စိုက်ပျိုးစရိတ်ငွေထုတ်ချေးခြင်း
ရှေးမြန်မာမင်းများလက်ထက်ကမြန်မာဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုသည်ပြည်တွင်းစားသုံးမှုဖူလုံရေးအတွက်သာစိုက်ပျိုးခြင်းဖြစ်သောကြောင့်စိုက်ပျိုးစရိတ်ငွေများစွာမလိုဘဲတောင်သူများပိုင်ငွေကြေးဖြင့်လုပ်ကိုင်နိုင်ကြပါသည်။ကိုလိုနီခေတ်ရောက်သည့်အခါ ပြည်တွင်းစားသုံးမှု ဖူလုံရေးအဆင့်မှ ရောင်းဝယ်ရေးအဆင့်အထိ တက်လှမ်းရောက်ရှိလာ သောကြောင့် တောင်သူလယ်သမားများအနေဖြင့် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မည်ဆိုပါ က ငွေကြေးအရင်းအနှီး အတော်အတန် ပြည့်စုံမှသာ လုပ်ကိုင်နိုင်ကြမည်ဖြစ်ပါသည်။ ကိုလိုနီ ခေတ် ၁၈၈၄ ခုနှစ်က လယ်ယာစိုက်ပျိုးရေး၊ အမတော်ဥပဒေ (The Agricultural Loans Act of 1884) ကို ထုတ်ပြန်ခဲ့ပြီး အင်္ဂလိပ်အစိုးရမှငွေကြေး ချေးငှားမှုများ ရှိခဲ့ဘူးပါသည်။ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု အများဆုံး ဖြစ်သည့် ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဒေသ၌ ထိုစဉ်က ဒေါ်ဆင်ဘဏ်က ငွေထုတ်ချေး ခဲ့ဘူးပါသည်။ သို့သော် ချေးငွေရယူရန် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များ ရှုပ်ထွေးမှု ကြောင့် ဆင်းရဲသော လယ်သမားများ မချေးနိုင်ဘဲ ကြေးရေတတ် လယ်သမားများနှင့် အစိုးရနှင့်နီးစပ်သော လယ်သမားများကိုသာ ထုတ်ချေးနိုင်ခဲ့ ကြောင်းသိရပါသည်။
ကိုလိုနီခေတ်ကအင်္ဂလိပ်အစိုးရသည် ဆန်စပါးစိုက်ပျိုးစရိတ် ချေးငွေလိုအပ်ချက် တိုးတက်များပြား လာသည့်အလျောက် အိန္ဒိယနိုင်ငံ ချပ်တီးယားနယ်မှ ငွေကြေးလုပ်ငန်း ကျွမ်းကျင်သော ချစ်တီးများကို မြန်မာနိုင်ငံတွင် လာရောက်လုပ်ကိုင်ကြရန် အားပေး ဆောင်ရွက်ခဲ့သောကြောင့် ထိုစဉ်က မြန်မာနိုင်ငံ၏ လယ်ယာလုပ်ငန်းစိုက်ပျိုးစရိတ် ချေးငွေစုစုပေါင်းထက်ဝက်ကျော်ကို ချစ်တီးများက ထုတ်ချေးခဲ့သည်ဟု လေ့လာ သိရှိရပါ သည်။ ၁၉၂၃-၂၄ ခုနှစ်က စိုက်ပျိုးစရိတ် ချေးငွေစုစုပေါင်း (၂၄၆၀ဝ၀) ကျပ် ထုတ်ချေးခဲ့ ကြောင်း စာရင်းဇယားများအရသိရှိရပါသည်။ (ဆန်စပါးစိုက်ပျိုးထုတ်လုပ်ရောင်းချမှု၊ ပါတီဌာနချုပ် ၁၉၈၇) ၁၈၆၉ ခုနှစ်မှစ၍ ချစ်တီးများသည် မြန်မာနိုင်ငံ၌ ငွေတိုးချေး လုပ်ငန်းကို တွင်တွင်ကျယ်ကျယ်လုပ်ကိုင်လာကြ ရာ ၁၉၃၀ ခုနှစ်၌ ငွေချေးလုပ်ငန်းပေါင်း (၁၂၀ဝ) ကျော်ကို ရန်ကုန်နှင့် အခြားဒေသများတွင် ထူထောင်ခဲ့ကြ ပြီး မြန်မာတောင်သူ လယ်သမားများကို စိုက်ပျိုးစရိတ်ချေးငွေများထုတ်ပေးခဲ့ကြပါသည်။ ချစ်တီးများ၏ အ တိုးနှုန်းကြီးမြှင့်စွာ ငွေထုတ်ချေးခဲ့မှုကြောင့် အချို့သော မြန်မာတောင်သူလယ်သမားများဘဝ ပျက်ခဲ့ရသည်အထိ ကြုံတွေ့ခဲ့ကြရပါသည်။
ကိုလိုနီခေတ်က တောင်သူလယ်သမားများသည် စိုက်ပျိုးစရိတ်ချေးငွေ အတိုး နှုန်းမြင့်မားမှုကြောင့် ဒုက္ခရောက်ခဲ့ကြရာ လွတ်လပ်ရေးရရှိလာသည့်အခါ တောင်သူ လယ်သမားများအတွက် စိုက်ပျိုးစရိတ်ချေးငွေ (သို့မဟုတ်) အမတော်ကြေးများကို နည်းလမ်း (၃) သွယ်ဖြင့် ငွေထုတ်ချေးခဲ့ကြပါသည်။
(က) ကျေးရွာ၊သမဝါယမအသင်းများသို့နိုင်ငံတော်စိုက်ပျိုးရေးဘဏ်၏ ကြီးကြပ်မှုဖြင့် ထုတ်ချေးခြင်း။
(ခ) ကျေးရွာသမဝါယမအသင်းများတွင် မပါဝင်သော တောင်သူလယ်သမား များကိုမြို့ပိုင်၊နယ်ပိုင်များ မှတဆင့်ထုတ်ချေးခြင်း၊နိုင်ငံတော်စိုက်ပျိုးရေးဘဏ်ဖွင့်လှစ်ပြီးနောက်နိုင်ငံတော်စိုက်ပျိုးရေးဘဏ်က ဆက်လက်ထုတ် ချေးခြင်း။
(ဂ) နိုင်ငံတော်စိုက်ပျိုးရေးဘဏ်ကကျေးရွာဘဏ်များသို့ထုတ်ချေးခြင်း၊တောင်သူလယ်သမား ၇၅% ပါဝင်သော သမဝါယမအသင်းများသို့ ထုတ်ချေးခြင်း။
အမတော်ကြေးထုတ်ပေးရာတွင်ကြားမှဖြတ်စားခြင်း၊ရာသီဥတုဆိုးဝါးမှုကြောင့်သီးနှံများပျက်စီးခဲ့ခြင်းကြောင့်အမတော်ကြေးငွေများကို အပြည်အဝ ပြန်လည်မပေးဆပ်နိုင်ဘဲရှိရာ တောင်သူလယ်သမားများထံ တွင် နှစ်စဉ် ကြွေးမြီအများအပြားကျန်ရှိခဲ့ပါသည်။
ဆိုရှယ်လစ် စီးပွားရေးစနစ်ကျင့်သုံးခဲ့သည့် အချိန်က မြန်မာစိုက်ပျိုးရေး ဘဏ်မှတဆင့် တောင်သူ လယ်သမားများကို စိုက်ပျိုးစရိတ်သာမက လယ်ယာလုပ်ငန်း ရင်းနှီးမြှုပ်နှံမှုများလုပ်ကိုင်နိုင်ရန် နှစ်တို/နှစ်ရှည် ချေးငွေများထုတ်ပေးခဲ့ပါသည်။ ၁၉၈၁-၈၂ ခုနှစ်၊ မြန်မာ့စိုက်ပျိုးရေးဘဏ်မှတဆင့် စိုက်ပျိုးစရိတ်ချေးငွေ ပေါင်းမှာ ကျပ်သိန်းပေါင်း (၁၁၇၆၄) ရှိကြောင်း တရားဝင်စာရင်းဇယားများအရ သိရှိရပါသည်။
(ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု /ပါတီဌာနချုပ် ၁၉၈၇)
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့လက်ထက်၌ မြန်မာ့စိုက်ပျိုးရေး ဘဏ်မှ တောင်သူ လယ်သမားများကို စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေးယုံသာမက တောင်သူလယ်သမားများ စိုက်ပျိုးချိန်တွင် အခက်အခဲမရှိစေရန် ရည်ရွယ်ပြီး ပင်ထောင် ကြိုတင်ငွေပေးစာချုပ် ချုပ်ဆိုသည့်လုပ်ငန်းများကို ကုန်သွယ်/ လယ်ယာက စိုက်ပျိုးချိန်ဖြစ် သည့် ဇူလိုင်၊ ဩဂုတ်လများတွင် ဆောင်ရွက်ခဲ့ပါသည်။ ကုန်သွယ်လယ်ယာမှ ကြိုတင် ငွေပေးစာချုပ်ချုပ်၍ ပင်ထောင်ပေးငွေများထုတ်ပေးခဲ့ခြင်းကြောင့် တောင်သူလယ်သမား များအတွက် များစွာအဆင်ပြေခဲ့ကြပါသည်။ သို့သော် တောင်သူလယ်သမားများသည် ပင်ထောင်ငွေပေးချိန်၌ လိုလို လားလား ငွေယူစာချုပ် ချုပ်ခဲ့ကြပါသည်။ စပါးပေးသွင်း ချိန်၌ အများစုက ကြိုတင်ငွေရယူထားသော စပါး အရေအတွက်အတိုင်း အပြည့်အဝ ပေးသွင်းကြသော်လည်း အချို့တောင်သူများမှာ စပါးထွက်သည့်တိုင် အကြောင်းအမျိုးမျိုးပြ လျက် စပါးမပေးသွင်းကြသောကြောင့် ကုန်သွယ်/လယ်ယာအနေဖြင့် များစွာအခက် အခဲများ ကြုံတွေ့ ခဲ့ရပါသည်။ တောင်သူလယ်သမားများမှာ နိုင်ငံတော်၏ အခြေခံ လူတန်းစားများဖြစ်သော ကြောင့် စပါးထွက်ရှိပါလျက်နှင့် မပေးသွင်းသောတောင်သူများကို စာချုပ်ပါ စည်းကမ်းနှင့်အညီ အရေးယူရန် ကိစ္စမှာ အခက်အခဲများရှိခဲ့ပါသည်။ ၂၀ဝ၃ ခုနှစ်မတိုင်မီ ကုန်သွယ်/လယ်ယာမှ နှစ်အလိုက်ထုတ်ပေးခဲ့သော ပင်ထောင်ကြိုတင် ထုတ်ပေးငွေမှာ အောက်ပါအတိုင်းဖြစ်ပါသည် –
စဉ် ဘဏ္ဍာနှစ် ပင်ထောင်စာချုပ်ချုပ်၍ ပင်ထောင်ကြိုတင်
ဝယ်ယူသောစပါး ပေးငွေ
(တင်းသိန်း) (ကျပ်သန်း)
၁။ ၁၉၈၉-၉၀ ၆၆၄.ဝ၃ ၇၄၀.၅၂၁
၂။ ၁၉၉၀-၉၁ ၆၅၆.ဝ၂ ၁၆၃၀.၃၀ဝ
၃။ ၁၉၉၁-၉၂ ၇၇၁.၈၀ ၁၈၀၈.၇၅၁
၎။ ၁၉၉၂-၉၃ ၇၇၅.၈၂ ၂၃၆၉.ဝ၈၅
၅။ ၁၉၉၃-၉၄ ၉၅၁.၄၇ ၃၁၃၃.၇၅၉
၆။ ၁၉၉၄-၉၅ ၈၈၇.၆၀ ၃၂၂၆.၅၉၀
၇။ ၁၉၉၅-၉၆ ၄၇၅.၆၅ ၂၅၈၃.၅၆၃
SOURCE: မြန်မာဆန်စပါးရောင်းဝယ်မှုသမိုင်း/ကုန်သွယ်လယ်ယာ ၂၀ဝ၃
