာကိုတွေ့ရပါတယ်။ ၁၉၉၂ခုနှစ်ကထုတ်ပြန်ခဲ့တဲ့ UNDP report တစ်ခုမှာဖေါ်ပြခဲ့တာကတော့
ကမ္ဘာ့ အချမ်းသာဆုံး ၂၀%ဟာ ကမ္ဘာကြွယ်ဝချမ်းသာမှု စုစုပေါင်းရဲ့ ၈၀%ကိုပိုင်ဆိုင်ကြတယ်လို့ဖေါ်ပြ
ထားတာကိုတွေ့ရပါတယ်။အောက်ကဇယားကိုကြည့်ပါ။

Distribution of World GDP (1989)

Population Income

Richest 20% 82.70%
Second 20% 11.75%
Third 20% 2.30%
Fourth 20% 1.85%
Poorest 20% 1.40%

ဒါကြောင့်စီးပွားရေးလုပ်ငန်းကိုအကောင်အထည်ဖေါ်ဆောင်ရွက်တဲ့အခါအားလုံးကိုကြည့်စရာမလိုဘူး၊ အဓိကကျတဲ့ ၂၀%လောက်ဖေါ်ထုတ်ပြီးကျကျနနစီမံအုပ်ချုပ်သွားဖို့လိုတယ်လို့ ကိုကျော်မျိုးထွန်းက
ထောက်ပြခဲ့ပါတယ်။အတွေ့အကြုံနဲ့ theory ကိုပေါင်းစပ်ပြောဆိုဖို့အခွင့်အလန်းတစ်ခုဖြစ်တာကြောင့်
မောင်တိုင်ပင်လည်းအစိုးရအလုပ်ကိုလုပ်ခဲ့စဉ်က လုပ်ငန်းတစ်ခုခုအကောင်အထည်ဖေါ်ရတော့မယ်ဆို
ရင်ဝန်ထမ်းအားလုံးရဲ့ ၂၀%လောက်ကိုပဲအားကိုးလုပ်ကိုင်ရတာကြောင့် Pareto principle ဟာမှန်ကန်
တယ်လို့ထင်ကြောင်းပြောပြပါတယ်။

စီးပွားရေးအပိုင်းနဲ့ပြောရရင်-----------

- အမြတ်စုစုပေါင်းရဲ့ ၈၀% ဟာ ဖေါက်သည်စုစုပေါင်း ရဲ့ ၂၀% ဆီကလာတာဖြစ်ကြောင်း---
- ဒါအပြင် တောင်းဆိုချက်( complaint) စုစုပေါင်း ရဲ့ ၈၀% ဟာလည်း ဖေါက်သည် စုစုပေါင်းရဲ့
၂၀%ဆီကလာတာဖြစ်ကြောင်း-----
- မိမိအမြတ်စုစုပေါင်းရဲ့ ၈၀%ဟာမိမိစုစုပေါင်းအသုံးပြုခဲ့တဲ့ အချိန်စုစုပေါင်း ၂၀%ကြောင်ရ
လာတာဖြစ်ကြောင်း-----
- မိမိရောင်းရ ၀င်ငွေရဲ့ ၈၀%ဟာ မိမိထုတ်ကုန်စုစုပေါင်းရဲ့ ၂၀%ကလာတာဖြစ်ကြောင်း
- အဲဒီ ရောင်းရ၀င်ငွေရဲ ၈၀%ဟာ မိမိအရောင်းဝန်ထမ်းစုစုပေါင်းရဲ့ ၂၀%ရဲ့ကြိုးပမ်းအားထုတ်
မှုကြောင့် ဖြစ်ပါတယ်။

ဒါကြောင့် Pareto principle နဲ့ပတ်သက်ပြီး Wikipedia မှာ ဖေါ်ပြထားတာကတော့----
Many businesses have an easy access to dramatic improvements in profitability
by focusing on the most effective areas and eliminating, ignoring, automating,
delegating or re-training the rest as appropriate.

ဖြစ်ပါတယ်။ ဒီအချက်ကို လက်တွေ့စီးပွားရေးလုပ်နေတဲ့ Feel ပိုင်ရှင်ကအလေးအနက်ထောက်ခံခဲ့ပါတယ်။
သူ Feel ကိုဝန်ထမ်း ၂၀-၃၀လောက်နဲ့စခဲ့စဉ်က ၈၀-၁၀၀လောက်ဖြစ်လာရင်ငါဘယ်လိုလုပ်ရပါလိမ့်ဆိုပြီး
တွေးကြောက်နေခဲ့တယ်။ 80-20 rule လိုသဘောမျိုးဆောင်ရွက်နိုင်ခဲ့တာကြောင့် ၀န်ထမ်း ၁၀၀၀
လောက်ဖြစ်လာတဲ့ အချိန်မှာ မကြောက်တော့ဘူးတဲ့။ အခုသူအောင်မြင်နေတဲ့ ၁၁၅ မိုင်Feel Express
ကိုအစပထမပိုင်းမှာ သိပ်ဂရုမစိုက်ခဲ့ကြောင်း ၀န်ခံခဲ့ပါတယ်။ လူလွှတ်တာတောင်ပထမတန်းစားကိုမလွှတ်
ခဲ့ကြောင်း၊ အခု Feel Express ကအောင်မြင်လာတဲ့အခါကြတော့မှ ပဲ 80-20 rule ကိုလက်တွေ့အသုံးချ
ရတော့မယ်ဆိုတာသိလာရကြောင်း share လုပ်ပါတယ်။အဲတော့ efficient ဖြစ်တဲ့ခေါင်းဆောင်ကိုလွှတ်
တယ်၊ ဆိုင် decoration ဟာလည်းသူရဲ့ တခြား Feel ဆိုင်တွေလိုမဟုတ်ဘူး၊ ၂၄ နာရီ လူကျလွန်းတာ
ကြောင့်နည်းနည်းညစ်ပတ်တာမြန်ကြောင်း၊ဒါကြောင့် interior decorator စေလွှတ်ပြီးပြင်းခိုင်းနေရကြောင်း
ပြောပြခဲ့ပါတယ်။

ဒီလို Feel ပိုင်ရှင်ရဲ့ ဆောင်ရွက်ခဲ့တာကိုကြည့်ရင် 80-20 rule theory ကိုအခြေခံသလိုဖြစ်နေခဲ့ပါတယ်။
မောင်တိုင်ပင်တို့အစိုးရ ရဲ့ ဗြူရိုကရက် အပိုင်းမှာ လည်း ဒီ theory ဟာမှန်လိမ့်မယ်လို့ထင်ပါတယ်။ နိုင်ငံ
တော်ဖွံဖြိုးတိုးတက်ဖို့အတွက် ၂၀%သောဘယ်အပိုင်းတွေကအရေးပါသလဲဆိုတာဖေါ်ထုတ်နိုင်ဖို့လိုပါ
တယ်။ Pareto principle 80-20 rule ကိုအစဖေါ်ထုတ်ခဲ့တဲ့ ကိုကျော်မျိုးထွန်းကိုကျေးဇူးတင်ပါတယ်။
စီးပွားရေးလုပ်ငန်းလုပ်နေတဲ့မိတ်ဆွေအပေါင်းလည်း efficient အဖြစ်ဆုံးဖြစ်တဲ့ ၂၀% ကိုဖေါ်ထုတ်နိုင်
ပြီးအာရုံစူးစိုက်ဆောင်ရွက်မယ်ဆိုရင်အကျိုးအမြတ်များရရှိလာနိုင်မယ်ဆိုတာယုံကြည်မိပါတယ်။

