Friday, January 26, 2018

ပုဂ္ဂလိကလက်ထဲကမြန်မာဆန်စပါးလုပ်ငန်း (အဆက်)

ဆန်ပြည်ပတင်ပို့ခြင်း


မြန်မာဆန်စပါးလုပ်ငန်း၏ဖြတ်သန်းခဲ့သည့်ဆယ်စုနှစ်များစွာကိုပြန်ပြောင်းကြည့်ပါကနိုင်ငံတော်ကသာလျှင် ဆန်ကို အများဆုံးပြည်ပတင်ပို့ခဲ့ကြပါသည်။ ယနေ့ အချိန်အထိ ပုဂ္ဂလိကပိုင်းသည်ဆန်ပြည်ပတင်ပို့ခြင်းကိုအတွေ့အကြုံအရ ဖြစ်စေ၊ ငွေကြေးအင်အားအရ ဖြစ်စေ၊ဈေးကွက်အဆက်အသွယ်ပိုင်း၌ ဖြစ်စေအားနည်းနေဆဲဖြစ်သည်။ ယင်းသို့အား နည်းနေရခြင်းသည် အမေရိကန် ဆက်ရှင်ကြောင့်ဖြစ်ပေါ်သည်ဟုဆိုနိုင်ပါသည်။ ၂၀ဝ၃ ခုနှစ်၊ဧပြီလမှစ၍ဆန်စပါးမူဝါဒပြောင်းလဲပြီးပုဂ္ဂလိကလက်ဝယ်သို့ဆန်စပါးလုပ်ငန်းကိုရောက်ရှိရန်အခြေအနေများဖန်တီးပေးခဲ့သော်လည်းဆန်စပါးလုပ်ငန်းကိုထဲထဲဝင်ဝင် လုပ် ကိုင်နိုင်သည့်ကုမ္ပဏီအရေအတွက်မှာလက်ချိုးရေတွက်၍ရနေပါသည်။ ပုဂ္ဂလိကပိုင်းအနေဖြင့်ဆန်စပါးလုပ်ငန်းကိုဝင်ရောက်လုပ်ကိုင်သည့်အခါနိုင်ငံတော်၏ဆန်စပါးမူဝါဒကိုရှေးဦးစွာနားလည်သဘောပေါက်ရန်လိုအပ်ပြီး၊ အဆိုပါ မူဘောင်အတွင်းလုပ်ကိုင်နိုင်မှသာလျှင် ရေရှည်ရပ်တည်သွားနိုင်မည်ကို သတိချပ်ရာ ၏။ ဆန်တင်ပို့နေသည့် ကုမ္ပဏီများသည် ဆန်စပါးလုပ်ငန်းSupply chain ကိုစဉ်းစားရာ၌ ပြည်တွင်းဆန် စပါးရောင်းဝယ်မှုလုပ်ငန်းကိုပိုင်ပိုင်နိုင်နိုင်တည်ဆောက်ပြီးမှသာဆန်ပြည်ပတင်ပို့ခြင်းကိုဆောင်ရွက်ပါက ပိုမိုအောင်မင်နိုင်ပါသည်။လုပ်ငန်းလုပ်ကွက်ကောင်းလျှင်ဝင်ရောက်ဖျာခင်းမည်ဆိုသည့်သူများပေါ်လာပြီးတနပ်စားလုပ်ကိုင်မည်ဆိုလျှင်အောင်မြင်နိုင်လိမ့်မည်ဟုမထင်ပါ။ဆန်သည်ကမ္ဘာဈေးကွက်၌သီးခြားsupply chain value chain ရှိနေခြင်းကြောင့်ဖြစ်ပါသည်။ မြန်မာ့စီးပွားရေး လောကတွင်ထိပ်တန်းကပါဝင်နေသူအချို့ပင်လျှင်ဆန်စပါးလုပ်ငန်း၏သဘောသဘာဝ supply chain value chain သည်သီးခြားရှိနေသည့်သဘောကိုနားလည်သဘော ပေါက်သောကြောင့်ထဲထဲဝင်ဝင်ပါဝင်ရန်လက်ရှောင်ကြပါသည်။ ထို့ကြောင့် ကုမ္ပဏီအများစုမှာ မဟာဗျူဟာသီးနှံဖြစ်သောဆန်စပါးကိုကိုင်တွယ်ရန်မဝံ့မရဲဖြစ်နေသေးသောကြောင့် အကဲ ခပ်ကြည့်ရှု့နေသည့် အနေအထား၌သာ ရှိနေဆဲဖြစ်ပါသည်။ ၂၀ဝ၉ ခုနှစ်၌ ဆန်စပါး အထူးပြုကုမ္ပဏီများပေါ်ပေါက်လာစေရန်တနည်းအားဖြင့်ပုဂ္ဂလိကပိုင်းမှ ဓနအင်အားများကို လယ်ယာလုပ်ငန်းခွင်တွင်အသုံးပြုစေရန်နိုင်ငံတော်မှတွန်းအား ပေးဆောင်ရွက်မှုအပေါ်အခြေခံ၍ဆန်စပါးရောင်းဝယ်မှုအပိုင်းတွင်မရဲတရဲမြေစမ်းခရမ်းပျိုးပါဝင်လုပ်ကိုင် ခဲ့ကြပါသည်။