မြန်မာဆန်စပါးလုပ်ငန်းကိုပုဂ္ဂလိကလက်ဝယ်သို့ လွှဲပြောင်းရောက်ရှိ ချိန်ဖြစ် သည့် ၂၀ဝ၃ ခုနှစ်၊ ဧပြီလတွင်ဆန်စပါးအထူးပြုကုမ္ပဏီများ တည်ထောင် လုပ်ကိုင်လာ ကြသည့် အချိန်အထိတောင်သူလယ်သမားများသည်စိုက်ပျိုးစရိတ်များကိုမြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ် (MADB) နှင့် ဒေသအတွင်းရှိ ငွေချေးလုပ်ငန်း လုပ်ကိုင်သူ၊ ရွှေ ကုန်သည်၊ ဆန်ကုန်သည်၊ ဆန်စက်ပိုင်ရှင်များ၊ ဆွေမျိုးများ၊ မိတ်ဆွေများ ထံမှ အလျဉ်း သင့်သလို ချေးငှားလုပ်ကိုင်ကြရာ အတိုးနှုန်းမှာ ၇-၈% ခန့်ရှိသဖြင့် တောင်သူ လယ်သမား များ အနေဖြင့် အကြွေးသံသရာထဲမှာ မထွက်နိုင်ဘဲများစွာအခက်အခဲများ ကြုံတွေ့ခဲ့ကြ ရပါသည်။
တောင်သူလယ်သမားများသည် ငွေကြေးပြည့်စုံ ကြွယ်ဝသူများထံမှ ငွေချေးယူ ကြခြင်းကို ပင်ထောင်ပေး၊ အလှန်းပေး၊ အငံ့ပေးဟု ဒေသအလိုက်ခေါ်ဝေါ် သုံးနှုန်းကြ ပါသည်။ ကိုလိုနီခေတ်ကတည်းကပေါ်ပေါက် ခဲ့သည့် ဆန်စပါးလုပ်ငန်းစိုက်ပျိုးစရိတ် ချေးငွေများကို ဆန်စပါးစိုက်ပျိုးထုတ်လုပ်သော အချိန်ကာလဖြစ်သည့် ဇူလိုင်၊ ဩဂုတ်လ များ၌ ရယူခဲ့ကြပြီး၊ စပါးပေါ်ချိန်၌ ပြန်လည်ပေးဆပ်ကြလေ့ရှိပါသည်။ ၂၀၁၂-၁၃ဘဏ္ဌာနှစ် (MADB) က စိုက်ပျိုးစရိတ်ချေးငွေများကို တစ်ဟက်တာလျှင် ၂၄၀၀၀၀ ကျပ်နှုန်း (တစ်ဧက ၉၆ဝ၀ဝိ/- နှုန်း) အထိ တိုးမြှင့်ထုတ်ချေးလျက် ရှိရာ တောင်သူလယ်သမားပေါင်း (၁.၄၃၉) သန်းကျော်ကို နှစ်စဉ်ထုတ်ပေးလျက်ရှိပါသည်။ အဆိုပါ နှစ်က ထုတ်ပေးခဲ့သော ငွေစုစုပေါင်းမှာ ကျပ် ၅၅၇ ဘီလီယံကျော်ဖြစ်ပါသည်။ (MADB) ၏ ကွန်ယက်သည် တစ်နိုင်ငံလုံးအတိုင်းအတာအရ outlet ပေါင်း ၂၀၆ ခုရှိပါသဖြင့်လုပ်ငန်းကျယ်ပြန့်စွာရှိနေသော အဖွဲ့အစည်း ဖြစ်ပါသည်။
လက်ရှိ စပါးစိုက်ဧက နွေနှင့် မိုးစပါး (၁၉) သန်းတွင် စိုက်ပျိုးထုတ်လုပ်သော တင်းသန်းပေါင်း (၁၅၀ဝ)ခန့်ရှိရာပျမ်းမျှထုတ်လုပ်မှုစရိတ်ကိုအခြေခံတွက်ချက်ပါကဆန်စပါး စိုက်ပျိုးထုတ်လုပ်ရန် ရင်းနှီးကုန်ကျငွေသည် ကျပ်ဘီယံပေါင်း (၉၀ဝ) ကျော်မည်ဟု ခန့်မှန်း တျဖွေက်ချက်ထားပါသည်။ လက်ရှိအခြေအနေအရ မိုးစပါး တစ်ဧကအတွက် ပျမ်းမျှ ကုန်ကျစရိတ်မှာကျပ်(၁၅၄၀၀၀)ခန့်ဖြစ်နိုင်ပြီး နွေစပါးထုတ်လုပ်မှုသည် စပါး တစ်ဧကကျပ် (၂၄၅၀၀၀) ခန့်ရှိနိုင်ပါသည်။ (MADB) ၏ စိုက်ပျိုးစရိတ် ချေးငွေပင်လျှင် လိုအပ်ချက်၏ ၁၀% ကျော်သာရှိပါသည်။