Sunday, October 9, 2011

NANIWAလိုကုမ္ဗဏီမျိုးကိုသတိထားကြပါ

လွန်ခဲ့သောနှစ် ၂၀ လောက်က မော်တော်ကားကိုလွတ်လပ်စွာတင်သွင်းခွင့်ပြုထားပါတယ်။သင်္ဘောသား
တွေ၊နိုင်ငံခြားပညာတော်သင်သွားတဲ့သူတွေ၊နိုင်ငံတော်ခွင့်ပြုချက်နဲ့နိုင်ငံခြားမှာ အလုပ်သွားလုပ်သွား
လုပ်သူတွေဟာစလွန်းကားတွေ၊ပစ်ကပ်ကားတွေတင်သွင်းခွင့်ရခဲ့ကြပါတယ်။ စလွန်းကားကသွင်းကုန်ခွန်
၃၀၀%မို့လို့သိပ်မသွင်းကြပါဘူး။ ပစ်ကပ်ကားက ၅၀%ဆိုတော့ပစ်ကပ်ကားတွေအမြောက်အများသွင်း
ခဲ့ကြပြီး နံမည်ကျော်တိုယိုတာဟိုင်းလတ်ကားဟာအဲဒီအချိန်ကခေတ်အစားဆုံးပါပဲ။

အဲဒီအချိန်က used cars တင်သွင်းပေးတဲ့ဂျပန်ကုမ္ဗဏီတွေအမျာအပြားပေါ်ပေါက်လာပါတယ်။ ရန်ကုန်မှာ
ရုံးခွဲတွေဖွင့်ခဲ့ပါတယ်။ ရန်ကုန်ကတောင်ရုံးခွဲကိုသွားပြီး ကားမှာ လို့ ရပါတယ်။ ဈေးကွက်စီးပွားရေးစတင်
ကျင့်သုံးတဲ့ကာလဖြစ်တာမို့မြန်မာတွေထဲကကားတင်သွင်းခွင့် ကိုကျွမ်းကျွမ်းကျင်ကျင်လုပ် နိုင်တဲ့သူရှား
တယ်။အဲဒီအချိန်မှာ NANIWA ဆိုတဲ့ကားကုမ္ဗဏီတစ်ခုရှိပါတယ်။ အစပထမပိုင်းမှာသူရဲ့ performance
ကတော်တော်ကောင်းသလိုဈေးလည်းတော်တော်သက်သာပါတယ်။ မော်တော်ယဉ်ပေါင်းတော်တော်များ
များတင်သွင်းပေးပြီးအဲဒီ ကုမ္ဗဏီဟာဒေ၀ါလီခံသွားပါတယ်။ နိုင်ငွတကာကုန်သွယ်မှုကိုမကျွမ်းကျင်သေးတဲ့
အချိန်ဆိုတော့ကားမှာ ထားတဲ့မြန်မာအများစုဟာ ဘာလုပ်လို့ဘာလုပ်ရမှန်းကို မသိကြတော့ဘူး။ သင်္ဘော
သားတွေ၊ပညာတော်သင်သွားတဲ့သူတွေနိုင်ငံခြားမှာ ခြစ်ခြစ်ခြုပ်ခြုပ်စုဆောင်းလာတာတွေကုန်ပါရောပဲ။

ဘာဖြစ်လို့ဒေ၀ါလီခံသွားတယ်ဆိုတာဘယ်သူမှမသိပါ၊ သူကို လုပ်နိုင်တာကတော့ blacklist လုပ်နိုင်တာ
ပဲရှိမယ်။ မြန်မာပါသလားလည်းမသိ၊ နောက်ကုမ္ဗဏီတစ်ခုမှတ်ပုံတင် လိုက်ရင်အလွယ်လေး။ အဲဒါ
တွေကြောင့်မြန်မာ မှာ barrier တွေတစ်ခုပြီးတစ်ခုပေါ်လာတာပေါ့။ တစ်နေ့က ရန်ကုန်မှာ ၀န်ကြီးတစ်ဦး
ကကုမ္ဗဏီမှတ်ပုံတင်တာနဲ့ပတ်သက်ပြီးကုန်သည်တစ်ဦးရဲ့ အမေးကိုဖြေသွားတယ်။ barrier တွေဘာ
ကြောင့်ထားရသလဲဆိုတာ၊ကုမ္ဗဏီအသစ်တစ်ခု register လာလျှောက်ရင် ရဲစခန်းစစ်ခိုင်းရတယ်ဆိုတာ
အကြောင်းရှိတယ်။ ကုမ္ဗဏီအသစ်ဖွင့်ပြီးရင် သွင်းကုန်တွေတစ်လပြီးတစ်လသွင်းတယ်၊တစ်ခါတစ်လေ
ဒေါ်လာသိန်းချီပြီးသွင်းတယ်။ ၆လ ၇လလောက်လည်းကြာရောအဲဒီကုမ္ဗဏီမရှိတော့ဘူး၊ လိပ်စာမှာကို
မရှိတော့တာ၊ ၀င်ငွေခွန်မပေးချင် လိုရှောင်တိမ်းတာလေ။ စင်ကာပူမှာကုမ္ဗဏီဖွင့်ချင်ရင်နာရီပိုင်းပဲ၊
အွန်လိုင်းကနေလျှောက်ယုံပဲ။ဒါကိုလည်းသိပါတယ်။ လွှတ်တော်မှာမေးခွန်းမေးဘူးတယ်။
မဟုတ်တာလုပ်တဲ့ကုမ္ဗဏီတွေကို အရေးယူလို့မရဘူးလားတဲ့။ ၀န်ကြီးကဖြေသွားပါတယ်။
သူကိုလူကြီးတစ်ဦးကပြောဘူးပါတယ်တဲ့၊ တို့ဆီမှာပြည်သူတွေကုမ္ဗဏီတွေထောင်လာပြီး
စနစ်တကျလုပ်ကိုင်လာချင်အောင်ဆွဲဆောင်ရတာကုမ္ဗဏီပေါင်းမှ ၅၀၀၀ - ၁၀၀၀၀ ဖြစ်
လာအောင်မနည်းကိုစည်းရုံးနေရတယ်။မဟုတ်တာလုပ်တဲ့ကုမ္ဗဏီကိုအရေးယူရင်ဘယ်ကုမ္ဗဏီမှ
လွတ်မှာ မဟုတ်ဘူး။ဒါကြောင့်ညှာညှာတာတာလေးလုပ်နေရတယ်လို့ အရင်အပတ်ကပြောသွားခဲ့ပါတယ်။
ဆိုလိုချင်တာကကုမ္ဗဏီတွေဖက်မှာ business enthic ရှိဖို့လိုတယ်ဆိုတာပြောချင်တာပါ။

အခုလည်းလာပါပြီ၊ ကားတင်သွင်းခွင့်အကျိုးဆောင်ပေးတဲ့ ၀န်ဆောင်မှုကုမ္ဗဏီတွေတစ်ဖွဲဖွဲပေါ်လာနေပါပြီ။
အရင်အခြေအနေမျိုးမဟုတ်တော့ပါ၊ရျပန်မှာ မြန်မာတွေရောက်နေပါပြီ၊ကောင်းတဲ့လူတွေရှိသလိုအခွင့်
အရေးပေါ်ကနေအမြတ်ထုတ်ချင်တာလည်းပါမယ်ထင်တယ်။