၂၀၀၃ခု နှစ်တွင်မူဝါဒသစ်ချမှတ်ပြီးပြည်တွင်းပြည်ပကုန်သွယ်မှုကိုပုဂ္ဂလိကမှဆောင်ရွက်ခွင့်ပြုခဲ့သော်လည်း၂၀၀၈ခုနှစ်မတိုင်မီကာလအထိဆန်ပို့ကုန်ပါမစ်များကိုလက်သင့်ရာချပေးကာလက်ဝါကြီးအုပ်စီးပွားရှာခဲ့သောကာလဖြစ်သည်ဟုကိုမျိုးသူရအေးမှဆိုခဲ့ပါသည်။(ကောမာစ်ဂျာနယ် ၁၇-၃၉)၂၀၀၉-၂၀၁၀ကာလအတွင်းခွဲတမ်း (Quota) စနစ်ဖြင့် တင်ပို့ခွင့်ပြုခဲ့ပြီးတန်ချိန်၅သိန်းမှ၈သိန်းကြားတင်ပို့နိုင်ခဲ့ပါသည်။မြန်မာပုဂ္ဂလိကကုမ္ပဏီအချို့သည် အစပထမပိုင်း၌ ပြည်တွင်းဆန်ဈေးနှင့် ပြည်ပဆန်ဈေး ကွာဟချက် margin မှာ မက်လောက်ဖွယ်ရာရှိသောပမာဏကြောင့်အလုံးအရင်းနှင့်ဝင်ရောက်တိုးဝင်လာရန်အရိပ်အယောင်များပြခဲ့သော်လည်းနိုင်ငံတော်ဆန်စပါးနှင့်ပတ်သက်သောမူဝါဒသည် ပြည်တွင်း၌ ဆန်စပါးဖူလုံစေပြီးပိုသျှံမှသာပြည်ပသို့ပို့နိုင်သည်ဆိုသည့်အချက်ကြောင့်ဝင်ရောက်ဖျာခင်းမည့်သူများ၊အခွင့်သာတုံးဝင်ကစားပြီးချက်ချင်းပြန်နှုတ်သွားမည့်သူများမှာတနပ်စားအခြေအနေပေးသည့်အနေအထားကိုမတွေ့ရသောကြောင့်အားလုံးကိုယ်ရှိန်သတ်သွားခဲ့ကြပါသည်။ယနေ့မြန်မာ့ဆန်စပါးလုပ်ငန်း၌ကျန်ခဲ့သောဆန်စပါးအထူးပြုကုမ္ပဏီများသည်နိုင်ငံတော်၏မူဝါဒများကိုလုံးဝသဘောပေါက်နားလည်ကြပြီးအနစ်နာခံရမည့်အပိုင်းတွင်အနစ်အနာခံကာဆန်စပါးလုပ်ငန်း၏supply chain mechanismကိုတည်ဆောက်နေကြ သူများသာ ဖြစ်သည်ဟုဆိုရပေမည်။၂၀၁၁ခုနှစ်ရွေးကောင်ပွဲနောက်ပိုင်းတွင်ဈေးကွက်စီးပွားရေးစနစ်ကိုလွတ်လပ်စွာဆောင်ရွက်စေပြီးမည်သူမဆိုပြည်ပတင်ပို့ခွင့်ကို ပင်လယ်ရေကြောင်းနှင့်နယ်စပ်ကုန်သွယ်မှုမှတင်ပို့ခွင့်များဆောင်ရွက်ခွင့်ပြုခဲ့ပါသည်။(မျိုးသူရအေး-ကောမာစ်ဂျာနယ် ၁၇-၃၉)

ဆန်စပါးဖြစ်စေ၊အခြားသီးနှံဖြစ်စေ၊ပြည်ပတင်ပို့ရန်ဟုဆိုလိုက်လျှင် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေသည်တောင်သူလယ်သမားများကောင်းနိုးရာရာစိုက်သည့်သီးနှံများကို ပြည်တွင်းဈေးကွက်ကဝယ်ယူပြီးတင်ပို့ရန်သာစိတ်ကူးရှိကြပါသည်။ခေတ်ကာလအဆက်ဆက်တောနေတောင်သူလယ်သမာများ၏sustainable farming မှပိုလျှံသောသီးနှံများကိုဈေးကွက်သို့တင်ပို့ခဲ့သည့်အလေ့အကျင့်မှအစပြုသည်ဟုဆိုရပေမည်။ထိုစဉ်က  တပ်မတော်အစိုးရ၏လိုလားချက်ပြည်တွင်းဈေးကွက်မှပိုလျှံသည့်ဆန်stockအစုအဆောင်းများကိုသာပြည်ပတင်ပို့ခွင့်ပြုလိုကြပါသည်။နဂိုကတည်းကပြည်ပတင်ပို့ခွင့်ကိုသီးခြားစိုက်ကွင်းများဖြင့်စိုက်စေသည့်စနစ်မဟုတ်ပဲတရေးနိုးသော်အကြံပေါ် ad hoc ခွင့်ပြုခဲ့ခြင်းဖြစ်၍ ခရိုနီများအပါအ၀င်ဆန်စပါးလုပ်ငန်းထဲပေါ်ပင်ဝင်လာကြည့်ကြသူများများပြားခဲ့ပါသည်။ဆန်ကို ပြည်ပတင်ပို့ရန်ပုဂ္ဂလိကများကိုခွင့်ပြုမည်ဆိုသည့်သတင်းကြားရယုံနှင့်အခွင့်အရေးကိုအမိအရဆုပ်ကိုင်ထားလိုကြသည့်ကုန်သည်များကလည်းသူထက်ငါဦးရန်ကုန်ဘုရင့်နောင်ပွဲရုံကဆန်များကိုမျက်စောင်းထိုးကြပါသည်။ပုဂ္ဂလိကပြည်ပတင်ပို့ရန်ခွင့်ပြုခဲ့သည့်စောစောပိုင်း ကာလများ၌ ပြည်ပတင်ပို့ရန် ဆန် အစုအဆောင်း(rice stock) ကို ပြပါဟုဆိုသည့်အခါ ဘုရင့်နောင်ပွဲရုံ များမှဆန်များကိုပွဲရုံပိုင်ရှင်နှင့်လယ်ဝါးရိုက်ပြီး ပြသခဲ့ကြပါသည်။ စက်မှုဇုန် များရှိသိုလှောင်ရုံများတွင်ပိုင်ပုံပုံ၍သိုလှောင်ထားသည့်ဆန်များကိုကုမ္ပဏီတစ်ခုကသူပိုင်ဆန်အစုအဆောင်း(stock)ပါဟုလာရောက်စစ်ဆေးသူများကိုပြသပါသည်။နောက်ရက်၌နောက်ကုမ္ပဏီတစ်ခုကသူ့ဆန်အစုအဆောင်း(stock)ပါဟုအဆိုပါပိုင်ပုံကိုပင်ပြသခဲ့ကြပါသည်။ နောက်ပိုင်း၌ စောင့်ကြည့်ကြပ်မတ်သည့်စနစ်များ တင်းကြပ်လာသည့်အခါ ပြည်ပတင်ပို့ရန် လျှောက်ထားခဲ့သည့်ကုမ္ပဏီအချို့သည်မသမာသောနည်းလမ်းများပြုလုပ်၍ဆောင်ရွက်လာ သောကြောင့်အမည်ပျက်စာရင်းအသွင်းခံရအထိဘဝပျက်ခဲ့ကြသည့်သာဓကများရှိခဲ့ပါသည်။