စိုက်ပျိုးစရိတ်ချေးငွေများကိုပြင်ပမှအတိုးနှုန်းမြင့်မားစွာချေးယူနေရချိန်၌ဆန်စပါးအထူးပြု ကုမ္ပဏီများပေါ်ပေါက်လာခဲ့ပါသည်။ အထူးပြုကုမ္ပဏီပေါင်း (၃၂) ခုကို ဧရာဝတီ၊ ပဲခူး၊ရခိုင်ဒေသများ၌ ဖွဲ့စည်းတည်ထောင်ခဲ့ကြပြီး၂၀ဝ၉ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ ကျပ်(၁၀ဝ၀၄.၅၆)သန်း(ကျပ် ၁၀ ဘီလီယံ)ကျော်ကိုထုတ်ပေးခဲ့ရာအများစုမှာ ပြန်လည် ကောက်ခံရရှိခဲ့ပြီးဖြစ်ပါသည်။အဆိုပါပမာဏသည်(MADB)ထုတ်ချေးငွေ၏၁၀% ခန့်သာရှိနေသည်ကိုတွေ့ရပါသည်။ အထူးပြု ကုမ္ပဏီများ စိုက်ပျိုးစရိတ်ထုတ်ပေးသည့်တိုင် လယ်သမားများအနေဖြင့်ပြင်ပငွေချေးသူများထံမှအချိန်တိုချေးငွေများရယူနေရဆဲဖြစ်ပါသည်။လယ်သမားများသို့ကုန်သွယ်လယ်ယာမှကြိုတင်ပင်ထောင်ပေးငွေများမပေးနိုင်ခဲ့သည့်အချိန်မှစ၍လယ်ယာလုပ်ငန်းနှင့်ပတ်သက်သော microfinancing အစီအမံများမြန်မာဆန်စပါးလုပ်ငန်းစိုက်ပျိုးထုတ်လုပ်မှုအတွက်လိုအပ်နေပါသည်။
အထူးပြုကုမ္ပဏီများသည် ၎င်းတို့တာဝန်ယူသည့် ဒေသများရှိ တောင်သူများကို စိုက်ပျိုးစရိတ်ချေးငွေထုတ်ပေးခဲ့သည့်စနစ်ကျင့်သုံးခဲ့သည့်သက်တမ်း(၂)နှစ်အထိတစ်ယောက်နှင့်တစ်ယောက်ယုံကြည်မှုအပြန်အလှန်တည်ဆောက်နိုင်ခဲ့၍နေရာဒေသအတော်များများတွင်အဆင်ပြေချောမွေ့ခဲ့ပါသည်။အထူးပြုကုမ္ပဏီမရှိသေးသောဒေသများကလည်းအထူးပြုကုမ္ပဏီများလာရောက်လုပ်ကိုင်ကြရန်လိုလားလျက်ရှိရာ ၂၀၁၁ ခုနှစ် ဇူလိုင်လအ တွင်းကစစ်ကိုင်းတိုင်းတွင် အထူးပြုကုမ္ပဏီတစ်ခုပေါ်လာခဲ့ပါသည်။ ဆန်စပါး supply chain ၏ အစပိုင်းဖြစ်သော စိုက်ပျိုးစရိတ်ပံ့ပိုး ပေးခြင်း နှင့် မျိုးစပါး၊ ပံ့ပိုးပစ္စည်း၊ နည်းပညာများ ထောက်ပံ့ကူညီခြင်းစသည့် ဖြစ်စဉ်များသည် မြန်မာဆန်စပါးလုပ်ငန်း၌ ပုဂ္ဂလိကများထဲထဲဝင်ဝင်ပါဝင်လာခြင်းကြောင့် ဖြစ်သည်ကိုတော့ မငြင်းနိုင်ပါ။ အထူးသဖြင့် မျိုးကောင်းမျိုးသန့်စပါးမျိုးစေ့များစိုက်ပျိုးထုတ်လုပ်လာခြင်း၊ ဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ သောကြောင့်အရည်အသွေးမြင့်သောဆန်များပေါ်ထွန်းလာနိုင်ရန်အခြေအနေပေးနေ ပါသည်။တစ်ဖက်တွင်စပါးမျိုးစေ့ထုတ်လုပ်သည့်ပုဂ္ဂလိကကုမ္ပဏီအများအပြား