NANIWA လိုကုမ္ဗဏီမျိုးမပါလာဘူး လို့မပြောနိုင်ဘူး။သက်ဆိုင်ရာတွေကဘာတွေလုပ်ပေးကြမလဲ၊
လုပ်ပေးခဲ့ပေမဲ့ ပေးကားပေး၏ မရ ဆိုတာမျိုးဖြစ်သွားနိုင်ပါတယ်။

Saturday, October 8, 2011

ယုံကြည်မှုပျက်ပြားခြင်းယုံကြည်မှုတည်ဆောက်ခြင်း

၂၀၀၄ခုနှစ်လောက်ထိကုမ္ဗဏီအသစ်လျှောက်ခြင်း၊ ပို့ကုန်သွင်းကုန် လိုင်စင်ေ လျှာက်ခြင်းတို့ယနေအချိန်
အခါလောက်မခက်ခဲလှပါ။ EICC ရှိသော်လည်းဆုံးဖြတ်ချက်ကအင်မတန်မြန်ပါတယ်၊ညွှန်ချုပ်ကိုယ်တိုင်
အစည်းအဝေးသို့တင်ပြလာသောအမှုတွဲများကိုချက်ချင်းဆုံးဖြတ်ပြီးအစည်အဝေးပြီးတာနဲ့လိုင်စင်ကိုဒုညွှန်
မှုးအဆင့်ကလက်မှတ်ထိုးထုတ်ပေးသဖြင့် လိုင်စင်ကြာတယ်ဆိုတဲ့အဖြစ်မျိုးမကြားဘူးခဲ့ပါ။တဖြည်းဖြည်းနဲ့
တစ်ဦးအပေါ်တစ်ဦးယုံကြည်မှုအားနည်းလာသည်နှင်အမျှ EICC အပေါ်က EISC ပေါ်လာပါတယ်။ institution အပေါ်မှာလည်းယုံကြည်စိတ်ချရမှုမရှိတော့ကြောင့်လူတွေလဲခဲ့ပါတယ်။နောက်ပိုပြီးပိုပြီးယုံ
ကြည်မှုကင်းမဲ့လာတာကြောင့် ကုန်သွယ်မှုမူဝါဒရေးရာကိုပဲအစဉ်အလာအရကိုင်တွယ်ခဲ့တဲ့ Trade Council ခေါ် TC ဟာပို့ကုန်သွင်းကုန်လိုင်စင်ကိစ္စတွေကိုကိုင် တွယ်ခဲ့ပါတယ်။ တစ်စုံတစ်ခုသောပြဿနာ
များပေါ်လာသည်နှင်အမျှ အဟန့်အတား (barrier) များပေါ်ပေါက်လာခဲ့ပြီးနောက်ဆုံး၌ TCသည်ပို့ကုန်
သွင်းကုန်လိုင်စင်ကိစ္စများကို အဓိကထားကိုင်တွယ်သော institution ဖြစ်လာခဲ့ပါတယ်။ TC ဟာ adhoc
အဖွဲ့အစည်းဖြစ်တာနဲ့အညီ အမိန့်၊ညွှန်ကြားချက်တွေ ကို တစ်ခါတစ်ရံနှုတ်နဲ့ပဲညွှန်ကြားခဲ့တာကြောင့်
မလိုလားအပ်တဲ့ barriers တွေပေါ်လာခဲ့ပြီးအားလုံးတန်းတူခံစားရပါတယ်။ တစ်ကြိမ်ဆိုရင် ပို့ကုန်သွင်းကုန်
နဲ့ပတ်သက်ပြီး ခွဲခြားဆက်ဆံခြင်း (discrimination) တောင်ပြုလုပ်ခဲ့ရပါတယ်။သူ့
ခေတ်သူ့အခါအရဖြစ်လာတာကြောင့်တာတွေဟာအိမ်မက်အဖြစ်ကျန်ခဲ့ပါပြီ။

၂၀၀၄ခုနှစ်လောက်ကစပြီးအစိုးရသစ်ပေါ်ပေါက်လာသည့်၂၀၁၁အထိ (၇) နှစ်တာကာလအတွင်း ကုန်
သည်လုပ်ငန်းရှင်များသည်ပို့ကုန်သွင်းကုန်လုပ်ငန်းများဆောင်ရွက်ရာတွင်အခက်အခဲများနှင့်ကြုံရပြီးမ
လိုလားအပ်သောအပိုကုန်ကျစရိတ် (transaction costs) များကုန်ကျခဲ့ပါတယ်။ အဲဒီအချက်ဟာဘာ
ကြောင့်ဖြစ်ပေါ်ခဲ့သလဲဆိုတာပြန်သုံးသပ်ကြည့်ရင် trust ဆိုတဲ့အပြန်အလှန်ယုံကြည်မှုတည်ဆောက်
တဲ့အပိုင်းမှာအစိုးရဖက်ကကော၊ လုပ်ငန်းရှင်များဖက်ကပါ ပျက်ကွက်ခဲ့ကြလို့ပဲဖြစ်ပါတယ်။ (F.
Fukuyama, 1995 ) က " trust is an efficient means of lowering transaction costs in any
social, economic and political relationship " လို့ဆိုထားပါတယ်။ ယုံကြည်မှုဆိုတာအဖွဲအစည်း
အတွင်း အလုပ်ရှင် အလုပ်သမားကြားမှာကော၊တိုင်းပြည်စီမံအုပ်ချုပ်တဲ့ မင်းနဲ့ အဖွဲ့အစည်းတွေကြား
မှာကော လွန်စွာအရေးကြီးပြီး trust ပျောက်သွားတာနဲ့အဖုအထစ်တွေနဲ့ လမ်းကြောင်းဟာဘယ်လိုမှ
ချောမွေ့ နိုင်တော့မှာမဟုတ်ပါ။

ယုံကြည်မှုတွေပျက်ပြားမှုဟာဒီမိုကရေစီအစိုးရသစ်အထိပါလာခဲ့ပြီးသဘောထားပျော့ပျောင်းသူတွေ
နဲ့သဘောထားတင်းမာသူတွေအကြားလွန်ဆွဲမှုမှာ ဒီမိုကရေစီအနှစ်သာရကိုဖေါ်ဆောင်လိုတဲ့စိတ်တွေ
ကပဲပြုပြင်ပြောင်းလဲမှုတွေကို တဖြည်းဖြည်းလုပ်ကိုင်နိုင်ခဲ့ပါတယ်။ TC မရှိတော့ပေမဲ့ TISC ဆိုတာကြား
ခံအဖြစ်ပေါ်လာခဲ့သော်လည်းအခုအခါမှာတော့ ၂၀၀၄ ခုနှစ်ကလိုပဲ EICC ပဲရှိပါတော့တယ်။ ကုန်သွယ်မှု
လုပ်ငန်းမှာ barrier တွေဟာမရိုးမသားလုပ်ဆောင်လိုတဲ့ လုပ်ငန်းရှင်တွေကြောင့်ပေါ်လာတာလို့ယေဘူယျ
ဆိုနိုင်ပါတယ်။ မကောင်းတဲ့ကုန်သည် ကြောင့် barrier တစ်ခုထပ်တိုးလာရတယ်ဆိုရင်ပဲ စနစ်တကျလုပ်
ကိုင်လိုကြတဲ့ကုန်သည်တွေ ခမျာမှာ barrier ကိုကျော်ဖြတ်ဖို့အတွက်လုပ်ရပေမဲ့လည်းဘာမှစောဒကမ
တက်နိုင်ခဲ့ပါဘူး။ အမေရိကန် sanction ကြောင့် barrier အချို့ မလွှဲမရှောင်သာပဲ ပေါ်လာခဲ့ရပါတယ်။
နိုင်ငံတကာကုန်သွယ်မှုစနစ်တွေ၊ ငွေလွှဲမှုစနစ်တွေနဲ့မြန်မာနိုင် ငံမှာကုန်သွယ်မှုမလုပ်နိုင်တော့ ပဲ
telegraphic transfer TT နဲ့ပဲ လုပ်ငန်းရှင် တွေလုပ်နေကြတာကြောင့် ငွေလွှဲစာတမ်းတို့ incoterms
တို့နဲ့တောင်ဝေးနေကြရတယ်။