သီးနှံတစ်ခုခုပြည်ပတင်ပို့မည်ဆိုပါကရောင်းသူ ဝယ်သူ ချိတ်ဆက်မှု (Supplier Buyer  Connection) ရှိရန်လိုပါသည်။ယနေ့လူပြောသူပြောများနေသည့်ကန်ထရိုက်လယ်ယာစနစ်ခိုင်ခိုင်မာမာတည်ဆောက်နိုင်မှသာစဉ်ဆက်မပြတ်တင်ပို့နိုင်ခြင်း၊ဈေးနှုန်းမှန်မှန်ဖြင့်ရောင်းဝယ်နိုင်ခြင်း၊နှစ်ဦးနှစ်ဖက်အကျိုးကျေးဇူးမှာဖေါ်ဆောင်နိုင်ခြင်း(win-win situation)စသည့်အကျိုးကျေးဇူးများရရှိလာနိုင်မည်ဖြစ်ပါသည်။ယနေ့တောင်သူလယ်သမားများကောင်းနိုးရာရာစိုက်ပျိုးကြသောကောက်ပဲ သီးနှံများအနက် ပဲမျိုးစုံမှ လွဲ၍ ဆန်စပါး၊ ဂျုံ၊သစ်သီးဝလံများသည်ပြည်တွင်းဈေးကွက်အတွက်သာများသောအားဖြင့်ရည်ရွယ်စိုက်ပျိုး ကြခြင်းဖြစ်ပါသည်။ပြည်ပဈေးကွက်အတွက်မျှော်မှန်းစိုက်ပျိုးသောပဲမျိုးစုံပင်လျှင် Supplier Buyer Connectionချိတ်ဆက်မှုများမပြုလုပ်နိုင်ဘဲပြည်တွင်းပြည်ပဈေးကွက်တွင် ကုမ္ပဏီ များဝင်ရောက်ကစားနေမှုကြောင့်ပြည်ပမတင်ပို့နိုင်ဘဲပြည်တွင်းမှာပင်တဝဲလည်လည်ဖြစ်နေပြီး၊ ပြဿနာများ ပေါ်ပေါက် ခဲ့ပါသည်။ ပဲမျိုးစုံအနက် ပဲလွန်းဖြူ (Black eyed bean) ကို ရွှေသဇင်ကုမ္ပဏီက ပြည်ပမှ မျိုးတင်သွင်း၍ ပဲခူးတိုင်းတွင် ကန်ထရိုက်လယ်ယာစနစ်ဖြင့် စိုက်ပျိုးစေကာထွက်လာသည့်သီးနှံကိုပြည်ပတင်ခဲ့ သောကြောင့် အခြားပဲလွန်းဖြူများထက် ဈေးကောင်းများရရှိခဲ့ဘူးသည့် သာဓကများရှိခဲ့ ဘူးပါသည်။

ဆန်စပါးအထူးပြုကုမ္ပဏီအချို့သည်  supply chain mechanism များတည်ဆောက်လုပ်ကိုင်လျက်ရှိရာအင်းမရဲဘော်စပါးကိုမျိုးစေ့ထုတ်လုပ်သည့်အဆင့်မှ စိုက်ပျိုးထုတ်လုပ် ပြည်ပတင်ပို့သည့် အဆင့် အထိ ဆောင်ရွက်လျက်ရှိသော ခေတ္တရာ ဟင်္သာ ဆန်စပါးအထူးပြုကုမ္ပဏီလီမိတက်၏လုပ်ကိုင်ပုံနည်းစနစ် Supplier Buyer Connection ရယူ၍ပြည်ပဆန်ဝယ်ကုမ္ပဏီနှင့်တစ်ပိုင်တစ်နိုင်ချိတ်ဆက်လုပ်ကိုင်နေ ကြောင်းတွေ့ရှိ ရပါ သည်။ အင်းမရဲဘော်စပါးသည် တစ်ချိန်က အထူး ဧည့်မထဆန်အမျိုးအစား ကြိတ်ခွဲနိုင် သောကြောင့် ပြည်ပဈေးကွက်ဝင် ဆန်အမျိုးအစား တစ်ခုဖြစ်ပါသည်။ အထူးဧည့်မထ ဆန် ၁၀ဝ% ကို ယခင်ကုန်သွယ်လယ်ယာခေတ် ကတည်းက မလေးရှားနိုင်ငံ BERNAS မှတဆင့်မလေးရှားဈေးကွက်သို့တင်ပို့ခဲ့ဘူးရာလူကြိုက်များသောဆန်အမျိုးအစားတစ်ခုအဖြစ်မလေးရှားဈေးကွက်ကလက်ခံခဲ့ကြပါသည်။သို့သော်ထိုစဉ်က ဆက်တိုက်တင်ပို့နိုင်ခြင်းမရှိခဲ့၍ ဈေးကွက်ပျောက်ခဲ့ပါသည်။ ခေတ္တရာဟင်္သာကုမ္ပဏီသည် အင်းမရဲဘော်စပါးမျိုးကို စနစ်တကျလုပ်ကိုင်နိုင်ခဲ့ပြီး ယခင် စိုက်ပျိုးခဲ့ဘူးသည့် ပြည်ခရိုင်၌ စိုက်ပျိုးစေခဲ့ကာ စပါးပြန်လည်ဝယ်ယူ၍တန်းမြင့်ဆန်ကြိတ်ခွဲတင်ပို့နေခြင်းကြောင့်အောင်မြင်ခြင်းဖြစ်ပါသည်ယခုကဲ့သို့သော  model မျိုးကိုဆန်စပါးအထူးပြုကုမ္ပဏီများမှလုပ်ကိုင်သွားစေလိုပါသည်။ မြန်မာနိုင်ငံ၌ယခင်ကတည်းကအမည်ကျော်ကြားသည့်မိရိုးဖလာစိုက်ပျိုးခဲ့သည့်စပါးအမျိုးအစားများနှင့်ဆင်းသွယ်လတ်၊ရေဆင်းလုံးသွယ်ကဲသို့သော် HYVအမျိုးအစား မျိုးကောင်းမျိုးသန့်စပါးအမျိုးအစားများလည်းရှိပါသည်။ယခုအခါပြည်ပဈေးကွက်ဝင်သော စပါးအမျိုးအစားများကို ကနဦး အစပိုင်း၌ အထူးပြုကုမ္ပဏီများသည် မျိုးစပါးများစိုက်ပျိုးထုတ်လုပ်ပြီး ၄င်းတို့တာဝန်ယူ ရသော ဒေသများရှိ တောင်သူလယ်သမားများ စိုက်ပျိုးထုတ်လုပ်နိုင်ရန် ဖြန့်ဝေပေးခဲ့သော်လည်းယခုအခါ၌ကျယ်ကျယ်ပြန်ပြန်ဆောင်ရွက် နိုင်ခြင်းမရှိတော့ပါ။