ဘာကြောင့်မ ပေါ်ပေါက်လာရသည်ကိုဆန်းစစ်ကြည့်ပါကစနစ်ကြောင့်ဖြစ်နိုင်ပါသည်။ဒေသအသီးသီး တွင်အထူးပြုကုမ္ပဏီများသည်စိုက်စရိတ်ချေးငွေများပေးလျှက်ရှိချိန်၌အဆင်ပြေလျှက်ရှိပြီးအဆိုပါစနစ်သည်ကုန်သည်လယ်ယာမရှိတော့သည့်နောက်ပိုင်းခေတ်မီပင်ထောင်ကြိုတင်ငွေပေးစနစ်ဟုခေါ်ဝေါ်နိုင်ပါသည်။တစ်ခုသောအခမ်းအနား၌တာဝန်ရှိသူက ”ခင်ဗျားတို့ဒေသမှာအရင်ကအလှန်းပေး၊ပင်ထောင်ပေးယူခဲ့တုံးကငွေပဲထုတ်ပေးတာမဟုတ်လား၊အခု ကုမ္ပဏီတွေကြတော့ပံ့ပိုးပစ္စည်းတွေဓါတ်မြေဩဇာတွေ၊စိုက်ပျိုးနည်းပညာစနစ်၊စပါးမျိုးကောင်းမျိုးသန့်တွေပါတွဲပြီးပေးတာကြောင့်ခင်ဗျားတို့လုပ်ငန်းကိုအမှန်တကယ်အထောက်အကူဖြစ်စေတယ်မဟုတ်လား”ဟုတောင်သူလယ်သမားတစ်ဦးကိုမေးမြန်းခဲ့ရာတောင်သူဦးကြီးက ”ဟုတ်ပါတယ်–ကျွန်တော်တို့အပြင်ကယူရင်၇ိ/-တိုး၊ ၈ိ/- တိုး ပေးရတာ၊ အခုဟာက ၂ိ/-တိုးပဲဖြစ်တဲ့အပြင်လိုအပ်တဲ့ပံ့ပိုးပစ္စည်းတွေမျိုးတွေပါရတော့ကျွန်တော်တို့လုပ်ငန်းအ တွက်အများကြီးအဆင်ပြေပါတယ်။အထူးသဖြင့်မျိုးကောင်းမျိုးသန့်မျိုးစပါးတွေရတာကိုဝမ်းသာလှပါပြီ။ကျွန်တော်တို့လည်းကုမ္ပဏီကိုအပြန်အလှန်ကူညီချင်ပါတယ်။မျိုးစပါးကိုပြန်စိုက်ပျိုးထုတ်လုပ်ပေးဆိုရင်ဂရုတစိုက်နဲ့လုပ်ကိုင်ပြီးထုတ်လုပ်ပေးပါမယ်”ဟု ပြန်လှန်ဖြေကြား
ခဲ့ပါသည်။
၂၀၁၀ခုနှစ်ကခေတ္တရာဟင်္သာကုမ္ပဏီ၏ပင်ထောင်ကြိုတင်ငွေပေးသည့် အခမ်းအနားသို့တက် ရောက်ခဲ့ရာ ကုမ္ပဏီက “ကျွန်တော်တို့ မနှစ်ကထုတ်ပေးခဲ့တဲ့ ချေးငွေတွေအားလုံး ပြန်ဆပ်ကြပါတယ်။ဒါကြောင့်ဒီနှစ်ထဲမှာ(၅)ဆတိုးပြီးချေးခဲ့ပါတယ်။ တောင်သူပေါင်း(၃၄၃၅)အတွက်မျိုးစပါး(၁၅၀ဝ၀)တင်းနဲ့ စိုက်ပျိုးစရိတ်၊ သွင်းအားစုပေါင်း ကျပ်သိန်း (၈၀ဝ၀) ကျော်ထုတ်ပေးခဲ့ပါတယ်။ဒီလိုဖြစ်လာရတာကလည်းလယ်သမားနဲ့ကုမ္ပဏီအကြားအပြန်အ လှန်ယုံကြည်မှုတည်ဆောက်နိုင်ခဲ့လို့ဖြစ်ပါတယ်ဟုပြောပြပါသည်။ကုမ္ပဏီသည်ဒေသအတွင်းမှာလယ်ယာကုန်ထုတ်မှတ်တမ်းကိုပါတပါတည်းစာရင်းကောက်ယူမည့်အစီအစဉ်များကိုတင်ပြခဲ့ပါသည်။MRFသည်အထူးပြုကုမ္ပဏီများစိုက်ပျိုးစရိတ်များထုတ်ပေးသည့်အခါလယ်ယာကုန်ထုတ်မှတ်တမ်းကောက်ယူသည့်အစီအစဉ်Modelတစ်ခုကိုတည်ဆောက် လုပ်ကိုင်သွားမည်ဆိုလျှင်အနာဂါတ်ကာလ စပါးမည်မျှပိုလျှံသည်ကိုတွက်ချက်ရာတွင်base line data များကောက်ယူနိုင်မည့် အလားအလာများရှိနိုင်သောကြောင့်လယ်ယာကုန်ထုတ်မှတ်တမ်းများကောက်ယူသည့်ပုံစံကိုတပြေးညီဖြစ်အောင်လုပ်သင့်သောကြောင့်ဖြစ်ပါသည်။