အဲတော့ကုန်သွယ်မှုလုပ်ငန်းတွေအဆင်ပြေချောမွေ့စေဖို့ ကုန်သည်လုပ်ငန်းရှင်များနဲ့ institutions များ
အကြား trust ကိုပြန်လည်တည်ဆောက်ကြရဖို့လိုနေပါပြီ။ ဆယ်စုနှစ်တစ်ဝက်ကျော် barriers တွေနဲ့
လုံးလားထွေးလား ဖြစ်နေခဲ့တဲ့ institutions ကလူတွေရဲ့ mind-set ကို လည်းပြင်ရမှာ ဖြစ်ပါတယ်။ကုန်သည်လုပ်ငန်းရှင်တွေအနေနဲ့လည်းစည်းမျဉ်းစည်းကမ်းမျာနဲ့အညီအလုပ်လုပ်ကြရာမှာဖြစ်ပါတယ်။
လက်တန်းညွှန်ကြားချက်တွေ၊နှုတ်မိန့်တွေ ဒီအချိန်မှာရပ်ကြရတော့မှာပါ။

လက်တန်းညွှန်ကြားချက်တွေနှုတ်မိန့်တွေကြောင့်နစ်နာသွားရတဲ့လူတွေလည်းရှိပါတယ်။ ဖွဲ့စည်းအုပ်ချုပ်ပုံ
အခြေခံဥပဒေနဲ့အညီ institutions တွေဖေါ်ဆောင်ရမဲ့စည်းမျဉ်းစည်းကမ်းတွေဟာလွှတ်တော်မှာအကျေ
အလည်ဆွေးနွေးပြီးမှ သာကျင့်သုံးရတော့မှာ ဖြစ်ပါတယ်။ ဒါတွေဟာတစ်ဦးနဲ့တစ်ဦး trust ပေါ်မှာအခြေခံ
တည်ဆောက်သွားရင်အကောင်းဆုံးဖြစ် လိမ့်မယ် လို့ယုံကြည်ပါတယ်။

Wednesday, October 5, 2011

FEEL (Taste)ဆိုင်ကစားပွဲထိုးများရဲ့ဥပဒေသ

တနေ့သ၌မောင်တိုင်ပင်ဟာရန်ကုန်ဟယ်လပင်လမ်းရှိ FEEL (Taste) စားသောက်ဆိုင်၌ စီးပွားရေးသမား သူငယ်ချင်းမိတ်ဆွေများနှင့်အတူ နံနက်စာဝိုင်းဖွဲ့ စားသောက်ဆူညံစွာ စကားပြောနေချိန်တွင် FEEL စားသောက်ဆိုင်ပိုင်ရှင်က သူ၏ စားပွဲထိုးများအကြောင်းကို ဟာသနှော၍ ပြောပြခဲ့ရာကုန်ကြမ်းရှာနေသော မောင်တိုင်ပင်အတွက် blog တွင် ရေးစရာကုန်ကြမ်း ရရှိလာသဖြင့် မိမိခေါင်းထဲ၊ စိတ်ကူးထဲက မပျောက်မီ အမြန်ဖေါက်သည်ချလိုက်ပါတယ်။

Feel ဆိုင်ပိုင်ရှင်က ” ငါ့ဆိုင်က စားပွဲထိုးတွေထဲမှာ အကွက်မြင်တဲ့ စားပွဲထိုးတွေ တော်တော် များများရှိတယ်။ FEEL ကို နေ့စဉ်လာရောက်စားသောက်လေ့ရှိတဲ့ Customer တစ်ယောက်ဟာ ငါ့ဆိုင်က ပုဇွန်ကြော်ကို တော်တော်ကြိုက်တယ်ဗျ၊ သူရဲ့ ပင်ကိုယ်စရိုက်လက္ခဏာကလည်း နည်းနည်း အကြွားသန်တဲ့ပုံရှိတယ်။ ကိုယ့်စားပွဲထိုးကလည်း သူ့ကားဆိုင်ရှေ့ရောက်တာနဲ့ ပုဇွန်ကြော် ကိုမှာပြီးနေပြီ။ သူဆိုင်ထဲ ကို ကားသော့ကလေးတစ်ကိုင်ကိုင်နဲ့ ရောက်လာပြီး စားပွဲမှာထိုင်လိုက်ပြီဆိုရင်ပဲ ရေနွေး ကြမ်းတစ်ခွက်နဲ့ ပုဇွန်ကြော်တစ်ပွဲ က ရောက်နေပြီ။ သူက အဲဒိဖြစ်စဉ်ကို တော်တော်သဘောကျပြီး ငါဆိုင်က စားပွဲထိုးကိုလာတိုင်း ဘောက်ဆူး(tips)ကောင်းကောင်း ဆုချတယ်။ တစ်ရက် သူက သူ့ အပေါင်းအသင်းမိတ်ဆွေတွေ ခေါ်လာပြီး ကားပေါ်မှာကတည်းက ကြိုတင်ကြွားထားတာနဲ့တူတယ်။ ဒီဆိုင်က စားပွဲထိုးတွေက အပီ ပဲ။ ငါရောက်လာတာနဲ့ ငါကြိုက်တတ်တဲ့ ပုဇွန်ကြော်က စားပွဲပေါ် ရောက် နှင့် နေပြီဆိုပြီး မိတ်ဆွေအပေါင်းအသင်းတွေကို ကားပေါ်မှာကတည်း ကကြွားထား တာကိုး။ ထုံးစံအတိုင်းပဲ ကိုယ့်စားပွဲ ထိုးက သူကားမြင်တာနဲ့ မီးဖိုကို ပုဇွန်ကြော်ဖို့ လှမ်းခိုင်းလိုက်ပြီ။ သူစားပွဲလာထိုင်နေချိန်မှာပဲ ပုဇွန်ကြော်က ရောက်လာတော့ သူ့မိတ်ဆွေအပေါင်းအသင်းတွေကို ငါကွဆိုတဲ့ အကြည့်နဲ့ ကြည့်ပြီး ပုဇွန်ကြော်တွေ ချကျွေးတဲ့အပြင် မှာကြလေကွာ၊ မင်းတို့ ကြိုက်တဲ့ဟင်း မှာကြဆို ပြီး စားကြသောက်ကြနဲ့တစ်ပွဲ ပြီးသွားတာပေါ့ကွာ။”