ပြည်တွင်းဈေးကွက်ထဲမှ ဆန်များကို ဝင်မနှိုက်ဘဲ လိုချင်သည့် မျိုးကောင်း မျိုးသန့်စပါးကို မျိုးများ ထုတ်လုပ်ဖြန့်ဝေကာ ဒေသအတွင်း စိုက်ပျိုးစေခြင်းဖြင့်ရရှိလာသော စပါးများကို ကြိတ်ခွဲထုတ်လုပ်၍ ပြည်ပ ဝယ်ယူမည့် ကုမ္ပဏီနှင့် ချိတ်ဆက် ပြည်ပ တင်ပို့ခြင်းကသာလျှင် Supplier Buyer Connection ဖြင့် နည်းမှန် လမ်းမှန် ဆောင်ရွက်ခြင်းဖြစ်သည်ဟုဆိုနိုင်ပါသည်။ ယနေ့ မြန်မာဆန်ပြည်ပတင်ပို့နေသည့် ဆန် အဆင့်အတန်း ကို လေ့လာကြည့်ပါက မြန်မာ ၂၅% အဆင့်သာလျှင် အများဆုံး ဖြစ်ပါသည်။ဤအချက်မှာဈေးနှုန်းသက်သာသော ဆန်ကို ရွေးချယ်တင်သွင်းကြရသည့် အာဖရိကနှင့် ဘင်္ဂလားဒေ့ရှ်ဈေးကွက်များသို့ တင်ပို့နေ ခြင်းကြောင့်ဖြစ်သည်။ ဆန်ပြည်ပပို့ကုန်ကို နိုင်ငံတော်မှ ကိုင်တွယ်ခဲ့စဉ်ကလည်း တင်ပို့ခဲ့သည့် ဆန်အဆင့် အတန်းမှာလည်း မြန်မာ ၂၅% ဆန်သာ အများဆုံးဖြစ်ခဲ့ပါသည်။ ပုဂ္ဂလိကအပိုင်းမှ ကိုင်တွယ်လုပ်ကိုင်လာ သည့်အချိန်၌ တန်းမြင့်ဆန်များကို စနစ်တကျထုပ်ပိုး၍ ပြည်ပ ဈေးကွက်ရှိ စူပါမားကတ်များအထိ တင်ပို့နိုင် သည့် အနေအထားမျိုးမတွေ့ရသေးပါ။ ကုန်သွယ်/လယ်ယာ ကိုင်တွယ်ခဲ့စဉ်က ဝယ်ယူရရှိသည့် စပါးအရည် အသွေး အခြေအနေ မှာ မြန်မာ ၂၅% ဆန်အဆင့် ကြိတ်ခွဲခြင်းကသာ တွက်ချေကိုက်နိုင်သည့် အနေအထားရှိ နေသောကြောင့် ၂၅ မှတ်ဆန် အဆင့်ကိုသာ တင်ပို့ခဲ့ရခြင်းဖြစ်ပါသည်။ ဤနေရာ၌ စဉ်းစားသင့်သော အချက် တစ်ခုကိုတင်ပြလိုပါသည်။ အာဖရိကနိုင်ငံများ၊ ဘင်္ဂလားဒေ့ရှ်တို့ သည် အရည်အသွေးအဆင့်အတန်းနိမ့်သော ၂၅% အဆင့်ဆန်ကို တစ်လျှောက်လုံး စားသုံးနေမည်လားဆိုသည့်အချက်ကို စဉ်းစားရန်ဖြစ်ပါသည်။ မြန်မာ ဆန်စားသုံးသူ အများစုသည် ကုန်သွယ်/လယ်ယာခေတ်က ၂၅ မှတ်ဆန်ကို စားသုံးကြသော်လည်း ယနေ့ အခြေအနေသည် ယခင်နှင့် များစွာကွာခြားသွားပြီဖြစ်သည်။ ယနေ့ အခြေအနေမှာ တောနေ မြို့နေ ဆန် စားသုံးသူ လူတန်းစားတော်တော်များများသည် ၁၅ မှတ်၊ ၁၀ မှတ်အဆင့်ရှိသည့် ဆန်အမျိုးအစားများကိုပဲ အများစုက ပြောင်းလဲစားသုံးလျက် ရှိနေပါသည်။တလောကဆန်စက်ပိုင်ရှင်တစ်ဦးနှင့်ဆွေးနွေးခဲ့ရာ၌“ဆရာရေအခုကျွန်တော်တို့ကပြည်တွင်းမှာမစားတော့ဘဲ၂၅%မှတ်ဆန်တွေပြည်ပတင်ပို့ဖို့ကြိတ်ခွဲပေးနေရတာပါ“ ဟု ပြောပြပါသည်။ ပြည်တွင်း ၂၅ မှတ်ဆန်ကိုပင်လျှင် Wet Polisher အသုံးပြု၍ ဆန်ကို ဖွဲမကပ်စေရန်ပြုလုပ်ပြီးမှပြည်တွင်းဈေးကွက်တွင်ရောင်းချနေကြောင်းပြောပြဘူးပါသည်။