စိုက်ပျိုးစရိတ်ထုတ်ပေးသောအခမ်းအနားမှမောင်တိုင်ပင်သိရှိလာရသော အချက် တစ်ခုမှာ စိုက်ပျိုးရေရရှိရေးကို အထူးပြုကုမ္ပဏီများက ပံ့ပိုးပေးခဲ့ခြင်းဖြစ်ပါသည်။ MRF အလုပ်ရုံဆွေးနွေးပွဲ၌ အကြံပေး ပုဂ္ဂိုလ် ဦးတင်ထွဋ်ဦးကရာသီဥတုပြောင်းလဲမှုကြောင့် ရေနှင့်ပတ်သက်ပြီးပြဿနာများကြုံတွေ့လာနိုင်ကြောင်းကိုတင်ပြဆွေးနွေးခဲ့ပါသည်။ရှေးယ ခင် ခေတ်အဆက်ဆက်ကပင် မြန်မာနိုင်ငံ အောက်ပိုင်းဒေသသည် မုတ်သုံမိုးကိုပဲ အမှီပြု၍ ဆန်စပါးစိုက်ပျိုးထုတ်လုပ်ကြရပါသည်။ယခုအခါရာသီဥတုပြောင်းလဲမှုများဖြစ်ပေါ်ခဲ့ခြင်း ကြောင့်မိုးနည်းခြင်း၊ရွာသင့်သည့်အချိန်တွင်မရွာခြင်းတို့ကြောင့်ရာသီဥတုကိုသာအမှီပြု၍ စိုက်ပျိုးထုတ်လုပ်ကြသောအောက်ပြည်အောက်ရွာက တောင်သူလယ် သမားများအနေဖြင့် ရေရရှိရေးကို မည်ကဲ့သို့ ဆောင်ရွက်သည်ကို အလေးထားစီမံ သွားရန်လိုအပ်ကြောင်း ပညာရှင်က တင်ပြခဲ့ခြင်းဖြစ်ပါသည်။
ခေတ္တရာဟင်္သာကုမ္ပဏီက တာဝန်ယူသော ဒေသအတွင်း နဝင်းဆည် ရေမရနိုင်သည့် ဒေသ၌ လယ်ကွက် ၄-၅ ကွက်၏ အလယ်ဗဟိုတွင် အဝီစိတွင်းများတူးပေး ရန်အတွက် ကျပ်သိန်း (၃၀ဝ) မတည်ပေး ခဲ့ပါသည်။ ၂၀၁၀ ခုနှစ်၊ ဇူလိုင်လက ထိုဒေသ၌ မိုးပြတ်ခဲ့ရာ အချို့ဒေသများရှိ ပျိုးပင်များ ဝါယောင်သန်းနေ သည့် အခြေအနေကိုပင် တွေ့ခဲ့ရပါသည်။ ခေတ္တရာဟင်္သာကုမ္ပဏီတာဝန်ယူရသော ဒေသသည် ကုန်သွယ် လယ်ယာခေတ်က အထူး ဧည့်မထဇုန်ဖြစ်ခဲ့ပြီးအင်းမရဲဘော်၊နှံဝါမြီးကောက်၊ရဲဘော်လတ်စသည့်အရည်အသွေးကောင်းစပါးများမှကြိတ်ခွဲရရှိသောဆန်များမှာပြည်ပဈေးကွက်ဝင်ဆန်များဖြစ်ခဲ့ပါသည်။အထူးဈေးနှုန်းပေးပြီးဝယ်ယူခဲ့ခြင်းဖြစ်ပါသည်။ ခေတ္တရာဟင်္သာကုမ္ပဏီသည်အင်းမ ရဲဘော်စပါးကို မျိုးကောင်းမျိုးသန့်စပါးအနေဖြင့် ဖေါ်ထုတ်လျက်ရှိပြီး အထူးဧည့်မထဆန်ကိုမလေးရှားနိုင်ငံ BERNAS သို့တင်ပို့ခဲ့ခြင်းဖြစ်ပါသည်။