”ဒါနဲ့ ဒီ Customer လာတိုင်း ကိုယ့်စားပွဲထိုးက ပုဇွန်ကြော်နဲ့ အစပျိုးတော့ သူက ပုဇွန်ကြော်ကို ငြီးငွေ့လာပြီ၊ ဘယ်သူမှ မပါတဲ့ ရက်တစ်ရက၊် သူက ကိုယ်စားပွဲထိုးကို “ ဟေ့ကောင် ပုဇွန်ကြော်ချဉ်းပဲ လုပ်မနေနဲ့ကွာ၊ ငါတခြားကြိုက်တာလည်း မှာပါရစေကွာ " လို့ ပြောယူရတဲ့အထိ ဖြစ်သွားခဲ့ပါတယ်။ Feel ဆိုင်ပိုင်ရှင်ရဲ့ ဥပဒေသကတော့ “ တစ်ခုထဲကို အကြာကြီးစားရင် ငြီးငွေ့တတ်တယ် " ဆိုတဲ့ အချက်ကြောင့် စားစရာတစ်ခုကို အမျိုးပေါင်း ရာကျော်လောက် စဉ်းစားထားရတယ်တဲ့၊ ဥပမာ ထမင်းကြော်ဆိုရင် အမျိုးပေါင်း (၂၅၀)ကျော် တည်ခင်းဧည့်ခံ နိုင်အောင် Feel ကပြင်ဆင်ထားရတယ်ဆိုပဲ။

နောက်ပုံပြင်တစ်ခုကတော့ “ Feel ဆိုင်ကို လာစားလေ့ရှိတဲ့ ဖေါက်သည်တစ်ယောက် ဟာ နံနက်စာကို သူမိန်းမ၊ သားသမီးတွေနဲ့ လာစားလေ့ရှိပြီး၊ ညနေစာကိုတော့ သူ စမောလေးနဲ့ လာစားလေ့ရှိတယ်တဲ့။ တစ်ရက်မှာ သူရဲ့ ရိုးအအ စားပွဲထိုးက နံနက်ပိုင်း သူမိသားစု များနဲ့ ရောက်လာတော့ တမြန်နေ့ညက သူ့စမောနဲ့ လာစဉ်မှာ မှာခဲ့တဲ့ ဟင်းအမည်လေး ကိုရွတ်ပြီး ဆရာ အဲဒါမှာမလားမေးတော့ Customer က မျက်ထောင့်နီကြီးနဲ့ ကြည့်ပြီး ဟေ့ကောင် ငါအဲဒီဟင်း ဘယ်တုံးကများ စားလို့လဲကွ လို့ ပြန်အမေးခံရတော့ ရိုးရိုးအအ လူရည် မလည် စားပွဲထိုးက ခေါင်းကုတ်ပြီး ဘာပြန်ပြောရမလဲ ဖြစ်သွားပါလေရော၊ ဒါနဲ့ ငါလည်း ဆိုင် မှာ ရှိနေတုံးဆိုတော့ ဒီ Customer အတွက်ဆိုရင် လူရည်လည်တဲ့ စားပွဲထိုးနဲ့ အမြန်အစားထိုးလိုက် ရတယ်၊ ဟုတ်တယ်လေ။ တခါစားရင် ၁၀၀၀၀ိ/- အထက်မှာစားပြီး နေ့စဉ် (၂)ခေါက်လောက်လာ တဲ့ Customer တစ်ယောက် လျော့သွားလို့မဖြစ်ဘူးလေ။

လူရည်လည်တဲ့ စားပွဲထိုးက ဒီ Customer နံနက်စာ စားဖို့ သူ့မိန်းမ၊ သူ့ကလေးတွေ နဲ့ ရောက်လာတော့ “ ဟာဆရာ ပျောက်နေတာတောင် တော်တော်ကြာသွားပြီ။ ကျွန်တော်တို့ ဆိုင်ကို မလာတာ တော်တော်ကြာပြီပဲ " လို့ ခရီးဦး ကြိုတဲ့ စကားနဲ့ နှုတ်ဆက်လိုက်ပါတယ်။

အမှန်တော့ ဒီ Customerဟာ မနေ့ ညက ဒီဆိုင်မှာပဲ သူစမောနဲ့အတူ ဂျပန်စာ စားသွားခဲ့တာ၊ ဒီကောင် လည်း မြင်တာပဲလေ။ လူရည်လည်တဲ့ကောင်ဆိုတော့ မသိချင်ယောင်ဆောင်ပြီး ပင့်ပေးလိုက် တာပေါ့။

အဲ့တော့ စားသောက်ဆိုင်ဆိုတာ ဒီလိုလူရည်လည်တဲ့ စားပွဲထိုးတွေလည်း ရှိဖို့လို တယ်။ စားကောင်းပေမဲ့ အမြတ်များများ မကျန်တဲ့ menu ကို မှာမယ်ဆိုရင် “ ဆရာ ဒီ menu က ကျန်းမာရေးနဲ့ မသင့်တော်ဘူး ဆရာရဲ့၊ ဒီ menu ဆိုရင် ဆရာနဲ့ အသင့်လျော်ဆုံးပဲဆိုပြီး အမြတ်များများကျန်မဲ့ menu ကို ထိုးထည့်တတ်ရမယ်ကွ။ " Feel စားသောက်ဆိုင်ပိုင်ရှင်ရဲ့ ဥပဒေကတော့ “ လူဆို တာ အရိပ်သုံးပါး နားလယ်တတ်ရမယ် " တဲ့။

( Feel စားသောက်ဆိုင်မှာ နံနက်တိုင်းဆုံ breakfast စား၊ ဆူညံစွာစကားပြောလေ့ရှိသော စီးပွားရေးသမား မိတ်ဆွေများသို့ ရည်ညွှန်းပါတယ်။)

Saturday, October 1, 2011

တရုတ်မြန်မာစီးပွားရေးအဆက်အဆံ

မြစ်ဆုံရေကာတာစီမံကိန်းကိုမြန်မာအစိုးရကကိုယ့်ငွေနဲ့ကိုယ်စိုက်ထုတ်ကျခံပြီးကချင်ပြည်နယ်နဲ့အခြားဒေသတွေအတွက်တည်ဆောက်မယ်ဆိုရင်ဒါလောက်ဆန့်ကျင်မှုတွေရှိချင်မှရှိနိုင်မယ်။တရုတ်ငွေနဲ့ဆောက်ပြီးတရုတ်ကိုလျှပ်စစ်ဓါတ်အားပံ့ပိုးရောင်းချပေးရမဲ့စီမံချက်ဖြစ်တာကြောင့်ဆန့်ကျင်မှုတွေဟာ
တတိုင်းတပြည်လုံးကထွက်ပေါ်လာတာဖြစ်တယ်လို့ယူဆမိပါတယ်ဘာကြောင့်လဲဆိုတော့အခုချိန်မှာမြန်မာတော်တော်များများရဲ့စိတ်ထဲမှာတရုတ်ကိုချဉ်နေတဲ့မသိစိတ်တွေကိန်းအောင်းနေတာအမှန်ပါ။အထူးသဖြင့်မန္တလေးကမန္တလေးသားတွေမှာဒီမသိစိတ်ကတော်တော်များများရှိနေမယ်လို့ထင်ပါတယ်။မြန်မာမှာနှစ်ပေါင်းများစွာနေပြီးမြန်မာတပိုင်းဖြစ်နေတဲ့တရုတ်တွေအပေါ်မှာဒါလောက်အာဃာတမရှိပေမဲ့မြန်မာစကားမပြောတတ်တဲ့မန္တလေးကတရုတ်တွေ
ကိုတော့မန္တလေးသူမန္တလေးသားတွေကတော့မျက်စေ့ထဲမှာကြည့်မရတော့တာတော်တော်ကြာပါပြီ။