ကုန်သွယ်လယ်ယာခေတ်ကတည်းကအာဖရိကဈေးကွက်တွင်ဩဇာအာဏာ သက်ရောက် မှုရှိသည့်ကောက်ပဲသီးနှံရောင်းဝယ်မှုများပြုလုပ်နေသောဆွစ်ဇာလန်၊ပြင်သစ်ကုမ္ပဏီကြီး များနှင့်အဆက်အသွယ်ပြုလုပ်၍အာဖရိကနိုင်ငံများသို့တင်ပို့ကြရပါသည်။ယနေ့ဆန်ပြည်ပတင်ပို့ခြင်းကိုပုဂ္ဂလိကများအားခွင့်ပြုခဲ့သည့်အချိန်၌လည်းအဆိုပါကုမ္ပဏီကြီးများ၏ အခန်း ကဏ္ဍသည်အဓိကအပိုင်းမှပါဝင်နေဆဲဖြစ်ပါသည်။တန်းလတ်၊တန်းမြင့်ဆန်ဈေးကွက်နှင့်စပ်လျဉ်း၍မလေးရှားနိုင်ငံသို့ထိုင်းနိုင်ငံနှင့်ယှဉ်ပြိုင်တင်ပို့နိုင်သော်လည်းထိုင်းနိုင်ငံ၏ဟုန်မာလီ(JasmineRice)သည်အာဆီယံနိုင်ငံတော်တော်များ များ၏ဈေးကွက်တော်တော်များများကိုဖြန့်ကျက်စိုးမိုးထားဆဲဖြစ်သောကြောင့်ယှဉ်ပြိုင်နိုင်စွမ်းအား(Competitiveness)မှာထိုင်းဆန်ကအားသာနေဆဲဖြစ်ပါသည်။သို့သော်အထူးပြုကုမ္ပဏီများအနေဖြင့်ဆန်စပါး supply chain တွင်လုပ်ကိုင်နိုင်စွမ်းတိုးတက်လာသည်နှင့်အမျှဈေးကွက်မဟာဗျူဟာနည်းဗျူဟာများချမှတ်၍ဝင်ရောက်ယှဉ်ပြိုင်နိုင်သည့်အခြေအနေများပေးလျက်ရှိနေကြောင်းတွေ့ရှိရပါသည်။အာဆီယံနိုင်ငံများအနက်ဖိလစ်ပိုင်ဈေးကွက်ကိုဗီယက်နမ်ဆန်ကအများဆုံးနေရာယူချုပ်ကိုင်ထားဆဲဖြစ်ပြီးဗီယက်နမ်ကုမ္ပဏီများက လည်းခိုင်ခိုင်မာမာအခြေချလုပ်ကိုင်စိုးမိုးထားရန်အကွက်အကွင်းများဖန်တီးထားကြပါသည်။ပြီးခဲ့သည့်ဖိလစ်ပိုင်နိုင်ငံစီးဘူးဆန်ညီလာခံ၌ဗီယက်နမ်ကုန်သည်ပေါင်း(၈၀)ကျော်တက်ရောက်ခဲ့ရာနိုင်ငံအလိုက်ဆန် ကုန်သည်အများဆုံးတက်ရောက်ခဲ့ပါသည်။ဗီယက်နမ်အနေဖြင့်ထိုင်းဆန်များဖိလစ်ပိုင်ဈေးကွက်သို့ထိုးဖောက်ဝင်ရောက်လာမည်ကိုစိုးရိမ်မှုရှိပါသည်။သို့သော်စပါးစိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်နှိုင်းယှဉ်ပါကထိုင်းနိုင်ငံသည်ဗီယက်နမ်၊မြန်မာနိုင်ငံများနှင့်နှိုင်းယှဉ်ပါကထုတ်လုပ်မှုကုန်ကျစရိတ်အများဆုံးဖြစ်နေရာထိုင်းဆန်အနေဖြင့်ဖိလစ်ပိုင်ဈေးကွက်၌ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်competitive ဖြစ်ရန်အားနည်းနေဆဲဖြစ်ပါသည်။

ဖိလစ်ပိုင်ဈေးကွက်တွင်ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်မြန်မာဆန်ကုမ္ပဏီများ အနေဖြင့်မည်ကဲ့သို့ပြင်ဆင်လုပ်ကိုင်သင့်ပါသလဲဟုကုမ္ပဏီမှတာဝန်ရှိသူတစ်ဦးကမေးမြန်းဘူး ပါသည်။ဖိလစ်ပိုင်ဈေးကွက်၌နိုင်ငံပိုင် National Food Authority (NFA)သည် အခရာဖြစ်ပါသည်။မြန်မာဆန်ကုမ္ပဏီသည်NFAသို့ဆန်ပေးသွင်းရန်အဆင့်မီသည့် ကုမ္ပဏီစာရင်း ဝင်ရန်Accreditation list တွင်ပါဝင်လာရန်လျှောက်ထားဖို့လိုအပ်ပါသည်။ ဖိလစ်ပိုင်ဘက်အပိုင်း၌လည်းNFAနှင့်နီးစပ်သည့်ဖိလစ်ပိုင်ပြည်တွင်းကုမ္ပဏီတစ်ခုခုကိုလည်း မြန်မာဆန် ကုမ္ပဏီ၏ working partner ကုမ္ပဏီအဖြစ်အေဂျင့်ကုမ္ပဏီသဘောမျိုးဆက်သွယ် ခန့်ထားရန်လိုအပ်ပါသည်။ ကျွန်းပေါင်းများစွာ နှင့်ဖွဲ့စည်းထားသော ဖိလစ်ပိုင်နိုင်ငံအနေဖြင့် NFA မှ ဆန် ဝယ်ယူရန် တင်ဒါခေါ်ယူ သည့်အခါ ရံဖန်ရံခါ ပြည်တွင်းအဓိက distribution point စသည် အ အထိ ပို့ဆောင်ပေးရန် ဟူသော incoterm ဖြင့်  ဝယ်ယူတတ်ပါသည်။ မြန်မာဆန်ကုမ္ပဏီများအနေဖြင့်ဆန်ကို FOB incoterm ဖြင့်ရောင်းတတ်ယုံဖြင့် မရနိုင်တော့ပါ။ထိုအခါworking partnerဖြစ်သည့်ဖိလစ်ပိုင်ရှိပြည်တွင်းကုမ္ပဏီသည်ဆိပ်ကမ်းသို့ ရောက်လာသော ဆန်များကို အဓိက distribution point  ရှိရာဆိပ်ကမ်းသို့ ပြည်တွင်း ထောက်ပံ့ ပို့ဆောင်ရေးနည်းလမ်း (Logistic) များဖြင့် တဆင့်လွှဲပြောင်းပေးပို့ ရပါသည်။ထို့ကြောင့်အကျိုးတူပူးပေါင်း ဆောင်ရွက်သည့် working partner ကုမ္ပဏီတစ်ခု ဖိလစ်ပိုင်ဖက်၌ရှိနေရန်လိုအပ်ခြင်းဖြစ်ပါသည်။

NFA မှ တင်ဒါအောင်သည့်အခါ NFA က ဆန်ဆာဗေယာ (၂) ဦးသည် ဆန်တင်ပို့ ပေးသည့် နိုင်ငံကိုလာရောက်ပြီး NFA သို့ တင်ပို့မည့် ဆန်၏အရည်အသွေး၊ အိတ် quialtiy, weight တို့ကိုလာရောက် စစ်ဆေးပါသည်။ SGS ကဲ့သို့ နိုင်ငံတကာ စစ်ဆေးရေးအဖွဲ့၏ စစ်ဆေးချက်ဖြင့် မလုံလောက်ပဲ NFA ဆာဗေ ယာ (၂) ဦးလာရောက် စစ်ဆေးသည်ကို လက်ခံပေးရပါသည်။ ဆန်ကို  နှစ်စဉ်အမြောက်အများတင်သွင်းနေရ သော ဖိလစ်ပိုင်နိုင်ငံသို့ ဆန်တင်ပို့ရန် ဆန်တင်ပို့သည့် နိုင်ငံအများအပြားက စိတ်ဝင်စား ကြခြင်းမှာ၎င်းလက်ခံဝယ်ယူသောCIFဈေးနှုန်းသည်မက်လောက်ဖွယ်ရာရှိသောကြောင့်ဖြစ်ပါသည်။လောလောဆယ်ခြေကုတ်ရယူထားပြီးဖြစ်သောဗီယက်နမ်နိုင်ငံနှင့်ယှဉ်ပြိုင်ရန်အထူးလိုအပ်ပါသည်။ ၂၀၁၁ ခုနှစ် စောစော ပိုင်းက ဖိလစ်ပိုင်အာကွီနို အစိုးရလက်ထက်၌  ဆန်များကိုလိုအပ်သည်ထက်ပိုမိုတင်သွင်းထားသောကြောင့်ဂိုဒေါင်ထဲတွင်ဆန်များပျက်စီးစပြုနေပြီဖြစ်ရာဆိုင်ရာစစ်ဆေးရေးအဖွဲ့များလိုက်လံစစ်ဆေးလျက်ရှိသည်ဟုသတင်းများဖြစ်ပေါ်ခဲ့ပါသည်။