အထူးပြုကုမ္ပဏီများမှစိုက်ပျိုးစရိတ်ထုတ်ပေးနေခြင်းသည်အမှန်စင်စစ် ကန်ထရိုက်လယ်ယာစနစ် (contract farming)ပြုလုပ်ရန်စာချုပ်ချုပ်၍ ဆောင်ရွက်နေခြင်း ဖြစ်ပါသည်။ စင်စစ် supply chain mechanism တစ်ခုကို တည်ဆောက်နေခြင်းဖြစ်သည်။ အထူးပြုကုမ္ပဏီများနှင့်တောင်သူများပထမဆုံးအကြိမ်စတင်ထိတွေ့ချိန် တောင်သူများနှင့် ကုမ္ပဏီတို့အကြား ယုံကြည်မှုအားနည်းနေ ချိန်ဖြစ်ရာ စိုက်ပျိုးစရိတ် ထုတ်ပေးသည့်ပုံစံဖြင့် ဆောင်ရွက်စေခဲ့ခြင်းဖြစ်သည်။စပါးထွက်လာသည့်အခါလယ်သမားအနေဖြင့်ကြိုက်သည့်သူကိုကြိုက်သည့်ဈေးဖြင့်ရောင်းနိုင်ကြောင်းစပါးစိုက်ပျိုးစရိတ်ထုတ်ပေးစဉ်ကပင် နှစ်ဦးသ
ဘောတူထားပါသည်။အဆိုပါအချက်ကလည်းတစ်ဦးနှင့်တစ်ဦးယုံကြည်မှုတည်ဆောက်နေချိန်တွင်ယာယီသဘောတူညီချက်တစ်ရပ်သာဖြစ်သည်။အထူးပြုကုမ္ပဏီများကလည်း စပါးပေါ်ချိန်၌တောင်သူလယ်သမားထုတ်လုပ်သောစပါးများကိုရယူလိုကြသည်။တောင်သူများ ဘက်မှလည်း ဈေးနှိမ်မှာကိုစိုးရိမ်ကြသည်။ အပြန် အလှန်ယုံကြည်မှုတည်ဆောက်ပြီးချိန်၌ ကုမ္ပဏီနှင့် တောင်သူသည် တစ်ယောက်အကျိုး တစ်ယောက်ကြည့် ကာထုတ်လုပ်သည့် စပါးအားလုံး ကုမ္ပဏီကသာလျှင် ကန်ထရိုက်လယ်ယာစနစ်စာချုပ်အရ ရယူနိုင်ခွင့်ရှိပေ သည်။ အဆိုပါ အခွင့်အရေးရရှိပါက အထူးပြုကုမ္ပဏီများအနေဖြင့် ၂ိ/- တိုးဖြင့် ထုတ်ချေးရ သည့်တိုင်မကိုက်ပါဘူးဆိုသည့်အသံများလည်းတဖြည်းဖြည်းလွင့်ပျောက်သွားမှာဖြစ်ပါ သည်။ မဝေးတော့သော အနာဂါတ်ကာလ၌ ဤပုံစံ (Model) မျိုးတွေ့ရလိမ့်မည်ဟု မောင်တိုင်ပင်ယူဆခဲ့သော်လည်းမြန်မာနိုင်ငံအာက်ပိုင်း ၌ရာသီဥတုဖေါက်ပြန်ခဲ့ခြင်းသည်တစ်နှစ်တည်းမဟုတ်ဆက် တိုက်ဖြစ်လာသည့်အခါအထူးပြုကုမ္ပဏီများအနေဖြင့်ငွေလည်းပြန်မရစပါးလည်းမပေးသွင်းနိုင်တော့သည့်အခြေအနေမျိုးနှင့်ကြုံတွေ့ ရသည့်အခါစနစ် ကောင်းသော်လည်းအကာအကွယ်အစီအမံများမရှိခဲ့သောကြောင့်မအောင်မမြင်ဖြစ်ခဲ့ ရပါသည်။ယခုအဖြစ်အပျက်နှင့်ဆက်စပ်ပြီးမြန်မာနိုင်ငံလယ်ယာလုပ်ငန်းCredit Insurrance Act ကြွေးမြီကိုအာမခံသောဥပဒေ ပြဌါန်းသတ်မှာရန်နည်းလမ်းများစဉ်းစားသင့်ပြီး နိုင်ငံတော်အနေဖြင့် လယ်ယာလုပ်ငန်းကြွေးမြီအာမခံလုပ်ငန်းတစ်ခုတည်ထောင်ဆာင်ရွက်ရမည့်အချိန်ဖြစ်ပါသည်။
No comments:
Post a Comment