မြစ်ဆုံရေကာတာစီမံကိန်းကိုခေတ္တ၅နှစ်တာကာလရပ်ဆိုင်းလိုက်ပေမဲ့ တရုတ်ရဲ့ ရထားလမ်းစီမံကိန်း၊ကျောက်ဖြူ
ရေနံဓါတ်ငွေ့ပိုက် လိုင်းစီမံကိန်းတွေဟာအချိန်မရွေးပေါက်ကွဲလာနိုင်တဲ့မီးပွားတွေပဲဖြစ်ပါတယ်။တရုတ်ခေါင်းဆောင်
ပိုင်းရဲ့စိတ်ထဲမှာ မြန်တင့်ဟာတရုတ်ပြည်ရဲ့အစိတ်အပိုင်းဖြစ်တယ်ဆိုတာမသိမသာခံယူထားကြပါတယ်။မြန်မာရှေး
ဘုရင်လက်ထက်ထဲက မြန်မာကိုမကြာခဏကျူးကျော်လေ့ရှိတာကြောင့်တရုတ်ဆိုတဲ့မြန်မာစကားအဓိပ္ဗါယ်ဟာ
ကျူးကျော်သူဖြစ်တယ်ဆိုတာဖေါ်ပြထားပါတယ်။တရုတ်ဟာစူပါပါဝါဖြစ်လာတာနဲ့အမျှအမေရိကန်ကိုခွာရာတိုင်းလာ
ပါတယ်။ဒါပေမဲ့တရုတ်ဟာအမေရိကန်ကိုဘယ်ဖက်ကပဲယှဉ်ယှဉ် မယှဉ်နိုင်သေးပါဘူး။ တရုတ်ပစ္စည်းတွေကိုဈေးချို
ချိုနဲ့ထုတ်လုပ်ပြီးဈေးပေါပေါနဲ့ကမ္ဘာကိုဖြန့်ချီတင်ပို့နေတာကြောင့်တရုတ်ပစ္စည်းတင်သွင်းမှုကိုနိုင်ငံတိုင်းလိုလို
ကပဲကန့်သတ်မှုတွေလုပ်ခဲ့ပါတယ်။ တရုတ်ကလည်းသူ့ပစ္စည်းတွေဈေးချိုချိုနဲ့ပို့နိုင်အောင်သူ့ယွမ်ငွေတန်ဖိုးကို
ခပ်ပျော့ပျော့ ဖြစ်အောင်လုပ်ထားပါတယ်။

အမေရိကန်အပါအ၀င်အနောက်နိုင်ငံတွေကဒါကိုပဲထောက်ပြပြောဆိုခဲ့ကြပြီးနည်းမျိုးစုံနဲ့
လှန့်ခဲ့ကြပါတယ်။ တရုတ်ကလည်းသူ့အကြံနဲ့သူပါပဲ။ မြန်မာကတော့ US sanction, EU sanction
တွေကြောင့်စီးပွားရေးထင်သလောက်မလုပ်နိုင်ခဲ့တဲ့ အပြင်ခရိုနီစီးပွားရေးလက်ဝါးကြီးအုပ်မှုတွေကြောင့်  တစ်ဦးချင်း
ရဲ့wealthဟာတစ်ဖက်စောင်းနင်းဖြစ်ခဲ့ပြီးဆင်းရဲမွဲတေသူများပြားလာခဲ့ပါတယ်။လူလတ်တန်းစားဆိုတာတဖြည်း
ဖြည်းပျောက်ကွယ်လျော့နည်းခဲ့ပြီးဝန်ထမ်းလောကမှာကောပုဂ္ဂလိကအပိုင်းမှာပါလာဘ်စားမှုတွေအမြစ်တွယ်လာခဲ့
ပါတယ်။မြန်မာ့စီးပွားရေးဟာတဖြည်းဖြည်းနဲ့တရုတ်ကိုမှီခိုအားထားလာခဲ့ရပြီးပေါချောင်ကောင်းပစ္စည်းတွေအတွက်
ဒေါ်လာတွေကိုသုံးခဲ့ရပါတယ်။တရုတ်က တခါးမရှိဓါးမရှိ ၀င်လာတဲ့စားစရာတွေကြောင့်ပြည်တွင်းစားစရာထုတ်
လုပ်မှုလုပ်ငန်းတွေထိခိုက်ခဲ့ရပါတယ်။ အထူးသဖြင့်စားစရာတွေဟာ expiry date လွန်ခါနီးတွေဝင်လာတော့မြန်မာ
ဟာတရုတ်ပစ္စည်းတွေရဲ့ dumping အဖြစ်တစ်စတစ်စနဲ့ရောက်လာနေပြီဖြစ်တယ်လို့ဆိုပါတယ်။ တရုတ်လျှပ်စစ်
ပစ္စည်းတွေဆို operating instruction ကအစတရုတ်လိုပဲရေးထားတာ။ မြန်မာအတွက်သီးခြားထုတ်လုပ်တာမဟုတ်
ပဲသူတို့ဆီမှာ model out ရင် မြန်မာဖက်ကိုရောက်လာတော့တာပါ။ဈေးပေါတော့လည်းမြန်မာစာသုံးသူတွေကမညီး
မညူသုံးနေကြရတယ်။ပစ္စည်းချင်းတူရင်ယိုးဒယားပစ္စည်းကမှအရည်အသွေးပိုကောင်းတော့ဈေးမျာချင်များပါစေ
ယိုဒယားပစ္စည်းကိုပဲစားသုံးသူတွေကသုံးချင်ကြတယ်။