ဗီယက်နမ်ဆန်နှင့်ပတ်သက်၍ ဆန်တင်သွင်းသည့် ဆွစ်ဇာလန် နိုင်ငံတကာ ကုမ္ပဏီကြီးတစ်ခုမှ မန်နေဂျာတစ်ဦး၏ မှတ်ချက်ကိုပြန်လည်ဖေါက်သည်ချလိုပါသည်။ ဗီယက်နမ်၌ စပါးအမျိုးအစားပေါင်း (၁၀-၁၅) မျိုးခန့်ရှိပါသည်။ ၄င်းတို့ ဆန်ရောင်းချရာတွင် White Rice 15% White Rice 25% စသည်ဖြင့်သာ   general terms ဖြင့်သာရောင်းချပါသည်။ ကြိတ်ခွဲရာတွင်လည်း မည်သည့် စပါးအမျိုးအစားက ကြိတ်ခွဲသည်ဖြစ်စေ Head Rice သပ်သပ်၊ Big Brokens သပ်သပ်၊ Small brokens သပ်သပ်စီကို ဆိုင်လိုဘင်း များတွင် လှောင်ထားပြီးသင်္ဘောတင်ရန်လာသည့်အခါမှ ဆိုင်လိုဘင်းထဲမှထုတ်ကာRice Specification အလိုက်လိုသလိုရောစပ်ထုပ်ပိုးပေးပါသည်။ထို့ကြောင့် ဆန်အိတ်တစ်အိတ်ထဲ၌ ရံဖန်ရံခါ စပါးအမျိုးအစားပေါင်း (၃-၄) မျိုး မှ ကြိတ်ခွဲရရှိသောဆန်များဖြစ်နေတတ်ပါသည်။သို့ဖြစ်သောကြောင့်ဗီယက်နမ်ဆန်သည် များ သောအားဖြင့်စားမကောင်းတတ်ကြပါ။မြန်မာ၌ဆန်ကြိတ်ခွဲရာတွင်ဆန်အိတ်ထဲ၌ စပါးတစ်မျိုးထဲမှကြိတ်ခွဲရရှိသောဆန်နှင့်ဆန်ကွဲများသာရှိနေရာဆန်အရသာ Palatability ကိုများစွာမထိခိုက်နိုင်ပါ။သို့သော်ယခုနောက်ပိုင်း၌ rice re-processing plantများပေါ်လာပြီဖြစ်ရာဗီယက်နမ်ကဲ့သို့ဖြစ်မလာနိုင်ဟုပြော၍မရပါ။မြန်မာဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်သည်ဗီယက်နမ်နိုင်ငံ၏စိုက်ပျိုးထုတ်လုပ်မှုစရိတ်ထက် နည်းကောင်းနည်းနိုင်ပါသည်။သို့ဖြစ်၍၂၅%မှတ်ဆန်ချင်းယှဉ်လျှင်ဆန်၏အနေအထားအအရအားသာချက်များရှိနေနိုင်ပါသည်။

ကိုလိုနီခေတ်က ဆန်နှင့် ဆန်ထွက်ပစ္စည်းများကို  အောက်ပါတန်ချိန်အတိုင်း သင်္ဘောတင်ပို့နိုင်ခဲ့ ကြပါသည်။ ထိုစဉ်က ရန်ကုန်ဆိပ်ကမ်းတစ်ခုတည်းမှ မဟုတ်ဘဲ မော်လမြိုင်၊ ပုသိမ်၊ စစ်တွေ ဆိပ်ကမ်းများ ကပါ တင်ပို့ခဲ့ကြပါသည် -

စဉ် ဘဏ္ဍာနှစ် ဆန်နှင့် ဆန်ထွက်ပစ္စည်း
                                                                                                       (တန်ချိန်သန်း)
(က)                                          ၁၉၂၃-၂၄                             ၂.၂၁
(ခ)                                            ၁၉၂၅-၂၆                            ၃.၁၂
(ဂ)                                            ၁၉၂၉-၃၀                            ၂.၉၄
(ဃ)                                           ၁၉၃၁-၃၂                            ၃.၁၅
(င)                                             ၁၉၃၃-၃၄                            ၃.၁၄
(စ)                                             ၁၉၃၅-၃၆                            ၂.၇၈
(ဆ)                                            ၁၉၃၇-၃၈                           ၂.၇၈
(ဇ)                                              ၁၉၃၉-၄၀                            ၃.ဝ၅
မှတ်ချက်။ လွတ်လပ်ရေးရပြီးနောက်ပိုင်း ၁၉၅၅-၅၆ ခုနှစ်က တန်ချိန် (၁.၉၃) သန်းနှင့် ၁၉၅၉-၆၀ ခုနှစ်က             တန်ချိန် (၂.ဝ၂) သန်း၊ ၁၉၆၁-၆၂ ခုနှစ်အထိ တန်ချိန် (၁.၉၁) သန်းတင်ပို့ခဲ့ပါသည်။
                                                                                                    Source : ကုန်သွယ် / လယ်ယာ -၂၀ဝ၁

ကိုလိုနီခေတ်နှင့် လွတ်လပ်ရေးရပြီးစအချိန်အထိ ဆန်တန်ချိန် (၂.၃) သန်းအထိ တင်ပို့င်ခဲ့သဖြင့် မြန်မာဆိပ်ကမ်း၏ သင်္ဘောတင်ပို့နိုင်စွမ်းအား အဟန့်အတား များကို မည်ကဲ့သို့ကျော်လွှားခဲ့သည်မှာ စိတ်ဝင် စားစရာပင်ဖြစ်ပါသည်။ ၁၉၇၆-၇၇ ခုနှစ်ခန့်အထိ ထီးတန်းဆိပ်ကမ်း၌ ရာသီမရွေးတင်နိုင်သည့် bag loading plant ကို ကမ္ဘာ ကျော် SCHULE ကုမ္ပဏီမှ မှာယူတပ်ဆင်အသုံးပြုခဲ့ပါသည်။ သို့သော်ဆိပ်ကမ်းအလုပ်သမား များမှာ အဆိုပါ bag loading plant ရှိနေလျှင် ၄င်းတို့၏ ကုန်တင်ကုန်ချအလုပ်ကို မသေချာ မရေရာဖြစ်စေသည့် အခြေအနေရှိသောကြောင့် ပူးပေါင်းပါဝင်မှုအပိုင်း၌ အားနည်း ခဲ့ပြီး နောက်ပိုင်း၌ အဆိုပါ bag loading plant ကို ဖြုတ်သိမ်းခဲ့ရသည့် အခြေအနေသို့ ဆိုက်ရောက်ခဲ့ရပါသည်။

ယခုအချိန်၌ ရန်ကုန်ဆိပ်ကမ်းတစ်ခုတည်းကိုသာ အားထားတင်ပို့နေရချိန်ဖြစ်၍ ဆန်တန်ချိန် (၂) သန်း၊ (၃) သန်းတင်ပို့ရန်ကိစ္စမှာ အခက်အခဲများရှိနိုင်ပါသည်။ ရန်ကုန် ဆိပ်ကမ်းမှာ ပင်လယ်ဆိပ်ကမ်း (Sea port) မဟုတ်ပါ။ ဆန်သယ်ယူရန် ပင်လယ်ကူး သင်္ဘောများသည် ပင်လယ်ဝမှ ရန်ကုန်ဆိပ်ကမ်းရောက် သည်အထိ မိုင် (၄၀) ခန့် ဝင်ရောက်ရပါသည်။ ကုန်ဝယ်သူအနေဖြင့် တန်ချိန်များများဆန်သည့် သင်္ဘော ငှားရမ်းပါ က သင်္ဘောခ ပိုမိုသက်သာနိုင်သော်လည်း ရန်ကုန်ဆိပ်ကမ်း ရေစူးသည် (၉) မီတာ၊ (၂၇) ပေသာ ရှိပြီး ဆိပ်ခံအရှည် LOA မှာ (၅၀၇) ပေသာ လက်ခံနိုင်သည့် ကန့်သတ်ချက်များ ရှိနေပါသည်။ ဘန်ကောက်၌ဆိပ်ကမ်းမှ အာဖရိကဆိပ်ကမ်းတင်ပို့မှုအတွက် ကုန် (၁၀ဝ၀ဝ) ဆန့် သင်္ဘောခမှာ တစ်တန်လျှင် (၄၃-၄၆) ဒေါ်လာသာဖြစ်ပြီး၊ တန်  (၁၅၀ဝ၀) ဆန့် သင်္ဘောခသည် တစ်တန်လျှင် (၄၁-၄၃) ဒေါ်လာဖြစ်ပါသည်။ ရန်ကုန်ဆိပ်ကမ်းမှ ဆိုပါက အနောက်အာဖရိကနိုင်ငံများသို့တင်ပို့မည်ဆိုလျှင် ဆန်တစ်တန်လျှင် (၆၅) ဒေါ်လာရှိ သည်ဟုသိရပါသည်။ ၂၀၁၁ ခုနှစ်မှစ၍ ရန်ကုန်ဆိပ်ကမ်းဖွံ့ဖြိုး တိုးတက်ရေး ကိုဆောင်ရွက်လျှက် ရှိရာ များမကြာမီကာလအတွင်း  တန်ချိန် ၃၀ဝ၀ဝ ဝင် သင်္ဘောများ ဝင်ရောက်လာနိုင်ပါက ဆန်တန်ချိန် အမြောက်အများတင်ပို့နိုင်ရေးကို များစွာ အထောက် အကူဖြစ်စေနိုင်ပါသည်။

ထိုင်းနိုင်ငံမှ ဟုန်မာလီခေါ် စပယ်ဆန်မွှေးသည် ကမ္ဘာနှင့်အဝှမ်းဖြန့်ကျက်၍ ဈေးကွက်ရယူထား ပြီဖြစ်၍ ၄င်းကိုယှဉ်ပြိုင်နိုင်သည့် ဆန်အမျိုးအစားများ ပေါ်ပေါက် လာရေးသည် ဆန်စပါးအထူးပြုကုမ္ပဏီများ မျက်ခြေမပြတ်ရမည့်အပိုင်းဖြစ်ပါသည်။ ပေါ်ဆန်းဆန်သည် ဈေးကွက်တွင်ယှဉ်ပြိုင်နိုင်သည်ဟုဆိုသော်လည်း ပြည်တွင်း၌ စားသုံးသူများလာသော ဆန်ဖြစ်သောကြောင့် ပြည်ပတင်ပို့ရန်အတွက်  ဈေးကွက် မြှင့်တင် ရေးက အစ လုပ်ကိုင်သွားရန်လိုပါသည်။ ဆင်းသွယ်လတ်၊ ရေဆင်းလုံးသွယ် စသည့် နောက်ပိုင်းပေါ်ပေါက်လာသော HYV အမျိုးအစား ဆန်များသည် ဆန်အရောင် အသွေး သာမက စားကောင်းသော ဆန်များဖြစ်သောကြောင့် ဈေးကွက်တွင်ယှဉ်ပြိုင်နိုင်ရန် အခြေ အနေပေးပါသည်။

ဆန်စပါးအထူးပြုကုမ္ပဏီများ ဖွဲ့စည်းတည်ထောင်ရန် အားပေးသော်လည်း ကုမ္ပဏီအားလုံးဦးစား ပေးရမည့်အပိုင်းမှာ ပြည်တွင်းဆန်စပါးရောင်းဝယ်မှုဖြစ်ပြီး၊ ဆန်ပြည်ပတင်ပို့ခြင်းက ဒုတိယဦးစားပေးဖြစ် သည်။ အထူးပြုကုမ္ပဏီများအနေဖြင့် တာဝန်ယူရသည့် ဒေသ၌ ဆန်စပါး supply chain ကို ပီပီပြင်ပြင် တည်ဆောက် ရန်ဖြစ်သည်။ supply chain mechanism တစ်ခု အချိတ်အဆက်မိမိဖြင့် ပေါ်ပေါက်လာ ပါက ဆန်ပြည်ပတင်ပို့ရန်ကိစ္စမှာအခက်အခဲမရှိနိုင်တော့ပါ။ MRF ဖွဲ့စည်းတည်ထောင်ပြီး နောက် အထူးပြုကုမ္ပဏီ များသည် အသင်းကြီး၏ လမ်းညွှန်ကြီးကြပ်မှုအောက်မှ လုပ်ကိုင် ဆောင်ရွက်နိုင်မည်ဆိုပါက အချိန်တိုအတွင်း မြန်မာသည် အဓိကဆန်တင်ပို့သည့် နိုင်ငံ အဖြစ်ရောက်ရှိလာနိုင်ပါသည်။