တရုတ်ကမြန်မာနဲ့ကီလိုမီတာထောင်ပေါင်းများစွာဆက်စပ်နေတာကြောင့်သူနဲ့စီးပွားရေးအဆက်အဆံမလုပ်ဖို့ဆိုတာ
တော်တော်ခက်ခဲတဲ့အလုပ်ပါ။အစိုးရအနေနဲ့တရုတ်ကိုချစ်ရင်လည်းပေါင်းရမှာပဲ၊မုန်းရင်လည်းပေါင်းရမှာပါ။လောလော
ဆယ်တော့အာဏာချိန်ခွင်ရှာညှိဖို့ အမေရိကန်နဲ့အီးယူနိုင်ငံတွေရဲ့မျက်နှာသာပေးမှုပြန်ရရှိရေးကိုကြိုးပမ်းနေကြတာ
အထင်အရှားပါ။ဒီလိုအခြေအနေမျိုးမှာ မြန်မာနဲ့တရုတ်စီးပွားရေးအဆက်အဆံကိုဘယ်လိုလုပ်သင့်တယ်ဆိုတဲ့
projection ကိုသက်ဆိုင်ရာဝန်ကြီးဌာနများကလေ့လာပြီးနှစ်တိုနှစ်ရှည်စီမံကိန်းများရေးဆွဲသုံးသပ်တင်ပြသင့်နေပါ
ပြီ။တရုတ်နှင့်နယ်စပ်ကုန်သွယ်ရေးဝင်ပေါက်ထွက်ပေါက်ဟာ ( ၄)ခုရှိနေပေမဲ့မူဆယ်နယ်စပ်ကုန်သွယ်ရေးဟာ
အရေးပါဆုံးနယ်စပ်ကုန်သွယ်ရေးစခန်းဖြစ်ပါတယ်။ မြန်မာကလည်း၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ဖွင့်လှစ်ပြီးမြန်မာဖက်
မှာဈေးကွက်ဖြစ်ပေါ်လာအောင်လုပ်ခဲ့ပါတယ်။ယခုအထိတရုတ်ကလည်းသူဖက်ကြယ်ခေါင်၊ရွှေလီမှာဈေးကွက်ဖြစ်
အောင်အကွက်ချဆောင်ရွက်နေပါတယ်။ မြန်မာဖက်ကတော့တရုတ်မြန်မာစီးပွားရေးပေါ်လစီ ကိုသတ်သတ်မှတ်
မှတ်ချဟန်မတူပါ။ အာဆီယံတရုတ်နန်နင်းဆိုလည်းဝင်ပါလိုက်တယ်။ နန်နင်းမှာမြန်မာကုန်သွယ်ရေးရုံးတစ်ရုံး
တည်ထောင်ဖွင့်လှစ်ထားတယ်။ပုဂ္ဂလိကနဲ့အစိုးရကြားသူလုပ်မလိုကိုယ်လုပ်မလိုနဲ့ လစ်ဟာနေပါတယ်။ကွမ်ရှီး
ပြည်နယ်ဟာတရုတ်ရဲ့ကိုယ်ပိုင်အုပ်ချုပ်ရေးအခွင့်အရေးပေးထားတဲ့ပြည်နယ်တစ်ခုဖြစ်ပါတယ်။နှစ်အနည်းငယ်အတွင်းလျှင်မြန်စွာဖွံ့ဖြိုးတိုးတက်လာတာကိုတွေ့ ရပါတယ်။ယူနန်ပြည်နယ်ကတော့မြန်မာနဲ့အိမ်နီးချင်းပြည်နယ်ဖြစ်ပါတယ်။
တရုတ်ပြည်ထဲမှာမဖွံဖြိုးမတိုးတက်သေးသောပြည်နယ်အဖြစ်သတ်မှတ်ထားပါတယ်။အစပထမပိုင်းမှာတရုတ်ကမြန်မာ
ကိုယူနန်ပြည်နယ်အဆင့်လောက်နဲ့တန်းတူထားဆက်ဆံချင်ကြတယ်။မြန်မာဝန်ကြီးဌာနတစ်ခုခုကိုဘီကျင်းက၀န်ကြီးဌာနကတန်းတူမဆက်ဆံချင်ကြဘူး။ယူနန်ပြည်နယ်က၀န်ကြီးဌာနတစ်ခုကတိုက်ရိုက်ဆက်ဆံလာတာမျိုးရှိခဲ့ဘူးတယ်။မြန်မာဘုရင်လက်ထက်ကဘုရင်အနေနဲ့ဂရိတ်ဗြိတိန်ဘုရင်မကြီးနဲ့တိုက်ဆက်ဆံခဲ့ချင်ပေမဲ့အရှေအိန္ဒိယဘုရင်ခံနဲ့သာဆက်ခံခဲ့ရတဲ့အဖြစ်မျိုးလိုပါပဲ။နောက်ပိုင်းကြမှမြန်မာအစိုးရကတင်းခံနေလို့အစိုးရသဘောထားကိုသိလာပြီးနောက်ပိုင်းဆက်ဆံရေးအဆင်ချောလာခဲ့တယ်။ မြန်မာကလည်းမရဘူး၊တန်းတူဖြစ်တဲ့မြို့တော်ဝန်ကိုဘိတ်ခိုင်းတာတို့ကြိုခိုင်းတာတို့ကို protocol အရ လုပ်တော့မှမြန်မာသဘောထားကိုသိလာခဲ့ကြတယ်။ဒီအကြောင်းတွေကမြန်မာနဲ့တရုတ်စီးပွားရေးဆိုင်
ရာ projection တွေ ရေးဆွဲတဲ့အခါ စဉ်းစားနိုင်အောင် လို့ဖြစ်ပါတယ်။

တရုတ်တွေကမြန်မာမှာ ဒေါ်လာ၎-၅ သန်းတန်အသေးစားရင်းနှီးမြုပ်နှံမှုတွေ မလုပ်ချင်ကြဘူး။အကြီးစားတွေပဲသူတို့လုပ်ချင်ကြတယ်။အသေးစားကိုသူတို့ဖက်မှာပဲရင်းနှီးမြုပ်နှံမယ်။ လိုအပ်တဲ့ကုန်ကြမ်းကမြန်မာကနေဈေးပေါပေါနဲ့ရနိုင်တယ်။ ဈေးကြီးနေရင်နည်းနည်း မူ ပြလိုက်ရင် မြန်
မာကုန်သည်တွေသူတို့ခွင်ထဲရောက်သွားရော။ ဖရဲသီး၊သရက်သီးဆိုရင်မျှော်မှန်းသလောက် အကျိုးအမြတ်မရဘူး။
ဒါကြောင့်သရက်သီးဆိုရင် oversea နဲ့တင်ဖို့ လိုင်းပြောင်းကြရတယ်။ ၁၀၅မိုင်ကုန်သွယ်ရေးဇုန်ထဲမှာ မြန်မာကုန်
ပစ္စည်းတွေ ဈေးကွက်ဖြစ်ပေါ်ရေးကိုမြန်မာတွေဖက်ကအမျိုးမျိုးကြိုးစားကြတယ်။ ဒါပေမဲ့မြန်မာကုန်သည်တွေကအရင်း
အနှီးထုတ်နိုင်မှုအင်အားနည်းတော့တရုတ်တွေရဲ့ဝယ်လက်ဖြစ်ရင်ဖြစ်သွားမယ်။ဈေးတင်းခံနေတော့မြေပြန့်ကိုပြန်မ
သယ်ချင်တော့ပေးတဲ့ဈေးနဲ့ချရောင်းသွားကြရတယ်။ logan သီးတွေကိုကြည့်လေ၊ မြန်မာကနေထွက်သွားပြီး မြန်မာ ကိုပဲ preserved သီးနှံ (snack) တွေအဖြစ်ပြန်ရောက်လာကော။ ပြောင်းတွေလည်းအများအပြားရောက် လာရင်
အစိုဓါတ်များတယ်၊အာဖလာတော့ဆင်များတယ်ဆိုပြီးဈေးဖမ်းနှိမ်တာပဲ။

ဒီအချက်တွေကအောက်ချေမှာဖြစ်ပျက်နေတာတွေပါ။ တရုတ်ဖက်ကနယ်စပ်ကုန်သွယ်ရေးကိုအပြည်ပြည်ဆိုင်ရာ
ကုန်သွယ်မှုတစ်ခုလို့မသတ်မှတ်ချင်ဘူး။နယ်စပ်နေ နှစ်နိုင်ငံကပြည်သူတွေကုန်သွယ်ကြတာလို့မှတ်ယူထားတယ်။
မြန်မာကနယ်စပ်ကုန်သွယ်ရေးဟာအပြည်ပြည်ဆိုင်ရာကုန်သွယ်မှုလို့မှတ်ယူထားတယ်။ ဒီ လိုအခြေခံအမြင်ချင်း
မတူညီတာကြောင့် ကနဦးနယ်စပ်နယ်စပ်ကုန်သွယ်ရေးကိုချောချောမွေ့မွေ့ ဖြစ်အောင်အကောင်အထည်ဖေါ်ဆောင်
ရွက်တဲ့အခါတော်တော်ပြောဆိုခဲ့ရပါတယ်။ဟခုအခါမှာတော့ မြန်မာအစိုးရသဘောထား ကိုသိလာရပြီဖြစ်တဲ့အတွက်
တရုတ်နဲ့ကုန်သွယ်မှုမှာအဆင်ပြေစပြုလာပါပြီ။ဈေးကွက်အသာစီးရရေးမှာ တော့တရုတ်နဲ့ယှဉ်ပြိုင်ကြိုးစားကြတဲ့အခါ
မြန်မာကနောက်တန်းမှာပဲရောက်နေရတာကိုတော့ဝန်ခံရမှာဖြစ်ပါတယ်။စိတော့ကုန်သွယ်ရေးမဟာဗျူယာချမှတ်တဲ့အခါမှာစဉ်းစားရမဲ့အချက်တော်တော်များများရှိနေပါတယ်။ ဥပမာရွှေဆိုရင်မြန်မာပြည်မှာထွက်တယ်။ဘယ်လောက်ထွက်
သလဲတော့စာရင်းဇယားအတိအကျမသိရဘူး။ကမ္ဘာရွှေဈေးကမြင့်ပြီး ပြည်တွင်းရွှေဈေးနိမ့်နေတဲ့အခါ မြန်မာရွှေတွေ
တရုတ်နယ်စပ်ရောက်လာပါတယ်။ရွှေက ကုန်ကျစ်ဆိုတော့သယ်ရပြုရတာလွယ်တယ်။ နယ်စပ်ရွှေလီမှာမြန်မာရွှေ ကိုရောင်းပြီး ရတဲ့ဒေါ်လာကိုအဝေးလွှဲနဲ့ ရန်ကုန်ကိုပြန်ပို့တော့ရန်ကုန်မှာ ဒေါ်လာဈေးကရွှေလီက မြန်မာရွှေဝယ်တဲ့
တရုတ်တွေလက်ထဲမှာပဲရှိတယ်။ ရန်ကုန်ဒေါ်လာဈေးကွက်ကရွှေလီကနေသတင်းအချက်အလက်မရပဲမဖွင့် ရဲကြဘူး။
ရန်ကုန်သားကုန်သည်တွေကဒေါ်လာဈေးကွက်ကိုသူတို့ exporters တွေကလက်ထဲမှာ မရှိ လိုအောင့်သက်သက်ဖြစ်
နေကြတာပေါ့။

တရုတ်ကနယ်စပ်ကုန်သွယ်ရေးကို normal trade မလုပ်ချင်ဘူး။ Letter of credit, Telegraphic Transfer နဲ့ငွေ
ကြေး transaction လုပ်ဖို့တော်တော်ကိုပြောနေရတယ်။ အမေရိကန် sanction ကြောင့်လည်းတကြောင်းပါတာပေါ့၊
အရေးရယ်အကြောင်းရယ်ဆိုရင် တရုတ်လည်းငွေကြေးနဲ့ပတ်သက်လာရင် မြန်မာကို မကူညီပါဘူး။ စင်ကာပူကမှ တင်းတင်းကြပ်ကြပ်နဲ့ မြန်မာကို ကူညီသေးတယ်။ အမေရိကန်ဖိအားပေးတော့ဒေါ်လာကို ဖြုတ်ပစ်တယ်လေ။ ယူရို
နဲ့တော့ လုပ်နိုင်သေးတယ်။မြန်မာကုန်သည်တွေလောကမှာ ၂ ရင်းရင်းရတယ်ဆိုတဲ့ဖြစ်စဉ်ပေါ်ပေါက်လာပြီးကုန်သွယ်
မှုအရင်းအနှီး ကို အကန့်အသတ် ဖြစ်စေတာပါ။ ဒီကြားထဲမှာကုန်သည်တွေဖက်ကမသမာမှုတွေလုပ်တယ်ဆိုပြီးပို့ကုန်
သွင်းကုန်လိုစင်လျှောက်ရင် barrier တွေပြုလုပ်ခဲ့တယ်။ ဒီအချက်တွေကြောင့် transaction cost တွေများလာပြီးလုပ်ရကိုင်ရတဲ့အခါမှာတွက်ချေမကိုက်တောဘူး။နယ်စပ်ကုန်သွယ်ရေးကိုလုပ်နေတဲ့ကုမ္ဗဏီတွေ
ကexport လုပ်ချင်တဲ့သူုတွေဆီကကော်မရှင်ယူပြီးသူတို့နံမည်ခံ export ပေးတယ်။ ပဲတီစိမ်း export လုပ်ချင်
တဲ့သူက ပဲတီစိမ်း တန် ၅၀၀ ကို တရုတ်ဆီ export လုပ်ချင်ရင် အမည်ခံကုမ္ဗဏီ နဲ့ညှိနိုင်းပါတယ်။ အမည်ခံကုမ္ဗဏီ
ကလိုင်စင်လျှောက်ပေးတယ်။အမည်ခံကုမ္ဗဏီနဲ့လက်ဝါးရိုက်ထားတဲ့ တရုတ်ကုမ္ဗဏီက မြန်မာအမည်ခံကုမ္ဗဏီ ထံ
ဒေါ်လာ ကို TT နဲ့ထည့်ပေးလိုက်တယ်။ အမှန်ကတော့ အမည်ခံကုမ္ဗဏီ ရဲ့ငွေတွေပါပဲ။ အဲတော့ တစ်ရင်းရင်းလိုက်ရ
ပြီ၊ နောက်တစ်ရင်းကတော့ပြည်တွင်းမှာ ပဲတီစိမ်းဝယ်ရတဲ့ အရင်းပေါ့။အစစ်အဆေးခံတာတို့ဘာတို့လုပ်ပြီး လိုင်စင်ကျ
လာရင်ပို့လို့ရပြီ။ လိုင်စင်လျှောက်တဲ့အခါ ပစ္စည်းဖိုးငွေ TT အရင်ဝင်ရပါတယ်။ နိုင်ငံခြားဝယ်လက် ဖြစ်တဲ့ဘယ်တစ်
စိမ်းကုမ္ဗဏီ ကမှ TT ကြိုပို့ ဖို့ဆိုတာ ဖြစ်နိုင်ချေအနည်းဆုံးဆိုတာ နိုင်ငံတကာကုန်သွယ်ရေးလုပ်နေသူတိုင်း
သိပါတယ်။ အမည်ခံ ကုမ္ဗဏီကနေ တဆင့်ခံ လုပ်ရရင် ၂ ရင်းမရင်းရတော့ ဒီလုပ်နည်းစနစ်ကိုတော်တော်ကြိုက်ကြ
တယ်။တစ်ဖက်နိုင်ငံတရုတ်နဲ့အဆက်အသွယ်ရှိသူတွေဘယ်လောက်အလုပ်ဖြစ်လဲကြည့်ပါ။ အစိုးရ ဘက်ကစဉ်းစား
လုပ်ဆောင်ကြတဲ့အခါမှာလည်းဘာတွေစဉ်းစားကြသလဲ၊ ကိုယ့်ကုန်သည်ကို ကိုယ်သတ်နေတာတွေလည်းဖြစ်သွား
နိုင်ပါတယ်။ ဒီမြေပြင်အခြေအနေတွေသိပေမဲ့ဘာလုပ်ရမှန်းမသိလို့လားတော့မသိဘူး။ ကုန်သည်တွေကတော့ငါးပွက်
ရာငါးစာချနေတာနဲ့ပဲ စီးပွားရေးကိုဆောင်ရွက်နေရပါတယ်။