အထူးပြုကုမ္ပဏီများစဉ်းစားသင့်သောအချက်မှာ ပြည်တွင်း၌ပင် မစားတော့သော ၂၅ မှတ်ဆန် ကိုပဲအားထားတင်ပို့နေမည်လား ဆိုသည့် အချက်ဖြစ်ပါသည်။ ပြည်တွင်း၌ ဆန်ကြမ်းဈေးဟုခေါ်သော ၂၅ မှတ် ဆန်၏ တစ်အိတ်ဈေးနှုန်းသည် ပြည်တွင်းဆန်ဈေး၏ ညွှန်းပြကိန်း (indicator) တစ်ခုဖြစ် နေ သည့်အတွက် ဆန်ကြမ်းဈေးတက်လျှင် ပြည်တွင်းဆန်ဈေးများတက်နေပြီဟု သုံးသပ်ကြပါသည်။ ဆန်ချော (ပေါ်ဆန်း) တစ်အိတ် (၂၉၅၀ဝ)ကျပ်၊(၃၀ဝ၀ဝ)ကျပ်ဖြစ်နေသော်လည်းဆန်ဈေးတက်နေပြီဟုယေဘူယျမယူဆကြပါ။ အဘယ်ကြောင့် ဆိုသော် ပေါ်ဆန်းဆန်ကို ငွေကြေးတတ်နိုင်သူများကသာ စားနိုင်သော ဆန်ဖြစ် သောကြောင့် ခြုံငုံ၍ပြောလျှင် ပြည်တွင်းဆန်ဈေးတက်နေသည်ဟု မဆိုနိုင်ပါ။ ၂၅ မှတ်ဆန်ကို wet polisher အသုံးပြု၍ ဖွဲမကပ်အောင်ပြုလုပ်လျှင်ပင် ဆန်မှာဖြူဖွေး နေပြီး စားချင့်စဖွယ်ရှိနေတတ်ပါသည်။ ထို့ကြောင့် ၂၅  မှတ် ဆန်ပင်ဖြစ်စေ wet polisher ကိုအသုံးပြု၍ ဆန်ကိုအရောင်တင်ပေးစေလိုပါသည်။ ၂၀ဝ၃ ခုနှစ်၊ ကုန်သွယ်/ လယ်ယာခေတ် ကုန်ဆုံးချိန်က ပြည်ပသို့ ၂၅ မှတ်ဆန် တော်တော်များများကို wet polisher ဖြင့် အရောင်တင် ပေးခဲ့သောကြောင့်  ပြည်ပဝယ်သူတော်တော်များများက ကြိုက်နှစ်သက်ခဲ့ကြပါသည်။

မြန်မာနိုင်ငံသည် ဆန်ကွဲ ၂၅%ပါသော ဆန်များကိုသာ ပြည်ပတင်ပို့ရန်အတွက်  အဓိကထုတ် လုပ်ပြီး တန်းမြင့်ဆန်အရည်အသွေးကောင်းသော ဆန်ပြည်ပတင်ပို့ရေးမှာ ဆန်တင်ပို့သော အခြားနိုင်ငံများ နှင့်ယှဉ်လျှင် နောက်ကျကျန်ရစ်နေဆဲဖြစ်ပါသည်။ ၂၅ မှတ် ဆန်ဈေးကွက်သည် အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ အနောက်အာဖရိက နိုင်ငံများသာရှိပြီး ဈေးကွက်များကျဉ်းမြောင်းပါသည်။ သင်ခန်းစာယူသင့် သောအချက်မှာ ၁၉၉-၉၅ ဘဏ္ဍာနှစ်နောက်ပိုင်း မြန်မာဆန်ကိုဈေးကွက်များသို့ ပုံမှန်မပြတ်မလပ်တင်ပို့  ရောင်းချနိုင်ခြင်းမရှိသောကြောင့် အာဖရိကဈေးကွက်ဆိုလျှင် အဆက်ပြတ်သလောက် နီးပါးဖြစ်ခဲ့ပါသည်။

         ၁၉၉၄-၉၅ ခုနှစ်အတွင်း ကုန်သွယ်လယ်ယာသည် ဆန်တန်ချိန် (၁) သန်းကျော်တင်ပို့ခဲ့ရာ ကြိုတင်ပြင်ဆင်မှု မရှိဘဲဆောင်ရွက်ခဲ့ရသဖြင့် ပြည်တွင်းရှိ ဆန်ကုန်သည်များထံမှ ဆန်များတိုက်ရိုက်ဝယ်ယူတင်ပို့ခဲ့ကြရပါသည်။ အရည်အသွေး ထိန်းသိမ်းမှုအပိုင်းတွင် အားနည်းခဲ့သောကြောင့် ၁၉၉၉-၂၀ဝ၀ ဘဏ္ဍာနှစ်တွင် ဆန်တင်သွင်း နိုင်ငံများရှိ အာဏာပိုင်အဖွဲ့အစည်းများက ဆန်ဝယ်ယူမှု၌ တင်ဒါခေါ်ယူ ရာတွင် မြန်မာဆန်ကို ထည့်သွင်း ခေါ်ယူခြင်းမပြုသည့် အဖြစ်အပျက်မျိုးအထိဖြစ်ပျက် ခဲ့ဘူးပါသည်။ ၂၀ဝ၀ ပြည့်နှစ်နောက်ပိုင်း နိုင်ငံတကာ ဈေးကွက်၌ မြန်မာဆန်နာမည်ပြန်ရ လာစေရန် ဆောင်ရွက်ခဲ့သောကြောင့်သာ ၂၀ဝ၃ ခုနှစ်၊ ဧပြီလ ဆန်စပါး မူဝါဒ ပြောင်းလဲချိန်မှစ၍ ယနေ့ထိ မြန်မာဆန်အပေါ်ဝယ်ယူရန် စိတ်ပါဝင်စားမှုများပြသနိုင်ခဲ့ သောကြောင့် ဈေးကွက်များ အထိုက်အလျောက်ပြန်လည်ရရှိခဲ့ပါသည်။

No comments: